(51) ဆုံရပ်
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar



Chapter (51)

ဆုံရပ်



"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" 


ဝူရှဲ့မှာ ဝမ်းကျင်ကိုကြည့်ကာ နားမလည်နိုင်အောင် ခေါင်းခါပြနေမိသည်။ ဝမ်းကျင်ခန္ဓာကိုယ်ပေါ်ရှိ ရနံ့သည် အမှန်ပင် တားမြစ်မိန်းမပျိုဆီက အနံ့လို ဖြစ်သော်လည်း မကြာမီတွင် သူမဟာလည်း တားမြစ်မိန်းမပျို ဖြစ်လာတော့မယ် ဆိုတာကတော့ မယုံနိုင်စရာ ကောင်းလှသည်။ 


"မင်း လက်မခံနိုင်ဘူး ဆိုတာ သိပါတယ်... မင်းကို အပြစ်မတင်ပါဘူး"


ဝမ်းကျင် တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ 


"ငါတို့ ဒါကို တွေ့လိုက်တုန်းကလည်း မယုံနိုင်ခဲ့ဘူး"


ဝူရှဲ့ တိတ်ဆိတ်စွာ ခေါင်းငုံ့ထားလိုက်သည်။ အရာအားလုံးက ရယ်စရာကောင်းလောက်အောင် ဖရိုဖရဲ ဖြစ်နေတယ်လို့ ခံစားလာရပေ၏။ သူသိသမျှက အဖြစ်အပျက်ရဲ့ အပိုင်းအစတွေချည်းပါပဲ။ အတွေးတွေကို အစိတ်စိတ် အမွှာမွှာ ရိုက်ခွဲပြီး အားလုံးကို အမှုန့်ဖြစ်အောင် လုပ်လိုက်လျှင်ပင် ယခုအချိန်မှာ ပြန်ပေါင်းရန် မဖြစ်နိုင်တော့ပေ။ 


"ဒါဆို 'အဲ့ဟာ'က အန်တီတို့ အသက်ကြီးလာတာကို တားထားဖို့ တစ်ခုခုလုပ်လိုက်တာပေါ့... ဒါပေမဲ့ အဲဒီအတွက် အကျိုးဆက်က အန်တီတို့ကို ဒီလိုမျိုး...ဒီလိုမျိုး... မကောင်းဆိုးဝါးလို ဖြစ်သွားစေတာပေါ့"


ဝမ်းကျင်က ခေါင်းညိတ်ပြသည်။ 


"ငါ့ရဲ့ အတွေ့အကြုံအရ ခန္ဓာကိုယ် စတင်ပြောင်းလဲချိန်ကနေ တစ်နှစ်ခွဲလောက်ပဲ အချိန်ရတယ်.... အဲဒါကို ငါတို့က 'အလောင်း​ကောင် ပြောင်းလဲခြင်း' လို့ ခေါ်တယ်... ပထမဆုံး အလောင်းကောင်လို အသွင်ပြောင်းသွားတာက မိန်းကလေးတစ်ယောက်ပဲ...ခန္ဓာကိုယ်က 'သေခြင်းတရား'ဆီ ခြေလှမ်း လှမ်းနေသလိုနဲ့ 'အသက်ရှင်' နေတာကနေ 'အလောင်းကောင်'လို တိုက်ရိုက် ပြောင်းလဲသွားသလို ခံစားလာရတာ... အရမ်း ကြောက်စရာကောင်းတယ်" 


"ဒါပေမဲ့ ဘယ်လိုဖြစ်တာလဲ... ကုဖို့ နည်းလမ်းရှိလား"


