(14) ပထမည - လိုက်!
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (တတိယပိုင်း)



Chapter (14)

ပထမည - လိုက်!



ဝူရှဲ့တစ်ယောက် မတုံ့ပြန်နိုင်ခင်မှာ ဘေးကဖက်တီးမှ သေနတ်နဲ့ ပြေးချလာပြီး "ကျည်ဆံတွေ ကျည်ဆန်တွေ!!" လို့ လှမ်းအော်လာ၏။ 


သို့နှင့် ဝူရှဲ့လည်း လက်တစ်ဆုပ်စာ လောက်ကို ထုတ်ယူလိုက်သည်။ ဖက်တီးက ချက်ချင်းပဲ သေနတ်ကို သူ့လက်မောင်းအောက်မှာ ထည့်ပြီး မီးတုတ်ကို တစ်ဖက်က ကိုင်ထားသည်။ ထို့နောက် ဝူရှဲ့ကို နောက်က ပြေးလိုက်လာဖို့ အချက်ပြကာ ချုံပုတ်တွေထဲ ခုန်ဆင်းသွားလေသည်။ 


သို့သော် သူ ခြေလှမ်းအနည်းငယ် ပြေးပြီးတဲ့အထိ ဝူရှဲ့ မလှုပ်ရှားတာကို မြင်လိုက်ရတော့ သူက ကျိန်ဆဲလိုက်သည်။


"ငါ့နောက် လိုက်ခဲ့... ဒီမှာနေခဲ့ရင် နောက်ကျ ငါမင်းကို ဘယ်မှာ သွားရှာရမှာလဲဟ"  


ဝူရှဲ့လည်း ကျိန်ဆဲပြီး ကိုယ့်ကိုကိုယ် ပါး​ပြန်ရိုက်လိုက်မိသည်။ ပြီးနောက် ကျောပိုးအိတ်ကို ချက်ချင်း တင်းကျပ်၍ သူ့နောက်ကို လိုက်သွားခဲ့သည်။ 


ချုံပုတ်တွေထဲ ပြေးဝင်ပြီး ရှာဖွေရတာကြောင့် လမ်းလျှောက်ရတာက တော်တော်လေး ခက်ခဲသည်။ သူ့ကို မီတာပေါင်းများစွာ လိုက်ဖမ်းပြီးနောက် မျက်လုံးတစ်မှိတ်အတွင်း ပြင်းထန်စွာ လှုပ်ယမ်းနေသော သူတို့ရှေ့ရှိ သစ်ပင်သရဖူကို မြင်လိုက်ရသည်။ ဖန့်ကျစ်ရဲ့ ပစ္စည်းများက သစ်ပင်ပေါ်၌ ဆွဲတင်ခံထားရတာ ထင်ရှားစွာ မြင်တွေ့ခဲ့ရသည်။ လှုပ်ရှားမှု​တွေက များစွာရှိခဲ့ပြီး ဤအရာသည် ကြီးမားသော အရာတစ်ခု ဖြစ်ကြောင်း ထင်ရှား​ပေသည်။


ဖက်တီးသည် သစ်ပင်အောက်သို့ အပြေးအလွှား ပြေးသွားရာ သစ်ပင်ပေါ်မှာ ခြစ်မိထားသော ခြစ်ရာတွေကို တွေ့ရလေသည်။ သစ်ရွက်များက တစ်ပင်ပြီးတစ်ပင် လှုပ်ယမ်းနေရာ ထိုအရာက တစ်ဖက်မှ သစ်ပင်ဆီသို့ ရွေ့သွားကာ အခြားသစ်ပင်ဆီသို့ ရောက်သွားကြောင်း သိလိုက်ရသည်။


သူတို့နှစ်ယောက်သည် မျောက်တွေ မဟုတ်သောကြောင့် ၎င်းတို့လို သစ်ပင်များပေါ်တက်၍ ခြေရာခံရန် နည်းလမ်း မရှိချေ။ အောက်က တက်သွားလို့လည်း အချိန်မမှီလောက်ပေ။ ဖက်တီးမှာ မောဟိုက်ကာ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရင်း သေနတ်ကို ကောက်ကိုင်လိုက်ရသည်။ ပြီးနောက် သူက လှုပ်နေသော သစ်ရွက်၏ ဦးတည်ချက်အတိုင်း ချိန်ထား၏။ 


"ဖန့်ကျစ်ကို မထိဖို့ သတိထား!" 


