ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ချင်လင်နတ်သစ်ပင်
Chapter (25)
ယဇ်ပူဇော်ခြင်း
လောင်းယန်နဲ့ ဝူရှဲလည်း ဒါကိုကြားတော့ သူဘယ်လိုထင်လဲလို့ မေးလိုက်သည်။ သူက ခေါင်းကိုကုတ်ပြီး
"ငါက အကြမ်းဖျင်းလောက်ပဲ မှန်းဆနေတာ... ဒီကြေးနီပင်က အဓိက မဟုတ်ဘူး။ အရေးကြီးတဲ့ အရာက သစ်ပင်ပေါ်က ဒီမြောင်းလေးတွေ ဖြစ်နိုင်တယ်...ယဇ်ပူဇော်တဲ့ အချိန်မှာ ဒီအရာတွေက အရည်တွေ စုဆောင်းဖို့အတွက် သုံးကြတာဖြစ်မယ်.. မိုးရေ၊ သွေး ဒါမှမဟုတ် နှင်းရည်လို တစ်ခုခုပေါ့"
လောင်ယန်းက "ဧကရာဇ်မင်းက လက်ဖက်လုပ်ဖို့အတွက် နှင်းရည်တွေ စုဆောင်းထားသလိုမျိုးလား? အမြစ်မရှိတဲ့ရေလို့ ခေါ်တာလားလို့??"
ဆရာလျောင်က ထိုလျှိုမြောင်များထဲက အနက်ရောင် အညစ်အကြေးများကို ခြစ်ထုတ်ရန် သူ့ဘောပင်ကို အသုံးပြုခဲ့သည်။ နှစ်ပေါင်းထောင်ချီ ကြာပြီးနောက်တွင် ၎င်းသည် ဘိုးဘေးများ၏ သွေးခြောက်များလား သို့မဟုတ် မိုးရေထဲက အနည်အနှစ်များလားပင် မပြောနိုင်တော့ပေ။ ဆရာလျောင်က အကိုင်းအခက်များကို တစ်ဖန်ကြည့်ရှု၍
“ကြည့်...ဒီအညစ်အကြေးတွေက ဒီအကိုင်းအခက်တွေ အောက်က လှံစွပ်လို မြွေနှစ်ကောင်ရဲ့ အလယ်ကို ရောက်သွားကြတယ်... ဒါသွေးကို ယဇ်ပူဇော်တဲ့ ကိစ္စနဲ့ သေချာပေါက် ဆက်စပ်မှုရှိနိုင်တယ်”
ဝူရှဲ နားမလည်တာကြောင့် သူ့ကို ဆက်ပြောခိုင်းလိုက်သည်။ ဤလျှိုမြောင်တွေနဲ့ သွေးယဇ်ပူဇော်တဲ့ ကိစ္စက ဘယ်လို ဆက်စပ်နေတာလဲ။ သူတို့ကဘာကြောင့် ဒီသွေးပူဇော်သက္ကာကို သုံးခဲ့ကြတာလဲ ဆိုတာကို အသေးစိတ် ရှင်းပြခိုင်းလိုက်လေသည်။
အနောက် ကျိုးမင်းဆက်က ယဇ်ပူဇော်မှုများသည် စုန့် မင်းဆက်ကဲ့သို့ ရက်စက်ကြမ်းကြုတ်ခြင်း မရှိသော်လည်း လူသားများကို ယဇ်ပူဇော်ခြင်းက ရှောင်လွှဲလို့ မရချေ။ မတူညီသော ယဇ်ပူဇော်နည်းဟု ခေါ်သည့် ကွဲပြားသော ယဇ်ပူဇော်နည်းများသည် လူသားယဇ်ပူဇော်ခြင်း အပေါ် မတူညီသော နည်းလမ်းများသာ ဖြစ်သည်။ ဥပမာ ယဇ်ပူဇော်တဲ့အခါ မြေကို ယဇ်ပူဇော်လိုပါက လူတွေကို အရှင်လတ်လတ် မြှုပ်နှံလိုက်ခြင်း၊ မီးနတ်ဘုရားအား မီးရှို့၍ အသေသတ် ယဇ်ပူဇော်ခြင်း၊ မြစ်နတ်ဘုရားအား ယဇ်ပူဇော်လျှင် လူကို မြစ်ထဲသို့ ပစ်ချခြင်းတွေပဲ ဖြစ်သည်။
