(17) အရုဏ်ဦး - အသံတိတ်စခန်း
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (တတိယပိုင်း)



Chapter (17)

အရုဏ်ဦး - အသံတိတ်စခန်း



သူတို့နှစ်ယောက်မှာ အရှေ့က ထူးဆန်းတဲ့ စခန်းတစ်ခုကြောင့် စိတ်လှုပ်ရှားမှုတွေ ချက်ချင်း ငြိမ်းကျသွားကာ ခေါင်းငုံ့ပြီး ငိုချင်လာတော့သည်။ ဒီသစ်တောက သူတို့ကို ရူးသွပ်သွားအောင် တွန်းပို့နေသလို ခံစားနေရလေသည်။ 


ဖက်တီးရဲ့ အာရုံကြောတွေက သူထက်အများကြီး ပိုသန်မာပေသည်။ သူက ဖန့်ကျစ်ကို ကျောက်တုံးပေါ် ထောက်ကူကာ လှဲခိုင်းလိုက်ရင်း ဝူရှဲ့ကိုလည်း ပတ်ဝန်းကျင်ကို စုံစမ်းခိုင်းလိုက်သည်။ သူတို့ ပတ်လည်မှာ မြူခိုးတွေ မရှိတော့ပါဘူး။ စတင်စစ်ဆေးရန် ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်ပြီး နှစ်ယောက်သား တဲများဆီကို သတိထားကာ ချဥ်းကပ်သွားခဲ့ကြသည်။


ဝူရှဲ့ လှမ်းဝင်လိုက်သည်နှင့် သူ့ဦးလေး ဘယ်လောက်တောင် အဆင်သင့် ပြင်ဆင်ထားခဲ့သလဲ သဘောပေါက်လိုက်သည်။ ခေါင်မိုးအောက်မှာ စာရွက်တွေ အများကြီးပါတဲ့ စားပွဲတွေရှိသလို ကျောက်တုံးကြီးတစ်တုံးကို တစ်ဖက်မှာ သွားပွတ်တံ ခွက်လေးတွေနဲ့ ကပ်ထား၏။ တဲနှစ်လုံးကြားက ဆွဲတံကို စက္ကူနဲ့ အုပ်၍ နွယ်ပင်တွေနဲ့ ချည်နှောင်ပြီး အဝတ်တွေလည်း ချိတ်ဆွဲထားတယ်။ ဤသည်မှာ ရိုးရှင်းသော လူနေအခြေချနေထိုင်ခြင်း ကဲ့သို့ပင်။


ဘာမှမထူးဆန်းပါဘူး၊ တိုက်ပွဲဝင်ထားတဲ့ လက္ခဏာမရှိသလို သွေးလည်း မရှိပေမယ့် စခန်းကလူတွေ တောင်တက်သွားသလိုမျိုး တစ်ယောက်မှ မရှိတော့ချေ။ စခန်းအလယ်မှာတော့ မီးလုံးကြီးတစ်လုံးကို တွေ့ရသည်။ အဲဒီမီးပုံကြီးထဲမှာ ကျန်နေတဲ့ မီးခိုးလုံးတွေကို ကြည့်လိုက်တော့ ဒီနေရာဟာ မနေ့က မီးခိုးနီတွေ တက်လာတဲ့ နေရာပဲ ဆိုတာ သေချာသွားသည်။ 


တဲရဲ့ ကန့်လန့်ကာတွေ ပွင့်နေကာ အထဲမှာ ဘယ်သူမှ မရှိတာကို တွေ့လိုက်ရသည်။ အထဲမှာ အားကစားသမား ဖိနပ်ရဲ့ ခြေထောက်နံ့ကိုတောင် မရချေ။ ခြေဖျားထောက်​ကြည့်ပြီး ဘာမှ ရှာမတွေ့တော့တဲ့ အဆုံး ဖက်တီးနဲ့ ဝူရှဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ 


မနေ့က မြင်ဖူးခဲ့တဲ့ မီးခိုးရောင်ကို အချက်ပြမီးခိုးကို သတိရမိသွားသည်။ အနီရောင်အချက်ပြမီးခိုးက "အနားမကပ်နဲ့" ဆိုတဲ့ အဓိပ္ပာယ်ပင်။ ဖန့်ကျစ်က ဒါကို ပြောခဲ့သောကြောင့် ဒီနေရာမှာ တစ်ခုခုဖြစ်ခဲ့တယ် ဆိုတာ သေချာပါ၏။ ဒီအကြောင်းကို တွေးကြည့်လိုက်မိချိန် သူ့တစ်ကိုယ်လုံးမှာ ဆူးတွေ ​​ထောင်တက်လာသလို ခံစားလာရပြန်၏။ ဒီကလူတွေ ဘယ်မှာလဲ။ ဒီမှာ ဘာဖြစ်သွားတာလဲ။


