ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)
Chapter (24)
ဗွီဒီယိုတိပ်ခွေထဲက အိမ်ဟောင်း
ကျီလင်မှာတုန်းက ဗီဒီယို အသံဖမ်းစက် တော်တော်များများကို ဝယ်ပြီး ပြန်ပို့လိုက်ပါပြီ။ အခု သူ့အိမ်မှာလည်း တစ်ခုရှိထားသည်။ သူ့ရဲ့ လိပ်စာအမှန်ကို အားနင်က သိပြီးသား ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူမ သိလား မသိလား မသိချင်တော့တဲ့အတွက် ဝမ်မန့်ကိုပဲ အိမ်ကနေ လာယူပေးဖို့ စာပို့ထားလိုက်သည်။
ထို့နောက် စက်ကို ဆိုင်ရဲ့ အတွင်းခန်းထဲမှာ ထားလိုက်သည်။ ချိတ်ဆက်ပြီးတာနဲ့ တိပ်အသစ်လေးကို TV ပေါ်မှာ ဖွင့်လိုက်သည်။ တိပ်ခွေက အရင်အတိုင်း အဖြူအမည်းသာ ဖြစ်ပြီး နှင်းပွင့်များ လွန်သွားပြီးနောက် ခေတ်ဟောင်း အိမ်ကြီး၏ အတွင်းခန်းတစ်ခု ပေါ်ထွက်လာသည်။
ပထမတော့ ဝူရှဲ့ အံ့သြသွားသည်။ ဒါပေမဲ့ အိမ်ရဲ့ အပြင်အဆင်က ကျီလင်မှာတုန်းက တွေ့ရတဲ့ ပုံစံနဲ့ မတူတော့ဘူးဆိုတာ သိလိုက်ရသည်။ နေရာက မတူတော့ဘူး။ ဒီနေရာက ပိုကျယ်ကာ ပရိဘောဂတွေကလည်း မတူပေ။ ဘယ်ကလာပြန်ပြီလဲ မသိ။
ကျီလင်မှာတုန်းက ဦးလေးသုံးနဲ့အတူ တိပ်ခွေနှစ်ခွေကို ကြည့်ဖူးပြီး နှစ်ခုစလုံးက နှင်းပွင့်တွေသာ ရှိနေသည်။ အဲဒါတွေကို အကြိမ်ပေါင်းများစွာ ကြည့်ပြီးတဲ့နောက်မှာ သဲလွန်စတစ်ခုမှ မတွေ့ခဲ့ရပါဘူး။ အခုအချိန်မှာတော့ တိပ်ခွေက အသစ်ထွက်လာပြီ။ ဝူရှဲ့လည်း အဲဒီထဲမှာ သဲလွန်စတွေ ရှိမယ်လို့ ထင်တဲ့အတွက် သတိထား၍ နောက်တစ်ကြိမ် ကြည့်ရှုရန် နှိပ်လိုက်သည်။
ဝမ်မန့်က လူတိုင်းအတွက် လက်ဖက်ရည် ပြင်ပေးသည်။ ဖက်တီး လူတစ်ယောက်ကတော့ သူ့ရဲ့လျောင်းစက်ပေါ် လှဲချလိုက်တာကြောင့် ဝူရှဲ့ခမျာ ဘေးနားမှာ ထိုင်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။ ဆိုင်ကို ကြည့်ထားဖို့ ဝမ်မန့်အား အပြင်ကို ပြန်လွှတ်လိုက်သည်။ ဝူရှဲ့သည် ဘေးနားက အားနင်နဲ့လည်း ခပ်ဝေးဝေးမှာနေဖို့ ကြိုးစားနေသည်။ သို့သော် ထိုအချိန်တွင် အားနင်ရဲ့ မျက်နှာထားက လေးနက်လာသည်။ သူမမျက်နှာမှာ ထုတ်ဖော်ပြောဆိုမှု ကင်းမဲ့နေပြီး ယခင်က အပျော်အပါး လုပ်ချင်သူနဲ့ လုံးဝ မတူတော့ပေ။
