ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ချင်လင်နတ်သစ်ပင်
Chapter (5)
ခိုးနားထောင်ခြင်း
သူဌေးလီ ပြောတာကို ကြားတော့ လူအုပ်စုက ခဏတာ ငြိမ်သက်သွားခဲ့သည်။
"အရင်က ဒီလိုမျိုး တခြားသူတွေကို မပြောပြတတ်ပေမယ့် မင်းတို့က ငါ့နောက်ကို လိုက်နေတာကြာပြီ... မင်းတို့ကို ငါ့ရဲ့ လူတွေလို့ မှတ်ယူတယ်... မင်းတို့ သိချင်တယ်ဆိုမှတော့ ငါပြောမယ်"
လူငယ်က ချက်ချင်း စိတ်လှုပ်ရှားစွာနဲ့ ထပြောလာ၏။
"ဒါ အရမ်းကောင်းတယ်... ရိုးရိုးသားသား ပြောရရင် ခင်ဗျား မပြောရင် ကျွန်တော်တို့ဘာသာ တစ်ချိန်လုံး ခန့်မှန်းနေရမှာ...ခင်ဗျားမှာ ထူးခြားတဲ့ အရည်အချင်းတွေ ရှိနေရမယ် တစ်ချက်ကြည့်လိုက်ရုံနဲ့ ရှေးဟောင်း ဂူသင်္ချိုင်းရဲ့ တည်နေရာကို ရှာတွေ့နိုင်တယ်လေ"
သူဌေးလီက ခဏရပ်သွားကာ ဒီအကြောင်းကို ပြောဖို့ တွန့်ဆုတ်နေပုံရသည်။ သူက
"ဒီလိုနတ်ဘုရား ဆန်တဲ့ အရာမျိုး ရှိတယ်ဆိုတာ လျှို့ဝှက်ချက်ရယ်လို့လည်း မဟုတ်ပါဘူး ဒီကိစ္စက ငါ့ဘိုးဘေးတွေနဲ့ သက်ဆိုင်နေတာ... ငါတို့မိသားစုမျိုးဆက်မှာ ဒီလိုကိစ္စမျိုး ရှိခဲ့တယ် ငါပြောပြမယ် နားထောင်...."
သူဌေးလီက ပြောတဲ့အတိုင်း အလွန်စိတ်ဝင်စားစရာ ကောင်းသော ပုံပြင်တစ်ပုဒ်ကို ပြောပြလာသည်။
မြောက်ပိုင်း ဝေမင်းဆက် လက်ထက်မှာ စစ်ပွဲတွေကြောင့် ပြည်သူတွေ ကမောက်ကမ ဖြစ်ခဲ့ရသည်။ တစ်ရက်အတွင်းပင် မရေမတွက်နိုင်အောင် တိုက်ပွဲတွေ ဖြစ်ခဲ့ကာ အရွယ်ရောက်ပြီးသူတိုင်း အားလုံး သေကုန်ကြသည်။ အဲဒီတုန်းက သူ့ရဲ့ဘိုးဘေးဟာ အသက်၆နှစ်အောက်ပဲ ရှိသေးပေမယ့် မိသားစုဝင်ငွေကို ထိန်းသိမ်းဖို့ နွားတွေဆွဲပြီး နွားကျောင်း ထွက်ခဲ့ရသည်။
ထိုနှစ်တွင် သူတို့ရွာအနီးတွင် အဓိကရုဏ်းများ ဖြစ်ပွားရာ အရာရှိများနှင့် စစ်သည်များက လာရောက် နှိမ်နှင်းသဖြင့် ရွာရှိလူအားလုံး ထွက်ပြေးသွားကြပြီး သူတို့မိသားစုမှာ ထွက်ခွာရန် အချိန်မရှိသဖြင့် အိမ်အတွင်းတွင် ပိတ်ဆို့ သတ်ဖြတ်ခံခဲ့ရသည်။ သုံးရက်မြောက်သော နေ့တိုင်အောင် မငြိမ်သက်ခဲ့ချေ။
သူ့ဘိုးဘေးက ထိတ်လန့်တကြား ခိုးကြောင်ခိုးဝှက် ခုန်ထွက်လာပြီး ကြည့်လိုက်တော့ မြေပြင်မှာ လူသေအလောင်းတွေ ပြည့်နေပြီး အသက်ရှင်ကျန်နေသေးတဲ့ လူတွေ မရှိတော့ပေ။ သူ့ဘိုးဘေးမှာ ထိတ်လန့်သွားပြီး သူ့နွားကို အမြန် ပြေးရှာလေသည်။ ရလဒ်ကတော့ နွားက ပျောက်နေပြီဖြစ်ပြီး ကောက်ရိုးပုံထဲတွင် ဒဏ်ရာရသော စစ်သည်တစ်ဦး လဲလျောင်းနေတာကိုသာ တွေ့လိုက်ရ၏။
စစ်သားက အသံတိတ်ပြီး စကားမပြောနိုင်လောက်အောင် ဒဏ်ရာအပြင်းအထန် ရနေပြီ။ သူ့ဘိုးဘေးဟာ အဲဒီတုန်းက အရမ်းငယ်သေးတာကြောင့် ထိုလူက အရာရှိလား သူပုန်လား မပြောတတ်ပေ။ သူဘယ်လောက် သနားဖို့ကောင်းလဲ ဆိုတာ မြင်လိုက်ရတော့ သွေးတိတ်အောင် အဝတ်စတွေပေးကာ ရေသောက်ဖို့လည်း ရေခပ်ပေးလိုက်သည်။ ဒါပေမယ့် စကားမပြောနိုင်တဲ့လူရဲ့ ဒဏ်ရာက ပြင်းထန်လွန်းပြီး အကြာကြီး မထိန်းနိုင်ခဲ့ချေ။
သူက သေခါနီးတွင် စာသားအပြည့်ဖြင့် ပိတ်ချောတစ်လိပ်ကို ထုတ်၍ ဘိုးဘေးအား ပေးခဲ့သည်။ ထို့နောက် လက်ဟန်ခြေဟန်ဖြင့် ကောင်းကောင်း ထိန်းသိမ်းဖို့လည်း မှာခဲ့လေ၏။
ကံမကောင်းစွာနဲ့ပဲ သူ့ဘိုးဘေးတို့ မိသားစုက စာမတတ်လို့ ဘာရေးထားမှန်းကို မသိခဲ့ကြချေ။ အဲဒီနှစ်နှောင်းပိုင်းမှာတော့ အအေးမိပြီး လူတော်တော်များများ အေးခဲသေဆုံးသွားတဲ့အတွက် မိသားစုက ဒီအထည်ကို ချည်သားအ၀တ်အထည် အဖြစ် တိုက်ရိုက် အသုံးပြုခဲ့ကြသည်။
အရွယ်ရောက်သော အခါတွင် ဘိုးဘေးဘီဘင်များသည် စစ်သည်များအဖြစ် အမှုထမ်းခဲ့ကြရာ တောင်ပိုင်းနှင့် မြောက်ပိုင်း မင်းဆက်များ၏ တိုက်ပွဲများထဲတွင် ကောင်းကျိုးများစွာ ပြုလုပ်ခဲ့ကြပြီး နောက်ပိုင်းတွင် တပ်မှူးများအဖြစ် တင်စားခေါ်ဝေါ်ခဲ့ကြသည်။ သို့သော် ခေတ်ကာလ ရွေ့လျားလာမှုကြောင့် မင်းဆက် အပြောင်းအလဲကလည်း လျင်မြန်လွန်းလှသည်။ ဘိုးဘေးများ လက်ထက် နောက်ပိုင်းတွင် မိသားစု၏ စွမ်းအားသည် တဖြည်းဖြည်း ကျဆင်းလာကာ နောက်ဆုံးတွင် သူသေဆုံးသွားသောအခါတွင် သူနှင့်အတူ သင်္ဂြိုဟ်ရန် တစ်ခုတည်းသော အရာမှာ ချည်သားဖုံးအင်္ကျီသာ ဖြစ်ခဲ့သည်။
အဲဒီနောက်မှာတော့ သူတို့မိသားစုဟာ အတက်အကျများစွာနဲ့ ဖြတ်သန်းခဲ့ရပြီး ချင်မင်းဆက် နှောင်းပိုင်းမှာတော့ သူတို့ဟာ မြေရှင်ကြီးတွေ ဖြစ်လာခဲ့သည်။ သူတို့ဘိုးဘွားတွေရဲ့ သင်္ချိုင်းဂူကို ရွှေ့လိုက်တဲ့အခါ သက်ကြီးရွယ်အိုတချို့က ခေါင်းတလားကို မတော်တဆ စောင်းမိလိုက်ကြရာ အတွင်းထဲက အရိုးတွေက စောင်းပြီး ပြုတ်ကျသွားခဲ့သည်။ ထိုအခိုက် အရိုးတွေကို သန့်ရှင်းရေးလုပ်ရင်း သူ့အဖိုးက အတွင်းက အရာအားလုံး ပုပ်ပွနေတာကို တွေ့ရှိခဲ့ပေမယ့် သူနဲ့အတူ မြှုပ်ထားတဲ့ ချည်သား အ၀တ်အထည်ထဲက အထည်တစ်စကတော့ မပျက်စီးသေးတာကို တွေ့ခဲ့ရ၏။
သူ့အဖိုးက ဒီအဝတ်လေး တစ်ထည်ကို သူ့မိသားစုရဲ့ ရှေးဟောင်း ပစ္စည်းတစ်ခုမှန်း သိတာကြောင့် မိသားစုထဲက ရှေးဟောင်းပစ္စည်း ရောင်းသူအား ပေးကြည့်လိုက်သည်။ ကြည့်လိုက်တော့ အထည်တစ်ထည်က တော်တော် နာမည်ကြီးတာကို တွေ့လိုက်ရကာ အဲဒီ့စကားလုံးတွေက မသန်စွမ်းစာလို့ ခေါ်ပြီး ဆွံ့အသူသာ ဖတ်နိုင်ကာ အဆိုပါ စကားလုံးများကို နားလည်ကြောင်း ပြောပြခဲ့၏။
သူဌေးလီက ဒီလိုပြောပြီးတဲ့အခါ သူက တစ်ဖက်လူတွေဘက်ကို လှည့်လိုက်ပြီး။
"ဒီအဝတ်တစ်ထည်ကို ဘာအတွက် သုံးတာလဲ သိလား?"
