ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ခုနှစ်စင်ကြယ်နန်းတော်
Chapter (25)
ကျောက်စိမ်းရုပ်
ဝူရှဲ အလွန်တုန်လှုပ် အံ့သြသွားကာ ခြေလှမ်းပေါင်းမနည်း နောက်ဆုတ်သွားမိသည်။ သူ့ခမျာ အလောင်ကောင်က ရုတ်တရက် မတ်တပ်ရပ်ပြီး ခေါင်းတလားပေါ် တက်လာမှာ ကြောက်လွန်းလို့ ဒူးတောင်တုန်နေ၏။
"ဒီကောင်က ဘာလို့ လေရှူထုတ်နေတာလဲ? ခင်ဗျားတို့ အရင်ကရော ဒီလိုမျိုး ကြုံဖူးလား?"
တခွေက တုန်လှုပ်သွားပြီး ပြောလာသည်။
"သေချာပေါက် မကြုံဖူးဘူးပေါ့ဟ.... ဒီလိုသာဖြစ်ရင် ဂူလာဖောက်နေတာထက် အိမ်သာကို သန့်ရှင်းရေးပဲ ပြေးလုပ်လိုက်တယ်"
ဖန့်ကျစ်ကို ကြည့်လိုက်တော့လည်း သူ့မျက်နှာတပြင်လုံးမှာ ချွေးတွေ ဒဏ်ရာတွေနဲ့ ဖုံးလွှမ်းနေပြီး သူက ဆို၏။
"ဘာဖြစ်ဖြစ် ဂရုမစိုက်နဲ့... သေနတ်နဲ့ ပစ်သတ်လိုက်ရုံပဲ... မနာရင်တောင် နောက်တစ်ခါ ထပ်သေလိမ့်မယ်.... နေဦး! သူထလာရင်တော့ ပြဿနာတက်ပြီ!"
ဒီအသံကို ကြားလိုက်တာနဲ့ လူတိုင်းလည်း အဓိပ္ပာယ်ရှိကြောင်း သိလိုက်သည်။ ဒီမြေအောက်မှာ တွေးထားတာထက် အများကြီး ပိုလုပ်တာက ပိုကောင်းတယ်။ တစ်ခုခုကို မြန်မြန်လုပ်ရင် သေချာပေါက် မှန်ပါလိမ့်မယ်။ ဝူရှဲ သေနတ်ကို အမြန် ပြင်လိုက်ချိန် ဦးလေးသုံးနဲ့ ဖက်တီးတို့ တစ်ချိန်တည်းတွင်
"နေဦး..ခဏ!"
သူပြောပြီးသည်နှင့် ဦးလေးသုံးသည် အလောင်းအနီးသို့ ရောက်ရှိသွားပြီး အလောင်းပေါ်ရှိ ချပ်ဝတ်တန်ဆာကို ကြည့်နေသည်။ လက်ဝှေ့ယမ်းကာ ပါးစပ်ပင် မပိတ်နိုင်တော့ဘဲ အံ့သြသွားကာ အနက်ရောင် ချပ်ဝတ်တန်ဆာကို လက်ညှိုးထိုးပြကာ ပြောလာသည်။
"ဒါ...ဒါက ကျောက်စိမ်းရုပ် မဟုတ်ဘူးလား? အိုး ဘုရားရေ ဒီအရာက တကယ်ရှိနေတာပဲကွ!"
ဝူရှဲ စိတ်ရှုပ်စွာဖြင့် ဘာလဲဟု မြန်မြန်မေးလိုက်သည်။ ဦးလေးသုံးကတော့ စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်တောင် ကျလုမတတ် ဖြစ်နေသည်။
"ကံ... ကံကောင်းပြီကွ ဝူလောင်စန်း ငါ ဂူဖောက်လာတာ ကြာလှပြီ … နောက်ဆုံးတော့ … နောက်ဆုံးတော့ တကယ့် ရှေးဟောင်းပစ္စည်း တစ်ခုကို ရှာတွေ့သွားပြီ.. အဲဒါက ကျောက်စိမ်းရုပ်ပဲ”
သူက ဝူရှဲပုခုံးကို ဆွဲကိုင်ပြီး
“ဒီပစ္စည်းကို ဝတ်ထားရင် အမြဲတမ်း နုပျိုနေလိမ့်မယ်... မင်း မြင်တယ်မလား? အဲဒါက အမှန်ပဲ!! ဒီအလောင်းက သက်သေပဲကွ!"
