(21)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (21)

မြှား



မြှားအားလုံးနီးပါးဟာ သူ့ခန္ဓာကိုယ်ထဲကို ဝင်လာတာကို တွေ့လိုက်ရသည်။ ရုတ်တရက် ရင်ဘတ်က နာကျင်မှုကို ခံစားလိုက်ရပြီး ထိတ်လန့် တုန်လှုပ်သွားကာ မယုံနိုင်အောင် ဖြစ်သွားတော့သည်။ သူ့ခမျာ မိန်းကလေးတစ်ယောက်ရဲ့ လက်ကိုတောင် မထိဖူးသေးဘဲ ဒီလိုနေရာမျိုးမှာ သင်္ချိုင်းမြေနေရာတောင် မရှိဘဲ သေရတော့မှာလား။


သူသာ ဒီနေရာမှာသေသွားရရင် သူ့​​အလောင်းကို နှစ်ပေါင်း ရာချီကြာအောင် ဘယ်သူကမှ လာမကောက်ရဲမှာ ကြောက်ရသည်။ အဲဒီလို ဆိုရင်တော့ အဆုံးသတ်က ကြေကွဲဖွယ် ကောင်းလှသည်။


မြှားတွေက မိုးရွာသလို ထွက်လာပြီး ဘာက ပစ်လိုက်မှန်းတောင် မသိပေ။ အရှိန်က အရမ်းမြန်ပြီး ရှောင်လို့ မနိုင်ချေ။ ဖက်တီးက သူ့ကျောပိုးအိတ်ကို အကာအရံအနေနဲ့ သုံးပြီးတော့ မြှားတချို့ကို ပိတ်ဆို့ထား၏။ ဖက်တီး တဖြည်းဖြည်း ဝူရှဲတို့ရှေ့ကို ရောက်လာကာ မြှားတွေကို ကူပြီး ကာထားပေးသည်။


ဝူရှဲ သူ့ကျောကို တွေ့လိုက်တော့ ရင်တွေတောင် တုန်သွားသည်။ သူ့ကျောပေါ်မှာ အမွှေးတိုင်တွေ အိုးထဲ ထိုးစိုက်ထားသလို မြှားတစ်ဒါစင်လောက်က ပြည့်နေပြီး ထူထပ်စွာ ထုပ်ပိုးထားတာကို တွေ့လိုက်ရ၏။ ဒါပေမဲ့ ဘာကြောင့်လဲတော့ မသိဘူး ဖက်တီးကို ကြည့်ရတာ နည်းနည်းလေးမှ မနာသလိုပင်။ 


လူတွေ မြှားပစ်ခံရပြီး ဖြူကောင်တွေ အဖြစ် ပြောင်းသွားရတဲ့အကြောင်း ဝတ္ထုတွေကို မကြာခဏ ဖတ်ဖူးတာ သတိရမိပေမယ့် တကယ်တမ်းတော့ မမြင်ဖူးခဲ့ပါဘူး။ အခုနောက်ဆုံးတော့ မြင်လိုက်ရပြီ။ ဒီလိုအခြေအနေမျိုးမှာ စိတ်ထဲက​နေ ကျိန်စာမတိုက်မိဘဲ မနေနိုင်အောင် ဖြစ်သွားသည်။ 


အဲဲဒီအချိန်မှာ တစ်ယောက်ယောက်က ရုတ်တရက် သူ့အင်္ကျီကို ဖမ်းဆွဲလာခဲ့သည်။ အဝတ်အစားတွေကို ဆုပ်ထားပြီး ရှေ့ကို ဆွဲခေါ်သွား၏။ ဝူရှဲ အံ့သြသွားကာ ပြန်ကြည့်လိုက်တော့ အားနင်ရဲ့ အေးစက်ပြီး ​ကြောက်စရာကောင်းတဲ့ မျက်လုံးတွေနဲ့ ဆုံသွာကာ စိတ်ထဲမှာ တစ်ခုခုကို ခံစားလိုက်ရသည်။


ဝူရှဲ ကမန်းကတန်း ခက်ခက်ခဲခဲနဲ့ ထွက်ပြေးချင်လာတာကို သိတော့ သူမက ဝူရှဲ ဒူးအောက်ကို မညှာမတာ ကန်ကျောင့်ပစ်ကာ တွန်းတင်လိုက်၏။ ဒီဝေဒနာက သူ့ရင်ဘတ်က မြှားနှစ်ချောင်းထက် ပိုနာကျင်လေသည့။ သူတစ်ကိုယ်လုံး ထော့နဲ့ ထော့နဲ့ဖြင့် နာကျင်လွန်းလို့ ခွန်အားတွေတောင် မသုံးနိုင်​တော့ဘဲ ပျော့ခွေလုနီးပါး ဖြစ်သွားသည်။ 


