အပိုင်း 226
Viewers 24k

Chapter 226




ချန်ရုံမြေပေါ်သို့ ရောက်ရောက်ချင်းပင် သူကအမိန့်ပေးလာသည်။

“တစ်‌ေယာက်လောက် သူမကိုစောင့်ကြည့်နေလိုက်”

“အမိန့်အတိုင်းပါ”

မျက်လုံးအနည်းငယ်က သူမပေါ်တွင်ကပ်တွယ်လာသည်ကိုမြင်သောအခါ ချန်ရုံရင်ထဲတုန်သွားသည်။ သူမက သူမမြင်းဆီသို့ပြေးသွားကာ မြင်းကိုတက်လိုက်ပြီး မူရုံခယ်ဆီအပြေးနှင်သွားလိုက်သည်။

သူမ၏လှုပ်ရှားမှုများက သွက်လက်ပြီး တိကျပြတ်သားနေကာ သူမအနားမှသူများကို အံ့ဩသွားစေသည်။ သူတို့က သူမ မူရုံခယ်နားရောက်သွားသည့်အထိ သတိမဝင်သေးပေ။

ဤအချိန်တွင် မီးကပိုပိုပြီးပြန့်လာကာ မီးခိုးထုကြီးကြားတွင် မြင်းဟီသံများက ပိုပြီးမငြိမ်မသက်ဖြစ်လာသည်။

မြင်းပေါ်တွင် ချန်ရုံက သူမ၏အပေါ်ဝတ်ကိုချွတ်လိုက်ရာ သူမကိုယ်ကိုမြင်သွားသောသူတိုင်း ကြက်သေသေသွားကြသည်။

မျက်စိတစ်မှိတ်အတွင်းတွင် သူမက ဝတ်ရုံကိုယူပြီး သူမ၏လည်ပင်းနှင့်ခါးနားတွင်ချီလိုက်‌သောအခါ သူမ၏အသားအရေကို မမြင်ရတော့ပေ။

သူမ၏လှုပ်ရှားမှုများက လျင်မြန်ပြီး စိတ်ပိုင်းဖြတ်ထားကာ မျက်စိတစ်မှိတ်အတွင်းတွင် အရာအားလုံးကိုလုပ်သွားပေသည်။ သူမလုပ်ပြီးနောက် ဘယ်၊ညာသို့ကြည့်ကာ သူမကိုကြည့်နေသော လူများနည်းသထက်နည်းလာသည်ကို သေချာသွားမှ မြင့်တက်လာသောမီးခိုးလုံးများဆီ မြင်းကိုနှင်သွားသည်။

ချန်ရုံက ဆန့်ကျင်ဘက်အတိုင်းသွားနေသည်ကို မြင်လိုက်သူများရှိသည်။ သူတို့ကအော်ဟစ်ချင်သော်လည်း သူမက အမိန့်ပေးရန်ရောက်လာသော ခေါင်းဆောင်တစ်ချို့နောက်သို့ လိုက်နေသည်ကို ‌တွေ့သောအခါ ရပ်လိုက်ကြသည်။ သူမက သူတို့နောက်ကိုလိုက်ရင်း ရှူံ့မဲ့နေကာ ထွက်ပြေးဖို့လုပ်နေသည့် ပုံစံနှင့်မတူပေ။

သူတို့က တခြားနေရာသို့ အာရုံစိုက်လိုက်ကြသည်။

ခနကြာပြီးနောက် သူတို့ပြန်ကြည့်လိုက်သောအခါ ချန်ရုံကအဝေးသို့မြင်းကို နှင်နေဆဲဖြစ်သည်။

သူတို့သိချင်နေသည့်အချိန်တွင် ချန်ရုံက မီးခိုးလုံးထဲ ဝင်သွားသည်။

မီးခိုးထုကြီးထဲရောက်သွားသည်နှင့် သူမကမြင်းပေါ်မှဆင်းကာ ချုံထဲသို့ ပြေးဝင်သွားသည်။