အဲဒီတုန်းက မှတ်တမ်းတွေအရဆို အသက် ၄၀ ၅၀အရွယ်ကို အရမ်းကြီးတဲ့ အရွယ်လို့ သတ်မှတ်ကြသည်။ ဒီအလောင်းရဲ့ ခန္ဓာကိုယ်က ကြွက်သားတွေ ရှုံ့မဲ့နေပေမယ့် ဒီလူရဲ့ မျက်နှာက တကယ့်ကို နုပျိုလွန်းသည်။ ဝူရှဲလည်း တိတ်တိတ်လေး အံ့သြနေရုံပြီး ဒီလောကကြီးမှာ ပြန်လည်နုပျိုခြင်းဆိုတာ တကယ်ရှိသလား တွေးမိလာတော့သည်။
ထိုအရာကို မြင်လိုက်ရတဲ့ အခါမှာတော့ ဖက်တီးရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး
"မထင်ထားဘူး... ချင်ရှီးဟွမ်တောင်မှ ဒီအရာကို မတွေ့နိုင်ခဲ့တဲ့ ပစ္စည်းက သူ့ခန္ဓာကိုယ်ပေါ်မှာ ပေါ်လာတယ်... ဘာတဲ့ သခင်သုံး... ဒါကို ဘယ်လို ယူရမလဲဆိုတာ သိလား?"
ဦးလေးသုံးက ခေါင်းယမ်းပြီး
"ဒီဟာကို အပြင်ကနေ ဖယ်လို့မရဘူးလို့ ကြားဖူးတယ်.... ဒါကလည်း ဒုက္ခပဲ တစ်ကိုယ်လုံးကို သယ်ထုတ်ရမှာလား"
နှစ်ယောက်သား အပြန်ပြန် အလှန်လှန် စစ်ဆေးကြည့်တော့ အလောင်းကို လက်နှစ်ဖက်နဲ့ ခြေထောက်တွေကို ဒီအတိုင်း ပေါ့ပေါ့ပါးပါး ထားထားတာကို တွေ့လိုက်ရသည်။ သူ ဒေါသထွက်နေပုံ လုံးဝမရှိတာကြောင့် အန္တရာယ်မရှိဘူးလို့တောင် ထင်ရသည်။
ဝူရှဲလည်း
“ငါတို့ ဒီကျောက်စိမ်းရုပ်ကို ချွတ်လိုက်ရင် ဒီလူက ဘာဖြစ်သွားမှာလဲ?”
ဖက်တီးမှာ ဒီမေးခွန်းကို မမျှော်လင့်ထားတာကြောင့်။
"ဖန့်ရယ်လည်း အဲဒါကို တကယ် မသိဘူး.... အဆိုးဆုံးက ပြာဖြစ်သွားပြီး သုတ်သင်ခံလိုက်ရတာလည်း ဖြစ်နိုင်တယ်"
“ဒါဆို သူကအခု ကောင်းကောင်းမွန်မွန်နဲ့ ဘဝကို ဖြတ်သန်းနေတာ.... ငါတို့ ဒီလိုလုပ်လိုက်ရင် လူသတ်မှု ဖြစ်သွားမှာ မဟုတ်ဘူးလား?”
