ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ချင်လင်နတ်သစ်ပင်
Chapter (19)
အရိုးပုံပြင်
ဝူရှဲ စကားမဆုံးခင်မှာပဲ တစ်ယောက်ယောက်က သူ့မျက်နှာနဲ့ ကန်ထည့်လိုက်တဲ့ ကန်ချက်ကြောင့် မူးလဲလုနီးပါး ဖြစ်သွားတော့သည်။ နောက်ဆုံးတော့ အရိုးကွဲအက်သံတွေ ဆက်တိုက်ကြားလိုက်ရပြီး ဘာဖြစ်သွားမှန်း မသိတော့ပေ။ ဝူရှဲ ထိတ်လန့်တုန်လှုပ်စွာဖြင့် မီးတုတ်ကို အလျင်အမြန် ထွန်းညှိကာ အနီးကပ် ပြေးကြည့်လိုက်တော့ လောင်းယန်သည် တစ်စုံတစ်ခုနှင့် နပန်းလုံးနေပြီး လူသေအလောင်းပုံထဲမှာ လူးလဲနေတာကို တွေ့လိုက်ရသည်။
ဝူရှဲ့ သူ့ကို အလျင်အမြန် အကူအညီပေးဖို့ သွားသော်လည်း လုံးဝ မကူညီနိုင်တာကို တွေ့ရ၏။ ထိုအရာသည် အရွယ်အစား မကြီးမားသော်လည်း အလွန်အားကောင်းသည်။ လောင်းယန်ရဲ့ အလေးချိန်မှာ ကီလိုဂရမ် 100 ကျော်ရှိတာတောင် ၎င်းကို ထိန်းထားနိုင်ခြင်း မရှိပေ။ သူတို့က အလောင်း နှစ်လောင်းပေါ်ကနေ တညီတညွတ်တည်း သောင်းကျန်းသွားသည်။ ဝူရှဲ လုံးဝ အနားကိုကပ်လို့ မရပေ။ ဘာမှ မလုပ်ရင်လည်ူ နားမလည်နိုင်စွာနဲ့ အရိုက်ခံရလိမ့်မယ်။ အကြိမ်ကြိမ် ကြိုးစားပြီးနောက် တိုက်ပွဲထဲကို မဝင်နိုင်တော့တာကြောင့် အပြင်ကနေ မတ်တပ်ရပ်ပြီး ကြည့်နေရုံသာ တတ်နိုင်တော့သည်။
သိပ်မကြာခင်မှာ လောင်းယန်လည်း ဆက်မထိန်းနိုင်တော့ပေ။ ထိုအရာက အကြိမ်ပေါင်းများစွာ ရုန်းထွက်နိုင်လုနီးပါး ဖြစ်နေခဲ့သည်။ ဒီအတိုင်း နောက်ထပ် ဆက်မသွားနိုင်တော့တာကို သိလိုက်တော့ ဝူရှဲ ဆရာလျောင်ကို အသံပေးလိုက်ကာ နှစ်ယောက်လုံး လောင်းယန်အပေါ်ကို သူ့ထက်ငါဆင့်ကာ ခုန်အုပ်လိုက်သည်။ အဲ့ဒီအရာက သူတို့အောက်ကို ဖိမိသွား၏။ လောင်းယန်လည်း ဝူရှဲက ဒီလိုအကွက်မျိုး ထုတ်သုံးလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့လောက်ချေ။
"သောက်ကျိုးနည်း! နည်းနည်း လျှော့စမ်းပါဦး.... ငါ့ကျောရိုး ကျိုးသွားလိမ့်မယ်!"
သို့သော် သူတို့က လောင်းယန်ကို ပြင်းပြင်းထန်ထန် ဖိချလိုက်ပြီး လူ ၃ ယောက်ရဲ့ အလေးချိန်ကို အောက်က အရာပေါ် လုံးလုံး ချထားလိုက်သည်။ အောက်ကအရာ မလှုပ်တော့မှ ဝူရှဲ မေးလိုက်၏။
"ဘယ်လိုလဲ? အဲဒါကြီး သေသွားပြီလား?"