အတွင်းခန်းသည် အလွန်မှောင်နေပြီး တစ်ဖက်က တီဗွီထဲမှာတော့ မှိုတက်နေသော အလင်းရောင်များ ထွက်လာသည်။ အလင်းရောင်ကို ကြည့်လိုက်လျှင် မင်နှင့် ချင်မင်းဆက်ခေတ်က အိမ်ဟောင်းများတွင် အသုံးပြုသည့် သစ်သားပန်း ပြတင်းပေါက်များနှင့် ခပ်ဆင်ဆင် တူသော်လည်း အဖြူအမည်းဖြစ်နေ၍ သေသေချာချာ မသိရပေ။ ဤအချိန်တွင် အတွင်းခန်းထဲ၌ ဘယ်သူမှ မရှိကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ဖက်တီးက ဝူရှဲ့အား မျက်စိ မှိတ်ပြလာပြီး မျက်နှာသေ ပေးခဲ့တဲ့ ဗီဒီယိုတိပ်ပါ အကြောင်းအရာက အတူတူပဲလားလို့ မေးလာသည်။ ဝူရှဲ့ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြလိုက်တော့ သူက အလွန်အံ့သြတဲ့ အမူအရာပြလာပြီး သေသေချာချာ ကြည့်ဖို့ ခေါင်းကို လှည့်လိုက်သည်။
သို့သော် ဆယ့်ငါးမိနစ်ခန့် ကြာသောအခါ သူတို့ရဲ့ နှလုံးခုန်သံများကို တက်ကြွစေသည့် ရံဖန်ရံခါ နှင်းပွင့်မှလွဲ၍ ရုပ်ပုံသည် ဘယ်သောအခါမှ မပြောင်းလဲသွားချေ။
ဝူရှဲ့မှာက အတွေ့အကြုံရှိလို့ သည်းခံနိုင်ပေမယ့် ဖက်တီးကတော့ ဒေါသကို မထိန်းနိုင်ဘဲ အားနင်ဆီကို လှည့်မေးလိုက်သည်။
"မစ္စစ်နင်.... မင်း မှားယူလာတာလား"
အားနင်က သူ့ကို လျစ်လျူရှုပြီး ဝူရှဲ့ကိုသာ လှမ်းကြည့်လိုက်သည်။ ဝူရှဲ့လည်း ဒီတိပ်ခွေဟာ စောင့်ကြည့်တိပ်ခွေ ဖြစ်သင့်တယ်ဆိုတာ သိထားတာကြောင့် အသက်ရှုကြပ်နေသည်။ ခန်းမအလွတ် တစ်ခုကို မြင်တွေ့ရတာကတော့ ပုံမှန်ပါပဲ။ အားနင် ဒီတိပ်ခွေကို ထုတ်ယူလာတာကြောင့် ခဏကြာပြီးရင် ထူးထူးခြားခြား တစ်ခုခု ဖြစ်လာမှာ သေချာသည်။
အားနင်သာမက ဝူရှဲ့ကပါ စကားမပြောတာ မြင်တော့ ဖက်တီးက လက်ဖက်ရည်သောက်ရင်း အပြင်ထွက်ဖို့ ပြင်လိုက်သည်။ ဝူရှဲ့သူ့ကို တားကာ ပြန်ထိုင်ချခိုင်းလိုက်၏။ ဖက်တီးလည်း ဟိုဘက်ဒီဘက် ကုတ်လျက် အလွန်စိတ်မရှည် ဖြစ်လာသည်။
သူ့ခမျာ နှလုံးသားထဲမှာ လျှို့ဝှက်မီးတွေ ရှိနေပေမယ့် ဒေါသမထွက်ချင်တော့ဘဲ စိတ်အေးအေးထားပြီး အောက်ကို ဆက်ငုံ့ကြည့်လိုက်သည်။ အတွင်းခန်းကိုပဲ ကြည့်နေရတော့ နည်းနည်း စိတ်မရှည်တော့ရာ ရှေ့ကို အမြန်သွားချင်လာရာ ရှေ့နည်းနည်း ကျော်လိုက်သည်။
