(15) ၁၀မိနစ်
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (ပထမပိုင်း)



Chapter (15)

၁၀မိနစ်



ဦးလေးသုံးမှာ ထိတ်လန့်တုန်လှုပ် သွားပေမယ့် ဒီအချိန်မှာ သူစိတ်ပူ​နေလို့လည်း မရဘူးဆိုတာ သိပါသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အောက်ဆီဂျင်ဘူးကို ဖြုတ်ပြီး ကန်ထုတ်လိုက်ပြီးနောက် ရှဲ့လျန်းဟွမ်ဆီက ယူလာတဲ့ အရာနဲ့ ချိတ်ဆက်ပြီး ဝင်ပေါက်ကို ဆက်ရှာကြည့်သည်။ 


တကယ်တော့ ဒီအချိန်မှာ အခြေအနေတွေက တော်တော်ဆိုးနေပြီ။ ဓာတ်မီးနဲ့ ပတ်ကြည့်လိုက်တော့ ပတ်ဝန်းကျင်က လုံးဝကို မှောင်မည်းနေတာကိုသာ တွေ့လိုက်ရသည်။ သူဘယ်ကို ဦးတည်လာမှန်းတောင် မှန်းဆလို့ မရတော့တဲ့ အခြေအနေကို ရောက်သွားပြီ။ 


ဦးလေးသုံးသည် တိတ်တိတ်ဆိတ်ဆိတ် ကျိန်ဆဲပြီး ရှေးဟောင်းသင်္ချိုင်းတွင်း ပိတ်မိမည်ကို ကြောက်တာထက် ပိုပြင်းထန်သော နှလုံးခုန်သံ ထွက်ပေါ်လာသည်။ ဒီအခါမှာတော့ သူသေနိုင်တယ်ဆိုတာ သိလိုက်သည်။


ကြောက်ရွံ့မှု လွန်ကဲလာပြီးနောက် ဤတစ်ကြိမ်တွင် ဦးလေးသုံးသည် သူ့မှာ ဆယ်မိနစ်ကျန်သေးကြောင်း တွေးကာ ငြိမ်သက်သွားပြန်သည်။ ဤဆယ်မိနစ်အတွင်း မျှော်လင့်ထားတဲ့ ထွက်ပေါက်ကို မတွေ့နိုင်ခဲ့လျှင် စောစောကတည်းက သေသွားလိုက်တာက ကောင်းပေလိမ့်မည်။ 


သူ့ရဲ့ ပင်ကိုယ်စိတ်အားကိုးနဲ့ သူ့ဘာသာသူ ပြန်ရှာပါတော့သည်။ မကြာခင်မှာပဲ ရှဲ့လျန်းဟွမ်ဆီက ရထားတဲ့ အောက်ဆီဂျင်ပုလင်းလည်း ကုန်သွားပါပြီ။ လေအိတ်ကို ဖြုတ်ပြီး လေအိတ်ထဲက လေကို ရှူသွင်းကပါတော့သည်။ သို့သော် ပတ်ဝန်းကျင် တစ်ခုလုံးက မှောင်နေသေးသည်။ 


အထူးသဖြင့် တစ်စုံတစ်ခုကို လိုချင်သော်လည်း မည်မျှပင် ခက်ခက်ခဲခဲ ရှာနေပါစေ ရှာမတွေ့သောအခါတွင် လူကို အလွန်အားကိုးရာမဲ့စွာ ခံစားရစေသောကြောင့် ဦးလေးသုံးမှာ စိတ်ပျက်လက်ပျက် ဖြစ်လာခဲ့ရသည်။ ယခုအချိန်တွင် ကံဆိုးခြင်းများသည် တစ်ခုတည်းအဖြစ် ဘယ်တော့မှ မရောက်ဘဲ အစုလိုက် အပြုံလိုက် ရောက်လာလေပြီ။ 


ရုတ်တရက် ရှဲ့လျန်းဟွမ်ရဲ့ ဓာတ်မီးသည်လည်း အားကုန်သွားရာ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်သွားခဲ့သည်။ ဦးလေးသုံးလည်း ၎င်းကို မြင်သောအခါတွင် ဘုရားသခင်က သူ့အား သေစေလိုနေပြီမို့ ဒါနဲ့ပတ်သက်ပြီး သူဘာမှ မတတ်နိုင်တော့ကြောင်း တွေးထင်ခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ့ရှေ့ရှိ အမှောင်ထုထဲတွင် အစိမ်းရောင် အလင်းတန်းများ ပေါ်လာတာကို ရုတ်တရက် မြင်လိုက်ရသည်။


အဲဒါ ရှေးကျတဲ့ အလောင်းဆီက ထွက်လာတဲ့ အလင်းရောင်တွေပဲ။ ဦးလေးသုံးသည် သူ၏ခါးပေါ်ရှိ ရှာဖွေရေးမီးကို ဖွင့်ကာ ထိုနေရာသို့ လှမ်းကြည့်လိုက်၏။ သေချာသည်မှာ ရှေးခေတ် အလောင်းများ မျောပါသွားတာကို တွေ့လိုက်ရပြီး ၎င်းက ငါးမီတာ ခြောက်မီတာသာ ဝေးသော သူ့အနီးတွင် ရှိနေသည်။


ဦးလေးသုံးရဲ့ နှလုံးသားထဲမှာ မျှော်လင့်ချက်တွေ တဖျပ်ဖျပ် တောက်ပလာခဲ့သည်။ သူပြောတာမှန်ပါတယ်။ ဒီရှေးဟောင်း အလောင်းတွေရဲ့ လမ်းကြောင်းက ဝင်ပေါက်ကို ဖြတ်သွားခဲ့တာမို့ ဒီအလောင်းတွေ နောက်ကိုလိုက်ရင် ဝင်ပေါက်ကို ရှာတွေ့နိုင်သည်။


ထို့ကြောင့် သူသည် ရှေးဟောင်း အလောင်းများ အုပ်စုထဲသို့ ကူးခတ်ကာ ၎င်းတို့နောက်မှ လိုက်သွားခဲ့သည်။


သူ နီးကပ်လာသည်နှင့်အမျှ ရှေးဟောင်းအလောင်းများသည် ရေစီးကြောင်းအတိုင်း လိုက်သွားပုံရတာကို တွေ့ရှိလိုက်ရသည်။ ထို့ပြင် ရေစီးကြောင်းထဲသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်ကာ ရှေ့သို့ အလိုအလျောက် မျှောနေတော့သည်။ တစ်ချိန်တည်းမှာပင် အထက်က အခြေအနေကို မြင်နိုင်အောင် ရှာဖွေ​ရေးမီးကို အသုံးပြုလိုက်သည်။ 