လောင်းယန်မှာလည်း သူ့သွားများကြားမှ စကားအနည်းငယ်ကို ညှစ်ထုတ်လိုက်ပြီး
"မသိဘူး! ဒါပေမဲ့ မင်းတို့မထရင် ငါကတော့ သေတော့မယ်!"
သူ့မျက်နှာက နီရဲနေတာကို မြင်လိုက်ရတော့ ဝူရှဲတို့လည်း သူတို့ခွန်အားတွေကို အမြန်ဖယ်ရှားလိုက်သည်။ လောင်းယန်က နောက်ပြန်လှည့်ပြီး သက်ပြင်းတစ်ချက် ချကာ
“မင်း--မင်းက သိပ်ရက်စက်လွန်းတယ်လို့ မထင်ဘူးလား? ငယ်ငယ်က လူ ခုနစ်ယောက် ရှစ်ယောက်ကို ပေါင်းထားသလိုပဲ... ကံကောင်းလို့ ငါ့မှာ သန်မာတဲ့ ကျောရိုးရှိနေလို့သာပေါ့.... မဟုတ်ရင် ငါ့ခန္ဓာကိုယ် တစ်ဝက်လောက်က လေဖြတ်သွားလိမ့်မယ်!"
ဝူရှဲလည်း သူ့ကို ဘယ်လို စကားတွေပြောနေတာလဲ မင်းသာအဲ့ဒါကို ထိန်းနိုင်ရင် ငါဒီလောက် အားထည့်စရာ လိုနေသေးလို့လား။ မင်း ခါးပြတ်သွားရင်လည်း ငါ့အတွက် လွယ်မှာမဟုတ်ဘူးလို့သာ ပြောလိုက်သည်။
ဒါကိုကြားတော့ လောင်းယန်က သူ့ခါးကို ပွတ်သပ်ပြီး ဝူရှဲအား အကြင်နာကင်းမဲ့သူလို့ ကျိန်ဆဲလိုက်သည်။ ဝူရှဲကတော့ သူ့ကို လျစ်လျူရှုပြီး ဆရာလျောင်ဘက်ကို လှည့်ပြီး
"ပြောခါမှ အစောနဟာက ဘာကြီးလဲ? အကောင်ကသေးပြီး အားက လူတစ်ယောက် အတိုင်းပဲ... သေချာ သတိထားပြီး ကြည့်ရမယ်"
ဝူရှဲပြောတာကို ကြားတော့မှ သုံးယောက်သား သတိတွေ ဝင်လာပြီး ဟိုကြည့်ဒီကြည့်နဲ့ ရှာဖွေကြည့်တော့မှာ အရိုးစုထဲမှာ မီးခိုးရောင် အမွေးအမှင် တစ်ခုကို တွေ့လိုက်ရသည်။ အဲဒါက တောကြောင် အရွယ်အစားလောက် ရှိကယ သူတို့ရဲ့ ဖိအားကြောင့် ပြားချပ်ချပ်ချပ်လေးပဲ ကျန်တော့သည်။
လောင်းယန် ပေါင်ရိုးကို ကောက်ကိုင်လိုက်ပြီး လှန်ကြည့်လိုက်၏။ လတ်စသတ်တော့ တော်တော်ကြာအောင် ဒုက္ခပေးနေတဲ့ အရာကြီးက ကြွက်ကြီးတစ်ကောင် ဖြစ်နေတာပဲ။ လောင်းယန်နဲ့ ဆရာလျောင်လည်း ဝူရှဲကို ကြည့်လာပြီး သုံးယောက်လုံး တစ်ပြိုင်တည်း ရယ်မောလိုက်ကြသည်။ အသောက လိုက်ရှာကြရင်း တိုက်ခိုက်တဲ့သူကို ရှာမတွေ့ခဲ့တာ အံ့သြစရာ မရှိတော့ပေ။ ဒီကြွက်က သူတို့ကို တိုက်ခိုက်ပြီးနောက် အရိုးစုတွေက မျက်လုံးအပေါက်ထဲကို တိုးဝင်သွားပြီး ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့တာ ဖြစ်မယ်။ သူတို့ကတော့ တစ္ဆေတစ်ကောင်လို့ ထင်ခဲ့တာ။ တကယ်တော့ သူတို့ဟာ အမှန်တရားကို မသိဘဲ မိမိဘာသာ ကြောက်လန့်နေခဲ့ကြလေသည်။