ဝူရှဲ့ မေးတော့ ဝမ်းကျင်က ခေါင်းယမ်းသည်။ 


" 'အလောင်း​ကောင် ပြောင်းလဲခြင်း' ဖြစ်ပေါ်လာတဲ့ အချိန်က လုံးဝ ပုံမှန်မဟုတ်ဘူး...တူညီတဲ့ တစ်ခုတည်းသော အချက်က ဒီအနံ့ပဲ ဒီထူးဆန်းတဲ့ ပြောင်းလဲမှုက ရှီးရှားရေအောက်က ရှေးဟောင်းသင်္ချိုင်းနဲ့ ဆက်စပ်နေမယ်လို့ ငါတို့ ထင်မြင်ယူဆခဲ့တယ်... အဲဒီအချိန်တုန်းက ပထမဆုံး အတွေးက ဒီရှေးဟောင်းသင်္ချိုင်းမှာ ချိတ်ပိတ်ခံထားရတဲ့ ရောဂါတစ်ခု ရှိတယ်လို့ပေါ့... နောက်ပိုင်းမှာ သုတေသန လုပ်ကြည့်တော့ ဒီဖြစ်စဉ်က ဝမ်းကျန့်ဟိုင်နဲ့ သက်ဆိုင်နေတယ်..."


"ဒါကြောင့် အန်တီက ဝမ်းကျန့်ဟိုင်ကို လေ့လာနေတာလား"


သူမ တိတ်တဆိတ် ခေါင်းညိတ်ပြသည်။


သူတို့ဟာ ကောအာမု ပြန်လည်ထူထောင်ရေး မြေအောက်ခန်းထဲမှာ အချိန်အတော်ကြာ ပိတ်မိနေခဲ့ပြီး ထွက်ပြေးခဲ့တဲ့ လုပ်ငန်းစဉ်က အတော်လေး ရှုပ်ထွေးခဲ့သည်။ ဝမ်းကျင်က တိုတိုတုတ်တုတ် ပြောပြပေမယ့် ဒါက တခြားဇာတ်လမ်း ဖြစ်လို့ အသေးစိတ်ကိုတော့ ဒီနေရာမှာ မပြောတော့ပေ။ 


ထွက်ပြေးလာပြီးနောက်တွင် သူတို့သည် လူစိမ်းတစ်စု၏ လိုက်လံရှာဖွေမှုကို ခံခဲ့ရသည်။ ၎င်းတို့ လမ်းလွဲသွားပြီးနောက် မတတ်သာတော့ဘဲ မြေအောက်ခန်းသို့ ခိုးဝင်ကာ ပြန်လာခဲ့သည်။ သို့သော် သူတို့တွေ့လိုက်ရတာက ဘာမှ မရှိတော့တဲ့ အဆောက်အအုံ အလွတ်နှင့် မြေအောက်ခန်းထဲက အရာအားလုံး ကင်းစင်သွားတာပါပဲ။ 


သူတို့သည် ဘာအချက်အလက်ကိုမျှ မတွေ့ခဲ့ရဘဲ သူတို့အား ဘယ်သူက ပိတ်လှောင်ခဲ့ကြောင်းနှင့် ဘာရည်ရွယ်ချက် အတွက်ကြောင့် ဖြစ်ကြောင်း မသိရှိခဲ့ကြရပေ။ နားမလည်နိုင်သော ထိုအင်အားမှ လွတ်မြောက်ရန်အတွက် သူတို့သည် တန်ပြန်ရန် အလိုလိုတွေးတော ဆုံးဖြတ်ခဲ့ကြပြီး စွန့်ပစ်ထားသော မြေအောက်ခန်းကို ပုန်းအောင်းရာ နေရာအဖြစ် ရွေးချယ်လိုက်ကြသည်။ အဲဒီနောက် ဝမ်းကျန့်ဟိုင်ရဲ့ သမိုင်းကြောင်းကို စုံစမ်းကြည့်ရာ ထိုလူများကို ရှောင်ရှားခဲ့ကြသည်။


နောက်တော့ ကျန်တဲ့ဟာတွေပါ လိုက်လာကြသည်။ ဒါကိုပြောပြီးတာနဲ့ ဝူရှဲ့ သူမကို ဖြတ်မေးလိုက်သည်။  


"ဒါဆို ဒီတစ္ဆေသရဲလို နေရာမှာ အဲ့ 'အလောင်းအသွင်ပြောင်းခြင်း' ကို ကုသဖို့ နည်းလမ်းတစ်ခုခု ရှိနေတယ်လို့ အန်တီ ထင်တာလား?"


