ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
Chapter (37)
တတိယည- သူလျှိုလိုလုပ်နေသူ
ပတ်ဝန်းကျင်မှာ အလင်းရောင် မရှိလို့ အကိုင်းအခက်တွေထဲမှာ ပိတ်ထားတဲ့ နေရာကို သေသေချာချာ မမြင်ရချေ။ မိုင်းတွင်းမီးအိမ်ရဲ့ မှိန်ပြနေတဲ့ ဒီလိုအလင်းတန်းတွေ အောက်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ မြင်ဖို့ခက်ပါသည်။ ဝူရှဲ့ခမျာ တုံ့ပြန်ဖို့ မေ့သွားတာကြောင့် တစ်ဖက်လူကို တိုက်ရိုက်ပဲ စိုက်ကြည့်နေလိုက်သည်။
တစ်ယောက်နဲ့ တစ်ယောက် စက္ကန့်အနည်းငယ်လောက် ကြည့်ပြီးနောက်မှာ ဝူရှဲ့ မူမမှန်တော့ဘူး ဆိုတာ သိလိုက်သည်။ သွေးလို နီရဲနေတဲ့ မျက်လုံးတွေဟာ သာမန်သွေးထွက်သံယို ဖြစ်ထားတာတွေနဲ့ ပြည့်နှက်နေပုံ မပေါ်ပေ။ တကယ်တမ်းတော့ “သွေး” နဲ့ အနီရောင် ဆိုးထားတဲ့ မျက်လုံးအိမ်ထဲက သွေးတွေတောင် စိမ့်ထွက်လာသေးသည်။ ဝူရှဲ့ခမျာ မျက်လုံးတွေ လုံးဝ မမှိတ်နိုင်ဘဲ တောင့်တင်းသွားတော့သည်။
သက်ရှိသတ္တဝါသည် မလှုပ်မယှက် ဖြစ်နိုင်သော်လည်း မျက်တောင် မခတ်နိုင်တာကတော့ ဤအရာသည် သာမာန်သဘောမျိုး မဖြစ်နိုင်တော့ချေ။ သို့နှင့် ဝူရှဲ့လည်း ချက်ချင်းပင် သံသယဝင်လာခဲ့သည်။
သူ့ခန္ဓာကိုယ်ကို လှည့်ပတ် ကြည့်ပြီးနောက် မီးချောင်း အနည်းငယ်ကို ထုတ်ကာ ရေစိုကျူတံကို ဝက်အူဖြုတ်၍ လေးထောင့်အပေါက်ထဲသို့ ဂရုတစိုက် ထိုးထည့်လိုက်သည်။ မီးတုတ်ချောင်းကြောင့် အပေါက်နားကို နီးကပ်လာသည်နှင့်အမျှ အတွင်းပိုင်း အခြေအနေကို မြင်လိုက်ရသည်။ တစ်ချိန်တည်းမှာပဲ ဝူရှဲ့တစ်ယောက် တစ်ကိုယ်လုံး ပေါက်ကွဲသွားကာ နဖူးမှ ခြေဖျားအထိ အေးစက်သွားသည်။
သူ့မျက်လုံးတွေကို ဖမ်းစားလိုက်တာကတော့ နီရဲပြီး ထူးဆန်းတဲ့ မျက်နှာတစ်ခုဖြစ်သည်။ ၎င်းရဲ့ မေးစေ့က ပျောက်သွားတဲ့အပြင် သူ့မျက်နှာအောက်ပိုင်းကလည်း အမည် မသိတဲ့ အရာတစ်ခုကြောင့် စုတ်ပြဲသွားပါပြီ။ အသားနှင့် သွေးများဖြင့် ရှုပ်ပွနေကာ လျှာတစ်ခုလုံးသည် လည်ချောင်းမှ တိုက်ရိုက် ထွက်ကျလာလေ၏။