သို့သော် သူ့အား အလွန်အမင်း စိုးရိမ်စေသော အရာမှာ အလောင်းများသည် အလွန်နှေးကွေးစွာ မျောပါသွား​နေသည်။ မကြာမီတွင် သူသည် ပထမလေအိတ်ထဲက လေအားလုံးကို စုပ်ယူလုနီးပါး ဖြစ်သော်လည်း ဝင်ပေါက်ကို ရှာမတွေ့သေးပေ။


ဦးလေးသုံးခမျာ အဲဒီတုန်းက ရူးလုနီးပါး ဖြစ်နေပြီလို့ ပြောခဲ့ပေမယ့် သူ့မှာ ဆက်လျှောက်ဖို့ကလွဲလို့ ရွေးချယ်စရာ လမ်းလည်း မရှိတော့ရာ မျှော်လင့်ချက်ထားရုံပဲ ရှိတော့သည်။ တစ်နည်းအားဖြင့် ဆိုရသော် ထိုအချိန်တွင် သူသည် ကြောက်လန့်စိတ် မရှိတော့သလို အောက်ဆီဂျင် အကြောင်းကိုလည်း မတွေးနိုင်တော့ပေ။


သို့သော် နောက်ဆုံးတွင် သူ၏ဦးခေါင်းထက်တွင် ဝင်ပေါက်ပေါ်လာတာကို မြင်လိုက်ရသောအခါတွင် ဒုတိယလေအိတ်က ဗလာဖြစ်နေပါ​ပြီ။ ရေအိတ်နှစ်လုံးမှ လေသည် နှစ်မိနစ်ခန့်ကြာအောင် ဝင်ထွက်သွားလာနိုင်သည်။ ရေစီးကြောင်းရဲ့ ဆန့်ကျင်ဘက်ကို ပြန်သွားရင်တော့ အဲဒီသင်္ချိုင်းဆီ ပြန်သွားဖို့ မျှော်လင့်ချက် ရှိပါသေးသည်။


ဦးလေးသုံးမှာ ဝင်ပေါက်ကို တစ်လှည့် အောက်ဖက်က အမှောင်ထုကိုတစ်လှည့် ကြည့်ပြီး ဆုံးဖြတ်ချက် ချလိုက်သည်။ ဘာပဲဖြစ်ဖြစ် တိုက်ရတော့မှာပဲ။ သူဆင်းရင် နှစ်မိနစ်လောက်ကြာမှ သေမှာပဲ။ မဖြစ်နိုင်ပေမယ့် သေဖို့ စောင့်နေရတာထက် သူ ကြိုးစားလို့ ရသေးသည်။ 


သူသည် လေကို ပြင်းပြင်းရှူပြီး ကူးခတ်လိုက်သော်လည်း ရေစီးကြောင်းမှ ကူးလာချိန်တွင် ရေစီးကြောင်းက နှေးသောကြောင့် လှိမ့်ကာ ရှေးဟောင်း အလောင်းတစ်လောင်းကို ထိမှန်သွားခဲ့သည်။


ဒီရေစီးဆင်းမှုရဲ့ တွန်းအားက တော်တော်ပြင်းထန်ပါ၏။ ဦးလေးသုံးမှာ သူ့ကိုယ်ဟန်အနေအထားကို မထိန်းနိုင်ဘဲ ရှေးဟောင်းအလောင်းကို ကမန်းကတန်း ပွေ့ဖက်ပြီး သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် လုပ်ဖို့ ခွန်အားအားလုံးကို အသုံးပြုခဲ့ရသည်။


ထိုအချိန်တွင် ရုတ်တရက် စေ့ဆော်မှုတစ်ခု ထွက်ပေါ်လာပြီး ရှေးဟောင်းအလောင်း၏ ပါးစပ်မှ အငွေ့များ ထွက်လာတာကို တွေ့လိုက်ရသည်။ ဦးလေးသုံး ခဏလောက် ထိတ်လန့်သွားပြီး ရှေးဟောင်းအလောင်းကို ဖိကြည့်လိုက်၏။ လူအစစ် မဟုတ်ပေမယ့် အပြင်ဘက်မှ ဖိကြည့်လိုက်ရာ ကျောက်ကော်၊ ရွှံ့ဆီတွေ၊ ဝါး​တွေနဲ့ ပြုလုပ်ထားတဲ့ လူရုပ်တုမှန်း ချက်ချင်း သိလိုက်ရသည်။ သိသာထင်ရှားစွာပဲအခေါင်းပေါက် အတွင်း၌ လေရှိ​နေသည်။ 


ဦးလေးသုံးမှာ ဘယ်လိုမှ တွေးမနေတော့ဘဲ ဓားမြှောင်ကို ချက်ချင်း ဆွဲထုတ်ပြီး ဓားနဲ့ထိုးချလိုက်ရာ ချက်ချင်းပဲ ပေါက်ကြားထဲက ပူဖောင်းတွေ ထွက်လာ၏။ သို့နှင့် အသည်းအသန် ပြေးသွားကာ အထဲမှာ အသက်တစ်ချက် ရှူသွင်းလိုက်ပြီးနောက် အသက်ကယ် ကိရိယာ တွေ့ပြီဖြစ်ကြောင်း သူသိလိုက်သည်။ အထဲမှာ လေက အလွန်အနံ့ ထွက်နေသော်လည်း အဆိပ်မရှိသဖြင့် အသက်ရှုနိုင်သည်။


ထို့နောက် ရှေးဟောင်းအလောင်း နှစ်လောင်းကို ကောက်ယူပြီး ရေစီးကြောင်းကနေ တစ်ဆင့် တွန်းထုတ်ပြီး တံခါးဝဆီကို ပြေးထွက်သွားတော့သည်။ မယုံနိုင်စရာ ကောင်းလောက်သလို ဘယ်သူကမှ မယုံနိုင်ကြပေမယ့် ဦးလေးကတော့ သူ့အသက်ကို ဒီလိုမျိုးနဲ့ ကယ်တင်နိုင်ခဲ့လေသည်။ 


နေထွက်ခါနီးတွင် လှေပေါ်ပြန် တက်လာခဲ့သည်။ လှေပေါ်ပြန်တက်ပြီး ပစ္စည်းတွေကို စွန့်ပစ်လိုက်တဲ့ အခါမှာတော့ ထောင့်စွန်း တစ်​နေရာမှာ တတိယလူရဲ့ ပစ္စည်းတွေ ချထားတာကို တွေ့လိုက်ရပါ၏။ အခု သူ့ကို သတ်ချင်တဲ့သူဟာ ရှေးဟောင်း သုတေသနအဖွဲ့ထဲမှာ ဖြစ်ရမယ်လို့ ချက်ချင်း အတည်ပြုနိုင်ခဲ့ပါပြီ။