"အသေးစိတ် အချက်အလက် အများကြီးကို အခြေခံ ကြည့်လိုက်တော့ ဝမ်းကျန့်ဟိုင် လိုက်ရှာနေတဲ့ အရာက စစ်မတ်ကာလ ပိုးထည်စာထဲမှာ မှတ်တမ်းတင်ထားတဲ့ မသေမျိုးဖြစ်စေမယ့် နည်းလမ်းတစ်ခုလို့ ငါတို့ မှန်းဆနိုင်ခဲ့တယ်... ဒါပေမဲ့ ရှေး​ဟောင်းစာအုပ်တွေထဲက ပြန်လည်ထမြောက်​စေတဲ့ ​နည်းလမ်းက ယုတ္တိမရှိတာ အသိသာကြီးလေ... ငါတို့က ငယ်ရွယ်နုပျိုနေနိုင်ပေမယ့် ထာဝရတည်မြဲနေနိုင်ပေမယ့် အကျိုးသက်ရောက်မှုက မတည်ငြိမ်ဘူး... နောက်ဆုံး ငါတို့အားလုံး မကောင်းဆိုးဝါးလို ပြောင်းလဲသွားလိမ့်မယ်" 


"ဝမ်းကျန့်ဟိုင် သူ့ဘ၀မှာ လိုက်ရှာခဲ့တဲ့ အရာတွေက ဒါတွေပဲ.... ဒီနည်းလမ်းကို ပြီးပြည့်စုံစေမယ့် သူ့ရဲ့နည်းလမ်းတစ်ခုလို့ ငါထင်တယ်.. စစ်မတ်ကာလ ပိုးထည်ရဲ့ မှတ်တမ်းတွေက ဒီနေရာကနေ ထွက်လာတာဆိုတော့ ဒါက ဖြစ်နိုင်ခြေအရှိဆုံး နေရာပဲ... ဒါပေမဲ့ ဒီကိစ္စမှာ ငါနဲ့ဟော့လင် သဘောထားကွဲလွဲခဲ့သေးတယ် အဲဒီအချိန်တုန်းက သူမကလူတွေကို ဒီကိုခေါ်လာပြီး ဝင်သွားတယ်... ငါကတော့ စောင့်နေဖို့ပဲ ရွေးချယ်ခဲ့တယ်...... ပထမတော့ သူမ သေသွားပြီလို့ ထင်ခဲ့ပေမယ့် လအနည်းငယ်ကြာတော့ သူမ ပြန်ရောက်လာတယ် အလောင်းအဖြစ် ပြောင်းလဲခြင်းက မအောင်မြင်ခဲ့ဘူးဆိုတာ သိသာပါတယ်... အဲ့တုန်းကဆို သူမရဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်မှုတွေကို ဆုံးရှုံးသွားပြီး သူမရဲ့ ဇီဝကမ္မဖြစ်စဉ်တွေက ပိုမြန်လာတယ်... နောက်ဆုံးတော့ စူးစမ်းလေ့လာရေး အဖွဲ့တစ်ခုလုံးမှာ ငါတစ်ယောက်ပဲ ကျန်တော့တယ်...ငါလည်း အမည်မသိ ကံကြမ္မာကို စောင့်မျှော်နေခဲ့ရတာ"


"အစတုန်းကတော့ တစ်ချိန်လုံး ဖျောက်ထားချင်ပေမယ့် လွန်ခဲ့တဲ့ တစ်လလောက်က နောက်ဆုံးတော့ ငါ့ခန္ဓာကိုယ်ကနေပါ အဲ့အနံ့အသက်ကို ရှူမိလိုက်တယ်... အဲဒါနဲ့ နောက်ဆုံး ကံကြမ္မာက ရောက်လာတော့မယ် ဆိုတာ သိလိုက်ရတော့ အားလုံးကို ချုပ်ငြိမ်းသွားအောင် လုပ်ချင်ခဲ့တယ်.... မင်းရဲ့ဦးလေးသုံးနဲ့ ချိုသဲ့ခေါင်ရဲ့ နောက်ကွယ်မှာ 'အဲ့ဟာ' ရှိတယ်"


