Chapter (22)
ကျောင်းတော်က မိစ္ဆာကို စုံစမ်းခြင်း
လီကျင်လုံသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည့်နှယ် လက်ထဲမှ ပညာရှိဓားကို ကြည့်ကာ အိမ်ရှေ့ခန်းသို့ အမြန်ထွက်သွားခဲ့သည်။ ဖူတောက်ဘုရင် ရုပ်တု၏ ရင့်ကျက်သော အသွင်အပြင်က ကမ္ဘာပေါ်ရှိ လူအားလုံးကို စောင့်ကြပ်နေသည့် အတိုင်းပင်။ သူ့လက်ထဲက ဓားပုံစံက လီကျင်လုံရဲ့ လက်ထဲက သံချေးတက်နေတဲ့ အနက်ရောင်ဓားနဲ့ အတူတူပါပဲ။
"ဒါက နတ်ဆိုးတွေကို နှိမ်နင်းဖို့ သန့်စင်ထားတဲ့ ဉာဏ်ပညာကြီးတဲ့ ဓားတစ်လက်ပဲ"
ချိုးယုံစစ်က ရှင်းပြသည်။
"အဲဒီလို ဓားမျိုးက ကမ္ဘာပေါ်က နတ်ဆိုးအားလုံးကို ဖျက်ဆီးနိုင်တယ် ဆိုတဲ့ ကောလဟာလတွေလည်း ရှိတယ်"
ဟုန်ကျွင့်၏ မျက်ခုံးများ နက်ရှိုင်းစွာ မျက်မှောင်ကြုတ်သွားကာ ဖူတောက်ဘုရင်ကို မော့မကြည့်ဘဲ မနေနိုင်တော့ပေ။ လီကျင်လုံ၏ တုန်လှုပ်ခြောက်ခြားမှုကို ကြည့်လိုက်ရာ သူ့စိတ်ထဲမှာ သံသယတစ်ခုသာ ရှိနေသည်။ သူ့ရဲ့ ငါးရောင်ခြယ်အလင်း။ ချုံမင်သည် တစ်ချိန်က ရောင်စုံနတ်ဘုရား အလင်းရောင်သည် ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံး ဒိုင်းတစ်ခုအဖြစ် လူသိများပြီး ထိုက်တောင်တန်း၏ သက်ရောက်မှုကိုပင် ခံနိုင်ရည်ရှိနိုင်ကြောင်း ပြောခဲ့ဖူးသည်။
ချိုးယုံစစ်: "ဒါဆို မင်း ဒီမှော်လက်နက်ကို ကောင်းကောင်း သုံးနေသရွေ့ နတ်ဆိုးတွေကို တိုက်ခိုက်တဲ့အချိန် ပြဿနာ မရှိနိုင်တော့ဘူး... ခေါင်းဆောင် မင်းမှာ ဝိညာဥ်သွေးကြောတွေ မပါဘဲ နတ်ဆိုးနှင်သူ တစ်ယောက်ဖြစ်ဖို့က မင်းရဲ့ အိပ်မက်တစ်ခုတော့ မဟုတ်ဘူး... မင်းဓားကိုရပြီးမှ တဖြည်းဖြည်း တွေ့လာတာ မဟုတ်လား?"
လီကျင်လုံက ခေါင်းညိတ်ပြပြီး ပညာရှိဓားကို သူ့လက်ထဲတွင် တင်းတင်းလေး ဆုပ်ကိုင် ထားလိုက်သည်။ လူတိုင်းက အကြည့်ချင်း ဖလှယ်နေကြပြီး လီကျင်လုံအား မနေ့ညက ဆုတ်ယုတ်မှုမျိုးနှင့် ကြုံခဲ့ရပုံရကြောင်း နားလည်တာကြောင့် မည်သူမျှ မမေးကြပေ။ သူတို့အပြောအဆိုနှင့် အမူအရာများကို လေ့လာကြည့်ပြီးနောက် လီကျင်လုံမှာ ယုံကြည်မှုအချို့ ပြန်လည်ရရှိလာခဲ့သည်။
"ဒီနေ့အမှုကို ဆက်စုံစမ်းမယ်" လီကျင်လုံက ပြောသည်။
"အပြင်မှာ ဘယ်လို ကောလဟာလတွေပဲ ဖြန့်နေကြပါစေ ငါတို့လုပ်တဲ့အရာက တခြားသူတွေနဲ့ မသက်ဆိုင်ဘူး ဆိုတာ သိထားရမယ်.."
လူတိုင်းက တုံ့ပြန်ကြသည်။ လီကျင်လုံက ချိုးယုံစစ်ကို ဟုန်ကျွင့်နှင့် ပူးပေါင်း လုပ်ဆောင်ရန်၊ အားထိုက်နဲ့ မော့ရစ်ကန်းက ပူးတွဲ စုံစမ်းရမည်ဟု အမိန့်ချခဲ့သည်။ သူကတော့ တစ်ယောက်တည်း လုပ်မည်။ ချိုးယုံစစ်နဲ့ ဟုန်ကျွင့်တို့သည် ချန်အန်းရှိ စာသင်သားများ၏ တည်နေရာကို စုံစမ်းရန် သွားရောက်ပြီး အားထိုက်နဲ့ မော့ရစ်ကန်းက မကြာသေးမီ ရက်များအတွင်း ပျော်ပျော်ပါးပါး ဆော့ကစားရန် ပြည့်တန်ဆာအိမ်သို့ သွားခဲ့ကြသော စာသင်သားများအကြောင်း မေးမြန်းရန် ဖျင်ကန်းလီသို့ သွားရောက်ရမည်။
အားထိုက်: "လိုအပ်လို့လား... ခေါင်းဆောင် ငါတို့ဘာလို့ မိစ္ဆာကို အရင်မရှာတာလဲ..."