သူမက ဝူရှဲကို ဆွဲခေါ်ရင်း စကားမပြောဘဲ အလယ်က ကျောက်စိမ်း တံခါးကြီးဆီကို လျှောက်သွားတော့သည်။ အကာအရံ အဖြစ် အသုံးပြုခံလိုက်ရတဲ့ ဝူရှဲမှာ ရုတ်တရက် ပခုံး၊ အစာအိမ်နှင့် ရင်ဘတ်တို့တွင် တခြားမြှားများဖြင့် ထိမှန်ခံရပြီး နာကျင်မှုကြောင့် သတိမေ့လုနီးပါး ဖြစ်လာခဲ့သည်။


အမျိုးသမီးတွေရဲ့ နှလုံးသားဟာ အဆိပ်အ​ပြင်းဆုံးပဲလို့ လူတွေ ပြောကြပေမယ့် ဝူရှဲ တကယ်ကို မယုံချင်ခဲ့ဘူး။ မိန်းမတွေ ဒီလောက် ရက်စက်မယ်လို့လည်း မမျှော်လင့်ထားဘူး​လေ။ 


အခုမှပဲ မိန်းမငယ်လေးတွေက အရမ်း ကြောက်စရာ ကောင်းမှန်း သိရတော့သည်။ သူ့မမျက်လုံးတွေထဲမှာ ဝူရှဲဟာ မြှားမိုးရွာခြင်းကို တားဆီးရန် လူသားဒိုင်းအဖြစ် အသုံးပြုနိုင်ရုံသာ ရှိသည်။


လှည့်ပတ်ဖို့ အစွမ်းကုန် ကြိုးစားလိုက်သည်။ မိန်းကလေးက သိပ်သန်မာတာ မဟုတ်တဲ့အတွက် ဝူရှဲ ခွဲထွက်ပြီး တူးမြောင်းထဲကို ပြုတ်ကျသွားတော့သည်။ သူမ ဖုံးကွယ်ထားတာ မရှိတော့တာ မြင်လိုက်ရတော့ အမျိုးသမီးက ချက်ချင်း ပြန်လှည့်လာပြီး မြှားတစ်ဒါဇင်ကျော်ကို တစ်ပြိုင်နက် ရှောင်လိုက်ကာ ဝူရှဲကို စိုက်ကြည့်ဖို့ ပြန်လှည့်လာသည်။  


'မင်းငါ့ကို စူးစူးစိုက်စိုက် ကြည့်ဖို့ အာရုံရှိတုန်းပဲပေါ့' ဟု တွေးမိရင်း အော်ဟစ်ပြီး ဆွဲထုတ်ဖို့ ပြေးသွားချင်ခဲ့ပေမယ့် သူမက လှောင်ပြောင် တစ်ပွင့်ပြန်ပေးလာ၏။ ထို့နောက် ထိုနေရာကနေ နံရံဘက်ကို လှိမ့်ချလိုက်ပြီး အမြင့်ကနေ ခုန်ချသွားသည်။


ခြေထောက်တစ်ဖက်ကို မြှောက်၍ နံရံကို ကန်၍ လျှပ်စီးလက်သွားသလို လုံခြုံတဲ့ နေရာတစ်ခုဆီ လှိမ့်ဝင်သွားလေသည်။ တစ်ခဏအတွင်း လှုပ်ရှားသွားတာတွေက အင်မတန် သေသပ်လှသည်။ 


သူမကို မြှားတစ်စင်းမှ မထိထားတာ မြင်တော့ ဝူရှဲ ဒေါသတကြီးနဲ့ မြေပြင်ကို ရိုက်ချလိုက်သည်။ ထိုအခါ သူမက ခေါင်းကို လှည့်ကြည့်လာရင်း ရုတ်တရက် သူ့ကို မထီမဲ့မြင်ပြုတဲ့ လေပူတွေကို မှုတ်လိုက်ပြီးနောက် ဓာတ်မီးဖွင့်ပြီး အလယ်တံခါးထဲကို ပြေးဝင်သွားတော့သည်။ 