"ဒါပေမဲ့ အဲဒါက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ... ဘာလို့ ဗီဒီယိုတိပ်ခွေကို ကျွန်တော့်ဆီ ပို့လိုက်တာလဲ"


"ငါကမင်းကို ဗီဒီယို ပို့ပေးတဲ့သူ မဟုတ်ဘူး" 


ဝမ်းကျင်က ခေါင်းအနည်းငယ် ခါသည်။


"ဒါက လွဲနေတဲ့ လင့်ခ်တစ်ခုပဲ... မင်း အဖွဲ့ထဲမှာ ပေါ်လာတာကို မြင်လိုက်ရတော့ ငါလည်း တော်တော် အံ့သြသွားတာ ဒါကြောင့် မင်းကို တင့်ကျူကျောမာကနေ တစ်ဆင့် ခေါ်ခိုင်းလိုက်တာ မင်းရဲ့အသွင်အပြင်ကို ကြည့်ပြီး 'အဲ့ဟာ'က ငါ့အကြံအစည်ထဲကို ဝင်လာပြီလို့ ငါ ကောက်ချက်ချခဲ့တယ်...ငါအစက တိပ်ခွေကို ချိုသဲ့ခေါင်ဆီ ပို့ပေးခဲ့တာ ဒါပေမဲ့ 'အဲ့ဟာ'က မင်းဆီကို ပို့လိုက်တာ" 


"ဘာလို့ 'အဲ့ဟာ'က ဒီလိုလုပ်တာလဲ?"


"ငါမသိဘူး...အဲ့ဟာက ချိုသဲ့ခေါင် မအောင်​မြင်ဘူးလို့ သိနေတာ ဖြစ်မယ်...အဲ့ဟာမှာ ချီလင်၊ ရှဲ့လျန်းဟွမ်နဲ့ မင်းတို့ကို ဖွဲ့စည်းထားတဲ့ အတော်လေး ရိုးရှင်းတဲ့ အဖွဲ့တစ်ဖွဲ့ ရှိမယ်လို့ ထင်တယ်... ငါ ခန့်မှန်းလို့ ရသလောက်ဆို ဒီတစ်ခါ ရှဲ့လျန်းဟွမ် ဂိမ်းတစ်ခုကိုသုံးပြီး ငါ့အစီအစဥ်ထဲကို ဝင်လာတာက အရမ်းအစွမ်းထက်တဲ့ ဗျူဟာပဲ... "အဲ့ဟာ" က ဒီလူတွေထဲမှာ ဘယ်သူက ထူးထူးခြားခြား ပေါင်းစပ်ထားတဲ့ အခြေအနေ ရှိနေလဲ ဆိုတာကို အဖြေရှာဖို့ ကြိုးစားနေတာ ဖြစ်လိမ့်မယ်..."


ဝူရှဲ့လည်း အတွေးတွေ ပိုရှင်းသွားတယ်လို့ ခံစားရတာကြောင့် မျက်နှာကို ပွတ်သပ်ပြီး ဆက်မေးလိုက်သည်။ 


"ဒါဆို မင်း အလောင်း​ကောင် မဖြစ်သေးခင် အန်တီအချိန်ဘယ်လောက် ကျန်​သေးလဲ ကျွန်တော်တို့ အချိန်မီသေးလား"


သူမက ဝူရှဲ့လက်ကို ကိုင်ထားပြီး ပြောလေသည်။ 


"အန်တီအတွက် စိတ်မပူပါနဲ့... ဒီရောက်နေပြီပဲ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကံကြမ္မာရဲ့ အစီအစဥ် အားလုံးကို အန်တီ လက်ခံပါတယ် ဘာပဲဖြစ်ဖြစ် ဒါက ငါ့ရဲ့အဆုံးသတ်ပဲလေ... ဝိညာဉ်ရေးနိုးကြားမှုရဲ့ အဆုံးသတ် အားလုံးရဲ့ အဆုံးပဲ...မင်း စဉ်းစားရမယ့် အရာက မင်းကိုယ်တိုင်ပဲ"


