ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ပထမပိုင်း)
Chapter (4)
နက္ခတ်ဗေဒင်
စကားပြောနေစဉ် အတွင်း ဦးလေးသုံးသည် သူ့အိတ်စုတ်ထဲမှ ဓာတ်ပုံနှစ်ပုံကို ထုတ်ယူပြီး ဝူရှဲ့ထံသို့ ပေးလိုက်သည်။ ဒီဓာတ်ပုံနှစ်ပုံဟာ အဲဒီအဂ္ဂိရတ်မီးဖိုနဲ့ ပတ်သက်တာတွေ ဖြစ်ရမယ် ဆိုတာကို သိပါ၏။ ဒီကိစ္စက အတော်လေးရှုပ်ထွေးပြီး ဒီဓာတ်ပုံတွေသာ မရှိရင် ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်တော့မှာကို ကြောက်ရသည်။ အခုဦးလေးသုံးက သူ့ကို ရှင်းပြဖို့ အကုန်သုံးနေပုံရသည်။
ဝူရှဲ့ ယူပြီး ကြည့်လိုက်တော့ ပြတိုက်မှာ ပြသထားတဲ့ အဂ္ဂိရတ်မီးဖိုကြီးထဲက ပထမဆုံးဓာတ်ပုံကို ရိုက်ထားတာ တွေ့လိုက်ရသည်။ ဦးလေးသုံး ပြောတဲ့အခါတုန်းက အရမ်းကြီးမှန်း မသိခဲ့ပေ။ ကြည့်လိုက်တော့မှ အရပ်ရှည်ကလည်းသလို အနေအထားကလည်း ကြီးရာ နိုင်ငံတွင်းမှာ ဒီလိုမျိုး မှောင်ခို တင်သွင်းတာဟာ တကယ်ကို မဖြစ်နိုင်တဲ့ အလုပ်ပဲ ဖြစ်လေသည်။
ဒုတိယပုံမှာ အဂ္ဂိရတ်မီးဖို၏ အောက်ခြေကို ပြထားသည်။ ကြေးမီးဖိုအောက်ခြေတွင် အကွေးအကောက် ပုံစံများစွာ ဖုံးအုပ်ထားတာကို တွေ့လိုက်ရသည်။ မီးဖိုအောက်ခြေ အလယ်တွင် ကြေးနီသားရဲ တစ်ကောင်သည် ကောင်းကင်သို့ မော့ကြည့်နေဟန် ဦးခေါင်းကို ကောင်းကင်သို့ ပင့်မြှောက်ထား၏။ အရမ်းမိုက်တယ်။ စတိုင်လ်ကျကျ ပြောရရင် ဒါဟာ အရည်အသွေး အကောင်းဆုံး လက်ရာပါပဲ။
"ဒါက ပြတိုက်မှာ ပြန်ပြုပြင်ထားတဲ့ အဂ္ဂိရတ်မီးဖိုပဲ... ဒုတိယပုံက အဂ္ဂိရတ်မီးဖိုရဲ့ အတွင်းပိုင်း... ရှဲ့လျန်းဟွမ် ရှာတွေ့ခဲ့တဲ့ မီးဖိုအောက်ခြေမှာ ရှိတဲ့ ယန္တရားက အရမ်းထက်မြက်တဲ့ ရေထည့်ပေါက်ပဲ အဂ္ဂိရတ် သန့်စင်တဲ့အခါ ရေထည့်ဖို့ အသုံးပြုတဲ့နေရာပေါ့... အဂ္ဂိရတ်မီးဖိုထဲကို ရေထည့်တဲ့အခါ မီးဖိုနံရံက အခေါင်းပေါက် ဖြစ်နေတာလေ... အတွင်းမှာ ရေတွေ ရှိနေမယ်.... ရေတွေက ဂရပ်ပုံတွေထဲ စီးဝင်သွားရင် သေချာတဲ့ အနေအထားမှာဆို ကောင်းကင်ကို ကြည့်နေတဲ့ သားရဲအောက်မှာ ရှိတဲ့ ယန္တရားကို ဖွင့်လို့ရတယ်.... မိုးကောင်းကင်ကို ကြည့်နေတဲ့ သားရဲရဲ့ ပါးစပ်ထဲကနေ ရေတွေ ထွက်လာမှာဆိုတော့ သန့်စင်ဆေးရည် လုပ်တဲ့အခါ မီးဖိုအဖုံးဖွင့်စရာ မလိုတော့ဘူး"
ဝူရှဲ့ အံ့အားသင့်စွာ ခေါင်းညိတ်လိုက်သော်လည်း ထိုကဲ့သို့ လိမ္မာပါးနပ်သော ယန္တရားက တရုတ်နိုင်ငံတွင် အထူးအဆန်း မဟုတ်ပေ။ ဤယန္တရားသည် စစ်မတ်ကာလ ပိုးထည်စထဲက အဓိက သော့ချက်ဖြစ်နေတာလဲ ဆိုတာက ထူးဆန်းနေတာပင်။
ဦးလေးသုံးကတော့ ပြဿနာက ဒီယန္တရားရဲ့ လုပ်ငန်းဆောင်တာ မဟုတ်ဘဲ ဒီယန္တရား လည်ပတ်ပုံပဲလို့ ပြောကာ ဦးလေးသုံးက မှန်ဘီလူးကိုထုတ်ပြီး အဂ္ဂိရတ်မီးဖိုရဲ့ အောက်ခြေပုံစံကို အနီးကပ်ကြည့်ဖို့ ဆိုလိုက်သည်။
ဓာတ်ပုံက အလွန်သေးငယ်လွန်း၏။ သေသေချာချာ ကြည့်လိုက်တော့ မီးဖိုအောက်ခြေမှာ ကောင်းကင်ကို ကြည့်နေတဲ့ သားရဲတဝိုက်မှာ သေးငယ်လွန်းတဲ့ ရုပ်ကြွလေးတွေ အများကြီး ရှိနေတာကို တွေ့လိုက်ရသည်။ သတိမထားမိရင် သေသေချာချာ မမြင်ရဘဲ သူတို့ဟာ ကြေးအိုး၏ အလွှာလို့ပဲ ထင်လိမ့်မည်။
"ဒါကဘာလဲ?"
ဝူရှဲ့ နားမလည်သေးလို့ ထပ်မေးလိုက်သည်။
"မင်း မသိတာ ခွင့်လွှတ်လိုက်လို့ ရပါတယ်... မီးဖိုအောက်ခြေက ရုပ်ကြွက ရှေးဟောင်းကြယ်မြေပုံတစ်ခုပဲ"
"ရှေးဟောင်း ကြယ်မြေပုံတစ်ခု ဟုတ်လား?"
ဝူရှဲ့ အံ့အားသင့်သွားကာ ပါးစပ်အဟောင်းသား ဖြစ်သွား၏။
"ဒါက ကောင်းကင်မှာရှိတဲ့ ကြယ်တွေရဲ့ တည်နေရာတွေကို ပြသတဲ့ မြေပုံမျိုးလား?"