မသက်မသာဖြစ်မှု ခံစားချက်က ထိန်းမနိုင်သိမ်းမရ အားကောင်းလာသည်။ အကယ်၍ လူက တက်ကြွနေတယ်ဆိုရင် ဒီကနေ ချက်ချင်းထွက်ပြီး အနီးနားက လုံခြုံတဲ့နေရာကို ရှာဖို့ ဆုံးဖြတ်ထားပေမယ့် အခုချိန်မှာတော့ အသက်က တစ်ဝက်နီးပါးပဲ ကျန်တော့သည်။ ဒီကနေ ထွက်သွားပြီး နောက်တစ်ခေါက် ခရီးကြမ်း မသွားချင်သေးပေ။ ဖန့်ကျစ်ရဲ့ အခြေအနေကလည်း သူသည် ချက်ချင်း စောင့်ရှောက်မှုခံယူရန် လိုအပ်နေပြီ။ 


ကုတင်အောက်ရှိ ကျောက်တုံးကြီးပေါ်ကနေ ဖက်တီးမှ ဆေးလိပ်တစ်လိပ်ကို တွေ့လိုက်သည်။ ဝူရှဲ့ ချက်ချင်း တစ်လိပ်ချန်ထားဖို့ မှာထားချင်ပေမယ့် သူလည်း အရမ်း ပင်ပန်းနေပြီ။ နှစ်ချက်​လောက် သောက်ပြီးနောက် သူ့စိတ်က အနည်းငယ် မာကျောလာသည်။ ဝူရှဲ့လည်း နည်းနည်း သောက်လိုက်သည်။ ဒီအချိန်မှာ ဆေးလိပ်က ဆေးဖက်ဝင်နေသလို ဖြည်းဖြည်းချင်း သက်သာရာရသွား၏။ 


ပြီးတော့ ဖန့်ကျစ်ကို တဲတစ်လုံးထဲ ထမ်းခေါ်သွားလိုက်သည်။ အထဲမှာ ကျောပိုးအိတ် နှစ်လုံးရှိတာကို မြင်လိုက်ရ၏။ ဤတဲမျိုးသည် အလွန်ကြီးမားပြီး တဲတစ်လုံးက အနည်းဆုံး လူလေးဦး အိပ်နိုင်သည်။ တဲတစ်ခု​လုံးပေါ်မှာတော့ တာပေါ်လင်တွေက အပျက်အစီးတွေ အများကြီး ရှိနေ၏။ 


လက်နှိပ်ဓာတ်မီးနှင့် နာရီကို တစ်ခုမှ ယူဆောင်မသွားပေ။ အထဲမှာ MP3 ပလေယာကိုပင် မြင်ခဲ့ရသော်လည်း မီးလုံးတစ်လုံးမျှ မတွေ့ခဲ့ရပေ။ အပြင်မှ မီးစက်ငယ်က မီးသီးလုံးတွေကို အားသွင်းဖို့လား။ ဒါက ဖြုန်းတီးလွန်းတယ် မဟုတ်ဘူးလား။ 


နောက်ဆုံးတော့ ဖန့်ကျစ်ရဲ့ ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေကို အကုန်ချွတ်ပြီး ကျန်နေတဲ့ မြက်မွှားတွေကို ဖယ်ပစ်လိုက်သည်။ ဖက်တီးကလည်း လူတစ်ယောက်ရဲ့ ကျောပိုးအိတ်ကို ဖြတ်သွားရင်း ကောက်ယူလာရာ အထဲမှာ ဆေးသေတ္တာသေးသေးလေးကို တွေ့လိုက်ရသည်။ 


ဖက်တီးသည် ကိုယ်ထဲက အဆိပ်တွေ သက်သာသွားအောက် အရက်နည်းနည်း သောက်လိုက်သည်။ ထို့နောက် ဖန့်ကျစ်ကို ပိုးသတ်ဆေး ထိုးပေးကာ စခန်းထဲက တဲတွေကို တစ်ယောက်ပြီး တစ်ယောက် လိုက်ကြည့်ရင်း ဆေးထိုးအပ်နဲ့ ချည်သေတ္တာကို တွေ့တော့ ဖန့်ကျစ်ခန္ဓာကိုယ်က ဒဏ်ရာနက်တွေကို ချုပ်ပေးရလေသည်။