ဖက်တီးကြီးသည် ဤစကားကို ကြားပြီးနောက် ရယ်မောလိုက်ကာ
"ကောင်လေး....အခုက ဂူဖောက်နေတာနော် မင်း ဒီအတွေးအခေါ် အသိဥာဏ်နဲ့ ဆိုရင်တော့ ဘာမှလုပ်စရာ မလိုတော့ဘူး... ဒါက ရှေးခေတ်မင်းတွေရဲ့ ဂူသင်္ချိုင်း...သူတို့ကလည်း သွေးမထွက်ဖူးတဲ့ လူတွေ မဟုတ်ဘူး... မင်းကဒါကို စိတ်ပူနေသေးတယ်ပေါ့"
ဝူရှဲ တွေးကြည့်တော့လည်း မှန်နေ၏။ သူတို့တွေဘယ်လောက် အလုပ်ရှုပ်နေတာကြောင့် သူလည်း ဘာမှမလုပ်နိုင် တော့တဲ့အတွက် ခေါင်းတလားထဲမှာ ကောင်းတဲ့အရာတွေ ရှိမရှိ စစ်ဆေးဖို့ ငုံ့ကြည့်လိုက်သည်။ ခေါင်းတလားရဲ့ အောက်ခြေမှာ အမည်မဖော်နိုင်တဲ့ အရာဝတ္ထုအလွှာတွေ ရှိနေ၏။ ဝူရှဲလည်း ထိုအရာတွေကို လက်တစ်ဆုပ်စာလောက် ကိုင်ကြည့်ပြီး
"ဒါတွေက ဘာတွေလဲ"
ဦးလေးသုံးသည် ကြည့်နေရင်း ကယောင်ကတန်း ဖြစ်နေသဖြင့် အနံ့ခံကြည့်လိုက်ကာ ပြောလာ၏။
“ဒါက သူ့ဆီက ကျလာတဲ့ လူရဲ့အရေခွံပဲ”
ဝူရှဲ လန့်ဖြတ်သွားကာ ချက်ချင်း ပစ်ချပြီး ကျိန်ဆဲလိုက်သည်။
“သောက်ကျိုးနည်း! ဒီဘုရင်လုရှန်မှာ အရေပြားရောဂါများ ရှိနေတာလား? ဘယ်လိုလုပ် ဒီလောက်များတဲ့ အရေပြားတွေ ကွာကျနေတာလဲ?"
ထိုအခါ ဦးလေးသုံးက
"ပေါက်ကရတွေ လျှောက်မပြောနဲ့! ဒါသူ့ရဲ့ ဟောင်းနွမ်းနေတဲ့ အရေပြားပဲ.... အရေပြားတစ်လွှာ ကွာပြီးတိုင်း တစ်ကြိမ် ငယ်ရွယ်သွားတယ် သူ့ရဲ့ ပမာဏကို ကြည့်လိုက်ရင် အရေပြားကွာတာ ငါးလွှာ ခြောက်လွှာလောက် ရှိသွားပြီ"
ဝူရှဲကတော့ ထိုအရာတွေက မြွေအရေခွံလို စက်ဆုပ်ရွံရှာဖွယ် ကောင်းလွန်းတယ်လို့ ထင်တာကြောင့် သိပ်ပြီး စိတ်မဝင်စားချေ။ ထိုစဉ် ဖက်တီးက ထအော်လေ၏။
"တစ်ခုခု ရှိတယ်!"
