(10)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (10)

ခြောက်သွေ့နေသောလက်



ထိုခြောက်သွေ့နေသော လက်နှစ်ချောင်းသည် ထင်သာမြင်သာ ရှိလှသော လူ့လက်နှစ်ချောင်းကို သစ်သားခြောက် ပုံသဏ္ဌာန် အဖြစ်သို့ ကျုံ့သွားကာ မိန်းကလေး၏ ခန္ဓာကိုယ်​ပေါ်တွင် တွဲကပ်ထားသည်။ ဒီလို မြင်ကွင်းမျိုးကို ကြည့်ရင်းနဲ့ပင် ရင်တထိတ်ထိတ်ဖြင့် ခံစားလာရသည်။ မိန်းကလေးက ဘယ်လိုခံစား​​နေရမှန်း သူ မသိပေမယ့် သူ့ကျောပြင်မှာတော့ အေးစက်တဲ့ ချွေးတွေ ထွက်ကျ​နေသလိုပါပဲ။


လက်နှစ်ချောင်းက မရွေ့တော့ဘဲ သူမအဝတ်အစားတွေပေါ်မှာ အလှဆင်ထားသလိုမျိုး ချိတ်ဆွဲထားသည်။ လက်နှစ်ဖက်က ဘယ်ကများ ရောက်လာတာလဲ သိချင်တာကြောင့် သူမကို မော့ကြည့်လိုက်ပေမယ့် သူမဆံပင်တွေက အရမ်းရှုပ်နေတာကြောင့် မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ 


မိန်းကလေးက အရမ်းထိတ်လန့်ပြီး ပြင်းပြင်းထန်ထန် တုန်လှုပ်နေမှန်းတော့ သိသာလှသည်။ သူမသာ သာမန်မိန်းက​​လေး ဆိုရင် မူး​မေ့လဲသွားတာ ကြာ​လောက်ပြီ။ ဒါပေမဲ့ အခုအချိန်မှာ သူ့ခန္ဓာကိုယ်က အားနည်းလာတာ တွေ့လိုက်ရတော့ သူမ သည်းခံနိုင်တဲ့ ကန့်သတ်ချက်ကို ကျော်သွားပုံရသည်။ 


လှေသူဌေးသည် သူတို့ဘက်ကို ဒူးထောက်ကာ ပါးစပ်က ပွစိပွစိ ရွတ်ဆိုနေသည်။ သူတို့ရဲ့ ဒေသသုံးစကားကို နားမလည်သော်လည်း သူတို့ရဲ့ ဟန်ပန် အမူအရာတွေက ဘိုးဘေးတွေဆီကနေ ကောင်းချီးမင်္ဂလာကို တောင်းခံနေကြောင်း ဝူရှဲ မှန်းဆနိုင်သည်။ သူက စကားအနည်းငယ် ရွတ်ပြီးနောက် ထူးဆန်းသော သစ်သားတစ်ဝက်ခန့် နှစ်ခြမ်းကို ထုတ်ယူကာ စာရေးတံကဲ့သို့ ကုန်းပတ်ပေါ် ပစ်ချလိုက်သည်။ 


တစ်ကြိမ်ပစ်ချကာ ရလဒ်များကို ကြည့်လိုက်သည်။ ကြိမ်ဖန်များစွာ ကောက်ကိုင်ကာ ပစ်ချကြည့်ပြီးတဲ့အခါ သူ့ခေါင်းကို အကြိမ်ကြိမ် ဦးတိုက်နေတော့သည်။ သူ့တစ်ကိုယ်လုံး တုန်လှုပ်လာတာကို မြင်လိုက်ရတော့ ဝူရှဲ လက်ရှိကိစ္စရဲ့ ရလဒ်ကို လိုက်မမီနိုင်တော့အောင် ဖြစ်သွားသည်။ 


ဒီလိုကိစ္စမျိုးကို သူ တစ်ခါမှ မယုံဖူးပေမယ့် သင်္ဘောသူဌေးရဲ့ ကြည်ညိုလေးစားတဲ့ အသွင်အပြင်ကို မြင်တော့ နည်းနည်းတော့ စိတ်ပူသွားမိသည်။ ဒီလူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ကြည့်ရရင် တကယ်လို့သူသာ တစ္ဆေဆိုးတစ်ကောင် ဆိုရင် သူတို့က သူ့ကိုပင်လယ်ထဲ ပစ်ချပစ်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူးလို့ ထင်မိလေသည်။ 


