Chapter (78)
နှလုံးသားက ပျော်ရွှင်နေပြီ
ထိုအချိန်တွင် နန်းတော်အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"လီကျင်လုံကို ဘုရင်မင်းမြတ်က ဆင့်ခေါ်လိုက်ပါတယ်--"
ဒါကိုကြားတော့ လီကျင်လုံလည်း သူ အနိုင်ရသွားမှန်း သိလိုက်သည်။
"အရှင့်သားနဲ့ သခင်ကြီးတို့ ကျွန်တော် အခု သွားလိုက်ပါဦးမယ်"
လူတိုင်း: "..."
ယန်ကော်ကျုံးနဲ့ ကောင်းလိရှစ်တို့မှာ ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးရန် စစ်တပ်ကို ထူထောင်ချင်သော်လည်း နောက်ဆုံးအခိုက်အတန့်တွင် ဧကရာဇ်က လီကျင်လုံကို ကယ်တင်သွားမယ်လို့ မမျှော်လင့်ခဲ့ကြပေ။ လီဟန်လည်း ခဏတာမျှ တုန်လှုပ်သွား၏။ လီဟန်မျက်နှာကို ကြည့်ရင် ယခုအချိန်တွင် လီလုန်ကျီးက သူ့ရဲ့ အိမ်ရှေ့စံမင်းသား နေရာကို ဖိနှိပ်ခဲ့ကြောင်း သိသာထင်ရှားနေသည်။
ဤကိစ္စသည် အလွန်ပတ်သက်ပြီး ကဲရှူးဟန့်၊ ယန်ကော်ကျုံးနဲ့ လီဟန်တို့ကြားတွင် အာဏာလွန်ဆွဲမှုလည်း ပါဝင်ကြောင်း လီဟန်ဟာ ဘုရင်မင်းမြတ်ထံ မတင်ပြလိုကြောင်း နားလည်နိုင်ပါသည်။ သေနေသော သရဲတစ္ဆေများကိုသာ တိုက်နေရလျှင် လီကျင်လုံဘက်က အဆင်ပြေနေမှာ ဖြစ်သော်လည်း သူဟာ အမှားတစ်ခုလုပ်မိပါက တခြားသူများကို အပြစ်မတင်ဝံ့တော့ဘဲ သူ့နေရာကို လီလုန်ကျီးထံ ပြန်ပေးလိုက်ရလိမ့်မည်။
ထိုကဲ့သို့ အဆင့်အတန်း ခုန်တက်သွားသဖြင့် အိမ်ရှေ့စံ မင်းသားသည် သူ့ကိုယ်သူ သေသည်အထိ မုန်းတီးသွားရလိမ့်မည်။ လီကျင်လုံကတော့ ဂရုမစိုက်နိုင်တော့ဘဲ ကျင်းဟွားနန်းဆောင်သို့ ချက်ချင်း ထွက်ခွာသွားခဲ့သည်။
"ဟုန်ကျွင့်" လီကျင်လုံက စင်္ကြံမှာ ရုတ်တရက် ရပ်လိုက်ပြီး ဟုန်ကျွင့်ကို မေးလိုက်သည်။
"မင်းကိုယ့်ကို ယုံလား?"
ဟုန်ကျွင့် လန့်သွားပေမယ့် ခေါင်းပြန်ညိတ်ပြလိုက်သည်။
လီကျင်လုံ: "ကိုယ် ဘာပဲပြောပြော မင်းကိုယ့်ကိုယုံတယ်ပေါ့"
"အင်း... ဘာဖြစ်လို့လဲ "
လီကျင်လုံက အချိန်အတော်ကြာ စဉ်းစားပြီးမှ ပြန်ပြောလာသည်။
"ဘုရင်မင်းမြတ်ရှေ့မှာ ကိုယ်ဘာပဲပြောပြော မှတ်ထားပေးပါ ဟုန်ကျွင့်..."
ဟုန်ကျွင့် : "???"
ဟုန်ကျွင့် လီကျင်လုံကို အံ့အားသင့်စွာ ကြည့်လိုက်သော်လည်း လီကျင်လုံက သူ့ကို တိတ်တဆိတ်သာ ကြည့်ကာ နောက်ဆုံးတွင် ဖွင့်ဟလာခဲ့သည်။
"မင်း မှတ်ထားရမှာက မင်းက ကိုယ့်အတွက် အရေးကြီးဆုံးပဲ...သွားကြရအောင်..."