ဝိုင်းစုပြီး ကြည့်လိုက်တော့ ကျောက်စိမ်းရုပ်ရဲ့ ခေါင်းတလားထဲက ကျောက်စိမ်းတစ်ခြမ်းမှာ ရွှေချည်ခေါင်း အပိုတစ်ခု ရှိနေတာကို တွေ့လိုက်ရတော့ ဝူရှဲလည်း အံ့သြတကြီးနဲ့
“ဖက်တီးစုတ်.... မင်းရဲ့ မျက်လုံးတွေက တော်တော်စူးရှတာပဲ... ဒီလိုပစ္စည်းကိုတောင် မြင်နိုင်တယ်”
ဖက်တီးက သူ့ကို မျက်လုံးပြူးပြီး ရေရွတ်လိုက်သည်။
"မင်းတို့ တောင်ပိုင်းက ရဲဘော်တွေက လူသတ်ချင်စိတ် များလွန်းတယ်....ဂူသင်္ချိုင်းတွေကို အိမ်လို ဝင်ထွက်နေပြီး ဒီဂူသင်္ချိုင်းက စေ့စပ်သေချာတဲ့ လက်ရာတစ်ခု ဆိုတာတော့ မမြင်ကြဘူး... မြင်တယ်မလား? ဖက်တီးကဒီနေ့ ဒီကျောက်စိမ်းရုပ်ကို ထုတ်ဖို့ ဒီကောင့်ကို ရေဖျော်ပြမယ်"
ဦးလေးသုံးက ရှက်ရွံ့ကာ ကျိန်ဆဲလိုက်ပေသည်။
"ကဲ.... ဒါ ဟုတ်မဟုတ်တော့ မသိဘူး ဒီမှာ ကြိုးတစ်ချောင်းနဲ့ အဆင်ပြေမလား မသိရသေးဘူး"
ဖက်တီးက ရယ်ပြီး
“ခင်ဗျားက မယုံဘူးလား”
ပြောပြီး ကြိုးကို ဆွဲထုတ်လိုက်သည်။ လမ်းတစ်ဝက်လောက်ကို ရောက်တဲ့အခါ “ဝူး” ဆိုတဲ့ အသံတစ်ခု ကြားလိုက်ရပြီး သူတို့ရှေ့မှာ တစ်ခုခု လင်းလက်သွားသလို ခံစားလိုက်ရသည်။ မျက်လုံးထဲမှာ မြင်လိုက်ရတာက လျှပ်စီးကြောင်း တစ်ခုလိုပဲ။ ဦးလေးသုံးသည် အလွန်လျင်မြန်စွာ တုံ့ပြန်လာပြီး ဖက်တီးအား ဆောင့်ဆွဲထားလိုက်သည်။
ဖက်တီး လမ်းမှ ထွက်သွားသည်နှင့် တပြိုင်နက် အနက်ရောင် ဓားတစ်ချောင်း လွင့်လာရာ ဦးလေးသုံးလည်း ဓားကို အလျင်အမြန် ကန်ထုတ်လိုက်တာကြောင့် ဓားက သစ်ပင်ထဲသို့ နစ်ဝင်သွားတော့သည်။ ဦးလေးသုံးရဲ့ ကန်ချက်ကြောင့်သာ မဟုတ်ပါက ဖက်တီးတစ်ယောက် ဒဏ်ရာရသွားနိုင်၏။
နောက်ပြန် ကြည့်လိုက်တဲ့အခါ မျက်နှာသေက သွေးတွေနဲ့ ဖုံးလွှမ်းနေတဲ့ ခြေလှမ်းတွေရဲ့ အောက်ခြေမှာ ရပ်နေ၏။ သူ့ခန္ဓာကိုယ်မှာ ဘယ်အချိန်က ထွက်လာမှန်း မသိသော စိမ်းပြာရောင် ချီလင်တက်တူးက ပေါ်ထွက်နေတာကို တွေ့လိုက်ရသည်။ သူ့ရဲ့ ဘယ်လက်က ဓားကို ပစ်လိုက်တဲ့ လှုပ်ရှားမှုကို ထိန်းထားဆဲပင်။ ညာလက်ထဲမှာ ထူးဆန်းတဲ့ ပစ္စည်းတစ်ခုကို ကိုင်ထားမှန်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့ အားလုံး မောဟိုက်သွားတော့သည်။
သူ၏ ညာလက်၌ ဆုပ်ကိုင်ထားသော အရာသည် အမှန်တကယ်ပင် သွေးစွန်းနေသော အလောင်း၏ ခေါင်း ဖြစ်လေသည်။
မျက်နှာသေက သူတို့ကို လှမ်းကြည့်လိုက်ပြီး လေးနက်တဲ့ ခြေလှမ်းတွေနဲ့ လျှောက်လာရင်း သူ့အသက်ရှုသံတွေက ပြင်းထန်နေသည်။ ကြည့်ရတာ အခြေအနေက သိပ်ကောင်းပုံမရ။ သူ့ခန္ဓာကိုယ်အနှံ့ အမာရွတ်တွေကို ကြည့်လိုက်ရင် ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်လာခဲ့မှန်း သိသာလေ၏။
မျက်နှာသေက ခေါင်းတလားကို အရင်ကြည့်ကာ သူက ဝူရှဲတို့ကို တစ်ဖန်ကြည့်၍ တိုးတိုးလေး ပြောလာသည်။
"ဖယ်ပေး!"