ဒါပေမဲ့ အခန်းထဲကို ပြန်ရောက်ချိန်မှာတော့ အားလုံးက အိပ်ပျော်နေကြတာကို တွေ့လိုက်ရသည်။ 


သာမာန်အချိန်တွေ ဆိုရင် အားလုံးကို ကြိုးတုပ်ပြီး မေးမိမှာ သေချာပါ၏။ ဒါပေမဲ့ အခုက ဝမ်းကျင်ရဲ့မျက်နှာကြောင့် သူဒီလိုမလုပ်နိုင်ခဲ့တဲ့ အတွက် သည်းခံပြီး ​ပြန်အိပ်ချင်ယောင် ဆောင်နေခဲ့ပါသည်။ နောက်နှစ်နာရီအကြာ မိုးလင်းတော့ ရှဲ့လျန်းဟွမ် ပျောက်ဆုံးနေကြောင်း ဟန်ဆောင်ကာ ရှာဖွေနေတော့သည်။ လှိုဏ်ဂူဘက်ကို ရှာဖွေရန် သူတို့ကို ဦးဆောင်လိုသော်လည်း မမျှော်လင့်ဘဲ အနီးနားက ကျောက်ဆောင်တွင် ရေနစ်​သေနေသော လူသေအလောင်းကို တွေ့ရှိခဲ့ရသည်။


ဦးလေးသုံးက။ 


“သူဘယ်လို ထွက်လာမှန်း ငါလည်း မသိဘူး... အဲဒီအချိန်တုန်းက အခြေအနေတွေကို ကြည့်ပြီး သူ နိုးလာတော့ အောက်ဆီဂျင်ဘူး မရှိတော့ဘူး တစ်ယောက်တည်းလည်း ဖြစ်နေတော့ အထိတ်တလန့်နဲ့ ရေနစ်သေဆုံးသွားခဲ့တာ ဖြစ်မယ်....ငါလည်း သူ ဒီလောက် မိုက်မဲလိမ့်မယ်လို့ တကယ်ကို မမျှော်လင့်ထားမိပေမယ့် အခု တွေးကြည့်တော့ ငါသူ့ကို သတ်လိုက်တာပဲ"


ဒါကိုကြားတော့ ဝူရှဲ့လည်း သက်ပြင်းရှည်ကြီး ချလိုက်ပြီး ဦးလေးသုံးကို မျက်စောင်း ထိုးကြည့်လိုက်သည်။ 


"ဦးလေး တက်လာတုန်းက သူ့ကို ကယ်ဆယ်ဖို့ ချက်ချင်း ဆင်းခဲ့သင့်တယ်...အဲ့လိုဆို ဒီလိုမျိုး ဖြစ်မလာလောက်တော့ဘူး... ဦးလေးက ပြန်အိပ်ပျော်နေတာကိုး" 


ဦးလေးသုံးကလည်း ခေါင်းညိတ်ပြီး သက်ပြင်းချလေသည်။


"အဲဒီတုန်းက လူကို ကယ်ဆယ်ဖို့ ချက်ချင်းဆင်းရတာ အန္တရာယ်များလွန်းတယ်လို့ ခံစားရတယ်လေ... သင်္ဘောပေါ်က ဘယ်သူက ကိုယ့်အသက်ကို လိုချင်​နေမှန်းလည်း မသိဘူး နောက်တစ်ခါ ထပ်ဝင်ရင် အန္တရာယ်ဖြစ်နိုင်တယ် တခြားသူတွေ နိုးလာတဲ့အခါ ရှဲ့လျန်းဟွမ် မရှိဘူးဆိုတာကို သိတာနဲ့ ချက်ချင်း ရှာလိမ့်မယ်....ငါ အဲဒီတုန်းက အသက်ကယ်လှေကို ကျောက်တန်းမှာ ထားခဲ့တယ် လမ်းပြဖို့ပဲ လိုတာ အချိန်တန်ရင် တွင်းထဲကိုဝင်ဖို့ ပရမ်းပတာ အခွင့်ကောင်းယူမယ်ပေါ့... အထဲပြန်ဝင်ဖို့က နေ့ဝက်လောက်ပဲ အချိန်ယူရတယ်.... နာရီပေါင်းများစွာ မဟုတ်ရင်တောင် ညဘက်ဆို စက်ကိရိယာ နှစ်စုံနဲ့ ပင်လယ်ထဲ ပြန်ထွက်ရလိမ့်မယ်... ရှဲ့လျန်းဟွမ်ကို ကယ်တင်ပြီးရင်လည်း ဒီကိစ္စကို ရှင်းပြဖို့ ခက်ခဲစေမယ့် အရာပဲ” 


ဦးလေးသုံးက ခေါင်းယမ်းလိုက်ပြီး 


“ဒီကိစ္စကို ဘာလို့ မပြောချင်တာလဲ မင်း သိလား? ဒါက မင်းရဲ့ဦးလေးအတွက် နောင်တအရဆုံး ကိစ္စဖြစ်နေလို့ပဲ"


ဒီအကြောင်းကို ပြောရင်း သွေးစာသားကို တွေးကြည့်လိုက်တော့ ရှဲ့လျန်းဟွမ်ဟာ သူ့ကို အန္တရာယ်ပြုခဲ့တဲ့ သူက ဦးလေးသုံးပဲလို့ ရှင်းရှင်းလင်းလင်း သိထားပြီး သူ့ခေါင်းနောက်ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်တာ ဘယ်သူလဲ ဆိုတာတော့ အတိအကျ မသိလိုက်ပါဘူး။ ဘယ်သူလုပ်တာလဲ။ 


ရှေး​​​ဟောင်း ဂူသင်္ချိုင်းမှာတုန်းက မစဉ်းစားနိုင်ခဲ့ဘူး။ သူတို့နောက်ကို လိုက်လာတဲ့ တတိယလူတစ်ယောက် ရှိနေသည်။ ရှဲ့လျန်းဟွမ် နိုးလာတဲ့အခါ ပထမဆုံး စဉ်းစားမိတာက ဦးလေးသုံးပဲ။ ပြီးတော့ သူ့ရဲ့ရေငုပ် ကိရိယာတွေကို မြင်တော့ သူ့ကိုသတ်ချင်နေတဲ့ လူက ဦးလေးသုံးပဲလို့ ထင်သွားတာ ဖြစ်လိမ့်မည်။ 