ထိုအချိန်တွင် ဟုန်ကျွင့်သည် လီကျင်လုံတစ်ယောက် အနည်းငယ် ရှက်ရွံ့သွားတာကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ တစ်ခုခုကိုလည်း စိတ်မအေးနေသလိုပင်။ ဟုန်ကျွင့်မှာ သူ့နှလုံးခုန်သံက အလွန် ကျယ်လောင်နေတာကို ပြန်ခံစားလိုက်ရကာ လီကျင်လုံနောက် အမြန်ပြေးလိုက်သွားရတော့၏။
ဆောင်းရာသီသို့ နွေဦးသို့ ကူးပြောင်းလာသည်နှင့်အမျှ နိုင်ငံကိုကာကွယ်ပေးသည့် မြင့်မြတ်သော သစ်ပင်သည် ၎င်း၏ အရွက်နုများကို ထုတ်ယူကာ အရွက်သစ်များဖြင့် အစက်ချကာ အရောင်အသွေးစုံလင်စွာ ပွင့်လန်းလျက်ရှိသည်။
လီလုန်ကျီးနဲ့ ယန်ယွိဟွမ်တို့က သလွန်ပေါ်တွင် ထိုင်နေကြဆဲဖြစ်သည်။ လီကျင်လုံ ဟုန်ကျွင့်ကို ခေါ်ဆောင်လာပြီးနောက် သီချင်းသံက ရပ်သွားကာ လီလုန်ကျီးမှ တစ်စုံတစ်ဦးအား လီဟန်ကို သွားရောက် ခေါ်ဆောင်ရန် အမိန့်ပေးခဲ့သည်။ လီကျင်လုံ သတင်းပို့ခါနီးမှာ လီလုန်ကျီးက လက်ဝေ့ယမ်းပြလေ၏။
"အိမ်ရှေ့စံ မင်းသား ရောက်လာရင် ငါတို့ဒီအကြောင်း ပြောကြမယ်"
အဖြူရောင် ၀တ်ဆင်ထားသော ယန်ယွိဟွမ်က ဟုန်ကျွင့်ကို အပြုံးဖြင့် ကြည့်ကာ ဆိုသည်။
"မင်းဦးလေး ရှာတွေ့သေးလား"
"တွေ့ပြီ" ဟုန်ကျွင့်က အဆာပြေ လက်ဖက်ရည်ကို ယူလိုက်ပြီး ခေါင်းညိတ်ပြသည်။
"ငါ သူ့ကို သွားနှုတ်မဆက်ခဲ့ရတာ သနားစရာပဲ...ကျွန်တော်တို့ အမြန်ပြန်လာခဲ့ကြတာ"
ယန်ယွိဟွမ်: "ဆုံဖို့ အခွင့်အလမ်း အမြဲရှိပါတယ်... အလျင်မလိုပါနဲ့"
လီလုန်ကျီး: "မင်းသာငါ့ကို ဒါ မပို့ပေးခဲ့ရင် မင်း လန်ကျိုးကိုသွားမှန်း ငါမသိလောက်ဘူး... ဒီရက်ပိုင်း မင်းဆီက ဘာမှမကြားရတာ ဘာကြောင့်လဲလို့ ငါသိချင်နေတာ"
လီကျင်လုံက ရှက်ရွံ့စွာနဲ့ ပြန်ပြောခဲ့သည်။
"ဘုရင်မင်းမြတ်အတွက် အလုပ်သွားလုပ်ရတာ ကံကောင်းမှုပါပဲ"
ဧကရာဇ်က ဒေသဓလေ့ထုံးစံတွေ အကြောင်း ပေါ့ပေါ့တန်တန် မေးနေချိန် လီဟန်ရောက်လာသည်။ လီလုန်ကျီးက ကြင်ယာတော်ဘက် တစ်ချက် စိုက်ကြည့်၏။ ယန်ယွိဟွမ် မတ်တပ်ထရပ်ပြီး ထွက်ခွာသွားသောအခါ ကျင်းဟွားနန်းဆောင်ရဲ့ လေထုက တစ်ဖန်ပြန်လည်၍ သာယာလာခဲ့သည်။
"လီကျင်လုံ!.. မင်းရဲ့ အောက်မေ့ဖွယ် အထိမ်းအမှတ်မှာ မင်းပြောခဲ့တာထက် တော်တော် ထိတ်လန့်စရာ ကောင်းတာပဲ!"
ယန်ယွိဟွမ် ထွက်သွားသည်နှင့် လီလုန်ကျီး မျက်နှာသည် ချက်ချင်းပင် တုန်လှုပ်သွားပြီး ပြောင်းလဲသွားတော့၏။ လီလုန်ကျီးသည် အောက်မေ့ဖွယ် အထိမ်းအမှတ် ကမ္ဗည်းပြူးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ရာ ၎င်းက ကွဲအက်သွားပြီး ဟုန်ကျွင့်ရဲ့ စာကြောင်းအချို့ကို ခပ်ဝါးဝါး မြင်လိုက်ရသည်။
လီကျင်လုံ: "လိမ်လည်လှည့်ဖြားမှု လုံးဝ မရှိပါဘူး....ဖြစ်စဥ်က ဒီလိုပါ..."
သူကပြောရင်း လွန်ခဲ့သော နှစ်ပေါင်းများစွာက နတ်ဆိုးများမှစတင်ကာ လက်ဖက်ရည်သောက်ရင်း နှစ်ပေါင်းတစ်ထောင်တိုင်း ဖြစ်ပွားသည့် ကပ်ဆိုးများအကြောင်း ပြောပြလိုက်သည်။ ယခုတစ်ကြိမ် ဟယ်ရှီးသို့ သွားရသည့် အတွေ့အကြုံ အသေးစိတ်အကြောင်း ပြောပြကာ သေလွန်သော တစ္ဆေဘုရင်ထံမှ သင်ယူခြင်းအကြောင်းကိုတော့ သူက ချန်လှပ်ထားခဲ့သည်။ နောက်ဆုံးတွင် သူက နတ်ဆိုးမျိုးစေ့က ဒီလောကမှာ ရှိနေဆဲဖြစ်ကြောင်းပါ ပြောပြလိုက်သည်။
လီကျင်လုံ ဘာမှ မဖုံးကွယ်ထားတာကြောင့် ဟုန်ကျွင့်တောင် အံ့သြသွားရသည်။
လီလုန်ကျီး: "မင်းဆိုလိုတာက အချိန်တန်ရင် ကောင်းကင် နတ်ဆိုးဖြစ်လာမယ့် 'နတ်ဆိုးမျိုးစေ့'က ရှိတယ်ပေါ့"
"ဟုတ်ပါတယ်"
လီကျင်လုံသည် ယနေ့အတွက် ပြင်ဆင်လာခဲ့ပြီးပြီ ဧကရာဇ်မင်းထံ ဘာကိုမှ ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက် မရှိခဲ့ပေ။
လီလုန်ကျီး: "နတ်ဆိုးမျိုးစေ့က ဘယ်မှာလဲ"
"အဲဒါကို စုံစမ်းနေဆဲပါ... ဒါပေမယ့် ကျွန်တော့်မှာ သဲလွန်စတွေ ရှိနေပါပြီ.. လောလောဆယ်တော့ ဘာမှ မပြောနိုင်သေးပါဘူး"
လီဟန်က တုန်လှုပ်သောအသံဖြင့် :"လီကျင်လုံ! အဓိပ္ပာယ်မဲ့ နှိုးဆော်နေတာကို ရပ်လိုက်စမ်း!"