ဖန့်ကျစ် နိုးလာသော်လည်း မှိန်းနေခဲ့သည်။ သူ သတိရှိမရှိ မသေချာပေ။ ဖက်တီး ဆေးထိုးလိုက်သောအခါတွင် သူ့မျက်နှာသည် သိသိသာသာ တွန့်သွားသော်လည်း အလွန်အကျွံ ရုန်းကန် တုံ့ပြန်မှုမျိုး မရှိလာခဲ့ပါဘူး။ 


ဖက်တီးက ဒဏ်ရာကို သပ်သပ်ရပ်ရပ်နဲ့ ချုပ်ထားတာကို မြင်တော့ ဝူရှဲ့မှာ အံ့သြသွားလေသည်။ 


"မင်းအရင်က ဘာလုပ်ခဲ့တာလဲ ဒီပညာကိုလည်း မင်းသိတယ်လား "


"တောင်ပေါ်က ကျေးလက်ကို သွားတဲ့လူတွေက ချယ်လှယ်လို့မရဘူး ဆိုတာကို မင်းအမြဲမေ့နေတတ်တာပဲ.... ငါပြောခဲ့သားပဲ သူတို့မှာ ရိုက်ပုတ်ဖို့ အဖေနဲ့ အမေ မရှိဘူး.... ဒါကြောင့် သူတို့ဘာသာသူတို့ ဂရုစိုက်ရတယ်....ဒါပေမဲ့ ငါ ဒီလူ့အရေပြားကို ချုပ်လိုက်တာက ဒါပထမဆုံးအကြိမ်ပဲ.....မဟုတ်ရင်တောင် ဒီကောင်တော့လစ်ပြီ"


သူ နောက်ပြောင်နေမှန်း သိတာကြောင့် ရယ်စရာမဟုတ်ကြောင်း ပြသဖို့ အကြိမ်အနည်းငယ် ရယ်ပေးလိုက်ပါသည်။ 


ဖန့်ကျစ်ကိုကြည့်ရင်း ဒီစပါးအုံးမြွေကြီးဟာ အစွမ်းထက်ပေမယ့် ကံကောင်းထောက်မစွာနဲ့ သွားတွေက တိုနေတာကြောင့် ဖန့်ကျစ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို မထိသွားခဲ့ပေ။ သွေးတွေ အများကြီး ဆုံးရှုံးသွားတာကြောင့် ပြန်ကောင်းဖို့တော့ မလွယ်လောက်ချေ။ 


ဖက်တီးနဲ့ ဝူရှဲ့သည် သူ့တစ်ကိုယ်လုံးမှာရှိတဲ့ အမာရွတ်တွေကို ကြည့်ကာ သူ့အမာရွတ်တွေရဲ့ မူလဇစ်မြစ်ကို ရုတ်တရက် သတိရသွားကြသည်။ သူ မြေပြင်ပေါ်ကို ရောက်တိုင်း သေခြင်းတရားထဲက ကျဉ်းကျဉ်းလေး လွတ်သွားတတ်တာ အံ့သြစရာ ကောင်းလှပေသည်။ 


ဒါပေမဲ့ ဒီနည်းလမ်းကြောင့် သူ ဒဏ်ရာအပြင်းအထန် ရသွားပေမယ့် အချိန်တိုင်း အသက်ရှင်နေနိုင်လို့ ဖြစ်နိုင်တယ်လို့ ဝူရှဲ့ ကိုယ့်ကိုယ်ကို တွေးနေမိသည်။ 


ဖက်တီးက "ဒါကို ကိုယ့်ကိုကိုယ် ဖျက်လိုဖျက်ဆီး လုပ်တတ်တဲ့ စိတ်လို့ ခေါ်တယ်.... အဲဒီစိတ်မျိုးကို ငါ ကောင်းကောင်းသိတယ်... ငါ့မှာ အရင်က စစ်မြေပြင်မှာ အခင်ဆုံးသူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးတယ် သူ့အဖွဲ့ထဲက လူတိုင်းဆို စိတ်ဆင်းရဲစွာနဲ့ သေကုန်ကြတယ်။ သူလည်း အငြိမ်းစားယူပြီးမှ ပြန်ကောင်းလာတယ် အဲဒီအချိန်က သူဘာလို့ သေသွားရတာလဲလို့ ငါအမြဲတမ်း တွေးနေမိတာ... သူရင်ဆိုင်ရတဲ့ အရာတွေက အန္တရာယ်များတယ် ဒါကြောင့် သူ့ကိုယ်သူ သတ်သေဖို့ အခွင့်ကောင်းတစ်ခု ရှာချင်နေခဲ့တာ... မဟုတ်ရင် ဟူး.... သူဘာမှ မလုပ်လောက်ဘူး"


