ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)
Chapter (52)
ဒုတိယမိုး (၂)
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မရေမတွက်နိုင်သော ချောင်းများ၊ ချောက်ကြီးများ အောက်တွင် ရေများစုပုံလာပြီး တဖြည်းဖြည်း မြစ်အောက်ပိုင်းသို့ ပြေးဆင်းသွားကြသည်။
ဒီမြင်ကွင်းကို မြင်လိုက်တော့မှ ဒီအိုအေစစ် ဖွဲ့စည်းရခြင်းရဲ့ အကြောင်းရင်းကို ရုတ်တရက် သိလိုက်ရလေသည်။ ဒါက ချိုင်တာမုဧရိယာရဲ့ အနိမ့်ဆုံးနေရာ ဖြစ်ပြီး မြေအောက်ရေနဲ့ မိုးရေတွေ အားလုံးက ဒီမှာစုဝေးနေ၏။ ဒါက ချိုင်တာမု မြေအောက်ရေစနစ် တစ်ခုလုံး၏ အလယ်ဗဟိုဟု ဆိုနိုင်သည်။ ချိုင်တာမုရှိ ခြောက်သွေ့သော မြစ်ကြမ်းပြင်သည် အမှန်တကယ်ပင် ရပ်တန့်သွားမည် မဟုတ်ပေ။
ထိုအစား ရေတွေက ဒီနေရာမှာပဲ အထပ်ထပ် အခါခါ စုပြုံလာလိမ့်မည်။ ထို့ကြောင့် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာ အတွင်း ရာသီဥတုက ဘယ်လိုပဲ ပြောင်းလဲသွားပါစေ မြစ်ဝှမ်းရဲ့ ပတ်ဝန်းကျင်သည် သစ်တောများမှ သဲကန္တာရသို့ ပြောင်းလဲသွားပါစေ ၎င်းသည် လွန်ခဲ့သော နှစ်ပေါင်း ငါးထောင်ခန့်ကကဲ့သို့ စိမ်းလန်းနေဆဲပင်။
"လေကို ဝှက်ပြီး ရေကိုစုသိမ်းတာက မလှုပ်ရှားစေနိုင်ဘူး" ဆိုတဲ့ ဖုန်းရွှေ စကားအတိုင်း ဒီရတနာဟာ နှစ်ထောင်ပေါင်းများစွာ မပြောင်းလဲသွားတဲ့ နေရာတစ်ခု မဟုတ်ဘူးလား။ ရှီးဝမ်းမယ်တော် နန်းတော် တည်ရှိရာ နေရာသည် ခွန်လွန်တောင်တန်းများရှိ နဂါးသွေးကြော ဘိုးဘေးများ၏ အဖိုးတန်မျက်လုံးများ ဖြစ်နိုင်သည်။ ထိုသို့သော အံ့ဩခြင်းမျိုးက ဤကဲ့သို့သော နေရာတွင်သာ ပေါ်လာနိုင်သည်။
သူသက်ပြင်းချနေစဉ်တွင် ဖက်တီးက မငြိမ်မသက် ဖြစ်လာကာ သူ့တင်ပါးကြီးများကို ညှစ်ထားလိုက်သည်။ သူက သစ်ပင်ကိုလည်း ပွတ်တိုက်နေသေးရာ မိုးခိုနေသူတွေအတွက် နေရာသိပ်မကျန်တော့အောင် ဖြစ်လာသည်။ ဖန့်ကျစ်မှာ သည်းမခံနိုင်တော့ဘဲ လှည့်မေးလိုက်သည်။
"မင်းဘာလုပ်နေတာလဲ? ဖင်ယားနေတာလား?"
ဖက်တီးက မျက်မှောင်ကြုတ်ပြီး “ဘာဖြစ်နေမှန်းကို မသိဘူး... ဒါပေမဲ့ ငါ့တင်ပါးက ရုတ်တရက် ယားလာသလိုပဲ!"
ဝူရှဲ့ သူ့အား စကားအနည်းငယ် ပြောခါနီးတွင် တင်ပါးနှင့် နောက်ကျောက သည်းမခံနိုင်လောက်အောင် ယားယံသလို ဖြစ်လာသည်။ ဝူရှဲ့ ခြေထောက်တွေကို အလျင်စလို ကွေးပြီး လက်နဲ့ ဆုပ်ကိုင်ဖို့ ကြိုးစားလိုက်ချိန် တစ်ခုခု မှားနေသလို ခံစားလိုက်ရရာ အလန့်တကြား ခုန်ချလိုက်မိသည်။
"ပိုးကောင်တွေ!"
