ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ဒေါသပင်လယ်၌ မြုပ်နေသောသဲ
Chapter (40)
နံရံက အပေါက်
ဤဂူဝင်ပေါက်သည် ဒီအဖြစ်အပျက် တစ်ခုလုံးရဲ့ အဓိကအချက် ဖြစ်နိုင်သည်။ မျက်နှာသေရဲ့ မှတ်ဉာဏ်တွေက ဤနေရာတွင် ပြတ်တောက်သွားခဲ့သည်။ နောက်ဆက်တွဲ ဖြစ်ပျက်မှုက လျှို့ဝှက်ဆန်းကြယ်မှု တစ်ခုသာ ဖြစ်သည်။ အခြေအမြစ် မရှိသော မှန်းဆချက် အားလုံးသည်လည်း ရှိနေဆဲပင်။
အပေါက်ကို သေသေချာချာ ကြည့်လိုက်ရင် အသွင်အပြင် တစ်ခုတည်း အရတော့ ဒါက ယုတ္တိမတန်တဲ့ တံခါးအတု ဂူအပေါက်လို့ ပြောလို့ရသည်။ တံခါးအတွင်း၌ ဘာမှမရှိပေ။ မြင်ရသလောက်ကတော့ အပြင်မှာ အဝါရောင် အင်္ဂတေအုတ်များဖြင့် ပြုလုပ်ထားသည်။ ၎င်းတို့သည် အလွန် သာမန်ဆန်သော ဖွဲ့စည်းပုံပဲ ဖြစ်ကာ ဝူရှဲ ရှန်းရှီးက မီးသွေးစက်ရုံများတွင် ဤကဲ့သို့ အပေါက်များကို မရေမတွက်နိုင်အောင် မြင်ဖူးသည်။ သို့သော် ဒီလိုနေရာမှာ ဖွင့်လိုက်ခြင်းမှာ သင်္ချိုင်းရဲ့ အပြင်အဆင်က အလွန်ရုတ်ခြည်း ဖြစ်နေပုံရပြီး ၎င်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ဝူရှဲ ခန့်မှန်းလို့ မရချေ။
သူ့မှတ်ဉာဏ်ထဲတွင် သင်္ချိုင်းအခန်း အားလုံးနီးပါးတွင် အချိုးကျသော ဖွဲ့စည်းပုံမျိုး ရှိသည်။ သင်္ချိုင်းဂူပိုင်ရှင်သာ ဤအကျင့်မျိုး မရှိပါက လမ်းကြောင်းတစ်ခု သို့မဟုတ် အပိုအခန်းတစ်ခုကို တစ်နေရာတည်းတွင် ရှင်းရှင်းလင်းလင်း ဖွင့်ထားနိုင်မှာ ရှားပါသည်။ အကြောင်းပြချက် တစ်ခုခုကြောင့်သာ မဟုတ်ပါက ဖြစ်နိုင်ချေ နှစ်ခုသာ ရှိသည်။
ဝူရှဲ ပထမဆုံး တွေးမိတာက အထဲမှာ လျှို့ဝှက်ဈာပန ပစ္စည်းတွေ ထည့်ထားရင်တော့ အံ့သြစရာ မရှိချေ။ အဖိုးရဲ့ မှတ်စုတွေအရ ရှေးခေတ်လူတွေက သူတို့ရဲ့ သင်္ချိုင်းမှာ အမှောင်ခန်းတွေ အများကြီး ဒီဇိုင်းထုတ်ထားတတ်ပေမယ့် အဲဒီ အမှောင်ခန်းတွေက အများအားဖြင့် ရုပ်ဖျက်ထားတတ်သည်။ ဒီအပေါက်က ရှင်သန်ခြင်း တံခါး မဟုတ်သလို ဖုံးကွယ်ထားခြင်းလည်း မရှိပေ။ အပြင်တွင် မှန်တစ်ချပ်ထားရုံဖြင့် ကာထားတာကြောင့် ကလေးဆန်လွန်းသည်ဟု ထင်ရသည်။
ဒုတိယ ဖြစ်နိုင်ချေကတော့ ဒီနေရာမှာ ဖုန်းရွှေနဲ့ ပတ်သက်တာ တစ်ခုခုတော့ ရှိနေလို့ပါပဲ။ မှန်တွေကို ဖုန်းရွှေပညာရပ်မှာ အလွန်အရေးပါတဲ့ ပစ္စည်းတွေလို့ ဆိုလို့ရတယ်။ အဲဒါတွေကို ဒီမှာထားဖို့လုပ်ရတာ အကြောင်းတစ်ခု ရှိနိုင်တယ်။ ယေဘုယျအားဖြင့် ပြောရရင် အခန်းထဲမှာ တံခါးဖွင့်တာက ဖုန်းရွှေပညာရပ် အရ ဤနေရာတွင် "လမ်း" ဟူသော အသုံးအနှုန်းသည် တစ်စုံတစ်ခုကို ယူဆောင်လာခြင်း သို့မဟုတ် စွန့်ထုတ်ခြင်းဟု အဓိပ္ပာယ် ရလေသည်။