လီကျင်လုံကလည်း ယဉ်ကျေးသိမ်မွေ့စွာ မနေတော့ဘဲ: "အရှင့်သား ဖြစ်ပျက်ခဲ့တာတွေက ဖြစ်ပြီးသွားပြီ... ဒါနဲ့ ပတ်သက်ပြီး ယုတ္တိမတန်ဘူးလို့ ထင်နေသေးတာလား"
တခါတရံမှာ အယုံကြည်ရဆုံးသော စကားလုံးများသည် အမှန်တရား ဖြစ်သည်။ လီကျင်လုံ အမှန်အတိုင်းပြောနေသရွေ့ ဖြစ်စဉ်သည် မည်မျှပင် တုန်လှုပ်ချောက်ချားပြီး အတွင်းပိုင်းဇာတ်လမ်းက မည်မျှပင် မယုံနိုင်လောက်အောင်ပင် ပေါင်းစပ်ထားသော အမှန်တရားများက ယုံကြည်လာစေမယ့် စွမ်းအားရှိလိမ့်မည် ဟု ဟုန်ကျွင့် တိတ်တဆိတ် ဝန်ခံမျခဲ့သည်။
"ကျွန်တော်တို့ နတ်ဆိုးမျိုးစေ့ကို ဖယ်ရှားပစ်ရမယ်...ဒါပေမယ့် ဖြစ်စဉ်မှာ ချန်အန်းက သေချာပေါက် ပရမ်းပတာ ဖြစ်နေလိမ့်မယ်...အဲဒါကြောင့် ဘုရင်မင်းမြတ်ရဲ့ အထောက်အပံ့ကို အရင်ဆုံး ရယူချင်ပါတယ်"
နတ်ဆိုးမျိုးစေ့ကို ဖယ်ရှားလိုက်ခြင်း အကြောင်းဟာ လီကျင်လုံက ချက်ချင်းပင် သူ့ကို သတ်ပစ်မည်ဟု ဆိုလိုရင်း ဖြစ်တာကြောင့် ဟုန်ကျွင့်မှာ ထိုလူ့လက်၌ သေဆုံးရမည့် အနာဂတ်ကို မြင်လိုက်ရသည်။
ဒါပေမဲ့ လီကျင်လုံက သူ့ကို တစ်ချက်ကြည့်လာသည်။ ဒီအကြည့်က ဟုန်ကျွင့် ကျင့်သားရနေတဲ့ အကြည့်ဖြစ်ကာ 'စိတ်အေးအေးထား မင်းမှာ ငါ့မှာရှိတယ်' လို့ ပြောနေတာပါပဲ။
ဟုန်ကျွင့် လီကျင်လုံရဲ့ စကားများကို တွေးတောပြီး နောက်ဆုံးတွင် သူ့စိတ်ထဲက မသက်မသာဖြစ်မှုကို ထိန်းကာ ခေါင်းညိတ်လိုက်သည်။
လီလုန်ကျီး: "ဘယ်လိုလုပ်မှာလဲ"
"မိစ္ဆာဘုရင်ရှာနေတဲ့ အမျိုးအနွယ်ကို ရှာမယ်... သူ့ကို အနားမှာ ခေါ်ထားသရွေ့ မိစ္ဆာဘုရင်က အနှေးနဲ့အမြန်ဆိုသလို ပေါ်လာလိမ့်မယ်... သူတို့က အကုန်အကျခံပြီးကို လာရှာလိမ့်မယ်... အဲဒီအချိန်မှာ ရှဲ့ယွီရှင်းပစ်ဖို့ စွမ်းအားအားလုံးကို သုံးမယ်"
လီလုန်ကျီး :"မင်းမလုပ်နိုင်မှာကိုပဲ ငါကြောက်တယ်"
"ကျွန်တော်မျိုး မလုပ်နိုင်ဘူး ဆိုရင်တော့ တခြားဘယ်သူမှ မလုပ်နိုင်တော့ဘူး... မိစ္ဆာမျိုးနွယ်ဘက်ကို နတ်ဆိုးနှင်ဌာနက လူအားလုံးက အစွမ်းကုန်တိုက်ခိုက်ကြမှာ... ကျွန်တော်မျိုးအနားက ဟုန်ကျွင့်လိုပဲ သူက ကျွန်တော်မျိုးရဲ့ ဘဝမှာ အရေးပါဆုံးပုဂ္ဂိုလ်... သူတို့တွေကလည်း ကျွန်တော့်အပေါ် အသက်ကို အပ်နှင်းထားကြပေမယ့် နန်းတွင်းနဲ့ ဘုရင်မင်းမြတ်တို့ရဲ့ မျက်နှာတော်ရှေ့မှာ ကျွန်တော်တို့ထဲက တစ်ယောက်ယောက် အကျပ်အတည်း ဖြစ်လာရင် ကျွန်တော်မျိုးတို့ ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်ကို မနာခံနိုင်လောက်ပါဘူး....ဒါက ဘုရင်မင်းမြတ်ကို အမှန်အတိုင်း ပြောပြရတဲ့ အကြောင်းရင်းပဲ... ဒီကိစ္စကို ထုတ်ဖော်ပြီးပါပြီ ငါးယောက်မြောက်လူ ဒီအကြောင်းကို မသိစေချင်ပါဘူး... "
သူက စကားပြောနေစဉ် ဟုန်ကျွင့်လက်ကို သူ့ဒူးပေါ်တင်ကာ သူ့လက်ကို မြှောက်ပြလိုက်ရင်း လီလုန်ကျီးရဲ့ အမူအရာကို ကြည့်လိုက်သည်။
လီလုန်ကျီးမှာ သူတို့နှစ်ယောက်ကို တိတ်တဆိတ်ကြည့်နေသည်။ ဟုန်ကျွင့် မျက်လုံးများက ဝမ်းနည်းစရာ အဓိပ္ပာယ်တစ်ခု ရှိနေတာကို မြင်သိနေရသေးသည်။ သို့သော် ဟုန်ကျွင့်သည် လီကျင်လုံလက်ထဲမှ သူ့လက်ကို ပြန်မယူနိုင်ပေ။ ယခုအချိန်တွင် သူ့တွင် အားကိုးနေစရာ လီကျင်လုံသာ ရှိသောကြောင့် ဖြစ်သည်။
"လီကျင်လုံ! မင်းဘာလုပ်နေလဲရော သိရဲ့လား"
"ကျွန်တော် ရှင်းရှင်းလင်းလင်း တွေးပြီးပါပြီ"
"ဒီနည်းနဲ့ဆို မင်းဆန္ဒကို ငါဖြည့်ဆည်းပေးမယ်!"