လူတိုင်းသည် တစ်ခဏမျှ တိတ်ဆိတ်သွားကာ တစ်ခါမှ မကြားခဲ့ရသော အသံတစ်ခုက ဆိုလာခဲ့သည်။
"ဒီအကြောင်းကို ငါနည်းနည်းတော့ ကြားဖူးတယ်.... အဲဒီတုန်းက မြောက်ပိုင်း ဝေမင်းဆက်မှာ စစ်တပ်တစ်ခု ရှိတယ် အားလုံးက ဆွံ့အသူတွေချည်းပဲ... သူတို့က လျှို့ဝှက်အချက်အလက်တွေ ပေးဆောင်ရမယ့် တာဝန်တွေကို ယူထားကြတာ... အဲဒီမှာပါတဲ့ စကားလုံးတွေက 'မသန်စွမ်းသူ စာသား' မလို့ပါ သာမန်လူတွေ နားမလည်နိုင်ကြဘူး.... ဦးလေးပြောတာ အဲဒါဖြစ်မယ် ကျွန်တော်လည်း အဘိုးဆီက ကြားဖူးတာ"
သူဌေးလီက ခေါင်းညိတ်ပြီး
"ဆရာကြီးတွေကတော့ ဆရာကြီးပါပဲ အဲဒီစစ်တပ်က ဘာအတွက်လဲ ဆိုတာရော သိလား"
ထိုဆရာကြီးက ပြုံးပြီး ပြောလေ၏။
"အဲဒါတော့ ကျုပ်လည်း ကောင်းကောင်းမသိဘူး... ဒါပေမယ့် အဲဒီမြောက်ပိုင်း ဝေတပ်က ချောင်ချောင်းရဲ့ နောက်လိုက် စစ်ဗိုလ်မှူး မော်ကျင်းရဲ့ တပ်လို့လည်း ကြားဖူးတယ်... ရှင်းရှင်းပြောရရင် သူက ဧကရာဇ်မင်းရဲ့ သက်တော်စောင့်ဆိုပေမယ့် တိတ်တိတ်လေးပဲ ဂူဖောက်တဲ့ လုပ်ငန်းကို လုပ်တယ်... သူတို့က ဆွံ့အပြီး သူတို့ပဲသိတဲ့ ဆွံ့အတဲ့ စကားလုံးတွေကို သုံးတဲ့အတွက်ကြောင့် သူတို့ဖျက်ဆီးခဲ့တဲ့ ရှေးဟောင်း ဂူသင်္ချိုင်းတွေကို သူတို့နဲ့ ဧကရာဇ်တွေပဲ သိကြပြီး သူတို့ရဲ့ တည်နေရာတွေက အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်တတ်တယ်"
ဒါကိုပြောပြီးတာနဲ့ ဆရာကြီးက ခေတ္တရပ်ပြီး တစ်ခုခုကို တွေးနေပုံပေါ်ကာ ခဏကြာမှ ဆက်ပြောလာခဲ့သည်။
"သူဌေးလီ ခင်ဗျားပြောခဲ့တဲ့ ပိတ်စက တကယ်တော့ "မြစ်ချောင်းတောင်တန်းမှတ်တမ်း" များ ဖြစ်နေမလား"
သူဌေးလီက ရယ်မောကာ ဂုဏ်ယူစွာနဲ့ ခေါင်းညိတ်လိုက်သည်။
"အံ့သြစရာ ကောင်းတယ်ဟေ့! ဆရာကြီး မင်းဒီမှာ လိုချင်ရင်တောင် ရောင်းလို့မရဘူး... ဟုတ်တယ် အဲဒါပဲ"
ဆရာကြီးလည်း အသက်ရှု ကြပ်သွားပြီး
"တကယ် အံ့သြစရာကောင်းတယ်.... ကျုပ်တို့မှာ ကံကြမ္မာ အမျိုးမျိုး ရှိကြတယ်.... အဲဒီအရာက လီမိသားစုရဲ့ ချမ်းသာသုခ ဖြစ်မယ်"
လူငယ်က နားမလည်သဖြင့် ဆရာကြီးဘက်ကို လှည့်မေးလိုက်သည်။
"မြစ်ချောင်းတောင်တန်း မှတ်တမ်း ဆိုတာ ဘာလဲ? အဲဒါပ ရှေးဟောင်းသင်္ချိုင်းနဲ့ ဘာဆိုင်လို့လဲ?"