ဝူရှဲ ဒေါသ အရမ်းထွက်ပြီး သွေးအန်လုနီးပါး ဖြစ်​နေပေမဲ့ တူးမြောင်းထဲကို ကူးသွားဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။ ခေါင်းပေါ်က မြှားတွေကို ဖြတ်ကျော်ပြီး စင်္ကြံနံရံဘက်ကို ပြေးဝင်သွားတော့သည်။ နံရံကို ထိမိလိုက်တဲ့ အချိန်မှာ သတ္တုသံတို့ ထွက်ပေါ်လာ၏။ 


5 မိနစ်လောက် မြှားပစ်တာ ရပ်သွားသည်။ ဝူရှဲ ဖက်တီးဘက် ကို ပြန်ကြည့်လိုက်တော့ ဖက်တီးခမျာ မြှားပစ်ခံရထားပြီး လဲကျလုနီးပါး တုန်တုန်ယင်ယင် ဖြစ်နေရှာသည်။ ဝူရှဲ သူ့ကိုကူညီဖို့ အမြန် ကုန်းရုန်းထလိုက်သည်။ သူ အဆင်ပြေလား သိရအောင် လက်နဲ့ အမူအရာ ပြလိုက်တော့ ဖက်တီးက ပြောလာခဲ့သည်။


"ရှောင်ဝူ.... ဒီမြှားတွေက တစ်ခုခု မှားနေပြီလို့ ငါထင်တယ်.... ဘာလို့ ဒီလောက် နက်နက်နဲနဲ ထိုးစိုက်သွားတာတောင် နာတယ်လို့ မခံစားရတာလဲ? မင်းငါ့အတွက် တစ်ချောင်းလောက် နုတ်ပေးကြည့်စမ်းပါ"


ဝူရှဲလည်း မြှားတွေက တစ်ခုခု ထူးဆန်းတယ်လို့ ခံစားမိလေသည်။ မြှားဒဏ်ရာက ထင်သလောက် မပြင်းထန်တာ ဘာကြောင့်လဲ မသိပေ။ အခုက အသက်ရှုရတာ လွယ်ပေမယ့် တစ်ခါမှ မသေဖူးတဲ့အတွက် မြှားပစ်ခံရပြီး သေသွားရင် ဘယ်လိုခံစားရလဲ မသိပေ။ 


ဖက်တီးက ဆွဲထုတ်​ပေးဖို့ အော်ပြော​​နေပေမယ့် ဝူရှဲမှာ ဆွဲထုတ်ပစ်လိုက်ဖို့ သတ္တိမရှိခဲ့ဘူး။ ထိုအချိန်တွင် ထိပ်ပြောင်ကျန်းက သွားများအံကြိတ်ကာ မတ်တပ် ထရပ်လာသည်။ သူအစောက ဖက်တီးနောက်မှာ ရပ်နေခဲ့တာကြောင့် မြှားတစ်ချောင်းမှ မထိခဲ့ပေ။ ဖက်တီး အခုလို ပစ်သတ်ခံ​နေရတာ မြင်တော့ သူက ရုတ်တရက် ပြောလာခဲ့သည်။


"စိတ်မပူနဲ့... အဆင်ပြေသွားလိမ့်မယ်"


ဖက်တီးနဲ့ ဝူရှဲတို့ တစ်ချိန်တည်းပဲ အံ့အားသင့်သွားကြသည်။ ရင်းနှီးနေကျ ထိပ်ပြောင်ကျန်းရဲ့ အသံက ဘာကြောင့် သိသိသာသာ ပြောင်းလဲသွားရတာလဲ။ သူ့ခန္ဓာကိုယ် မကိုင်းတော့ဘဲ ဖြောင့်တန်းသွားတာကို ဝူရှဲ တွေ့လိုက်ရပြီး ကလစ် နှိပ်လိုက်သလို အသံတစ်ခု ထွက်ပေါ်လာပြီး သူ့အရပ်သည် စင်တီမီတာ များစွာ တိုးလာခဲ့သည်။ 


ထို့နောက် သူ့လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ပြီး တူညီသော စွမ်းအားတစ်မျိုးဖြင့် ဝေ့ယမ်းလိုကိရာ လက်ဟာလည်း ရုတ်တရက် လက်မအနည်းငယ် ပိုရှည်လာသည်။


