အပိုင်း ( ၂ ) - သူ့နှလုံးသားက အကြောင်းပြချက် မရှိပါဘဲ နာကျင်နေသည်။
ချင်လိမှ သင်တန်းချိန်ပြီးဆုံးကြောင်း ကြေညာပြီး မကြာမီမှာပင် ဟော့ကျိုးသည် စန္ဒယား အတန်းတံခါးအား စိတ်အားထက်သန်စွာ တွန်းဖွင့်လိုက်သည်။
စန္ဒယားဘေးတွင် ထိုင်နေသည့် ချောင်ကွမ်းယွီသည် သူ့အားမြင်လိုက်ရသည့်အချိန်၌ တစ်ကိုယ်လုံး ပျော်ရွှင်မှုဖြင့် လင်းလက်သွားသယောင်ရှိသည်။
သို့သော် သူသည် ထိုနေရာ၌ ထိုင်လျက်ပင်ရှိကာ သူ့ကိုယ်သူ ထိန်းချုပ်ထားပြီး သူ၏ မျက်လုံးများကသာ ပျော်ရွှင်မှုနှင့် တောက်ပမှုကို ပြသနေ၏။ သူ၏ လေသံမှာ နူးညံ့စွာ ထွက်လာသည်။
“... ခင်ဗျား လာပြီပဲ”
ဟော့ကျိုးသည် ချင်လိအား ခေါင်းညိတ်ပြလိုက်ရာ ချင်လိသည် သတိရှိရှိဖြင့် ဂီတစာရွက်အား သိမ်းဆည်းပြီး ထွက်သွားသည်။ ထိုအခါမှသာ ဟော့ကျိုးသည် ချောင်ကွမ်းယွီထံ ချဉ်းကပ်လျက် ခေါင်းအားငုံ့လိုက်ပြီး နမ်းတော့မည့်သယောင် လုပ်လိုက်သည်။
ချောင်ကွမ်းယွီသည် အချိန်ကိုက်ပင် မျက်လုံးများအား မှိတ်လိုက်ပြီး နှုတ်ခမ်းများအား အနည်းငယ် ဟလိုက်သည်။ တုန်ယင်နေသည့် မျက်တောင်များက သူ့စိတ်ထဲမှ စိုးရိမ်နေသည့် ခံစားချက်ကို ဖော်ပြနေသည်။
ဟော့ကျိုး၏ အကြည့်သည် ခဏတာမျှ မှောင်မိုက်သွားပြီးနောက် သူ၏ခန္ဓာကိုယ်အား မတ်လိုက်ပြီး ပြုံးရယ်လျက် ချောင်ကွမ်းယွီ၏ ခေါင်းအား ပုတ်လိုက်သည်။
“ဒီနေ့ ဘယ်လိုနေလဲ”
‘ဘယ်လိုနေလဲဟုတ်လား အကုန်လုံးမြင်ပြီးသွားပြီ မဟုတ်ဘူးလား’
ချောင်ကွမ်းယွီသည် စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်သည်။
သူသည် ဟော့သူဌေးက လရောင်ဖြူလေး ပြန်လာပြီဖြစ်ကြောင်း သိသည့်အခါ၌ ပို၍ပင် ထိန်းချုပ်လာမည်လားဟု တွေးမိသေးသည်။ ယခင်က စိတ်လှုပ်ရှားသည့်အချိန်များတွင် တစ်ခါတစ်ရံ နမ်းရှိုက်တတ်သေး၏။ ယခုအချိန်၌တော့ နမ်းရန်ပင် အဆင်မပြေတော့ပုံရသည်။
မနမ်းခဲ့သည်က တော်သေးသည်ဟု ပြောရမည်ပင်။ သူ မနက်ပိုင်း၌ ပုစွန်ဖက်ထုပ် အတော်များများ စားထားခဲ့သည်။ သူ၏ပါးစပ်တစ်ခုလုံး၌ ပုစွန်အရသာ ထွက်နေသည်အား ဟော့ကျိုး သတိထားမိမည်ကို စိုးရိမ်နေခဲ့သည်။
သူက အပြစ်ကင်းပြီး ကလေးဆန်သော အမူအရာအား တပ်ဆင်လိုက်ကာ ဟော့ကျိုးအား ပြန်ဖြေခဲ့သည်။