ထိုအခါ ဆရာကြီးက
“ရှေးဟောင်းသင်္ချိုင်းကို ဆွံ့အစစ်တပ်က ရှာတွေ့ပြီးတဲ့နောက်မှာ တူးဖော်ဖို့ စိတ်အားထက်သန်မှု မရှိပေမယ့် မှတ်တမ်းတော့ တင်ထားခဲ့ကြတယ်... မြင်းတွေနဲ့ နင်းတယ်၊ သံစိမ်ရည်နဲ့ ဖြည့်ပြီးတော့ မှတ်တမ်းကို အခြေခံပြီး ပြန်ယူခဲ့တာလို့ ပြောကြတယ်။ အဲဒီမှတ်တမ်းက ရှေးခေတ်အုတ်ဂူတွေရဲ့ တည်နေရာကို မှတ်တမ်းတင်ထားတာမလို့ "မြစ်ချောင်းတောင်တန်းမှတ်တမ်း" လို့ခေါ်တယ"
လူငယ်က အံ့အားသင့်စွာနဲ့ ပြောလာခဲ့သည်။
"ကျွန်တော် စဥ်းစားကြည့်မယ် အဲဒါကြောင့် ကျွန်တော်တို့ နောက်ဆုံးအကြိမ် အနည်းငယ် ဖြိုချသွားခဲ့တဲ့ ဂူသင်္ချိုင်းတွေက အဲဒီပေါ်က ရထားတဲ့ သတင်းတွေချည်းပဲပေါ့... သူဌေးလီ ခင်ဗျားက လက်တွေ့ဆန်လွန်းတယ်ဗျာ ခင်ဗျားမှာ ရတနာတစ်ပါး ရှိနေတာကို ကျွန်တော်တို့နဲ့ ပိုမျှဝေသင့်တယ်"
သူဌေးလီက ပြုံးလျက် ဝင်ပြောလိုက်သည်။
"အဲဒါ လုံးဝ မမှန်ပါဘူး... ဘိုးဘေးဘီဘင်တွေဆီက ပစ္စည်းတွေကို လုံးဝ အသုံးမချနိုင်သလိုမျိုးတော့ မဟုတ်ဘူး... ငါ့ဘိုးဘေးရဲ့ ခေါင်းတလားထဲက အဝတ်ဖြူတစ်ထည်က ရှေးဟောင်း သင်္ချိုင်းနှစ်ဆယ့်လေးခုရဲ့ တည်နေရာတွေကို မှတ်တမ်းတင်ထားတယ်... အဲဒီနေရာတွေထဲက အခုသွားမယ့် နေရာက နောက်ဆုံးတစ်ခု ဖြစ်နေပြီ။ ဒါပေမယ့် ဒီတစ်ခုကတော့ ရှေးဟောင်း ဂူသင်္ချိုင်းတွေထဲမှာ အကောင်းဆုံး ဖြစ်နိုင်တယ်"
လူငယ်က “အဲဒီအထဲမှာ ဘာပစ္စည်းတွေ ပါလဲ?” လို့ မေးလိုက်သည်။
သူဌေးလီမှ မျက်မှောင်ကြုတ်သွားကာ
"အသေးစိတ် မှတ်တမ်းတော့ မရှိပေမယ့် အဝတ်ဖြူပေါ်မှာ ရေးထားသလောက် ဆိုရင်တော့ ဂူသင်္ချိုင်းတွေထဲက ရတနာပဲ... သာမန်လူတွေ လုံးဝ သတင်းမရနိုင်တဲ့ နေရာလို့ ပြောထားတယ် အကောင်းဆုံးထဲက အကောင်းဆုံးပဲ... ချင်ရှစ်ဟွမ်ထက် သုံးမှတ် ပိုကောင်းနိုင်တယ်။ လုံးဝ မမှားနိုင်ဘူး မင်းတို့ငါ့ကို ယုံလိုက်စမ်းပါ..."
ဝူရှဲနဲ့ လောင်းယန်တို့ ဒီကိုလာတုန်းက သူတို့မှာ ပန်းတိုင်တစ်ခု ရှိတယ်ဆိုတာ သိထားပြီးသားပင်။ ဒါပေမယ့် ဒီလူတွေမှာ ဒီလိုမျိုး နောက်ခံကြီးကြီးမားမား ရှိနေမယ်လို့ မမျှော်လင့်ထားပါဘူး။ လောင်းယန်က ဝူရှဲကို မေးလာခဲ့သည်။
"မင်း မင်းပြောကြည့်... အဲဒီလီမျိုးရိုး ပြောတာ တကယ်လို့ ထင်လား? ချင်ရှီဟွမ်ရဲ့ ဂူဗိမာန်ထက် ပိုကောင်းတဲ့ ဂူဗိမာန်ဆိုတာ ကမ္ဘာပေါ်မှာ ရှိသေးလို့လား?"
ဝူရှဲလည်း ခေါင်းယမ်းပြီး ပြန်ပြောလိုက်သည်။
"သေချာ မပြောနိုင်ဘူး... ဒါပေမယ့် သူပြောတာကို စိတ်ချလက်ချ ပြောနေတာကို ကြည့်ကြည့်လိုက်... တစ်သောင်းမဟုတ်ရင် ငါးထောင်ကတော့ သေချာတယ်... မနက်ဖြန် တောင်ကို ဖြတ်သွားတော့မှာ သေချာတယ် ငါတို့နောက်က လိုက်ကြမယ်"
"ဒါဆို ငါ... ငါတို့ အဆုံးထိ သူတို့နောက်ကို လိုက်ကြရအောင်... ဒီတစ်ခါ သူတို့ရဲ့ ပန်းတိုင်က တော်တော်ကြီးရမယ်။ စားကြွင်းစားကျန်တွေကို လိုက်ကောက်ရင်တောင် ငါတို့ တစ်ဝက်ပြည့်နိုင်သေးတယ်?”
လောင်းယန်က စိတ်လှုပ်ရှားနေတာကြောင့် ပြင်းပြင်းထန်ထန် စကားထစ်ပြီး အနည်းငယ် ကျယ်လောင်စွာ ပြောလိုက်မိသည်။ အသံက ဆိုးဆိုးရွားရွား ထွက်လာတဲ့အတွက် ဝူရှဲလည်း စိတ်တွေမလှုပ်ရှားဖို့ သူ့ပါးစပ်ကို အမြန်ပိတ်လိုက်ပြီး တုံ့ပြန်သံကို နားထောင်ဖို့ နားကို တင်းတင်း စွင့်ထားလိုက်သည်။ တစ်ဖက်မှာတော့ အရမ်းနောက်ကျသွားပြီ။ ထိုနေရာ၌ ရုတ်တရက် တိတ်ဆိတ်သွားပြီး အနီးနားက ထူးဆန်းသော အရာတစ်ခုကို သတိပြုမိသွားကြသည်။
ဝူရှဲနဲ့ လောင်းယန်တို့ အသက်ရှုကြပ်သွားပြီး အသံမထွက်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ သူတို့ရဲ့ နှလုံးသားတွေက ဒရမ်တီးနေလို ခုန်ပေါက်နေပြီး သူတို့ပတ်ဝန်းကျင်က အသံတွေကို နားထောင်ဖို့ ကြိုးစားနေသည်။ နှစ်ဖက်စလုံး မိနစ်အတော်ကြာ ငြိမ်သက်နေကြပြီး သူဌေးလီက သည်းမခံနိုင်တော့ဘဲ ပြောလာတဲ့ အသံကို ကြားလိုက်ရသည်။
“အာ့မာကျစ် (လူငယ်) မင်းရဲ့နောက်မှာ တစ်ခုခု လှုပ်ရှားနေပုံရတယ်... သွားကြည့်စမ်း!"
ဒီစကားကို ကြားပြီးတော့ ပစ္စတိုသေနတ် တစ်လက်ရဲ့ ပြတ်သားတဲ့ အသံနှစ်ခုကို ကြားလိုက်ရရာ ဝူရှဲ ရုတ်တရက် ချွေးအေးတွေ ထွက်ကျလာတော့သည်။ သူတို့ကိုကြည့်ရတာ တကယ့်လူဆိုးဂိုဏ်းကလိုဖြစ်နေရာ အခုအချိန်မှာ လောင်းယန်လည်း သတ်ဖြတ်ခြင်းကို ခံရနိုင်ဖွယ်ရှိလေသည်။
ဝူရှဲ သူ့ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့ အခုထွက်ပြေးရင် လွတ်မြောက်ဖို့ 80% သေချာနေပြီ။ ဒါပေမယ့် နောက်ကျရင် သူတို့နောက်ကို ခြေရာခံလိုက်ဖို့ ခက်သွားလိမ့်မယ်။ အခုမပြေးရင်လည်း သူတို့နှာခေါင်းအောက်မှာ ပုန်းနေနိုင်မယ် ဆိုတာ မသေချာချေ။
ဝူရှဲတို့ တုံ့ဆိုင်းနေချိန် အဝေးက ရုတ်တရက် ဆူဆူညံညံ အသံတစ်ခုကို ကြားလိုက်ရ၏။ အသံထွက်လာတဲ့ နေရာကို လှမ်းကြည့်လိုက်တော့ ဓာတ်မီး လေးငါးလုံးလောက် တန်းစီနေတာကို တွေ့လိုက်ရသည်။ တောင်ပေါ် ကင်းလှည့်အဖွဲ့ ရောက်လာတာပဲ။ အဲဒီအချိန်မှာ ဦးလေးထိုက်ရဲ့ ခပ်တိုးတိုး ပြောသံကို ကြားလိုက်ရသည်။
"သောက်ကျိုးနည်း! ငါတို့သွားစို့!"