မြင်လိုက်တာနဲ့ ဝူရှဲ မေးရိုးတွေ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။ ဒါက အရိုးကျုံ့သွားတာ မဟုတ်လား? အဲဒါကို အဘိုးရဲ့ မှတ်စုတွေကနေပဲ ဝူရှဲ မြင်ဖူးခဲ့တာ ဖြစ်လေသည်။ ဒါက ရှေးခေတ်က ဂူသင်္ချိုင်းဖောက်သူများရဲ့ အခြေခံ ကျွမ်းကျင်မှုတွေထဲက တစ်ခုပါပဲ။ 


မြေအောက် နန်းတော်ထဲရှိ အလင်းတန်း ပြတင်းပေါက်တွေ ဒါမှမဟုတ် ထိုင်ခုံလွတ်တွေလိုမျိုး အလွန်ကျဉ်းမြောင်းတဲ့ ကွက်လပ်တွေကို ဖြတ်ကျော်ဖို့ အရိုးကျုံ့နည်းကို အသုံးပြုကြတာ ဖြစ်လေသည်။ သူ့ရဲ့နိယာမကို ဝူရှဲ တစ်ခါမှ နားမလည်ခဲ့တဲ့ အတွက် ဟာသတစ်ခုအဖြစ် အမြဲမှတ်ယူခဲ့ပေမယ့် အခုတော့ ကိုယ့်မျက်စိနဲ့သ. မမြင်ဖူးခဲ့ရင် ဒီလိုမှော်ပညာမျိုး ရှိတယ်ဆိုတာ ယုံမိမှာတောင် မဟုတ်ပေ။ 


(မကြာသေးမီနှစ်များ အတွင်း လော့ရန် သင်္ချိုင်းဓားပြကျေးရွာရှိ လူအချို့သည် ဤနည်းလမ်းကို အသုံးပြုနေကြဆဲ ဖြစ်ကြောင်း ကြားသိခဲ့ရသည်။ ဂူသင်္ချိုင်း အပေါက်များက အလွန်သေးငယ်တာကြောင့် အရိုးများကို ကျုံ့ပြီးမှသာ ဖြတ်သွားနိုင်၏။ ဖြတ်သွားသည့် ရဲများက မြင်သောအခါ သူတို့က ကြွက်တွင်းပေါက်တွေလို့ ထင်ကြပေမယ့် နောက်တော့ ဂူဖောက်ထားတဲ့ အပေါက်မှန်း သိလိုက်ရ၏။ သို့သော် ဖမ်းဖို့က မလွယ်တော့ပေ။ အကြောင်းမှာ အဲဒီလူတွေက တူးပြီးသွားတဲ့အခါ အထဲမှာ နောက်ဂူတစ်လုံးကို တူးပြီး ထွက်ပြေးသွားကြလို့ပင်။ စိတ်မကောင်းစရာပဲ လေ့ကျင့်ရန် ခက်ခဲ၍ ငယ်စဉ်ကတည်းက လေ့ကျင့်ရလိမ့်မည်။ အရိုးအားလုံး၏ ပေါင်းစပ်မှုမှာ အဆင်မပြေရင် အောင်မြင်ရန် ခက်ခဲလိမ့်မည်)


သူသည် ရှည်လျားသော အသက်ရှုသံကို ထုတ်လိုက်ပြီး နားရွက်နားကို ဖမ်းဆွဲထုတ်လိုက်ပြီး လူ့မျက်နှာဖုံးကို ဆုတ်ဖြဲကာ သူရဲ့ နဂိုမျက်နှာကို ပေါ်လွင်လာစေ၏။ အဲဒါကိုမြင်တော့ ဝူရှဲခမျာ အံသြ လန့်ဖြတ်လုမတတ် ဖြစ်သွားတော့သည်။


ဒါက မျက်နှာသေ အစ်ကိုလေး မဟုတ်ဘူးလား? 


ဝူရှဲ ခဏလောက် ထိတ်လန့်သွားပြီး ရုတ်တရက် ဒေါသလည်း ထွက်သွားသည်။ တစ်ဖက်လူက ဟန်ဆောင်ကောင်းလွန်းတဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်လာနိုင်တယ် ဆိုတာ သူ လုံးဝ သတိမထားမိခဲ့​ဘူးပဲ။


မျက်နှာသေက နှစ်တွေအကြာကြီး မလှုပ်မရှားခဲ့ရသလို လက်မောင်းကို ခါယမ်းလိုက်သည်။ ဖက်တီးမှာလည်း စကားမပြောနိုင်ဘဲ ဆွံ့အနေခဲ့သည်။ အချိန်အတော် ကြာပြီးနောက်မှ သူ့ကို လှမ်းဆွဲကာ 


“အစ်ကိုလေး.... မင်း ဘာကိုဆိုလိုချင်တာလဲ? မင်း ငါတို့ကို ဖျော်ဖြေဖို့များ ကြိုးစားနေတာလား?"