ဒီလူကိုကြည့်ရင်း ဝူရှဲ့ခမျာ ရုတ်တရက် အန်ချင်သလို ခံစားလာရသည်။ သူ့လျှာက မြွေတစ်ကောင်လို ထွက်ကျနေတာကြောင့် ဝူရှဲ့နှလုံးသားထဲအထိ အေးစက်သွားသလို ခံစားလိုက်ရသည်။
ဒီလူရဲ့ ဆံပင်ပုံစံနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ကြည့်ပြီး ဦးလေးသုံးရဲ့ လူလို့ ကောက်ချက်ချနိုင်၏။ သူ သေထားတာကြာပြီ ဖြစ်တဲ့အပြင် အကိုင်းအခက်တွေထဲမှာ နစ်မြုပ်နေခဲ့တာ ထင်ရှားပါ၏။ ဒီကောင်က လူသေဆိုရင် အခုနတုန်းက သူ့ကို ဘယ်သူခေါ်တာလဲ။
အဲဒီအချိန်မှာ အလောင်းကို ချက်ချင်း ပြန်ကြည့်လိုက်တော့ မီးက ငြိမ်းသွားပြီမလို့ ရက်စက်တဲ့မျက်နှာက အမှောင်ထဲမှာ ပျောက်ကွယ်သွားပြန်သည်။ ဒီသွေးနီရောင် မျက်လုံးတွေက သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေတာကိုပဲ မြင်ခဲ့ရသည်။ ဝူရှဲ့တစ်ကိုယ်လုံး ကြက်သီးတဖျင်းဖျင်း ထလာသည်။ ဟိုဟိုဒီဒီ ကြည့်လိုက်တော့လည်း မည်းမှောင်နေတဲ့ ရေကန်ကြီးတစ်ဝိုက်မှာ ဘယ်သူမှ မရှိနေချေ။
အေးစက်စက် ချွေးတွေက မြေပြင်ပေါ် ကျဆင်းလာခဲ့သည်။ လည်ပင်းက နည်းနည်း တောင့်တင်းလာပြီး ဒီမှာ တစ်ခုခုတော့ ထူးထူးခြားခြား ဖြစ်လာတော့မယ် ဆိုတာ သိလိုက်သည်။ သူဒီမှာ ဆက်နေလို့ မဖြစ်တော့ပေ။ ဘာပဲဖြစ်ဖြစ် ဖက်တီးကို ခေါ်ပြီး အမြန်ထွက်သွားရမည်။
ဝူရှဲ့ အသက်ပြင်းပြင်းရှူပြီး နောက်ပြန် တွားသွားကာ ခါးပတ်လည်တွင် ကျန်နေသော ခိုင်ခံ့သော နွယ်ပင်များကိုလည်း ဖြည်လိုက်သည်။ ခါးက နွယ်ကြိုးတွေကို ပြေသွားတဲ့အခါ ဖက်တီးလက်ကို ဆုပ်ကိုင်ကာ ဆွဲတင်လိုက်သည်။
ဖက်တီးရဲ့ ခန္ဓာကိုယ်က လေးလံပြီး သူ့အဝတ်အစားတွေကို ခဲအလေးလို ဖြစ်အောင် လုပ်ထားတော့ မနည်းကို ထိန်းနေရသည်။ ဝူရှဲ့မှာ သူ့မှာ ခွန်အားပိစိလေးပဲ ရှိတော့ နည်းနည်းလေးဆွဲပြီးတာနဲ့ သူကိုယ်တိုင်လည်း လှုပ်လို့မရတော့သလို ဖက်တီးလည်း အောက်ကို ပြန်ကျလုနီးပါး ဖြစ်သွား၏။