ပြောပြီးတာနဲ့ လူတော်တော်များများက မီးကို အမြန် ငြိမ်းသတ်ပြီး ပစ္စည်းတွေ ကောက်ယူကာ တောနက်ထဲ ပြေးဝင်သွားကြပါတော့သည်။
လောင်းယန်မှာ အခုနတုန်းကတော့ သေမှာကို ကြောက်နေပေမယ့် အခု ထွက်ပြေးသွားတဲ့ လူတွေကို မြင်တော့ စိတ်တွေက တအားစိုးရိမ်လာပြီး
"ဘယ် ဘယ်လိုလုပ်မလဲ? လိုက် လိုက် လိုက်မှာလား?"
ဝူရှဲ တစ်ဖက်ကို သေသေချာချာ ကြည့်လိုက်သည်။ သူတို့မှာ ဓာတ်မီးတွေ မရှိကြတာကို တွေ့လိုက်သည်။ တောအုပ်ကြီးက မည်းမှောင်နေပြီး လိုက်သွားရင်တောင် ဘယ်သူ့ကိုမှ မမြင်နိုင်လောက်တာကြောင့် လောင်းယန်ကို လှည့်ပြောလိုက်သည်။
"မဖြစ်ဘူး.... ဒီလောက်မည်းနေတဲ့ တောအုပ်ကို ကြည့်လိုက်... ငါတို့ဒီလိုမျိုး လိုက်သွားရင် သူတို့ဆီက ဖမ်းမိသွားနိုင်တယ်... သွားမယ်... အရင်ဆုံး အနားယူရအောင် မနက်ဖြန် သူတို့ရဲ့ ခြေရာအတိုင်း လိုက်ရှာကြတာပေါ့... သူတို့ ဝေးဝေးကို မပြေးသွားဘဲ တစ်နေရာရာမှာ ရပ်ပြီး အနားယူနေမယ်လို့ ငါယုံတယ်!"
လောင်းယန်မှာ အရမ်း လောနေပေမယ့် အစွမ်းကုန် ကြိုးစား၍ စိတ်လျှော့လိုက်သည်။ အခုအချိန်မှာတော့ တောင်ပေါ်ကင်းလှည့် အဖွဲ့ထဲက လူတွေက သူတို့နဲ့ အရမ်းနီးကပ်နေပြီလေ။ သူတို့မထွက်သွားရင် ဖမ်းမိသွားလိမ့်မယ်။ သို့နှင့် အပေါ်သို့တက်၍ တောနက်ထဲသို့ ကမန်းကတန်းသွားကာ တခြားဦးတည်ရာသို့ လှည့်ထွက်လာခဲ့သည်။
မနက်ဖြန် ပြန်လာတဲ့အခါ နေရာကို ရှာမတွေ့မှာကို ကြောက်တဲ့အတွက် အဝေးကြီးကို မသွားရဲကြချေ။ သူတို့နှစ်ဦးသည် ခြုံပုတ်တစ်ခု၏ နောက်ကွယ်တွင် ပုန်းလျှိုးကွယ်လျှိုးနေကာ အဝေးမှ ဓာတ်မီးအရောင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို ကြည့်ပြီးမှ စိတ်အေးလက်အေး ဖြစ်သွားတော့သည်။
တစ်ချက်တွေးပြီး ဝူရှဲ လောင်းယန်ကို ပြောလိုက်သည်။
“ဒီလမ်းမှာ ဒေသခံတွေက ဂူသင်္ချိုင်း လုယက်မှုတွေ အပြင်းထန်ဆုံး အချိန်လို့ ပြောကြတယ်... ညဘက် ကင်းလှည့်တဲ့သူတွေလည်း အများကြီးရှိနေမှာကို ကြောက်ရတယ်...ငါတို့လည်း ကောင်းကောင်းကြီး အိပ်ပျော်မသွားဖို့ လိုတယ်.. တစ်ည တည်းခိုဖို့ နေရာရှာပြီး မနက်ဖြန် မြန်မြန်ထွက်သွားရမယ်... မဟုတ်ဘဲ အပြင်က နှစ်ယောက်ကို ဒီမှာ ဖမ်းမိသွားရင်တော့ ရှင်းပြစရာ မလိုတော့ဘူး"
လောင်းယန်းကလည်း ခေါင်းညိတ် သဘောတူလိုက်သည်။ ဝူရှဲ သူ့ကို လှုပ်ခါကြည့်လိုက်တော့ ၎င်းက အိပ်ပျော်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေပြီ။ ဝူရှဲလည်း သက်ပြင်းချကာ အင်္ကျီကို ခြုံထားလိုက်သည်။ ကြည့်ရတာ ညလယ်ကျရင်တော့ လောင်းယန်ကို ထကြည့်ရဦးမယ့်ပုံပဲ။ ဒါပေမဲ့ သူ သစ်ပင်ကိုမှီပြီး မျက်လုံးလေး မှေးလိုက်တာနဲ့ မသိစိတ်ထဲကနေ အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့ ရောက်တော့ မနက်စောစော အိပ်ယာက နိုးလာခဲ့သည်။ သစ်ပင်အောက်မှာ အိပ်ပျော်နေတဲ့ အတွက် ငှက်ကလေးတွေက နံစော်နေတဲ့ ချေးတွေ ပါချလာရာ အော့အန်ချင်စိတ် ပေါက်လာတော့သည်။ လောင်းယန်ကတော့ ဒါကို ဂရုမစိုက်ဘဲ မနေ့ညက လူတွေကို ရှာဖို့ဆိုပြီး ထွက်သွားရာ ဝူရှဲလည်း မြန်မြန်သွား မြန်မြန် ပြန်လာဖို့ လှမ်းအော်လိုက်၏။ သူကတော့ ခေါင်းပေါ်က ငှက်ကလေးတွေရဲ့ အနံ့အသက်ကို မခံမရပ်နိုင် ဖြစ်နေတာကြောင့် ရေဆေးဖို့ ရေပုလင်း တဝက်လောက် စတေးခဲ့ရသည်။
ထို့နောက် လောင်းယန် နောက်ကို လိုက်သွားပြီး ထိုလူတွေ မနေ့က တည်းခိုသွားတဲ့ နေရာကို ပြန်ပြေးလာကြည့်လိုက်သည်။ မြေပြင်မှာ သဲလွန်စတွေ ကျန်နေပါစေလို့ စိတ်ထဲမှာ ဆုတောင်းနေပေမယ့် အကြိမ်ကြိမ် ချာချာလည်လိုက်ပြီးနောက် မနေ့က မီးပုံ အကြွင်းအကျန်တွေကိုတောင် ရှာမတွေ့တော့ချေ။ သို့နှင့် လောင်းယန်လည်း သူ့ကို မကျေမနပ် ဖြစ်လညပြီး
"အဲ အဲဒါကြောင့် မင်းကို မနေ့ညက လိုက်သွားမယ်လို့ ပြောတာ... မင်း မင်းကြည့်ဦး... အခုတော့ ကောင်းရော ဘဲသားဟင်း ချက်စားချင်ပေမယ့် ဘဲ ဘဲတွေက အကုန်ပျံသွားပြီ"
ဝူရှဲ ဒေါသတကြီး ဖြစ်သွားသည်။
"သောက်ကျိုးနည်း... ဘယ်လိုလုပ် ဒီလောက် ထင်မြင်ချက်တွေ များနေတာလဲ? ကြည့်! ဒီမှာ တောင်တက်လမ်းက တစ်လမ်းပဲ ရှိတယ်... သူတို့ ဘယ်ပဲသွားသွား ငါတို့ ရှေ့ကိုဆက်သွားနေရင် တွေ့ရမှာပဲ မဟုတ်ဘူးလား? ငါသူတို့ကို ရှာမတွေ့ဘူးလို့ မယုံဘူး!"