ဦးလေးသုံးက ခေါင်းညိတ်ပြသည်။ သူက နှိုင်းယှဉ်ရန်အတွက် စစ်မတ်ကာလ ပိုးထည်စာအုပ်မှ ဘာသာပြန်ထားသော ဂရပ်ဓာတ်ပုံတစ်ပုံကို ပြခဲ့သည်။
"ဒါက ဒီယန္တရားရဲ့ ဉာဏ်အမြော်အမြင် အရှိဆုံး အစိတ်အပိုင်းပဲ... မီးဖိုအောက်ခြေကဟာက ရှေးခေတ်ကြယ်မြေပုံ တစ်ခု... မီးဖိုအဖုံးကို လှည့်လိုက်ရင် ဒါမှမဟုတ် မှန်ကန်တဲ့ထောင့်ကို ရွှေ့လိုက်ရင် မီးဖိုအဖုံးရဲ့ထိပ်.... ဒီပုံပေါ်က မျဉ်းကွေးက မီးဖိုအောက်မှာရှိတဲ့ ကြယ်ပုံပြဇယားထဲက ကြယ်ခြောက်လုံးနဲ့ တိုက်ဆိုင်ရင် ယန္တရား ပွင့်သွားလိမ့်မယ်"
ဒါကိုကြားတာနဲ့ ဝူရှဲ့သည် ချက်ချင်းဆိုသလိုပဲ တစ်ခုခုကို တွေးလိုက်မိပြီး ရုတ်တရက် ဝင်ထောက်လာ၏။
"မြေပုံရဲ့ ပုံသဏ္ဌာန်နှစ်ခုက ထပ်နေနိုင်တယ်... ဒီတော့ ဒီစစ်မတ်ကာလ ပိုးထည်စာအုပ်ထဲက ထူးဆန်းတဲ့ မျဉ်းကြောင်းတွေက တကယ်တော့ 'နက္ခတ်ဗေဒင်' တစ်ခုပေါ့!"
"မှန်တယ်"
နက္ခတ်ဗေဒင်သည် ကောင်းကင်က ကြယ်များကို ကြည့်၍ ဗေဒင် တွက်ချက်သည့် ပညာရပ်တစ်ခု ဖြစ်သည်။ ကောင်းကင်ယံ၌ ကြယ်ပေါင်း သောင်းနှင့်ချီရှိသလို အချိန်နှင့် ရာသီများအလိုက် ရွေ့လျားနေသည်။ ၎င်းကြယ်များစွာထဲမှ အတိအကျ တူသည့် ကြယ်အနည်းငယ်ကို ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲပါသည်။ ကြယ်များ ဖြစ်သောကြောင့် အာကာသ ဟူသည့် အရာကလည်း ရှိနေသေးသည်။
ယေဘူယျအားဖြင့် ဤဂရပ်မျဥ်းတို့သည် ကြယ်များ၏ အစီအစဉ်အတိုင်း ချိတ်ဆက်ထားသော မျဥ်းများ ဖြစ်သည်။ နက္ခတ်ဗေဒင်ပေါ်က ပေတို့ကြယ် (ခုနှစ်စင်ကြယ်)ကို ချိန်ညှိနေသရွေ့ သင်သည် သံလိုက်အိမ်မြှောင်နှင့် ရာသီအလိုက် စကေးများ၏ အကူအညီဖြင့် နက္ခတ်ဗေဒကို လှည့်နိုင်သည်။ အဆိုပါ သီးခြားမျဉ်းများသည် မိမိရှာဖွေနေသော ကြယ်များနှင့် ကိုက်ညီလိမ့်မလား ဆိုတာ အတိအကျ ပြသပါလိမ့်မည်။
အံ့ဩဖို့ မလွယ်ပေ။ ဒါက စဉ်းစားရခက်တယ် မဟုတ်ဘူးလား။ အခုနတုန်းက ဘာလို့ မတွေးခဲ့မိပါလိမ့်။
ဤသည်မှာ အလွန်ယုတ္တိကျပါသည်။ စစ်မက်ဖြစ်ပွားနေသော နိုင်ငံတော် ကာလအတွင်း ကြယ်တွေကို ငေးကြည့်ခြင်းက အလွန်ဖွံ့ဖြိုးလာနေပြီ။ ထိုခေတ်ကလူများသည် ကောင်းကင်ဖြစ်စဉ်များဟာ ကမ္ဘာပေါ်ရှိ အရာအားလုံး၏ ရွေ့လျားမှုကို ကိုယ်စားပြုသည်ဟု ယုံကြည်ကြပြီး ကောင်းကင် လျှို့ဝှက်ချက် တချို့ကို ထိုးထွင်း သိမြင်နိုင်ကြသည်ဟုပင် ဆိုကြသည်။