ဒါပေမဲ့ ပြန်တွေးကြည့်တော့လည်း မဟုတ်သေးဘူးလို့ ခံစားရပြန်၏။ ဒီကြွက်က အရမ်းကြီးကာ ဘယ်လိုမျိုးစိတ်လဲပင် မသိ။ အလောင်းတွေစားပြီး ကြီးပြင်းလာတာလား။ ဒီထဲမှာ ဒီလိုကြွက်ကြီးတွေ ဘယ်လောက်တောင် ရှိသလဲ မသိရချေ။ ဒီကြွက်တွေ အများကြီးရှိတော့ အုပ်စုလိုက်တွေ့ရရင် မစားနိုင်ဘဲ သူတို့ကိုပဲ ပြန်သယ်သွားနိုင်သည်။
လောင်းယန်ကလည်း သူနဲ့ အတွေးတူပြီး ခဏလောက် ပြုံးပြီး သူ့အမူအရာ ချက်ချင်း ပြောင်းသွားသည်။
"မကောင်းတော့ဘူး.... ဒီကြွက်ဘုရင်ကို ငါတို့က အသေသတ်ပစ်လိုက်ပြီ သူ့ကြွက်သားမြေးတွေ ငါတို့ကို ဒုက္ခပေးမှာလား မသိဘူး.... ငါ့အထင်တော့ ငါတို့ မြန်မြန် ထွက်ပြေးပြီး ဘာသဲလွန်စမှ မချန်ခဲ့တာ အကောင်းဆုံးပဲ"
ဝူရှဲလည်း သဘောတူဟန် ခေါင်းညိတ်လိုက်သည်။ လောင်းယန်က ခေါင်းကို လှည့်လိုက်ပြီး ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူက ရုတ်တရက်
"သေစမ်း! ငါတို့ ဘယ်လမ်းကို သွားရမှာလဲ?"
ဝူရှဲလည်း လှည့်ကြည့်လိုက်တော့ အခုနတုန်းက ခိုက်ရန်ဖြစ်နေတာကြောင့် လက်ရှိနေရာမှာ အရှေ့ရော နောက်ရောက အတူတူပဲ ဖြစ်နေသည်။ အခု ဘယ်ကလာတယ်၊ ဘယ်ကိုသွားမယ်ဆိုတာ မပြောနိုင်တော့ဘူး။
ဝူရှဲ သူ့နှလုံးသားထဲမှာ ထင်မြင်ချက် အနည်းငယ်ရှိခဲ့သော်လည်း မှန်ကန်တဲ့ အနေအထားကို နားမလည်နိုင်တာကြောင့် အဲဒီထင်မြင်ချက်ဖြစ်တဲ့ ကိုယ်တွေးနေတာက မှန်သလားဆိုတာ မသေချာသလောက် ဖြစ်လာသည်။ သူခဏ တုံ့ဆိုင်းလိုက်တာနဲ့ ထိုခံစားချက်က သဲလွန်စမရှိဘဲ ပျောက်သွားတော့သည်။
လောင်းယန်သည် ပတ်ဝန်းကျင်ကို အကြိမ်တစ်ဒါဇင်ထက်မနည်း အပြန်ပြန် အလှန်လှန်ကြည့်ကာ ဘာမှမတတ်နိုင်တော့တာကို မြင်သောကြောင့် ဝူရှဲလည်း ပြောလိုက်သည်။
"မေ့လိုက်ပါတော့ ငါတို့ တစ်ဖက်ကိုပဲ အပြေးအလွှား သွားကြရအောင်"
