ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
Chapter (29)
သစ်ပင်အိုတွေက ခေါင်းကိုက်စေတယ်
ဒီနေရာမှာ မျက်နှာသေနဲ့ ဖက်တီးတို့ တစ်ခုခုဖြစ်သွားတာ ဖြစ်ရမည်။ သူ မသိသေးတာက ရေပေါ်နဲ့ ချိတ်ဆက်ထားတဲ့ ကြိုးကို ဖြုတ်ပြီး မီတာဒါဇင်နဲ့ချီ နက်တဲ့ ရေကန်အောက်ခြေမှာ ဘယ်လိုလုပ် ပျောက်သွားနိုင်တာလဲ ဆိုတာပါပဲ။
ရေငုပ်ကိရိယာ မပါဘဲ သူတို့သည် ဤတစ်မိနစ်အတွင်း ရေအောက်က ဘယ်ကိုများ သွားနိုင်မှာလဲ။ ရေတစ္ဆေ မျိုချခံရခြင်း အကြောင်းတွေလို ထူးထူးခြားခြား ပုံပြင်များကို သူ မယုံချင်ပါ။ တကယ်တော့ သူတို့ဟာ ရေအောက် မီတာ နှစ်ဆယ် ဒါမှမဟုတ် သုံးဆယ်လောက်သာ သွားလာနိုင်ပြီး တစ်နည်းပြောရရင် အဲဒီအချိန်က ရေအောက်ကို ရေငုပ်သင်္ဘော မယူသွားဘူးဆိုရင် သူတို့ဘာမှ လုပ်လို့မရသလို သွားစရာလည်း မရှိပါဘူး။ သူတို့ ဒီနားမှာပဲ ရှိသင့်သည်။
ဒါပေမဲ့ ပတ်ပတ်လည်မှာ ဘာမှမရှိချေ။ တိတ်ဆိတ်နေတဲ့ ရေကန်ရဲ့ အောက်ခြေကလည်း မမြင်နိုင်လောက်အောင် ကျယ်ပြောလှပါသည်။ အထူးဆန်းဆုံး အပိုင်းမှာ ရေငုပ်ဦးထုပ်ကို ချွတ်ပြီး ကြိုးကို ဖြည်လိုက်ကခြင်း၏ အသေးစိတ် အကြောင်းအရင်းပဲ ဖြစ်သည်။
တစ်ဖက်တွင် ဤဦးထုပ်သည် ဝတ်ရန် အလွန်ခက်ခဲပြီး အေးအေးဆေးဆေး အချိန်ပေးလျှင်လည်း ၎င်းကိုဖြုတ်ရန် ဆယ်စက္ကန့်မှ နှစ်ဆယ်အထိ ကြာနိုင်သည်။ ကြိုးကို ပြန်ဆွဲဖို့က အမြန်ဆုံး ငါးစက္ကန့် ထည့်စဥ်းစားလို့ ရ၏။ ဤနှစ်ဆယ့်ငါးစက္ကန့်သည် အချိန်ဖြစ်နေသေးသည် ဆိုလျှင် မျက်နှာသေ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အရည်အသွေးများ ပြည့်ဝနေပါက အချိန်ပိုကြာနိုင်သည်။
တခြားတစ်ဖက်တွင်မူ ဤဦးထုပ်သည် ၎င်းတို့၏ လှုပ်ရှားမှုများကို မထိခိုက်စေဘဲ တိုက်ခိုက်သည့် အခါတွင် သံချပ်ကာအဖြစ်လည်း အသုံးပြုနိုင်သည်။ ထို့ကြောင့် ၎င်းတို့၏ ဦးထုပ်များကို စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ဆင်ခြင်တုံတရားအရ ချွတ်ရန် မလိုအပ်ပါ။