"အခု တမင်နန်းတော်ကိစ္စကို လျစ်လျူရှုလိုက်ကြရအောင်... ဒီကိစ္စကို အဆုံးထိ မစုံစမ်းနိုင်ဘူးလို့ ငါမယုံဘူး"
လူတိုင်းက လီကျင်လုံကို လှည့်ကြည့်လိုက်ရာ လီကျင်လုံ ဆက်ပြောလိုက်သည်။
"ငါ ရဲရဲတင်းတင်း မကြိုးစားချင်သေးဘူး... နာမည်မရှိတဲ့ အလောင်းတစ်လောင်း ရုတ်တရက် ပေါ်လာတာတောင် ဘယ်သူကမှ လူပျောက် မတိုင်ဘူးဆိုတာ သံသယဖြစ်စရာ ကောင်းတယ်လို့ မထင်ဘူးလား"
"ဟုတ်တယ်" ချိုးယုံစစ်က ပထမဦးစွာ ထောက်ခံလိုက်သည်။
"မင်းပြောတာ နားထောင်မယ်... စစ်ဆေးစို့"
ဟုန်ကျွင့်: "ခင်ဗျားကရော? ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါလား"
"ငါ့မှာ လုပ်စရာရှိတယ်... "
"အတူတူ သွားကြရအောင်ပါ..."
ဟုန်ကျွင့် လီကျင်လုံရဲ့ အင်္ကျီလက်ကို လှမ်းဆွဲဖို့အလုပ် လီကျင်လုံက အရင်ပြောလာလေသည်။
"ဟိုဆွဲဒီဆွဲ မလုပ်နဲ့... ဒါက အစိုးရကိစ္စ ပြဿနာမရှာတော့နဲ့"
လီကျင်လုံ ပြောပြီးတာနဲ့ တံခါးဝသို့ အမြန်ပြေးလေ၏။
.....
နေ့ခင်းဘက်တွင် ဟုန်ကျွင့်သည်လည်း အမှုကို စုံစမ်းရန် ထွက်လာခဲ့သည်။ လီကျင်လုံမှလွဲ၍ အခြားအဖော် တစ်ဦးတည်းနှင့် ပထမဆုံးအကြိမ် လိုက်သွားရသောကြောင့် အနည်းငယ် ကသိကအောင့် ဖြစ်နေသည်။ သူနဲ့ ချိုးယုံစစ်က ဘာကြောင့် အတူတွဲပြီး တာဝန်ထမ်းဆောင်ရတာလဲ။
ချိုးယုံစစ်က အရပ်ရှည်ပြီး ခေါက်ယပ်တောင်ကို လက်ထဲမှာ ကိုင်ထားပြီး လမ်းလျှောက်တဲ့အခါ တဖျတ်ဖျတ် ခတ်နေသောကြောင့် လေတိုက်သလို ခံစားရလေသည်။ လမ်းလျှောက်ရင်း လမ်းလျှောက်ရင်း တခါတရံ ရပ်ပြီး ဟုန်ကျွင့်ကို စောင့်သည်။
ချိုးယုံစစ် : "ကော်ကျစ်ကျန့်ကို သွားမယ်လေ... ဗိုက်ဆာနေပြီလား မုန့်စားပြီး အနားယူရအောင်"
ဟုန်ကျွင့်က သူ့လက်ကို ဝှေ့ယမ်းပြီး "ငါက အစားမကျူးပါဘူး... ဘယ်လိုလုပ် ဒီလောက်မြန်မြန်ကြီး ဗိုက်ဆာနိုင်မှာလဲ"
ချိုးယုံစစ်ကလည်း ပြုံးပြီး ပြန်ပြောပါသည်။
"ခေါင်းဆောင်က ငါတို့ကို တွဲခေါ်လာလို့ ငါတို့ အလုပ်ချိန်မှာ ငါးရှာလို့မရဘူး "
ဟုန်ကျွင့် လေးလေးနက်နက် ခေါင်းညိတ်ပြသည်။
"မင်းတို့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်အချိန်ကျမှ စကားသေချာပြောမှာလဲ?"
ချိုးယုံစစ်က ကျယ်လောင်စွာ ရယ်မောပြီး "ဌာနခေါင်းဆောင်က လူကောင်းပါ... ဒါပေမဲ့ သူက ငါတို့နဂိုက စိတ်ကူးထားတာနဲ့ မတူရုံလေးပဲ အဲဒါကလည်း ငါတို့ရဲ့ အမှားပဲပါပဲ ဒါပေမယ့်..."
ချိုးယုံစစ်က စိတ်ပြောင်းသွားဟန်ဖြင့် ခေါက်ယပ်တောင်ကို ဖယ်ထားလိုက်သည်။ ထို့နောက် သူက ဟုန်ကျွင့်ကို တစ်ချက်ကြည့်လိုက်ပြီး မေးလေ၏။
"မင်းပဲ ဟုန်ကျွင့်....ဘယ်အရာကများ မင်းသူ့ကို စလာကတည်းက ယုံကြည်စေခဲ့တာလဲ?"