ဝူရှဲ့ သူတို့ကို ကြည့်ပြီး တစ်ယောက်တည်း တွေးနေတဲ့ ဒီအချိန်မှာ သူတို့လုပ်ထားတဲ့ အတားအဆီးအပြင်ဘက်မှာ လူတစ်ယောက်က ကျောက်တုံးကို ပေါ့ပေါ့ပါးပါး ခေါက်​နေတဲ့ အသံကို ကြားလိုက်ရပြီး ချောင်းဆိုးသံပါ ကြားလိုက်ရလေသည်။ 


"အထဲမှာ တစ်ယောက်ယောက်ရှိလား"


ဝူရှဲ့ ချက်ချင်း သတိရှိကပ်သွားသည်။ မျက်နှာသေက မတ်တတ်ရပ်လိုက်ပြီး သွားတော့မယ့်အခိုက် ဝူရှဲ့ သူ့ကိုလှမ်းဆွဲလိုက်ပြီး။ 


"သတိထား... မြွေဖြစ်နိုင်တယ် ဒီမြွေတွေက လူဘာသာစကား ပြောတတ်တယ်!"


အပြင်မှ အသံက ချက်ချင်းပင် တုံ့ပြန်လာသည်။


"မင်းက ဒူလွန်းမနေဘူးလား"


မျက်နှာသေကလည်း ဝူရှဲ့ဘက်လှည့်ကာ 'မြွေက မင်းနဲ့ဒီလို စကားမပြောနိုင်ဘူး' လို့ အာမခံချက်ပေးလာသည်။ အတားအဆီးကို ဖွင့်ကြည့်လိုက်တော့ ရွှံ့တွေပြည့်နေတဲ့ မျက်နှာ အကြီးကြီးကို တွေ့လိုက်ရ၏။ ၎င်းက ဖက်တီးပင်။ ဟေးရန်ကျင်းနဲ့ ဦးလေးသုံးရဲ့ အပေါင်းအသင်းတွေ အပါအဝင် သူ့နောက်မှာ လူပေါင်းများစွာ ရှိနေကြသည်။


ဖက်တီးမှာ ပွန်းပဲ့နေတဲ့ မျက်နှာနဲ့ ချက်ချင်း ပြောလာသည်။ 


"မင်းမှန်း သိသားပဲ.... အမ် အစ်ကိုလေး မင်းလည်း ဒီကို ရောက်နေတာလား... ဟေ့ မင်း ဖမ်းမိသွားပြီလား"


ဝူရှဲ့ ဆူဆူညံညံ အသံထွက်တာကို ရပ်လိုက်ဖို့ မြန်မြန်လေး အချက်ပြလိုက်သည်။ ဖက်တီးက ဘာဖြစ်နေတာလဲလို့ သူတို့ကို မေးလာရာ ဒီမှာက ရှည်ရှည်ဝေးဝေး ပြော​နေလို့ မ​ဖြစ်တာကြောင့် သူတို့ကို ဘယ်လို ရှာတွေ့လဲလို့ မေးရင်း ဦးလေးသုံး ဘယ်မှာလဲလို့ပါ မေးလိုက်သည်။ 


ဖက်တီးက ဆိုလေသည်။ 


"ဟိုဘက်က ကွက်လပ်ထဲမှာ ထည့်ထားတဲ့ ဘရာစီယာနဲ့ အညစ်အကြေးတွေကို ငါတို့တွေ့လိုက်တယ်လေ...ထမုထိုမှာ အဲဒါတွေ ရှိနေတာက တကယ့် အံ့ဩစရာပဲမလား... အဲဒါနဲ့ အထဲကို ပြေးဝင်လိုက်တော့ အတွင်းထဲမှာ ရွှံ့နွံတွေ ကွာဟနေတာကို တွေ့လိုက်ရတာ... ဒါပေမဲ့ မင်းရဲ့ ဦးလေးသုံးကိုတော့ ဖမ်းမမိလိုက်ဘဲ အကိုက်ခံလိုက်ရတယ်.... ချက်ချင်း သွေးရည်ကြည်တော့ ထိုးပေးထားတယ် ဒီဘက်မှာ အသံကြားလို့ လာကြည့်တာ... ငါက အဲဒီမြွေတွေလို့ ထင်လိုက်တာ”