ဦးထုပ်ကို ချွတ်ဖို့ တွေးလိုက်မိတယ် ဆိုတော့ ဘာဖြစ်သွားတာများလဲ။
မျက်နှာသေကလည်း သူ့ဦးထုပ်ကို ချွတ်လိုက်တဲ့အတွက် ဒီအဖြစ်အပျက်ဟာ ရုတ်တရတ် ထင်မြင်ယူဆစရာ မဟုတ်တာ သေချာပါသည်။ ဒါကြောင့် သူ့ဦးထုပ်ကို ချွတ်ရခြင်းဟာ မဖြစ်မနေ အလွန်လိုအပ်တဲ့ လှုပ်ရှားမှုတစ်ခုကြောင့်သာ ဖြစ်နိုင်သည်။
တိရစ္ဆာန်တွေရဲ့ တိုက်ခိုက်ခံရတာ ဒါမှမဟုတ် ထူးဆန်းတဲ့ အရာတွေကို ကြုံရတာမျိုး မဟုတ်ဘဲ သူတို့ကြုံတွေ့ခဲ့ရတာတွေက အရေးတကြီးနဲ့ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားတာ ဖြစ်နိုင်သည်။ အေးအေးဆေးဆေး တွေးပြီး ဆုံးဖြတ်ချက်ချဖို့ "မင်းရဲ့ဦးထုပ်ကို ချွတ်နိုင်တယ် အန္တရာယ်မရှိဘူး" ဒါမှမဟုတ် "မင်းဦးထုပ်ကို ချွတ်နိုင်တယ် ဒါကအန္တရာယ်ကို ထိန်းချုပ်နိုင်တယ်" လို့ အတွေးဝင်မိခဲ့တာ ဖြစ်နိုင်ပေသည်။
သေချာတာတစ်ခုက ဒီအဖြစ်အပျက်ဟာ အနီးအနားမှာ ဖြစ်ခဲ့တာပဲ ဖြစ်လိမ့်မယ်။ ဝူရှဲရဲ့ အဆင့်ဆင့် ခွဲခြမ်းစိတ်ဖြာမှုက ကျောက်စောင်းအောက်က ရေနက်တဲ့ ရှေးဟောင်းရွာကို ထပ်မံ ကြည့်လိုက်စေသည်။
အပျက်အစီးတွေထဲကနေ ထူးဆန်းတဲ့ အေးစက်မှုကို ခံစားလိုက်ရလေသည်။ သူတို့ ဒီရှေးဟောင်းရွာထဲမှာ ရှိနိုင်မလား။ သို့သော်လည်း ဤနေရာမှနေ၍ ချောက်နက်ထဲက ရွာထဲကို တစ်မိနစ်အတွင်း ရောက်ရန် မဖြစ်နိုင်ပေ။ ဦးထုပ်တွေကို ချွတ်ပြီး ဟိုအထိ ရေကူးသွားဖို့ ရူးနေသူသာ လုပ်ကြလိမ့်မယ်။ ဒါက ကိုယ့်ကိုကိုယ် သတ်သေတာပဲလေ။
အဲဒီတုန်းက အခင်းဖြစ်ပွားရာ နေရာကို ပြန်ကြည့်ဖို့ ကြိုးစားရမည်။ ဝူရှဲသည် ကြိုးကို ဖြည်ချနိုင်မယ့် နေရာ ဒါမှမဟုတ် ဖြတ်ကျော်ဖို့ ဦးထုပ်မဖြစ်မနေ ချွတ်ရမဲ့ နေရာ တစ်ခုခု ရှိမလား ရှာဖွေကြည့်သည်။ အောက်ဖက်၌ ကျောက်တုံး ကမ်းခြေများဖြင့် ဝန်းရံထားသောကြောင့် ဖြည်းညှင်းစွာ ကူးခတ်လာခဲ့သည်။