"ကျေးဇူးကြီးမြတ်လှပါတယ် အရှင်မင်းကြီး!"
.......
မေလညတွင် နှစ်ယောက်သား လမ်းကြားထဲ ဖြည်းညှင်းစွာ လမ်းလျှောက်လာခဲ့ကြသည်။ ဟုန်ကျွင့်က ရှေ့မှ လျှောက်သွားကာ လီကျင်လုံကတော့ သူတို့နှစ်ယောက်၏ ကိုယ်ပိုင်အကြောင်းအရာများကို စဉ်းစားရင်း အကြာကြီး ငြိမ်သက်သွားခဲ့သည်။
"ဟုန်ကျွင့်! ကိုယ် မင်းကို ပြောစရာရှိတယ်"
"အရမ်းပင်ပန်းနေလို့ စကားမပြောချင်ဘူး"
လီကျင်လုံ ခြေလှမ်းအနည်းငယ် ထပ်လှမ်းလိုက်သည်။
"မင်းသားက ဒီနေ့ ကိုယ့်ကို ဆင့်ခေါ်လိုက်တာက မမျှော်လင့်ထားတဲ့ အရာတစ်ခု ဖြစ်သွားခဲ့တယ်.. မနေ့ညကတည်း မင်းကို ရှင်းပြချင်တာတွေ အများကြီးပဲ ဒီည..."
"ကျွန်တော် သွားတော့မယ်"
သူသည် လီကျင်လုံကို ယုံကြည်ဆဲဖြစ်သော်လည်း ကျင်းဟွားနန်းဆောင်မှာ ပြောခဲ့သောစကားက သူ့အပေါ် ကြီးမားသော သက်ရောက်မှု ရှိသွားခဲ့ပြီး အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ အုတ်ခဲများနှင့် ကျောက်တုံးများသည် နတ်ဆိုးနှင်ဌာန၏ တံခါးအပြင်ဘက်၌ အနည်းငယ် လှုပ်ခတ်သွားကာ ဟုန်ကျွင့် လျင်မြန်စွာ ပြေးဝင်သွားခဲ့သည်။ လီကျင်လုံက သူ့နောက်မှ လိုက်လာ၏။
"ဘာပဲဖြစ်ဖြစ် မင်းကိုယ့်ကိုယုံမယ်လို့ ကတိပေးထားတယ်လေ!"
ဟုန်ကျွင့် လှည့်ကြည့်လိုက်သော် လီကျင်လုံရဲ့မျက်လုံးများထဲတွင် အထီးကျန်နေတဲ့ အရိပ်အယောင်ကို တစ်ချက်ကြည့်ရုံဖြင့် အမှန်တရားကို နားလည်သော်လည်း သူ့ခမျာ ယခုအချိန်အထိ လွန်စွာ စိတ်မသက်မသာ ခံစားနေရဆဲပင်။
"မင်းတို့နှစ်ယောက် ပြန်လာပြီလား" ငါးကြင်းနတ်ဆိုးက ခြံထဲမှ လှမ်းမေးသည်။
"စားပြီးပြီလား...ဘယ်ရောက်နေကြတာလဲ"
ဟုန်ကျွင့် အမြန်ဖြတ်သွားစဥ် လုရွှီက မော့ရစ်ကန်းရဲ့ အခန်းထဲကနေ ခေါင်းကို ထုတ်လိုက်သည်။
"ဟုန်ကျွင့်!"
ဟုန်ကျွင့် အခန်းထဲဝင်လာပြီး တံခါးကို ပိတ်လိုက်သည်။ လီကျင်လုံလည်း သူ့နောက်ကို ပြေးလိုက်ကာ တံခါးအပြင်ဘက်မှာ ရပ်လိုက်၏။
"ဟုန်ကျွင့်... ကိုယ် ရှင်းပြတာကို နားထောင်ပါဦး..."
ဟုန်ကျွင့် တံခါးကို မဖွင့်ပေးချေ။ လီကျင်လုံသည် ပါးလွှာသော တံခါးကို မျက်နှာမူကာ တွန်းဝင်သွားဖို့ အတင်းမလုပ်ယူဘဲ ထိုနေရာတွင်သာ ရပ်နေလိုက်သည်။ အခန်းထဲမှာ မီးတွေ မဖွင့်ထားတော့ သူ့ရဲ့အရပ်ရှည်ရှည်ရုပ် အရိပ်က တံခါးပေါ်မှာ ထင်ဟပ်နေသည်။
ဟုန်ကျွင့်လည်း ထိုအရိပ်အယောင်ကို စိုက်ကြည့်ကာ တိတ်ဆိတ်နေ၏။
မော့ရစ်ကန်း၊ အားထိုက်နှင့် အခြားသူများအားလုံးသည် လီကျင်လုံကို ကြည့်ရင်း အခန်းထဲမှ ခေါင်းညိတ်ပြနေကြသော်လည်း လီကျင်လုံက အားထိုက်ကို လက်ယက်ခေါ်လိုက်သည်။ အားထိုက် ရောက်လာတော့ စကားတစ်ခွန်း နှစ်ခွန်း ပြောလိုက်ရာ အားထိုက်ခမျာ ရယ်ရမလား ငိုရမလားမသိတော့ဘဲ သူ့နဖူးသူ လက်နှင့်အုပ်ကာ အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။
"အဆင်ပြေရဲ့လား" မော့ရစ်ကန်းက သူ့ပါးစပ်ဖြင့် ဟန်လှုပ်ပြသည်။
လီကျင်လုံ တံခါးနားကို ကပ်သွားတာကြောင့် လုရွှီက တံခါးပြေးခေါက်မလို့ ပြင်တော့သည်။ လီကျင်လုံ လုရွှီကို အမြန်တားလိုက်ပြီး မော့ရစ်ကန်းကိုလည်း လက်ငါးချောင်းနဲ့ 'လှောင်အိမ်' ပုံစံ အချက်ပြလိုက်သည်။
လုရွှီ :"?"