သူမ လမ်းတဝက်သို့ရောက်သောအချိန်တွင် ခြေလျင်တပ်သားတစ်ယောက်က အော်ဟစ်လာသည်။
“အဲ့ဒီမိန်းမက ထွက်ပြေးချင်နေတာ”

“အဲ့ဒီမိန်းမက ထွက်ပြေးနေပြီ”
သူတို့အားလုံးက အတူတူအော်လိုက်ကြသည်။

သူတို့၏မြှားနှင့် လှံရှည်များက ချန်ရုံကို ချိန်ထားကြသည်။ လေးများအားလုံးကို မြှင့်ကာ ဆွဲတော့မည့်အချိန်တွင် မျက်လုံးတိုင်းက မူရုံခယ်ဆီရောက်လာကြသည်။

သူတို့က သူ၏ညွှန်ကြားချက်ကိုစောင့်နေကြသည်။ သူမ၏အလှတရားက နတ်ဘုရားများကိုတောင် မှင်တက်သွားစေသည်။ သဘာဝကျစွာပင် သူတို့၏မင်းသားကလည်း သူမကိုအလွန်နှစ်သက်ပေသည်။ သူတို့က သူ့ခွင့်ပြုချက်မပါဘဲ သူမကို ထိခိုက်အောင်မလုပ်ရဲကြပေ။

သူတို့ဝေခွဲမရဖြစ်နေချိန်တွင် ချန်ရုံ ဝါးချုံတစ်ခု‌အားဆွဲကာ တောင်‌ကုန်းပေါ်သို့တက်ရန်ပြင်လိုက်သည်။

အဆုံးတွင် ခေါင်းဆောင်တစ်ယောက်က အော်ဟစ်‌လာသည်။

“အရူးတွေ သူမခြေထောက်ကိုပစ်ကြလေ”

သူ့အမိန့်ပေးပေးချင်းပင် မြှားများက ချန်ရုံဆီပျံသန်းလာကြပြီး မြှားတစ်ချောင်းက သူမပုခုံးကိုထိုးဖောက်သွားသည်။

သို့သော်က သူမက ဂရုစိုက်ပုံမပေါ်ပေ။ သွေးများကိုလွတ်လွတ်လပ်လပ် ထွက်စေလိုက်ပြီး တောင်ပေါ်သို့ ဆက်တက်နေလိုက်သည်။

ဒီအချိန်တွင် မူရုံခယ်က လှမ်းကြည့်လာသည်။

သူက ချန်ရုံကိုစိုက်ကြည့်ကာ သူ့ခေါင်းထဲတွင် အတွေးများရောယှက်နေပြီး အော်ဟစ်လာသည်။

“ငါတို့တွေ ဝမ်ဟုန်လှည့်စားတာ ခံလိုက်ရပြီ၊ လာတဲ့သူတွေက ရှီရွှမ်ဘက်ကမဟုတ်ဘူး”

ဒီနေရာတွင် ချန်ရုံထက်ပိုပြီး ဝမ်ဟုန်ကိုကောင်းကောင်းသိသောသူ မရှိပေ။ ချန်ရုံက သူမအနေဖြင့် မူရုံခယ်၏လက်ထဲတွင် အမျိုးသမီးတစ်ယောက်အဖြစ်နေနိုင်သော်လည်း ရှီရွှမ်လက်ထဲရောက်‌သွားပါက တိရစ္ဆာန်နှင့်မခြား ဖြစ်မည်ကို သိနိုင်သည်အထိ ဉာဏ်ကောင်းသည်။ သူမဒီလိုမျိုး ပြတ်သားစွာထွက်ပြေးနေသည်ကိုကြည့်ပါက ရောက်လာသည့်သူမှာ ရှီရွှမ်မဖြစ်နိုင်ပေ။