ဦးလေးသုံး အဖြစ် ရှဲ့လျန်းဟွမ်က ဟန်ဆောင်နေတာလို့ ဝမ်းကျင်က ပြောသော်လည်း ယခုသူ့အခြေအနေက ဆိုးရွားလာတယ်လို့ ဆိုသောအခါ ဝူရှဲ့မှာ အဲဒီလူက အတုအယောင်လို့ လုံးဝ မခံစားနိုင်တော့ပေ။ ဒါကြောင့် အနောက်ကို ပြန်ကြည့်လိုက်တော့ ဝမ်းကျင်က ခေါင်းညိတ်ပြလေသည်။ 


"သွားကြည့်ရအောင်"


ဖက်တီး နောက်ကျောဘက်က တခြားယောက်ျားတွေက ဝမ်းကျင်ကို မသိကြတဲ့အတွက် ဒီအမျိုးသမီးက ဘယ်သူလဲလို့ မေးလာသည်။ 


ဝူရှဲ့က “ဒါက သခင်သုံးရဲ့ ခင်မင်ရင်းနှီးသူပဲ” 


ဖက်တီးက ချက်ချင်း ဆက်ပြောသည်။ 


“မမကြီးလို့ ခေါ်!” 


ထိုလူများကလည်း ကြောက်လန့်တကြားဖြင့် ဖက်တီးရဲ့ စကားအတိုင်း 'မမကြီး'ဟု ချက်ချင်း ထအော်​ကြ​လေသည်။ ဝမ်းကျင်က ဝူရှဲ့ကို မျက်စောင်းထိုးလျက် ပေါက်ကရတွေ လျှောက်မပြောဖို့ အကြည့်ကနေတစ်ဆင့် သတိပေးလေသည်။ 


၎င်းတို့သည် မဝေးသော ရေလှောင်ကန်တစ်ခုတွင် ရှိနေကြပြီး ထို​ရေလှောင်ကန်က အစောကထက် ပိုကြီးလေသည်။ ပြန်သွားရတဲ့လမ်းက လမ်းဆုံလမ်းခွတွေ မရှိသလောက်ပင်။ ဤတစ်ကြိမ်တွင် အနည်းဆုံး လူတစ်ဝက်ခန့်မှာ မြေကြီးရောင်များနှင့် ဖုံးအုပ်ထားသည်။ ဝမ်းကျင်က သူတို့ကို မြွေတွေဝင်မလာအောင် ဂူပေါက်အား အဖွင့်အပိတ် လုပ်ဖို့ သင်ပေးသည်။ 


ဦးလေးသုံးကို သွားကြည့်လိုက်တော့ သူ့လည်ပင်းနဲ့ လက်တွေမှာ သွေးအပေါက်တွေ ရှိနေတာကို တွေ့လိုက်ရသည်။ သူ့မျက်နှာက ပြာနေပြီး အသိစိတ်က နည်းနည်း မှုန်ဝါးနေချေပြီ။


"လူသုံးယောက်ကို သတ်ပြီး သခင်သုံးကိုလည်း ကိုက်သွားတာ အဆိပ်က ထုတ်ပြီးသွားပေမယ့် စိုးရိမ်နေတုန်းပဲ" 


သူ့ကို စောင့်ရှောက်ပေးသူက ပြောပြသည်။ ဦးလေးသုံးကတော့ သူ့မျက်လုံးတွေကို နည်းနည်းလေး ဖွင့်ကြည့်လာ၏။ သူ ဝမ်းကျင် မြင်လိုက်လားတော့ မသိပေမယ့် မြင်လိုက်တယ် ထင်ပါရဲ့။ သူ တုန်လှုပ်သွားပြီး ဝူရှဲ့ကို ပြန်ကြည့်လာကာ ဘာမှ ပြန်မပြောနိုင်တော့ပေ။ 