မော့ရစ်ကန်း နားလည်သွားပြီး လုရွှီ အလျင်အမြန် ဆွဲထုတ်လိုက်သည်။ လုရွှီမှာ မော့ရစ်ကန်းလက်မှ ရုန်းထွက်ဖို့ သည်းခံရင်း လီကျင်လုံကို သံသယဖြင့်သာ ကြည့်နေလေသည်။
ဟုန်ကျွင့် ကုတင်ပေါ်တွင် လဲလျောင်းနေပေမယ့် လီကျင်လုံ ထွက်မသွားသေးတာကိုတော့ မြင်နေရပါသည်။ ယနေ့ လီကျင်လုံပြောခဲ့သော စကားများကို တွေးကြည့်ရင် သူ့ကို ကာကွယ်ပေးချင်လို့ ပြောနေမှန်း သဘောပေါက်ပါ၏။
"ဒီနေ့ ကိုယ်ပြောခဲ့တာက မင်းကို စိတ်မသက်မသာ ဖြစ်စေမှန်း သိပါတယ်"
လီကျင်လုံရဲ့ အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။
ဟုန်ကျွင့် စိတ်ရှုပ်နေပြီး :"ပြောမနေနဲ့တော့ သွားတော့!"
"...ဒါပေမယ့် မင်းက နတ်ဆိုးနဲ့ဆိုင်တဲ့ စကားလုံးတွေကိုပဲ နားထောင်ခဲ့တာမလား..."
လီကျင်လုံသည် ဟုန်ကျွင့်ဆီက နှင်ထုတ်ခြင်းအမိန့်ကို လျစ်လျူရှုပစ်လိုက်သည်။
"ဘုရင်မင်းမြတ်ကို ကိုယ် ပြောခဲ့တယ်လေ... မင်းက ကိုယ့်ဘဝရဲ့ အရေးကြီးဆုံးလူပဲလို့"
လုရွှီ၊ ငါးကြင်းနတ်ဆိုး၊ အားထိုက်နဲ့ အားရှစ်နရှုံတို့သည် ထိုစကားကို ကြားသောအခါ ထိတ်လန့်သွားပုံရသော်လည်း မော့ရစ်ကန်းကတော့ ဘာတွေ ဖြစ်ပျက်နေလဲ မသိတာတောင် လက်သီးဖြင့် ဝှေ့ယမ်းကာ အားပေးနေဆဲဖြစ်သည်။
ငါးကြင်းနတ်ဆိုးက ပါးစပ်ကို ကျယ်ကျယ်ဖွင့်ထားသည်။ လူတိုင်းက အပျော်တွေကို ကြည့်နေကြပေမယ့် လီကျင်လုံက စိတ်မသက်မသာ ဖြစ်နေတာကြောင့် မြန်မြန်ထွက်သွားကြဖို့ လက်ပြလိုက်ပါ၏။
အခန်းထဲမှာတော့ ဟုန်ကျွင့်က ဘာမှ ပြန်မဖြေသေးချေ။ လီကျင်လုံသည် သူ့လက်ထဲတွင် ဖီဖာစောင်းကို ကိုင်လျက် ဟုန်ကျွင့်ရဲ့ အခန်းအပြင်ဘက်တွင် တင်ပျဉ်ခွေထိုင်နေသည်။
"ဟုန်ကျွင့် ကိုယ် ဘုရင်မင်းမြတ်ကို သဘောကျမိတဲ့ အရာတစ်ခု ရှိတယ်...ဘာလဲ မင်းသိလား"
အခန်းထဲတွင် တိတ်ဆိတ်နေကာ စက္ကူတံခါးပေါ်မှ လရောင်က နှင်းများကဲ့သို့ ဖြူဖွေးလာပြန်သည်။
"လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကြင်ယာတော် ဝူဟွေ့က ဖျားနာပြီး ကွယ်လွန်သွားတယ်... ဘုရင်မင်းမြတ်က မြင်မြင်ချင်း ကြင်ယာတော်ယန်ကို ချစ်ကြိုက်ခဲ့ပြီး နန်းတော်ထဲကို ခေါ်ယူသွားခဲ့တယ်... ကြင်ယာတော်က တစ်ချိန်က သူ့ချွေးမ၊ ဒီလုပ်ရပ်က နန်းတွင်းမှာ အကြီးအကျယ် အနှောင့်အယှက် ဖြစ်သွားစေခဲ့တယ်"
"ဒါပေမယ့် သူတို့တွေ အတူတူ ရှိရမယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် ဘုရင်မင်းမြတ်က အယူအဆတွေကို ဆန့်ကျင်ခဲ့တယ်"
ဟုန်ကျွင့် ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထထိုင်လိုက်သည်။ အခန်းအပြင်ဘက်ရှိ လီကျင်လုံရဲ့ အရိပ်ကို စိတ်ရှုပ်ထွေးစွာ ကြည့်ရင်း သူဘာကြောင့်ဒီလိုပြောနေသလဲ မသိ။ လီကျင်လုံအား တောင်းပန်ရန် ရည်ရွယ်ချက်မရှိခဲ့ဘဲ သက်ပြင်းတစ်ချက်သာ ချလိုက်သည်။
"မင်းအတွက် သီချင်းဆိုပေးမယ် ဟုန်ကျွင့်"
ဟုန်ကျွင့် : "???"
ဟုန်ကျွင့် ဒေါသများ ပြေလျော့သွားပါပြီ။ လူတိုင်းကလည်း မအိပ်ကြသေးပေ။ တံခါးအပြင်ဘက်တွင် ထိုင်နေကြပြီး အများစုမှာ နှစ်ယောက်သား ရန်ဖြစ်တော့မည်ဟု ထင်ကာ တံခါးဖွင့်ခါနီးတွင် တိမ်မျှင်များ စီးဆင်းနေသဖွယ် စောင်းတီးသံကို ကြားလိုက်ရသည်။
"တောင်တန်းပေါ်မှာ သစ်ပင်တွေ ရှိတယ် သစ်ပင်တွေက အကိုင်းအခက်တွေ ရှိတယ်..."
လီကျင်လုံရဲ့ အသံက အားထိုက်ကဲ့သို့ ပြတ်ပြတ်သားသား မဟုတ်ဘဲ နက်နဲသည်။ သီချင်းသံ ထွက်လာသည်နှင့် တပြိုင်နက် ဟုန်ကျွင့်မှာ သူ့နှလုံးသားကို ထိမိသွားသည့် မှော်အစွမ်းတစ်ခု ရှိနေပုံရသလို ခံစားလိုက်ရလေ၏။
"ငါအရမ်းပျော်နေတယ် မင်းမသိဘူး..."
