(27) ကိုယ့်ကိုကိုယ် မြင်နေရတယ်
Viewers 13k

DaoMuBiJi

Author - Nan Pai San Shu

Volume (8)

Chapter (27) 

ကိုယ့်ကိုကိုယ် မြင်နေရတယ်



ဝူရှဲ မျက်လုံးတွေကို မယုံနိုင်လောက်အောင် ပွတ်သပ်ပစ်သည်။ ဖက်တီးသာ မရှိ​နေဘူးဆိုရင် သေချာပေါက် အိပ်မက်မက်နေတယ်လို့ ထင်မိလိမ့်မည်။ သေသေချာချာ ပြန်ကြည့်လိုက်တော့ အဲဒီလူက ထွက်သွားပြီးဖြစ်ကာ လူအုပ်ထဲမှာ ရှာမတွေ့တော့ချေ။ 


သူ့အရမ်း စိတ်လှုပ်ရှားနေတာ ဖြစ်နိုင်တယ်လို့ တွေးနေချိန် ဖက်တီးကသူ့ကို ချုံပုတ်တွေထဲ တွန်းပို့နေသည်။ ဝူရှဲလည်း သူ့ကို မှန်ပြောင်းတွေ ပေးလိုက်ပြီး ကိုယ်တိုင် ကြည့်ခိုင်းလိုက်သည်။ 


ဝူရှဲဟာ အဲဒီအခိုက်အတန့်မှာ ထူးဆန်းသလို ခံစားခဲ့ရပေမယ့် ထိတ်လန့်တကြား ဖြစ်ပြီးနောက်မှာတော့ အံ့သြစရာ ကောင်းလောက်အောင် သူ့စိတ်က ငြိမ်သက်သွားခဲ့သည်။ 


ဒါက ယုံကြည်မှုမရှိတော့လို့ ငြိမ်သက်သွားတာမျိုး မဟုတ်ဘဲ လုံးဝ နားမလည်နိုင်သော ငြိမ်သက်မှုတစ်ခု ဖြစ်သည်။ အခုနက မြင်လိုက်ရသည့် မြင်ကွင်းက အလွန်ထူးဆန်းနေသဖြင့် ဦးနှောက်ထဲ မှတ်တမ်းတင်မထားခဲ့ပေ။


ဒီကောင်က ဘယ်သူလဲ။


လူတစ်ယောက်က သူ့မျက်နှာအကြောင်း တကယ်သိနိုင်ပါ့မလား။ ဒါက မေးစရာတစ်ခုပါပဲ။ မှန်ထဲမှာ ကြည့်လိုက်တဲ့အခါ မိမိကိုယ်တိုင် မြင်နေရတဲ့ မျက်နှာဟာ ပြီးပြည့်စုံတဲ့ ခံစားချက်တစ်ခုလား စဥ်းစားရဦးမည်။ အဘယ်ကြောင့်ဆိုသော် မိမိမျက်နှာက တခြားသူများ၏ အမြင်မှာ သုံးဖက်မြင်ဖြစ်သည်။ သို့သော် ဝူရှဲ၏ မျက်လုံးများသည် မှန်ပြောင်းမှ တစ်ဆင့် မျက်နှာ၏ ကွေးညွှတ်မှုကို အကန့်အသတ်ဖြင့်သာ မြင်နိုင်သည်။ 


ဒါ သူ့မျက်နှာ တကယ်ပဲလား။ မသေချာသေးချေ။ 


ဝူရှဲ အရမ်းတည်ငြိမ်နေပြီး ဖက်တီရဲ့ စောင့်ကြည့်မှု ရလဒ်တွေကို စောင့်နေပါ၏။ ဖက်တီးက ကြည့်နေပေမယ့် သူ့မျက်နှာမှာ အံ့သြသွားတဲ့ အရိပ်အမြွက်မျိုး မရှိပါဘူး။ သူက လဲလျောင်းပြီး ပြောလာသည်။ 