ဤသည်မှာ ရှေးခေတ်က ကြီးကျယ် ခမ်းနားသော ဖုန်းရွှေကြီးနှင့် အလွန်ကွာခြားသည့် သေးငယ်သော ဖုန်းရွှေ ပညာရပ်လေးသာ ဖြစ်သည်။ ဗုဒ္ဓဘာသာတွင် ရှိသော မဟာယာနနှင့် ဟိနယာနကဲ့သို့ပင်။ သေးငယ်သော ဖုန်းရွှေပညာသည် သေးငယ်သော နေရာမှ မကောင်းသော အရာများကို အကောင်းအဖြစ်သို့ ပြောင်းလဲခြင်း ဖြစ်ကာ ဖုန်းရွှေဆိုတာကိုက တချို့သော နည်းလမ်းများကို အသုံးပြု၍ ပြောင်းလဲမှုအပေါ် အာရုံစိုက်သည့် ပညာရပ်တစ်ခုပဲ ဖြစ်လေသည်။ ဒီဗဟုသုတနဲ့ ပတ်သက်ရင်တော့ ဝူရှဲ ပိုစိတ်ဝင်စားတဲ့အတွက် ကြီးကျယ်တဲ့ ဖုန်းရွှေကိုပါ သိထားလေ၏။
သူတို့မှန်ရဲ့ ထောင့်ဖြတ်မျဉ်း အတိုင်း လိုက်လျှောက်ပြီး သဲလွန်စတွေ ရှာတွေ့ဖို့ မျှော်လင့်လျက် တခြားနေရာကို သွားကြည့်လိုက်။ ဤအခန်း တစ်ခုလုံး၏ အပြင်အဆင်သည် မျက်နှာသေ ပြောသည့်အတိုင်း အတိအကျ တူသော်လည်း ၎င်းသည် လွန်ခဲ့သော အနှစ်နှစ်ဆယ်ကကဲ့သို့ အရပ် လေးမျက်နှာမှာသာ ရှိသော ညလင်းပုလဲများဖြင့် လင်းထိန်နေသည်။
ကောင်းကင်နန်းတော်ကတော့ အခန်းအလယ်က အမှောင်ထဲမှာ ပုန်းအောင်းနေသလိုပင်။ ဓာတ်မီးဖြင့် အစိတ်အပိုင်း တချို့ကို လှမ်းကြည့်လိုက်သည်။ အကြိမ်အနည်းငယ် စကင်ဖတ်ပြီးနောက် နံရံပေါ်ရှိ ပန်းချီပုံများက ဝူရှဲ မျက်လုံးများကို စွဲဆောင်သွားခဲ့သည်။
ဒီပန်းချီကား လေးချပ်ရဲ့ အကြောင်းအရာကို ဝူရှဲအရင် မျက်နှာသေဆီကနေ ကြားလိုက်ရတဲ့ အချိန်မှာ အရမ်းဝိုးတဝါး ဖြစ်နေပါသေးသည်။ အခု ကိုယ်တိုင် မြင်လိုက်ရတော့ ဒီပန်းချီကားတွေဟာ တကယ် လက်တွေ့ဆန်တယ်လို့တောင် ထင်မြင်မိလာသည်။ သတိထားပြီး ကြည့်လိုက်လျှင် အတိအကျ ဆွဲထားတဲ့ ပစ္စည်းတချို့ကိုတောင် တွေ့နိုင်၏။
ပထမဆုံးအနေနဲ့ ပန်းချီကားထဲက နှင်းတွေဖုံးနေတဲ့ တောင်တွေဟာ ကျီလင်မှာရှိတဲ့ ချောင်ပိုင်တောင်ရဲ့ မြောက်ဘက်စောင်းတွေ ဆိုတာကို တစ်ချက် ကြည့်လိုက်တာနဲ့ သိလိုက်ရသည်။ သူ့မှတ်ဉာဏ်က အံ့သြစရာ ကောင်းတာတော့ မဟုတ်ပါဘူး။ ချောင်ပိုင်တောင်ရဲ့ ပင်မတောင်ထိပ်တွေက အရမ်းထူးခြားနေပြီး အဲဒီကိုရောက်ဖူးသူတိုင်း ခွဲခြားသိမြင်နိုင်လိမ့်မည်။