ဤလျှို့ဝှက်ချက်များသည် တိုင်းပြည်အတွင်း အပြောင်းအလဲများ၊ စစ်ပွဲများနှင့် ဘေးအန္တရာယ်များကို မကြာခဏ ထုတ်ဖော်ပြသလေ့ရှိပြီး အများအားဖြင့် အလိုအလျောက် ထုတ်ဖော်လို့တော့ မရပေ။ ပိုးသားစာအုပ်များတွင် သူလေ့လာခဲ့သော ကြယ်မြေပုံများကို ဖုံးကွယ်ထားတယ် ဆိုတာ အဓိပ္ပာယ် ရှိပါသည်။
ဤကြယ်မြေပုံသည် တစ်ချိန်တည်းတွင် အဂ္ဂိရတ်မီးဖိုပေါ်၌ ပေါ်လာသည်။ ဤကောင်းကင် ဖြစ်စဉ်သည် အထူးအဓိပ္ပာယ် တချို့ကို ကိုယ်စားပြုပြီး ထိုအချိန်ကာလက လူများစွာကို သတိပြုမိစေခဲ့နိုင်သည်။
ဦးလေးသုံးက ခေါင်းညိတ်လေသည်။
"မင်း ကြီးကျယ်ခမ်းနားတဲ့ တိုးတက်မှုတွေ ရခဲ့တာ အမှန်ပဲ... ဒီအရာတွေကို အမေရိကန်ကို ပို့ပေးပြီးတာနဲ့ လျှို့ဝှက်ချက်ကို ချိုသဲ့ခေါင်တို့က ချက်ချင်း ရှာတွေ့သွားခဲ့တယ်....သူလည်း မင်းလိုပဲ ကြယ်တွေကို ငေးကြည့်ဖို့ တွေးခဲ့တာ"
ဒါဟာ အလွန်စိတ်လှုပ်ရှား စရာကောင်းတဲ့ ရှာဖွေတွေ့ရှိမှု တစ်ခုပါပဲ။ ရှေးဟောင်း သုတေသနသမိုင်းမှာ ပထမဆုံးအကြိမ် အဖြစ် ချိုသဲ့ခေါင်ဟာ ကျော်ကြားလာပြန်တယ်။ သို့သော် ယခုအချိန်တွင် တခြားအရာတွေကို သူ ဂရုမစိုက်တော့ဘဲ ရှေးဟောင်းသုတေသန လုပ်ငန်းစဉ်တွင် လုံးလုံးလျားလျား နစ်မြုပ်နေခဲ့သည်။
အာကာသအတွင်း လှည့်ပတ်နေသော ကြယ်များသည် ဘာကိုဆိုလိုသနည်း။ အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားသောကြောင့် ဤနက္ခတ်ဗေဒင်ပညာသည် တခြားသူများ မသိနိုင်သော အရေးကြီးသည့် အရာတစ်ခုကို ကြိုဟောထားနိုင်ကြောင်း သူခန့်မှန်းမိသွား၏။
ကြယ်မြေပုံကို နက္ခတ်ဗေဒင်ဖြင့် ထပ်ကြည့်ပြီးနောက်တွင် ကြယ်မြေပုံ တစ်ခုလုံးမှ သီးခြားကြယ်ခြောက်လုံးကို ချိုသဲ့ခေါင် ရှာတွေ့သွားခဲ့သည်။ ကြယ်မြေပုံကို ပေါင်းစပ်၍ ရှေးဟောင်းစာအုပ်များကို စစ်ဆေးကြည့်ရှုခဲ့သေး၏။ သူသည် ကြယ်မြေပုံသည် ကြယ်ပုံသဏ္ဌာန်ကို ကိုယ်စားပြုတယ် ဆိုလျှင် ကြယ်တွေက ဘာကိုဆိုလိုချင်သလဲ သိချင်လာသည်။