"တရုတ်လူမျိုးတွေ အများကြီးရှိပုံမပေါ်ပေမယ့် ရှင်းရှင်းလင်းလင်း မမြင်ရဘူး.... မည်းမှောင်နေတာပဲ မင်းဘာလုပ်ချင်လို့လဲ"


ဝူရှဲ :"အဲဒီအဖွဲ့ထဲမှာ အသိအကျွမ်း တစ်ယောက်ရှိမယ် ထင်တယ်" 


သူပြောလိုက်တာက အစောကကြားလိုက်ရတဲ့ အသံပဲ ဖြစ်ဖြစ်၊ မြင်တဲ့မျက်နှာပဲ ဖြစ်ဖြစ် အသိအကျွမ်း ရှိတယ်ဆိုတာ အမှန်ပဲလို့ ပြောချင်တာပါပဲ။ 


"မင်းမှာ အသိအကျွမ်းတွေ ရှိ​​သေးလို့လား.... ဖက်တီးငါ့မှာမှ အသိအကျွမ်းတွေ ရှိသေးတယ်... မင်းမှာ အသိအကျွမ်းတွေ ရှိရင် မင်းအိမ်ရှေ့မှာ လက်ဖက်ရည်ဆိုင် ဘာလို့ မဖွင့်ထားလဲ? အံ့သြလိုက်တာ"


"မင်းနဲ့ ငြင်းခုံဖို့ အချိန်မရှိဘူး! ထူးထူးဆန်းဆန်း တစ်ခုခု တွေ့ရလား" ဝူရှဲ တိုးတိုးလေး မေးလိုက်သည်။ 


ဖက်တီး: "ဒီအဖွဲ့မှာ လူအများကြီး မရှိပေမယ့် အပြည့်အစုံ တပ်ဆင်ထားတယ်... ဒါက ပုံမှန် အမေရိကန်ပုံစံ.. အားလုံးက စက်ပစ္စည်းတွေကိုပဲ အားကိုးပြီး လမ်းမှားကို သွားနေတာကနေ ပြန်လာနေကြတာ... သူတို့က တောင်ပေါ်ကနေ ထွက်လာတဲ့ အဖွဲ့တစ်ဖွဲ့ပဲ ဖြစ်မယ်...သူတို့အရင်က စခန်းဧရိယာကို ပြန်သွားတာ ငါတို့နဲ့ ပဋိပက္ခမရှိပါဘူး..."


ဝူရှဲ :"သေချာလား...ဘယ်လိုလုပ်မြင်လဲ"


"သေချာတာပေါ့၊ သူတို့ထွက်သွားတဲ့လမ်းကနေ အနောက်ဘက်ကို သွားမယ့် ချောင်းတစ်ခု ရှိတယ်လေ... ချောင်းလေးအတိုင်း လိုက်သွားပြီးရင် ရွာကိုရောက်ဖို့ ချောက်ကမ်းပါး နည်းနည်းလေး ဆင်းလိုက်ရုံပဲ... ချိုသဲ့ခေါင်က အဲဒီမှာ ကြိုးတွေချထားတယ်.... မင်းအချိန်ရရင် သွားကြည့် အရမ်းသာယာတဲ့လမ်းပဲ။ သူတို့ပစ္စည်းတွေ လျော့သွားတာကို မင်းတွေ့လိုက်တယ်မလား" 


ဝူရှဲ ခေါင်းညိတ်ပြပြီး စိတ်ထဲမှာ တုံ့ဆိုင်းသွားသည်။ ဒါမှမဟုတ် ဖက်တီးက အဲဒီလူကို မြင်ခွင့်ရဖို့ လက်လွတ်သွားခဲ့တာလား။ အတည်ပြုဖို့ ထပ်ကြည့်ရမလား။ မှန်မှန်ကန်ကန် စကန်ဖတ်လိုက်ရင် ဘာဖြစ်သွားမလဲ။ ထို့နောက် အရာအားလုံးက နားမလည်နိုင်လောက်အောင် ဆိုးရွားသော ဦးတည်ရာသို့ ရောက်သွားတော့သည်။


