(64)ရွှံ့မြွေတစ္ဆေမြို့တော် (၂)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)



Chapter (64)

ရွှံ့မြွေတစ္ဆေမြို့တော် (၂)



သူတို့အားလုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ကံကြမ္မာက သူတို့အပေါ်မှာ လှည့်စားနေတာလား ဆိုတဲ့ ခံစားချက်တစ်ခုက ဝင်ရောက်လာခဲ့သည်။ မနေ့ညကဆို ချောက်ရဲ့ထွက်ပေါက်ကို သွားဖို့ ဆယ်မိနစ်ပဲ အချိန်လို၏။ သို့သော် သူတို့က အနားယူဖို့ ရွေးချယ်ခဲ့လေသည်။ အဲဒီတုန်းကသာ လမ်းဆက်လျှောက်ခဲ့ရင် အခုရလဒ်နဲ့ လုံးဝကို ကွဲပြားသွားနိုင်သည်။


ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် အစွန်းသို့ ရောက်သောအခါ စိမ့်စမ်း​တော၏ မြင်ကွင်းသည် အကန့်အသတ်ရှိပြီး အပြင်ဘက် ချိုင့်ဝှမ်းထိပ်တွင် မြင်ရသလောက် မကျယ်လှပေ။ တောင်တံတိုင်းကိုသာ လျှောက်မလာခဲ့ဘူးဆိုရင် ချောက်ဟာ အဆက်အစပ် တစ်ခုရှိတယ်လို့ မခံစားရလောက်ချေ။ 


ချိုင့်ဝှမ်းထဲက အရှေ့ဘက်မှာတော့ တောကြီးက ထူထပ်​နေသည်။ သို့သော် လမ်းလျှောက်လေ တစ်ခုခု မှားနေသလို ခံစားလာရလေ ဖြစ်ကာ ရေတွေကလည်း သွားလေ ပိုပိုနက်ရှိုင်းလာလေပင်။ ဒါ့အပြင် မြေအောက်က အမှိုက်တွေက ပိုလို့တောင် သည်းမခံနိုင်စရာ ကောင်းလှသည်။ 


ကံကောင်းထောက်မစွာ စိမ့်​တော၏ တိမ်ပိုင်းတွင် ရွှံ့နွံထဲမှ ရုတ်တရက် ပေါက်ထွက်လာပြီး ရေထဲ မြုပ်မသွားသော ကျောက်တုံးကြီး တစ်ခုရှိသည်။ ဘာကြောင့် ဒီလောက်ကြီးတဲ့ ကျောက်တုံးကြီး ပေါ်ရတာလဲဆိုတာကို စူးစမ်းလေ့လာရင်း ရေထဲမှာ ဂရုတစိုက်နဲ့ တက်လိုက်သည်။ ဒီကျောက်တုံးကြီးကို ရှုပ်ထွေးတဲ့ အလှဆင်ပုံစံတွေနဲ့ ထွင်းထုထားတဲ့ အတွက် ရေအောက်မှာ အလွန်ကြီးမားတဲ့ အရိပ်တစ်ခု ရှိနေတာကို တွေ့ခဲ့ရပါသည်။ ဒါတွေက ဘေးချင်းကပ် ထားရှိသည့် ရုပ်တု အများအပြား၏ အစိတ်အပိုင်း ဖြစ်ပုံရသည်။


ရှီးဝမ်းမယ်တော်သည် အနောက်တိုင်းပြည်၏ ဘုရင်မ ဖြစ်ပြီး အနောက်တိုင်းရဲ့ အကြွင်းမဲ့ ဝိညာဉ်ရေးရာ ခေါင်းဆောင် ဖြစ်သည်။ သူတို့သည် ရှီးဝမ်းမယ်တော်ရဲ့ နယ်မြေထဲကို ဝင်လာပြီဖြစ်တဲ့ အတွက် ဤကျောက်ဆစ်ရုပ်သည် သဘာဝအတိုင်း ဖြစ်​ပေါ်လာလိမ့်မည် မဟုတ်ပေ။ 


သို့မဟုတ် ဤနေရာ၌ မြို့တော် ကာကွယ်ရေး ရုပ်တုများကို ထားရှိခြင်းက သံတမန်များ သွားလာခြင်းကို အဟန့်အတား ဖြစ်စေသည်။ နှစ်ပေါင်းများစွာ မိုးရေတိုက်စားမှု အောက်တွင် ဤရုပ်တုမျိုးကို ထိန်းသိမ်းထားရန်မှာ သဘာဝအတိုင်း မဖြစ်နိုင်ပေ။


ပထမတစ်ချက် ကြည့်လိုက်တော့ ကျောက်တုံးရုပ်​ကြွပေါ်က ရှေးဟောင်းပုံစံတွေဟာ အန်ကော်ဝက် ပုံစံနဲ့ အလွန် ဆင်တူ​နေတယ်လို့ ခံစားမိလေသည်။ အနီးကပ် ကြည့်လိုက်တော့မှ သူတို့က ခမာဗုဒ္ဓဘာသာပုံစံတွေ မဟုတ်ဘဲ ဒီကျောက်တုံးရုပ်တုတွေဟာ လေနဲ့မိုးကြောင့် မည်းသွားတာတွေ ဖြစ်နေ၏။ သူ့ရဲ့အရောင်ကြောင့် အထူးရှေးကျပြီး လျှို့ဝှက်ဆန်းကြယ်လှတာကို တွေ့ရသည်။ 