မျက်နှာသေက ဘာမှပြန်မပြောဘဲ သူ့ကို လက်ပုတ်ပြပြီး ထိုင်ခိုင်းလိုက်သည်။ သူက ဖက်တီးရဲ့ နောက်ကျောပေါ်ရှိ မြှားလေးတစ်ပိုင်းကို ဆွဲကိုင်လိုက်ပြီး ခက်ခက်ခဲခဲ လိမ်ကာ အလွယ်တကူပဲ ဆွဲထုတ်လိုက်သည်။ ဖက်တီး ခန္ဓာကိုယ်ပေါ်တွင် အနီရောင် အပေါက်တစ်ခုသာ ရှိပြီး ဒဏ်ရာ မရရှိခဲ့ပေ။


ဝူရှဲ တစ်ချိန်တည်းမှာ အံ့အားသင့်သွားသလို ဝမ်းသာပီတိ ဖြာသွားတော့သည်။ သေရ​တော့မှာ မဟုတ်ဘူးလို့ ယောင်ဝါးဝါး ခံစားမိတဲ့အတွက် မျက်နှာသေအတိုင်း တုပပြီး ခန္ဓာကိုယ်ပေါ်က မြှားတွေကို ဆွဲထုတ်လိုက်သည်။ တစ်ချက် ကြည့်လိုက်ရင်ပဲ ပြတ်ပြတ်သားသား မြင်နိုင်ပါ၏။ 


ဒီမြှားရဲ့ မြှားဦးခေါင်းဟာ အလွန်လိမ္မာ ပါးနပ်စွာ ပြုလုပ်ထားလေသည်။ တစ်ခုခုကို ထိလိုက်တာနဲ့ ချွန်ထက်တဲ့ခေါင်းက နောက်ပြန်ဆုတ်သွားမှာ ဖြစ်ပြီး ခြေသည်းတွေလို သံချိတ်ပေါင်းများစွာ ထွက်ပေါ်လာမှာပဲ ဖြစ်သည်။ မြှားဦးခေါင်းက ဖမ်းဆွဲမိရာကို တင်းတင်းကျပ်ကျပ် ကိုက်ထားမှာပင်။ 


မျက်နှာသေက မြေပြင်ပေါ်ရှိ မြှားပြွတ်များကို ကြည့်ကာ တိုးတိုးလေး ပြောလာခဲ့သည်။


"အဲဒီအမျိုးသမီးက အခုနက ကျောက်ပြားကို ရည်ရွယ်ချက်ရှိရှိ နင်းခဲ့တာ.... သူ့အရည်အချင်းကို အရမ်း ယုံကြည်နေပုံရပြီး ငါတို့အားလုံးကို သတ်ပစ်ချင်နေတာပဲ"


သူမ မှုတ်လိုက်သော လေပူလို အနမ်းကို တွေးလိုက်မိသည်နှင့် ရှင်းရှင်းလင်းလင်း လှောင်ပြောင်နေသည့် အဓိပ္ပာယ်ရအောင် သိတာကြောင့် ဝူရှဲ ဒေါသတကြီးဖြင့် သွားတွေကို သွေးထွက်မတတ် ကြိတ်​နေလိုက်သည်။ မျှော်လင့်ထားတဲ့ အတိုင်း လှပတဲ့ မိန်းမတွေက မယုံနိုင်စရာ ကောင်းလောက်အောင် အဆိပ်ပြင်းလှတာပဲ။ 


ဖက်တီးရဲ့ ကျောကုန်းဟာ ကျိုးပဲ့နေသော အရေခွံများဖြင့် ဖုံးလွှမ်းလုနီးပါး ဖြစ်နေသော်လည်း သူက ပြုံးကာ ပြောလိုက်သေးသည်။ 


“ကံကောင်းတာက ဒီမြှားတွေက ကြာပန်းလက်တွေပဲ မဟုတ်ရင် သူ အောင်မြင်မှာ မဟုတ်ဘူး.... ဝမ်ဖက်တီး ငါက တစ်သက်လုံး ကျော်ကြားလာခဲ့တာ... ဖြူကောင်ကို ပစ်သတ်ခံရပြီး လူတွေကို သေ​လောက်အောင် ရယ်နေတဲ့အထိတော့ မလုပ်နိုင်ဘူး"


ဝူရှဲလည်း ဒီထူးဆန်းတဲ့ မြှားတွေကို ကြည့်လိုက်ပြီး 


"ဒီမြှားတွေ အားလုံးကို ဘာလို့ ဒီမြှားခေါင်းကို သုံးရတာလဲ? ဘာရည်ရွယ်ချက်နဲ့လဲ?"