ဘာအကြောင်းကြောင့်မှန်းမသိသော်လည်း မူရုံခယ်က ချန်ရုံသည် ဉာဏ်ကောင်းရုံသာမက ဗဟုသုတလည်းစုံလင်သည်ဟု ယုံကြည်မိသည်။ သူတို့သူမကို မဟန့်တားနိုင်ရန် သူမအဝတ်များအားချည်နှောင်ထားသည်ကို ကြည့်ခြင်းအားဖြင့် ဤအရာ စိတ်ပိုင်းဖြတ်ထားသော မိန်းမတစ်ယောက်က အကြံအစည်ဖြင့် လုပ်ဆောင်သည်ကို ဘယ်သူမဆိုသိနိုင်သည်။....အကယ်၍သာ ရောက်လာသည့်သူက ဝမ်ဟုန်မဟုတ်ပါက သူမက ဤကဲ့သို့အသက်စွန့်ကာ ထွက်ပြေးနေမည်မဟုတ်ပေ။

ဤအချိန်တွင် ခေါင်းဆောင်တစ်ယောက်က သူ့ကိုလျှောက်တင်လာသည်။

“တပ်မှူး သူမက လွတ်သွားတော့မယ်”
သူက အံကြိတ်ကာ အော်လိုက်သည်။
“ဘာလို့သူမကို မြှားနဲ့ မပစ်ချလိုက်ရမှာလဲ”

လူတိုင်းက မူရုံခယ်ကိုကြည့်လာကြသည်။

မူရုံခယ်ကတွေဝေသွားသည်။ သူခေါင်းညိတ်လိုက်ရုံဖြင့် ဝေးသထက်ဝေးအောင်ပြေးနေသော ထိုအနီရောင်ပုံရိပ်က သေသည်အထိအပစ်ခံရမည်ဖြစ်သည်။ မြှားတစ်စင်းက သူမနှလုံးကိုထိုးဖောက်ကာ သူမအားတောင်ကုန်းတစ်လျှောက် လိမ့်ကျသွားစေလိမ့်မည်။

သူ့အနေဖြင့် ခေါင်းညိတ်လိုက်ရန်သာ လိုသည်။

မူရုံခယ်က မလှုပ်ရှားဘဲ ဆက်လက်စိုက်ကြည့်နေသည်။ သူ၏နောက်လိုက်များက စိတ်မရှည်တော့သည့်အချိန်တွင် သူကပြောလာသည်။

“သူမကို လွှတ်ပေးလိုက်”

“အရှင် ဘာကြောင့်များလဲ”

မယုံကြည်နိုင်သောမျက်လုံးများက မူရုံခယ်ကိုစိုက်ကြည့်လာကြသည်။

သူက အနီရောင်ပုံရိပ်အား တောင်ကုန်းပေါ်တက်ပြီး သစ်တောထဲပြေးဝင်သွားသည်အထိ ကြည့်နေလိုက်သည်။.....ထို့နောက် သူကအကြည့်လွှဲကာ ဆိုလာသည်။

“သူမက ဒီအတိုင်းမိန်းကလေးတစ်ယောက်ဘဲ၊ သူမအသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ အရေးမကြီးဘူး”

သူကထိုသို့ပြောလာသော်လည်း သူ့၏နောက်လိုက်ခေါင်းဆောင်များက စိတ်မကျေနပ်ပေ။ တစ်ယောက်က မကျေမနပ်ပြောလာသည်။

“တကယ်လို့ အရေးမကြီးဘူးဆိုရင်လည်း အရှင်က ဘာကြောင့် သူမကိုပြန်ပေးဆွဲခဲ့သေးတာလဲ”

“သူမကြောင့် ကျွန်တော်တို့ရဲ့ လူသုံးထောင်မှာ အသက်ရှင်သူတွေက ဘယ်သူတွေလဲဆိုတာ မသိရသေးဘူး”

နောက်တစ်ယောက်က ဝင်ပြောလာသည်။
ခနရပ်ပြီးနောက် သူကတောင်းဆိုလာသည်။
“အရှင် ကျွန်တော့်ကို သူမကိုဖမ်းခွင့်ပြုပါ”

မိန်းမတစ်ယောက်ရဲ့ အင်အားလောက်နဲ့ သူမက ဘယ်လောက်ဝေးဝေးလွတ်မြောက်နိုင်မှာလဲ၊ အကယ်၍ သူတို့သာ သူမကိုအရှင်ဖမ်းချင်ပါက လုပ်ဆောင်ရန်အချိန်ရနေသေးသည်။