ဝူရှဲ့မှာတော့ ဒီလောက်လေးနက်တဲ့ အတွေ့အကြုံ မရှိပေ။ ဖက်တီး ပြောတာကို နားမလည်နိုင်ပေမယ့် သူ့လက်တွေ နည်းနည်းတုန်နေတာကို မြင်လိုက်ရတော့ စကားပြောတာကို ရပ်လိုက်ပြီး စက်ချုပ်ဖို့ အာရုံစိုက်ခိုင်းလိုက်သည်။


သူတို့နှစ်ယောက် ဒဏ်ရာကို ချုပ်ဖို့ တစ်နာရီနီးပါး အချိန်ယူခဲ့ရပြီး ဖန့်ကျစ်ရဲ့ ဒဏ်ရာကို ပိုးသတ်လိုက်ကြပြီးနောက် ဖန့်ကျစ်လည်း အိပ်ပျော်သွားပါတော့သည်။ တဲထဲက ထွက်လာပြီးနောက် နှစ်ယောက်သား ထိုင်ပြီး အနားယူနေချိန် ဖက်တီးက ပတ်ဝန်းကျင်ကို ချက်ချင်း လှည့်ကြည့်ရင်း။ 


“ဒီမှာ တစ်ခုခုတော့ မှားနေပြီလို့ ထင်တယ် ငါတို့ ဒီမှာ အချိန်ကြာကြာ နေလို့တော့ မဖြစ်ဘူး"


ဝူရှဲ့လည်း ခေါင်းတညိတ်ညိတ်နဲ့ မတ်တပ်ရပ်ချင်ပေမယ့် လှုပ်လိုက်တာနဲ့ လမ်းမလျှောက်နိုင်တော့ပေ။ သူ့အမိန့်ကို နာခံနိုင်တဲ့ ကြွက်သားတွေ သူ့ခန္ဓာကိုယ်မှာ မရှိဘူးဆိုတာ သိလိုက်ရတယ်။ ဖက်တီးလည်း နှစ်ကြိမ်သာ လှုပ်၍ လမ်းမလျှောက်နိုင်တော့ရာ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရှိုက်ကြီးတငင် ပြုံးပြရင်း သက်ပြင်းချလိုက်ကြသည်။


ရိုးရိုးသားသား ပြောရရင် အခုအချိန်မှာ အရေးပေါ် ကိစ္စတွေရှိနေတယ် ဆိုရင်တောင် မခံမရပ်နိုင်ဖြစ်မှာကို ကြောက်ရသည်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ပင်ပန်းနွမ်းနယ်မှုတွေက ကန့်သတ်ချက်ကို ကျော်လွန်နေပြီမလို့ ဘာပဲလုပ်ချင်နေပါစေ လုံးဝ အသုံးမဝင်ပါဘူး။


ဝူရှဲ့ မလှုပ်တာကိုမြင်တော့ ဖက်တီးက ခါးသက်စွာ ပြုံးလိုက်သည်။ အခု တောထဲပြန်သွားလို့ မလုံခြုံတော့ဘူး၊ စိုစွတ်ပြီး အေးတဲ့အရပ်မှာ အသတ်ခံရတာထက် သူ ဒီမှာပဲ အသေခံချင်နေတယ်လို့ ဆိုလေသည်။ ဤ MP3ဖြင့် မြွေကိုက်ခံရခြင်းသည် တိုက်ပွဲကမ္ဘာတွင် ကျော်ကြားသူ ဖြစ်သွားနိုင်သည်။


ဒါက ဟာသဆိုပေမယ့် ဝူရှဲ့ နည်းနည်းလေးတော့ ခေါင်းညိတ်ပြခဲ့ပါသည်။ အရင်က ဒီလို ပင်ပန်းမှုမျိုး အကြိမ်ပေါင်းများစွာ ကြုံဖူးပေမယ့် ဒီအချိန်က အရမ်းပြင်းထန်လှသည်။ အဓိကကတော့ ဒီကို မဝင်ခင်မှာ အချိန်တွေ အများကြီး ကုန်ခဲ့ရတာပါအ၏ပဲ။ ချောက်ထဲကို မဝင်ခင်မှာလည်း ခွန်အားတွေ အများကြီး သုံးခဲ့ရသည်။ 