ဝူရှဲ့မှာ ခေတ်အဆက်ဆက် ထူးထူးခြားခြား မတရားမှုတွေ၊ ကျင်းရုံရဲ့ ဝတ္ထုတွေထဲက ဖြေရှင်းလို့မရနိုင်တဲ့ နားလည်မှု လွဲမှားမှုတွေကို ချက်ချင်း တွေးမိသွာယသည်။ အဲဒါတွေက စာပေရဲ့ ချဲ့ကားမှုတွေလို့ ထင်ခဲ့ပေမယ့် တကယ် ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။


အဆုံးတွင် ရှဲ့လျန်းဟွမ်က မြွေမျက်ခုံးငါးကြေးရာပ်ကို ဘယ်နေရာက ရရှိခဲ့ပြီး သန္တာကျောက်တန်း အောက်တွင် သူ့ခန္ဓာကိုယ်ပုံ ပေါ်လာရလဲ ဆိုတာတော့ အတည်ပြုရန် မဖြစ်နိုင်​တော့ပေ။ သူ စိတ်ပျက်လက်ပျက်နဲ့ လွတ်မြောက်ဖို့ နည်းလမ်းတစ်ခုခု ရှာတွေ့ခဲ့ပေမယ့် ရေအောက် သင်္ချိုင်းတွင်းကနေ ရုန်းထွက်နိုင်ခဲ့ရင်တောင် ရှဲ့လျန်းဟွမ်ဟာ သူ့အသက်ဘေးကနေ မလွတ်မြောက်နိုင်ခဲ့ပါဘူး။


ဝူရှဲ့မှာ ရှဲ့လျန်းဟွမ် နားလည်မှုလွဲမှားနေခဲ့တဲ့ ဦးလေးသုံးအကြောင်း ကြားပြီးနောက် စိတ်မသက်မသာ ဖြစ်သွားရကာ စိတ်ထဲမှာ တိတ်တိတ်လေး သက်ပြင်းချမိလေသည်။


ဦးလေးသုံးက "ကျီးနန်မှာ နောက်ထပ် ကိစ္စတစ်ခုကို ငါပြောထားပြီးသား... ရှဲ့လျန်းဟွမ်ရဲ့ သေဆုံးမှုက အဲဒီတုန်းက ငါနဲ့ပတ်သက်နေတယ် ဆိုတာ မင်းကို မသိစေချင်ခဲ့ဘူး... အဲဒါကြောင့် ဝမ်းကျင်နဲ့ ငါ ပင်လယ်ထဲ ရောက်သွားတုန်း ဒုတိယအကြိမ် ဂူသင်္ချိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ဘာမှ မပြောခဲ့တာ.... တကယ်တော့ အတွင်းထဲရောက်တော့ သူတို့ အဲ့အုတ်ဂူနားကို ရောက်သွားမှာ ကြောက်လို့ အိပ်ချင်ယောင် ဆောင်နေခဲ့တာ... ရှဲ့လျန်းဟွမ်ကို အဲဒီအထဲမှာ ချန်ထားခဲ့တာမို့ သူတို့ရောက်မလာခင် သွားကြည့်ချင်ခဲ့တာ.. နောက်ပြီး ငါဆင်းပြီးရင် ငါ့ကို တိုက်ခိုက်တဲ့ခဲ့သူက သူ့အပြစ်အနာအဆာတွေကို ဖော်ထုတ်လိမ့်မယ်ဆိုတာ ငါသိတယ်... အဲ့ဒီအခါကျရင် ငါ သူ့ကို လက်စားချေမှာ”


ဒီအချိန်မှာ ဝူရှဲ့လည်း မျက်နှာသေ ပြော​ပြခဲ့တာကို သတိရမိသွားသည်။ အဲဒါကို ပြန်တွေးကြည့်တော့ ရှေးဟောင်းသင်္ချိုင်းကို ဆက်စူးစမ်းဖို့ အကြံပြုခဲ့တာက မျက်နှာသေ ကိုယ်တိုင်ပဲ ဖြစ်နေလေသည်။ 


“ဒါဆို အဲဒီတုန်းက ထွက်လာတဲ့လူက ကျန်းချီလင်လား"


သူ့ရဲ့ အရည်အချင်းနဲ့ နောက်ခံဟာ အလွန်လျှို့ဝှက် ဆန်းကြယ်ပါသည်။ သူသာဆိုရင် ရှင်းပြဖို့ ပိုလွယ်သွားပါလိမ့်မယ်။


ဝူရှဲ့ မေးတော့ ဦးလေးသုံးကလည်း မျက်မှောင်ကြုတ်သွား၏။ 


"သူတို့ထွက်သွားပြီးတော့ ငါလည်း သူတို့နောက်ကို လိုက်သွားခဲ့တာ... ဒီလူက တော်တော်လေး သံသယဖြစ်စရာ ကောင်းပေမယ့် ပိုလို့တောင် သံသယဖြစ်စရာ ကောင်းတဲ့ သူတစ်ယောက် ရှိသေးတယ်.... တိုတိုပြောရရင် ရှင်းမပြနိုင်တော့ဘူး ငါက အားလုံးကို စောင့်ကြည့်​​နေခဲ့တာ ငါ့အထင်တော့ အဲဒီအစ်ကိုလေးရဲ့ ကျွမ်းကျင်မှုနဲ့ ငါ့ခြေသုံးချောင်း ကြောင်စွမ်းရည်နဲ့ဆို ငါချက်ချင်းပဲ အသတ်ခံလိုက်ရတာ ဖြစ်နိုင်ချေများတယ်... အဲဒါကြောင့် သူလို့ မထင်ဘူး"


ဝူရှဲ့ ဒါကိုလည်း သဘောပေါက်တာကြောင့် ခေါင်းညိတ်ပြလိုက်သည်။ မျက်နှာသေက ပုံမှန်ဆို ပျော့ညံ့ပြီး မနိုးနိုင်တော့တဲ့ပုံ ပေါ်နေပေမယ့် သူ ရက်စက်ချင်ရင် လူတစ်ယောက်ရဲ့ လည်ပင်းကို တိုက်ရိုက် လိမ်ချိုးပစ်ပါလိမ့်မယ်။ ဒါက လူသတ်ဖို့ အမြန်ဆုံး နည်းလမ်းပဲ။ သေချာတာကတော့ လူသတ်သမားက သူနဲ့ မကိုက်ညီဘူး။ ဒါနဲ့ ဝူရှဲ့ ထပ်မေးပြန်သည်။ 


"​​ပြီး​တော့ ဘာဆက်​ဖြစ်လဲ"


