ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
Chapter (53)
အဂ္ဂိရတ်အခန်း
ဝမ်းကျင် ကြည့်တဲ့ဘက်ကို လှမ်းကြည့်လိုက်တော့ သူမဟာ အခန်းရဲ့ အလယ်ဗဟိုက ကြိတ်ဆုံကျောက်နဲ့တူတဲ့ ကျောက်တုံးကြီး အစွန်းကို ရောက်နေပြီ ဆိုတာကို မြင်လိုက်ရသည်။ ဝူရှဲ့တို့လည်း စောင်းကြည့်လိုက်ရာ အလယ်၌ ကျောက်စားပွဲကြီး တစ်ခုဖြစ်ပြီး ၎င်းပေါ်တွင် ကောင်းကင်ပေါ်ရှိ ကြယ်များကို ကိုယ်စားပြုသည် အစက်တစ်စက်စီကို စစ်တုရင် အစက်များနှယ် ချထား၏။ ၎င်းက အရုပ်ဆိုးသော အစိမ်းရင့်ရောင် ကျောက်တုံးများဖြင့် ပြုလုပ်ထားတာ တွေ့လိုက်ရသည်။
ဒါက ဝူရှဲ့ကို ဦးလေးသုံး အရင်က ရှင်းပြခဲ့တဲ့ အဂ္ဂိရတ်ဆေး ဖြစ်ပြီး ဒီမှာတော့ အများကြီး ရှိနေသည်။
"ဒါကဘာလဲ? အသက်ရှည်ဆေးလား?"
ဝီစီသံနဲ့အတူ အနောက်ကနေ ထူးဆန်းတဲ့ အသံတစ်ခု ထွက်လာလေသည်။ ဝူရှဲ့တို့ အနောက်ကို လှမ်းကြည့်လိုက်တော့ ထိုလူတချို့က သူတို့နောက်ကို လိုက်လာနေပြီဆိုတာ တွေ့လိုက်ရ၏။ ဝူရှဲ့ခမျာ ချက်ချင်း ခေါင်းလေးလာပြီး ခေါင်းကိုခါလိုက်သည်။
"ဒါက မင်းစားလိုက်ရင် ချက်ချင်း ဂန့်သွားစေမယ့် အဆိပ်ပဲ... ဒီဆေးတွေကို လျှောက်မထိနဲ့ အဲဒါတွေက အဆိပ်ပြင်းတယ်"
"ဟုတ်ပါတယ် ငါမစားပါဘူး တစ်ချက်ကြည့်ရုံပါပဲ မရဘူးလား"
"မရဘူး... ဒီနေရာက ဘာကိုမှ မထိရဘူး"
ထိုလူအနည်းငယ်သည် ဝူရှဲ့ပြောတာကို ကြားပြီးနောက်တွင် သူတို့အချင်းချင်း စကားအနည်းငယ် ပြောကြသည်။ အဲဲဒီနောက် လူတစ်ယောက်က ဆေးလိပ်မီးညှိကာ ခပ်ထေထေ ဆိုလာသည်။
"မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ... စည်းကမ်းတွေ အများကြီး ရှိနေသေးတာလား"
သူ့စကားထဲက စကားလုံးများတွင် ယဉ်ကျေးခြင်း မရှိတော့ပါ။ ဝူရှဲ့လည်း မကြားချင်ယောင်ဆောင်လိုက်သည်။ ဒီအချိန်မှာတော့ ပတ်ဝန်းကျင်မှာ လောင်ကျွမ်းနေတဲ့ မီးတောက်တွေက တဖြည်းဖြည်းချင်း ငြိမ်းသတ်သွားလေသည်။ ဖက်တီးက မီးကျည်နှစ်ချက် ထပစ်လိုက်သော် လူတစ်ယောက်က ရုတ်တရက် ထအော်လိုက်၏။