ဒုတိယ ပန်းချီကားမှာ ဈာပန အခမ်းအနားတစ်ခု ဖြစ်ကာ ယွမ်မင်းဆက်က ၀တ်စုံတွေ ဝတ်ထားတာကို သတိပြုမိလိုက်၏။ ဆိုလိုတာက ခေါင်းတလားထဲက လူဟာ ယွမ်မင်းဆက် ရဲ့ ဂုဏ်ကျက်သရေ ရှိသူ ဖြစ်နိုင်တယ်လို့ ပြောနေခြင်းပင်။ ယွမ်မင်းဆက် နှောင်းပိုင်းတွင် မင်းဆက်များ ပြောင်းလဲလာသောအခါ ထိုကဲ့သို့သော ကြီးမားသော ဂူဗိမာန်ကြီးကို ဆောက်နိုင်ခဲ့ကြသေးသည်။ ဒီသင်္ချိုင်းပိုင်ရှင်က ထင်သလောက် မရိုးရှင်းလောက်ချေ။
တတိယမြောက် အံ့သြရဆုံး အရာကတော့ ဈာပန အခမ်းအနားထဲက လူတွေ အားလုံးဟာ အမျိုးသမီးတွေချည်း ဖြစ်နေသည်။ ဒါက တကယ်ကို ယုတ္တိမတန်ပါဘူး။ မွန်ဂိုလီးယား လူမျိုးတွေရဲ့ သင်္ဂြိုဟ်ခြင်း အခမ်းအနား ဘယ်လိုရှိလဲ မသိပေမယ့် ဈာပန အခမ်းအနား အားလုံးမှာ အမျိုးသမီးတွေချည်း သုံးတာမျိုးတော့ မကြားမိချေ။
ဤကဲ့သို့သော တခြားအသေးစိတ် အချက်များစွာလည်း ရှိသေးသည်။ ၎င်းတို့သည်လည်း ပန်းပုဆရာများမှ ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့ခြင်း ဖြစ်သလော သို့မဟုတ် သူတို့၏ ကိုယ်ပိုင်အပြုအမူ ဟုတ်သလော ဆိုတာတော့ မသိရပေ။
ဒါကိုမြင်လိုက်ရတော့ ဝူရှဲစိတ်ထဲ တော်တော်လေး ရှင်းသွားသည်။ ဒီသဲလွန်စတွေနဲ့ မြေပြင်အနေအထားနဲ့ ရင်းနှီးတဲ့ တောင်တက်သမားတစ်ယောက်ကို ရှာတွေ့သရွေ့ ဒီနန်းတော်ရဲ့ တည်နေရာကို ရှာတွေ့ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ချေ။ နှစ်ရာနှင့်ချီသော နှင်းများကြား အေးခဲနေသော မြေဆီလွှာသည် အလွန်ပျော့ပျောင်းလှသည်။ အကယ်၍ ဂရုမစိုက်ဘဲ တူးပါက နှင်းတောင်ပြိုကျကာ နှင်းထဲတွင် ထာဝရ ပိတ်မိသွားစေနိုင်သည်။
ဒါပေမဲ့ အဲဒီ အရိပ်အမြွက်တွေဟာ နံရံထောင့်မှာရှိတဲ့ အပေါက်နဲ့ ဘာမှမဆိုင်သင့်ပါဘူး။ အနောက်ဘက် ထောင့်မှာရှိတဲ့ မှန်ချပ်တွေကို စစ်ဆေးကြည့်တော့ ထူးထူးခြားခြား ဘာမှ မတွေ့ခဲ့ရချေ။ မေးခွန်းတွေ အားလုံးကို အဲဒီအပေါက်ထဲကို ဝင်လိုက်ရုံနဲ့ ဖြေနိုင်မယ်လို့ ထင်ရလေသည်။ ဂူအဝင်ဝကို ပြန်ရောက်တဲ့အခါ မျက်နှာသေက တစ်ခုခုကို စဉ်းစားနေသလိုမျိုး ရှားရှားပါးပါး တုံ့ဆိုင်းနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာကို တွေ့လိုက်ရသည်။ သူက ဝူရှဲလာနေတာကို တွေ့တော့ ရုတ်တရက် ပြောလာခဲ့၏။
"ငါ ထပ်ဝင်ရဦးမယ်"
"မဖြစ်ဘူး!" ဝူရှဲ အံ့သြသွားသည်။
"အဲ့ထဲကို ဝင်သွားရင် သွားသေတာပဲ မဟုတ်ဘူးလား? ခင်ဗျားရဲ့မှတ်ဉာဏ်တွေ နောက်ထပ် အနှစ်နှစ်ဆယ်ကြာတဲ့အထိ ထပ်ပျောက်သွားရင် ဒါတွေအားလုံ အဓိပ္ပာယ်မဲ့သွားလိမ့်မယ်"