ဖက်တီး၏ နဖူးရှိ သွေးကြောများမှာ ပေါက်ထွက်မတတ် ဖြစ်ကုန်သည်။ သူဘယ်လိုလုပ် သဘောတူနိုင်မှာလဲ။ သူက ထခုန်လိုက်ပြီး အော်လေ၏။
"သောက်ကျိုးနည်း!! မင်း ခုနက ဘာလုပ်တာလဲ?"
မျက်နှာသေသည် ခေါင်းကို လှည့်ကာ အေးစက်စွာ စိုက်ကြည့်ရင်း ပြောလေသည်။
"မင်းကိုသတ်တာ!"
ဖက်တီးက ဒေါသတကြီးနှင့် သူ့လက်များကို ချိုးရင်း ပြေးဝင်သွားလေရာ ဖန့်ကျစ်က သူ့ကို အမြန် ဖက်၍တားလိုက်သည်။ ဦးလေးသုံးလည်း လေထုက မမှန်လာတာကို မြင်လိုက်ရ၏။ ဖက်တီးက ကြင်နာတတ်သူ မဟုတ်ပေ။
"မလောနဲ့!! အစ်ကိုလေး ဒီလိုလုပ်တာ အကြောင်းပြချက် ရှိရမယ်... သူပြောတာကို ရှင်းရှင်းလင်းလင်း အရင် နားထောင်ကြည့်ရအောင်... ဒီလမ်းတစ်လျှောက်မှာ မင်းရဲ့အသက်ကို သူအကြိမ်ကြိမ် ကယ်တင်ခဲ့တယ်လေ ဟုတ်တယ်မလား... ဒါကြောင့် အချိန်ခဏလောက် ယူကြည့်ကြပါ"
ဖက်တီးလည်း အဲဒါကို တွေးကြည့်တော့ မှန်နေတာကြောင့် တိုက်ခိုက်ချင်စိတ်များ လျော့သွားကာ ဒေါသတကြီး ထွက်သွားပြီး မြေပြင်ပေါ် ထိုင်ချလိုက်တော့သည်။
“မင်းတို့မှာက လူတွေအများကြီး ရှိတာကို... မင်းတို့ လူလေးယောက်ကို ငါလက်သီး တစ်ချက်နဲ့ မထိုးဘူး.... မင်းတို့ ပြောတော့လည်း မင်းတို့ ပြောတဲ့အတိုင်းပေါ့"
မျက်နှာသေသည် သွေးစွန်းနေသော အလောင်း၏ ခေါင်းကို ကျောက်စိမ်း ကုတင်ပေါ်တွင် တင်လိုက်ပြီး ချောင်းအနည်း ဆိုးကာ
"ဒီသွေးစွန်းနေတဲ့ အလောင်းက ဒီကျောက်စိမ်းရုပ်ရဲ့ အရင်ပိုင်ရှင်ပဲ... ဘုရင်လုရှန် ဂူဖောက် တိုက်ခိုက်ချိန်မှာ ကျောက်စိမ်းရုပ်ကို သူတွေ့ခဲ့ပါတာ... ဒီကျောက်စိမ်းရုပ်က အနှစ်ငါးရာတိုင်း အရေခွံလဲတယ်.... အခွံလဲပြီးမှ ကျောက်စိမ်းရုပ်ကို ဖယ်ထုတ်နိုင်မှာ မဟုတ်ရင် သွေးအလောင်းအဖြစ်ကို ပြောင်းလဲသွားလိမ့်မယ်... အခုက အနှစ်သုံးထောင်ကျော် ကြာသွားပြီ... ချည်မျှင်ကိုဆွဲလိုက်ရင် အထဲမှာရှိတဲ့ ခန္ဓာကိုယ်က ချက်ချင်းထလာပြီး ငါတို့အားလုံး ဒီမှာပဲသေကုန်လိမ့်မယ်”