သို့သော် ရှေးခေတ်တရုတ် နက္ခတ်ဗေဒင်ပညာသည် ဖုန်းရွှေပညာနှင့် ထပ်တူနီးပါး တူညီပါသည်။ ၎င်းသည် ဖုန်းရွှေထက် အလွန်ပင် ရှုပ်ထွေးပြီး ပို၍ လေးနက်၏။ စနစ်ကျသော အချက်အလက် မရှိပေ။ စစ်မတ်ကာလ ပိုးထည်စာများတွင် ဝှက်ထားသော ဤကြယ်မြေပုံသည် ဘယ်လို လျှို့ဝှက်ချက်များကို ညွှန်ပြထားလဲ ဆိုတာကို ရှာဖွေရန်မှာ လုံးဝ မဖြစ်နိုင်ချေ။
ထိုအချိန်တွင် ဤလျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ကျွမ်းကျင်ပညာရှင်များကို ရှာဖွေရန် ဖြစ်သည်။ ယခုတစ်ကြိမ်တွင်တော့ ထိုပညာရှင်တို့ကို အမေရိကန်တွင် မတွေ့နိုင်သောကြောင့် ချိုသဲ့ခေါင်သည် ရှဲ့လျန်းဟွမ်အား တရုတ်လူမျိုးများ ကြားတွင် ရှာဖွေရန် ထပ်မံ တောင်းဆိုခဲ့သည်။
သို့သော် ရှဲ့လျန်းဟွမ်သည် ဤတစ်ကြိမ်တွင် တာဝန်ကို ပြီးမြောက်ရန် ပျက်ကွက်ခဲ့သည်။ ထိုအချိန်က ဖုန်းရွှေကို သိသော သူများ အားလုံးကို ဖမ်းပစ်လိုက်ကြသည်။ ပိုက်ကွန်ထဲ မိသွားသော ငါးတွေလို ထိုသူများသည် ကြောက်လန့်တကြား တုန်တုန်ယင်ယင် ဖြစ်နေကြပြီး ဘယ်သူမှ စကားမပြောရဲကြပေ။
ဒီရှာဖွေမှုဟာ ရလဒ်မထွက်လာဘဲ နှစ်နှစ်လောက် ကြာသွားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် အမေရိကန် ပြည်ထောင်စုရှိ တခြားသော သုတေသနများမှာလည်း တိုးတက်မှု မရှိလာခဲ့ပေ။
စိတ်ပျက်အားငယ်သွားတဲ့ ချိုသဲ့ခေါင်သည် ရုတ်တရက် အကြံတစ်ခု ရသွားခဲ့ပြီး စစ်မတ်ကာလ ပိုးထည်စာအုပ်များကို တစ်ဖန် အာရုံစိုက်ခဲ့သည်။ ကြယ်မြေပုံသည် ပိုးသားစာအုပ်ပေါ်တွင် ရှိနေသောကြောင့် တခြားပိုးထည်များတွင်လည်း ကြယ်မြေပုံ၏ လျှို့ဝှက်မှတ်တမ်းများ ရှိနိုင်သည်ဟု သူထင်မှတ်ခဲ့သည်။
ထို့ကြောင့် သူသည် တရုတ်နိုင်ငံတွင် လုပိုးထည်ကို စတင်ဝယ်ယူစဉ်က ဝူရှဲ့အဖိုး၏ အကြံဥာဏ်များကို ပြေးသတိရသွားသည်။ သူ့အတွေ့အကြုံအရ ဒေသခံ မြေတူးသူများသည် ဘယ်သောအခါမှ လိမ်လေ့မရှိကြပေ။ ဤပိုးထည်စာအုပ်သည် အတွဲတစ်တွဲတည်း မဟုတ်ပေ။ တစ်ပိုင်းတစ်စက အဘိုးယူထားပြီး အဘိုးဆီက ခိုးချင်လျှင်ပင် အဘိုးက လုံးလုံးထုတ်ပေးမှ ရပေမည်။