ဝူရှဲ့မှည သူ့မျက်နှာကို ကြည့်လိုက်ချိန်၌ သူဟာ ဥာဏ်ရည်ထက်မြက်ပြီး ဟန်ဆောင်ထားတဲ့ ရှဲ့လျန်းဟွမ် ဆိုတာကို လက်ခံနိုင်ဖို့ ခက်ခဲနေလေသည်။ ဦးလေးသုံးရဲ့ အမူအရာတွေကို အတုယူ ဆင်းသက်လာသူဟာ ဤအရာများကို မပြောင်းလဲနိုင်သေးပေ။


ဝမ်းကျင် သူ့ဘေးနားသို့ သွားထိုင်လိုက်သည်။ နှစ်ယောက်သား စကားတစ်ခွန်းမှ မပြောဘဲ တစ်ယောက်ကို တစ်ယောက် ကြည့်နေပြီး နှစ်ယောက်သား ဝူရှဲ့ကိုလည်း ပြန်ကြည့်နေလေသည်။ ဦးလေးသုံးက ရုတ်တရက် သူ့လက်ကို ခက်ခက်ခဲခဲ ဆန့်ထုတ်လိုက်စဥ် ဝမ်းကျင်က သူ့လက်ကို ကိုင်ထားပြီး တိုးတိုးလေး ပြောလိုက်သည်။ 


"ရှဲ့လေး သိသွားပြီ... ဒါကို ဖုံးကွယ်ထားစရာ မလိုတော့ဘူး ငါတို့ နင့်ကို အပြစ်မတင်ပါဘူး"


ဦးလေးသုံးရဲ့ ပါးစပ်က လှုပ်သွားသော်လည်း သူ့မျက်လုံးထဲမှာ မျက်ရည်တွေ စီးကျလာနေတာကိုသာ တွေ့လိုက်ရသည်။ ဝမ်းကျင်လည်း အနည်းငယ် တုန်လှုပ်သွားပြီး သူ့အနားသို့မှီကာ နားထောင်ပြီးနောက် သူမက သူ့လက်ကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။


"ငါသိတယ်... နင်အဖွဲ့ထဲကို ပြန်ရောက်လာပါပြီ ဒါနင့်အမှား မဟုတ်ပါဘူး"


ဝူရှဲ့မှာ သူ့လက်ကို လှမ်းကြည့်ရင်း ဘာပြောရမှန်းကို မသိတော့ပေ။ မနေ့ညကပဲ သူနဲ့ စကားစမြည် ပြောနေတုန်းရှိသေး အခုလို အခြေအနေထိ ဖြစ်သွားရာ အင်မတန် မြန်ဆန်လွန်းတယ်လို့ ဆိုရမည်။ သူ့ကိုကြည့်ရင်း ဝူရှဲ့ပါးစပ်က ခေါ်လိုက်သည်က။ 


"ဦးလေးသုံး!!"


သူ့ကို ဦးလေးလို့ ခေါ်သံကြားတော့ ရုတ်တရက် စိတ်တွေ လှုပ်ရှားလာပေမယ့် သတိလစ်သွားလေသည်။ ဝူရှဲ့လည်း သူ သေတော့မယ်လို့ ထင်ပြီး တစ်ယောက်ယောက်ကို ချက်ချင်းခေါ်လိုက်သည်။ ဝူရှဲ့ဘေးကလူက တစ်ချက် စစ်ဆေးကြည့်လိုက်ပြီး ပြောလာသည်။ 


“စိတ်မပူပါနဲ့ သတိလစ်သွားရုံပါ” 


ဝူရှဲ့ အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ ထိုစဥ် နောက်ကနေ တစ်စုံတစ်ယောက်က အော်ပြောလာ၏။ 


"ဒီမှာ ကျောက်တံခါးရှိတယ်!"