သူက ပေါ့ပေါ့ပါးပါးနဲ့ ပြန်ဖြေလာ၏။
"ငါက မင်းတို့နဲ့ မတူဘူး.... မင်းတို့အတွက် ဒီမှာ ဖြစ်ပျက်ခဲ့တာက ထူးထူးဆန်းဆန်း အတွေ့အကြုံတစ်ခုပဲ ဒါပေမယ့် ငါ့အတွက်ကတော့ ဒါဟာ ငါ့ရဲ့ နှလုံးသားထဲက ကြီးမားတဲ့ ထုံးဖွဲ့မှုတစ်ခုပဲ.... ငါအရာအားလုံးကို မှတ်မိနေရင်တောင်မှ မဖြေလျှော့ရင် ဒီဘဝမှာ ဘာကိုမှ မှတ်မိနိုင်မှာ မဟုတ်ဘူး"
ဒီစကားကြားတော့ ဝူရှဲစိတ်တွေ ပူလာသည်။ မဖြစ်ဘူးလို့သာ ပြောနေတာ သူ မျက်နှာသေအပေါ့ နားမလည်တာတော့ မဟုတ်ချေ။ ဒါပေမယ့် သူတို့ အခုရောက်နေတဲ့ ပတ်ဝန်းကျင်က ပြင်ပကိစ္စတွေအတွက် ခွင့်မပြုတဲ့အတွက် တတ်နိုင်သမျှ အမြန်ဆုံး ထွက်ဖို့ဆိုတာကို စဉ်းစားသင့်သည်။ မဟုတ်ရင် ကမ္ဘာပေါ်က လျှို့ဝှက်ချက်တွေ အားလုံးက ဘယ်လိုလဲ ဆိုတာ သိရင်တောင် အောက်ဆီဂျင် ကုန်သွားရင်တော့ လူတိုင်း အသက်ရှုကြပ်ပြီး ဒီလျှို့ဝှက်ချက်တွေရဲ့ တန်ဖိုးတွေဟာလည်း ချက်ချင်းဆုံးရှုံးသွားလိမ့်မယ်။
ဝူရှဲ စိုးရိမ်ပူပန်မှုတွေကို ပြောပြတော့ သူက နည်းနည်းတော့ သဘောထားကွဲလွဲပြီး မေးလာခဲ့သည်။
“ငါတို့ အပြင်ထွက်ဖို့ မင်းမှာဘယ်လောကိ သေချာမှု ရှိလဲ?”
သူ့အမေးကို ကြားတော့ ဝူရှဲလည်း မျက်နှာကျက်ထိပ်ကို အသေအချာ မကြည့်မိခဲ့တာကို သတိရမိပြီး အနီးကပ် ပြန်ကြည့်ဖို့ ခေါင်းကို အမြန်မော့လိုက်သည်။
သူဖတ်ဖူးတဲ့ မှတ်စုအားလုံးထဲမှာ မင်မင်းဆက် သင်္ချိုင်းရဲ့ထိပ်ဟာ အလျားလိုက် ခုနစ်ခုနဲ့ ဒေါင်လိုက် လမ်းကြောင်းရှစ်ခု ပါရှိပြီး အလွန်ခိုင်မာတယ်လို့ ဖော်ပြထားသည်။ သူ့ရဲ့ စိတ်ကူးအရ ဖိအားကို တွန်းလှန်ဖို့အတွက် မျက်နှာကျက်ရဲ့ထိပ်မှာ အခုံးပုံစံ ပါရှိရမည်။ အလယ်ဗဟိုနှင့် ဒေါင်လိုက် နှစ်ဖက်စလုံး နိမ့်သော်လည်း ယခုအခါ မြေအောက် နန်းတော်နည်းလမ်းကို လိုက်နာပြီး အပေါ်ထပ်ကို အပြားလိုက် လုပ်ထားပုံရသည်။ အဲဒီအခါ ဘယ်နေရာမှာ အပေါက်လုပ်လိုက်ပါစေ အရေးမကြီးတော့ချေ။
မျက်နှာကျက်ထိပ်က သူတို့နဲ့ ဆယ်မီတာကျော် ဝေးသည်။ ဒီမှာရပ်စရာက ဘာမှမရှိဘူး။ ဟိုဘက်ခြမ်းက တိုင်တွေကလည်း ရှုပ်ပွနေကာ အဲဒီမှာရှိတဲ့ အပေါက်တချို့ကို ဖောက်ထုတ်ဖို့ ဂူဗိမာန်ရဲ့ ခြေထောက်ကို သုံးပြီး မျက်နှာပြင်ပေါ်တက်၍ အဖြူရောင် အင်္ဂတေများကို အက်ကွဲအောင် ပြုလုပ်ရမည်။ ပြီးနောက် စိမ်းပြာရောင် အုတ်ချပ်များကို စတင် ဖြိုခွဲရမည်။