ဟုန်ကျွင့် ခဏလောက် စဉ်းစားကာ။ "ငါ့နှလုံးမီးအိမ်က သူနဲ့အတူရှိနေလို့ ဖြစ်မယ်"
"နှလုံးမီးအိမ်?" ချိုးယုံစစ် လန့်သွားသည်။
အားလုံးက မိစ္ဆာဘုရင်ကို ရှာဖွေဖို့ ဒီကိုရောက်နေတာကြောင့် ဟုန်ကျွင့်လည်း မဖုံးကွယ်ထားတော့ဘဲ လီကျင်လုံရဲ့ ခန္ဓာကိုယ်ကို မတော်တဆ ဝင်သွားခဲ့တဲ့ နှလုံးမီးအိမ် အကြောင်းကို ပြောပြလိုက်လေသည်။
"ဒါဆို ငါပြောတာ.. မင်း နတ်ဆိုးဌာနထဲကို ဝင်ကတည်းက လီကျင်လုံနောက်ကို နေ့တိုင်းလိုက်နေတာ အဲဒါကြောင့်ကိုး... ငါတို့က ဘာမကောင်းလို့များလဲလို့ တွေးနေတာ"
ဟုန်ကျွင့်က အဲလိုမျိုး မဟုတ်ကြောင်း ကမန်းကတန်း ပြောပြတော့ ချိုးယုံစစ်က ခေါင်းညိတ်ကာ ဆက်ပြောလေသည်။
"မင်းရဲ့နှလုံးမီးအိမ်က သူ့ကိုယ်ပေါ်ကို ရောက်နေတယ်ဆိုရင် ဒီလူက သူ့ဆန္ဒကို တကယ်ဖြည့်ဆည်း ပေးနိုင်လိမ့်မယ်လို့ ထင်လို့များလားပေါ့"
ဟုန်ကျွင့်သည် နှလုံးမီးခွက် မည်မျှ အစွမ်းထက်သည်ကို မသိသော်လည်း ချိုးယုံစစ်က မှော်လက်နက်များအကြောင်း ကောင်းစွာ သိရှိပြီး နှလုံးမီးအိမ်ကို ထုတ်ယူရန် နည်းလမ်းရှာနိုင်သည်ဟု ထင်မိလာသည်။ သူတို့နှစ်ယောက် ကျောင်းတော်ရှေ့ ရောက်သော် ချိုးယုံစစ်က ဟုန်ကျွင့်ကို ကြည့်လိုက်ပြီး အမှုကိစ္စကို ကိုင်တွယ်တော့မယ်လို့ ပြောလေ၏။
နောက်လ၏ ၅ရက်နေ့သည် အထွေထွေ စာမေးပွဲ ဖြေဆိုမည့်နေ့ဖြစ်ပြီး နိုင်ငံတစ်ဝှမ်းမှ ပညာတော်သင် စုစုပေါင်း ၆၀၀၀က လာရောက်တွေ့ဆုံ ဖြေဆိုကြမှာပဲ ဖြစ်သည်။ မေးခွန်းများပေါက်ကြားခြင်း ၊ အခြားသူများအတွက် စာမေးပွဲဖြေဆိုခြင်း စသည်တို့ကို ရှောင်ရှားရန်အတွက် ကော်ကျစ်ကျန့် ကျောင်းတော်သို့ ဝင်ရောက်သူနှင့် ထွက်ခွာသူတိုင်း ပြင်ပမှ စာအုပ်များ ယူဆောင်လာပါက စစ်ဆေးခံရပြီး အထဲဝင်ဖို့ ကော်ကျစ်ကျန့်တံဆိပ်ပြားကို ကိုင်ဆောင်ထားရန် လိုအပ်ပါသည်။
သူတို့နှစ်ဦး ရောက်သွားတော့ လူများ အပြင်သို့ ထွက်လာကြသည်ကို မြင်လိုက်ရသည်။ လူတွေက ရှုပ်နေတာကြောင့် ချိုးယုံစစ် ဟုန်ကျွင့်ကို ဆွဲထုတ်ထားရသည်။
"ဟေး အစ်ကိုဝမ် အစ်ကိုဝမ်...."
ဖြတ်သွားလာတဲ့ လူတစ်ယောက်ကို တွေ့တာနဲ့ ချိုးယုံစစ်မှာ ဟုန်ကျွင့်ကို ဆွဲထုတ်လိုက်ပြီး ပြေး၍ တန်းစီလေသည်။
"ကျွန်တော် တံဆိပ်ပြား ယူလာဖို့ မေ့နေလို့ပါ ..."
တံခါးနားမှာ ကျောင်းသားတွေကလည်း အများကြီးရှိနေကာ အစောင့်တွေက တစ်ယောက်ချင်းစီ စစ်ဆေးနေသည်။
"တံဆိပ်ပြားက ဘယ်မှာလဲ"
ချိုးယုံစစ်: "ယူလာဖို့ မေ့သွားလို့...အခုပဲ ပြန်သွားယူလိုက်ပါမယ်"
နောက်ဖက်က လူများက သူ့ကို အမြန်သွားရန် တိုက်တွန်းကြပြီး အစောင့်များကမူ ဘာမျှမတွေ့သဖြင့် စိတ်မရှည်တော့ဘဲ လူကို ဝင်ခွင့်ပေးခဲ့သည်။ ဟုန်ကျွင့်ကိုလည်း လိုက်ရှာပေမယ့် ဘာမှမတွေ့တော့ တစ်ဖက်က အော်မေးလိုက်သည်။
"တံဆိပ်ပြားရော?"
"ခဏနေဦး... သူတို့နှစ်ယောက်လုံးမှာ တံဆိပ်ပြားတွေ မရှိဘူး ရှေ့ကတစ်ယောက် ရပ်လိုက်!! မင်းတို့ ဘယ်ကျောင်းကလဲ"
ဟုန်ကျွင့် နှလုံးသားတွေ တဆတ်ဆတ် တုန်သွားပြီး ဘာလုပ်ရမှန်းမသိဘဲ ဖြစ်သွားလေရာ ချိုးယုံစစ် ပြန်ရောက်လာပြီး အစောင့်နှစ်ယောက်ကို ပြောပြလိုက်သည်။
"သူက ဟူလူမျိုးလေ...စကား သိပ်နားမလည်ဘူး တံဆိပ်ပြားတွေက ငါ့အခန်းထဲမှာ ထားခဲ့လိုက်တာ... ဟေး တံဆိပ်ပြား!"
ထိုအခိုက် ဟုန်ကျွင့်လည်း အသိစိတ် ပြန်ဝင်လာပြီး ချက်ချင်း ပြုံးလိုက်သည်။
"မင်္ဂလာပါ ဟိုင်းမြန်ဟော်ပီ.... ထန်မင်းဆက်ထဲက ချစ်လှစွာသော သူငယ်ချင်းတို့!"
ဟုန်ကျွင့်က သူတို့ကို ပွေ့ဖက်ဖို့ ခြေလှမ်းပြင်တော့မှာ ဖြစ်ပေမယ့် သူ့နောက်က ကျောင်းသားတွေက ရူးလုမတတ် စောင့်ဆိုင်းနေကြရတာကြောင့် စိတ်မရှည်တော့ပေ။ ကော်ကျစ်ကျန့်ရဲ့ အဝင်ဝမှာ တံခါးစောင့် နှစ်ယောက်သာ ရှိနေပြီး ဟုန်ကျွင့်တို့က ပိတ်နေတာကြောင့် အစောင့်တွေလည်း သူတို့ကို လွှတ်ပေးလိုက်ရလေသည်။
ချိုးယုံစစ်က တစ်ဖက်စင်္ကြံကို ဖြတ်ပြီး ခဏခဏ ပြန်ကြည့်နေသည်။
"ကံကောင်းလို့ပေါ့... လူအုပ်ကြီး ရှိနေလို့ ငါတို့ ဝင်လာနိုင်တာ"
ဟုန်ကျွင့်: "ငါတို့ဘာလို့ နံရံပေါ်တက်ပြီး ဝင်မလာတာလဲ?"