ဤနေရာရှိ အခြေအနေသည် အလွန်ရိုးရှင်းပြီး အားကောင်းသည့် ရှာဖွေရေး အလင်းရောင်နှင့် ရေငုပ်မျက်မှန်အောက်တွင် ရှင်းရှင်းလင်းလင်း မြင်နေရကြောင်း တွေ့ရှိရပါသည်။ ဖြစ်နိုင်သည့် တစ်ခုတည်းသော နေရာသည် ဆင်ကျုံးအစွန်းအနီး ကျောက်ဆောင် ကုန်းစောင်းအောက်တွင် ရှိပြီး အောက်ခြေအထိ နစ်မြုပ်သွားသည့် ပုပ်နေသော သစ်ပင်ကြီးများစွာလည်း ရှိသည်။
အဲဒီပုပ်နေတဲ့ သစ်ပင်တွေဟာ ဟိုတုန်းက ရွာပြင်က သစ်ပင်ကြီးတွေ ဖြစ်ရမည်။ အခု အကိုင်းအခက်နဲ့ အရွက်တွေ အကုန်လုံး ရွှံ့တွေကြောင့် ပုပ်ကုန်ပြီဖြစ်ကာ လုံးလုံးမပုပ်သေးတဲ့ ပင်စည်တွေပဲ ကျန်တော့၏။ ညှိုးနွမ်းနေသော ချုံပုတ်ကဲ့သို့ အကိုင်းအခက်ကြီးများ အစုလိုက်အပုံလိုက် ပြိုကျထားကာ မရေမတွက်နိုင်သော အကိုင်းအခက်များစွာကြောင့် ကျောက်တုံးများဟာ ရေထဲတွင် သံပုရာသီးများနှယ် ဖြစ်နေ၏။
ဖက်တီးသာ ထိုအထဲတွင် တစ်စုံတစ်ခု တွေ့ရှိပါက ကြိုးသည် အကိုင်းအခက်များတွင် အလွယ်တကူ ချည်နှောင်နိုင်သောကြောင့် အထဲသို့ မဝင်မီ ကြိုးကို ဖြည်နိုင်သည်။ အကြောင်းမှာ ကြိုးသည် အကိုင်းအခက်များကြား ရှုပ်ယှက်ခတ်နေပြီး မိုက်မဲသော ဦးထုပ်က သူ့ဦးခေါင်းကို ထိခိုက်စေမည့်ဘေးက တားဆီးနိုင်သောကြောင့် ဖြစ်သည်။
အဲဒါကို တွေးကြည့်တော့ ဝူရှဲ ရုတ်တရက် အေးခနဲ ဖြစ်သွားသလို ခံစားလိုက်ရသည်။ အရမ်းကြောက်စရာ ကောင်းတဲ့ အတွေးတစ်ခုက သူ့စိတ်ထဲမှာ ပေါ်လာခဲ့သည်။ အဲဒီအချိန်မှာ ဖက်တီးတစ်ယောက် အကိုင်းအခက်ထဲမှာ တစ်စုံတစ်ခုကို တွေ့လိုက်လို့ သူ့ဦးထုပ်နဲ့ ကြိုးကို ချွတ်လိုက်လိမ့်မည်။
အဲဒီ့အထဲမှာ ပိတ်မိနေတဲ့ ဖက်တီးကို ကယ်တင်ဖို့အတွက် မျက်နှာသေကလည်း သူ့ဦးထုပ်ကို ချွတ်လိုက်ပေမယ့် အထဲမှာ ပိတ်မိသွားပြီး နှစ်ယောက်စလုံး ရေနစ်သွားတာကြောင့် ထူးဆန်းတဲ့ ရလဒ်ကတော့ အလောင်းတွေ ပျောက်ဆုံးသွားခဲ့တာ ဖြစ်နိုင်ချေ ရှိသည်။