ဒီမှာက ကောင်းကင်ကို တက်သွားတဲ့ ကြေးနီအပင်ကြီး တစ်ပင် ရှိနေသည်။ ဒီယဇ်ပူဇော်မှုဟာ ဖူစန်းရော့မု လိုမျိုး မြင့်မြတ်တဲ့ နတ်သစ်ပင်ဖြစ်နိုင်သလို စစ်မုနတ်ဘုရား ကျွိမန်လည်း ဖြစ်နိုင်သည်။ အများအားဖြင့်တော့ အဲဒီနတ်ဘုရားတွေက သွေးယဇ်ပူဇော်မှုတွေကို အသုံးပြုကြတယ်လေ။
အခုပဲ ဦးလေးထိုက်ရဲ့ သွေးတွေဟာ ကြေးအကိုင်းအခက်တွေ တစ်လျှောက် ကြေးနီပင်ပေါ်က မြွေနှစ်ကောင်ထဲကို စီးဆင်းသွားပါပြီ။ ကြေးအကိုင်းအခက်များပေါ်ရှိ လှံစွပ်မှာ သွေးထွက်လာသည်နှင့် စိမ့်ဝင်စီးဆင်းရမယ့် အပေါက်များကဲ့သို့ အမှတ်အသားများနှင့် တွဲလျက်ရှိကာ ယင်းသည် သွေးပူဇော်ရန် အတွက် အသုံးပြုသော ယဇ်အိုး ဖြစ်ရမည်မှာ ထင်ရှားပါ၏။
သွေးပူဇော်သက္ကာလို့ ခေါ်တဲ့ ယဇ်ပူဇော်နည်း အများစုကတော့ သွေးကို မြေကြီးထဲ ထည့်ထားကြတာပါပဲ။ ဒီအတိုင်းဆို ယဇ်ပူဇော်တဲ့အခါ ယဇ်ကောင်ကို ဤကြေးနီ အကိုင်းအခက်များတွင် သံမှိုရိုကိထားရမည် ဖြစ်ပြီး အလောင်းဆီက အသွေးကို ထုတ်ယူကာ သစ်ပင်ပေါ်ရှိ မြွေနှစ်ကောင် လမ်းထဲသို့ ပေါင်းထည့်ရမှာပဲ ဖြစ်သည်။ သွေးသည် တစ်ဝက်တစ်ပျက် မထွက်ပါက ကျောက်အောက်တွင် နစ်မြုပ်နေသော ကြေးနီပင်၏ အမြစ်များဆီသို့ မလွှဲမရှောင်သာ စီးဆင်းသွားမည် ဖြစ်သလို နတ်ဘုရားထံ သွေးအပ်နှံခြင်းကို ကိုယ်စားပြုသည့် သင်္ကေတလည်း ဖြစ်သွားမည်။
ပို၍ ရှင်းရှင်းလင်းလင်း ပြောရလျှင် သစ်ပင်တစ်ပင်လုံး၏ ပုံစံသည် ဆေးရုံ ခန္ဓာဗေဒ ဓာတ်ခွဲခန်းထဲရှိ သွေးကျင်းနှင့် တူ၊လသည်။ အလောင်းတွေရဲ့ ကုတင်ပေါင်းများစွာပေါ်ရှိ သွေးများက ဘယ်လိုပဲ ရှိစေကာမူ နောက်ဆုံးတွင် ထိုလျှိုမြောင်များမှတစ်ဆင့် သွေးတွင်းထဲသို့ စီးဝင်ကာ မြောင်းပိုက် အတွင်းသို့ စီးဝင်သွားရသည်။ ယခူနေရာတွင် အလှဆင်ရန် အသုံးပြုပုံရသော ဖောင်ပုံစံများအဖြစ် သွေးစီးဆင်းဖို့ အကွက်များကို ပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်းက မြွေနှစ်ကောင်ကြားရှိ လျှိုမြောင်များသည် ဘာကြောင့် ဒီလောက်အထိ ရယ်စရာကောင်းလောက်အောင် နက်ရှိုင်းနေကြောင်း ရှင်းပြနိုင်သည်။
နိုင်ငံတစ်နိုင်ငံက ဘယ်လောက်ပဲ တန်ခိုးကြီးနေပါစေ ဒီလောက် ရက်စက်ကြမ်းကြုတ်ပြီး ကြီးမားတဲ့ ယဇ်ပူဇော်မှု နည်းလမ်းကို အချိန်အကြာကြီး ဆုပ်ကိုင်ထားနိုင်မှာ မဟုတ်ချေ။ ထို့ကြောင့် ရှေးစာအုပ်များတွင်လည်း အခမ်းအနားရဲ့ သီးခြားလုပ်ငန်းစဥ်နဲ့ ပတ်သတ်တာတွေကို ကွက်ကြားကွက်ကြား မှတ်တမ်းများသာ ရှိသည်။ လူသားတွေ ဘယ်လောက် အနစ်နာခံထားတယ် ဆိုတဲ့ အချက်တွေကို သိဖို့ နည်းလမ်းမရှိသေးပေ။