"နောက်တစ်ခု... အဲ့အစ်ကိုလေးက လူအုပ်စုကို ဦးဆောင်ပြီး တိတ်တိတ်လေး ထွက်သွားခဲ့တာ... ရှေး​ဟောင်းသင်္ချိုင်းရဲ့ ရေကန်ထဲကို ဝင်သွားတဲ့အခါ ရေကန်အောက်မှာ လမ်းကြောင်းတစ်ခု ရှိတယ်ဆိုတာ ငါတောင် မသိခဲ့ဘူး...ငါလည်း သူတို့ စက်ဝိုင်းလို လှည့်ပတ်ပြီး ​ပြန်ထွက်လာမယ်လို့ ထင်တော့ စင်္ကြံလမ်းရဲ့ အမှောင်ထဲမှာပဲ နေခဲ့တယ်... ခဏစောင့်ပြီးတဲ့အထိ သူတို့ ထွက်မလာဘူး ငါလည်း အန္တရာယ်ရှိနေပြီလို့ ခဏတွေးပြီး သူတို့နောက်ကို လိုက်သွားခဲ့တာ... အထဲမှာ ဘာဖြစ်သွားလဲ ဆိုတာတော့ အစ်ကို​လေး မင်းကို ပြောပြပြီးလောက်ပြီပေါ့.... ငါက နောက်ကလိုက်နေတာ ​​သူက ငါ့ထက်ရှင်းအောင် ပြောပြနိုင်လောက်တယ်"


ဒီအချိန်မှာ ဝူရှဲ့သည် အသေးစိတ်အချက် တစ်ချက်ကို သတိရသွားပြီး ထမေးလိုက်သည်။ 


"ဒါဆို ဦးလေးက ချီမန်သွမ့်ကျာကို အသက်သွင်းဖို့ မှန်ထဲမှာ မိန်းမတွေလို ဟန်ဆောင်ခဲ့တယ်လို့ ပြောခဲ့တယ်... အဲဒါ ဟုတ်လား"


"အမ်....ဘယ်က မိန်းကလေးလဲ"


ဝူရှဲ့သာ့ အဲဒီတုန်းက မျက်နှာသေ ပြောခဲ့တာတွေကို ပြန်ပြောင်း ပြောပြတော့ ဦးလေးသုံးခမျာ ရုတ်တရက် မျက်လုံးပြူးကျယ်သွားပြီး။ 


"ဒီလိုမျိုးရှိတယ်လား"


ဝူရှဲ့လညိး မသိဘူးလို့ ဆိုရင်း စိတ်ထဲမှာ ပြုံးလိုက်သည်။ သို့သော် ဦးလေးသုံးသည် အသက်ရှုကြပ်သွားသည့်နှယ် မတ်တတ်ထရပ်ကာ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ 


“သူတကယ် အဲ့လိုပြောတာလား”


"အဲဒီတုန်းက ပတ်ဝန်းကျင် အ​ခြေအနေနဲ့ဆို ကျွန်တော် ကြားသိခဲ့ရတာတွေက လုံးဝ မမှားနိုင်ဘူး"


ဦးလေးသုံးက သူ့မျက်လုံးကို မှိတ်ထားလိုက်ပြီး အသေးစိတ် ထပ်ပြောဖို့ တောင်းဆိုလိုက်သည်။ ဝူရှဲ့ ထပ်ပြောပြတာကို ကြားပြီးနောက် ဦးလေးသုံးက သူ့မေးစေ့ကို ပွတ်သပ်ရင်း ခေါင်းကို ထပ်ခါတလဲလဲ ခါယမ်းလေသည်။ 


"မဟုတ်ဘူး မဟုတ်ဘူး သူ လိမ်နေတာ!"


"လိမ်တယ်?"


"ငါအဲ့တုန်းက ကျောက်လှေကားထစ်တွေ အပေါ်မှာ.... မြူတွေ ထူထပ်နေတော့ အဲဒီတုန်းက အခြေအနေကို သေသေချာချာ မတွေ့ခဲ့ရဘူး....ငါတစ်ခါမှ မဆင်းဖူးတဲ့ကြောင်း အာမခံဖို့ ဝမ်းကျင်ကိုတောင် သုံးနိုင်တယ် ပြီးတော့ အဲဒီမှာ ဘာယန္တရားရှိမှန်းလည်း မသိဘူး... အစ်ကိုလေးရဲ့ တစ်ဖက်သတ် စကားတွေကို လျစ်လျူရှုလိုက်... သူ့ကို အရမ်းမယုံနဲ့"


ဝူရှဲ့ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။


"ဒါပေမဲ့ အဲဒီအချိန်မှာ သူ့အခြေအနေအရတော့ ကျွန်​တော်တို့ကို လိမ်ပြောစရာလိုမယ် မထင်ဘူး.... ကျွန်​တော်တို့ကို ပြောပြစရာတောင် မလို​လောက်ဘူး... ကျွန်တော်တို့က သူ့အတွက် ဘာမှ မလုပ်ပေးနိုင်ဘူးလေ"


ထိုအချက်ကို​တော့ ဦးလေးသုံးလည်း ခေါင်းညိတ်ကာ ခဏအကြာ​လောက် စဉ်းစားကြည့်လိုက်သည်။ 


“မှန်တယ်... သူပြောခဲ့တာတွေက အမှန်လို့ ယူဆရင် ပြဿနာတစ်ခုတော့ ရှိနေပြီ... အဲ့အစ်ကိုဘေး ပြောတာကို စဥ်းစားကြည့်လိုက်ရအောင်... 'ငါ'က ဟိုမှာထိုင်နေတာကို သူ မြင်ခဲ့ရတယ်နော်... သူတို့ရဲ့ စီရင်ချက်တွေ အားလုံးက ငါ့နောက်ကျောကို အခြေခံထားတာ... ဖြစ်စဉ်တစ်ခုလုံးမှာ ငါ့မျက်နှာကို မြင်လိုက်တဲ့ ဟော့လင်ကလွဲရင် ကျန်တဲ့သူတွေက ရေငုပ်ဝတ်စုံကို အ​ခြေခံပြီး ငါပဲလို့ ဆုံးဖြတ်ခဲ့ကြတာ...”


"အိုး" 


ဝူရှဲ့လည်း အံ့ဩသွားပြီး အဲဒီတုန်းက အစ်ကိုလေး ပြောခဲ့တာတွေကို ပြန်တွေးကြည့်လိုက်သည်။  


"ဒါဆို အမှောင်ထုကို ဖြတ်ကျော်လာသူက ဦးလေး မဟုတ်ဘူး... ဦးလေးရဲ့ ကျောပြင်နဲ့ ရုပ်ရည်ချင်းတူတဲ့ တခြားလူပေါ့?"