ဒီလိုသာဆိုရင် သူဟာ အလွန်ကြောက်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်။ နှစ်ပတ်ကြာအောင် ရေအောက်မှာ နစ်မြုပ်နေခဲ့တဲ့ သစ်ကိုင်းကြီးထဲမှာ သူတို့ရဲ့အလောင်းနှစ်လောင်းကို သူ မြင်ရလိမ့်မယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေ ပေါ်မလာရတဲ့ အကြောင်းရင်းကတော့ ဒီတစ္ဆေခြေသည်းနဲ့ တူတဲ့ အကိုင်းအခက်တွေထဲမှာ ပိတ်မိနေတာကြောင့် ဖြစ်နိုင်ပါ၏။
မကျော်သွားဝံ့ပေမယ့် ရွေးချယ်စရာ လမ်းလည်း မရှိတော့တာကြောင့် ထိုချုံပုတ်တွေနားသို့ ကူးခတ်လာခဲ့လေသည်။
ခပ်လှမ်းလှမ်းတွင် ပုပ်နေသော သစ်ပင်များ မျောပါသွားခဲ့ရာ အောက်ဘက်ရှိ ဘတ်စကက်ဘောကွင်းအရွယ် နေရာကို လှမ်းမြင်လိုက်ရသည်။ ဝူရှဲ အဲဒီအကိုင်းအခက်တွေကို ဖြတ်ပြီး ဓာတ်မီးထိုးကြည့်လိုက်သည်။ အလင်းက လင်းထိန်နေလို့ အဲဒီအထဲမှာ ပိတ်မိနေရင်တော့ သိကြားမင်းတောင် လွတ်မြောက်နိုင်မှာ မဟုတ်ချေ။
ထိုအကိုင်းအခက်များ ကြားတွင် တစ်စုံတစ်ယောက်က ၎င်းတို့ကို အတင်းချိုးဖျက်ခြင်းကြောင့် ဖြစ်ပုံရသည့် အပေါက်တစ်ခုကို တွေ့ရ၏။ မီးထိုးကြည့်တော့ ဖက်တီးနှင့် မျက်နှာသေတို့၏ အလောင်းများကို အထဲတွင် မတွေ့ရပေ။
ထပ်မံ၍ သေသေချာချာ လိုက်ရှာကြည့်ရင်း တကယ် မရှိဘူးလို့ အတည်ပြုနိုင်တော့မှ သက်ပြင်းချနိုင်ခဲ့သည်။ ဝူရှဲ သံမဏိသွားတွေကို ကိုက်လိုက်ပြီး သစ်ကိုင်းရဲ့ မျက်နှာပြင်အနီးနား ချဥ်းကပ်လာခဲ့သည်။ ဒီအကိုင်းအခက်တွေရဲ့ အနားကို ရောက်သွားတော့ ထိုအကိုင်းအခက်တွေ တော်တော်များများ ကျိုးသွားကာ ရွှံ့မှုန့်တွေနဲ့ ပုပ်ကုန်တော့မှာ သေချာသလောက်ပဲ ဆိုတာ တွေ့ရ၏။
လက်နှင့်ထိလျှင်ပင် အပိုင်းပိုင်းများစွာ ချိုးလို့ရနေပြီ။ အကိုင်းအခက်များ၏ ပုံသဏ္ဌာန်ကို ထိန်းထားနိုင်သေးသော်လည်း အလွန်ပါးလွှာသော ထုံးပိုက်များကဲ့သို့ အပြင်ဘက်တွင် ထုံးအလွှာပါးဖြင့် ထိန်းထားနိုင်သလိုသာ ရှိတော့သည်။ ထိုအရာသည် ခွန်အားကို မခံနိုင်ချေ။ ဒါကြောင့် လူ ပိတ်မိနေလျှင်ပင် အနည်းငယ် ရုန်းကန်ပြီးနောက် သံပုရာသီးလေးများ ကွဲသွားလိမ့်မည်။