ဝူရှဲ့တို့ သွားကြည့်တော့ ဦးလေးသုံးရဲ့ လူတော်တော်များများက ရေလှောင်ကန်ရဲ့ အောက်ခြေမှာ သံကွင်းနှစ်ကွင်းပါတဲ့ ကျောက်ပြားတစ်ခုကို ရှာတွေ့ထားတာ တွေ့လိုက်ရသည်။ လူတချို့က အော်ဟစ်ပြီး သံကွင်းကို ခက်ခက်ခဲခဲ ဆွဲထုတ်လိုက်တဲ့အခါ သံပြားအောက်ဘက်တွင် အပေါက်တစ်ခု ရှိနေတာ တွေ့ရှိခဲ့ရသည်။


မျက်နှာသေနဲ့ ဟေးရန်ကျင်းက လမ်းကို စူးစမ်းရန် ဦးစွာ ဆင်းသွားကြသည်။ မကြာမီတွင် ဟေးရန်ကျင်းက ဂူတစ်ဝိုက်တွင် လူလုပ်ထားသည့် ဂူတစ်ခုလို ထင်ရတဲ့ ဂူလမ်းတွေ့ကြောင်း ပတ်ပတ်လည်တွင် ကျောက်တံခါးများစွာ ရှိပြီး ဤနေရာတွင် ရေသိုလှောင်မှုစနစ်ကို တူးဖော်သည့်အခါ ၎င်းကို ရှာဖွေတွေ့ရှိပြီး အသုံးပြုထားပုံရကြောင်း ပြောပြလေသည်။ အတွင်းထဲမှာ လတ်ဆတ်ပြီး မြွေတွေရဲ့ အရိပ်အယောင်တောင် မတွေ့ရပေ။ မြွေတွေက တခြားနေရာတွေကို ရောက်သွားကြပုံပင်။ 


သူတို့သွားသော လမ်းသည် မြွေများနှင့် ပြည့်နေပေမည်။ အနည်းဆုံး မြွေတွေ မူလလမ်းကြောင်းမှ ပြန်လာရန် မှောင်သည့်တိုင်အောင် စောင့်ရပေမည်။ ဖက်တီးက အောက်ကို ဆင်းကြည့်ကြမလားလို့ တိုင်ပင်သည်။ 


မြွေ​တွေက​တော့ မရှိသလိုပါပဲ။ ဒီကလူတွေအားလုံးက အခြေအနေက မရှင်းမလင်း ဖြစ်နေတာကြောင့် သူတို့လက်ရှိ နေနေတဲ့နေရာကနေ ချက်ချင်း မပြေးသင့်ကြောင်း ပြောလာသည်။ အထဲမှာက မြွေကိုက်တာထက် ပိုဆိုးတဲ့ ထောင်ချောက်တွေ ရှိနိုင်သည်။


ဒီလိုပြောပြီးနောက် ဘယ်သူကမှ မဆင်းချင်ကြတော့ပေ။ ဝူရှဲ့တို့ထဲက တချို့ကသာ အရင်ဆင်းကြည့်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ တချို့က ဒဏ်ရာရသူတွေကို ပြုစုစောင့်ရှောက်ဖို့ နောက်မှာနေပြီး ဝူရှဲ့တို့ ပြန်လာတာကို စောင့်နေမယ်လို့ ဆိုသည်။ မျက်နှာသေနဲ့ ဟေးရန်ကျင်းတို့ ဆင်းသွားပြီး နောက်တွင် ဖက်တီး၊ ဝူရှဲ့၊ ဝမ်းကျင်တို့က နောက်မှ ကပ်လိုက်လာခဲ့သည်။


အောက်ဖက်တွင် ကြီးမားသော အဝိုင်းပုံသဏ္ဍာန်ရှိ လှိုဏ်ဂူတစ်ခု ရှိသည်။ စက်ဝိုင်းပုံ ဂူလမ်းထဲ လင်းသွားစေရန် မိုင်းတွင်းမီးခွက်ကို အသုံးပြုလိုက်သော် ကျောက်တံခါးများစွာကို တွေ့လိုက်ရသည်။ ဖက်တီး ကြိုး​​ပေါ်မှ ဆင်းသက်လိုက်ပြီးသော် ဘေးဘက်သို့ လျှောက်သွား​လေသည်။


"အိုက်ယိုး.... တကယ် ဂူရှိတယ်ဟ!"