သူပြောပြီးတဲ့ နောက်မှာတော့ အကြိမ်အနည်းငယ် ချောင်းဆိုးနေ၏။ သူ့ပါးစပ်ထောင့်က သွေးတွေ စိမ့်ထွက်လာနေတာကို တွေ့လိုက်ရတော့ သူ့ကိုယ်တွင်းအင်္ဂါတွေ ဒဏ်ရာရသွားတာ ဖြစ်နိုင်တယ်လို့ ဝူရှဲ ထင်မိသည်။
ဖန့်ကျစ်သည် မသက်မသာ ခံစားနေရရင်း စောင်းငဲ့ကာ နှုတ်ဆိတ်နေခဲ့သည်။ ဤအချိန်တွင် သူရုတ်တရက် ထပြောလိုက်ပါ၏။
"အစ်ကိုလေး... ဖန့်ကျစ်ဆိုတဲ့ ကျုပ်ပါးစပ်က ပွင့်လင်းတယ်... တစ်မျိုးတော့ မထင်ပါနဲ့ ခင်ဗျားသိတာတွေက အရမ်းများလွန်းတယ်... အဆင်ပြေရင် ခင်ဗျား ရှင်းရှင်းလင်းလင်း ပြောပြလို့ ရတယ်.... ခင်ဗျားက ဘယ်လို နတ်ဘုရားလဲ? ခင်ဗျား ကျုပ်အသက်ကို ကယ်ခဲ့ပါတယ်... ကျုပ် အပြင်ထွက်ခွင့်ရရင် ကျုပ်ခင်ဗျားအတွက် ဖယောင်းတိုင် အမွေးတိုင်းထွန်းပြီး ကျေးဇူးတင်စကား ပြောနိုင်ပါတယ်"
ဖန့်ကျစ်ရဲ့ စကားတွေက အရမ်း တိုက်ဆိုင်လွန်းသည်။ မျက်နှာသေတော့ ဒါကို ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ဝူရှဲ ထင်ခဲ့ပေမယ့် မထင်မှတ်ပဲ သူက ဝူရှဲတို့ကို ဂရုမစိုက်ဘဲ တိတ်ဆိတ်နေခဲ့သည်။ သူက တစ်ဖက်လူများအား လုံးဝ ဂရုစိုက်ချင်ပုံ မရဘဲ ဘုရင်လုရှန်ရဲ့ အလောင်းရှေ့ကို လျှောက်သွားလေသည်။
သူက အလောင်းကောင်ကို ရွံရှာစွာ ကြည့်နေရင်း ရုတ်တရက် မျက်လုံးထဲမှာ အေးစက်တဲ့ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ ဝူရှဲ သူ့လှုပ်ရှားမှုတွေကို မမြင်လိုက်ခင်မှာ သူ့လက်တွေက အလောင်းရဲ့ လည်ပင်းကို ဖမ်းကိုင်ထားပြီး ခေါင်းတလားထဲက ဆွဲထုတ်လိုက်လေသည်။ လူသေကောင်ရဲ့ လည်ချောင်းထဲက အော်ဟစ်သံက တုန်တုန်ယင်ယင်ဖြင့် ထွက်ပေါ်လာ၏။ ဒါတွေ အားလုံးက မြန်မြန်ဆန်ဆန် ဖြစ်သွားတာကြောင့် ဝူရှဲတို့ လုံးဝ မတုံ့ပြန်နိုင်ခဲ့ပေ။
မျက်နှာသေက အလောင်းကို အေးစက်စွာ ပြောလိုက်သံကို ကြားလိုက်ရသည်။
"မင်း အသက်ရှင်လာခဲ့တာ ကြာပြီဆိုတော့ သေလို့ရပြီ"