ဒါက အလွန်သတိထားနေရန်တော့ မလိုအပ်ချေ။ အချိန်ကို တွက်ချက်ပြီး အပေါ်က ဖိအားခံတည်ဆောက်ပုံအား ဖျက်ဆီးနေသရွေ့ အပေါက်တစ်ခု ပေါ်လာပါမည်။ ပင်လယ်ရေတွေ ပြည့်လာတဲ့အခါ သင်္ချိုင်းတွင်းက အလွယ်တကူ ထွက်သွားနိုင်ပြီ။
ဒီအစီအစဥ်ရဲ့ အရေးကြီးဆုံး အချက်မှာ အချိန်ကို ဆုပ်ကိုင်ထားရန် ဖြစ်သည်။ ဤရေနည်းချိန်တွင် ဖိအားခံ ဖွဲ့စည်းပုံအား မဖျက်စီးနိုင်ပါက ရေအောက်သင်္ချိုင်း တစ်ခုလုံး ပင်လယ်ရေ ဝင်ရောက်မှုကြောင့် မျောပါသွားကာ သူတို့လည်း အတွင်းမှာ ကြေမွသေဆုံးသွားနိုင်သည်။
ဒါကို မျက်နှာသေနဲ့ ထပ်ပြီး ပြောလိုက်သည်။ တကယ်တော့ သူတို့ ထွက်သွားဖို့ အခွင့်ကောင်း က ရှိပါသည်။ ဒါပေမယ့် သူတို့ ထွက်သွားပြီးတာနဲ့ ဒီသင်္ချိုင်း လုံးဝ ပျက်သွားလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီသင်္ချိုင်းက ပျောက်ကွယ်သွားမှာ မဟုတ်တဲ့အတွက် ဒီအရာတွေလည်း အဲဒီ့အထဲမှာ အားလုံး ရှိနိုင်ပါသေး၏။ သူက ပစ္စည်းတွေ ပြင်ဆင်ပြီး ရက်အနည်းငယ်ကြာမှ ပြန်လာလည်း ရသည်။
သူက ခေါင်းညိတ်ပြပြီး နောက်ဆုံးတော့ ဝူရှဲရဲ့စကားအပေါ် စိတ်ချသွားသည်။ သို့သော် ဖက်တီးကတော့ သည်းမခံနိုင်တော့ဘဲ
"ပြောပြီးနေမှတော့ မင်းဘာကို စောင့်နေတာလဲ? ဒီတိုင်ကို အရင်ပြီးအောင် လုပ်လိုက်ကြရအောင်... ခဏကြာရင် အချိန်က လောတော့မှာ..."
ဝူရှဲ လက်ပတ်နာရီကို တစ်ချက် ကြည့်လိုက်သည်။ မိုးမရွာခင် ခြောက်နာရီကျော်လောက် အချိန်ရသေးသည်။ ဒါကြောင့် အချိန်တွေ အများကြီး ရှိပါသေး၏။ ဝူရှဲ ခေါင်းကို ခါယမ်းလိုက်ပြီး
"ငါတို့ အခုလောလောဆယ် အရမ်းပင်ပန်းနေပြီ ဘာမှလည်း မစားရသေးဘူး.... ငါတို့ခန္ဓာကိုယ် အခြေအနေက အရမ်း အားနည်းနေတယ် ငါတို့ ဒီအချိန်မှာ ကောင်းကောင်း အနားယူသင့်တယ်လို့ ထင်တယ်... အပြင်ထွက်ပြီးရင် ဘာတွေ ကြုံရမလဲ မသိဘူး အပေါ်က လှေက ရွက်လွှင့်လာရင်တောင် ငါတို့ အပြင်ထွက်ဖို့ ခွန်အားမရှိရင် နောက်တစ်ကြိမ် ရေထပ်နစ်ပြီး ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်သွားလိမ့်မယ်"
ဖက်တီးမှာ မူလကတော့ အရမ်းစိတ်အား ထက်သန်နေခဲ့သည်။ ဝူရှဲရဲ့ အဓိပ္ပာယ်ရှိရှိ စကားတွေကို ကြားတော့ သူက စိတ်ပျက်လက်ပျက်နဲ့ ခေါင်းကိုကုတ်ပြီး
"ထပ်စောင့်ဦးမယ်? ကောင်းပြီလေ... ငါအရင် တစ်ရေးတစ်မော အိပ်လိုက်ဦးမယ်... အလုပ်စလုပ်ရင် ငါ့ကိုနှိုးလိုက်!"