ဝူရှဲ့ ဖက်တီးကို ချက်ချင်း လှမ်းအော်လိုက်သည်။ ဖက်တီးကတော့ သွားများကို အံကြိတ်ကာ 


"ဘာပဲဖြစ်ဖြစ် သေလုနီးနီး ဖြစ်နေပြီ.. အလောင်းအစား လုပ်ရတော့မှာပဲ" 


ပြောပြီး လက်ကိုမြှောက်ကာ ပစ်သတ်လိုက်သည်။ သေနတ်သံက ဆူညံနေပေသည်။ ဖက်တီး၏ လက်စွမ်းထက်မြက်မှုသည် အလွန်ကောင်းမွန်သော်လည်း ထိုသို့သော အခြေအနေမျိုးတွင် ပစ်မှတ်လုံးဝ မရှိသည့်အပြင် ၎င်းကို ထိမိခြင်းရှိမရှိ ဝူရှဲ့လည်း မသိ။ အကွာအဝေးရှိ သစ်ပင် ခေါင်မိုးကတော့ ဆက်လက် တုန်လှုပ်နေဆဲပင်။ 


"ဘာကောင်လဲကွာ....အသုံးမကျတဲ့ ရိုင်ဖယ်စုတ်... စွမ်းရည်က သေးလွန်းတယ်ဟ" 


ဖက်တီး ကျိန်ဆဲပြီး သူ့သွားများကို တင်းတင်း အံကြိတ်ထားသည်။ ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ကာ လေးချက်ဆက်တိုက် ပစ်ခတ်ကာ ကျည်ဆံများအားလုံးကို ပစ်လွှတ်လိုက်သည်။


အမှောင်ထဲမှာ ကျည်ဆန်တွေ လှည့်ပတ် ပြေးနေတာကို ရှင်းရှင်းလင်းလင်း မြင်​နေရပေမယ့် ဖက်တီး ကျည်ပြန်တင်ပြီးချိန်မှာတော့ ဒီအရာဟာ သူတို့ မမြင်နိုင်တော့သလို ဖမ်းဖို့ မဖြစ်နိုင်တာကို သိလိုက်ရ၏။ 


"ဘယ်လိုလုပ်မလဲ... ဘယ်လိုလုပ်မလဲ"


ဝူရှဲ့ စိုးရိမ်တကြီး အော်လိုက်သည်။


ဖက်တီးလည်း စိုးရိမ်တကြီး လှည့်ကြည့်လာသည်။ သူက ဘာကို ရှာတွေ့သွားတယ်မသိ တစ်ချက် ကြည့်လိုက်​​ပြီတော့ သစ်ပင်ပေါ် မီးတုတ်ဖြင့် ကပ်ကြည့်လိုက်ရာ ပင်စည်မှာ သွေးတွေနဲ့ ဖုံးနေတာကို တွေ့လိုက်ရသည်။ ဖက်တီးက ခြေလှမ်းအနည်းငယ် လှမ်းကာ နောက်သစ်ပင်ကို ကြည့်လိုက်ရာ တူညီသော အပင်မျိုး ရှိနေတာ တွေ့လိုက်ရသည်။


"နည်းလမ်းရှိပြီ!" 


သူကအော်ပြီး မီးတုတ်ကို ဝူရှဲ့ဆီ ချက်ချင်း ပြန်ပေးလာခဲ့သည်။ 


"သောက်ကျိုးနည်း ကံဆိုးနေပြီကွ! သွေးလမ်းကြောင်းကို လိုက်ရှာကြည့်ရအောင်... ဖန့်ကျစ်ကို မကယ်နိုင်ရင်တောင်မှ ငါတို့အသက်နဲ့ ပေးဆပ်ပြီး အဲ့အကောင်ကြီးတော့ သတ်ရမယ်!!"