"ငဒူလေး မင်းဘာကိစ္စရှိလို့လဲ ခုနက မင်းကို စိတ်ရှုပ်စေတဲ့ အရာတစ်ခုခု တွေ့လိုက်လို့လား"


"မင်း...ငါနဲ့ တော်တော်တူတဲ့ လူတစ်ယောက်ကို တွေ့လိုက်လား"


ဖက်တီးက ဝူရှဲကို ကြည့်ပြီး "မင်းဆိုလိုတာက အခုမင်းနဲ့ အရမ်းဆင်တူတာလား ဒါမှမဟုတ် အရင်က မင်းနဲ့ အရမ်းတူတာလား"


ဝူရှဲလည်း မြင်ခဲ့တာကို ပြောပြတော့ သူက မျက်မှောင်ကြုတ်လေသည်။ 


"ငဒူလေး... မင်း ဒီလမ်းမှာ ဦးနှောက်ကိုများ အရိုက်ခံခဲ့ရ​သေးလား?"


ဝူရှဲ နည်းနည်း ဒေါသထွက်သွားသည်။ 


"ဖာ့ပဲ! ငါတို့နှစ်ယောက် တွဲနေတာ ဘယ်လောက်ကြာပြီလဲ.... ငါ့ရဲ့ ဆုံးဖြတ်နိုင်စွမ်းကို မင်းက သံသယဝင်နေသေးတာလား?"


ဖက်တီး: "မင်းနဲ့ အတူနေတာကြာပြီ ဆိုတော့ မင်းရဲ့စီရင်ဆုံးဖြတ်တာကို ငါမယုံဘူးလေ... သိပ်ဒုက္ခမပေးနဲ့ .... မဟုတ်ဘူး... စိတ်ထဲမထားနဲ့ မင်းမြင်တာမှားလို့ ဖြစ်မယ် ပြန်သွားတော့"


ဝူရှဲ အနည်းငယ် ချီတုံချတုံ ဖြစ်နေပေမယ့် ဖက်တီးက ဒါကို ပြောပြပြီးနောက်မှာ ဝူရှဲက တက်ပြီး စစ်ဆေးဖို့ လိုသေးကြောင်း ထပ်ပြောလိုက်သည်။ သူတို့ ငြင်းခုံ​နေကြတုန်းမှာပဲ ရုတ်တရက် သူတို့နောက်က ခြုံပုတ်ထဲက အသံတစ်ခု ထွက်ပေါ်လာပြီး ဖီပေါင်လည်း တက်လာသည်။ 


"သခင်သုံး....လောင်တ ငါလည်း လာပြီ!"


ဖက်တီး: "မင်းဒီမှာ ဘာလုပ်နေတာလဲ... လာမနှောက်ယှက်နဲ့ မင်းရဲ့သခင်သုံးနဲ့ ငါရဲ့ သီးသန့်စကားဝိုင်း"


"ငါ မင်းတို့ဆီက ပိုသင်ယူပြီး တိုးတက်ချင်လို့ လာခဲ့တာ... မင်းတို့နဲ့ ပိုလက်တွဲချင်လို့လေ... မဟုတ်ဘူးလား"


"ဒီကလေး ဘယ်တုန်းက မင်းရဲ့ငယ်သား ဖြစ်လာတာလဲ" 


ဝူရှဲ ဖက်တီးကို မေးလိုက်သည်။ 


"ဆွဲဆောင်မှုရှိတဲ့ ကိုယ်ရည်ကိုယ်သွေးပဲ" ဖက်တီးက ဖီပေါင်ကို ငုံ့ကြည့်ကာ။ 


"ဒီက ထွက်သွား... မနှောင့်ယှက်နဲ့ ဒီကအရာတွေကို လေ့လာနေလည်း အသုံးမဝင်ဘူး"


ဖီပေါင်: "တကယ်တော့ အစ်မရှို့က မင်းတို့ လူအင်အားမလုံလောက်မှာ ကြောက်လို့ ဆို​ပြီး လာကူညီပေးဖို့ တောင်းဆိုလိုက်တာ!" 