လီကျင်လုံ မျက်နှာပေါ်တွင် နီရဲနေသော အရောင်တစ်ရောင် ရှိနေသည်။ ဖီဖာစောင်းပေါ်က ကြိုးများကို ဆွဲထုတ်လိုက်ရာ သူ့လက်ငါးချောင်းကြားတွင် အလင်းရောင်များက အဆက်မပြတ် စီးဆင်းသွားခဲ့သည်။ ဟုန်ကျွင့် ထိုအငွေ့အသက်ကို ရှူရှိုက်မိသွားသည်။
ဒါက... ချစ်ခွင့်ပန်တဲ့ သီချင်းတစ်ပုဒ်လေ!
ဟုန်ကျွင့် မယုံကြည်နိုင်စွာ လှည့်ပတ်ကြည့်ရင်း ခဏတာ မူးဝေသွားပြီးနောက် တံခါးပေါ်ရှိ အရိပ်ကို စေ့စေ့ ထပ်ကြည့်လိုက်သည်။
"မြစ်လယ်မှာ ဘယ်နေ့ည ဆုံမှာလဲ... မင်းသားနဲ့ ဘယ်တော့ လှေပေါ်တက်ရမလဲ... ကုသိုလ်ကောင်းမှုတွေကြောင့် နှိမ့်ချ အရှက်ရလိမ့်မယ် ကိုယ့်နှလုံးသားက အမြဲတုန်လှုပ်နေခဲ့တယ်... တောင်ပေါ်မှာ သစ်ပင်တွေ ရှိလို့ သစ်ပင်တွေပေါ်မှာ အကိုင်းအခက်တွေ ရှိနေတယ်ဆိုတာ ကိုယ်သိတယ်..."
"ကိုယ့်နှလုံးသားက မင်းအတွက် ပျော်ရွှင်နေပြီ... မင်းမသိဘူးလား"
ဟုန်ကျွင့် : "..."
ဤ "ယွဲ့ရန်" သီချင်းကို မူလက ယွဲ့ကောင်မလေးက ဖြည်းညှင်းစွာ သီဆိုခဲ့သော်လည်း လီကျင်လုံက စောင်းတီးရင်း လျင်မြန်စွာ သီဆိုနေသည်။ လက်ညိုးကို လှုပ်ရှားကာ အဆင့်ဆင့် ချဉ်းကပ်မှုဖြင့်ပင် ဟုန်ကျွင့် ခံနိုင်ရည်မရှိအောင် ပြင်းပြင်းထန်ထန် သီဆိုနေခဲ့သည်။
တခဏချင်းမှာပဲ ခြံဝင်းထဲက လူတွေအားလုံး အံ့အားသင့်သွားပြီး လီကျင်လုံ အဝေးကနေ လှမ်းကြည့်ကြလိုက်သည်။ လီကျင်လုံ သူ့သံစဉ်ကို ပြန်ပြောင်းလိုက်သည်။
"မင်းကို သိစေချင်လိုက်တာ... အသက်က ဘယ်တော့မှ မှေးမှိန်မှာ မဟုတ်ဘူး၊ တောင်တွေ အဆုံးမရှိ၊ မြစ်တွေ စီးဆင်းလို့ ဆောင်းမိုးခြိမ်းသံတွေ တုန်ခါနေတယ်... နွေမိုးတွေ နှင်းတွေ ကျလို့ ကောင်းကင်နဲ့ မြေကြီးက စည်းလုံးနေတယ်......"
"...မင်းနဲ့....."
သီချင်းသံက တဖြည်းဖြည်း ရပ်တန့်သွားပြီးနောက် လီကျင်လုံက တံခါးကို စိုက်ကြည့်ရင်း ကလေးလေးကို ချော့နေရသလို ပြုံးလိုက်သည်။
"ဟုန်ကျွင့်... မင်း ကိုကို့ကို ကြိုက်နေတယ် ဟုတ်တယ်မလား"
ဟုန်ကျွင့် : "..."
ဟုန်ကျွင့် အခန်းထဲက ကြမ်းပြင်ပေါ်တွင် ထိုင်နေပြီး အနည်းငယ် နောက်ပြန်ဆုတ်သွားမိသည်။ လီကျင်လုံက အခန်းအပြင်ဘက်တွင် ရှိနေဆဲဖြစ်ကာ စဉ်းစားရန်ပင် အချိန်မပေးဘဲ ထပ်ပြောလာသည်။
"မင်းကိုယ့်ကို ကြိုက်တာ ကိုယ်သိပါတယ်... ဟုန်ကျွင့် မင်းကိုယ်ကို ကြိုက်တယ်လို့သာ ပြောလိုက်....မင်းအရင်က ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုအကြိုက်ဆုံးပဲလို့ ထပ်ပြောပါဦး ဟုန်ကျွင့်..."
ဟုန်ကျွင့်: "ခင်... ခင်ဗျားက တော်တော် စက်ဆုပ်ရွံရှာစရာကောင်းတာပဲ... ခေါင်းဆောင်! ခင်ဗျား ဒီလိုလုပ်လို့ မရဘူး!"
"မင်းကိုယ့်ကို ကြိုက်တယ်လို့ ပြောပါ"
လီကျင်လုံ စောင်းကိုချပြီး မြေပြင်ပေါ် ဒူးထောက်လိုက်သည်။
"မင်း ကိုယ့်ကိုကြိုက်တယ်လို့ပဲ ပြောလိုက်... မင်း ပြောပြီးတာနဲ့ ကိုယ် ဝင်လာခဲ့မယ်"
"ကျွန်တော်..."