ဆရာလျောင် စကားကို နားထောင်ပြီးနောက် တဖက်တွင် ရှေးဟောင်းသုသေသီများ၏ ပညာကို သဘောကျမိသော်လည်း တစ်ဖက်ကလည်း အနည်းငယ် အေးစက်သွားသလို ခံစားလိုက်ရပါသည်။ မရေမတွက်နိုင်သော ကျွန်များသည် ဤအကိုင်းအခက်များပေါ်တွင် ဇောက်ထိုးမှီဝဲနေပြီး ဤကြေးနီကိုင်းရဲ့ လမ်းများတစ်လျှောက် သွေးများ စီးကျလာကာ သစ်ပင်တစ်ပင်လုံးကို သွေးတိုင်အဖြစ်သို့ ပြောင်းလဲသွားတာကို တွေးတောရင်း ထိုလျှိုတွင်းများမှ အေးစက်သော လေများ စိမ့်ထွက်နေသလိုပင် ခံစားမိလာသည်။
ဝူရှဲမှာ နည်းနည်းလေးမှ အပြစ်ရှိသလို ခံစားလိုက်ရတာကြောင့် လောင်းယန်ဘက်ကို လှည့်ပြောလိုက်သည်။
"ငါတို့ မြန်မြန်တက်ရင် ပိုကောင်းမယ်... မဟုတ်ရင် ဦးလေးထိုက်ရဲ့ သွေးတွေ စီးကျလာတဲ့အခါ စစ်မုဘုရားက တခြားတစ်ယောက်ယောက် သူ့ကို ယဇ်ပူဇော်ဖို့ လာနေပြီလို့ ထင်ကောင်းထင်လိမ့်မယ်...အဲဒီဟာကြီး လမ်းလျှောက်ထွက်လာတယ်။ သူငါတို့ကို အနစ်နာခံတဲ့ ယဇ်ကောင်တွေလို အသုံးချသွားမလား ပြောလို့ မရဘူး"
လောင်းယန်က ဆရာလျောင်ရဲ့ စကားကို လုံးဝ စွဲလန်းမနေဘဲ ပြန်ပြောလာ၏။
“သူ့ကို မယုံစမ်းပါနဲ့... အဲဒီတုန်းက တရုတ်ပြည်မှာ မင်းကို အပျော်သဘောနဲ့ သတ်တဲ့လူတွေ အများကြီးရှိမယ်လို့ ထင်နေလား? ငါ့အထင်တော့ ဒီမှာချိတ်ထားတာက ဝက်ခေါင်း၊ သိုးခေါင်းတွေပဲနေမှာ... ငါတို့ဒီထက် ပိုတိုက်လိုက်ရင် နှစ်ထောင်ကျော် သက်တမ်းရှိတဲ့ ဝက်သားတွေ သိုးခေါင်းတွေတောင် တွေ့နိုင်လောက်တယ်... ဒါ့အပြင် ဒါကလူဖြစ်မဖြစ် အရေးမကြီးပါဘူး လူတစ်ယောက်သေရင် သွေးတွေက အရမ်းမြန်မြန်နဲ့ ခဲသွားမှာပဲလေ... စိတ်မပူပါနဲ့ ဒီမှာက ဒီလောက်မြင့်တာ အဆုံးထိ မစီးရသေးခင် သွေးတွေက ခြောက်သွားလိမ့်မယ်... ဒါ့အပြင် သူက မင်းရဲ့သွေးကို မကြိုက်လောက်ပါဘူး... ဟိုတုန်းက လူတွေက အရမ်းသဘာဝကျတယ်။ ပိုးသတ်ဆေးကင်းတဲ့ အစာကို စားပြီး ညစ်ညမ်းတဲ့ရေကို သောက်ကြတာ ပြီးတော့ လယ်သမားသွေးဆို ..... နည်းနည်းချိုတယ်။ အခု မင်းကိုယ်မင်း ကြည့်ဦး... မင်းသွေးသာ ထွက်လာရင် အဲဒီနတ်ဘုရား သောက်မိလို့ကတော့ အဆိပ်သင့်မှာ သေချာတယ်...ဆိုတော့ ဒါက သူ့ကို လှည့်စားဖို့ အလွယ်လေးပဲ”
ဒါကိုကြားတော့ ဝူရှဲရဲ့ နဖူးကြောတွေက တွန့်ချိုးသွားပြီး
"ဟေ့ကောင်!! ဘာကိစ္စ ငါ့သွေးတွေက အဆိပ်သင့်ရမှာလဲ? မင်း အေးအေးဆေးဆေး မနေနိုင်ဘူးလား..."