ဝူရှဲ တစ်ခုခုမှားနေပြီလို့ ခံစားမိနေတာမို့ ဆရာလျောင်ရဲ့ ထင်မြင်ချက်တချို့ကို မေးကြည့်ချင်လာသည်။ သူတို့ လှည့်ကြည့်လိုက်တော့ ထိုသူက သူတို့ပြောတာကို လုံးဝနားမထောင်ဘဲ မြေကြီးပေါ်က အရိုးတွေကို ကောက်ယူဖို့ အာရုံစိုက် စူးစမ်းနေတာကို တွေ့လိုက်ရတော့သည်။
ဝူရှဲတစ်ယောက် စိတ်ထဲမှာ ထူးဆန်းသလို ခံစားလိုက်ရတဲ့အတွက် လောင်းယန် ဆွဲကိုင်လိုက်ပြီး သူဘာလုပ်နေလဲ ဆိုတာကို ကြည့်ဖို့ ကပ်သွားလိုက်သည်။
လူနှင့် ကြွက်ကြားက စစ်ပွဲတွင် လူသေအလောင်း တစ်ဒါဇင်ကျော် ပါဝင်ခဲ့သည်။ အဆိုပါ အလောင်းများသည် သဲတွေလို ဆွေးမြေ့ခဲ့တာ ကြာမြင့်နေပြီ ဖြစ်သောကြောင့် အရိုက်ခံရပြီးသည်နှင့် ၎င်းတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များပင် ပျက်စီးသွားခဲ့ပြီ။ ၎င်းတို့ထဲမှ အများစုမှာ အရိုးအစိတ်အမြွှာငယ်များ အဖြစ် ကွဲသွားကာ ရှုပ်ပွနေ၏။ ဘာကြောင့်မှန်းမသိ ဆရာလျောင်က မကျိုးပဲ့နေသော အရိုးများကို မြေကြီးပေါ်မှ တစ်ခုပြီးတစ်ခု ကောက်ယူကာ ဘေးဖယ်ထားလိုက်သည်။
ဒီအရိုးများက ကြွက်ကြီးများက သူတို့သွားများကို ကြိတ်ရန်အတွက် ကိရိယာများအဖြစ် အသုံးပြုခဲ့ကြတာ ဖြစ်နိုင်သည်။ ဒါကြောင့် ယခုဆို ထိုအရိုးများသည် အလွန်တရာ ကွဲအက်နေသဖြင့် ၎င်းတို့သည် လူ့ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်း ဖြစ်တယ် ဆိုတာကိုတောင် မပြောနိုင်တော့ပေ။
ဆရာလျောင်က လေးလေးနက်နက် တွေးတောနေတာကို မြင်လိုက်ရသဖြင့် လောင်းယန်တစ်ယောက် သိချင်စိတ်ဖြင့် မေးကြည့်လိုက်သည်။
"ဆရာကြီး.... ခင်ဗျား ဘယ်လိုဒုက္ခမျိုးတွေ ရှာနေပြန်တာလဲ"
ဆရာလျောင်က ခဏလောက် လန့်ဖြတ်သွားပြီးမှ လှည့်ကာ ပြောလာခဲ့သည်။
"အံ့သြစရာကောင်းတယ်.... ဒီကြွက်က ငါတို့ကို ဒုက္ခပေးခဲ့တယ် ဆိုပေမယ့် သူအမှားလုပ်ခဲ့တာပဲ... ငါ လျှို့ဝှက်ချက်ကြီး တစ်ခုကို ရှာတွေ့ထားတယ်"
စိတ်လှုပ်ရှားစွာ အရောင် တောက်နေတဲ့ သူ့မျက်လုံးတွေကို မြင်လိုက်ရတော့ ဝူရှဲ ပိုလို့တောင် သိချင်လာတယ်။ ဒီအရိုးတွေကနေ ဘာလျှို့ဝှက်ချက်နဲ့ ရနိုင်ပါ့မလဲ။
ဆရာလျောင်က သူတို့ကို ငုတ်တုတ်ထိုင်ခိုင်းပြီး အရိုးတစ်ချောင်းကို ကောက်ယူကာ ပေးလာခဲ့သည်။
"မင်းတို့နှစ်ယောက် ကြည့်လိုက်... တစ်ခုခုတွေ့ရလား?"