ဤနေရာတွင် မရေမတွက်နိုင်သော ထုံးအပေါက်များနှင့် ကျိုးနေသော "ထုံးအကိုင်းအခက်များ" သည် ဖရိုဖရဲ ဝိုင်းအုံနေရာ ဖက်တီးက အရိုးစုများကို ရှာဖွေနေပေလိမ့်မည်။ ဝူရှဲ ရှာဖွေရေး မီးအလင်းရောင်ကို အနီးကပ် ယူဆောင်လာပြီး အောက်ကို ငုံ့ကြည့်သော်လည်း ထူးထူးခြားခြား မတွေ့ခဲ့ရပါ။ သူတို့ ဘာမှ မတွေ့ခဲ့တာ ထင်ရှားလေသည်။
ဒီအကြောင်းကြောင့် မဟုတ်ရင် ဒီနေရာမှာ ဘာဖြစ်ခဲ့တာလဲ နဲ့ ရေကန်အောက်ခြေမှာ ဘာကြောင့် ရုတ်တရက် ပျောက်ကွယ်သွားရတာလဲ ဆိုတာ အတိအကျ မသိနိုင်သေးပါဘူး။ ဤနေရာတွင် ရေကန်တစ္ဆေ တစ်မျိုးမျိုး ရှိနေတာလား။
အဲဒီအခိုက်အတန့်မှာ ဝူရှဲခမျာ ရေငုပ်ဝတ်စုံကို ချွတ်ပြီး ရယ်စရာကောင်းတဲ့ အရာကို မလုပ်မိအောင် ထိန်းထားနေရသည်။
ဤပုပ်နေသော သစ်ပင်များ အောက်က ရှေးကျသော ရွာကလေးသည် ငှက်မျက်စိဖြင့် မြင်နိုင်သမျှ ကြွေပြားများ မိုးထားသော်လည်း အတွင်းဘက်ကိုတော့ ရှာဖွေရန် မီးအလင်းရောင် အနည်းငယ်သာ လင်းပေးနေပါသည်။ သူသည် ရှေးခေတ်ရွာကို ကြည့်ရင်း ပိုတိတ်ဆိတ်ပြီး လေးနက်လာသည်။
စိတ်ကို ငြိမ်သက်သွားအောင် ထားပြီး နေရာတိုင်းကို လိုက်ရှာဖို့ ပြင်ဆင်ထားပေမယ့် ရှာဖွေမှု အလင်းရောင်က မှိတ်တုတ်မှိတ်တုတ်နဲ့ပဲ လင်းနိုင်သည်။ ထိုအခိုက် ဝူရှဲ ခေါင်းကို လှည့်ကြည့်လိုက်တော့ ရှေးဟောင်းရွာမှာ အပြောင်းအလဲ တစ်ခု ရှိနေတာကို ရုတ်တရက် ခံစားလိုက်ရသည်။ ရှေးရွာရဲ့ နက်နဲတဲ့ တစ်နေရာရာမှာ တစ်စုံတစ်ယောက်က မှိန်ပျပျနဲ့ အထီးကျန် မီးအိမ်တစ်ခုကို ထွန်းညှိထားသလို တစ်ချိန်တည်းမှာ ထူးဆန်းတဲ့ မီးစိမ်းတစ်ခု လင်းသွားခဲ့ပေ၏။
နက်ရှိုင်းသော ရေအောက်တွင် အပြာရောင် ထီးဆောင်းထားသည့် ဖော့စဖရပ်စ်မီးသည် မြူမှိုင်းနေသကဲ့သို့ မှိန်ပြပြလေးသာ။ ဝူရှဲ၏ ဦးနှောက်သည် ရုတ်တရက် လွတ်သွားကာ နှလုံးခုန်သံများလည်း မြန်လာကာ ရင်ဘတ်သည် အလွန်လေးလံနေပုံဖြင့် အသက်မရှူနိုင်အောင် ဖြစ်သွားသည်။
'ဘုရားရေ.. ဒါက ဘယ်လိုအလင်းမျိုးလဲ ဒီရှေးဟောင်းရွာမှာ တစ်ယောက်ယောက် ရှိနေတာလား?'