အဲဒီအချိန်မှာ အားနင်က ရုတ်တရက် သူ့ခန္ဓာကိုယ်ကို တည့်တည့်မတ်မတ် ထားပြီး ရပ်ဖို့ အမူအရာ လုပ်လိုက်သည်။ ထိုစဥ် ဖန်သားပြင်ပေါ်တွင် မီးခိုးရောင် အရိပ်တစ်ခု ပေါ်လာ၏။ ၎င်းက အမှောင်ထုထဲမှ ထွက်လာကာ အတွင်းခန်း ခန်းမထဲတွင် ပေါ်လာသည်။ သူ၏ လှုပ်ရှားမှုများသည် အလွန်ထူးဆန်းပြီး အရက်မူးနေသကဲ့သို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
ဝူရှဲ့ တံတွေး မျိုချလိုက်ပြီး မှန်းဆချက် တချို့ကို စိတ်ထဲမှာ စွဲထညးပေမယ့် အဲဒါတွေက မှန်လား မှားလား မသိရဘဲ ဒီအချိန်မှာ တစ်ယောက်တည်း စိတ်ပူသွားသည်။
မကြာခင်မှာပဲ အဖြူရောင်အရိပ်က သိသာထင်ရှားလာသည်။ ပြတင်းပေါက်နားကို ရွှေ့လိုက်တဲ့အခါမှာတော့ အဲဒီလူရဲ့ လှုပ်ရှားမှုတွေက ဘာကြောင့် အရမ်း ထူးဆန်းနေလဲဆိုတာ သဘောပေါက်သွားရသည်။ အကြောင်းမှာ ထိုလူသည် လမ်းလျှောက်နေတာ လုံးဝ မဟုတ်ဘဲ ကုန်းကုန်းကြီး တွားသွားနေလို့ပါပဲ။
ဒီလူက ယောက်ျားလေးလား မိန်းကလေးလားတော့ မသိရသေးချေ။ သူက စုတ်ပြတ်သတ်နေသော သင်္ချိုင်းဝတ်စုံလို အဝတ်အစားတွေ ဝတ်ထားတယ် ဆိုတာသာ သိရသေးကာ သူသည် မြေပြင်ပေါ် ဖြည်းဖြည်းချင်း ခက်ခက်ခဲခဲ တွားသွားနေရသည်။
ထူးဆန်းတာက သူ့ရဲ့ တွားတွားတဲ့ အနေအထားက အရမ်းထူးဆန်းနေတာပါပဲ။ ဝူရှဲ့ခမျာ သတင်းတစ်ပုဒ်ကို သွားသတိရမိသွားသည်။ ဝေးလံခေါင်သီတဲ့ ကျေးလက်ဒေသ တချို့မှာ ရွာက လူတစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိတဲ့ သူ့ဇနီးကို မြေအောက်ခန်းထဲမှာ သော့ခတ်ထားလိုက်သည်။ ဇနီးသည် ပြန်လွတ်လာတဲ့ အခါမှာတော့ လမ်းမလျှောက်နိုင်တော့ဘဲ ထိုင်မရထမရဖြင့် တွားသွားတာပဲ လုပ်နိုင်၏။
သူတို့သည် တိတ်တိတ်ဆိတ်ဆိတ်နေပြီး သူ မျက်နှာပြင်ပေါ် တွားသွားနေတာကို ကြည့်နေကြရာ ခဏကြာတော့ တစ်ဖက်လူက တိတ်တိတ်လေး ပျောက်သွားလေသည်။ ထို့နောက် ဗွီဒီယိုက သူတို့ရှေ့တွင် ငြိမ်သက် တိတ်ဆိတ်သော အတွင်းခန်းမကို ပြန်လည် တည်ဆောက်လာခဲ့သည်။
ဖြစ်စဉ် တစ်ခုလုံးသည် ခုနစ်မိနစ်ကျော်သာ ကြာသည်။ လူများကို ရူးသွပ်စေသည့် အချက်မှာ အသံမရှိသောကြောင့် ဖြစ်သည်။ အားနင်သည် အဝေးထိန်းခလုတ်ကို နှိပ်လိုက်ပြီး တိပ်ခွေကို တစ်ဖန်ပြန်ရစ်ကာ ပြန်ဖွင့်ပြီးနောက် အစောကနေရာမှာ ရပ်လိုက်သည်။
"ကျန်တာကို မကြည့်နဲ့... ပြဿနာက ဒီမှာပဲ"
"မင်း ဘာကိုဆိုလိုတာလဲ"
ဖက်တီး စိတ်ရှုပ်သွား၏။
"ငဒူလေးဝူရှဲ့.... ဒီလူကဘယ်သူလဲ"
"ငါက ဘယ်လိုလုပ်သိမှာလဲ!"