ထိုအချိန်တွင် ရှဲ့လျန်းဟွမ်နှင့် ချိုသဲ့ခေါင်တို့မှာ အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိနေပြီ ဖြစ်သည်။ သူသည် မာနကြီးကာ ချိုသဲ့ခေါင်အတွက် ဝူရှဲ့အဘိုးထံမှ သတင်းရယူရန် ကူညီပေးခဲ့သည်။ ကံမကောင်းစွာနဲ့ပဲ အဘိုးက တင်းတင်းကြပ်ကြပ် နှုတ်ဆိတ်နေခဲ့ပြီး ဘာမှ မမေးနိုင်တော့ရာ စိတ်ပျက်လက်ပျက်နဲ့ လက်လျှော့ခဲ့ရသည်။
ရှဲ့လျန်းဟွမ်မှာ နောက်ထပ် ဦးလေးသုံးအား ထပ်ပြီး မေးခဲ့ပြန်သည်။ ထိုအချိန်တုန်းက ဦးလေးသုံးကလည်း အဘိုး၏မှတ်စု မှတ်တမ်းများကို စိတ်ဝင်စားနေရာ နှစ်ယောက်သား ဝိုင်သောက်ပြီး စကားများစွာ ပြောပြီးနောက်တွင် အဘိုးသည် စစ်မတ်ကာလ၏ ပိုးထည်ကို အဘိုး ယူလာခဲ့တဲ့အကြောင်း ဇာတ်လမ်းအဖြစ် ပြောပြလိုက်သည်။
ဒါကိုကြားတော့ ဝူရှဲ့ မထိန်းနိုင်ဘဲ ထမေးလိုက်သည်။
“ဦးလေးသုံး... သွေးအလောင်း ဂူသင်္ချိုင်းအကြောင်းကို နိုင်ငံခြားသား သိသွားတဲ့ကိစ္စက ဦးလေးကိုယ်တိုင် ပြောပြလိုက်တာလား”
ဦးလေးသုံးကတော့ ခါးခါးသီးသီး ပြုံးပြီး ခေါင်းခါလိုက်သည်။
"အဲဒီတုန်းက ငါ အရမ်းသောက်ခဲ့တာ... အရက်လည်း ကုန်ရော ငါလည်း အဲဒါကို မမှတ်မိတော့ဘူး... နိုင်ငံခြားသားက ပြောပြီးမှ သတိရလိုက်တာ တစ်ချိန်လုံး နောင်တရနေတော့တာပဲ.."
ဝူရှဲ့လည်း သူ့ကို ဒေါသတကြီး ပြုံးပြလိုက်လေသည်။ ဒါက တကယ်ကို အံ့သြစရာပဲ။ ဒါပေမဲ့ ချိုသဲ့ခေါင် ရှဲ့လျန်းဟွမ်ကို ရွေးချယ်လိုက်တာက ဝူမိသားစုနဲ့ ရှဲ့မိသားစုကြားက ဆက်ဆံရေးအကြောင်း သိထားပြီးသား ဖြစ်လို့ ဒီအဆင့်ကို စီစဉ်လိုက်တာပဲလို့ ပြောရမည်။ ဒီနိုင်ငံခြားသားရဲ့ လျှို့ဝှက်ချက်က တကယ်ကို ကြောက်စရာကောင်းပေ၏။
ချိုသဲ့ခေါင် ထိုအချိန်က သတင်းရပြီးနောက်တွင် သူသည် သွေးအလောင်းအုတ်ဂူကို ထပ်မံလုယက်ရန် အစီအစဉ်ရှိခဲ့သည်။ ကံမကောင်းစွာဖြင့် ရှဲ့လျန်းဟွမ်သည် ဂူဖောက်လောက အကြောင်း မသိခဲ့ရာ တခြားဘာကိုမှ ရှာမတွေ့ခဲ့ပေ။
ထိုအချိန်တွင် တရုတ်-အမေရိကန် ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာ၍ အခြေအနေ ပြောင်းလဲလာမည်ဟု ခံစားခဲ့ရသောကြောင့် ချိုသဲ့ခေါင်က ခဏတာ စိတ်ရှည်စွာ စောင့်ခဲ့ကာ အခွင့်အရေးတစ်ခု ရခဲ့သည်။ ထို့ကြောင့် ရှေးဟောင်း သုတေသနပညာရှင် အဖွဲ့နှင့် တရုတ်နိုင်ငံသို့ ပြန်လာခဲ့ကာ ဤလုပ်ငန်းကို စတင်စီစဉ်ခဲ့သည်။ ဒါနဲ့ ဦးလေးသုံးနဲ့ ကိစ္စက ဘယ်လို ဖြစ်သွားတာလဲ။