လက်နဲ့ဆွဲနေတာက နည်းလမ်းကောင်း မဟုတ်ဘူး ဆိုတာကို ချက်ချင်း သိလိုက်သည်။ ဟိုဟိုဒီဒီ လျှောက်ကြည့်လိုက်တော့ ဖက်တီးဟာ သူလုပ်ထားတဲ့ နွယ်အိပ်ယာပေါ် ရှိနေတုန်းပဲဆိုတာ မြင်ရတော့ ဝူရှဲ့ သူ့ကိုယ်ပေါ်က နွယ်ပင်တွေကို မိမိကိုယ်ပေါ် တွဲချည်လိုက်သည်။
သူ့အား သစ်သားတုတ်ဖြင့် ချည်နှောင်ထားကာ ထမ်းစင်လက်ကိုင်နှင့် ဆင်တူသည့် အရာတစ်ခုကို သူ၏လက်မောင်း တစ်ဖက်၌ ချည်နှောင်လိုက်လေသည်။ ဒါက ဖက်တွးကို ဆွဲတင်ဖို့ ဝူရှဲ့အနေနဲ့ သူ့အလေးချိန်နဲ့ ခွန်အားကို တစ်ဆက်တည်း အသုံးပြုနိုင်သည်။
အဲဒီတုန်းက ဗိသုကာပညာမှာ သုံးဂနိုမက်ထရစ်မက္ကင်းတဲ့ စက်ပြင်ဆရာက တုတ်နဲ့ကြိုး အသုံးပြုနည်းကို သင်ပေးခဲ့ဖူးသည်။ စက်မှုနှင့် မြို့ပြအင်ဂျင်နီယာ ကောလိပ်များတွင်လည်း ဤကဲ့သို့သော သင်တန်းတစ်ခု ရှိသည်။
သူ့ရဲ့အလေးချိန်နဲ့ ပေါင်းပြီး နွယ်ပင်ကို ဖြည်းဖြည်းချင်းဆွဲကာ ရေထဲက ဖက်တီးကိုလည်း ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ ဒါပေမဲ့ ဒီအချိန်မှာ သူ့ခါးတစ်ဝိုက်က နွယ်ပင်တွေက သူကို နဂိုကတည်းက ချည်နှောင်ထားသလို တင်းကြပ်သွားသည်။
ထိုစဥ် ပိုထူတဲ့ ကျောက်ကွက်လပ် တစ်ခုကို ဝူရှဲ့ တွေ့လိုက်သည်။ ဒါနဲ့ အဲ့ထဲကို ဝင်သွားဖို့ သူ့လက်ထဲက သစ်သားချောင်းကို လှမ်းချိတ်ပြီး သူကိုယ်တိုင် အရင်တက်သွားလိုက်သည်။ ထို့နောက် ဖက်တီးကို ရေထဲက ဆွဲထုတ်၍ ဖက်တီးခြေထောက်များကို မြှောက်ပြီးမှသာ လူလည်း ခြေကုန်လက်ပန်း ကျသွားလေ၏။
ဘေးကင်းသော နေရာသို့ ရောက်ပြီးနောက် အကိုင်းအခက်များ ကြားတွင် ထူးထူးခြားခြားဘာမျှမရှိတာကို မြင်ပြီးနောက် သူ့ခန္ဓာကိုယ်မှ နွယ်ပင်များကို ဖြည်ထုတ်လိုက်သည်။ ထို့နောက် ဖက်တီး အသက်ရှူနိုင်အောင် သူ့ရင်ဘက်ကို လက်ဝါးဖြင့် ဖိပေးလိုက်သည်။
ဝူရှဲ့၌ အရေးပေါ် ကုသနည်းအတွက် ပရော်ဖက်ရှင်နယ့ လေ့ကျင့်မှု မရရှိခဲ့ပါဘူး။ သူ့လုပ်ဆောင်ချက်တွေ အားလုံးဟာ တီဗီစီးရီးထဲက တွေ့ဖူးတဲ့ လုပ်ဆောင်ချက်တွေသာ။ နှလုံးခုန်ရပ်သွားပါက အချိန်ကန့်သတ်ချက်က 8 မိနစ်ဖြစ်ပြီး အဲဒီ 8 မိနစ်အတွင်း အသက်ပြန်ရှင်နိုင်ခြေလည်း မြင့်မားတယ်လို့ မှတ်ထားပါ၏။