လောင်းယန်နဲ့ ဝူရှဲမှာ သူဘာဖြစ်နေမှန်း မသိတာကြောက့် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တိတ်ဆိတ်နေကြသည်။ လောင်းယန်က ထူးဆန်းတဲ့ အပြုံးကြီးကို ပြုံးပြပြီး မေးလိုက်ပေ၏။
"ခင်ဗျား ကျုပ်တို့ကို မထီမဲ့မြင်ပြုနေတာတော့ မဟုတ်ဘူးမလား? ငါတို့က လူသေတွေရဲ့ ပစ္စည်းတွေကို ယူမလို့လာတာ... လူသေတွေကို သယ်သွားဖို့ မဟုတ်ဘူး... ခင်ဗျား လိုရင်းကိုပြော! ပြောပြီးပြီ ဆိုရင်လည်း မြန်မြန် ထွက်သွားကြရအောင်"
ဆရာလျောင်က ရှက်ရွံ့စွာ ပြုံးပြီး
"ငါ စကား မပြောနိုင်လောက်အောင်ကို စိတ်လှုပ်ရှားနေလို့ပါ စိတ်မဆိုးပါနဲ့.... ငါ ဘာပြောရမလဲဆိုတာ အရင်စဉ်းစားပါရစေ.... အမ် မင်းတို့ ဒီအရိုးတွေကို အနီးကပ် ကြည့်ကြည့်လိုက်"
ဝူရှဲလည်း အရိုးကိုယူ၍ ကိုယ့်ဘာသာ ရှာကြည့်လိုက်တော့ သူညွှန်ပြသော နေရာမှာ အလွန်ချောမွေ့သော အထစ်တစ်ခုကို တွေ့လိုက်ရသည်။ ခွဲစိတ်မှုထားတဲ့ အရိုးနှင့်အရောင် တူပြီး သက်တမ်းကလည်း အလွန်ရင့်ပေလိမ့်မည်။ သို့သော် ဆရာလျောင်က ဘာရည်ရွယ်ချက်နဲ့ ပြတာလဲ ဆိုတာကို မပြောတတ်ဘူး ဖြစ်နေသည်။
ဆရာလျောင်က ဝူရှဲကို ပဟေဠိဆန်တဲ့ အကြည့်နဲ့ ကြည့်ပြီး
"မင်း မမြင်နိုင်ရင်လည်း ကိစ္စမရှိပါဘူး...ငါမင်းတို့ကို ပြောပြမယ်.... ဒီအရိုးက လူ့ညှပ်ရိုး...ဒီနေရာလေ..."