နန်းတော်၊ တမင်နန်းတော် သို့မဟုတ် ဧကရာဇ်ကျောင်းတော်သို့ ဝင်သည်ဖြစ်စေ ဟုန်ကျွင့်၏ မျက်လုံးများထဲတွင် တစ်ခုတည်းသော ခြားနားချက်မှာ သူ့ရှေ့ရှိ တံတိုင်း၏ အရောင်ပင်။ ဤမေးခွန်းကို မေးသောအခါ ချိုးယုံစစ်လည်း အံသြသွားသည်။
"အကြမ်းဖက်မှုနဲ့ ပြဿနာတွေကို အမြဲတမ်း မဖြေရှင်းနဲ့"
သူတို့နှစ်ယောက် စာသင်သားအုပ်ကြီးရဲ့ အခန်းထဲကို ရောက်တဲ့အခါမှာတော့ ချိုးယုံစစ်သည် ရွာသား သုံးယောက်ကို ရှာခိုင်းပြီး ဟုန်ကျွင့်ကို ချရေးခိုင်းသည်။ ဟုန်ကျွင့်လည်း စုတ်တံတစ်ချောင်းကို ကိုင်လိုက်ပြီး အဲဒီလူ သုံးယောက်ရဲ့ နာမည်တွေကို ရေးချခဲ့ပါ၏။ သူတို့သည် စာသင်သားတို့၏ T ပုံသဏ္ဍာန် အဆောက်အအုံတွင် ရှိနေသည်။ ၎င်းတို့နှစ်ဦးသည် စင်္ကြံလမ်းထဲကို ဖြတ်လျှောက်ကာ ဘေးဘက် ခန်းမမှတစ်ဆင့် မိန်ခြံဝန်း အတွင်းသို့ ဝင်သွားကြသည်။
ဘေးဘက်ခန်းမသည် အလွန်ကျယ်ဝန်းပြီး ကျောင်းသားများအတွက် လက်ဖက်ရည်သောက်ရန် စီစဥ်ပေးထားသည်။ ဟုန်ကျွင့်နှင့် ချိုးယုံစစ်သည် ဘေးဘက်ခန်းမ၌ ရုတ်တရက် ရပ်တန့်ကာ ခန်းမထဲသို့ လှမ်းကြည့်လိုက်သည်။
ချိုးယုံစစ်: "ဘာလဲ?"
"ဘာမှမဖြစ်ပါဘူး" ဟုန်ကျွင့် ပြန်ဖြေလိုက်သည်။
"မင်းရဲ့ ပင်ကိုယ်ဥာဏ်ကို ယုံကြည်ထား... ငါတို့အခု ဒီအမှုကို စုံစမ်းစစ်ဆေးနေတာ"
ဟုန်ကျွင့်: "ထူးဆန်းတဲ့ ခံစားချက်တစ်ခု ရှိနေတယ်...
"ပြောပြပါလား?"
ချိုးယုံစစ် ဟုန်ကျွင့်ဘက်သို့ ခေါင်းစောင်းကြည့်လိုက်သည်။
ကျောင်းသားတွေဟာ အိမ်မှာနေရတဲ့ အတိုင်း လွတ်လွတ်လပ်လပ်ပင်။ ထိုဘက်ခြမ်းရှိ ခန်းမကြီးထဲတွင် လူလေးဆယ်နီးပါး စုဝေးနေကြပြီး ကျောင်းသား၊ လူငယ်၊ လူကြီး အားလုံးက တီးတိုးပြောရင်း ရယ်မောနေကြသည်။
ထိုအချိန်တွင် လူငယ်တစ်ယောက်က ခေါင်းငုံ့ကာလာရင်း ဟုန်ကျွင့်ကို မတော်တဆ ဝင်တိုက်မိသွားသည်။ ဟုန်ကျွင့် တုန်လှုပ်သွားပြီး လူငယ်ကလည်း ဆောလျင်စွာ ဦးညွှတ်တောင်းပန်လိုက်ပြီး ဟုန်ကျွင့်ကို မော့ကြည့်လိုက်သည်။
ကောင်လေးက ပိန်ပိန်သေးသေးလေး ဖြစ်ပြီး ဟုန်ကျွင့်ထက် အနည်းငယ် ငယ်ပုံရသည်။ သူ့မျက်လုံးများတွင် ဟုန်ကျွင့်ကို ရယ်ပြနေဟန်ရှိကာ သူ့လက်ကို ဝှေ့ယမ်းပြ၏။ ထို့နောက် လူငယ်လေးသည် ခန်းမထဲသို့ ဝင်သွားပြီး ဘေးတိုက် ပြုံးသွားပုံမှာ သူ့ကိုယ်သူ ဂုဏ်ယူနေပြန်သည့် အတိုင်းပင်။
ထိုကဲ့သို့ လှုပ်ရှားမှုတစ်ခုကြောင့် ဟုန်ကျွင့်သည် ယောင်းကျင်းနန်းတော်မှာ ရှိစဥ်တုန်းက ခံစားချက်ကို ရုတ်တရက် သတိရသွားသည်။ ယောင်းကျင်း နန်းတော်ရှိ လူငယ်များ အားလုံးသည် နတ်ဆိုး အငွေ့အသက်များရှိပြီး ငှက်ကနေ လူအသွင်ပြောင်းထားသူတွေပင်။ သို့သော် ချုံမင်သည် အညစ်အကြေးများကို မထိသောကြောင့် အားလုံးကို သန့်စင်ထား၏။
"မိစ္ဆာပဲ!" ဟုန်ကျွင့် ပြောလိုက်သည်။
ချိုးယုံစစ် မယုံနိုင်အောင် ဖြစ်သွားသည်။ သူက ဘာမှ မပြောဘဲ လှည့်ပြီး ဟုန်ကျွင့်ကိုပဲ ခေါ်ထုတ်သွား၏။ ဟုန်ကျွင့်လည်း တိုးတိုးလေး ကပ်ပြောလိုက်သည်။
"မင်းလည်း ခံစားရလား?"