“အဆင်ပြေပါတယ်…ကျွန်တော် ဒုတိယပိုင်းနဲ့ တတိယပိုင်းကို ပြီးအောင် သင်ယူပြီးသွားပြီ၊ ဆရာမချင် ပြောတာကတော့ ကျွန်တော် ဒီသီချင်းကို လာမယ့်အပတ်ရဲ့ အစောပိုင်းမှာ အပြီးသင်နိုင်လောက်တယ်တဲ့”
ဟော့ကျိုးသည် သူ၏ နာခံမှုရှိသည့်ပုံစံအား ကျေနပ်ပုံရပြီး ခေါင်းညိတ်ပြလျက် ထပ်လောင်းပြောကြားလာသည်။
“အဲဒီအချိန်ကျရင် ကိုယ့်ကို တီးပြပါဦး”
“ဟုတ်ကဲ့”
ချောင်ကွမ်းယွီ မျက်တောင်ခတ်ကာ ပြုံးလိုက်သည်။
“ခင်ဗျားကို မတီးပြရင် တခြားဘယ်သူ့ကိုများ တီးပြရမလဲ…ခင်ဗျားက ကျွန်တော့်ရဲ့ တစ်ဦးတည်းသော ပရိသတ်ပဲ”
ဟော့ကျိုးလည်း ပြုံးလိုက်ပြီး သူ၏လက်အား ကိုင်လျက် ဂီတသင်တန်းမှ ထွက်ခွာလာခဲ့သည်။ ချွမ်ချွမ်သည် ကားဘေးတွင်ရပ်လျက် သူတို့အား စောင့်နေသည်။ ဤတစ်ချိန်လုံး သူသည် ချောင်ကွမ်းယွီအား တစ်ချက်မျှ မကြည့်ခဲ့ဘဲ မျက်နှာ၌လည်း မည်သည့်ခံစားချက်ကိုမျှ မပြခဲ့ပါပေ။
ချွမ်ချွမ်သည် ကားမောင်းနေပြီး ချောင်ကွမ်းယွီနှင့် ဟော့ကျိုးတို့သည် နောက်ခန်း၌ ထိုင်ခဲ့ကြသည်။ ဟော့ကျိုးသည် ချောင်ကွမ်းယွီ၏ လက်အားကိုင်လျက် သူ၏ ပေါင်ပေါ်တွင် တင်လိုက်ကာ လက်ဖမိုးအား ဖွဖွလေးပုတ်ပြီး ညင်သာစွာ ပွတ်သပ်ပေးနေသည်။
“Black Rose ကို သွား"
“ဟုတ်ကဲ့ မစ္စတာဟော့”
ချွမ်ချွမ်သည် သူ နံနက်အစောကတည်းက စားပွဲ ကြိုတင်မှာယူထားပြီးဖြစ်သော ပြင်သစ်စားသောက်ဆိုင်သို့ ကားမောင်းသွားလိုက်သည်။
ချောင်ကွမ်းယွီက စားသောက်ဆိုင်နာမည်အား ကြားလိုက်ရသောအချိန်၌ မျက်လုံးများ လှုပ်ရှားသွားသည်။ ဤအမည်ကိုကြားတိုင်း သူ အနည်းငယ် ကျင့်သားမရ ဖြစ်နေတတ်သည်။
တက္ကသိုလ်အဆောင်နေစဉ်က အတန်းဖော်အချို့သည် လူကြီးဟာသများ ပြောရသည်ကို ကြိုက်ကြသည်။ အချို့က ခန္ဓာကိုယ်၏ အစိတ်အပိုင်းများအား နှင်းဆီများနှင့် နှိုင်းယှဉ်ရသည်ကို သဘောတွေ့ကြပြီး နှင်းဆီနက်... ဆိုသည့် အဓိပ္ပာယ်မှာ အတော်လေး ရှင်းလင်းစွာပင် နှိုင်းယှဉ်ခံရ၏။
( T/N လူကြီးဟာသ= dirty jokes )
သူက ချွမ်ချွမ်ကိုလည်း ထိုလူကြီးဟာသအား ပြောပြဖူးသည်။ သို့သော် ချွမ်ချွမ်က သိသည်ဆိုလျှင်ပင် ထိုသို့သော ဆန်းကြယ်သည့်အမည်အား တည်ငြိမ်စွာ ဖော်ပြနိုင်ဆဲဖြစ်သည်။
ချောင်ကွမ်းယွီသည် ဟော့ကျိုးအား နောက်တစ်ကြိမ် ကြည့်လိုက်သည်။
အင်း… သူဌေးက သူတို့လို သာမန်လူတွေရဲ့ ပေါ့ပြက်ပြက်အတွေးတွေကို နားမလည်နိုင်တာ သေချာတယ်။