သူ့လက်ထဲက အလောင်းဟာ သွေးကြောတွေ ပေါက်လာပြီး အရိုးကွဲအက်သွားတဲ့ အသံတစ်ခုနဲ့ အတူ အလောင်း၏ ခြေလက်များ တုန်ခါလာပြီး ရုန်းကန်နေ၏။ နောက်ဆုံး ရုန်းကန်လိုက်တဲ့ ကန်ချက်တစ်ချက်မှာပဲ အရေပြားသည် လျင်မြန်စွာ မည်းနက်လာခဲ့သည်။
သူတို့အားလုံး မျက်နှာသေကို အံသြစွာ စိုက်ကြည့်နေကြပြီး ခဏလောက်အထိ ဘယ်သူမှ ဘာပြောရမှန်းကို မသိတော့ချေ။ သူက အလောင်းကို လွင့်ပစ်လိုက်ပြီး ကျောက်စိမ်းရုပ်ကိုလည်း အမှိုက်ပုံးကြီးလို့ ထင်နေပုံရသည်။
ဝူရှဲ မနေနိုင်ဘဲ သူ့လက်မောင်းကို ပြေးဆွဲကာ မေးလိုက်သည်။
"ခင်ဗျား ဘယ်သူလဲ! ခင်ဗျားနဲ့ ဘုရင်လုရှန်ကြားမှာ ဘယ်လိုမုန်းတီးမှုမျိုး ရှိနေလို့လဲ"
မျက်နှာသေက သူ့အား အချိန်အကြာကြီး စိုက်ကြည့်ပြီး
"သိတော့ ဘာလုပ်မလို့လဲ?"
ထိုအခါ ဖက်တီးက လုံးဝ အားမနာဘဲ ထပြောလေတော့သည်။
"ဘာလုပ်မလို့လဲ ဟုတ်လား?? ငါတို့ ဒီသင်္ချိုင်းထဲကို ခက်ခက်ခဲခဲ ဆင်းလာရတာ... အကြိမ်ကြိမ် ကြိုးစားပြီး နောက်ဆုံးမှ ဒီအခေါင်းကို ဖွင့်နိုင်ခဲ့တာ.... မင်းကစကား နှစ်ခွန်းတောင်ပြည့်အောင် မပြောဘဲ အလောင်းကို လည်ပင်း ညှစ်သတ်လိုက်တယ်.... မင်း ငါတို့ကို အနည်းဆုံးတော့ ရှင်းပြသင့်တယ် မဟုတ်ဘူးလား!!"
မျက်နှာသေသည် ခေါင်းကို လှည့်၍ ကျောက်စိမ်းကုတင်ပေါ်မှ သွေးစွန်းနေသော အလောင်း၏ ခေါင်းကို ကြည့်ပြီး အလွန်ဝမ်းနည်းသည့် အမူအရာဖြင့် ယွန်းဆေးထားသော ခေါင်းတလား၏ နောက်ဘက်ရှိ ခရမ်းရောင် ကျောက်စိမ်းသေတ္တာကို လက်ညှိုးထိုးပြ၍ ဆိုလိုက်သည်။
“မင်းတို့ သိထားချင်တာ အားလုံး သေတ္တာထဲမှာ ရှိတယ်"
ဘာသာပြန် - ချင်ရှီးဟွမ် သို့မဟုတ် ချင်ရှစ်ဟွမ် အနီးစပ်ဆုံး အသံယူထားတာပါ။ သူက တရုတ်ပြည်ရဲ့ မဟာတံတိုင်းကြီးကို စတင်တည်ထောင်ခဲ့တဲ့ ဘုရင်ဆိုပြီး သိထားပါတယ်။ သူက မသေမအိုဖြစ်ချင်တာကြောင့် မသေဆေးကို သူ့ဘဝတစ်လျှောက်လုံး ရှာဖွေနေခဲ့တယ်လို့လည်း ဆိုပါတယ်။