"မိစ္ဆာတွေက ငါတို့ကို ထိသွားတယ်လေ ငါ အဲဒါကို မခံစားနိုင်ဘဲနေပါ့မလား"
မိစ္ဆာမှန်ကဲ့သို့ မှော်လက်နက် မရှိသော်လည်း ဟုန်ကျွင့်သည် ဤမျှနီးနီးဝေးဝေး အကွာအဝေးတွင် မိစ္ဆာစွမ်းအင်ကို ခံစားနိုင်ဆဲ ဖြစ်သည်။
"လှည့်မကြည့်နဲ့!" ချိုးယုံစစ်က နူးညံ့ပြေပြစ်စွာ ပြုံးပြီးပြောလေသည်။
"လူကြီးမင်း... ဒီမှာ ထမင်းကြော်ရှိတယ် လက်ဖက်ရည် တစ်ခွက်လောက်ရော လိုချင်လား"
"အင်း အင်း အင်း!"
ဟုန်ကျွင့်က ချိုးယုံစစ် စပ်ပေးတဲ့ လက်ဖက်ခြောက်ကို အကြိုက်ဆုံး ဖြစ်သည်။ မုန့်တစ်ခုက ကြွပ်ပြီး ငန်သည်။ လက်ဖက်ရွက်က လတ်ဆတ်သည်။ နှမ်းစေ့တချို့ဖြင့် ဖြူးထားသော မုန့်ခြောက်နဲ့ ထမင်းကြော်ကို လက်တစ်ဆုပ်စာ ဝယ်စားလိုက်ကြသည်။ အရသာက ချိုမြိန်ပြီး အမွှေးရနံ့ကလည်း နှုတ်ခမ်းနဲ့ လျှာပေါ်မှာ စွဲနေလေရာ သရေစာအဖြစ် အရသာရှိရှိ စားသုံးနိုင်ပေသည်။
ချိုးယုံစစ်က ပြုံး၍။
"မင်းရဲ့ သာမာန် အန္တရာယ်ကင်းတဲ့ ပုံစံလေးနဲ့နေ....ပတ်ဝန်းကျင်ကို အာရုံစိုက်ထား ငါတို့ကို ဆက်ကြည့်နေတဲ့သူက မိစ္ဆာတစ်ကောင် ရှိရင် မင်းမြင်တာနဲ့ ငါ့ကို ပြောပြ...."
ဟုန်ကျွင့် : "..."
ဟုန်ကျွင့်လည်း သူ့အား ခေါင်းညိတ်ပြကာ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ ခန်းမအတွင်း၌ ချန်အန်း အတွင်းသို့ ဝင်လာသော ပြင်ပလူများ၏ စူးစူးရှရှ အကြည့်များဖြင့် ပြည့်နှက်နေလေသည်။ ထိုအချိန်တွင် ဘေးခန်း၌ ဘူးခွံများ၊ အပြင်ဘက်တွင် အိုးနှင့် မီးဖိုများ တန်းစီထားသည်။ ဆောင်းဦးရာသီသည် ရှည်လျားကျယ်ပြန့်ပြီး အပြာရောင်သည် ကောင်းကင်တွင် လွင့်မျောနေသည့် တိမ်ဖြူဖြူကြီးများနှင့် နေရောင်အောက်တွင် တောက်ပနေပါသည်။
၎င်းသည် အမှန်တကယ်ပင် သက်တောင့်သက်သာနဲ့မို့ ပျင်းရိနေသူများ အနားယူရန် နေရာကောင်းတစ်ခု ဖြစ်သည်။ ကျောင်းသားတွေ အကုန်လုံးက စားပွဲတွေကို ရေတွက်ပြီးတဲ့အခါ တစ်စုံတစ်ယောက်က သူတို့ကို ကြည့်နေပေမယ့် အဲဒါကလည်း တစ်ချက်သာ ကြည့်၏။
"တစ်ယောက်ယောက်က ငါတို့ကို စောင့်ကြည့်နေတယ်" ဟုန်ကျွင့် ချိုးယုံစစ်ကို ပြုံးပြလိုက်ပြီး။
"မင်းပြောတဲ့အတိုင်း မိစ္ဆာတွေ အများကြီးပဲ မဟုတ်လား"
"မှန်တယ် ဒါက မိစ္ဆာရဲ့အသိုက်ပဲ" ချိုးယုံစစ်ကလည်း ပြုံးပြီးပြော၏။
"မင်းအခု တိုက်ခိုက်လို့ မရဘူး... မဟုတ်ရင် ကျောင်းတော်ကြီး ထပ်ပြီး ပျက်စီးသွားရင်တော့ ခေါင်းဆောင် ငိုရလိမ့်မယ်"
ဟုန်ကျွင့်သည် လူငယ် သုံးယောက် စကားစမြည် ပြောကာ ရယ်မောနေသော စားပွဲတစ်လုံးကို တွေ့သွားသည်။ ၎င်းတို့အတွက် နောက်ထပ် ကောင်လေးတစ်ယောက်က ရေငှဲ့ပေးနေ၏။ စကားစမြည်ပြောနေစဉ် လူငယ်ကို ဘယ်သူကမှ ဂရုမစိုက်ဘဲ သူအလွန်ငြီးငွေ့နေပုံဖြင့် ခေါင်းကို လှည့်ကာ ခန်းမအပြင်ဘက် ဝင်းကို စိုက်ကြည့်နေသည်။ ခဏကြာတော့ သူ့မျက်လုံးတွေ လှည့်ကြည့်ရင်း ဟုန်ကျွင့်ကို တွေ့တော့ ပြုံးပြလာ၏။
ထိုအပြုံးက အမျိုးသမီး တစ်ယောက်လို နူးညံ့သိမ်မွေ့မှု အရိပ်အမြွက်မျိုး ထွက်ပေါ်လာရာ ဟုန်ကျွင့်၏ နှလုံးသားသည် ရုတ်တရက် အရူးအမူး ခုန်သွားကာ သူ၏ ချောမောသော မျက်နှာနဲ့ နားရွက်များက နီရဲသွားလေသည်။ ဟုန်ကျွင့်လည်း ရှက်ရွံ့စွာ ပြုံးပြီး ချိုးယုံစစ်ဘက် ပြန်လှည့်သွားသည်။
"ဘယ်လို မိစ္ဆာမျိုးလဲ?" ချိုးယုံစစ် မေး၏။
"မြေခွေး ဖြစ်နိုင်တယ်... "
ဟုန်ကျွင့်ဆိုရင်း တစ်ဖက်က လူငယ်ဘက်သို့ ပြန်ပြုံးပြလိုက်သည်။ ထိုအပြုံးမှနေ၍ ဟုန်ကျွင့်၏ အလွန်ထင်ရှားသော ဆွဲဆောင်မှုတစ်ခုကို ခံစားရစေ၏။ လူငယ်သည် အမှန်တကယ်ပင် မတ်တပ်ထရပ်ကာ သူတို့နှစ်ဦးရှိရာသို့ လျှောက်သွားကာ အခန်းရှေ့တွင် ထိုင်လျက် ပြောလာသည်။
"ဒီလက်ဖက်ရည်က အရမ်းမွှေးတာပဲ"
ဟုန်ကျွင့် :"!!!"