အားလုံး မတ်တပ်ထရပ်လိုက်ကြသည်။ ဝူရှဲ့မှာ တင်ပါးကို ကုတ်ရင်း သူတို့မိုးခိုခဲ့တဲ့ သစ်ပင်ကို ကြည့်လိုက်တဲ့အခါ မျက်နှာတွေက အစိမ်းရောင် ပြောင်းသွားတော့သည်။ လက်သည်းသေးသေးလေးရဲ့ တစ်ဝက်လောက်သာ ရှိတဲ့ ပိုးကောင်တွေဟာ အပင်ရဲ့ ပင်စည်တွေကို ထူထပ်စွာ ဖုံးအုပ်ထားတာကို တွေ့လိုက်ရသည်။ တင်ပါးပေါ်က သူတို့ကို ပုတ်ထုတ်တာတောင် ပုတ်ထုတ်လို့ မရချေ။
“သောက်ကျိုးနည်း! "
ဖက်တီးက ထဆဲလိုက်၏။ သူတို့ ခြေထောက်များနဲ့ နင်းချေတာတောင် အကျိုးသက်ရောက်မှုမရှိပေ။ ဒါနဲ့ပဲ ဖက်တီးနဲ့ ဝူရှဲ့တို့ခမျာ တင်ပါးတွေက ဒုက္ခရောက်နေပြီမို့ မိုးရေထဲ ပြေးဝင်ပြီး မိုးရေတွေနဲ့ စိုသွားအောင် လုပ်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ချေ။ မိုးအေးအေးက ဘောင်းဘီထဲကို စိမ့်ဝင်သွားတော့ ယားယံတာက နည်းနည်း သက်သာသွားသလို ခံစားလိုက်ရသည်။
ဒါပေမဲ့ ယားယံပြီးရင်း ယားယံလာရာ အဆိပ်ဖြစ်မယ်ထင်ပြီး စိတ်ထဲမှ ကျိန်ဆဲပစ်လိုက်သည်။ ဒီအချိန်မှာ တခြားလူတွေအားလုံးလည်း သစ်ပင်အောက်က လွတ်မြောက်လာကြပြီး ရုတ်တရက် မိုးရေထဲ စကားမပြောနိုင်ကြတော့ချေ။
သူတို့ နောက်ထပ် အကိုင်းအခက်တွေအောက် တိုးဝင်ကြရသည်။ နောက်ဆုံး မိုးအနည်းငယ်ပဲကျတဲ့ အကိုင်းအခက် အနည်းငယ် ထူထပ်သော သစ်ပင်အောက်ကို ရောက်သွားခဲ့သည်။ ဒါပေမဲ့ သူတို့ငါးယောက်လုံး ဝင်ဖို့မလုံလောက်ဘူး။ အဆုံးမှာတော့ ဝူရှဲ့နဲ့ အားနင်မှာ သူတို့ဆီကနေ တွန်းထည့်ခံလိုက်ရ၏။ တခြားသူတွေက သူတို့ရဲ့ ခေါင်းတွေကို ရေစိုခံအ၀တ်နဲ့ အုပ်ထားတာကြောင့် အနည်းငယ် သက်သာကြသည်။
ဖန့်ကျစ်က "ဆိုးချက် အခုနက ဘယ်လိုပိုးကောင်မျိုးလဲ"
အားနင်သည် သူမ၏ဆံပင်မှ ရေများကို ခါယမ်းကာ မှိန်ဖျော့နေသော မိုင်းတွင်းမီးအိမ်အား ပွတ်သပ်၍ ဖွင့်လိုက်သည်။ မီးအိမ်က နောက်ဆုံးတွင် တောက်ပလာ၏။ အားနင်က သူမ၏ ဘောင်းဘီ ခြေထောက်တွင် ကပ်နေသော ပိုးကောင်များကို လက်ချောင်းလေးများဖြင့် ကောက်ယူ၍ မိုင်းတွင်းမီးခွက်ရှေ့ ယူကြည့်လိုက်သည်။
၎င်းက ပင့်ကူနဲ့တူတဲ့ ပိုးကောင်သေးသေးလေးလို သို့မဟုတ် အမြီးမပါတဲ့ ကင်းမြီးကောက်လေးလိုပင်။ အားနင်ရဲ့ လက်တွေက တုန်နေတော့ ဝူရှဲ့မှာ ရှင်းရှင်းလင်းလင်း မမြင်ရချေ။ တင်ပါးကိုကုတ်ရငိး အဲဒါက ဘာလဲ အဆိပ်ရှိလားလို့ မေးလိုက်သည်။ သို့သော် အားနင် မျက်မှောင် ကြုတ်သွားတာကိုသာ မြင်လိုက်ရသည်။
ဝူရှဲ့လည်း နှလုံးခုန်သံတွေ ခုန်ထွက်သွားပြီး အရမ်းဆိုးတာလားလို့ မပြောနိုင်ခင်မှာပဲ အားနင်သည် သူ့ဘေးရှိ ဖန့်ကျစ်ရဲ့ ခါးပေါ်က ဓားမြောင်ကို ဆွဲထုတ်လိုက်လေသည်။
"မြန်မြန် လှည့်ပြီး နင့်ရဲ့ဘောင်းဘီကို ချွတ်လိုက်!"