ခရီးရှည်ကြီး တစ်ခုပြီးသွားတော့မှ ဒီခရီးကို စတွေ့လိုက်ရတဲ့ ခံစားချက်က လူတွေကို အလွန်အမင်း စိတ်ပျက်သွားစေ၏။ ​​ဒါပေမဲ့ ပိုကြောက်စရာ ကောင်းတာက သူသာ ရှင်သန်နိုင်ရင် အပြန်ခရီးကလည်း တကယ့်စမ်းသပ်မှုပဲ ဆိုတာ သိလိုက်တာပါပဲ။ အကယ်၍ အားနင်ရဲ့ စကားပြောစက်သာ အမှန်တကယ် ရှိခဲ့ပါက အဆင်ပြေနိုင်ပေမယ့် အခုတော့ သူတို့အတွက် မရနိုင်တော့ပေ။ ဒါကဆိုရင် သူ့အတွက် နောက်ဆက်တွဲဖြစ်လာမယ့် အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်လာလိမ့်မယ်။


ဝူရှဲ့မှာ ဒီအကြောင်းတွေကို တွေးကြည့်ရင်း ခေါင်းကိုက်သလို ဖြစ်လာတာကြောင့် အဲဒါတွေကို မတွေးချင်တော့ပါဘူး။


ခဏလောက် အနားယူပြီး လက်ဖက်ရည်သောက်၊ အစာခြောက်စားပြီး ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေကို ချွတ်လိုက်သည်။ ဘောင်းဘီက ခြေထောက်ထက် ပိုကြီးတဲ့ အပေါက်တွေဆို ဝတ်လို့မရ ချွန်လို့မရ ဖြစ်နေရာ ချန်ထားဖို့ကလွဲပြီး ရွေးချယ်စရာ မရှိလို့ ကြုံသလိုပဲ နေလိုက်ရသည်။ 


နေလောင်ထားတဲ့ အဝတ်အစားတွေ ဝတ်ပြီး ခြေထောက်တွေကို ကြည့်လိုက်တော့ ဆူးတွေကို ပွတ်ဆွဲထားရတာကြောင့် အရေပြားဒဏ်ရာတွေ ရသွားတာကို တွေ့လိုက်ရ၏။ သို့သော် ကူးစက်မှုအန္တရာယ်တော့ မရှိပါဘူး။


ရွံရှာစရာကောင်းတာက ခြေထောက်တွေရှေ့မှာ မြက်မွှားတွေက မရှိ​​​နေဘဲ ဒူးစွပ်တွေ​​အောက်မှာ သွေးတွေ ပြည့်နှက်နေပြီး သွေးတွေကို အားရပါးရ စုပ်နေကြလေသည်။ ဖက်တီးက မြက်မွှားတွေအားလုံးကို သတ်ဖို့ အထူး​ဆေးရည် တစ်မျိုးကို ဖြန်းနေ၏။ ၎င်းတို့ ပြုတ်ကျသွားတဲ့အခါ တခြားအကောင်တွေကိုပါ ဆွဲဆောင်နိုင်တယ်လို့ ဆိုရင်း အားလုံးကို မီးဖိုထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်ပေသည်။ 


ကိုယ့်သွေးနဲ့ မီးရှို့ ချက်ထားတဲ့ လက်ဖက်ခြောက်ကို သောက်ပြီး ခြေထောက်နဲ့ တခြားနေရာက ဒဏ်ရာတွေကို ဆေးကြောလိုက်သည်။ ထုံကျင်နေတဲ့ ကြွက်သားတွေက နာကျင်ခြင်း၊ အားနည်းခြင်း၊ ယားယံခြင်းတွေကို စတင် ခံစားလာရပြီး မတ်တပ်တောင် မထနိုင်တော့ပေ။ ခြေဖဝါးနဲ့သာ လှုပ်ရှားဖို့ လုပ်ဆောင်နိုင်၏။ 


မနေ့ညက သူတစ်ယောက်တည်း ခဏလောက်အထိ အိပ်နေခဲ့သည်။ အခု သည်းမခံနိုင်လောက်အောင် အိပ်ငိုက်နေပေမယ့် ဖက်တီးကိုပဲ ကျောက်တုံးပေါ်ကို မှီပြီး ခဏလောက် အိပ်ခိုင်းလိုက်သည်။ 


ထိုအချိန်တွင် နေရောင် ထွန်းလင်းနေပြီး အပျက်အစီး တစ်ခုလုံးက သူတို့ရှေ့တွင် ရှင်းရှင်းလင်းလင်း ပေါ်လွင်လာသည်။ ပတ်၀န်းကျင်တွင် လေတိုက်သံကလည်း တိတ်ဆိတ်နေကာ ချိုင့်ဝှမ်းတစ်ခုလုံး ဆူညံနေလိမ့်ဦးမည်ဟု မျှော်လင့်ထားသည်။ 