ချိုးယုံစစ်က လျစ်လျူရှုတဲ့ အရိပ်အယောင် လုံးဝ မပြဘဲ ပြန်ပြောလိုက်သည်။
"ခဏနေရင် ရပြီ မလောပါနဲ့...ညီလေး နာမည်က ဘယ်လိုခေါ်လဲ?"
"တုဟန်ချင်း"
လူငယ်လေးမှာ မျက်ခုံးလေး ကွေးကာ ပြောလာ၏။ သူ့မျက်လုံးတွေက ရေစိုနေပုံရပြီး သူ့ပုံစံက ပျော့ပြောင်း နူးညံ့စွာဖြင့် ဟုန်ကျွင့်ရဲ့ မျက်နှာနဲ့ ရင်ဘတ်ကို စိုက်ကြည့်ရင်း သူ အနားကို ကပ်လာကာ မေးလေသည်။
"မင်းတို့ကရော?"
'အား... အနားကို မလာနဲ့' ဟုန်ကျွင့် စိတ်ထဲကနေပဲ ပြောပြီး ချိုးယုံစစ်က ပြောလိုက်သည်။
"ချိုးယုံစစ် ဟန်ကျိုးကလာတာ... ဒါက ငါ့ဝမ်းကွဲ ရှောင်ဟုန်ကျွင့်... ဟုန်ကျွင့် မင်းတို့နှစ်ယောက်က အသက် အတူတူလောက်ပဲ ပိုနီးစပ်သင့်တယ်..."
"မင်း မြို့တော်ကို အခုမှရောက်တာလား"
တုဟန်ချင်းရဲ့ မျက်လုံးတွေက ဟုန်ကျွင့်ရဲ့ မျက်လုံးတွေဆီကနေ ဘယ်လိုမှ မခွာသွားချေ။
"စာမေးပွဲက နောက်လရဲ့ ငါးရက်မြောက်နေ့မှာ စမှာ...."
ဟုန်ကျွင့်မှာ ထိုသူ့ကိုမြင်ရသောအခါ အလွန်စိတ်မသက်မသာ ဖြစ်မိသည်။ မြေခွေးမိစ္ဆာမှန်း သူသိသော်လည်း ၎င်းကို မစဉ်းစားမီ ချိုယုံစစ်က စားပွဲပေါ်မှ လက်ဆွဲပြီး ငြိမ်ငြိမ်နေဖို့ အချက်ပြလာ၏။ ဟုန်ကျွင့်လည်း ဘာလုပ်ရမှန်း မသိတာကြောင့် တုချင်းဟန်ရဲ့ မျက်လုံးတွေကို ကြည့်ပြီး ရယ်ပြလိုက်သည်။
တုဟန်ချင်း ပြုံး၍ "မင်းအသက် ဘယ်လောက်ရှိပြီလဲ?"
သူတို့နှစ်ယောက်ရဲ့ အသက်အရွယ်တွေအကြောင်းပြောရင်း ဟုန်ကျွင့်က တုဟန်ချင်းထက် နှစ်လပိုကြီးတဲ့အတွက် တုဟန်ချင်းက သူ့နာမည်ကို "ကိုကို" လို့ ပြောင်းခေါ်ခဲ့လေသည်။ သူတို့ဘယ်မှာနေလဲလို့ မေးတော့ ချိုးယုံစစ်က သူတို့ဟာ မြို့မှာရှိတဲ့ ဆွေမျိုးအိမ်မှာနေပြီး ဒီနေ့ ကျောင်းတော်ကို လာကြည့်တာဖြစ်ကြောင်း ပြောလိုက်သည်။
ဟုန်ကျွင့်: "ငယ်ငယ်ရွယ်ရွယ်နဲ့ ပညာ အရည်အချင်းကို စမ်းကြည့်ဖို့ ဒီကိုရောက်လာတာ မလွယ်ဘူးမလား"
တုဟန်ချင်းက ပြုံးပြီးပြော၏။
"ကျွန်တော်က ငယ်ငယ်လေးကတည်းက မိသားစုက ဆင်းရဲတယ်လေ... စာမေးပွဲမှာ နာမည်ကောင်းရဖို့ အားလုံးက မျှော်လင့်ကြတယ်"
ပြောပြီးတော့ သူက ဟုန်ကျွင့်ရဲ့ ခါးမှ ဒေါင်းငှက်မွေးနဲ့ ဆော့ကစားဖို့ သူ့လက်ကို ဆန့်လိုက်သည်။ ဟုန်ကျွင့်လည်း အလင်းငါးရောင်ဖြင့် သူ့အား လျင်မြန်စွာ ရိုက်ထုတ်လိုက်မည်ကို လက်နဲ့ ကာထားကာ ကြောက်သဖြင့် ချိုးယုံစစ် ထအော်လိုက်သည်။
"လင်းသွားပြီ!"