ဖက်တီး သူ့မျက်လုံးထဲမှာ တစ်ခုခုရှိနေသလိုပဲ ခဏလောက် စဉ်းစားပြီး ဝူရှဲကို ပြောလိုက်သည်။ 


"သူဒီမှာ ရှိနေပြီဆိုမှတော့ ​​ငါတို့သူ့ကို ငါတို့နောက်က လိုက်ကြည့်ဖို့ သဘောတူရတော့မှာပဲလေ...."


"ဘာလို့လဲ... နောက်တစ်ယောက် ပိုလာလည်း ဘာမှ မပြောင်းလဲဘူး..."


"သခင်သုံး.... ခင်ဗျား မြေအောက်မှာတော့ ကျွမ်းကျင်လိမ့်မယ် ဒီလို ခိုးကြောင်ခိုးဝှက်တွေကတော့ ဖက်တီး ကျုပ်ကမှ တကယ့်ကောင်ပဲ.... ငယ်ငယ်က ကြက်မတစ်ကောင်ကို ခွေးပေါက်တွေထဲမှာ ထည့်မိလို့ ပြေးဖူးတယ် ဆိုပေမယ့် ဒီလိုတောအုပ်မှာ ထိပ်တိုက်တွေ့တာကို ရှောင်ချင်ရင်တော့ ကျုပ်ရဲ့ အစီအစဉ်တွေကို နားထောင်ရမယ်"


ဝူရှဲလည်း သူ့ဦးလေးသုံးဟာ ငယ်ငယ်ကလည်း လူယုတ်မာတစ်ယောက်ပဲလို့ တွေးမိသည်။ ထို့အပြင် ဖက်တီးလို အသွင်အပြင်ရှိသော လူသည် ခွေးပေါက်​တွေ​ကြားထဲတွင် တွားသွားနိုင်ခဲ့တယ် ဆိုတော့ ထိုနေရာက ခွေးတစ်ကောင်ဟာ ဘယ်လောက် ကြီးမားလိုက်မလဲ။ ဒါပေမဲ့ အခု ဝူရှဲဟာ သူ့ဦးလေးရဲ့ အရေပြားမျက်နှာဖုံးကို ဝတ်ထားလို့ ဒီလိုအခြေအနေမျိုးနဲ့ ငယ်ငယ်ရွယ်ရွယ်တွေ ရှေ့မှာ ဒီလောက် အသည်းကွဲ​ပြ​နေဖို့က မဖြစ်နိုင်ချေ။ 


ဖက်တီးက သူ့ကို စကားပြီးသောအခါ ဖီပေါင်ဘက်သို့ လှည့်သွားသည်။ 


“ဘယ်ဘက်ကနေ ငါ့နောက်က လိုက်ခဲ့... အပေါ်က ကင်းသမားကိုလည်း သတိထား” 


ထို့နောက် ဝူရှဲကို ပြန်လှည့်ကြည့်လိုက်သည်။ 


"သခင်သုံးက အသက်ကြီးပြီ ကျုပ်နောက်ကပဲ လိုက်ခဲ့"


ဝူရှဲ တန်းစီပြတော့ ဖက်တီးက ခေါင်းညိတ်ပြသည်။ ဖက်တီးက ဦးတည်ရာကို ညွှန်ပြပြီး သုံးယောက်သား အရပ်တစ်ဝက်မြင့်သော ချုံပုတ်များတွင် မြှုပ်ထားသော ဦးခေါင်းများဖြင့် ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာကြသည်။