ဤအခိုက်အတန့်တွင် မိန်းကလေးက ရုတ်တရက် အော်ဟစ်ရင်း အနောက်ကို ယိုင်ကျသွားသည်။ သူမ သေချာပဲ မကိုင်ထားလို့လား ဒါမှမဟုတ် အဲဒီတစ္ဆေလက်ရဲ့ ဆွဲငင်အားက အရမ်းသန်မာနေလို့လားတော့ မသိ။ သူမတစ်ကိုယ်လုံး တစ္ဆေသင်္ဘောထဲသို့ ရုတ်တရက် လွင့်ကျသွားသည်။ ဝူရှဲလည်း မကောင်းတော့ဘူးလို့ တွေးကာ ဘာပဲဖြစ်ဖြစ် သူမကို ပြေးကယ်ချင်နေသေးသည်။


သူပြေးထွက်သွားလိုက်တာနဲ့ သင်္ဘောသူဌေးက နောက်ကနေ ပြေးလာပြီး သူ့ခါးကို ပွေ့ဖက်ထားရင်း အော်ဟစ်လာ၏။ 


"ဘာမှ မလုပ်နိုင်ဘူးကွ.... တစ္ဆေသင်္ဘောထဲ ပြုတ်ကျသွားရင် ဘယ်တော့မှ ပြန်လာနိုင်မှာ မဟုတ်ရင် သေလိမ့်မယ်!"


လှေသူဌေးရဲ့အားက အရမ်း သန်မာတာကြောင့် သူ့လက်တွေကို တော်တော်နဲ့ မဖယ်ရှားနိုင်သေးဘူး။ တခြားလူတွေကလည်း နတ်ဆိုးတွေ ဝင်ပူးခံထားရသလိုမျိုး လှည့်မကြည့်ဝံ့ကြသေးချေ။ ဝူရှဲ စိတ်ထဲမှာ ကျိန်လိုက်စဥ် ထိပ်ပြောင်ကျန်းက ဘယ်နေရာက ပြေးထွက်လာမှန်းမသိ ပြေးထွက်လာသည်။ 


သူက သင်္ဘောပေါ်ရှိ ကျောက်ဆူးကို ဆွဲတင်လိုက်ပြီး ကျောက်ဆူးကို တစ္ဆေသဘောင်္ပေါ်သို့ ပစ်ချကာ သံကြိုးကို သင်္ဘောနံဘေးတွင် ချိတ်ထားလိုက်သည်။ တစ္ဆေသင်္ဘောက အလွန်လျင်မြန်စွာ ကူးခတ်သွားသဖြင့် ကျောက်ဆူးကြိုးက သင်္ဘောနှစ်စင်းကြားထဲ မျဉ်းဖြောင့်လို ဖြစ်သွားခဲ့သည်။


သင်္ဘောသူဌေးက ထိတ်လန့်တကြားနဲ့ ဓားကိုဆွဲထုတ်ပြီး ကြိုးကိုဖြတ်ပစ်ဖို့ ပြေးသွားခဲ့သည်။ ထိပ်ပြောင်ကျန်းက သူ့ကို ထိုးကြိတ်ပြီး ကြမ်းပြင်ပေါ်ကို ခေါက်ချလိုက်သည်။ တခြားသင်္ဘောသားတွေက ဒေါသတကြီးနဲ့ ရှေ့ကို ပြေးလာကြသည်။ ထိပ်​ပြောင်ကျန်းက သင်္ဘောသူဌေးကို ချုပ်ထားရင်း အော်လိုက်၏။ 


“မလှုပ်နဲ့ မဟုတ်ရင် သူ့ကိုသတ်ပစ်မယ်!!” 


သင်္ဘောသားတွေက ဒီလိုမြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးကြသလို ဘယ်သူမှလည်း အသံမထွက်ရဲကြတော့ပေ။ ထိုအခါ ထိပ်ပြောင်ကျန်းက ဝူရှဲဘက်ကို လှည့်၍ 


"ရှောင်ဝူ.... ငါသူတို့ကို ထိန်းထားမယ်... မင်း လူသွားကယ်လိုက်!"


(TN - ရှောင်ဝူဆိုတာ ဝူလေးလို့ ခေါ်လိုက်တာပါ...)


ဝူရှဲ သူ့ပါးစပ်ကို ကျယ်ကျယ် ဖွင့်ဟမိသွားပြီး သူကြားလိုက်တာက မှန်ရဲလားလို့တောင် ပြန်တွေးလိုက်မိသည်။ ဒီလို ကြမ်းတမ်းတဲ့ လှိုင်းလုံးကြီးတွေ ကြားကနေ သူ့ကို ဖြတ်ကူး​စေချင်​နေတာလား။ ထိပ်ပြောင်ကျန်းက သူ့ကို အလွတ်မပေးဘဲ စိုက်ကြည့်ကာ သံကြိုးတွေဘက်ကို ညွှန်ပြလိုက်သည်။ 