မျက်နှာသေနဲ့ ဖက်တီးတို့ အသက်ရှင်ရုံသာမက ဤရှေးဟောင်းရွာတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြခြင်း ဖြစ်နိုင်ပါသလား။
ဒါပေမဲ့ ဒီရေကန်ရဲ့ အောက်ခြေမှာ မီတာပေါင်းများစွာ နက်သည်။ နှစ်တစ်ထောင်နီးပါး နစ်မြုပ်နေခဲ့တဲ့ ရှေးဟောင်း ရွာလေးဟာ အောက်ဆီဂျင် မပါဘဲ ဒီလောက် အချိန်ကြာအောင် လူက ဘယ်လို ရှင်သန်နိုင်မလဲ။ လက်နှိပ်ဓာတ်မီးတောင်မှ နှစ်ပတ်ကြာရင် ဘက်ထရီကုန်သွားလိမ့်မယ်။
ဤအလင်းမျိုးသည် ဓာတ်မီး၏ အလင်းရောင် ကဲ့သို့မဟုတ်။ မီးအလင်းရောင်ကဲ့သို့ပင် ဖော်မပြနိုင်သော သရဲတစ္ဆေ မီးတောက်တစ်မျိုးလိုပင်။
အသက်ရှုကြပ်ရတဲ့ ခံစားချက်က ပိုပြင်းထန်လာသလို ရေကန်အောက်ခြေမှာ သေဆုံးသွားတဲ့ အပြစ်မဲ့ ဝိညာဉ်တွေဟာ မကျွတ်သေးဘဲ ရေကန်အောက်ခြေက အပျက်အစီးတွေထဲမှာ လှည့်လည်သွားလာနေကြပုံပဲလို့ပါ တွေးမိလာသည်။ အဲဒီနှစ်တုန်းက ယောင်အိမ်ရဲ့ အလင်းရောင်ဟာ မရဏကမ္ဘာနဲ့ လူ့ကမ္ဘာကြားက အတားအဆီးကို ဖြတ်ကျော်ပြီး မသေသူတွေကို တစ္ဆေဘုံဆီ ပြန်လမ်းပြနေတာလား။
နားမလည်နိုင်သော တွန်းအားတစ်ခုက ဝူရှဲအား ထိုအလင်းဆီသို့ ကူးခတ်သွားစေချင်သလိုမျိုး ခံစားလာရစေသည်။ အေးမြသော၊ မည်းမှောင်နေသော ရေကန်အောက်ခြေတွင် သို့မဟုတ် တောင်ပေါ်မှ အလင်းရောင်ကို ပျောက်ဆုံးနေသော လူတစ်ဦးကဲ့သို့ပင် မသိစိတ်က အလင်းဆီသို့ ကူးခတ်သွားချင်လာသည်။
သို့သော် ထိုအချိန်တွင် ဝူရှဲ့ စိတ်အားထက်သန်မှု တစ်ချက်နှင့် ရုတ်တရက် ဖက်တီးနဲ့ မျက်နှာသေတို့သည် ထိုအလင်းတန်းကို သူ့လိုပဲ မြင်လိုက်ရပြီး ကူးခတ်သွားခဲ့တာလား ဟူသည့် အတွေးက ပေါ်လာပေသည်။
ဒါက အဓိကအချက်လား။ ဒါဆို ဘာဆက်ဖြစ်သွားမလဲ။
မထင်ထားတဲ့ အဖြစ်အပျက်တွေကို ကြောက်တာကြောင့် ဝူရှဲ စိတ်ကို တင်းကျပ်ပြီး လှည့်မကြည့်ချင်တော့ပေ။ သို့သော် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် ရှာဖွေရေး မီးအလင်းရောင် တောက်ပလာသောအခါတွင် တခြား လှုပ်ရှားမှုကို မတွေ့ရတော့ပါ။
နောက်ပြန် လှည့်ကြည့်တော့ မီးအိမ်ရဲ့ အစိမ်းရောင်မီးက ပိုပိုပြီး တိမ်မြုပ်သွား၏။ ရုတ်တရက်ပင် ကျိုးကြောင်းဆီလျော်မှု မရှိသော ထိတ်လန့်မှု တစ်ခုက သူ့နှလုံးသားထဲ ပျံ့နှံ့လာသည်။