ဝူရှဲ့လည်း စိတ်အားငယ်စွာနဲ့ ပြောလိုက်သည်။ မူလက ဟော့လင် ပြန်ပေါ်လာမယ်လို့ ထင်ခဲ့ပေမယ့် ဒီလို ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ ဒါကသူ့ကို ပိုလို့တောင် စိတ်ရှုပ်သွားစေတယ်။ တူညီတဲ့လူက ပို့လိုက်တဲ့ ဒီဗီဒီယိုတိပ်ကို ဟော့လင်ကတော့ မှတ်တမ်းတင်ထားသင့်တယ်။ ဟော့လင်က ဒီဗီဒီယိုတိပ်ထဲမှာ မတ်တပ်တောင် မထနိုင်လောက်အောင် အသက်ကြီးနေပြီလား။
ဖက်တီးသည် အားနင်ကို ဘာတွေဖြစ်နေတာလဲ နဲ့ ဘာတွေ ရိုက်ထားတာလဲပါ ထပ်မေးလိုက်၏။
"ရှင်တို့ကိုယ်ရှင်တို့ ဘာမြင်လိုက်တယ်လို့ ထင်လဲ"
အားနင် လှည့်မေးလိုက်သည်။
“မေးစရာ လိုသေးလို့လား... အဲဒါက လူတစ်ယောက် အိမ်ကြမ်းပြင်မှာ တွားသွားနေတာပဲ မဟုတ်ဘူးလား”
ဖက်တီးက ပြောလေသည်။
အန်နင်က သူ့ကို လျစ်လျူရှုပြီး ဝူရှဲ့ကို စေ့စေ့ကြည့်ကာ “ဘယ်လိုထင်လဲ” လို့ မေးရာ သူမက ဝူရှဲ့အား တစ်ခုခုကို မြင်စေချင်နေပုံရလေသည်။
ဝူရှဲ့မှာလည်း အားနင်ရဲ့ အမူအရာကို ကြည့်ရင်း ထူးဆန်းတယ်လို့ တွေးမိလာသည်။
"ဘာလဲ"
အားနင်က အံ့သြမှုတွေနဲ့ မျက်လုံးတွေကို မှိတ်ထားရင်း။
"ရှင်... တခြားထူးဆန်းတဲ့ ခံစားချက်တွေ မခံစားရဘူးလား?"
ဝူရှဲ့ စိတ်ရှုပ်ထွေးသွားကာ ဖက်တီးကို ငုံ့ကြည့်လိုက်တော့ ဖက်တီးကလည်း ဗီဒီယိုတိပ်ခွေကို စိုက်ကြည့်ရင်း "ဟမ်"ခနဲ အသံထွက်ပြီး ခေါင်းခါပြလေသည်။
"မခံစားရဘူး"
သူမက ဝူရှဲ့ကိာ အချိန်အကြာကြီး စိုက်ကြည့်ပြီးနောက် သက်ပြင်းချလိုက်လေသည်။
"ကောင်းပြီလေ.... ဒုတိယတိပ်ခွေကို ဆက်ကြည့်ရအောင်.... စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်ပါတယ်"
ဒီတစ်ခါတော့ အားနင်သည် အစကနေ စဖို့ မတောင်းဆိုတော့ဘဲ တိပ်ခွေကို အမြန်ဆက်သွား ခိုင်းပါတော့သည်။ ဆယ့်ငါးမိနစ်လောက် ကြာတော့ သူမက ဝူရှဲ့ကို လှမ်းကြည့်ရင်း ပြောလေ၏။
"ရှင်.....အသက်ပြင်းပြင်းရှူထား..."