ဆရာလျောင်က ဝူရှဲအရမ်း ဒေါသထွက်နေတာကို မြင်လိုက်ရတော့ သူက မြန်မြန်ချောချောမောမောနဲ့ ပြောလာခဲ့သည်။
"မင်းတို့နှစ်ယောက် ဒီအခြေအနေက တရားစီရင်ရမယ့် အချိန်မဟုတ်ဘူးလေ... ဒီလို အခြေအနေမျိုးမှာ ရန်မဖြစ်ကြပါတော့နဲ့ ဒီအကိုင်းအခက်တွေက ပိုသိပ်သည်းလာတယ်လို့ မင်းတို့ မထင်ဘူးလား? ဒီအတိုင်းဆက်သွားရင် တောင်တက်ရတာ ခက်သွားမလားဘဲ”
လောင်းယန်က "ဒီနေရာက နဂိုက ကျဲပြီး သိပ်သည်းတယ်.... သိပ်သည်းတဲ့အခါ တက်ရတာ ပိုလွယ်တယ်။ တတ်နိုင်သမျှ ကျဲအောင် လုပ်ချင်နေတာလား? အကိုင်းအခက် တစ်ခုစီက အနည်းဆုံး နှစ်မီတာအကွာမှာ ထားထားတာက အကောင်းဆုံးပဲ...ငါတို့အခု မီတာဒါဇင်များစွာမြင့်တဲ့ နေရာကို ရောက်နေပြီ”
ထိုအခါ ဝူရှဲလည်း လောင်းယန်ကို လှည့်ပြောလိုက်သည်။
"မင်းအရင် ကောက်ချက် မချသေးနဲ့ဦး... တစ်ခုခု မှားနေပြီထင်တယ် လောင်းယန် မင်း ဓာတ်မီးဖွင့်ကြည့်!"