ကျောမှီစရာ နေရာတစ်ခုကို ရှာတွေ့ခဲ့ရပေမယ့် ပင်လယ်ရေတွေ စိမ့်ဝင်လာရင် ဘယ်လို ရွှေ့ရမလဲ ဆိုတာကို စိတ်ထဲမှာ မရပ်မနား တွေးနေမိသည်။ အခု ရေကန် အောက်ခြေမှာရှိတဲ့ ကျောက်စာတိုင်ဘက်ကို သွားတဲ့လမ်းက ပိတ်သွားပြီ။ အလုံပိတ်မထားရင် ရေတွေ သေချာပေါက် ဝင်လာလိမ့်မယ်။ ရေဝင်တာက နှေးနိုင်ပေမယ့် ရေအမြောက်အမြားက ဒီထူးဆန်းတဲ့ နံရံအပေါက်တွေထဲကနေ အရင်ဝင်လာမှာတော့ သေချာပေ၏။ အဲဒီအပေါက်တိုလေးတွေ ဘယ်နေရာမှာ ရှိနေလဲဆိုတာ မသိတာက ခက်နေ၏။ ဒါ့အပြင် အပေါက်တွေက တခြားအခန်းများနှင့် ချိတ်ဆက်ထားသောကြောင့် အလွန်ဒုက္ခ ဖြစ်ပါလိမ့်မည်။ ဤနေရာအထိ ရေပြန်ပေါက်သွားပါက သူတို့အားလုံးကို ရေတွေ ဝိုင်းထားသလို ဖြစ်သွားနိုင်သည်။
ဒါကိုတွေးရင်း အပေါက်ရဲ့ အတိမ်အနက်ကို တစ်ချက် ကြည့်လိုက်သည်။ အပေါက်ကိုပိတ်ဆို့ဖို့ နည်းလမ်း ရှိမရှိကို မတွေးတောဘဲ မနေနိုင်တော့ချေ။ အပေါက်ရဲ့ အမြင့်နဲ့ အကျယ်ကို ခန့်မှန်းကြည့်ရရင်တော့ သင့်လျော်တဲ့ ပိတ်ဆို့နည်းကို စဉ်းစားနိုင်လောက်သည်။
သို့သော် နံရံအပေါက်ဘက်ကို အာရုံကို စူးစိုက်ကြည့်သောအခါတွင် အလွန်ထူးဆန်းသော ခံစားချက်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
တံခါးဝရဲ့ အမှောင်ထဲမှာ သူအာရုံကို ပြင်းပြင်းထန်ထန် ဆွဲဆောင်နေတဲ့ တစ်စုံတစ်ခု ရှိနေသည့်အတိုင်းပင်။ ဒီလိုစွမ်းအားမျိုးက အားကောင်းရုံသာမက တွန်းအားတစ်မျိုးလည်း ဖြစ်သည်။ ဝူရှဲ ခေါင်းကို လှည့်ချင်ပေမယ့် လည်ပင်းကို မလှုပ်နိုင်သလို မျက်လုံးတောင် မလှုပ်ရှားနိုင်တော့တာကို တွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပင် စိုးရိမ်စိတ်ကို ချက်ချင်းကြီး ခံစားလိုက်ရသည်။ ဤစိုးရိမ်မှုမျိုးသည် အလွန်အမင်း ဗိုက်ဆာကာ အစာအထုပ် တစ်ထုပ်ကို ရသော်လည်း အထုပ်ကို ဖွင့်ပြီး မကိုက်နိုင်သလိုမျိုး ဖော်ပြရခက်သည်။ ဒီစိုးရိမ်မှုတွေက မကြာခင်မှာပဲ သူ့နှလုံးသားထဲမှာ ပြင်းထန်တဲ့ တွန်းအားတစ်ခု ဖြစ်ပေါ်လာစေပြီး အဲဒီတံခါးကို ပြေးဝင်ကာ တစ်ချက်လောက် ကြည့်ကြည့်ချင်လာ၏။
သူ့ခေါင်းက အတွေးတွေဟာ သတိမထားမိဘဲ တခဏချင်း ဖြစ်ပျက်သွားသည်။ တစ်ခုခု မှားနေပြီလို့ ခံစားမိလိုက်ပေမယ့် နောက်ကျသွားပြီ။ ဝူရှဲ အရှေ့က မျက်နှာသေကို တွန်းဖယ်ပြီး ဂူထဲကို ပြေးဝင်သွား၏။ ဂူအဝင်ဝနဲ့ အရမ်းနီးကပ်နေတာကြောင့် ခြေလှမ်း အနည်းငယ် လှမ်းလိုက်တာနဲ့ အမှောင်ထဲကို ပြေးဝင်သွားပြီးပြီမို့ သူ့ကို လှမ်းဆွဲထုတ်ဖို့လည်း နောက်ကျသွားသည်။ အဲဒီတုန်းက သူဘာတွေလုပ်နေမိလဲ လုံးဝ မစဉ်းစားမိချေ။ ဂူရဲ့အနက်ရှိုင်းဆုံး နေရာကို ပြေးကြည့်ချင်နေတာပဲ သိသည်။ သူ ဓာတ်မီးတောင် မသုံးဘဲ သူ့ခြေထောက်တွေနဲ့ အမှောင်ထဲကို မရပ်မနား ပြေးဝင်သွားကာ သူ့နောက်က လိုက်နေသလား ဆိုတာကိုလည်း ဂရုမစိုက်မိချေ။