မူရုံခယ်က ထိတ်လန့်နေသေးပုံပင်။ သူအမိန့်ပေးတော့မည့် အချိန်မှာဘဲ အကြံပေးတစ်ယောက်၏အသံထွက်လာသည်။

“ဘာလို့ ငါတို့က ဒေါသထွက်နေရမှာလဲ၊ အခြေအနေက အစတည်းက ငါတို့ကိုမျက်နှာသာမပေးနေဘူး၊ ဝမ်ဟုန်က ဒီမိန်းမအတွက်ဘဲ ဝင်ပါလာတာမလား၊ သူမကိုလွှတ်ပေးလိုက်တာနဲ့ သူ့ကိုဒေါသထွက်အောင် ဆွလိုက်တာမျိုးကိုလည်း တားဆီးလိုက်နိုင်မယ်”

'အခြေအနေက အစတည်းက ငါတို့ကိုမျက်နှာသာမပေးနေဘူး'ဟူသော စကားသည် မူရုံခယ်ကရှုံးနိမ့်သွားပြီဟု ဝန်ခံလိုက်ခြင်းပင်။ သူက ဝမ်ဟုန်၏အရိပ်တောင် ပေါ်မလာသေးခင်တွင် ရှူံးနိမ့်သွားပေသည်။

ဤအချိန်တွင် မူရုံခယ်က ဒေါသထွက်လာသည်။
“သူမ နောက်ကိုလိုက်”
သူက အမိန့်ပေးလိုက်သည်။

“အဆင်ပြေပြေဖြစ်မလာဘူးဆိုရင် သတ်ပစ်လိုက်တော့”

“အမိန့်အတိုင်းပါ”
လူအများက ပြန်ဖြေလာကြသည်။

ချန်ရုံက အနည်းငယ်ခုန်ကျော်လွှားကာ တောင်ပေါ်သို့တက်လာနိုင်သည်။ သူမ၏ပုခုံးမှ မြှားဦးက ပြင်းထန်စွာနာကျင်စေကာ သူမ၏သွေးများက နောက်တွင် သွေးစီးကြောင်းတစ်ခုကို ချန်ထားခဲ့သည်။

သူမက မီးခိုးလုံးကြီးဆီသို့ ပြေးပြီးရင်း ပြေးနေလိုက်သည်။ သူမသစ်တောဆီသို့ရောက်သွားသရွေ့ ခြေလှမ်းနှစ်ရာအကွာတွင် တောင်ကုန်းဆီသို့ သူမရောက်နိုင်ပြီဖြစ်သည်။ တောင်ခြေတွင် ဖုန်လုံးများလွင့်နေသည်။ တစ်စုံတစ်ယောက်က ထိုနေရာတွင်ရောက်နေပုံပေါ်သည်။

ခြေသံများက သူမနောက်မှလိုက်ပါလာကာ တစ်ယောက်ယောက်က အော်ဟစ်လာသည်ကိုကြားလိုက်ရသည်။

“သူမကို ဖမ်းကြ”

ချန်ရုံလှည့်ကြည့်လိုက်သောအခါ ဒါဇင်နှင့်ချီသော ပုံရိပ်ကာ တောင်ကုန်းအားဖြတ်ကာ သူမဆီလာနေသည်ကို တွေ့လိုက်သည်။ သူတို့က တောင်၏အခြားတစ်ဖက်ခြမ်းမှရောက်လာကာ သူမနှင့်ခြေလှမ်းတစ်ရာသာ ကွာတော့သည်။

ခြေလှမ်းတစ်ရာလောက်ဘဲ ဆိုလျှင်တောင်မှ သူမက ဒဏ်ရာရထားကာ သူမ၏အဝတ်အစားကလည်း ပြေးရန်အဆင်မပြေနေပေ။ အရေးကြီးဆုံးအရာမှာ သူတို့က တောင်ကုန်းကိုဖြတ်လာပြီးသည်နှင့် မြှားနှင့် လှံရှည်များကို သူမဆီချိန်လာကြခြင်းဖြစ်သည်။