သူတို့တက်လာတဲ့ အချိန်ကတည်းက မီးတုတ်ကိုပဲ သုံးနေခဲ့သည်။ ဦးလေးထိုက်ရဲ့ အိတ်ထဲက ဓာတ်မီးဟာ ပါဝါမလောက်ငှလို့ မီးမဖြုန်းချင်ဘူး ဆိုတော့ အလင်းရောင် ရဖို့အတွက် မီးတုတ်ကို သုံးနေရတုန်းပဲ။ အခုက မီးတုတ်နဲ့ မလုပ်နိုင်တော့တာကြောင့် ဓာတ်မီးကို သုံးရတော့မည်။
လောင်းယန်လည်း ဓာတ်မီးကို ဖွင့်ကာ အလင်းတန်းကို အာရုံစူးစိုက်ကာ အထက်သို့ ထွန်းတောက်စေခဲ့သည်။ သူတို့ ဦးခေါင်းထက်က ကြေးအကိုင်းအခက်များဟာ တဖြည်းဖြည်း ထူထပ်လာပြီး ပိုသိပ်သည်းလာတာကို သူမြင်လိုက်ရ၏။ ဆက်တက်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ဇောက်ထိုး ငိုက်စိုက်ချထားတဲ့ အဲဒီအကိုင်းအခက်တွေရဲ့ ထိပ်ဖျားတွေပေါ်ကို တက်ဖို့ပါပဲ။ ဒါက ကြေးနီပင်ပေါ်ကို တက်တာထက် ပိုအန္တရာယ်များလေသည်။
ဒါပေမဲ့ ဒီအချိန်မှာတော့ နဂါးရေကန်နဲ့ ကျားတွင်းရှိရင်တောင် ဖြတ်ကျော်ရတော့မှာပဲ။ လောင်းယန်က သူတို့ကို ရပ်နေခိုင်းပြီး သစ်ကိုင်းပေါ်ကနေ အရင်တက်သွားကာ ဦးလေးထိုက်ဆီက တွေ့တဲ့ ကြိုးကို အပေါ်ကနေ ချပေးလိုက်သည်။ ဆရာလျောင်နဲ့ ဝူရှဲတို့လည်း ကြိုးကို လက်တစ်ဖက်နဲ့ ဆွဲကိုင်ပြီး တက်လိုက်ကြသည်။
ထပ်ကြည့်လိုက်တော့ ဒီနေရာက အခြေအနေဟာ သူတို့မြင်နေရတဲ့အတိုင်း မဟုတ်တော့ပေ။ ကြေးအကိုင်းအခတ်တွေက သိပ်သည်းလွန်းသဖြင့် ဝင်စရာ နေရာမရှိသလောက်ပင်။ ခဏလောက် တက်ပြီး ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစားမိတော့ ဦးလေးထိုက် လဲကျသွားတာ အံ့သြစရာ မရှိပါဘူးလို့ တွေးလိုက်မိသည်။ ဒီလမ်းကြောင်းကို ကြည့်ရင်းနဲ့ နောက်တစ်ကြိမ် ထပ်တက်ရင် ခြေတစ်လှမ်းနေရာ ပြန်ရှာဖို့ပင် ခက်သွားပါလိမ့်မယ်။ တစ်စုံတစ်ယောက်သာ သတိမထားမိရင် ဒါမှမဟုတ် အထက်က လေပြင်းတိုက်လိုက်ရင်တော့ ဦးလေးထိုက်နောက်ကို လိုက်သွားရမှာ မလွဲမသွေပင်။
လောင်းယန်လည်း ယခုအချိန်တွင် အလွန်လျင်မြန်စွာ တွားသွားနေပါ၏။ ဝူရှဲမှာ သူ့ကို တားရန် ခွန်အား မရှိတော့သောကြောင့် သူ့ကိုယ်သူပဲ ထိန်းထားနိုင်ခဲ့သည်။ တစ်ဖက်တွင်တော့ ဝူရှဲသည် ဦးလေးထိုက် နောက်သို့ လိုက်မသွားမိအောင် ကိုယ့်ကိုကိုယ် အမြဲသတိပေးရင်း တစ်ဖက်ကလည်း အမှားမလုပ်မိဖို့ သတိထားနေရသည်။ တစ်ချိန်တည်းမှာပင် မီးတုတ်ကို ကိုင်ထားရန် အပိုလက်များက မရှိသောကြောင့် ဤအချိန်တွင် မီးကို ငြှိမ်းသတ်ပြီး ခါးကြားထဲသို့ ထည့်လိုက်ရုံသာ ရှိတော့သည်။