ဝူရှဲ့လည်း ဖက်တီးတော့ အိပ်ပျော်မှာ မဟုတ်ဘူးလို့ ထင်ပေမယ့် တစ်စက္ကန့်တောင် မကြာလိုက် ကျောက်တုံးပေါ် မှီပြီး မိုးခြိမ်းသံကို ထုတ်လုပ်နေချေပြီ။ ဒါကြောင့် ဝူရှဲ့လည်း စီးကရက်ကိုထုတ်၍ ပါးစပ်ထဲ တေ့ထားလိုက်သည်။ 


ဝူရှဲ့မှာ သူ့စီးကရက်ကို ယူလိုက်ပြီး ဒေါသတကြီး ပြုံးကာ ခေါင်းခါယမ်းရင်း သူ့ကိုယ်သူလည်း အိပ်ပျော်လုနီးနေပြီဟု ခံစားလိုက်ရသည်။ ချက်ချင်း အိပ်ပျော်မသွားစေရန် အစွမ်းကုန် ကြိုးစားသော်လည်း မဖြစ်ချေ။ လူက အလွန်အမင်း အိပ်ငိုက်နေရာ ငြိမ်ငြိမ်လေးပဲ ထိုင်နေလိုက်သည်။


မနက်မိုးလင်းတော့ နေရောင်က အဆိပ်ပြင်းလာခဲ့ပြီ။ ကျောပိုးအိတ်ကို စတင်ထုပ်ပိုးဖို့ ကိုယ့်ကိုကိုယ် အတင်းတွန်းအားပေးရင်းနဲ့ အသက်ပြင်းပြင်းရှူပြီး မိုးကာထဲမှာ ပုန်းနေလိုက်သည်။ ထိုအချိန်တွင် ပိုးအိတ်၏ အတွင်းဘက် နက်နက်ရှိုင်းရှိုင်း နေရာ၌ ထိုးထည့်ထားသော ဝမ်ကျင်း၏ မှတ်စုစာအုပ်ကို မြင်လိုက်ရသည်။


ဒီလို ပြင်းထန်တဲ့ခရီးမှာ ဒီတန်ဖိုးကြီးတဲ့ မှတ်စု ပျက်စီးသွားမှာကို ကြောက်တာကြောင့် အတွင်းထဲအထိ ထိုးထည့်ခဲ့သည်။ ချောက်ထဲကို ဝင်သွားပြီးနောက်မှာ သူ့ခမျာ အစီအစဉ်တွေရဲ့ အပြောင်းအလဲတွေ လိုက်မမီနိုင်တော့အောင် ကြုံခဲ့ရသည်။ ဒါကို သေသေချာချာ ပြန်ကြည့်လိုက်တော့ ဒီမှတ်စုမှာ ပါတဲ့ အကြောင်းအရာက အခြေခံအားဖြင့် အများကြီး အထောက်အကူ မဖြစ်ဘူးလို့ ခံစားလာရတော့သည်။ 


ဝမ်းကျင်သည် လွန်ခဲ့သော နှစ်အနည်းငယ်က ဤရှေးဟောင်းမြို့ သမိုင်းအတွက် သုသေသန လုပ်ခဲ့တာ အချိန်တို​တောင်း လွန်းသော်လည်း ဤနေရာတွင်ရှိ သစ်ပင်များအတွက်က ရှည်လျားလှ၏။ ဆယ်နှစ် သို့မဟုတ် အနှစ်၂၀ ဆိုတာဟာ သစ်ပင်များ ကြီးကြီးမားမား ရှင်သန်ကြီးထွားရန် လုံလောက်ပါသည်။ 


“ဒီမှာ မြွေတွေ အများကြီးရှိတယ်” လို့ ဝမ်းကျင်က ရေးခဲ့ပါသည်။ သူမ မလိမ်ခဲ့ပါ။ ဒါပေမဲ့ ဝမ်းကျင်ရဲ့ အရေးအသားက ရိုးရှင်းလွန်းတယ်လို့ ထင်ပါ၏။ ဒီမြွေတွေအကြောင်း ရေးစရာတွေ အရမ်းများနေပေမယ့် သူမက တိုတိုတုတ်တုတ်သာ ရေးခဲ့သည်။ 