မှန်းဆလိုက်တာနဲ့ နောက်ဘာဖြစ်မယ် ဆိုတာကို ခန့်မှန်းနိုင်သည်။ ဦးလေးသုံးသည် ထိုညတွင် ရှေးဟောင်းသင်္ချိုင်းမှ လွတ်မြောက်ပြီးနောက် ချိုသဲ့ခေါင်သည် နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် ရှေးဟောင်း ဂူသင်္ချိုင်းသို့ ဝင်ရောက်ခဲ့သည်။ ပြောစရာ မလိုအောင် ဤအဖြစ်အပျက်သည် နောက်ဆုံးတွင် ဘေးဥပဒ် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ခေါင်းတလား၏ အောက်ခြေရှိ လျှို့ဝှက်တံခါးကို ဖွင့်လိုက်သောအခါတွင် ပျံသန်းနေသော ပိုးကောင်ဘုရင်သည် ထိုအချိန်က သင်္ချိုင်းတွင်းရှိလူတိုင်းကို သတ်ပစ်လုနီးပါး ဖြစ်ခဲ့သည်။
ထိုအချိန်တွင် ရှဲ့လျန်းဟွမ်သည် အတော်လေး လိမ္မာပါးနပ်သော ဆုံးရှုံးမှုတစ်ခုကို လုပ်ခဲ့၏။ သူက အန္တရာယ်အရှိဆုံး အချိန်တွင် ဖောက်ခွဲရေးပစ္စည်းများကို ဆွဲထုတ်ကာ အတွင်းခန်းကို လုံးလုံးလျားလျား ဖောက်ခွဲပစ်လိုက်ခြင်းသာ ဖြစ်သည်။ သူနဲ့ ချိုသဲ့ခေါင်က အပြင်ကို အသည်းအသန် ပြေးရင်း အသက်ဘေးမှ လွတ်မြောက်သွားခဲ့သော်လည်း သူတို့နှင့်အတူ ပါလာသော လူအားလုံးကို ရှေးသင်္ချိုင်း အတွင်း မြှုပ်နှံထားခဲ့ရတာတော့ သနားစရာပင်။
မြင်ကွင်းသည် အလွန်ကြောက်စရာ ကောင်းတာကြောင့် ၎င်းကို မိမိမျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် ချိုသဲ့ခေါင်သည် ပြင်းထန်စွာ အရိုက်ခံလိုက်ရသော လူလို ရူးသွပ်လုနီးပါး ဖြစ်သွား၏။ သူ့ရဲ့ ဆယ်စုနှစ်များစွာ ကြာအောင် တရုတ်အကြောင်း နားလည်မှုဟာလည်း လုံးဝ ပြိုလဲသွားခဲ့သည်။
ချောင်ရှားကို ပြန်ရောက်ပြီးနောက် သူသည် အမေရိကန်သို့ ချက်ချင်း ပြန်လာခဲ့ပြီး အပြင်းဖျားပြီး ရူးသွပ်လုနီးပါး ဖြစ်ခဲ့သည်။ အဲဒီနောက် စစ်မတ်ကာလ ပိုးထည်စာအုပ်များဆိုင်ရာ သုတေသနကို ချက်ချင်း ရပ်ဆိုင်းခဲ့သည်။
သို့သော် ဤအရာသည် ယာယီသာဖြစ်ပြီး တစ်နှစ်အကြာတွင် ဒုတိယ အဏ္ဏဝါရှေးဟောင်း သုတေသနခေတ် ရောက်လာပြီဖြစ်ပြီး ကံကြမ္မာဘီးသည် ရှီးရှား ပင်လယ်အောက်တွင် ပိုမိုမြန်ဆန်စွာ ပြောင်းလဲ ညွှန်ပြလာခဲ့လေသည်။