ဒီအပိုင်းက အန္တရာယ်များလွန်းတဲ့ အတွက် ဘယ်သူမှ စကားမပြောဖြစ်ကြပါဘူး။ မကြာခင်မှာပဲ ကြေးနီပင်တစ်ဝိုက်က ကျောက်နံရံတွေ ပြောင်းလဲလာတာကို တွေ့လိုက်ရသည်။ သဘာဝ ကျောက်စက်ပန်းဆွဲတွေနဲ့ ပျော်ဝင်သွားတဲ့ ကျောက်ခန်းဆီးတချို့ ပေါ်လာ၏။ ဒီနေရာမှာ တစ်ခုခု ဖြစ်သွားတာတော့ ထင်ရှားပေသည်။ အတုတူးဖော်မှု နယ်ပယ်မှလွဲ၍ အထက်အပိုင်းများသည် သဘာဝအတိုင်း ဖွဲ့စည်းထားသော လှိုဏ်ဂူတစ်ခု ဖြစ်နေပါပြီ။
ထိုအပိုင်းကို ဖြတ်သွားပြီးတဲ့အခါ ကျောက်သားနံရံက ကျုံ့လာသည်။ နှစ်ဖက်စလုံးမှာရှိတဲ့ ကျောက်သားနံရံတွေမှာ အရွယ်အစား အမျိုးမျိုးရှိတဲ့ ဂူတချို့ကိုတောင် တွေ့ရလေသည်။ ဂူတွေက အောက်ခြေအထိ နက်မသွားဘဲ အထဲမှာ တစ်ခုခုရှိပုံရ၏။ တချို့သော ဂူများကို ဓာတ်မီးကို ထိုးကြည့်လိုက်ရင်တော့ တုံ့ပြန်မှုတစ်ခုခုတော့ ဖြစ်ပေါ်လာလိမ့်မည်ဟု ခံစားရလေသည်။ သို့နှင့် ဒီအဖြစ်အပျက်တွေက တဖြည်းဖြည်းနဲ့ သူ့ကို စိတ်မသက်မသာ ဖြစ်လာစေသည်။ ကျောက်နံရံက သူတို့နဲ့ မီတာ ဆယ်ဂဏန်းလောက် ဝေးတာမို့ ဆန့်ကျင်ဘက်ခြမ်းက အရာတွေ သူတို့အပေါ်ကို တိုက်ရိုက်အကျိုးသက်ရောက်နိုင်မယ်လို့ မထင်ခဲ့ပါဘူး။
ဟိုဘက်ခြမ်းက ဂူကို အာရုံစူးစိုက်ကြည့်နေရာ ရှေ့ကတက်နေတဲ့ လောင်းယန်နဲ့ ဆရာလျောင်တို့ ဘယ်အချိန်က ရပ်သွားမှန်း မသိလိုက်ပေ။ သူ ဆရာလျောင်ရဲ့ တင်ပါးကို ဆောင့်မိမှသာ သတိဝင်လာခဲ့သည်။ အပေါ်ကို မော့ကြည့်လိုက်ချိန် ပေါ်လာတဲ့ အရာတွေကတော့ မျက်နှာဖုံးစွပ်ထားတဲ့ မျောက်တွေ အများကြီး တန်းစီနေတာပါပဲ။ သူတို့ အောက်မှာ ကြုံဖူးခဲ့တဲ့ မျောက်တွေနဲ့ အတူတူပဲ။
အနီးကပ် လေ့လာကြည့်တော့ ဒီမျောက်တွေ သေနေပြီဆိုတာ သိသာထင်ရှားလှပါ၏။ အပေါ်စီးကနေ တိုက်ခတ်လာတဲ့ ပူပြင်းတဲ့ လေက သူတို့ရဲ့ အလောင်းတွေကို ခြောက်ကပ်နေတဲ့ အလောင်းတွေ အဖြစ်သို့ ထူးထူးခြားခြား လိမ်သွားစေခဲ့သည်။ အဲဒီလို မံမီတွေ အများကြီးက ထူထပ်တဲ့ သစ်ကိုင်းတွေပေါ်မှာ တွယ်ကပ်နေကြသည်။ အလောင်းတွေ ခြောက်သွေ့နေတာတောင် ထူးဆန်းတဲ့ မျက်နှာဖုံးတွေက ပြုတ်ကျမသွားဘဲ အချိန်မရွေး ရှင်ပြန်ထမြောက် လာတော့မလို သူတို့ကို တိတ်တဆိတ် စိုက်ကြည့်နေသလို ခံစားရစေသည်။
သူတို့သုံးယောက် အရှိန်လျှော့ပြီး ဒီထူးဆန်းတဲ့ အရာတွေကို အနီးကပ် ကြည့်လိုက်ကြသည်။