ပြောလိုက်ပြီး သူ့လည်ပင်း အဆက်နားကို ထိုးပြလိုက်သည်။
“အဲဒါကို လူမသေခင်က ဖြစ်ပေါ်ခဲ့တဲ့ အရိုးဟောင်းဒဏ်ရာလို့ ခေါ်တယ်... ခွဲစိတ်မှုလုပ်တုန်းက ချွန်ထက်နေတဲ့ အရာမျိုး ကျန်ခဲဲ့သလိုမျိုး အရိုးထဲက အနာကျက်တာ လုံးဝမရှိခဲ့ဘူး...ဆိုလိုတာက ဒီအနာရှိနေတဲ့ အချိန်တုန်းနဲ့ ဒီလူသေဆုံးတဲ့အချိန်က အရမ်းနီးကပ်နေလိမ့်မယ်”
လောင်းယန် ဒီစကားကို ကြားတော့ တစ်ခုခုဖြစ်နေပြီလို့ ထင်လိုက်မိပေမယ့် သူအရမ်းစိတ်မရှည်တော့ဘဲ။
“အဲဒါက ဘယ်လို လျှို့ဝှက်ချက်မျိုးလဲ? ဒီလိုဒဏ်ရာမျိုးနဲ့ သေသွားရတာတော့ သနားစရာကောင်းပါတယ် ဒါပေမဲ့ ကျုပ် မြန်မြန်သွားရမယ် မီးက ကုန်ခါနီးနေပြီ"
ဆရာလျောင်က သူ့လက်ကို အလျင်စလို ဝှေ့ယမ်းပြီး
"နောက်ထပ် သုံးမိနစ်လောက် အချိန်ပေးပါ... ငါပြောပါ့မယ် မြန်မြန်ပြောပါ့မယ်!"
ဝူရှဲလည်း ဆရာလျောင်က အရမ်း စိတ်လှုပ်ရှားနေပြီး အရှုံးမပေးချင်ဘူး ဆိုတာကို မြင်နေရသည်။ လောင်းယန် စကားအပြောအဆိုနဲ့ အချိန်ဖြုန်း ကြိမ်းမောင်း နှောက်ယှက်တာကို ရပ်ဖို့ ဝူရှဲသူ့ကို အမြန်မျက်စိ မှိတ်ပြလိုက်ရသည်။ ထို့နောက် ဆရာလျောင်ဘက် လှည့်ပြီး
“သူ့ကို လျစ်လျူရှုလိုက်... ခင်ဗျား ပြောကြည့်ပါ"
သူကတံတွေး မျိုချလိုက်ပြီး
“အမ် ဒီဒဏ်ရာရရဲ့ အချိန်က ဒီလူသေဆုံးချိန်နဲ့ အရမ်းနီးကပ်နေပြီလို့ ပြောရမယ် ဆိုရင် ဒီဒဏ်ရာက ဒီလူသေဆုံးရတဲ့ အကြောင်းရင်း ဖြစ်နိုင်တယ်လို့ ကောက်ချက်ချနိုင်တယ်.... ဒီအနေအထားမှာ လူတစ်ယောက်က ညှပ်ရိုးအထက်က သွေးလွှတ်ကြောကို ဖြတ်ပစ်ဖို့ ဓားကို အသုံးပြုခဲ့နိုင်တယ် ဓားကို ဖြတ်လိုက်တာက အရမ်းမြန်တဲ့အတွက် အရိုးကိုပါ လှီးဖြတ်ပစ်လိုက်တာ ဖြစ်နိုင်တယ်"
ဒါကိုကြားတော့ ဝူရှဲ အံ့ဩသွားပြီး
"ခင်ဗျား ပြောတဲ့အတိုင်း ဒီအရိုးပိုင်ရှင်က လည်ချောင်းကို လှီးဖြတ်ပြီး အသတ်ခံလိုက်ရတာလား!"