ချန်ရုံက အံကြိတ်လိုက်သည်။ သူမကရှေ့တိုးကာ သူမအဆုတ်ထဲမှ လေအားလုံးကိုအသုံးပြုကာ အော်လိုက်သည်။

“ချန်အိမ်တော်ရဲ့ အားရုံကဒီမှာပါ၊ ချန်အိမ်တော်ရဲ့ အားရုံကဒီမှာပါ-”

သူမ၏အော်သံကစူးရှနေသော်ငြား ကသောင်းကနင်းများကြားတွင် ပျောက်သွားကာ အရမ်းကျယ်လောင်မနေပေ။

'သူ့လူတွေက ငါ့ကိုကြားနိုင်မှာပါ ဒီခရီးတစ်လျှောက်လုံးမှာ ငါကထင်ရှားတဲ့ အနီရောင်ကိုဝတ်ထားတာဘဲ သူတို့အလိုရှိသရွေ့ ငါအော်တာကိုကြားနိုင်လိမ့်မယ်'

ချန်ရုံက ပြေးရင်း သူမဘာသာသူမတွေးလိုက်သည်။

‌ဤအချိန်တွင် သူမနောက်မှ တစ်ယောက်ကအော်လာသည်။

“ရပ်လိုက်၊ မဟုတ်ရင် ငါတို့မင်းကို ပစ်လိုက်မှာ”

သူ့အသံက သူမနှင့် ခြေလှမ်း၇၀၊၈၀လောက်သာ ကွာတော့သည်။

ချန်ရုံ၏မျက်နှာက ပူလောင်နေသည်။ သူမ‌ကခေါင်းငုံ့ကာ သူ့အော်သံကိုမကြားရသလိုပင် ပြင်းပြင်းထန်ထန်ဆက်ပြေးနေလိုက်သည်။

“အသင့်ပြင်၊ ချိန်၊ ပစ်”
ထိုယောက်ျားက အမိန့်ပေးလာသည်။

သေစေနိုင်လောက်သော လေခွင်းသံက ချန်ရုံ‌ဆီသိသိသာသာရောက်လာသည်။

သူမက ဂရုမစိုက်စွာဆက်ပြေးနေပြီး မြှားမိုးများက သူမဆီပျံသန်းလာနေချိန်တွင် သစ်တောထဲမှ မြင်းခွာသံများထွက်လာသည်။

“သူမ ဒီမှာ၊ သူမက ဒီမှာဘဲ”
ဂျင်လူမျိုးများ၏အသံ ထွက်လာသည်။

သူတို့အော်သံထဲတွင် ပျော်ရွှင်မှုများရှိနေသည်။

သူတို့အသံကိုကြားသောအခါ ချန်ရုံလည်းစိတ်လှုပ်ရှားသွားသည်။ သူမမော့ကြည့်လိုက်သောအခါ လေခွင်းသံက သူမနောက်တွင် ရှူးခနဲမြည်လာသည်။ သူမက ခိုက်ခိုက်တုန်သွားကာ မြေကြီးပေါ်လဲသွားသည်။

သူမမြေပြင်ပေါ်သို့ ကျသွားသည့်အချိန်တွင် ရှည်လျားသောမြှားအနည်းငယ်က သူမဦးခေါင်းကိုကျော်ကာ မြေကြီးပေါ်သို့ စိုက်သွားသည်။

သူမက ကုန်းရုန်းထကာ ရှေ့သို့ ဆက်ပြေးသွားလိုက်သည်။

တစ်ချိန်တည်းတွင် သစ်ကိုင်းပေါ်မှ ဆင်းလာသော ပုံရိပ်က သူမကိုလှမ်းဆွဲလာသည်။ သူတို့က အရှိန်တင်ကာ မြှားများကိုရှောင်ပြီး မြင်းစီးသူများဆီပြေးသွားကြသည်။