ဒီနေရာမှာ ပြိုကျနေတဲ့ ရုပ်တုရှိရင် ရွှံ့နွံအောက်မှာလည်း တခြားအပျက်အစီးတွေ ရှိလိမ့်မည်။ တွေးနေရင်းနဲ့ ဖက်တီးက သူတို့ကို လှမ်းပြောကာ နံဘေးကို ကြည့်ခိုင်းလိုက်သည်။ 


ဝူရှဲ့တို့လည်း ဘေးဘက်ကို လှည့်ကြည့်လိုက်တော့ နေရောင်ထဲက သူတို့ရှေ့မှာရှိတဲ့ စိမ့်အိုင်ရဲ့ နက်ရှိုင်းတဲ့ နေရာ၌ တစ်စုံတစ်ခုနဲ့ ဖုံးလွှမ်းနေတဲ့ အနက်ရောင် အရိပ်တွေ ထူထပ်စွာ ရှိနေတာကို တွေ့လိုက်ရသည်။ ၎င်းတို့က ကျောက်တုံးရုပ်တွေ ဖြစ်ပုံရပြီး အားလုံးလိုလို ရေအောက်ထဲ ရောက်နေကြသည်။ 


မျက်နှာသေနဲ့ ဝူရှဲ့တို့လည်း မှန်ပြောင်းတွေနဲ့ ယူကြည့်လိုက်မှ သေချာ မြင်လိုက်ရလေသည်။ စိမ့်ရေအောက်က အရိပ်တွေ အားလုံးဟာ အပျက်အစီးတွေ ဖြစ်ပြီး စိမ့်ရဲ့အလယ်ခေါင်အထိ ပြန့်ကျဲနေတာကို တွေ့ရတော့ ဝူရှဲ့မှာ အံ့သြသွားရသည်။ 


ရှီးဝမ်းမယ်တော်ရဲ့ ရှေးဟောင်းမြို့တော် အပျက်အစီးတွေကို ဒီရေကန်အောက်မှာ အမှန်တကယ် မြှုပ်နှံထားလေသည်။ 


“ဒီချိုင့်ဝှမ်းထဲမှာ အရမ်းစိမ်းလန်းစိုပြေတဲ့ ရှေးဟောင်းမြို့တစ်မြို့ ရှိခဲ့လိမ့်မယ်... ရှီးဝမ်းမယ်တော်ရဲ့ နိုင်ငံကြီး ပြိုကျပြီးနောက် ရှေးဟောင်းမြို့ကို စွန့်ပစ်ခဲ့ပုံရတယ်... ရေနုတ်မြောင်းစနစ် ပြိုကျပြီး မြေအောက်ရေတွေ တက်လာခဲ့လိမ့်မယ် သူတို့က နုန်းနဲ့ ရွှံ့တွေလည်း သယ်လာမယ် နှစ်ပေါင်းထောင်ချီ မိုးတွေလည်း ရွာခဲ့တော့ မြို့တစ်ခုလုံး ရေအောက်မှာ နစ်မြုပ်သွားပုံရတယ်... အခု ငါတို့မြင်နေရတာက လက်တစ်ဆုပ်စာပဲ ရှိသေးတယ်" 


မျက်နှာသေက ပြောပြလေသည်။ 


ဒီရေမြုပ်နေတဲ့မြို့ဟာ တကယ်တော့ အဲဒီတုန်းက သိပ်ကြီး မကျယ်လောက်ချေ။ သို့သော် အဲဒီတုန်းက ယဉ်ကျေးမှု ထွန်းကားခဲ့တာကိုတော့ ညွှန်ပြနေ၏။ ဤရေကန်သည်လည်း အမှန်တကယ်တွင် ကြီးမားသော ဧရိယာ မဟုတ်ပေ။ ထိုအချိန်က ရှေးဟောင်းမြို့သည် ဤမြစ်ဝှမ်း၏ အစွန်းအထိ အမှန်တကယ် ဖွံ့ဖြိုးလာခဲ့နိုင်သည်။ သို့သော် ဤအခြေအနေတွင် ရှီးဝမ်းမယ်တော် နန်းတော်က ရေအောက်နွံထဲမှာ ရှိနေမယ်ဆိုရင် သူတို့ဘယ်လို ဝင်ရောက်ကြလိမ့်မလဲ။ 


ဒါပေမဲ့ ဝမ်းကျင်ရဲ့ မှတ်စုတွေကို တွေးကြည့်တော့ ဒီရေကန်ဟာ လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ်လောက်ကမှ ဖြစ်လာခဲ့တာ မဟုတ်ပေ။ ၁၉၉၀ ခုနှစ်တွေမှာ သူမရဲ့ အဖွဲ့ထဲမှာ ဟော့လင်လည်း ပါဝင်၍ ဝင်ရောက်ခဲ့ဖူးသည်။ ​​မိုးသည်းထန်စွာ ရွာပြီးနောက် ရှီးဝမ်းမယ်တော်ရဲ့ နန်းတော်ထဲကို ဝင်ခဲ့တာမို့ အဲဒီမှာ ဝင်ဖို့နည်းလမ်း တစ်ခု ရှိလိမ့်မည်။ သူတို့ကအခု အဲဒီနေရာတို့ မရောက်သေးလို့ မတွေ့ရသေးတာပဲ ဖြစ်လိမ့်မည်။