ဟုန်ကျွင့် သူ့ကိုယ်သူတောင် မထိန်းနိုင်ဘဲ အရူးအမူးထလိုက်သည်။ ရုတ်တရက် ထိုနေ့တုန်းက လီကျင်လုံ သူ့ကို ရင်ခွင်ထဲတွင် ထွေးဖက်ထားပြီး ယောင်ကျင်းနန်းတော်၏ ကောင်းကင်မှ ချက်ချင်း ပျံသန်းသွားတဲ့ ခံစားချက်ကို ပြန်ခံစားလိုက်ရသည်။
လီကျင်လုံ မြို့ထဲသို့ ချဉ်းကပ်လာသောအခါက ကြီးကျယ်ခမ်းနားတဲ့ စစ်သူကြီးတစ်ဦးနှင့် တူသည်။ သူသည် ထောင်ပေါင်းများစွာသော တပ်များကို ဦးဆောင်ကာ ကမ္ဘာပေါ်ရှိ နာမည်ကြီး နတ်ဘုရားများထံ ကတိသစ္စာပြုကာ ကောင်းကင်၊ မြေကြီး၊ တောင်များ၊ ပင်လယ်နှင့် တရုတ်နိုင်ငံရှိ သတ္တဝါအားလုံးကို ကတိသစ္စာပြုကာ သူ့စစ်တပ် အလံကို ဝှေ့ယမ်း၍ မြို့အားလုံးကို တခဏချင်း သိမ်းပိုက်တော့မယ့် တန်ခိုးကြီးသူလိုပင်။
"မင်းကိုယ့်ကို ကြိုက်တယ်လို့ ပြောလိုက်ရင် ဟုန်ကျွင့် ကိုယ်တို့ အတူတူရှိပြီ... အခုကစပြီး မင်းကိုယ့်ကိုဘယ်တော့မှ ထားခဲ့လို့ မရဘူး... ကိုယ်လည်း မင်းကို ဘယ်တော့မှထားခဲ့မှာမဟုတ်ဘူး"
"ကျွန်....ကျွန်...ကျွန်တော် ...ငါ..."
ဟုန်ကျွင့်ခမျာ ခေါင်းထဲ သွေးဝင်သွားခဲ့သလိုမျိုး မထိန်းနိုင်ဘဲ တုန်တုန်ယင်ယင် ဖြစ်သွားသည်။
"ကျွန်... ကျွန်တော်...ခင်ဗျားကို ကြိုက်တယ်" ဟုန်ကျွင့် အသက်ရှူမဝလုနီးပါး ဖြစ်သွားသည်။
"မင်းဘယ်သူ့ကို ကြိုက်တာ?"
"လူယုတ်မာ!" ဟုန်ကျွင့် မျက်နှာကြီး နီရဲလာပြီး တံခါးဆီသို့ ဟောက်လိုက်သည်။
"လီကျင်လုံ--!"
လီကျင်လုံလည်း ပြုံးကာ တံခါးကိုတွန့်ဖွင့်၍ ဝင်လာခဲ့သည်။ ဟုန်ကျွင့် ချက်ချင်းပင် တုန်လှုပ်သွားပြီး ရှေ့ကို တိုးလာနေသူအား မျက်လုံးပြူးကြည့်လိုက်သည်။
"ခင်ဗျား ဘာလုပ်မလို့လဲ?!"
လီကျင်လုံက အနား ရောက်လာသဖြင့် ဟုန်ကျွင့် အနောက်ဆုတ်ရင်း တဖြည်းဖြည်း ထောင့်စွန်းတွင် ပုန်းအောင်းမိသလို ဖြစ်သွားသည်။ လီကျင်လုံက ဒူးတစ်ဖက်ထောက်ကာ တစ်ဖက်ကတော့ ဟုန်ကျွင့်ကို ထောင့်တွင် ပိတ်ဆို့ထားလိုက်သည်။
ဟုန်ကျွင့် အလွန်အရှက်ကွဲသွားသော်လည်း လီကျင်လုံက သူ့မေးစေ့ကို ဆွဲမော့ယူကာ သူ့ကို လေးလေးနက်နက် ကြည့်၍ တိုးတိုးပြောလာသည်။
"မလှုပ်နဲ့... လိမ်မာနော်..."
ပြီးချင်းမှာပဲ လီကျင်လုံက သူ့ခေါင်းကို ငုံ့ကာ နမ်းရှိုက်လိုက်လေသည်။ တခဏချင်းမှာပဲ ဟုန်ကျွင့် စိတ်ထဲမှာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး အရာအားလုံး တိတ်ဆိတ်သွားခဲ့သည်။ လီကျင်လုံ သူ့နှုတ်ခမ်းတွေကို ထိလိုက်တဲ့အချိန်မှာပဲ နွေဦးညဟာ လုံးဝ တိတ်ဆိတ်သွားခဲ့ပြီး အလင်းစလေးတစ်ခုက ရှည်လျားတဲ့ညကို ဖြတ်ကျော်ကာ သူ့စိတ်ဝိညာဉ်ထဲ ဝင်ရောက် တောက်ပလာခဲ့ပါ၏။
နှုတ်ခမ်းချင်း ခွာလိုက်သောအခါ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေမိသည်။ လီကျင်လုံက ဒူးထောက်ထိုင်ကာ မျက်တောင်မခတ် စိုက်ကြည့်နေသည်။ သူ့မျက်လုံးများက တောက်ပစွာ ပြုံးပြနေကာ။
“ကိုယ်က ဘာလဲ”
"ခင်ဗျား လူယုတ်မာပဲ!!"
"ထပ်ပြောပါဦး"
"ခင်ဗျားက... အွန်း.."
ဟုန်ကျွင့် ဘာမှပြန်မပြောမီ လီကျင်လုံက ယ သူ့ကို အပြင်းအထန် နမ်းလာပြန်သည်။ လီကျင်လုံ ကို မျက်လုံးပြူးပြီး တံခါးဆီသို့ လှမ်းကြည့်ကာ ချက်ချင်း တွန်းထုတ်ပစ်လိုက်သည်။
"သတိထားလေ.."
လီကျင်လုံက မျက်မှောင်ကြုတ်ပြလေ၏။
"မကြည့်နဲ့တော့!"
ဟုန်ကျွင့် ရှက်လွန်းလို့ သေတော့မည်။ တံခါးအပြင်ဘက်မှာ ရပ်နေတဲ့ လူအုပ်စုကြီး ရှိနေတယ်လေ။
"ဂုဏ်ယူပါတယ်!" မော့ရစ်ကန်းက ကမန်းကတန်း လှမ်းပြောသည်။
အားထိုက် :"ခေါင်းဆောင် ကျေးဇူးပြုပြီး ပိုက်ဆံနည်းနည်းလောက် ဖြန့်ဝေပါ့လား..ပျော်စရာပွဲရှိရင် စာအိတ်အနီ ပေးရမယ်လေ.."