ဦးလေးသုံးက ခေါင်းညိတ်ပြပြီး သူ့မျက်နှာကလည်း အရမ်း လေးနက်လာသည်။ 


"အစ်ကိုလေးက အမှန်အတိုင်း ပြောနေတာ ဆိုရင် အဲ့လိုဖြစ်ဖို့များတယ်.... မင်း သတိမထားမိဘူးလား အဲဒီအစ်ကိုလေးက ငါ့မျက်နှာကို မမြင်ဘူး.... သူ့ရှေ့မှာ ငါရောက်နေပြီ ကြည့်လို့ရရဲ့သားနဲ့ သူ ဘာလို့မတွေ့တာလဲ?"


မျက်နှာသေ ပြောခဲ့တဲ့ ဇာတ်ကွက်ကို ပြန်သတိရပြီး ဝူရှဲ့ ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။ 


"ဟော့လင်... သူက ဟော့လင်ကို ရပ်ခိုင်းလိုက်တယ်!"


"ဟုတ်တယ် ဒါက အသေးစိတ်ပဲ... ဒီအကြောင်းကို ငါတစ်ခါမှ မသိခဲ့ဘူး။ မိနစ်အနည်းငယ်အတွင်းမှာ ဒီလိုမျိုး ဖြစ်ပျက်သွားမယ်လို့ တကယ်ကို မမျှော်လင့်ထားမိဘူး..."


ဝူရှဲ့ခမျာ ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။ တကယ်တော့ အဲဒီအချိန်တုန်းက အခြေအနေဟာ အရမ်း ဖရိုဖရဲဖြစ်​နေပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်းကလည်း အရမ်းနည်းသည်။ ဒါကြောင့် မျက်နှာသေက မှားကြည့်မိတာလည်း ဖြစ်နိုင်၏။ 


ဤနည်းဖြင့်ကြည့်လျှင် ထိုလူသည် ဦးလေးသုံး ဖြစ်သည်ဟူသော ကောက်ချက်ချချက်ကို ဟော့လင်က အစအဆုံး အဆိုပြုခဲ့သူပင်။ သူမသည် ထိုလူ၏မျက်နှာကို မြင်ဖူးသူသာဖြစ်သည်။ ဖြစ်နိုင်ရင် ဒါဟာ လိမ္မာပါးနပ်တဲ့ လိမ်လည်မှုပါပဲ။ ဒီအချက်ကြောင့် မျက်နှာသေနဲ့ တခြားသူများက ဦးလေးသုံးအား မှားယွင်းစွာ အပြစ်တင်နေပေမည်။


အဲဒီအချိန်က မျက်နှာသေ ပြောခဲ့တဲ့ စကားတွေကို ရုတ်တရက် တွေးကြည့်ရင် "ဒါက မင်းရဲ့ ဦးလေးသုံး ​ဖြစ်မယ်ဆိုရင်" လို့ ပြောခဲ့သည်။ ဆိုလိုတာက အဲဒီလူဟာ သူ့ရဲ့ဦးလေးသုံး မဟုတ်ဘူး ဆိုတာကို မျက်နှာသေလည်း သံသယ ဖြစ်မိသေးတာများလား။


ဒါပေမဲ့ အတွေးက မှားနေပြန်သည်။ နောက်တော့ မျက်နှာသေက ​​သူ့ရဲ့ဦးလေးကို မြင်ခဲ့ရုံတင်မကဘဲ မေ့မြောသွားအောင် လုပ်ခဲ့တဲ့ ဦးလေးသုံးရဲ သူ့မျက်နှာကိုလည်း မြင်ခဲ့ရပါသည်။ နောက်ကျောရဲ့ ပုံသဏ္ဌာန်ကြောင့် အရူးလုပ် ခံရတယ် ဆိုရင်တောင် ဒါကိုကျ ဘယ်လို ရှင်းပြရမလဲ။


ဒီမေးခွန်းကို မေးလိုက်တော့ ဦးလေးသုံးက သက်ပြင်းချလေသည်။ 


“အဲဒါကိုတော့ မသိဘူး သတိလစ်လို့ သေတော့မယ့် အချိန်မလို့ မြင်တာမှားတာလည်း ဖြစ်နိုင်တယ်.... မင်းထင်တာတော့ သူငါ့ကို တလမ်းလုံး လိုက်ဖမ်းနေတယ်လို့ပေါ့... ဒါက အံ့သြစရာ ကောင်းပေမယ့် သူ ထင်ယောင်ထင်မှား မြင်တာလား မသေချာဘူးလေ"


ဝူရှဲ့ ခေါင်းခါပြီး "ဝေးလွန်းတယ်.... သူ့လို လူတစ်ယောက်က ထင်ယောင်ထင်မှား ဖြစ်မှာ မဟုတ်ဘူး" 


"ဒီလိုဆိုရင်တောင် သူ လိမ်နေတာပဲ ဖြစ်မှာ... ငါမင်းကို မလိမ်ဘူး!!"


ဒီစကားကြားတော့ ဝူရှဲ့ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ဦးလေးသုံးနဲ့ မျက်နှာသေတို့ရဲ့ ထပ်တူကျတဲ့ အတွေ့အကြုံတွေ အကြောင်း ကြားသိရတဲ့အခါ တစ်ခုခုမှားသွားမှာကို စိုးရိမ်ပြီး အဲဒီထဲက တစ်ယောက်ဟာ လိမ်ညာ​​နေတာ ဖြစ်ရမယ်လို့ တွေးခဲ့ဖူးသည်။


ဒါပေမဲ့ လုံး၀ နားထောင်ပြီးတဲ့ အခါမှာတော့ လူနှစ်ယောက်ရဲ့ စကားတွေဟာ ယေဘုယျအားဖြင့် တသမတ်တည်း ဖြစ်နေတာကို တွေ့လိုက်ရသည်။ ဒီကိစ္စကို လုံး၀ဖြေရှင်းဖို့ နီးနေပေမယ့် အဆုံးမှာတော့ ဒီလိုပဟေဠိ ကတ်ပြားတစ်ခုကို ထပ်တွေ့လိုက်ရတာကြောင့် တကယ်ကို စိတ်မသက်မသာ ဖြစ်လာ၏။ 


ဒီကတ်က အရမ်းအရေးကြီးသည်။ ဦးလေးသုံး မရှိ​နေခဲ့ရင် တခြားတစ်ယောက်ယောက်က ဦးလေးသုံးလို ဟန်ဆောင်ထားတာပဲ ​ဖြစ်မည်။ ဒါဆို ဦးလေးသုံးကတော့ လုံးဝ အပြစ်ကင်းပါပြီ။ တကယ်လို့ ဦးလေးသုံးက အဲ့အထဲမှာရှိနေခဲ့ရင် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သွားပါလိမ့်မယ်။ ဒီအချက်ကလေးက လုံးဝ ကွဲပြားသော ရလဒ်နှစ်ခုကို ကိုယ်စားပြုနေသည်။