"မြန်မြန်သွား!.... လူငယ်ဖြစ်ပြီး နည်းနည်းပါးပါး ရဲရင့်စမ်းပါ" 


ဝူရှဲ ခေါင်းခါလိုက်သည်။ ဒါက ရယ်စရာ သိပ်ကောင်းနေပြီ။ သူက အားကစားမှာ အားနည်းတယ်။ ရေကူးတာက အခြေခံပဲ တတ်ထားတာကြောင့် ရေထဲ ပြုတ်ကျရင် သေတဲ့အထိ ဖြစ်သွားနိုင်တယ်။ တကယ်လို့ သူအဲဒီကြိုး​ပေါ်ကို တွယ်တက် သွားနိုင်ရင်တောင် အသက်တစ်ဝိုက်ပဲ ကျန်လိမ့်မယ်။ ဒီလိုနဲ့ လူကို ဘယ်လိုလုပ် ကယ်နိုင်တော့မှာလဲ။ 


အဲဒီအချိန်မှာတော့ တစ္ဆေသင်္ဘောပေါ်က မိန်းကလေးရဲ့ အော်သံကို ကြားလိုက်ရ၏။ သူမက ကြိုးပေါ်ကို အသဲအသန် တက်ဖို့ ကြိုးစားပေမယ့် တစ်စုံတစ်ခုက သူမကို နောက်ပြန်ဆွဲထားသလိုပဲ ရှေ့ကို ဆက်မရွေ့နိုင်တော့ပေ။ သူမလက်နှစ်ဖက်က ကြိုးကိုပဲ ဖမ်းထားနိုင်၏။ 


"မစ္စတာဝူ.... ကျွန်မကို ကူညီပါ!"


အဲဒီအသံကို ကြားတော့ သူ့နှလုံးသားက ခုန်ပေါက်သွားသည်။ ဝူရှဲ သူ့ကိုယ်သူ့ ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်ပြီး 


"ဝူရှဲရာ....ဝူရှဲ မင်း ယောက်ျား မဟုတ်ဘူးလား!"


(TN - 吴邪 (wó xié) အသံထွက်က ဝူရှဲပါ ဝူရှဲ့ မဟုတ်ပါဘူး။ ကိုယ်တေကသာ ဝူရှဲ့ဆိုပြီး နှုတ်ကျိုးနေမိတာ)


ဒီပါးရိုက်မှုက သူကို လန့်နိုးစေခဲ့တာလားတော့ မသိ ရုတ်တရက် သွေးတွေ ဆောင့်တက်လာပြီး အံကြိတ်ကာ အော်လိုက်သည်။


“သေရင် သေပါစေတော့!!” 


အသက်ပြင်းပြင်းရှူရင်း ရေကူးမျက်မှန် တစ်လက်ကို အရင် ကောက်တပ်လိုက်သည်။ ထို့နောက် ဖိနပ်ကိုချွတ်ကာ သင်္ဘောနံဘေးကို လျှောက်သွားကာ ကြိုးကို ကိုးရိုးကားရား လှမ်းဆွဲလိုက်သည်။ ကြိုးသည် ရံဖန်ရံခါ ငြိမ်၍သာ ရံဖန်ရံခါ လှုပ်ယမ်းနေရာ ရေထဲကို နစ်မြုပ်သွားတတ်သည်။ 


ကြိုးက တစ်ဆယ့်နှစ်မီတာ လောက်ရှည်ပြီး ခိုင်ခံ့တာတော့ သေချာပါ၏။ လက်နဲ့ခြေထောက်က လျင်မြန်တယ် ဆိုရင်တော့ သိပ်အန္တရာယ်ရှိမှာ မဟုတ်ဘူး။ အဓိက ပြဿနာက လှိုင်းတံပိုးကြောင့် ကြိုးပေါ်က ပြုတ်ကျသွားရင့ နားကားပြီမို့ သူ့နှလုံးက နည်းနည်းတော့ တုန်လှုပ်သွားခဲ့သည်။


ငယ်ငယ်ကတည်းက ဒီလိုအရေးတကြီးနဲ့ စိတ်ပိုင်းဖြတ် လုပ်ရမယ့် အရာမျိုး တစ်ခါမှ မကြုံဖူးပါဘူး။ သင်္ဘောပေါ်ကနေ ကြိုးပေါ်ကို ဖြည်းဖြည်းချင်း တက်မတက်ခင် အချိန်အတော် ကြာအောင် ဖိထားရတယ်။ တီဗီပေါ်က အထူးတပ်သားတွေရဲ့ အမှတ်ရစရာ ခြေလက်လေးချောင်းလုံးကို သုံးပြီး တွားသွားပြီး တွယ်တက်သွားတဲ့ ပုံစံအတိုင်း အတုယူလိုက်သည်။