ဖီပေါင်က သူတို့နဲ့ ကွဲကွာနေပြီ။ အဲဒီအချိန်မှာ ဝူရှဲ ဖက်တီးကို ရှင်းရှင်းလင်းလင်း မေးလိုက်ချင်သည်။ သို့သော် ဖက်တီးက သူတို့ကို လှုပ်ရှားမှုများကို နှေးနှေးလုပ်ဖို့ လက်ဟန်ပြလာသည်။ 


ဖက်တီးရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာ မသိပေမယ့် ဖက်တီးရဲ့ အတွေးတွေက သူ သိသလောက်ဆိုရင်တော့ အမြဲတမ်း အဓိပ္ပာယ်တစ်ခုတော့ ရှိနေတတ်သည်။ ဒါနဲ့ ဝူရှဲလည်း သူ့စည်းချက်အတိုင်း ဖြည်းညှင်းစွာ နောက်ပြန်ဆုတ်လိုက်သည်။ ဖီပေါင်က သူတို့အနောက်ကနေ ဖြည်းဖြည်းချင်း လိုက်ရင်း အရှေ့ကို ပြေးတက်သွားတာကို စောင့်ကြည့်နေလိုက်သည်။ 


ဖက်တီး: "ဘယ်နားက လာကူညီတာလဲ.... ငါတို့ကိုစောင့်ကြည့်ဖို့ အဲဒီပုပ်ပွနေတဲ့ မိန်းမက လွှတ်လိုက်တာပဲ ဖြစ်မယ်" 


ဖက်တီးက တိုးတိုးလေး ရေရွတ်နေသည်။ 


"ဟမ့်.... သခင်ဖက်တီးက ဘယ်လို လက်ဆရှိလဲ မင်းကို ပြရသေးတာပေါ့"


ဖက်တီးဟာ ရှောင်ဟွားနဲ့ တခြားသူတွေကို စိတ်မချဘူးဆိုတာ သိထားတာကြောင့် ဝူရှဲ ဝင်မနှောင့်ယှက် ချင်တော့တဲ့အတွက် ဘာမှ မပြောဘဲ နေလိုက်သည်။ 


တောထဲက ချုံပုတ်တွေက အရမ်းစိမ်းလန်းနေသည်။ ခန္ဓာကိုယ်ပေါ်ရှိ ဆီးနံ့က သေးငယ်တဲ့ ပိုးကောင်တွေ အများကြီးကို စွဲဆောင်သွားသလို ခံစားလိုက်ရပေမယ့် ဖက်တီးရဲ့ အာရုံစူးစိုက်နေတဲ့ အမူအကျင့်ကို ကြည့်လိုက်တော့လည်း ဝူရှဲလည်း ငြိမ်သွား၏။ ဖက်တီးက သူ့အာရုံအားလုံးကို ဖီပေါင်က စွဲဆောင်သွားခဲ့ပြီး အခုလေးတင်က နောက်ပြောင်နေပုံနဲ့ လုံးဝ မတူတော့ချေ။ 


တစ်ချိန်တည်းမှာပဲ ဝူရှဲ စိတ်ထဲမှာလည်း သံသယစိတ်တွေ ပေါ်လာသည်။ ဖက်တီးရဲ့ အမူအရာက လေးနက်လွန်းနေသလိုပဲ။ ရံဖန်ရံခါ ပြက်လုံးတွေ ပြနေတတ်တဲ့ သူ့မျက်လုံးတွေရဲ့ ယခုလိုလေးနက်မှုဟာ အရင်ကပုံနဲ့ လုံးဝ မတူ​တော့သလို ခံစားရစေသည်။ 