ဂူထိပ်တွင် သံကြိုး တစ်ဒါဇင်ကျော်သည် တစ်စုံတစ်ခုကို ချည်နှောင်ထားကာ လေထဲတွင် ဆိုင်းငံ့ထားလေသည်။ သံကြိုးတစ်ဒါဇင်ထက်မနည်း ကွဲပြားနေသည့် ပုံသဏ္ဌာန်များ ရှိနေတာကို သူတို့အားလုံး မျှော်ကြည့်ရင်း တွေ့လိုက်ရသည်။ ထိုအရာကြီးရဲ့ တစ်ဖက်ကို ကျောက်တုံးထဲမှာ မြှုပ်ထားပြီး ကျန်တစ်ဖက်ကတော့ အနက်ရောင် ဘောလုံးကြီးတစ်ခုလို တွဲလျောင်းချိတ်ဆက် ခံထားရ၏။
မီးတောက်များ ချက်ချင်း ငြိမ်းကျလာပြီး ဂူကြီးတစ်ခုလုံး အမှောင်ကျသွားပြန်သည်။
"အဲဒါက ဘာလဲ" သူ့ဘေးနားက တစ်စုံတစ်ယောက်က အံ့အားသင့်စွာ ပြောလိုက်သည်။
"ဒါက ဆိုင်းငံ့ထားတဲ့ အဂ္ဂိရတ်ဆေး မီးဖိုပဲ"
ဝမ်းကျင်က အံ့သြစွာနဲ့ ရှင်းပြလာသည်။
"အို ဘုရားရေ... ဒီတွင်းက ဖုန့်ရွှေ တောင်တစ်သောင်းနဂါးမယ်တော်ရဲ့ ဂူဖြစ်ရမယ် ဒါက အဂ္ဂိရတ်ခန်းရဲ့ အမြင့်ဆုံး အခြေအနေနဲ့ အဂ္ဂိရတ်ပညာရဲ့ အမြင့်ဆုံး အခြေအနေပဲ.. ဒီမီးဖိုက အဂ္ဂိရတ်ဆေးမီးဖိုကဲ မြေကြီးနဲ့ မထိထားတာက နဂါးသွေးကြော တစ်ခုလုံးရဲ့ အနှစ်သာရကို စုဆောင်းနေတာ"
အရပ်မြင့်မြင့် အချက်ပြ မီးတစ်လုံးကို ထပ်ပစ်၍ ဖက်တီးက ဆိုသည်။
“ရှင်းရှင်းလင်းလင်း မြင်အောင်ကြည့်”
နောက်ထပ် မီးကျည်ရိုက်ချက် တစ်ခုပင်။ ဒီတစ်ခါတော့ မီးတောက်က အနက်ရောင်ဘောလုံးရဲ့ အစွန်းကို ထိမှန်ပြီး ပေါက်ကွဲသွားတဲ့ အတွက် အလွန်ရှင်းလင်း ပြတ်သားသွားသည်။ အပေါ်ဆုံးက သံကြိုးနဲ့ ချိတ်ထားတဲ့ ပင့်ကူအိမ်ရဲ့ အလယ်မှာ စောင့်ဆိုင်းနေတဲ့ ကြေးဝါအိုးတွေထက် သုံးဆကျော် ပိုကြီးတဲ့ ကြေးဝါအိုးကြီးလို့ မြင်လိုက်ရပါ၏။
ဝမ်းကျင်က ဖက်တီးကို မီးကျည် မလွှတ်တော့ဖို့ ချက်ချင်း ပြောလိုက်သည်။ အဂ္ဂိရတ်မီးဖိုအတွင်းတွင် မီးလောင်လွယ်သည့် အရာများ ရှိနေမလား မသိကြောင်း ပြောကာ ပေါက်ကွဲသွားပါက သူတို့အကုန်လုံး ဗုံးကြဲခံရမည် ဖြစ်ပြီး ဤနေရာတွင် ဘယ်သူမှ အသက်ရှင် ကျန်ရစ်နိုင်မည် မဟုတ်ပေ။
ဖက်တီးက သက်ပြင်းချလိုက်ပြီး။