တုဟန်ချင်းလည်း ခေါင်းညိတ်ပြ၏။ ထိုစဥ် မနီးမဝေးက တစ်ယောက်ယောက်က "ဟန်ချင်း" လို့ ခေါ်လာသည်။ အဲဒီနောက် တုဟန်ချင်းက သူတို့အတွက် လက်ဖက်ရည် ငှဲ့ပေးဖို့ ထွက်သွားတော့သည်။
ဟုန်ကျွင့်သည် တုဟန်ချင်း လူသတ်ခဲ့လား၊ ဘယ်နှယောက် သတ်ခဲ့လဲ သိချင်သည်။ ယောင်ကျင်းနန်းတော်မှာတုန်းက ချင်းရှူံသည် မြေခွေးမိစ္ဆာတွေဟာ စိတ်ခံစားမှုနှင့် ဆော့ကစားတတ်ကာ လူ့နှလုံးကို စားသည်ဟု ပြောပြဖူး၏။ မြေခွေးမိစ္ဆာ၏ ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုများသည် လူသားများနှင့် အနီးစပ်ဆုံး တူညီပြီး ၎င်းတို့သည် လူသားများ၏ ခံစားချက်အမျိုးမျိုးကို ခံစားရနိုင်သော်လည်း မိစ္ဆာခန္ဓာကိုယ်မှ မလွတ်မြောက်နိုင်ပေ။
"သူ ခဏနေရင် ပြန်လာလိမ့်မယ်"
ချိုးယုံစစ်သည် ဟုန်ကျွင့်လက်ထဲသို့ အဖြူရောင် ကျောက်စိမ်းတစ်လုံးကို ပေးလိုက်ကာ။
"ဒါသူ့ကို ပေးလိုက်..."
"သူ မလာလောက်ပါဘူး" ဟုန်ကျွင့်က ပြောသည်။
ချိုးယုံစစ်: "သူလာလိမ့်မယ်... ဒီကောင်က မင်းကို သဘောကျနေတာ သိသာတယ် ကံကောင်းထောက်မစွာနဲ့ ခေါင်းဆောင်ကလည်း ဒီမှာမရှိဘူးလေ"
ဟုန်ကျွင့် :"?"
ခဏအကြာတွင် တုဟန်ချင်း တကယ်ကြီး ပြန်ရောက်လာသည်။ လက်ဖက်ရည် ငှဲ့ပေးပြီးနောက် သူ့သူငယ်ချင်းအချို့က သူ့ကို ဆက်လုပ်ဖို့ တောင်းဆိုနေပုံရသော်လည်း သူကတော့ ဂရုမစိုက်ချင်တော့ပေ။ ဟုန်ကျွင့် တုဟန်ချင်းကို စိုက်ကြည့်လိုက်တဲ့အခါ တုဟန်ချင်းက မျက်မှောင်ကြုတ်ကာ ရယ်မောလိုက်လေသည်။
"ဘာလို့ ငါ့ကို အမြဲတမ်း ကြည့်ကြည့်နေတာလဲ?"
"မင်း တော်တော်ကြည့်ကောင်းတာပဲ"
ဟုန်ကျွင့် ပြုံး၍ ဆိုလိုက်သည်။ တုဟန်ချင်းရဲ့ ပျော့ညံ့တဲ့ ပုံပန်းသဏ္ဍာန်က ဖော်မပြနိုင်လောက်အောင် ဆွဲဆောင်မှုရှိတယ်လို့ သူတကယ်ခံစားမိပါသည်။
တုဟန်ချင်း: "မင်း ကဗျာဖတ်လား"
"ဖတ်တယ်!"
"မင်းဘယ်သူ့ကို ကြိုက်လဲ"
"လီပိုင်... ငါ သူ့ကို အကြိုက်ဆုံးပဲ"
"ငါကတော့ ဝမ်ချောင်လင်ကို ကြိုက်တယ်"
ဒါကြောင့် နှစ်ယောက်သား ကဗျာအကြောင်းပြောရင်း တုဟန်ချင်းဟာ မိစ္ဆာတစ်ကောင် ဖြစ်ပေမယ့် သူ့ရဲ့ ကဗျာစွမ်းရည်ကိုတော့ လက်ခံနိုင်တုန်းပဲလို့ ပြောချင်ခဲ့သည်။ စကားများများပြောလေ ဟုန်ကျွင့်က လီပိုင်ရဲ့ ကဗျာတွေကို လက်ခံဖို့သာ ကြိုးစားနေရာ တုဟန်ချင်းအား ဒေါသထွက်လာစေတော့သည်။
အနောက်ဘက်သို့ နေဝင်သွားသည်နှင့်အမျှ ချိုးယုံစစ်က ပြုံးပြီး ဝင်ပြောလိုက်သည်။
"ငါတို့ သွားရတော့မယ် ဟုတ်တယ်မလား?"
တုဟန်ချင်း: "ငါ မင်းကို လျစ်လျူရှုထားတယ်"
ဒါပေမယ့် ဟုန်ကျွင့်က ရယ်ပြီး "ဒါလေးကို မင်းကြိုက်လား?"
ဟုန်ကျွင့်သည် ကျောက်စိမ်းပြားလေးကို စားပွဲပေါ်တင်ပြီး တုဟန်ချင်းဆီသို့ လက်ညှိုးလေးနဲ့ တွန်းပေးလိုက်သည်။
“မင်း ကျောက်စိမ်းတွေကို ကြိုက်တယ် မဟုတ်လား မင်း ငါ့ခါးဆွဲသီးကို မြင်တော့ ပျော်သွားတယ်လေ... အဲဒါ ငါ့အဖေက ပေးထားတာဆိုတော့ ငါ မင်းကို မပေးနိုင်ဘူး ဒါလေး ပေးမယ်"
ဟုန်ကျွင့်ဟာ လူတွေကို မရင်းနှီးခင်မှာ အမြဲတမ်း စိတ်ရှုပ်ထွေးနေပုံရပေမယ့် စကားစမြည် ပြောပြီးတာနဲ့ သူဟာ အရမ်းကို တက်ကြွပြီး စိတ်အားထက်သန်သူ ဖြစ်လေသည်။ တုဟန်ချင်းဟာလည်း ကျောက်စိမ်းကို လှမ်းကိုင်လိုက်ပြီး ချက်ချင်းဆိုသလို စိတ်လှုပ်ရှားနေခဲ့သည်။
"မနက်ဖြန် လာတွေ့မယ်" တုဟန်ချင်းက ရုတ်တရက် ထပြောသည်။
"ဟင်?"