အခုနတုန်းက ဖက်တီးတစ်ယောက် သူနဲ့ စကားပြောနေတဲ့အချိန်မှာ ဘာမှ သိပ်ဂရုမစိုက်ခဲ့ဘူး ဆိုတာ အသိသာကြီးပါ။ ဖက်တီးအမူအရာက သူ့ရှေ့မှာ ဖြစ်ပျက်နေတာတွေကို အရမ်းစိတ်ရှုပ်​နေသလို ခံစားရစေသည်။ သူ အခုနက တစ်ခုခုကို မြင်လိုက်ပေမယ့် မမြင်ချင်ယောင်ဆောင်​​နေခဲ့ပြီး မိမိ စိုးရိမ်မရအောင် လုပ်နေသလိုပင်။ 


ဖက်တီးမှာ ဒီလို စရိုက်မျိုး ဘယ်တုန်းက ပေါ်လာတာလဲ။ မဖြစ်နိုင်ဘူး။ သူက ဝူရှဲတို့ စိတ်ဆိုးနေတာမြင်ရရင် ပျော်နေတတ်သူ မဟုတ်ပါလား။ 


ဖီပေါင်နောက်ကို ဆယ်မိနစ်လောက် လိုက်ခဲ့ကြသည်။ ထိုအချိန်တွင် သူတို့သည် ဖီပေါင်နဲ့ ဆယ်မီတာကျော်လောက် ကွာသွားပြီး ဖက်တီးကလည်း အစောက အမူအရာကို ဆက်လက်ထိန်းသိမ်းထားဆဲ။ သူက ဖီပေါင်နောက်ဆက်လိုက်ရန် ငြင်းဆိုနေတာ ဖြစ်သည်။


နောက်ဆုံးတော့ ဝူရှဲ သည်းမခံနိုင်တော့ဘဲ ဖက်တီးဘက် လှည့်ပြောလိုက်၏။ 


"မင်း တကယ်ပဲ ဘာလုပ်ချင်​နေတာလဲ... ဒီအတိုင်း ဆက်လုပ်နေရင် ငါတို့သူ့​ကို ​မျက်ခြေပြတ်ပြီး ဘာမှတောင် မြင်ရမှာ မဟုတ်ဘူး" 


ဖက်တီးလည်း ချက်ချင်း ထကြွပြီး ဝူရှဲကို သူ့အနား ဆွဲခေါ်လိုက်သည်။ 


“လိုက်တာက အဓိက ရည်ရွယ်ချက်မဟုတ်ဘူးကွ...အဓိက ရည်ရွယ်ချက်က ရှင်းရှင်းလင်းလင်း မြင်နေရဖို့ပဲ” 


ဝူရှဲလည်း တိုးတိုးလေး ပြန်ပြောလိုက်သည်။ 


"ဒီလောက် ဝေးနေတာကို မင်း ရှင်းရှင်းလင်းလင်း မြင်ရလို့လား"


ရုတ်တရက် ဝီစီသံတစ်သံ ကြားလိုက်ရ၏။ သတိပေးတဲ့ ဝီစီသံ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာချိန်မှာတော့ ဖက်တီးက စကားစလုဆဲဆဲတောင် ဖြစ်နေပြီ။ 


မီးအလင်းရောင်က ဖီ​ပေါင်ရဲ့နေရာကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် ဖီပေါင်ရဲ့ ရွေ့လျားမှုကလည်း ရပ်တန့်သွားသည်။ ဝူရှဲလည်း ဖက်တီးနဲ့အတူ ချက်ချင်း မော့ကြည့်လိုက်တော့ ထိုအဖွဲ့ရှိရာဘက်၌ ရုန်းရင်းဆန်ခတ် ဖြစ်သွားတာကို တွေ့လိုက်ရ၏။ ထိုအခါ ဖက်တီးက ခေါင်းညိတ်ကာ။ 


"အင်း.... အခု အကုန်လုံးက လှည့်ကြည့်လိုက်​ပြီ ဆိုတော့ ငါတို့ ရှင်းရှင်းလင်းလင်း မြင်ရပြီ မဟုတ်ဘူးလား"