ဆရာလျောင်က ထူးထူးခြားခြား ပြုံးပြီး ခေါင်းကို ခါယမ်းပြလာသည်။
“ဒီတစ်ခုတည်းတင် မဟုတ်ဘူး... ဒီမှာ အလောင်းပိုင်ရှင်တွေ အားလုံးက ဒီနည်းနဲ့ သေဆုံးသွားခဲ့ကြတာ... ဒီပေါ်မှာ ညှပ်ရိုးအရိုးခုနစ်ချောင်း ရှိတယ် ဆိုတာ မင်းမြင်ရတယ်မလား? ပြီးတော့ ပြတ်ရှရာတွေ အကုန်လုံးက အတူတူပဲ... ဒါမျိုးက ရှေးခေတ်က တိရိစ္ဆာန်နဲ့ လူတွေကို ယဇ်ပူဇော်တဲ့အခါ သုံးတဲ့ နည်းလမ်းမျိုးပဲ....ယဇ်ကောင်ကို ယဇ်ပုလ္လင်ရှေ့မှာ ဒူးထောက်ခိုင်းပြီး ယဇ်ပုရောဟိတ်က သူတို့အနောက်ကနေ လည်ချောင်းကို လှီးဖြတ်လိုက်မယ်.. ဒါပေမဲ့ ဒီမှာရှိတဲ့ လူတွေက သူတို့ရှေ့ကနေ ဓားနဲ့ခုတ်ခဲ့တာ ဆိုတော့ သူတို့က ယဇ်ပူဇော် ခံခဲ့ရသူတွေ မဖြစ်နိုင်ဘူး... စစ်ပွဲမှာ သေဆုံးသွားတဲ့ လူတွေ ဖြစ်ရမယ်"
ဆရာလျောင် ဒီလိုပြောပြီးတဲ့အခါ တောက်ပတဲ့ မျက်လုံးတွေနဲ့ ဝူရှဲကို စိုက်ကြည့်နေသည်။ ဝူရှဲ အရမ်းကြောက်သွားကာ ဒီကောင် ဘာဖြစ်နေတာလဲလို့ ကိုယ့်ကိုကိုယ် ပြန်တွေးမိသည်။ တိုက်ပွဲမှာ သေရတဲ့လူဆိုလည်း တိုက်ပွဲမှာ သေရတဲ့လူပေါ့။ သူကဘာလို့ စိတ်လှုပ်ရှားလွန်းလို့ မျက်လုံးတွေ အရောင်တောက်နေရတာလဲ။ ဝူရှဲသူ့ကို အမြန်မေးလိုက်သည်။
"ဆရာလျောင် ခင်ဗျား ပြောနေတဲ့ လျှို့ဝှက်ချက်ကြီးက ဒါလား?"
ဆရာလျောင်က လျှို့ဝှက်ဆန်းကြယ်ဟန် ဆောင်ပြီး
"မဟုတ်ဘူး မဟုတ်ဘူး ဒါက လျှို့ဝှက်ချက်ကြီးရဲ့ နိဒါန်းပဲ ရှိသေးတယ်...ငါပြောမယ့် နောက်တစ်ခုကမှ အဓိကအကြောင်းအရာပဲ"
သူက စကားပြောနေစဉ်တွင် သူသည် ခန္ဓာကိုယ်၏ အပိုင်းအစများထဲမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်ပြီး ပြောလာခဲ့သည်။
"ဒီအရာကြီးထဲမှာ လျှို့ဝှက်ချက်ကြီးကို ဝှက်ထားတယ်"
ဝူရှဲ ကြည့်လိုက်သော်လည်း သဲသဲကွဲကွဲ မမြင်ရပေ။ ဝါးဦးထုပ် သို့မဟုတ် ချပ်ဝတ်တန်ဆာ အစိတ်အပိုင်း ဖြစ်ပုံရသည်။ သို့သော် ထိုအရာက အရိုးမဟုတ်ဘဲ မင်ထည် ဖြစ်လိမ့်မည်။ ဝူရှဲ ကောက်ကိုင်လိုက်ပြီး မီးတုတ်အောက်မှာ သေသေချာချာ ကြည့်လိုက်တော့ အံ့သြသွားရလေသည်။
"ဒါ ကြေးချပ်ဝတ်တန်ဆာရဲ့ အပိုင်းအစလား?"