သူမပြောလာတော့ ဝူရှဲ့ နည်းနည်း ထိတ်လန့်သွားပေမယ့် ဖက်တီးကတော့ စိတ်မရှည်ဖြစ်ပြီး ထအော်တော့သည်။
"မင်း လူတွေကို နှိမ့်ချနေတာလား? မင်းဘာလို့ တိုက်ရိုက်မပြောလဲ... ငါတို့ ဝူလေးက နှင်းတွေဖုံးနေတဲ့ တောင်တွေအောက်မှာ ဒေါသတွေထွက်ပြီး ပြေးလွှားနေခဲ့ဖူးတဲ့ သူတစ်ယောက်ပဲ... ဟမ့် သူ့ကိုခြောက်နိုင်တဲ့ တခြားဘာမှရှိမယ် မထင်ဘူး.... ဒီမှာ မင်း မိန်းမငယ်လေးတွေရဲ့ ခံစားချက်တွေနဲ့ လာမလှုံ့ဆော်စမ်းပါနဲ့...ဝူလေး.... ကျေးဇူးပြုပြီး တစ်ခုခုပြောစမ်းပါ... ဟုတ်တယ်မလား"
ဝူရှဲ့လည်း သူ့ကို လျစ်လျူရှုပြီး အားနင်ကို စတင်ခွင့်ပြုလိုက်သည်။ အခုက သူ့ဆိုင်ရဲ့ အတွင်းခန်းထဲမှာ ဖြစ်တာကြောင့် ဘယ်ကို သွားရမှာကိုမှ မကြောက်ပါဘူး။
အားနင်သည်လည်း ဖက်တီးကို စိုက်ကြည့်ကာ ဗီဒီယိုကို ပြန်ဖွင့်ကြည့်သည်။ မြင်ကွင်းသည် အတွင်းခန်းထဲတွင် ရှိနေဆဲ ဖြစ်သော်လည်း ကင်မရာမှန်ဘီလူးက တစ်စုံတစ်ယောက်က ချိန်ညှိနေသကဲ့သို့ အနည်းငယ် တုန်ခါနေသည်။ နှစ်မိနစ်ကြာ လှုပ်ခါပြီးနောက် ကင်မရာကို တည့်တည့်မတ်မတ် ထားပြီး ကင်မရာအောက်မှ မျက်နှာတစ်ခု ထွက်ပေါ်လာသည်။
အာရုံစူးစိုက်မှုဟာ အစပိုင်းမှာ မကောင်းသလို နီးကပ်လွန်းတာကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် အဲဒီလူဟာ ဟော့လင် မဟုတ်ဘူးလို့ ပြောနိုင်နေပါပြီ။ ထို့နောက်တွင်တော့ ထိုအမျိုးသား၏ မျက်နှာသည် နောက်သို့ ရွေ့သွားကာ မီးခိုးရောင် ၀တ်စုံဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ကင်မရာထဲတွင် ပေါ်လာသည်။ သူသည် မြေပြင်ပေါ်တွင် တုန်တုန်ယင်ယင် ထိုင်နေပြီး ဆံပင်များ ကွဲသွားသော်လည်း အနည်းငယ် လှည့်ပြီးနောက် သူ့မျက်နှာကို မြင်နေရဆဲ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဖက်တီးသည် အံ့အားသင့်စွာ ထအော်ဟစ်ကာ ရုတ်တရက် ခေါင်းလှည့်ကြည့်လာသည်။ ဝူရှဲ့ခမျာ နဖူးက ချွေးစက်များသည် နောက်ကျောအထိ စီးဆင်း အေးစက်သွားသလို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ့ခမျာ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ဟကာ အသက်ရှူကျပ်လုနီးပါး ဖြစ်သွားသည်။
ဖန်သားပြင်ပေါ်တွင် လှည့်ပတ် ကြည့်နေသော အရူးတစ်ယောက်၏ မျက်နှာကို သူ အလွန်ရင်းနှီးသည်။ အကြောင်းမှာ ၎င်းက သူကိုယ်တိုင်ရဲ့ မျက်နှာပဲ ဆိုတာကို သိရဖို့ စက္ကန့်အနည်းငယ်ပဲ ကြာလိုက်၏။