"ငါ မတက်ကြည့်နိုင်တာ နှမြောစရာပဲကွ... မဟုတ်ရင် အသက်ရှည်ဆေးက အပေါ်မှာ ရှိချင်ရှိနေမှာ... တစ်လုံးလေး စားလိုက်တာနဲ့ လကမ္ဘာကို တိုက်ရိုက် ရောက်သွားပြီး ချန်အာတစ်ယောက် အခုတလော ဘယ်လိုနေလဲ သိရလောက်တယ်"
(TN - ချန်အာက တရုတ်ပွဲတော်တွေထဲက လမုန့်ပွဲတော်နဲ့ သက်ဆိုင်တဲ့ နတ်သမီးလေးပါ။ သူမရဲ့ ခင်ပွန်း ဟော့ရိက ခွန်လွန်တောင်က ရှီးဝမ်းမယ်တော်ဆီက မအိုမသေဆေးကို ခိုးယူခဲ့တယ်။ အဲဒီနောက် ဟော့ရိက မအိုမသေဆေးကို ချန်အာဆီ အပ်ထားခဲ့ရာကနေ ဟော့ရိရဲ့ ညီအစ်ကို ဖန်မန်က မအိုမသေဆေးကို လာလုတော့ ချန်အာက အဲ့ဆေးကို သောက်ပြီး လကမ္ဘာပေါ် ပျံသန်းသွားခဲ့ရာကနေ နတ်သမီးလေး ဖြစ်သွားခဲ့ပါတယ်တဲ့။ ဟော့ရိက အဲဒါကိုသိတော့ လနောက်ကို လိုက်တယ်။ ဘယ်လိုလိုက်လိုက် မမှီတဲ့နောက်ဆုံး သူမပျောက်သွားတဲ့ တရုတ်ပြက္ခဒိန် ၈လပိုင်း ၁၅ရက်နေ့ ရောက်ရင် သူမကြိုက်တတ်တဲ့ မုန့်တွေကို လရောင်အောက်မှာ ချရင်း ဇနီးဖြစ်သူအတွက် ဆုတောင်းပေးသတဲ့။ တရုတ်မှာဆို ကျုံးချိုးကျဲ (ဆောင်းလယ်ပွဲတော်) လို့ ခေါ်ပါတယ်တဲ့။ အသွေးသိသလောက် ဝေမျှတာပါ။ ဖက်တီးက အဲ့ဆေးသောက်ပြီး ချန်အာကို သွားတွေ့ချင်နေတာ)
ဝူရှဲ့လည်း ဖက်တီးလက်မောင်းကို လက်သီးဖြင့် ထိုးလိုက်ပြီး သက်ပြင်းလည်း ချလိုက်သည်။
"နောက်ဆုံးတော့ မင်းရဲ့အားနည်းချက်ကို ပြနိုင်ခဲ့ပြီပေါ့လေ... မင်းမျက်နှာ ဒီလိုဖြစ်နေတာ မဆန်းပါဘူး"
ဆေးလိပ် သောက်နေသူက ရယ်မောလိုက်ပြီး။
"တတိယသခင်လေး... မင်းကို တကယ် ဆရာကြီးလို့ ထင်နေတာ.... ခေတ်တွေပြောင်းသွားတော့ လူငယ်တွေက သက်ကြီးရွယ်အိုတွေကို ဂရုမစိုက်တော့ဘူးပဲ"
သူက ပြောပြီးတာနဲ့ အောက်ဖက်က အဂ္ဂိရတ်ဆေး တစ်လုံးကို တူးပြီး ဓာတ်မီးနဲ့ သေချာလေး ထိုးကြည့်လိုက်လေသည်။ ထိုစဥ် ဝူရှဲ့လည်း သူ့ဘေးမှ မျက်နှာသေရဲ့ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး “သွားပြီ” ဟု တိုးတိုးလေး ပြောသံကို ကြားလိုက်ရသည်။