သူကြိုးပေါ်ကို တွယ်တက်ပြီးတာနဲ့ တစ်ပြိုင်နက် ဆုတောင်း​နေမိပေမယ့် ပါးစပ်မဖွင့်ခင်မှာပဲ လှိုင်းလုံးကြီးတစ်ခု ရုတ်တရက် ဝင်လာပြီး ဝူရှဲခမျာ ရေထဲကို တိုက်ရိုက် နစ်မြုပ်သွားတော့သည်။ ခေါင်းထွက်လာစဥ် သူ့မျက်နှာက စိမ်းဖန့်သွားပေမယ့် ရုတ်တရက် ဒီလှိုင်းရဲ့ စွမ်းအားကို သူနားလည်လိုက်ပြီလို့ ခံစားလိုက်ရကာ ဘာပြဿနာမှမရှိဘဲ ဟိုဘက်ကို တက်သွားနိုင်မယ်လို့လည်း ခံစားလာရ၏။


ဒီအတိုင်းဆို လှိုင်းတွေ ရိုက်မိတဲ့အခါ သူမလှုပ်တော့ဘူး။ ရေပေါ် ပြန်ပေါ်လာရင် အနည်းငယ် တွယ်တက်သွားသည်။ ဘယ်လောက်ကြာသွားလဲ မသိပေမယ့် တစ္ဆေသင်္ဘောနဲ့က အရမ်းနီးနေပြီ။ အဲဒီအချိန်မှာတော့ လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်ပြီး သူ့တစ်ကိုယ်လုံး လုံးလုံး နစ်မြုပ်သွားခဲ့သည်။ ဒီတစ်ခါတော့ ရေအောက်အနက် တစ်မီတာကျော်အထိ ဖိမိလုနီးပါး ဖြစ်သွားခဲ့ပြီး အမြင်အာရုံက နည်းနည်း မှုန်ဝါးသွားသည်။ အသက်ရှုကြပ်နေတုန်း မျက်လုံးတွေကို ဖွင့်ကြည့်လိုက်၏။ 


မျက်စိထဲမှာ တစ္ဆေသင်္ဘောဆီက ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။ သင်္ဘောရဲ့ အောက်ခြေမှာ သံချေးတွေနဲ့ဖုံးအုပ်ထားတဲ့ သံကြိုး တစ်ခုရှိသည်။ အရမ်းရှည်လျားကာ ထူးဆန်းတာ တစ်ခုက သင်္ဘောရဲ့ အဆုံးမှာ ထူးဆန်းတဲ့ အရာတစ်ခု ရှိနေတာပါပဲ။ ကြိုးရဲ့ ကွင်းဆက်က အရမ်းနက်တဲ့ ရေရဲ့အောက်ခြေမှာ ရှိနေလို့ ရှင်းရှင်းလင်းလင်း မမြင်ရပေ။ 


အနီးကပ် ကြည့်ချင်ပေမယ့် သံကြိုးက ရုတ်တရက် တင်းသွားတာကြောင့် ရေထဲက ပြန်ထွက်လာခဲ့သည်။ အခုတော့ သူက လှိုင်းထိပ်မှာရောက်နေ​ပြီ။ အောက်ကို ငုံ့ကြည့်လိုက်တော့ မိန်းကလေးက အခန်းတစ်ခန်းကို မျက်နှာချင်းဆိုင်ပြီး ထူးဆန်းတဲ့ကိုယ်ဟန် အနေအထားနဲ့ တစ္ဆေသင်္ဘောရဲ့ အတွင်းခန်းထဲကို တွားသွားနေတာ တွေ့လိုက်ရ၏။ 


တစ်ချက် ကြည့်ရုံမျှဖြင့် ဝူရှဲ ထိတ်လန့်သွားသည်။ တစ္ဆေသင်္ဘောရဲ့ အခန်းတွင်းကို တွားသွားနေတာက သူမလက်နဲ့ မဟုတ်ဘဲ တွန့်လိမ် ညှိုးနွမ်းနေတဲ့ တစ္ဆေလက်နှစ်ချောင်းနဲ့ ဆိုတာ တွေ့လိုက်ရတော့ ဝူရှဲ အံ့သြသွားရပြန်သည်။ 


သူမက သတိလစ်သွားသလိုမျိုး မလှုပ်မယှက် ဖြစ်နေ၏။ ဝူရှဲလည်း ရွေးချယ်စရာ မရှိဘဲ ခြေလက်များကို အသုံးပြုကာ ကုန်းပတ်ပေါ်သို့ တွယ်တက်သွားခဲ့ရသည်။ အဲဒီနောက် တစ္ဆေသင်္ဘောရဲ့ ကုန်းပတ်ပေါ်သို့ လဲကျသွားခဲ့လေသည်။