ဒါက ဖန့်ကျစ်ကို ကယ်တင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ကောင်းဖြစ်နိုင်မယ်လို့ စဥ်းစားမိရာ တွေးမနေဘဲ ချက်ချင်း ခေါင်းညိတ်လိုက်သည်။ 


ဖက်တီးက ကျည်ဆံတွေ အားလုံးကို ပေးခိုင်းသည်။ ဖန့်ကျစ်ရဲ့ ကျည်ဆံတွေကို စီးကရက်ဘူးခွံထဲမှာ ထည့်ထားတာ အများကြီးပါပဲ။ အခုသူတို့ဆီက သိပ်ပါမလာပေ။ လမ်းမှာလည်း သုံးခဲ့တာ မနည်းလို့ ထုတ်လိုက်တော့ သိပ်မရှိတော့ချေ။ သို့နှင့် ဖက်တီးက ထပ်မံကျိန်ဆဲပြန်သည်။ 


"နောက်တစ်ခါ ကျားလာမား တစ်ယောက်မှမပါရင် ငါမလာတော့ဘူး"


"ကောင်းပြီ.... နောက်တစ်ခါကျရင်တော့ မင်းတို့ကို ဒုံးပျံလောင်ချာတစ်လုံး ကျွေးပြမယ်... အရမ်းစိတ်ညစ်နေတာ ရပ်ပြီး ငါတို့နောက်ကို လိုက်ချင်ဦးမလား ကြည့်ရသေးတာပေါ့!"


ဖက်တီးသည် ကျည်ငါးတောင့်ကို သွန်းလောင်းကာ သူ့အဝတ်အစား၏ ရင်ဘတ် အိတ်ကပ်ထဲသို့ ၃ ​တောင့် ထည့်ကာ ပါးစပ်ကလည်း နှစ်ချက်ကိုက်ထားလျက် ခေါင်းယမ်းလိုက်သည်။ 


"သွားစို့!"


ဝူရှဲ့ဟာ ရှေ့က​နေ သစ်ပင်တွေကို စူးစမ်းဖို့ မီးတုတ်ကိုသုံးပြီး သွေးလမ်းအတိုင်း လိုက်ကာ အမှောင်ထုထဲ ပြေးဝင်လာခဲ့ကြသည်။ 


သွေးအစွန်းအထင်းများသည် သစ်ပင်၏ ပင်စည်ပေါ်တွင် မဟုတ်ဘဲ သစ်ပင်အောက်ရှိ ချုံနွယ်ပင်များပေါ်တွင် ပြန့်ကျဲနေသည်။ ဤသွေးစွန်းထင်းမှုမှာ ဖန့်ကျစ်ရဲ့ သွေးအစွန်းအထင်း ဖြစ်နိုင်သည်။ သွေးအမြောက်အများ ထွက်နေသဖြင့် သွေးကြောတစ်ခု ဒဏ်ရာရသွားလိမ့်မည်။ အကယ်၍ သွေးထွက်လွန်သွားပါက သူ့ကို နတ်ဘုရားတောင် ဆင်းကယ်နိုင်လိမ့်မည် မဟုတ်ပေ။


ဒါပေမဲ့ အသက်ရှင်နေရင် လူကိုမြင်ချင်သည်။ သို့မဟုတ် သေသွားလျှင်လည်း အလောင်းကို မြင်ချင်သေးသည်။ 


မီတာငါးရာ ခြောက်ရာကျော် ပြေးပြီးနောက် သူတို့ရှေ့က သစ်ပင်ထိပ်တွေမှာ လှုပ်ရှားမှုတွေ မရှိတော့ပေ။ အခု ဘယ်ကိုရောက်နေမှန်းလည်း ဂရုမစိုက်နိုင်တော့ဘူး။ နှစ်ယောက်လုံး လမ်းပျောက်နေပြီ။ အစောတုန်းက 'ဘယ်သူလဲ' လို့ မေးလိုက်တဲ့အသံက ထူးဆန်းလွန်းတယ်။ သူတို့ သွေးလမ်းအတိုင်း လိုက်လာမှာကိုလည်း သိမှာ သေချာသည်။ 


ပြေးလေ သွေးအစွန်းအထင်းတွေက ပြတ်တောက်သွားလေပင်။ ဝူရှဲ့လည်း စိတ်မအေးလေ ဖြစ်လာရသည်။ သွေးထွက်မလာ​တော့ဘူးလား ဆိုတာ မသိနိုင်တော့ဘူး။


ထိုစဥ် ဖက်တီးက သစ်ပင်ထိပ်ကို သတိနှင့်ကြည့်ကာ ရှေ့သို့ လျင်မြန်စွာ လှမ်းအော်လေသည်။ 


"ဟေ့ မအေဘေး... မင်း ပြန်လာပြီး ဖက်တီးငါနဲ့ ယှဥ်ထိုးကြည့်လေ... ဟမ့် မင်းသွားတွေက ဖက်တီးထက်ကောင်လား ကြည့်ရသေးတာပေါ့... ငါ့အသားအရေက ကြမ်းတယ် သိရဲ့လာ!"