သူတို့နှစ်ယောက် တောင်တက်လမ်းအတိုင်း အလျင်အမြန် လျှောက်လာခဲ့ကြသည်။ တစ်မနက်လုံး လမ်းလျှောက်ပြီးတဲ့နောက် လမ်းဆုံးသွားကာ သူတို့ရဲ့ ခြေရာလက်ရာကိုတော့ မတွေ့ရသေးချေ။ ရှေ့ကို ဆက်သွားတော့ ကောင်းကင်အထိ မြင့်တဲ့ သစ်ပင်တွေနဲ့ ချုံပုတ်တွေလို ထူထပ်တဲ့ တောအုပ်ကြီးတွေပဲ တွေ့ရကာ လမ်းမရှိတော့ပေ။
လမ်းဆိုင်းဘုတ်တွေကို မြင်တော့ နည်းနည်း ကြောက်သွားသည်။ ဒါဆိုလို့ရှိရင် တောင်ပေါ်လှည့်ကင်း အဖွဲ့တောင်မှ ဒီလမ်းရဲ့ နောက်ကို လိုက်မသွားနိုင်ဘူး ဆိုတာ ပြသနေပြီ။ တကယ်ပဲ တောနက်နက်ဖြစ်တဲ့ မြွေခေါင်းတောင်ထဲကို ရောက်နေတာပဲ။ ဒီနေရာက တောင်တက်လမ်းလို့ သတ်မှတ်လို့ ရနိုင်ပါ့မလားတော့ မသိဘူး။
တစ်လမ်းလုံး မီးတောက်မီးစတွေကို ထပ်မမြင်ရတော့ပေ။ ဝူရှဲ နှလုံးသားက ဒိန်းကနဲ ခုန်သွားသည်။ ဒီလူတွေ မနေ့ညက တောင်ကော်ကင်းလှည့် အဖွဲ့ကို ကြောက်လန့်ပြီး အနားမယူတော့ဘဲ ညဘက်မှာပါ လမ်းအတိုင်း တည့်တည့် တက်သွားခဲ့ကြတာ ဖြစ်နိုင်သည်။ အဲဒီလိုသာဆိုရင် သူတို့ကို အမီလိုက်ဖို့ အခွင့်အရေးက သုညနီးပါးပဲ ရှိတော့သည်။
ဝူရှဲ တောင်တက်လမ်းရဲ့ အဆုံးမှာ ရပ်လိုက်ပြီး ခဏတုံ့ဆိုင်းနေပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ လူ့စွမ်းအားက အကန့်အသတ် ရှိတယ်။ ဒီလူတွေက တစ်ညလုံး ခရီးသွားရင်တောင် နေ့ဘက်ဆို အနားယူရမှာပဲ။ နေ့ခင်းဘက်ထက် ညဘက် ခရီးက ပိုနှေးတယ်လေ။ အဲဒီလူတွေ သေချာပေါက် သူတို့ရှေ့မှာပဲ ရှိနေဦးမှာ။ သူတို့နောက်က လိုက်ဖို့ မျှော်လင့်ချက် ရှိသေးပေမယ့် လမ်းလျှောက်တဲ့ အခါကျရင်တော့ သတိထားရမယ်။
ကျောပိုးအိတ်ထဲက ဓားမြှောင်တွေကို ထုတ်ယူပြီး ခါးမှာ ချိတ်ဆွဲကာ လမ်းလျှောက်တုတ်အဖြစ် အသုံးပြုဖို့ သစ်ကိုင်းကြီးကိုလည်း ဖြတ်လိုက်ကြသည်။ ချင်လင်တောင်မှာ တောရိုင်းတိရိစ္ဆာန်တွေ အများကြီး ရှိကာ အကောင်ကြီးတွေ ဆိုရင်တော့ ကျားနဲ့ ဝက်ဝံတွေ ရှိနိုင်သည်။ အကောင်သေးသေးလေးတွေ အတွက်ကတော့ ဝံပုလွေနဲ့ တောဝက်တွေပင်။
လောင်းယန်က ဝူရှဲအား ခန့်မှန်းတာ မှားသွားပြီး သူတို့ကို လိုက်မမီရင် ဘယ်လိုလုပ်မလဲလို့ မေးလိုက်သည်။ ဝူရှဲလည်း တစ်ချက် တွေးလိုက်သည်။ ဒီကို မရောက်ခင် စစ်ဆေးထားတဲ့ အချက်အလက်တွေအရ ဒီတောင်ပေါ်မှာ ပျိုးပင်တွေ စုဆောင်းသူတွေ ဆောက်ထားတဲ့ ယာယီတဲတွေ အများကြီး ရှိကာ ဟင်းချက်ဖို့ အိုးခွက်၊ထင်းနဲ့ အသားခြောက်တွေ ရှာတွေ့နိုင်ရင် ဒီည ကောင်းကောင်း အနားယူပြီး နောက်ဆက် အစီအစဉ်တွေ ထပ်ချလို့ရသည်။
ထိုအခါ လောင်းယန်က
"မင်း သေချာရဲ့လား? ငါတို့ အခုပြန်လှည့်ချင်ရင် ငါတို့မှာ အခွင့်အရေး ရှိသေးတယ်နော်... ဒီ့ထက်ပိုပြီး ဝင် ဝင်သွားမလို့လား? မင်း မင်း.. လှည့်ကြည့်လိုက်ဦး တစ္ဆေရဲ့ အရိပ်တောင် မရှိဘူး.... တောထဲကို ဝင်ပြီးမှ ပြန်လှည့်ချင်ရင်တော့ နောက်ကျသွားလိမ့်မယ်... ရှုကို သွားတဲ့လမ်းက ခက်တယ် ကောင်းကင်ကိုရောက်ဖို့လည်း ခက်တယ်.... ရှေးခေတ်ကတည်းက ချန်အန်းက ရှုထဲကို ဝင်နေခဲ့ပြီ... လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က ရှည်လျားတဲ့ ဒီတောင်ပေါ်မှာ လူတွေ မရေမတွက်နိုင်အောင် သေဆုံးခဲ့ကြရတာ...လမ်းက မိုင်ရာနဲ့ချီပြီး ညဘက် သရဲခြောက်မလားတောင် မသိဘူး"
[TN - 'ရှုကိုသွားတဲ့လမ်းက ခက်တယ်' ထန်မင်းဆက်က ကဗျာဆရာကြီး လီပိုင်ရဲ့ ကဗျာတစ်ပုဒ်ထဲက စာသားပါ။ အသွေးလည်း baiduမှာ တီးခေါက်ထားပါတယ်]
ဝူရှဲ သူ့ကို ရယ်မောပြီး ပြန်ပြောလိုက်သည်။
"ဒီကို စရောက်တုန်းက မင်းထားခဲ့တဲ့ ရည်မှန်းချက်တွေ ဘယ်ကိုရောက်သွားတာလဲ? အဲဒါကြောင့် မင်းက လက်တင် ကုလားထိုင် ဗျူဟာသမားပဲလို့ ပြောတာ... ငါတို့ တောင်တွေထဲတောင် မရောက်သေးဘူး။ ရှုကို ရောက်ဖို့က ခက်တယ်လုပ်နေပြီ... မဝင်ရဲဘူးဆိုရင် ပြန်ကြရအောင်"
ထိုအခါ လောင်းယန်က ပြုံးပြီး ပြောလေ၏။
"မင်းရဲ့ ဆုံးဖြတ်ချက်တွေ ယိမ်းယိုင်သွားမလားဆိုတာ သိရအောင် ငါကအရင်ဆုံး အခက်အခဲတွေကို ရှေ့တန်းတင်ပြီး ပြောပြနေတာ... အခု ငါတို့ရဲ့ အတန်းဖော် ရှောင်ဝူက သူ့စာအုပ်တွေကို တကယ်စွန့်လွှတ်ပြီး ငါတို့လို လူဆိုးဂိုဏ်းတွေနဲ့ ပိုနီးစပ်လာပုံရတယ်နော်... စိတ်မပူပါနဲ့ ညီအစ်ကိုရယ် ကျိန်းသေပေါက် ငါက စာရွက်ပေါ်မှာ ပြောတတ်တဲ့လူ မဟုတ်ဘူး... ရှုကိုသွားတဲ့လမ်းက ခက်တာလောက်က လာမပြောနဲ့ ခွေးလမ်း ဖြစ်နေရင်တောင် ငါမကြောက်ဘူး"