အခြားသူများနှင့်ဆုံသောအခါ ထိုလူက ချန်ရုံကို သူ့မြင်းပေါ်သို့တင်လိုက်သည်။

“ဆုတ်ကြမယ်”

သူက ရန်စစ်တပ်ကြီးနီးလာသည်ကို ကြည့်ကာ အော်လိုက်သည်။

သူတို့က ရန်လူမျိုးများ၏ မြှားပစ်နိုင်သောအကွာအဝေးအတွင်း ရှိနေပေသည်။ ထိုလူကအမိန့်ပေးလိုက်သည်နှင့် သူတို့က လက်နက်သိမ်းပြီး ဖြေးဖြေးချင်းဆုတ်ခွာရန်သာ လုပ်လိုက်ကြသည်။

ဤအချိန်တွင် ရန်လူမျိုးဘက်မှခေါင်းဆောင်တစ်ယောက်က တောင်ကုန်းတစ်လျှောက်ဆင်းလာသာ ဖုန်လုံးကြီးကို ကြည့်ကာ ပြောလာသည်။

“သွား အရှင်မင်းသားဆီ ပြန်ပြီးသတင်းသွားပို့လိုက်”

“ဟုတ်ကဲ့ပါ”

အုပ်စုနှစ်ခုက ထိပ်တိုက်ရင်ဆိုင်လာကြကာ တစ်ဖက်ကဖြေးဖြေးချင်း ဆုတ်ခွာနေချိန်တွင် တစ်ဖက်က ဖြေးဖြေးချင်းချဉ်းကပ်လာသည်။ ဆုတ်ခွာနေသောဘက်သည် တောင်ကုန်းတစ်ခုကို ကျောပေးထားကြသည်။

မူရုံခယ်က လျင်မြန်စွာရောက်လာသည်။ ငါးယောက်၊ခြောက်ယောက်လောက်ရှိသော အုပ်စုက တောင်ပေါ်တွင် ရပ်နေပြီဖြစ်သည်။ သူတို့ရပ်လိုက်သည်နှင့် ချန်ရုံကိုကယ်လိုက်သည့် အနက်ဝတ်အမျိုးသားက တီးတိုးပြောလာသည်။

“အချိန်ကျလာရင် ကျွန်တော် သခင်မလေးကိုသယ်ပြီး ခုန်ချလိုက်မယ်၊ သခင်မလေးက ဘေးဖက်စီကနေထွက်လာ ပြီးမှ ကျွန်တော်တို့နဲ့ ပြန်ဆုံကြမယ်”


“ဟုတ်ပြီ”

သူတို့ကအချင်းချင်း တီးတိုးပြောနေချိန်တွင် ချန်ရုံက သူမခြေထောက်ကိုလှုပ်လိုက်သည်။ သူမ၏ဟန်ချက်ကို ရှာတွေ့သွားသည်နှင့် သူမ ပထမဆုံးလုပ်လိုက်သောအရာမှာ မျက်စိဖုံးနေသော ဆံပင်များကို ဖြီးလိုက်ခြင်းဖြစ်သည်။

သူမက အလျင်အမြန်ငုံ့ကြည့်လိုက်သောအခါ သူတို့က တောင်ခြေနှင့်အနည်းငယ်ကွာဝေးသော ကျဉ်းမြောင်းသည့် လမ်းကွေးပေါ်တွင်ရှိနေသည်ကို မြင်လိုက်သည်။လမ်းကွေး၏ အဖျားသည် တောင်အောက်တွင်ဖြစ်သည်။

မီးခိုးနှင့် ဖုန်လုံးကြီးက အဝေးမှနေ၍ ကောင်းကင်ပေါ်သို့တက်လာကာ စစ်တပ်ကြီးတစ်ခုရောက်လာသည်ကို ကြေညာနေသကဲ့သို့ပင်ဖြစ်သည်။

ဤအချိန်တွင် အရှေ့ဘက်ကောင်းကင်တွင် အာရုံဦးအလင်းက မိုးကုပ်စက်ဝိုင်းဆီမှ မြင့်တက်လာသည်။