ဖက်တီးက ဖီပေါင်ကို ငါးစာအဖြစ် သုံးနေတာလို့ ကိုယ့်ဘာသာကိုပဲ တွေးလိုက်မိတော့သည်။ ထိုစဥ် အဝေးက သစ်ပင်တစ်ပင်မှ အလင်းတန်းတစ်ခုက မြက်ခင်းပြင်ပေါ် အလှည့်ကျ ရွေ့လျားနေ၏။ သစ်ပင်ပေါ်က ကင်းသမားရဲ့ လေဆာမြင်ကွင်းက မြက်ခင်းထဲမှာ ဖီပေါင် ဘယ်လောက်ပဲ ပြေးနေပါစေ လေဆာမီးက သူ့နောက်ကို ထပ်ကြပ်မကွာ လိုက်နေသည်။ တကယ့် ဆရာကြီးလိုပင်။ 


"ဒီကောင်လေးက တွင်းတူးတာ အဆင်ပြေသားပဲ... သူ့ကိုယ်သူ အခြေအနေကို စောင့်ကြည့်ဖို့လည်း အရမ်းသွက်တယ် ဇာတ်ကွက်ကြီးတွေမှာတော့ အတွေ့အကြုံလည်း မရှိဘူး... ချိုသဲ့ခေါင် ဒီတစ်ခေါက် ခေါ်လာတဲ့ ကင်းထောက်တွေ အကုန်လုံးက အရမ်းကို အစွမ်းထက်တယ် ငါ ဖီပေါင်ကို ပြလိုက်တဲ့ နေရာက ကင်းစောင့်တွေရဲ့ သော့ချက်​​နေရာပဲ"


ဝူရှဲ: "မင်း သူ့ကိုသတ်ဖို့ ကြိုးစား​နေတာလား"


"မဟုတ်တာ...အဲ့နိုင်ငံခြားသားတွေက ပတ်ဝန်းကျင်နဲ့ အရမ်းသဟဇာတ ဖြစ်နေကြတာ သေနတ်တွေ၊ ရော်ဘာကျည်ဆန်တွေ ပြည့်နေတာတောင် လွယ်လွယ်နဲ့ မပစ်ဘူး... အခုလေးတင် ပစ်လိုက်တာက ဖီပေါင်ကို အာရုံစိုက်ပြီး စမ်းသပ်ဖို့ ရှေ့ကလူတွေကို သတိပေးရုံပဲ... ရည်ရွယ်ချက်က လူလား သားရဲလား စမ်းကြည့်တာ... ကျည်အစစ်သာဆိုရင် မြေအောက်ရောက်မှ သုံးကြမှာလေ... ဒီမှာဆို အကောင်းဆုံး ကျည်ဆန်တွေ ဆုံးရှုံးသွားမှာ မဟုတ်ဘူးလား"


ဝူရှဲ ဖက်တီးကို ကြည့်ပြီး အသံတိတ်သွားသည်။ သူ့မှာ ဒီလို အတွေးမျိုး ရှိနေမယ်လို့ မမျှော်လင့်ထားပါဘူး။


“ဒီလိုဖက်တီးမျိုး တစ်ခါမှ မမြင်ဖူးဘူးမလား” 


ဝူရှဲ တကယ် ခေါင်းခါပြလိုက်သည်။ 


"မင်း မကြာသေးခင်ကမှ ဉာဏ်ကောင်းလွန်းလာတယ်... မင်း ဒီလောက် ဉာဏ်ကောင်း​နေတာ ငါ တစ်ခါမှ မမြင်ဖူးဘူး"


"အရင်တုန်းက ငါက ရက်စက်တတ်သလိုမျိုး မဟုတ်ဘူးမလား... ဒါပေမဲ့ အဲဒါက အဓိပ္ပာယ်မဲ့တဲ့ ဘဝတစ်ခုပဲကွ... အခု မင်းတစ်ယောက်တည်းပဲ ရှိတယ် ငါ မင်းကိုပဲယုံကြည်လို့ မင်းကို ပိုထက်မြက်လာအောင် မကူညီ​ပေးရင် ငါတို့ရဲ့ဆက်ဆံရေးကို ဘယ်လိုလုပ် ဆက်နိုင်မှာလဲ"