သူတို့ရှေ့က ချုံပုတ်တွေနဲ့ အကိုင်းအခက်တွေကို ရှင်းလင်းရင်း တောထဲကိုဝင်ပြီး အဝေးက တောင်ထွတ်ဆီကို လျှောက်သွားကြသည်။ လမ်းတွေမပေါက်တွေက တောင်တက်လမ်းက သွားလာရတာ အရမ်းခက်လာ၏။ အပေါ်မှာ သစ်ပင်တွေက ထူထူထပ်ထပ် ဖုံးအုပ်ထားတော့ နေရောင်က ထိုးဖောက်ဖို့က အရမ်းခက်နေသည်။ လမ်းလျှောက်တာကလည်း ဘယ်လောက်ကြာကြာ လျှောက်လာမိမှန်း မသိတော့ချေ။
ကောင်းကင်က မှောင်နေတော့ မြေပြင်ကလည်း မှောင်နေသလို ခံစားနေရသည်။ ရုတ်တရက် အရင်က မြင်ခဲ့ဖူးတဲ့ နေရာတွေကို ပြန်မြင်နေရသလိုပင်။ သူတို့ အစောက နေရာကိုပဲ ပြန်ပြန်ရောက်နေတာလားလို့ပင် တွေးမိလာသည်။ ထို့နောက် တောင်ကြီးရဲ့ တစ်ဖက်ကို ကွေ့ဝင်လိုက်တော့ တောင်ကြီးက မတ်စောက်ပြီး သူတို့ရှေ့မှာ ဟိုဘက်ဒီဘက် မြင်နေရတဲ့ ချောက်ကမ်းပါးမှာ အမည်မသိ ပျဉ်ခင်းလမ်းတွေ တန်းစီနေတာ တွေ့လိုက်ရသည်။
ပျဉ်ခင်းလမ်းသည် အချိန်အတော်ကြာ ရှိနေခဲ့သည့်နှယ် ယိုယွင်းပျက်စီးနေပြီး အစိမ်းနုရောင် စိုစွတ်သော အရောင်ရှိသည်။ နွေဦးပေါက်ပန်းများနှင့် ခိုစေ့အမြောက်အမြားဖြင့် ဖုံးလွှမ်းထားသည်။ ထိုလမ်းပေါ်တွင် ဘယ်သူမှ မလျှောက်ဖူးတာ ကြာလှပြီဟုပင် ထင်ရသည်။ တောင်ပေါ် တက်ခါနီးမှာ တောအုပ်ထဲက လူတစ်ယောက်ရဲ့ အော်သံကို ရုတ်တရက် ကြားလိုက်ရတော့သည်။
"ဟေ့ မင်းတို့ ဘာလုပ်နေကြတာလဲ?"
ဝူရှဲနဲ့ လောင်းယန်တို့ လန့်သွားသည်။ အဝေးကို လှည့်ကြည့်လိုက်တော့ လူတစ်စု လာနေတာ တွေ့လိုက်ရသည်။ သူတို့အားလုံးက ယောက်ျားရော မိန်းမရောပါကာ ဒေသခံတွေရော ဖြစ်ပုံရပြီး တောင်တစ်ဖက်ခြမ်းက ရွာကို သွားချင်နေပုံရသည်။
ရုတ်တရက် ပျော်ရမလား ကြောက်ရမလားပင် မသိတော့ချေ။ ဝူရှဲ မျက်စိ မြန်မြန်မှိတ်ပြပြီး လောင်းယန်အား သူ့ခါးမှ ဓားမြှောင်ကို ဝှက်ထားခိုင်းလိုက်သည်။ ပြီးတော့ သူတို့ဆီတက်သွားပြီး ရိုးရိုးသားသား ဟန်ဆောင်ကာ
“ညီအကိုတို့ ကျွန်တော်တို့က မြို့ပြင်ကလာတဲ့ ခရီးသွားတွေပါ.... တောင်ရဲ့တစ်ဖက်ခြမ်းက ရွာကို သွားချင်လို့ ရွာဘက်ခြမ်းက တောင်လမ်းဘယ်နှစ်လမ်းရှိလဲလို့ မေးကြည့်ချင်လို့ပါ"
အင်္ကျီအနီရောင် ဝတ်ထားသော အမျိုးသမီးတစ်ဦးက ဝူရှဲကို လှမ်းကြည့်ရင်း။
"မင်း ငါတို့ရွာအကြောင်းကို ပြောနေတာလား? ငါတို့ရဲ့ ဆင်းရဲတဲ့ရွာကို သွားပြီး ဘာလုပ်မလို့လဲ?"
သူမကိုမြင်တော့ ဒီအမျိုးသမီးက အရမ်းသတိထားနေတာကို ဝူရှဲ ရိပ်မိသည်။
“ကျွန်တော် တစ်ယောက်ယောက်ကို ရှာချင်လို့ပါ... ခင်ဗျားတို့ရွာကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျွန်တော် ရောက်လာခဲ့ဖူးတယ်... အဲဒီတုန်းက ကျွန်တော်ကို ဧည့်ခံပေးခဲ့တဲ့ အဘိုးကြီးတစ်ယောက် ရှိတယ်... ဒီတစ်ခါတော့ ကျွန်တော် သူ့ကိုတွေ့ဖို့ ပြန်လာခဲ့ပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ရောက်လာခဲ့တာဆိုတော့ လမ်းက မသွားတတ်တော့လို့ရယ်"
သက်လတ်ပိုင်း အမျိုးသမီးက ဝူရှဲကို စိုက်ကြည့်ပြီး ထကျိန်ဆဲလေတော့သည်။
"ဟမ့် မင်းတို့က သူခိုးပဲ... မင်းတို့ဘာတွေ ကြံနေလဲ ဘယ်သူသိမှာလဲ? မင်းလိုလူတွေကို ငါအများကြီး တွေ့ဖူးတယ်... သူတို့က သင်္ချိုင်းတွေ တူးတာ ဒါမှမဟုတ် ခိုးနေတာပဲ... ငါ့ကို လာလှည့်စားလို့ မရဘူး"
သူမရဲ့ ဆူပူကြိမ်းမောင်းမှုကြောင့် ဝူရှဲ အံသြပြီး ဘယ်လို ပြန်ပြောရမှန်းကို မသိတော့ဘဲ ဖြစ်သွားသည်။ ထိုအခိုက်တွင် လောင်းယန်က သူ့ကို တွန်းဖယ်လိုက်ပြီး ယွမ် ၁၀၀ တစ်ရွက်ကို သက်လတ်ပိုင်း အမျိုးသမီးကို ခပ်ကြမ်းကြမ်း ပစ်ပေးလိုက်ကာ။
“ဘာ... ဘာ အဓိပ္ပာယ် မရှိတာတွေ အဲ့လောက်တောင် ပြောနေတာလဲ? ခင်ဗျားရဲ့ ဘယ်မျက်စိက ကျွန်တော်တို့ သင်္ချိုင်းတွင်း တူးနေတာကို မြင်လို့လဲ? မေးခွန်းကိုပဲ ယဉ်ယဉ်ကျေးကျေး ဖြေပါ - ဒါ...ဒါက ယွမ်တစ်ရာ ခင်ဗျားပိုင်တယ်...ခင် ခင်ဗျားထပ်ပြောရဲရင် မင်းစကားတစ်ခွန်းတောင် မပြောရသေးခင် ပါးကို ရိုက်ချလိုက်မယ်!"