ခြေလှမ်း အနည်းငယ် ပြေးပြီးနောက်တွင် ရုတ်တရက် သူ့အနောက်မှ လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ဘယ်ဘက်ခြေထောက်ရဲ့ ဒူးဆစ်က ပြင်းထန်စွာ နာကျင်သွားသည်။ ထိုအခိုက် ခြေထောက် တစ်ခုလုံးရဲ့ ခွန်အားကို အသုံးမပြုနိုင်ဘဲ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ပြုတ်ကျသွားတာက ပြင်းထန်လွန်းတော့ နဖူးကပါ ကြမ်းပြင်ကို ရိုက်မိသွားသည်။ သူ့ခမျာ အရမ်းနာလွန်းလို့ ဦးနှောက်တွေ တုန်ပြီး နှာခေါင်းသွေးပါ ထွက်လာ၏။ ဒါပေမဲ့ ဒီလိုမျိုး ခြေလှမ်းတွေ လှမ်းပြီးတဲ့ နောက်မှာတော့ စိတ်ထဲက စိုးရိမ်မှုတွေ ရုတ်ချည်း ပျောက်ကွယ်သွားပြီး အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။
နှလုံးခုန်သံတွေ ခုန်ထွက်သွားပြီး ဖော်မပြနိုင်တဲ့ ထူးထူးဆန်းဆန်း ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ဒီဂူကြီးက အရမ်းအားပြင်းပြီး အနက်ရောင်တွေသာ အစုလိုက် အပြုံလိုက် ရှိနေတာကို မြင်လိုက်ရုံနဲ့ လူတွေကို စိတ်ပျက်သွားစေနိုင်လောက်လေ၏။
နောက်ပြန်ကြည့်လိုက်တော့ မျက်နှာသေနဲ့ ဖက်တီးက လိုက်လာနေပြီဆိုတာ မြင်လိုက်ရသည်။ ဘေးမှာ ဓါတ်မီးတစ်ချောင်း လဲနေကာ ဒါအစောက သူ့ဒူးဆစ်ကို ထိသွားတဲ့အရာ ဖြစ်နိုင်သည်။
သူတို့ နှစ်ယောက်က ဝူရှဲဆီ လျှောက်လာပြီး စကားတစ်ခွန်းမှ မပြောဘဲ ဆွဲထူလိုက်ကြသည်။ ဒါပေမဲ့ ဝူရှဲရဲ့ ဒူးတစ်ဖက်က ဒဏ်ရာရထားပြီး မတ်တပ်မရပ်နိုင်တော့ပေ။ ဒါ့အပြင် ဒီမှာ အလင်းရောင်က အလွန်း မှောင်နေပြီး မြင်ကွင်းက အလွန် ဖရိုဖရဲ ဖြစ်နေသည်။
လက်တစ်ဖက်တည်းနဲ့ ဆွဲထူရတာ သိပ်အဆင်မပြေတာကို မြင်တော့ ဖက်တီးက ဓာတ်မီးကို ဂျိုင်းကြားထဲ ညှပ်လျက် ဝူရှဲကို လက်နှစ်ဖက်ဖြင့် ဆွဲထူလိုက်သည်။ သူရဲ့ လှုပ်ရှားမှုတွေက ပြင်းထန်လွန်းတော့ ဝူရှဲမှာ သူဆွဲလိုက်တာနဲ့ တုန်လှုပ်လုနီးပါး ဖြစ်သွား၏။
ဒီအခိုက်အတန့်မှာ သူ့ဓာတ်မီးက တစ်နေရာကို ဖြတ်ပျံသွားတော့ အမှောင်ထဲမှာ ထိုင်နေတဲ့ လူတစ်ယောက်ကို မြင်လိုက်ရတာကြောင့် ဝူရှဲ မျက်လုံးတွေ တောက်ပလာသည်။
အလင်းရဲ့အရှိန်က အရမ်းမြန်လို့ ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် လူဖြစ်မယ်ဆိုတာတော့ သေချာပါ၏။ ဦးလေးသုံး အကြောင်း ချက်ချင်း စဉ်းစားမိပြီး ထအော်လိုက်သည်။
"ခဏနေဦး!! ရှေ့မှာ တစ်ယောက်ယောက်ရှိတယ်!"