မျောက်ခန္ဓာကိုယ်တွင် အရေပြား ရောဂါတစ်ခု ရှိပုံရသည်။ ၎င်းတို့၏ ဆံပင်အများစုမှာ ကျွတ်သွားကာ ဖြူဖွေးနေလေ၏။ ၎င်းသည် လူ့အရေပြားနှင့် အနည်းငယ် ဆင်တူသော်လည်း သေချာကြည့်လျှင် အလွန်သိသာထင်ရှားသော ရောဂါပုံစံ အစက်အပြောက်များ ရှိနေတာကို တွေ့ရမှာပဲ ဖြစ်သည်။ ခန္ဓာကိုယ်ပုံသဏ္ဌာန်ကို ကြည့်လျှင် ဤမျောက်များသည် ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်အရွယ် ကလေးလောက် အရပ်ရှည်သည်။ ဒီထက်ပိုပြီးလည်း အနည်းငယ် ပိုရှည်နိုင်၏။ ဒီလိုအခြေအနေမျိုးမှာ သူ့အရပ်အမောင်းက ပျောက်လုနီးပါး ဖြစ်နေပြီလေ။
မျောက်ရဲ့မျက်နှာဖုံးကို ကျောက်တုံးနဲ့ ပြုလုပ်ထားပုံရပြီး အလွန်ပြောင်မြောက်စွာ ပွတ်တိုက်ထားပုံရသည်။ ဝူရှဲ ကြည့်ရင်း ကြွေသားနဲ့ ပြုလုပ်ထားတာကြောင့်လို့တောင် သံသယဝင်လာ၏။ မျက်နှာဖုံးနဲ့ မျောက်ခေါင်းရဲ့ အဆစ်ကြားက နေရာကို ကြည့်ပြီးနောက် မျက်နှာဖုံးဟာ အသားထဲ ဝင်နေသလို သို့မဟုတ် သွေးစွန်းစေတဲ့ နည်းလမ်းတစ်ခုခုနဲ့ လုပ်ထားသလို မျောက်မျက်နှာနဲ့ တိုက်ရိုက် တွယ်ကပ်နေသည်။
အလောင်အများစုက ပြီးပြည့်စုံပြီး တချို့မှာတော့ ခြေလက်တစ်ချောင်းသာ ကျန်ရှိတော့သည်။ နှစ်တွေအရမ်း ကြာနေလို့ ဖြစ်နိုင်သလို အလွန်အမင်း ခြောက်သွေ့သွားခြင်းကြောင့်လည်း ဖြစ်နိုင်ကာ အလောင်းရဲ့ အသက်အရွယ်နှင့် ပုံစံတွေက သဘာဝအတိုင်း အကွဲကွဲအပြားပြား ဖြစ်နေသည်။
ဆရာလျောင်က သူတို့ကို မတက်သေးနဲ့ဦးဟု ပြောကာ အလောင်းကို ညွှန်ပြလိုက်ပြီး
"ခဏနေဦး... ဒီမျောက်တွေရဲ့ အနေအထိုင်က နည်းနည်းတော့ ထူးဆန်းနေတယ်လို့ ငါထင်တယ်... အဲဒါကို တစ်နေရာရာမှာ မြင်ဖူးနေသလိုပဲ... အနီးကပ် ကြည့်ရအောင်"
လောင်းယန်က "ဒုက္ခပေးပြန်ပြီ... ဘာပဲဖြစ်ဖြစ် ကြည့်မယ်ချည်းပဲ. ... သတိထားဦး တော်ကြာ ဟိုမျောက်က မင်းရဲ့အနေအထိုင်ကသာ ထူးဆန်းနေတယ်လို့ ထင်သွားဦးမယ်!"
ဆရာလျောင်က လောင်းယန်ကို လျစ်လျူရှုကာ အနီးဆုံး အလောင်းထံသို့ ဂရုတစိုက် တွားသွားကာ မျက်နှာဖုံးကို ယူလိုက်သည်။ ခြောက်ကပ်နေသော မျက်နှာအသားရေသည် ချက်ချင်း အက်ကွဲသွားရယ ဆရာလျောင်လည်း မျက်နှာဖုံးကို အလွယ်တကူပဲ ဆုတ်ဖြဲပစ်လိုက်သည်။ သူက အလောင်းရဲ့ မျက်နှာကို အနီးကပ်ကြည့်ပြီးနောက် ဝူရှဲတို့ဘက်ကို လှည့်ပြီးလာခဲ့သည်။
"မင်းတို့နှစ်ယောက်... ကြည့်... ဒီဟာက မျောက်ပုံ မပေါ်ဘူး... ဒါ ဒါက... လူ့မျက်နှာပဲ"