လောင်းယန်ပြောတဲ့ စကားကို ကြားတော့ ဒုက္ခရောက်တော့မယ်လို့ ထင်လိုက်သည်။ တောင်ပေါ်သားများက တင်းတင်းမာမာ ဆက်ဆံနေတာလေ။ စိတ်ထဲကနေ မင်းဘယ်လိုများ ပြောရဲတာလဲလို့ တွေးနေစဥ် သက်လတ်ပိုင်း အမျိုးသမီးရဲ့ နောက်ကွယ်က ယောက်ျားတစ်ယောက်က ပိုက်ဆံကို မြင်တော့ ချက်ချင်းပြုံးပြပြီး
"စိတ်မဆိုးပါနဲ့ စိတ်မဆိုးပါနဲ့ ငါ့မိန်းမက မင်းတို့ကို နောက်နေတာပါ... မင်းတို့ သွားချင်တာ ငါတို့ရွာမလား? မင်း ဘယ်ဘက်သွားပြီး လှည့်ပတ်သွားရမယ်... ဒီတောင်ထိပ်မှာ ရေတံခွန်တစ်ခုရှိတယ်။ အဲဒီရေတံခွန်ရဲ့ ရေပြင်အတိုင်း ဆက်လျှောက်သွားရုံပါပဲ။ အဲဒါက တောင်ကို ဖြတ်ဖို့ အမြန်ဆုံးလမ်းပဲ... တောင်ပေါ်ကိုရောက်ရင် ငါ့ရွာကို သေချာပေါက် ရောက်လိမ့်မယ်"
လောင်းယန်က ပြုံးပြီး
"ခင်ဗျား လူကို လာလိမ်နေတာလား? မင်း ဟိုဟိုဒီဒီ မြန်မြန် သွားချင်ရင် ဒီပျဉ်ခင်းလမ်းကို ဖြတ်လျှောက်သွားရမှာ မဟုတ်ဘူးလား?"
"ဒီလမ်းကို ဘယ်တုန်းက ဆောက်ခဲ့လဲတော့ မသိဘူး... ဘယ်တုန်းကမှလည်း ပြန်မတင်ထားတော့ အခု ဘယ်သူမှ လမ်းမလျှောက်ရဲတော့ဘူးလေ"
ဒီစကားကြားတော့ ဝူရှဲလည်း သူတို့နဲ့တွေ့တာ ကံကောင်းသွားတယ်လို့ တွေးလိုက်မိသည်။ စကားမပြောဖြစ်စဥ်က သူ့ခြေထောက်က ပျဥ်းခင်းလမ်းပေါ်က တက်နင်းလုနီးပါး ဖြစ်နေပြီ။ သူသာ အဲဒီလမ်းပေါ်မှာ ကို့ရို့ကားယား ပိတ်မိနေရင် ဘယ်ဘိုလုပ်ကြမလဲ။
ထိုလူက ကောင်းကင်ကို မော့ကြည့်ကာ
"အိုက်ယိုး... ဒီညတော့ မင်းတို့ မသွားနိုင်တော့ဘူးလို့ ထင်တယ်...တောင်ပေါ်မှာ ညပိုင်းဆို မှောင်မှောင်မည်းမည်းနဲ့ ဒီညတော့ တောထဲမှာ တစ်ညအိပ်ရလိမ့်မယ်။ ဒီကတောင်ချောင်းတွေက မြစ်လက်တက်တွေ အများကြီး ရှိတယ်... မင်းတို့ မရင်းနှီးရင် မြစ်ဖြတ်ကူးတဲ့အခါ ဒုက္ခရောက်လိမ့်မယ်... ဒါမှမဟုတ် ဒီလိုလုပ်ပါလား? ငါတို့က ဟိုဘက်မှာ ဝက်စာမြက်တွေ သွားရိတ်ကြမှာ မင်းတို့ ငါတို့ကိုစောင်ကြပေါ့.. ဒါဆို မနက်ဖြန် ရွာကို အတူတူ ပြန်ကြမယ် ဒါဆို အားလုံး အဆင်ပြေသွားပြီ"
အဲဒါနဲ့ သူက ဝူရှဲရဲ့ ပစ္စည်းကို ကူသယ်ပေးဖို့ လှမ်းလာ၏။
သူတော်တော် စိတ်အားထက်သန်ပြီး လူဆိုးတစ်ယောက်လို မဟုတ်တာကို မြင်တော့ ဝူရှဲလည်း သူတို့သွားမယ့် နေရာက မြွေခေါင်းတောင်ရဲ့ တစ်ဖက်ခြမ်းက ချောက်ကြီးလို့ စိတ်ထဲမှာ အမြန် တွက်ချက်ထားလိုက်သည်။ သူတို့အခု အချိန်၂ရက်တောင် ကုန်သွားပြီ။ အဲဒီကိုတက်ဖို့ဆို လူ့ခွန်အားကလည်း ကန့်သတ်ချက် ရှိသည်။ ဆယ်ရက်ထက် ပိုတန်တဲ့ ရိက္ခာခြောက်တွေ သယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တောင်ပေါ်တက်ပြီးရင် ပစ္စည်းတွေဝယ်ဖို့ သူတို့ရွာကို သွားရမှာတော့ သေချာ၏။
သူတို့ရှေ့ကနေ ထွက်သွားတဲ့ လူငါးယောက်ကို ဘယ်မှာမှ မတွေ့ရတော့တာက အဲဒီလူတွေနဲ့ သူတို့ လမ်းလွဲသွားတာ ဖြစ်နိုင်သည်။ အခုသူတို့ လူနဲ့တွေ့ပြီဆိုတော့ လမ်းပျောက်တဲ့ အန္တရာယ်ကို စိုးရိမ်စရာ မလိုတော့ချေ။
လောင်းယန်နဲ့ ဝူရှဲ အကြည့်ချင်း ဖလှယ်ကာ နှစ်ယောက်သား ခေါင်းညိတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး... လာ လာ လာ”
ပြောကာ စီးကရက်တစ်လိပ်ကို ထုတ်ယူကာ ထိုလူကြီးကို ပေးလိုက်သည်။ လူလတ်ပိုင်း အမျိုးသမီးသည် စကားပြောဆို ချင်သေးသော်လည်း ယောက်ျားဖြစ်သူက သူမကို စိုက်ကြည့်နေရာ ဝူရှဲတို့ကို ဗလာအကြည့်နဲ့ ကြည့်ရင်း ပါးစပ်ပိတ်သွားသည်။
တောင်တန်းဒေသက ရွာတွေရဲ့ ဓလေ့ထုံးစံအရ ယေဘူယျအားဖြင့် ယောက်ျားတွေက အိမ်ထောင်ဦးစီးဖြစ်ပြီး မိန်းမတွေက ဝင်ပြောစရာ မရှိလိုပေ။ ယောက်ျားတချို့နဲ့ ဆက်ဆံရေးကောင်းနေသရွေ့ ဒီရွာက အမျိုးသမီးတွေ သူတို့ကို ဘာမှလုပ်လို့ မရချေ။ လူလတ်ပိုင်း အမျိုးသမီးရဲ့ မျက်နှာအမူအရာနဲ့ တစ်ချက်ကြည့်ကာ ဝူရှဲ ပြုံးနေမိသည်။
သို့နှင့် ဝူရှဲတို့လည်း သူတို့အဖွဲ့နဲ့ ပူးပေါင်းလိုက်သည်။ အဲဒီလူက အသက်အကြီးဆုံး ဖြစ်ပြီး အလုပ်များများစားစား လုပ်ပုံလည်း မပေါ်ပေ။ လောင်းယန်က သူနဲ့ရင်းနှီးဖို့ အာရုံစိုက်နေတုန်း ဖြစ်ကာ အဲဒီလူက ရွာရဲ့အတွင်းရေးမှုး ဖြစ်တယ် ဆိုတာကို ပြောပြလာသည်။ သူတို့ရွာက အရမ်း ခေတ်နောက်ကျသည်။ ဝိုင်ယာကြိုးတွေ သွယ်ထားပေမယ့် လမ်းပန်းဆက်သွယ်ရေးက အဆင်မပြေလို့ ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ရာ အခုတော့ လူငယ်တွေအကုန် အပြင်ကို ထွက်ပြေးသွားကြပြီး လယ်လုပ်စားတာ မရှိတော့ပေ။ ရွာသားတွေက တောင်တက်လမ်းအတိုင်း မိုင်ပေါင်းများစွာ ခရီးနှင်၍ ဝက်စာမြက်တွေ ရိတ်ရင်း အမဲလိုက်ကြသည်။ ဒါပေမဲ့ ဒီလူက သူ့မှာ ခါးပြဿနာရှိတာကြောင့် အချိန်အကြာကြီး မလုပ်နိုင်ဘဲ အနားယူရ၏။