ထိုစကားကို ကြားပြီးနောက်တွင် ဖက်တီးလည်း နောက်သို့ လှည့်ကြည့်လိုက်သည်။ ထိုလူကို မြင်သော်လည်း ၎င်းက မတ်တတ်ထပြီး ဂူအတွင်းသို့ အမြန် ပြေးဝင်သွားခဲ့သည်။
ဒီအချိန်မှာ သူတို့ သုံးယောက်လုံး ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ အားလုံး အံ့ဩသွားပေမယ့် ဘယ်သူဘယ်ဝါ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးချေ။ မျက်နှာသေက အမြန်ဆုံး တုံ့ပြန်လာသည်။
"မြန်မြန်လိုက်!"
အော်ပြောလိုက်ပြီးနောက် မျက်နှာသေက ပျံသန်းသွားသလို သူ့နောက်ကို ပြေးလိုက်သွားခဲ့သည်။ ဖက်တီးလည်း ကျယ်လောင်စွာ ကျိန်ဆဲပြီး လိုက်သွားရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
ဝူရှဲ မတ်တပ်ရပ်ပြီး နောက်ကလိုက်ဖို့ တွန်းအားပေးရင်း အကြိမ်ကြိမ် ကြိုးစားခဲ့ရသည်။ ဒီအချိန်မှာတော့ မျက်နှာသေက အဲဒီလူနဲ့ လုံးထွေး သတ်ပုတ်နေပြီး ဖက်တီးလည်း ရှေ့ကို ပြေးသွားခဲ့သည်။ နောက်ဆုံးမှာတော့ သူက အဲဒီလူကို မြေပြင်ပေါ် တိုက်ရိုက် တွန်းချလိုက်ပါ၏။ သို့နှင့် ဖက်တီး ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တဲ့အခါ သူ့ခမျာ အာကနဲ ဖြစ်သွားရှာသည်။
"အားနင်!"
ဝူရှဲလည်း နောက်က လိုက်ကြည့်လိုက်တော့ အံ့သြ တုန်လှုပ်သွားမိသည်။ သူမရဲ့ ဆံကေသာနှင့် ညစ်ပတ်နေသော မျက်နှာ၊ သူမရဲ့ ရေငုပ်ဝတ်စုံလည်း စုတ်ပြဲသွားတာကို မြင်ရကာ မနှစ်မြို့ဖွယ် အနံ့များ ထွက်လာခဲ့သည်။ သူမနှာခေါင်းနှင့် ပါးစပ်ထောင့်တွင် သွေးများ ထွက်နေသည်။ ဘယ်လို အဖြစ်မျိုးနဲ့ သူမ ဘာဖြစ်သွားလဲ တကယ် မသိပေမယ့် နောက်ဆုံးတော့ သူမအဖြစ်ကလည်း သူတို့သုံးယောက်လုံးထက် ပိုကောင်းနေတာတော့ မဟုတ်ချေ။ အထူးသဖြင့် သူတို့ထဲမှာ ဒဏ်ရာတွေဖုံးပြီး သနားစရာကောင်းတဲ့ လူက ဖက်တီးပင်။
ဖက်တီးမှာ ထိုမိန်းကလေးကို မြင်တာနဲ့ ဒေါသတကြီးဖြင့် ခါးထောက်ကာ ကြိမ်းမောင်း ပြောဆိုသော်လည်း အနည်းငယ် ကျိန်ဆဲပြီးနောက် မျက်နှာသေက ရုတ်တရက် သူ့ကို ရပ်တန့်ခိုင်းလိုက်သည်။
"ခဏနေဦး... သူမ သိပ်မူမမှန်ဘူး!"