ပြောပြီး ဖက်တီးက အရှေ့ကို ညွှန်ပြသည်။ 


"သွားကြရအောင်.... ဖီပေါင်က သူတို့အာရုံကို ဆွဲဆောင်ထားပြီဆိုတော့ ငါတို့ အနီးကပ် သွားကြည့်ကြမယ်"


ဖီပေါင်ကို လူတွေက အမြန်ဝိုင်းလာကြတာကို ကြည့်ပြီး ဖက်တီးက သူ့ကို အမြန်ဆွဲထုတ်သွားလေသည်။ ဝူရှဲလည်း စိတ်ထဲမှသာ သက်ပြင်းချလိုက်ရ၏။ 


လူတွေဟာ အမြဲတမ်း အာရုံစူးစိုက်မှုတစ်ခု ရှိနေရင် တကယ့်အန္တရာယ်ကိုတော့ လျစ်လျူရှုတတ်ကြသည်။ ဖက်တီးက လမ်းကြောင်းကို အထူးရွေးချယ်တတ်သူပါပဲ။ သူ ဓာတ်မီးမလင်းနိုင်တဲ့ နေရာတွေကိုရွေးပြီး ရှေ့ကို တရွေ့ရွေ့ လျှောက်သွားနိုင်အောင် ကြိုးစားနေသည်။ ချိုသဲ့ခေါင်တို့ စခန်းကလူတွေဟာ တစ်နေရာတည်းတွင် စုရုံးနေပြီး ဖီပေါင် ဆူညံနေမှာကိုလည်း စိုးရိမ်စရာမလိုပေ။ ဖီပေါင်ဟာ အမှောင်ထဲတွင် အလွန်လျင်မြန်စွာ လှုပ်ရှားနေပါ၏။


ဖက်တီးက ရပ်တန့်ဖို့ ဆွဲခေါ်လာသောအခါတွင် မိမိတို့က သူတို့နှင့် အလွန်နီးကပ်နေပြီ ဖြစ်သည်။ သူတို့အနား ဒီလောက်နီးနီးလေး ရောက်သွားတဲ့အထိ လိုက်လာခဲ့မိမှန်း ဝူရှဲကိုယ်တိုင်လည်း မသိခဲ့ချေ။ 


ဖက်တီး :"ငါတို့ အခု အပြင်ထွက်ရင်တောင် သူတို့ဘက်က ပုံမှန်မဟုတ်တာကို ဘာမှ မတွေ့နိုင်လောက်ဘူး.... ဟုတ်ပြီ ရှာကြည့်ရအောင် မင်းပြောတဲ့လူက ဘယ်မှာလဲ"


ဝူရှဲ တယ်လီစကုပ်ကို ကိုင်ပြီး လူအုပ်ထဲမှာ မြင်ချင်နေတဲ့သူကို လိုက်ရှာကြည့်သည်။ ဓာတ်မီးရဲ့ ရောင်ပြန်ဟပ်တဲ့ အလင်းရောင်တချို့ ရှိနေတော့ တစ်ယောက်ပြီးတစ်ယောက် ရှာနေရတာမို့ ရှာက ခက်သွားသည်။ 


ဒီတစ်ခါ ကြည့်လိုက်တော့ ဓာတ်မီးရဲ့ ရောင်ပြန်ဟပ်မှုတွေ ရှိနေပေမယ့် အခုနတုန်းက မှန်မှန်ကန်ကန် ကြည့်မိထားတဲ့အတွက် အေးစက်တဲ့ ခံစားချက်ကို ခံစားမိနေတုန်းပါပဲ။


သူ အမြင်မှားတာ မဟုတ်ချေ။ သူနဲ့ တော်တော်တူတဲ့ မျက်နှာတစ်ခုကို မြင်လိုက်ရပါပြီ။