[TN - 明器 မင်ထည်က ရှေးခေတ် မင်းမျိုးမင်းနွယ်တွေကို သင်္ဂြုလ်တဲ့အခါ တခြားပစ္စည်းတွေနဲ့တူအောင် လုပ်တတ်တဲ့ အတုလုပ်ပစ္စည်းလို့ ပြောပါတယ်။ အသွေးလည်း အတိအကျ မပြောတတ်လို့ ပုံလေးတော့ ရှာထားပါတယ်]
ဆရာလျောင်က ခေါင်းညိတ်လိုက်ပြီး
"ဟုတ်တယ်!"
ဒီအချိန်မှာတော့ ဆရာလျောင်ဆီက ရောဂါတွေ ကူးစက်သွားတာလား သူ့ကိုယ်ပိုင် အတွေးကြောင့်ပဲလား မသိပေမယ့် ဝူရှဲသည် ဆရာလျောင် ပြောတဲ့ မြေကြီးကို ကွဲအက်စေတဲ့ လျှို့ဝှက်ချက်တွေ တကယ်ရှိနိုင်တယ်လို့ ယောင်ဝါးဝါး ခံစားလိုက်ရပြီး အေးစက်တဲ့ ချွေးတွေပါ ထွက်လာတော့သည်။
ဆရာလျောင်က ဆက်ပြောလေသည်။
"ဒါက ဟန်မင်းဆက်နောက်ပိုင်းမှ ထွက်လာတဲ့ ချပ်ဝတ်တန်ဆာပုံစံပဲ.... ဒီအပိုင်းကို ကြည့်လိုက်...အနားသတ် မရှိဘူး ဒါက နွေရာသီရဲ့ ချပ်ဝတ်တန်ဆာပဲ... ဒီလူက နွေရာသီမှာ သေသွားတာ... နောက်ပြီး အထူးဆန်းဆုံးက ဒါပဲ”
သူသည် ချပ်ဝတ်တန်ဆာ အပိုင်းအစမှ တစ်စုံတစ်ခုကို ဂရုတစိုက် ဖယ်ထုတ်လိုက်ပြီး
“ဒီဟာက သိပ်မထင်ရှားပေမယ့် သော့ချက်ပဲ... အစ်ကိုလေးဝူက ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပဲ ဒါက ဘာလဲဆိုတာ သိမှာပါ ကြည့်ကြည့်လိုက်"
ဝူရှဲ တစ်ကိုယ်လုံး အအေးမိသွားသလို ခံစားလိုက်ရသည်။ သူ့ရဲ့ အကြံကို လိုက်ကြည့်တော့ ဝူရှဲ နားလည်သွား၏။ တခြားမဟုတ်ပေ။ ၎င်းမှာ ပိုးထည်လေးတစ်စ ဖြစ်နေသည်။ အလောင်း ဆွေးမြေ့ပုပ်ပွသွားတဲ့ အချိန်တုန်းက အလောင်းကောင်ရဲ့ အရည်တွေကြောင့် လက်သည်းခွံမှာ ကပ်နေခဲ့တ ဖြစ်နိုင်သည်။
ဒါတွေအားလုံးဟာ ဟန်လူမျိုးတွေရဲ့ ပစ္စည်းတွေပဲ။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက မျိုးသုဉ်းသွားခဲ့တဲ့ ရှစ်လူမျိုးတွေရဲ့ သင်္ချိုင်းတွင်းမှာ ဘယ်လိုလုပ် ဒါတွေက ပေါ်လာရတာလဲ။
ဆရာလျောင်က ဒီနေရာကို ကြည့်ပြီး
"ငါခန့်မှန်းတာသာ မှန်တယ်ဆိုရင် ဒါက သင်္ချိုင်းတွင်း မဟုတ်ဘူး စစ်မြေပြင်ပဲ... ဒီမှာ လူသေအလောင်း နှစ်အုပ်စု ရှိတယ်... တစ်အုပ်စုက ဒီရှေးဟောင်း အုတ်ဂူကို ကာကွယ်ကြတဲ့လူ... ကျန်တဲ့အုပ်စုက ဟန်လူမျိုးရဲ့ စစ်သားတွေပဲ"