ထိုအခါ မျက်နှာသေက ဆိုလာခဲ့သည်။


"ငါလည်း မသိဘူး... ဒါပေမဲ့ မင်းရိုက်လိုက်တဲ့မြှားကို ငါမြင်တော့မှ ကြာပန်းလက် မြှားတစ်စင်းမှန်း သိလိုက်ရတာ.... တခြား အကြောင်းပြချက်တော့ မတွေးနိုင်တော့ဘူး.... ဒီသင်္ချိုင်းပိုင်ရှင်က ငါတို့ကို လွှတ်​ပေးချင်တာ ဖြစ်နိုင်တယ်.... ငါတို့နောက်ဆုတ်ရအောင် သတိပေးတာလည်း ဖြစ်နိုင်တယ်"


ဝူရှဲလည်း ထူးဆန်းသလိုတော့ ခံစား​နေရသည်။ ဒါက အဓိပ္ပာယ် သိပ်မရှိသလိုပဲ။ ဒါပေမဲ့ အခုကဒါကို ဆွေးနွေးရမယ့် အချိန် မဟုတ်သေးဘူး။ အဲဒီမိန်းမက ပင်မသင်္ချိုင်းခန်းထဲကို ဝင်နေပြီ။ ပစ္စည်းတွေကို ယူသွားပြီး လွယ်လွယ်နဲ့ လွတ်မြောက်သွားအောင် ခွင့်ပြုမပေးနိုင်ဘူး။


ဝူရှဲ ထိုအတွေးနဲ့ ပြေးလိုက်သွားဖို့ လုပ်တော့ မျက်နှာသေက သူ့ကို ဖမ်းကိုင်လိုက်ပြီး ခေါင်းခါပြလေသည်။ 


“ဟိုကြွေအိုးတစ္ဆေက ဘယ်ဘက်မှာရှိတဲ့ အုတ်ဂူထဲကို အရင်ဝင်ခိုင်းရတဲ့ အကြောင်းပြချက် တစ်ခုတော့ ရှိရမယ်.... အဆင့်ဆင့် လိုက်နာရမယ်... လျှောက်မလုပ်နဲ့... ငါတို့က တခြားသူရဲ့ နယ်မြေထဲမှာ ပြေးနေရတာ”


ဝူရှဲကတော့ လောနေခဲ့သည်။ အဲဒီမိန်းမ နောက်မှ ပြေးထွက်လာပြီး ထွက်ပြေးသွားရင် ဘယ်ကို လိုက်ဖမ်းရမလဲ မသိဘဲ နေလိမ့်မယ်လေ။ ထိုအခိုက်တွင် ဖက်တီးကလည်း ဆိုလာ၏။


"မကြောက်နဲ့.... ရေငုပ်ကိရိယာတွေ အကုန်လုံးကို အရင် ပြန်သွားယူရအောင်... သူအဲဒါတွေ မပါဘဲ အပြင်ထွက်လို့ရမလား ကြည့်ရသေးတာပေါ့!"


အရေးကြီးတဲ့ အခိုက်အတန့်မှာ ဖက်တီးက ဒါကို တွေးမိနေတုန်းပဲ။ ကိုယ့်ကိုကိုယ် ဘာလို့များ မစဉ်းစားမိတာလဲလို့ တွေးလိုက်ရင်း ဝူရှဲ ချက်ချင်း ခေါင်းညိတ်ပြကာ သူတို့သုံးယောက် နားခန်းထဲကို အမြန် ပြန်ပြေးလာခဲ့သည်။ အဲဒီ့နေရာကို မြင်မြင်ချင်း သုံးယောက်စလုံး ဆွံ့အသွားကြတော့သည်။ 


အစောနက နေရာမှာ ဘာဆို ဘာမှမရှိ​တော့ဘူး။ သူတို့ရဲ့ အောက်ဆီဂျင် ဘူးတွေတောင် ပျောက်နေပြီ။