ဟုန်ကျွင့် အံသြသွား၏။ တုဟန်ချင်းသာ နတ်ဆိုးနှင်ဌာနထဲကို ဝင်လာခဲ့ရင် အရမ်းအန္တရာယ်များမယ်လို့ တွေးမိသည်။
ချိုးယုံစစ်: "အိမ်မှာက ဆွေမျိုးတွေ အများကြီးရှိတယ် မင်းတို့နှစ်ယောက် တွေ့ဆုံဖို့ နေရာစီစဉ်ပေးရမလား?"
ဟုန်ကျွင့်က ခေါင်းညိတ်ပြပြီး မနက်ဖြန် နေ့လည်တွင် လီရွှေတံတားအောက်တွင် တွေ့ဆုံရန် တုဟန်ချင်းနှင့် ချိန်းထားခဲ့သည်။
.......
နေဝင်ရီတရော အချိန်တွင် လီကျင်လုံ ဖန်းအိမ်တော်မှ ထွက်လာခဲ့သည်။ ဖန်းချန်ချင်သည် ချိုင်းထောက်များကို မှီကာ တံခါးဝတွင် ရပ်လျက် ဖြည်းညှင်းစွာ ပြောသည်
"နောက်ဆုံးတော့ တိုးတက်မှုတွေ ရှိလာပြီပေါ့... အရင်က မင်း ငါ့ကို တစ်ခါမှ ဒီလိုမမေးဖူးဘူး"
လီကျင်လုံ နှုတ်ဆိတ်နေတာကြောင့် ဖန်းချန်ချင်ကပဲ ဆက်ပြောလိုက်သည်။
"မင်းရဲ့ ရည်မှန်းချက်ကို ငါနားလည်ပါတယ် ဒါပေမယ့် တရားရုံးမှာ အရာရှိဖြစ်ရတာ မင်းထင်သလို မလွယ်ဘူး.... အရာရှိဖြစ်ရတာက 'အထက်လူကြီးက အနိုင်ကျင့်တာတွေ၊ ယုတ်ညံ့သူတွေကို ဖုံးကွယ်ပေးရတာတွေ' ထက် ဘာမှ မပိုပါဘူး.... စောင့်ကြည့်လိုက် ဖုံးကွယ်ထားလို့ မရတော့ဘူး အခွင့်အရေး ရလာပြီဆိုရင် အမှန်တရားက ပေါ်လာလိမ့်မယ်"
လီကျင်လုံ: "ကျွန်တော် အဲဒါကို မဖျောက်နိုင်တော့ရင် အရမ်းနောက်ကျသွားမှာကို ကြောက်တယ်"
"သူတို့အတွက် ပြောရရင် ဘယ်တော့မှ နောက်မကျပါဘူး သေသေချာချာ ဆွေးနွေးကြရအောင်"
လီကျင်လုံ၏ လေးနက်သော မျက်ခုံးမွှေးများသည် ဖန်းချန်ချင်၏ စကားကို နားထောင်ပြီးနောက် ပို၍ပင် စိုးရိမ်လာသောကြောင့် တင်းမာသွားလေသည်။
......
ကော်ကျစ်ကျန့် ကျောင်းတော်မှ ထွက်လာသောအခါ မိုးချုပ်နေပြီဖြစ်၍ ဟုန်ကျွင့်သည် ထိုလူသုံးယောက်ကို မစစ်ဆေးရသေးကြောင်း သတိရသွားသည်။
ချိုးယုံစစ်: "ခန်းမထဲမှာ လူတိုင်းက မြေခွေးမိစ္ဆာတွေ ဖြစ်သွားပြီ"
ဟုန်ကျွင့်၏ မေးရိုးသည် ရုတ်တရက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့မတတ် ဖြစ်သွား၏။ သူ တုဟန်ချင်းကနှင့် စကားစမြည် ပြောနေစဉ် ချိုးယုံစစ်သည် ခန်းမထဲတွင် ရှုပ်ပွနေသော စကားဝိုင်းကို ဂရုတစိုက် နားထောင်နေခဲ့ပြီး ထိုလူများ၏ နာမည်များ သူ့နားထဲသို့ ဝင်လာသောအခါ ချိုးယုံစစ်က အကဲဖြတ်ပြီးသား ဖြစ်သည်။
"မြေခွေးမိစ္ဆာတွေ အဖြစ် ပြောင်းလဲသွားပြီလား"
ချိုးယုံစစ်: "မဟုတ်ရင် မြေခွေးတွေက ဆယ်နှစ်လောက် စာကျက်ပြီး မြို့တော်မှာ စာမေးပွဲဖြေဖို့ ဘယ်မှာသွားနေမယ် ထင်လဲ ပညာတော်သင် ချန်အန်းထဲကို ဝင်ပြီးတာနဲ့ သူတို့အားလုံးကို မြေခွေးတွေက အစားထိုးသွားပြီ... အားလုံးရဲ့ မေးစေ့တွေနဲ့ မျက်လုံးတွေက ခွဲခြားဖို့ မခက်ပေမယ့် အရင်က မစဉ်းစားမိဘူးလေ...
ဟုန်ကျွင့်: "ဒါဆို မူလလူတွေကရော"
ချိုးယုံစစ် ဟုန်ကျွင့်ကို တစ်ချက် ကြည့်လိုက်သည်။ ဟုန်ကျွင့်မှာတော့ ကျင့်ယွင်ရဲ့ အိပ်ရာအောက်မှာ ပုန်းနေတဲ့ အလောင်းခြောက် အကြောင်းကို တွေးမိပြီး ဆံပင်တွေ ထောင်တက်သွားတော့၏။