ဒီနှစ်ခုထဲမှာတော့ မျက်နှာသေက သူတို့ကို လိမ်ပြောပြစရာမလိုလို့ သူ့ကို ပိုယုံလေသည်။ ဇာတ်ကြောင်း ပြောပြတာက လှည့်စားတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် သူ့အတွက်က လုံးဝ အဓိပ္ပာယ်မရှိပါဘူး။ ဒါပေမဲ့ ဦးလေးသုံးရဲ့ ဇာတ်ကြောင်းကတော့ အရင်တုန်းကနဲ့ မတူဘူး။ သိပ်ရှင်းပြီး အပြစ်အနာအဆာ မရှိဘူး။ သူလိမ်ရင်တောင် ဒီအတိုင်းအတာအထိ လိမ်ညာဖန်တီးလို့ မရနိုင်ဘူးလို့ ခံစားရသည်။ 


ဒါ့ပြင် ဆန့်ကျင်ဘက် အနေနဲ့ သူတို့ကြားက စကားတွေဟာ အနည်းငယ်သာ ကွဲလွဲမှုရှိသည်။ သူ့​ကိုလိမ်ချင်ရင် လွယ်လွယ်ကူကူပဲ ဝှက်ထားနိုင်ပြီး ဆန့်ကျင်ဘက် အချက်ကို မျက်နှာသေကလည်း သူ့ကို ပြောပြစရာ မလိုဘူး။ သူနောက်က လိုက်သွားပြီးတော့ မူးလဲပြီးနိုးလာခဲ့သည်။ သူတို့အားလုံး ဒီကြားထဲက အချိန်ကို လွဲသွားခဲ့တဲ့အတွက် ချို့ယွင်းချက် တချို့ကို လုံးဝ မတွေ့ခဲ့ရတာ ဖြစ််မည်။ 


ဤလျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့တော့ နည်းလမ်း မရှိတော့ပါ။ သူတို့နှစ်ယောက်လုံး ပြောခဲ့တာတွေက မှန်တယ်လို့ပဲ မြင်နေရသည်။ ဒါကို တွေးရင်းနဲ့ ရုတ်တရက် ထူးဆန်းတဲ့ အ​တွေးတစ်ခု ရသွားသည်။ အပေါ်ယံ သက်သေ သာဓကက ဦးလေးသုံး သူ့ကို လိမ်ညာနေတာ မဟုတ်ဘူး။ မျက်နှာသေကလည်း လိမ်မှာ မဟုတ်ဘူး။ သူတို့ နှစ်ယောက်လုံး ဘာမှ မပြောနိုင်တဲ့ အခြေအနေ ရှိနေတာများလား။ 


ဒါက ဖက်တီးရဲ့ တွေးခေါ်ပုံ နည်းလမ်းဖြစ်ကာ ရိုးရှင်းပြီး ရှင်းလင်းသည်။ ဒီကိစ္စကို သုံးပိုင်းခွဲပြီး ပထမနှစ်ပိုင်းကို အရင်ဆုံးဖြတ်မယ်။ ပြီးရင် နောက်ဆုံးတစ်ခုက ဘယ်လောက် မဖြစ်နိုင်တာပဲဖြစ်ဖြစ် တွေးကြည့်ရမည်။


သူ့ရဲ့ အတွေးတွေကို ထုတ်ဖော်ပြတော့ ဦးလေးသုံးကလည်း ဒါကို စဉ်းစားရင်း ခေါင်းခါပြလေသည်။ 


“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဒီစကားနှစ်ခုလုံးက မှန်တယ် ဆိုရင်တော့ အဲဒီတုန်းက သင်္ချိုင်းထဲမှာ 'ငါ' နှစ်ယောက် ရှိနေမှ ဖြစ်မှာပေါ့!"


“ဦးလေးသုံး နှစ်ယောက်လား?” လို့ စိတ်ထဲမှာ တွေးမိပြီး ဒါဟာ လုံးဝ မဖြစ်နိုင်ဘူးလို့ တွေးလိုက်ပြန်သည်။ သို့သော် ဖက်တီးရဲ့ တွေးခေါ်ပုံအတိုင်း တွေးလိုပါက ယုတ္တိဗေဒကို ထည့်သွင်းစဉ်းစားရန် မလိုအပ်ဘဲ ဖြစ်နိုင်ခြေအားလုံးကို စာရင်းပြုစုရန်သာ ဖြစ်သည်။ 


စာရွက်တစ်ရွက်ကို ထုတ်ယူပြီး ဖြစ်နိုင်ချေတွေကို ချရေးလိုက်သည်။ ဒါပေမဲ့ အဲဒါကို တွေးကြည့်တော့ သူတို့နှစ်ယောက်လုံး မလိမ်ညာတဲ့ ရလဒ်တစ်ခုပဲ ရှိနေ၏။ ဆိုလိုတာက ဦးလေးသုံးသည် ချီမန်သွမ့်ကျာ အစီအရင်ရဲ့ အပြင်ဘက်မှာ ရှိနေခဲ့ပြီး မျက်နှာသေ အတွင်းမှာ မြင်ခဲ့ရတာတွေက သူ့ရဲ့ဦးလေးသုံးနဲ့ ဆင်တူတဲ့ လူတစ်ယောက်ပဲ။


ဒီတော့ ဦးလေးသုံး နှစ်ယောက် ဘယ်လိုဖြစ်လာတာလဲ ဆိုတဲ့ မေးခွန်းက မဟုတ်​သေးပေမယ့် ဒီပုံစံတူတဲ့လူက ဘယ်ကလာတာလဲလို့ မေးရမှာပင်။ ဆိုလိုသည်မှာ ထို​ပုဂ္ဂိုလ်သည် ပင်လယ်ထဲမှ သူစိမ်းတစ်ယောက် ဖြစ်နိုင်သည်။ နောက်တစ်ယောက်က ရှေး​ဟောင်းသင်္ချိုင်းထဲ၌ ပုန်းအောင်းနေသူ ဖြစ်မည်။ ထိုနှစ်ယောက်က အလွန်သန်မာမည်။ နောက်ပြီး အဲဒီဆယ်ယောက်ထဲက တစ်ယောက်လည်း ဖြစ်နိုင်၏။


ဤအရာသည် ဝူရှဲ့ အနေဖြင့် ကြားခဲ့သမျှကို ကောင်းမွန်စွာ အခြေခံထားခြင်း ဖြစ်ပါသည်။ မျက်နှာသေရဲ့ ဇာတ်ကြောင်းကို ပြန်ပြောင်း သတိရ​ကြည့်သောအခါတွင် ဦးလေးသုံး၏ အခြေအနေ နှစ်ခုက အလွန်ထူးဆန်းနေကြောင်း တွေ့ရှိလာရသည်။ ၎င်းတို့နှင့်အတူ ပင်လယ်အောက်ခြေသို့ လိုက်ပါသွားသူထဲက လူဆိုတာ လုံးဝ ဖြစ်နိုင်ချေရှိသည်။ 