သူ စကားမဆုံးခင်မှာ အောက်ဖက်ရှိ ကျောက်ပြားဟာ ရုတ်တရက် ဟန်ချက်ပျက်သွားပြီး တစ်ဖက်ကို စောင်းသွားကာ ပတ်ဝန်းကျင် တစ်ခုလုံးလည်း တိတ်ဆိတ်သွားလေသည်။ ထိုလူအနည်းစုသည်လည်း ထိတ်လန့်တုန်လှုပ်သွားကာ အခြေအနေ ဘယ်လို ပြောင်းလဲလာမလဲ ဆိုတာကို စောင့်မျှော်နေကာ ဘယ်သူမှလည်း စကားမပြောရဲတော့ချေ။
အတန်ကြာအောင် စောင့်ပြီးနောက် ဘာမှမဖြစ်ဘဲ တစ်ယောက်ကို တစ်ယောက်သာ ကြည့်နေကြရသည်။ ထိုစဥ် ဖက်တီးက။
"သောက်ကျိုးနည်း! ဒီကျောက်ပြားကို လုံလုံခြုံခြုံ ချထားခဲ့တာ မဟုတ်ဘူးလား"
မျက်နှာသေရဲ့ မျက်နှာက ဖြူဖျော့သွား၏။ သူက ကျောက်ပြားကို မကြည့်ဘဲ ဘေးက ကျောက်စိမ်းရုပ်တွေဆီ လှည့်ကြည့်လိုက်သည်။ ထို့နောက် ဝူရှဲ့တို့ပါ ကျောက်စိမ်းရုပ်များကြားက "ကတောက် ကတောက်" အသံအနည်းငယ်ကို ရှင်းရှင်းလင်းလင်း ကြားလာရသည်။ အသံလာရာဘက်ကို ချက်ချင်း ရှာဖွေခဲ့ရာ ကျောက်စိမ်းရုပ်ပေါ်ရှိ အပိုင်းအစများ အမှန်တကယ် ပြန့်ကျဲလာနေသည်ကို တွေ့ရပြီး ကျောက်စိမ်းရုပ်ကြီး ဝတ်ထားသည့် ရွှေပိတ်စတွေက ရုတ်တရက် လှုပ်ရှားလာသည့် အတိုင်းပင်။
အပေါ်က အလွှာများ ရုတ်တရက် ကွာကျသွားသော် ရုပ်တု အပိုင်းအစများသည် ချက်ချင်းပင် ပုံသဏ္ဌာန်ပျောက်ကာ ပြိုကျသွားသည်။ ထိုအခိုက် အတွင်းပိုင်းရှိ ရှေးဟောင်း အလောင်းကို ဖော်ပြပြီးသား ဖြစ်သွားပေ၏။ ၎င်းမှာ အလွန်ရက်စက် ကြမ်းကြုတ်သော မြင်းမျက်နှာနှင့် ရှေးခေတ်က အလောင်းတစ်လောင်း ဖြစ်သည်။
ကျောက်စိမ်းရုပ် ပြုတ်ကျသွားပြီးနောက် အလောင်းကောင်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် သက်ရှိ အလောင်းကောင် အဖြစ်သို့ ပြောင်းလဲသွားကြောင်း သဘောပေါက်လိုက်လေသည်။
"အကုန် ထွက်သွားတော့!"
ဝူရဲဲ စကားမဆုံးခင်မှာ ဂူအ၀င်ဝက သော့ခတ်သံတွေ ဆက်တိုက် ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်တဲ့အခါ သူတို့ ဝင်လာခဲ့တဲ့ ကျောက်တံခါးက ပြုတ်ကျပြီး အပြန်လမ်းက ပိတ်ဆို့နေချေပြီ။