ဖက်တီးမှာ သွေးခုန်နှုန်း အားနည်းပြီး အသက်ရှုသံကလည်း အားနည်းနေသေးရာ အဆိပ်သင့်ထားတဲ့ လက္ခဏာတစ်ခု ဖြစ်လိမ့်မည်။ အကြိမ်အနည်းငယ် စမ်းကြည့်ပြီးနောက် မှန်သလားမသိပေမယ့် ဆက်လုပ်ရန်ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ပေ။
ရုတ်တရက် ဖက်တီးသည် ချောင်းဆိုးကာ တစ်ကိုယ်လုံး လှုပ်ယမ်းလာပြီး အဝါရောင် ရေတစ်ဆုပ်ကို ထွေးထုတ်လိုက်လေသည်။ ထို့နောက် အသက်ပြင်းပြင်း ရှူလိုက်ရာ ရင်ဘတ်က မြင့်တက်လာသည်။ သူသည် တစ်ချက် နှစ်ချက်မျှသာ ရှူလိုက်ပြီးနောက် မျက်လုံးကို ပြန်မှိတ်သွားကာ အသက်ရှုအား နည်းလာပြန်သည်။
သူ့လည်ပင်းပေါ်က သွေးအပေါက်ကို ကြည့်လိုက်သည်။ အဆိပ်ပြင်းတဲ့ မြွေဆီက အကိုက်ခံရတာနဲ့တူပေမယ့် အဆိပ်ကို ဖယ်နိုငိသရွေ့တော့ မသေပါဘူး။ သူ့ခန္ဓာကိုယ်ခွန်အားက ဖက်တီးကို ကယ်တင်ဖို့ အသုံးမဝင်ချေ။ ဒါကြောင့် အဝတ်အစားတွေကို ချွတ်ပြီး ရေကန်ထဲက ရေအနည်းငယ်ယူ၊ သူ့ဒဏ်ရာကို ဓားမြှောင်နဲ့ လှီးဖြတ်လိုက်သည်။
ပြီးနောက် ဒဏ်ရာကို ဆေးကြောပြီး သွေးမည်းမည်းတွေကို လွှတ်ထုတ်လိုက်သည်။ ဘာလုပ်ရမလဲ စဉ်းစားရင်း သူ့ရင်ဘတ်ကိုပဲ ဆက်ဖိလိုက်တယ်။ နှစ်ခါလောက် ဖိလိုက်ပြီးနောက် သစ်ကိုင်းပုံကြီး အတွင်းမှ နောက်မှ တိုးတိုးတိတ်တိတ် အသံတစ်သံ ထွက်ပေါ်လာသည်။
အသံက ရှင်းရှင်းလင်းလင်း မကြားရပေမယ့် ရင်းနှီးတဲ့အသံကြောင့် ထိတ်လန့်တကြား ပြန်လှည့် ကြည့်လိုက်မိသည်။ သစ်ကိုင်းတွေထဲက သူ တူးထားတဲ့ အပေါက်ကို ကြည့်ဖို့ လက်နှိပ်ဓာတ်မီးကိုပါ သုံးလိုက်၏။
ထိုစဥ် အလောင်းရဲ့ နီရဲနေတဲ့ မျက်လုံးတွေက သူ့ကို ယောင်ဝါးဝါးနဲ့ ကြည့်နေတုန်းလို့ ခံစားလာရလေသည်။ အေးစက်ပြီး စိတ်မသက်မသာဖြစ်စေတဲ့ အရာက အလောင်းရဲ့လျှာဟာ တကယ် လှုပ်ရှားနေတာကို မြင်လိုက်ရတာပါပဲ။