သူမက မိုးသစ်တောကို ဖြတ်ပြီး သူတို့ရဲ့ခရီးတွေ အများကြီးကို မှတ်သားထားသည်။ အဲဒါပြီးရင် သူတို့ကို ကူညီပေးနိုင်မယ့် အရာတွေ ရှိမရှိဆိုတာကို သိဖို့ ပြန်ဖတ်ရင်း သူ့စိတ်တွေက ရုန်းရင်းဆန်ခတ်ဖြင့် ဒီကနေ ဘယ်လိုရုန်းထွက်ရမလဲ စဉ်းစားနေခဲ့သည်။ ဝူရှဲ့ မှတ်စုများကို ယူကာ နောက်ဆုံးအပိုင်းသို့ လှည့်ကြည့်လိုက်သည်။


ဒါပေမဲ့ ပင်ပန်းလွန်းလို့ မျက်လုံးတွေက မှုန်ဝေဝါးနေခဲ့ပြီ။ မျက်လုံးကြောင်သွားအောင် မျက်လုံးပေါ် ရေလောင်းချလိုက်သည်။ စာမျက်နှာ အနည်းငယ် လှန်ပြီးတဲ့နောက် သည်းမခံနိုင်တော့ပေ။ စာဖတ်ရတာက အိပ်ပျော်အောင် ညှို့ယူနေသလို ခံစားရ၏။ ဒါကြောင့် မှတ်စုတွေကို ချရေးပြီး စိတ်တွေကို လွတ်လပ်နေအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် အမြင်အာရုံရ တရွေ့ရွေ့နဲ့ မှုန်ဝါးလာသည်။ 


ဝူရှဲ့ အိပ်ပျော်ခါနီးမှာ ဖန့်ကျစ်ကို "တတိယသခင်လေး" လို့ ခေါ်နေပုံရတဲ့ နွမ်းလျတဲ့အသံကို ကြားလိုက်ရသည်။ 


ဖန့်ကျစ် တစ်ခုခုလိုနေတယ်လို့ ထင်တာကြောင့် လန့်နိုးလာ၏။ မျက်လုံးတွေကို ပွတ်သပ်ပြီး နာကျင်စွာနဲ့ ထရပ်လိုက်တော့ ပတ်ဝန်းကျင်က အရမ်းတိတ်ဆိတ်နေပြီး အသံ ထပ်မထွက်တာကို တွေ့လိုက်ရသည်။


ကြောက်မက်ဖွယ် ကောင်းသည်ဟု စိတ်ထဲတွင်တွေးကာ ပင်ပန်းနွမ်းနယ်မှုကြောင့် ဂယောင်ချောက်ချား အသံများကို ကြားရတာ ဖြစ်မည်ဟု ထင်မိသည်။ ချက်ချင်းဆိုသလိုပင် သူ့ပုခုံးများကို ပွတ်သပ်လိုက်မိသော်လည်း ရုတ်တရက် စခန်းနက်ကြီးထဲမှ ရယ်မောသံ သို့မဟုတ် ညည်းညူနေပုံရသော အလွန်နူးညံ့သော အသံကို ကြားလိုက်ရသည်။


ဝူရှဲ့မှာ သူတို့ပြန်လာပြီ ထင်ကာ အရမ်းစိတ်လှုပ်ရှားသွားခဲ့သည်။ ဝူရှဲ့ ချက်ချင်း ပြေးထွက်လာပေမယ့် အထဲမှာ ဘယ်သူမှ မတွေ့လိုက်ရပေ။ အဲဒီနောက် တဲကြီးတွေကြားထဲ လျှောက်သွားပေမယ့် ဘယ်သူ့ကို​မှ မတွေ့ရချေ။ 


ထူးဆန်းတယ်လို့ ခံစားရသလို ခေါင်းကလည်း ထိုးကိုက်လာသည်။ သူ့ပတ်ဝန်းကျင် တိတ်ဆိတ်မှုက သူ့နှလုံးသံလည်း ရပ်သွား၏။ အဲ့ဒီမှာ ခဏလောက်ရပ်ပြီးတဲ့နောက် ဘာမှမဖြစ်သလို ပြန်လှည့်လာခဲ့သည်။ ထို့နောက် နဂိုနေရာမှာ ပြန်ထိုင်လိုက်ရင်း အသက်ပြင်းပြင်း ရှူကာ စီးကရက်ကို မီးညှိလိုက်သည်။ ဆေးလိပ် သောက်လိုက်ရင်တော့ စိတ်ထဲမှာ မေ့သွားနိုင်ပါရဲ့။ 