ဝူရှဲ့ သူ့ကို အမြန် ပြေးတားလိုက်သည်။ 


"မင်းဘာလုပ်နေတာလဲ"


ဖက်တီးက "သားရဲတွေက အစာကို လုံးဝ ဘေးကင်းတဲ့နေရာမှာ စားရတာ ကြိုက်တယ်... ငါ့​အော်သံကို ကြားတာနဲ့ ဖန့်ကျစ်ကို မြန်မြန် ကိုက်စားဦးမှာ မဟုတ်ဘူး" 


"သတိထားဦး တခြားအရာတွေကို မဆွဲဆောင်မိ​စေနဲ့!"


"တိရိစ္ဆာန်လောကကို မင်း မမြင်ဖူးဘူးလား... ဒီလို အမဲလိုက် တိရစ္ဆာန်ကြီးတွေက သူ့နယ်မြေတွေ လွှမ်းမိုးမှုရှိတယ်... ဒီလိုတောထဲမှာတော့ အကောင်ကြီးတွေလည်း အများကြီးရှိမှာ မဟုတ်ဘူး.... မလိုအပ်တဲ့ အမှားတွေကို ရှောင်ရှားနိုင်ဖို့ အဲဒီအကောင်ကြီးကို မြှူလိုက်တာ အကောင်းဆုံးပဲ ”


ဝူရှဲ့ကတော့ ဒါက အရမ်း မသင့်တော်ဘူးလို့ ခံစားမိနေတုန်းပဲ။ ဒါပေမဲ့ ဖက်တီးတစ်ယောက်မှာ သူ့နည်းသူ့ဟန်နဲ့ ပြေးထွက်သွားပြီ။ 


“ခွေးကောင်.... မင်းရဲ့ပါးစပ်ထဲမှာ ကိုက်ထားတဲ့ အကောင်က အေအိုင်ဒီအက်စ် ဖြစ်နေတာ... သူ့ဗိုက်ထဲက အူကလည်း အူအတက် ပေါက်နေ ..” 


သူ့စကားမဆုံးခင်မှာပဲ ရုတ်တရက် ခလုတ်တိုက်ပြီး လဲကျသွားလေသည်။ တစ်ဆက်တည်း တစ်ခုခု ထိမှန်သွားတာကြောင့် မြေပြင်ကို လှိမ့်သွား၏။ ဝူရှဲ့လည်း သူ့ကို ကူညီပေးဖို့ မီးတုတ်နဲ့ ပြေးလာတဲ့ အချိန်မှာပဲ ဖန့်ကျစ်ရဲ့ ကျောပိုးအိတ်ကို မြေပြင်ပေါ်မှာ ကျနေကာ သစ်ရွက်ခြောက်တွေနဲ့ သွေးတွေနဲ့ ဖုံးလွှမ်းနေတာကို တွေ့လိုက်ရပေသည်။ 


ဖက်တီးက ကုန်းရုန်းထလာသည်။ ဝူရှဲ့ သူ့ကိုစကား လှည့်ပြောဖို့ ပြင်လိုက်ပေမယ့် သူက စကားမပြောဖို့ လက်ပြလာရာ ဝူရှဲ့လည်း ချက်ချင်း သတိရှိလာပြီး မီးတုတ်လေးကို သစ်ပင်ပေါ် မြှောက်ကြည့်လိုက်သည်။ ထိုစဥ် သူတို့အနောက်က သစ်ပင်ပေါ်ကနေ အရိပ်ကြီးကြီးတစ်ခု ချိတ်ဆွဲနေတာကို တွေ့လိုက်ရ၏။ 



ဘာသာပြန် - ဝမ်ဖက်တီးရဲ့ အရည်အချင်းကလည်း မသေးဘူးနော်။