ဝူရှဲ တုံ့ပြန်လိုက်ချိန်မှာတော့ သူ့စိတ်ထဲကနေ သက်ပြင်းချမိသည်။ ဒီလူတွေအတွက် ဝမ်းစာရှာဖို့က တကယ် မလွယ်ကူပုံပဲ။
သူတို့နဲ့ ခဏလောက် လမ်းလျှောက်ပြီး တစ်နေရာကို ရောက်တဲ့အခါ သူတို့ အလုပ်စလုပ်တော့ ဝူရှဲတို့လည်း တစ်ဖက်က မြေပြင်အနေအထားကို စစ်ဆေးကြည့်သည်။ သို့သော် ဒီတောင်တွေက အတော်လေးနိမ့်ပြီး တောင်တစ်ဖက်က မြင်ကွင်းကိုလည်း အပြည့်အ၀ မမြင်ရချေ။ တောင်တန်းများက တစ်ခုနဲ့တစ်ခု ဆက်စပ်နေသလို ခံစားရသည်။ ဤစိမ်းလန်းစိုပြေသော ဧရိယာတွင် လောင်းယန် ဖော်ပြထားခဲ့သော သင်္ချိုင်းတွင်းက မြင့်မားတဲ့ တောင်တန်းတွေရဲ့ ဘယ်နေရာမှာ ရှိနေမလဲတော့ မပြောတတ်ချေ။
ဝက်စာမြက်တွေ ရိတ်ပြီးတဲ့ အချိန်ရောက်တော့ ညနေစောင်းနေပြီ။ ဝူရှဲ သူ့တစ်ဖက်စာလောက် ရှိတဲ့ မြက်ပင်ကြီး တစ်အိတ်လောက်ကို ထိုလူရဲ့ကျောပေါ် ကူသယ်ပေးရင်း နေရောင်အောက်မှာ တစ်နာရီခန့် လမ်းလျှောက် ပြန်လာခဲ့သည်။ ထိုအခိုက် မှောင်စပြုလာပြီ။ လမ်းလျှောက်လာရင်း ရုတ်တရက် လောင်းယန်ရဲ့ အမူအရာတွေ ပြောင်းလဲသွားတာကို သတိထားမိလိုက်သည်။ သူ့မျက်လုံးများက ပတ်ပတ်လည်ကို လှည့်ကြည့်နေကာ မကြာခဏလည်း နောက်ပြန် လှည့်ကြည့်နေသည်။
ဝူရှဲလည်း သူဘာလုပ်နေလဲလို့ မေးကြည့်တော့ သူက တိုးတိုးလေး ပြောလာ၏။
"ဒီနေရာကို ငါအရင်တစ်ခါက ရောက်ဖူးတယ်... ငါမမှားဘူးဆိုရင် ဒီထက်ပိုပြီးနေဖို့ နေရာရှိရမယ်"
သူတို့ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ဆေးမြစ်တွေ လာကောက်တဲ့ လူတွေဆောက်ထားတဲ့ သစ်သားတဲက သူတို့ရှေ့မှာ ပေါ်လာခဲ့သည်။ လောင်းယန်က စိတ်လှုပ်ရှားလာပြီး သူ့ကို မျက်တောင်ခတ်ပြလာ၏။ ဆိုလိုတာက ငါမှန်တယ်မလား ဆိုတဲ့ သဘောပင်။ ထိုအခိုက် တစ်ဖက်လူက တံခါးဖွင့်ပြီး ပြန်လှည့်ကြည့်လာသည်။
"ဒီနေ့တော့ ဒီမှာပဲ တစ်ညအိပ်ရအောင်... ဒီမှာ မီးဖိုရှိတယ် မင်းစားချင်ရင် ကိုယ်တိုင် ချက်စားလို့ရတယ်"
သူတို့နောက်ကို လိုက်ကြည့်လိုက်တော့ လှေကားနဲ့ ချိတ်ထားတဲ့ နှစ်ထပ်တဲကို တွေ့ရလေ၏။ အပေါ်ထပ် ထပ်ခိုးတစ်ခုက ပရိဘောဂတွေ မပါပေမယ့် သစ်သားပျဉ်ပြားကြီးတွေနဲ့ ဖုံးအုပ်ထားကာ အခန်း အလယ်မှာလည်း တွင်းတစ်ခုရှိနေသည်။ ထိုအရာက မီးသွေးပြာတွေနဲ့ ပြည့်နေတဲ့ အခန်းကို မီးလှုံဖို့ သုံးထားဖြစ်ရမည်။ ဝူရှဲလည်း အကြည့်လွှဲကာ ပစ္စည်းများကို ချ၍ အပြင်ဘက်က ထင်းအချို့ကို ကျပန်းကောက်ယူပြီး နွေးထွေးသွားစေရန် မီးကို အမြန်ထွန်းညှိလိုက်ကြသည်။ အဲဒီနောက် အိတ်ထဲက အစာခြောက်တွေကို ထုတ်ပြီး တိုက်ရိုက် ဖုတ်စားလိုက်သည်။ စားပြီးသွားတော့ အပြင်မှာက မှောင်နေပြီ။ တောရိုင်းတိရစ္ဆာန်တွေရဲ့ အသံတွေလည်း ကြားနေရ၏။
လောင်းယန်က စီးကရက်ကို မီးညှိပြီး ရွာရဲ့ အတွင်းရေးမှူးကို အဲဒါကဘာလဲလို မေးကြည့်တော့ သူလည်း ရှင်းရှင်းလင်းလင်း မပြောနိုင်ချေ။ ဒီမှာ အမဲလိုက်ပြီး တဲဆောက်ခဲ့တဲ့သူတွေက သေသွားတာ ကြာပြီဖြစ်ရာ ရွာက လူကြီးတွေကို မေးမှပဲ သိလိမ့်မည်ဟု ဆိုသည်။
"ငါတို့ အမျိုးသားတွေက တစ်ညကို ညတစ်ဝက်ပဲ အိပ်ကြတယ် အပြင်က သားရဲတွေ မဝင်အောင် တစ်ယောက်ယောက်က မီးကိုစောင့်ပြီး ထွန်းပေးရတယ်လေ"
ဝူရှဲ မှတ်ချက် မပေးလိုက်ချေ။ တစ်နေ့တာ ခရီးအတွက် အရမ်းပင်ပန်းနေခဲ့ပါပြီ။ ဒီလိုပုံစံနဲ့ ရက်သတ္တပတ်ပေါင်းများစွာ ဆက်တိုက် နေထိုင်ရမယ်လို့ တွေးလိုက်တော့ လောင်းယန်ကို အတူလိုက်ဖို့ သဘောတူလိုက်တဲ့ အတွက် နောင်တရချင်လာသည်။ သူ လောင်းယန်ကို ပြောလိုက်၏။
"ငါ နောက်ဆုံးအဆိုင်းကို စောင့်ကြည့်မယ်...အဲတော့ ငါအရင်အိပ်လိုက်မယ်... အဆိုင်းပြောင်းဖို့ ညသန်းခေါင်ယံ ရောက်လာရင် လာနိုးလိုက်"
သူပြောပြီးတာနဲ့ လောင်းယန်က ကျယ်လောင်စွာ အသံပေးလိုက်ပေမယ့် ဝူရှဲ ပင်ပန်းနေရာ သူဘာတွေပြောနေမှန်း မသိတော့ရာ စိတ်ရှုပ်သွားပြီး ခဏကြာတော့ အိပ်ပျော်သွားခဲ့သည်။
ဒီအိပ်စက်မှုဟာ သိပ်ပြီး မအေးချမ်းပါဘူး။ သူ ဟိုလှည့်ဒီလှည့် အိပ်ပြီး သန်းခေါင်ယံရောက်တော့ တစ်စုံတစ်ယောက်က ရုတ်တရက် လှုပ်ယမ်းနှိုးလာရာ ဝူရှဲ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ တခြားသူတွေ အိပ်ပျော်နေတာကို မြင်လိုက်ရသည်။ လောင်းယန်က ဟိုဟိုဒီဒီကြည့်ရင်း တိုးတိုးလေး ဆို၏။
"ထတော့... မြန်မြန်ထတော့!"