ဒါပေမဲ့ အဲဒီအချိန်မှာပဲ သူရှေ့မှာ ရွှံ့ခြေရာပေါင်းများစွာကို တွေ့လိုက်ရသည်။ ၎င်းက ခပ်လှမ်းလှမ်းကနေ သူ ထိုင်နေတဲ့နေရာအထိ လှမ်းထားတာကို မြင်နေရ၏။ ဒါက သေချာပေါက် အစောတုန်းက မရှိခဲ့တဲ့ ခြေရာတွေပင်။ 


ဝူရှဲ့ သတိရှိလာပြီး စာရွက်စာတမ်းတွေ ချထားတဲ့ ကျောက်တုံးကြီးပေါ်မှာ ရွှံ့တွေ အများကြီးကို တွေ့လိုက်ရသည်။ အဲဒီအခိုက် သူတင်ထားတဲ့ ဝမ်းကျင်မှတ်စုရဲ့ အနေအထားဟာ ပြောင်းလဲသွားပြီး ရွှံ့တွေနဲ့ စွန်းထင်းနေတာကို တွေ့လိုက်ရပါ၏။


ဝူရှဲ့ခမျာ တခဏချင်းမှာပဲ အိပ်ငိုက်တာ ပျောက်သွားပြီး ချက်ချင်း ထရပ်လိုက်သည်။


ဘယ်သူလုပ်တာလဲ။ ရွှံ့ခြေရာတွေနဲ့ ဆိုတော့ ဝမ်ကျင်းဖြစ်နိုင်လား။ ဒီလူက သူ့မှတ်စုတွေကို မြင်ပြီး လှန်ကြည့်နေတာလား။ ဒါမှမဟုတ် အားနင်လို့ထင်ရတဲ့ ဘီလူးတစ်ကောင်လား။


ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ဘယ်သူမှ မရှိပေ။ ဒါကြောင့် ခြေရာတွေအတိုင့း ရှာကြည့်တော့ ခြေရာတွေက ဖန့်ကျစ်ရဲ့ တဲထဲကို ရောက်သွားတာ တွေ့လိုက်ရသည်။ ဝူရှဲ့လည်း စိတ်တွေ နိုးထလာပြီး ချက်ချင်းပဲ ကျောက်တုံးတစ်တုံးကို ကောက်ယူကာ ဖက်တီးကို သွားနှိုးလိုက်တယ်။


ဖက်တီးဆိုတဲ့လူကို နှိုးဖို့က မလွယ်ဘူးပေ။ သူ ကြိမ်ဖန်များစွာ လှုပ်ခါပြီး တုံ့ပြန်သံတွေ သိပ်မထွက်လာရာ အံကြိတ်ကာ တဲဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။


တဲတစ်ဝက်လောက်က အပင်အောက်မှာ ပုန်းနေပြီး အဲဒီအနားကို လှမ်းကြည့်လိုက်တော့ တဲရဲ့ နိုင်လွန် ကန့်လန့်ကာပေါ်မှာ ရွှံ့ဗွက်တွေကို တွေ့လိုက်ရတော့ ဝူရှဲ့ခမျာ တံတွေးကို ချက်ချင်း မျိုချလိုက်မိသည်။ 


အသက်ပြင်းပြင်းရှူရင်း တံခါးကန့်လန့်ကာကိုဖွင့်ပြီး အထဲကို ပြေးဝင်လာခဲ့၏။ အဲဒီလူသာ သူ့ဆီ ပြေးလာရင် သူကလည်း ထိုလူကို ကျောက်ခဲနဲ့ ထုရိုက်ပစ်မှာပင်။


ဒီအချိန်မှာ ကျောက်တုံးက သိပ်မသင့်တော်ဘူးလို့ ရုတ်တရက် ခံစားလိုက်ရပေမယ့် နောက်တစ်ခု ထပ်ရှာဖို့ အချိန်မရှိတော့ချေ။ အသက်ပြင်းပြင်းရှူရင်း အံကိုကြိတ်ကာ တဲထဲသို့ ဝင်လိုက်သော် သေချာတာကတော့ ဖန့်ကျစ်ရှေ့မှာ ရွှံ့တွေဖုံးနေတဲ့ လူတစ်ယောက်ကို ရုတ်တရက် တွေ့လိုက်ရ၏။ 


ရွှံ့တွေနဲ့ ဖုံးနေတဲ့ မျက်နှာပေါ်မှာ ရင်းနှီးတဲ့ မျက်လုံးတစ်စုံကို တွေ့လိုက်ရတော့ ဝူရှဲ့တစ်ယောက် လန့်ပြီး ထခုန်မိသွားသည်။ ထိုလူက မျက်နှာသေပင်။