အားရှစ်နရှုံ: "မှန်တယ် လူတစ်ယောက်ကို ငွေစ၂၀စီ ပေးရလိမ့်မယ်"
လုရွှီ :"ခင်ဗျားက တော်တော် ယုတ်မာတယ်လို့ ကျွန်တော်လည်း ခံစားရတယ် ခေါင်းဆောင်!!"
လီကျင်လုံ ဒေါသတကြီးနဲ့ လှည့်အော်လိုက်သည်။
"မင်းတို့ရဲ့လစာကို ဖြတ်ပစ်မယ်!"
ထို့နောက် လူတိုင်း လူစုခွဲသွားကာ ငါးကြင်းနတ်ဆိုးကတော့ ဟုန်ကျွင့်ကို အလွန်စိတ်ပျက်သွားပုံဖြင့် လှည့်ထွက်သွားခဲ့သည်။
ဟုန်ကျွင့်: "တံခါး ပြန်ပိတ်သွားစမ်း! ကျောက်ကျစ်လုံ!!"
ငါးကြင်းနတ်ဆိုးက "ဟုန်ကျွင့်..."
ဟုန်ကျွင့်: "ငါ့ကို ခဏအချိန်ပေး!"
ငါးကြင်းနတ်ဆိုးလည်း တံခါးကို ပိတ်ကာ ထွက်ပြေးရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
ဟုန်ကျွင့် တစ်ဖက်လူအား ထပ်မံ မော့ကြည့်လိုက်သောအခါတွင် ရုတ်တရက် အလွန်စိတ်လှုပ်ရှားသွားပြီး မူးမေ့လဲလုနီးပါး ဖြစ်သွားသည်။ ချက်ချင်း မတ်တပ်ထရပ်ကာ တံခါးကို ပြေးထွက်ချင်သော်လည်း လီကျင်လုံက တားနေသည်။
"မင်းဘယ်သွားမှာလဲ"
ဟုန်ကျွင့်: "ကျွန်တော်...အသက်ဝဝ သွားရှူလိုက်ဦးမယ်"
ဟုန်ကျွင့် အပေါ်ထည် အင်္ကျီကိုဝတ်ကာ ပြေးထွက်လာခဲ့ပြီး လီကျင်လုံက သူ့အနောက်က လိုက်လာခဲ့သည်။ ဟုန်ကျွင့် ခြံဝင်းအတွင်းသို့ လှည့်ကြည့်ကာ မှိန်းနေသော မျက်နှာဖြင့် လျှောက်သွား၏။ လီကျင်လုံက သူ သွားလေရာရာကို အနောက်ကနေ လိုက်လာပေးသည်။
"ခင်ဗျား..." ဟုန်ကျွင့် လှည့်ကြည့်လိုက်တော့ လီကျင်လုံရဲ့ ရင်ဘတ်ကို တိုက်မိလုနီးပါး ဖြစ်သွားသည်။
"မင်းကို ပွေ့ဖက်ထားပေးရမလား?"
"မဟုတ်ဘူး!"
လီကျင်လုံ :"အားလုံးကြားပြီးသွားပြီကို"
ဟုန်ကျွင့် : "..."
"ကိုယ့်နောက်ကိုလိုက်ခဲ့"
လီကျင်လုံ ဟုန်ကျွင့်ရဲ့လက်ကို ဆွဲကိုင်ထားလိုက်ချိန် လူငယ်လေးက တုန်လှုပ်သွားသည်။ ရုတ်တရက် ဖယ်ပစ်ချင်ပေမယ့် လီကျင်လုံက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ဆွဲခေါ်သွားတာကြောင့် ဟုန်ကျွင့် ကြောင်အကာ ချော်လဲလုနီးပါးပင် ဖြစ်သွားသည်။ လီကျင်လုံဟာ သူ့ခါးကို ပွေ့ဖက်ပြီး နံရံများပေါ်မှ ပျံသန်းကာ တံစက်မြိတ်များစွာကို ဖြတ်ကျော်၍ ငန်းရိုင်းမျှော်စင်ကြီးပေါ်သို့ တက်လာခဲ့သည်။
ဟုန်ကျွင့်မှာ ခဏတာလောက်အထိ အိပ်မက်ထဲ ရောက် နေသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ဤအံ့သြဖွယ်ကောင်းသော ဘဝရဲ့ မတော်တဆမှုကို မတုံ့ပြန်နိုင်သေးဘဲ လီကျင်လုံဆီက အမြန်ထွက်ခွာချင်နေပါသည်။ ဒါပေမယ့် တစ်ဖက်က သူ့ကို လှည့်ကြည့်လာတဲ့အခါ ဆုံးရှုံးရမှာ ကြောက်သလို အသက်ရှုဖို့တောင် အခွင့်မပေးဘဲ ထွက်သွားချင်စိတ်ကို ငြင်းဆန်ခဲ့မိပြန်သည်။
"ကျွန်တော်……"
ဟုန်ကျွင့် လီကျင်လုံမျက်နှာဘက်ကို လှည့်လိုက်သည်။ သူ့ရင်ထဲမှာ ခံစားချက်တွေက လှိုင်းလုံးကြီးတွေ တဝုန်းဝုန်း ရိုက်ခတ်နေလျက်။ သူ့မှာ ပြောစရာစကားလုံး ထောင်ပေါင်းများစွာ ရှိပေမယ့် ဘယ်လို ဖော်ပြရမှန်းမသိဘဲ ဖြစ်နေသည်။
လီကျင်လုံ: "ကြည့်လိုက်.... ဒီညရဲ့ ချန်အန်းက တကယ်လှလွန်းတယ်..."
သာသာ - ခေါင်းဆောင်လီက သူ့ကောင်လေးကို သီချင်းနဲ့ ဖွင့်ပြောတာနော်။ crush ရှိနေသူတွေ လီကျင်လုံဆီက သင်ကြပါ။