ဒါပေမဲ့ ဦးလေးသုံးက သူနဲ့ အရမ်းတူတဲ့ အဖွဲ့ထဲမှာ တစ်ယောက်ယောက် ရှိတယ်လို့ ပြောတာကို တစိခါမှ မကြားဖူးပေ။ အခု ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပြောနေတာ ဆိုရင်တော့ သူ စဉ်းစားသင့်ပြီပေါ့။ ဒါ့အပြင် အဲ့တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံဟာ အလွန်မှုန်ဝါးနေသဖြင့် လူတိုင်းနီးပါး ရေတွက်ရာတွင် အခက်အခဲ ရှိနိုင်သည်။


ဒါဆို ဖုံးကွယ်လို့ ရသွားလား။ အစ်ကိုလေးရဲ့ နည်းလမ်းကို တွေးကြည့်မိတော့ မဖြစ်နိုင်မှန်း သိလိုက်ရသည်။ ရုပ်ဖျက်ဖို့ ပြင်ဆင်မှုက သုံးရက်ကနေ လေးရက်လောက် ကြာကာ မိတ်ကပ်လိမ်းတာကလည်း ငါးနာရီကနေ ခြောက်နာရီအထိ အချိန်ယူဖို့ လိုအပ်သည်။ 


သူတို့သည် အသေကောင် ဘဝကို နောက်တစ်ကြိမ် ရောက်သွားသလို ခံစားလိုက်ရာ စိတ်ပျက်လက်ပျက်ဖြင့် မထိန်းနိုင်ဘဲ သက်ပြင်းရှည်ကို မှုတ်ထုတ်လိုက်သည်။


ဦးလေးသုံးသည် သူ၏အသုံးအနှုန်း ပြောင်းလဲမှုကို မြင်ပြီး ဘာတွေတွေးနေတာလဲဟု မေးသည်။ ဦးလေးသုံးက ဤစကားကို ကြားပြီးနောက် ရယ်မောကာ ထိုဖက်တီးကြီး၏ တွေးခေါ်မှုမှ ဝူရှဲ့တစ်ယောက် ဘယ်လိုများ သင်ယူရနိုင်တာလဲဟု ပြောလိုက်ပါ၏။


ဒါပေမဲ့ အကြိမ်အနည်းငယ် ရယ်မောပြီးနောက် တစ်ခုခုကို တွေးမိသွားပုံရပြီး သူ့မျက်နှာက ပြောင်းလဲသွားကာ လေကို ပြင်းပြင်းထန်ထန် ရှူလိုက်သည်။ 


"ဟေး မဟုတ်​သေးဘူး ဧကန္တ အဲ့လိုဖြစ်သွားတာလား?" 


"ဘာဖြစ်နေတာလဲ"


ဦးလေးသုံးမှာ မျက်နှာဖြူဖျော့ဖျော့နဲ့ ပြောလာသည်။ 


"မပြောနဲ့ဦး.... ဒီဖက်တီးကောင်ကြီးက ​ပြဿနာနည်းနည်း ရှိနေတာပဲ... သူ့နည်းအတိုင်း အဲဒါကို ခွဲခြမ်းစိတ်ဖြာလိုက်တော့ ဘာတွေ ဖြစ်နေပြီလဲဆိုတာ ငါ နားလည်သွားသလိုပဲ... ဒါပေမဲ့...တကယ်လို့ အဲ့လိုဆိုရင်... တစ်ခုခုတော့ မှားနေပြီ နည်းနည်းလည်း ထူးဆန်းတယ်"


ဝူရှဲ့လည်း သူ့ကို မြန်မြန်ပြောဖို့ ကမန်းကတန်း တောင်းဆိုလိုက်သည်။ 


"ငါနဲ့ ဆင်တူတဲ့ ရှေးဟောင်းသင်္ချိုင်းမှာ တခြားလူတစ်ယောက် ရှိနေတယ်လို့ မင်းပြောတယ်နော်.... ဒါက အဓိပ္ပာယ်ရှိပေမယ့် အဲဒီလူက ငါနဲ့ အရမ်းဆင်တူနေစရာ မလိုဘူးလို့ ခံစားရတယ်... အဲဒီအစ်ကို​လေးက အဆိပ်ခတ်ခံရပြီး သတိလစ်သွားတာ ဆိုတော့ သတိလစ် မမေ့မြောခင် စက္ကန့်အနည်းငယ်လောက်ပဲ ကြာတယ် ငါနဲ့ နည်းနည်း ဆင်တူသရွေ့တော့ လူချင်း မှားသွားနိုင်တယ် ”


ဝူရှဲ့ ခေါင်းညိတ်လိုက်၏။ 


"ဟုတ်တယ်... ဒါပေမဲ့ အဖွဲ့ထဲမှာ ဒီလိုလူရှိသယလား? အဲဒီလိုလူရှိရင် ဦးလေး သတိထားမိမှာပဲလေ... ကမ္ဘာပေါ်မှာ ဆင်တူတဲ့ လူနှစ်ယောက် ရှိတာက အရမ်းထူးဆန်းတာကို"


ဦးလေးသုံးရဲ့ အမူအရာမှာ အလွန်ထူးဆန်းလာသည်။ သူက အသက်ရှုကြပ်နေသလိုဖြင့် ခေါင်းယမ်းကာ။ 


"မင်းမှားတယ်... တကယ်တော့ လူနှစ်ယောက်က ဆင်တူတာမျိုးက အံ့သြစရာ မဟုတ်သလို ကမ္ဘာပေါ်မှာလည်း ဒီလိုမျိုးတွေ ရှိနေတယ်ကွ... အဲဒီတုန်းက ရှေးဟောင်း သုတေသနအဖွဲ့ထဲက လူတစ်ယောက်... အဲဒီလူက ငါနဲ့ 70%လောက် ဆင်တူပေမယ့် ဘယ်သူမှ ထူးဆန်းတယ်လို့ မထင်ကြဘူး"


ဝူရှဲ့ "အာကနဲ" ဆွံ့အသွားသည်။ 


"ဘယ်သူလဲ?"


ဦးလေးသုံးက ဝူရှဲ့ကို စိုက်ကြည့်ပြီး ဆို၏။


“ သေချာပေါက် ရှဲ့လျန်းဟွမ်ပေါ့ဟ!!”