ဟော့ကျိုးသည် အသက်သုံးဆယ်အရွယ် လူတစ်ယောက်နှင့်ပင် မတူချေ။ သူသည် အမြဲတမ်းလိုလို ဒီဇိုင်နာချုပ်၀တ်စုံများအား ဝတ်ဆင်လေ့ရှိပြီး အနက်ရောင်သီးသန့်ကို ရှောင်လျက် နက်ပြာရောင်နှင့် အပြာရင့်ရောင် သို့မဟုတ် တစ်ခါတစ်ရံတွင် မီးခိုးရောင် ရင့်ရင့်အား ရွေးချယ်တတ်သည်။ သူ၏ ဝတ်စုံပုံစံများသည်လည်း တစ်စုံနှင့်တစ်စုံ ထပ်သည်ဟူ၍ မရှိပေ။
သူသည် သေသပ်စွာ ဝတ်ဆင်တတ်ရုံသာမက အစားအသောက်တွင်လည်း ထူးကဲသည့်အရသာ ရှိသည်။ သူက ရုပ်မဆိုးသည့်အပြင် လုပ်ငန်းခွင်၌လည်း အောင်မြင်သူဖြစ်သည်။ အကယ်၍ သူသာ လုံးဝကွေးမနေခဲ့ပါက သူ့အား သားသမက်တော်ချင်သူများ တစ်သီတစ်တန်းကြီး ရှိနေပေလိမ့်မည်။
ထိုသို့ဆို၍ ဤနှစ်များအတွင်း ပိုးဖလံများပမာ သူ့အား ချဉ်းကပ်လာသည့် အမျိုးသား၊အမျိုးသမီးများလည်း မရှားခဲ့ပါပေ။ ချောင်ကွမ်းယွီသည်လည်း ထိုသူများထံမှ မနာလိုမုန်းတီးသည့် အကြည့်များစွာကို လက်ခံရရှိခဲ့သည်။
အတွင်းရေးမှူးချွမ်သည် တည်ငြိမ်စွာ ကားမောင်းခဲ့သည်။
“ရောက်ပါပြီ…ကျေးဇူးပြုပြီး ကားပေါ်က ဆင်းပါ”
သူက ရောက်ရှိကြောင်း သတိပေးလာချိန်တွင်တောင်မှ ချောင်ကွမ်းယွီသည် မတုံ့ပြန်နိုင်သေးချေ။ နောက်ဆုံး၌ ဟော့ကျိုးက သူ့အား ကားပေါ်မှ ဆွဲထုတ်လိုက်မှသာ ဟော့ကျိုးသည် သူ့လက်အား အချိန်ပြည့် ကိုင်ထားခဲ့သည်ဖြစ်ကြောင်း သဘောပေါက်တော့သည်။ လရောင်ဖြူလေးကဲ့သို့ စန္ဒယားတီးနိုင်သည့် ထိုလက်များအား ဤသူသည် မည်မျှ ဇွဲရှိရှိ ကိုင်ထားခဲ့ပါသနည်း။
ဟော့ကျိုးသည် ချောင်ကွမ်းယွီအား ပြတင်းပေါက်ဘေး ရှုခင်းကြည့်နိုင်သည့် စားပွဲသို့ ခေါ်သွားပြီး ချွမ်ချွမ်သည် လိမ္မာပါးနပ်စွာ ထွက်ခွာသွားလျက် နှစ်ယောက်သား အစာစားပြီးသည့် အချိန်တွင်မှ ပြန်လာရန် စီစဉ်တွက်ချက်ခဲ့သည်။
ပုံမှန်ယူနီဖောင်း၀တ်ဆင်ထားသော စားပွဲထိုးတစ်ဦးရောက်လာပြီးနောက် သူတို့အား ဘာမှာချင်သလဲဟု မေးလာသည်။
“ဘာတွေ အကြံပြုချင်လဲ”
ဟော့ကျိုးသည် စာရင်းအား ပေါ့ပါးစွာ လှန်ကြည့်သည်။
“ဒီနေ့ အကြံပြုထားတဲ့ ဟင်းလျာကတော့ ပြင်သစ်စတိုင် မီးဖုတ်ထားတဲ့ ပုစွန်ထုပ်ပါပဲ...”
စာပွဲထိုးက အဖြေပေးလာခဲ့သည်။
ချောင်ကွမ်းယွီသည် တိတ်တဆိတ် သွားရည်များကို မျိုချလိုက်ပြီး ပုစွန်ထုပ်သည် မည်မျှ ကောင်း၍ တစ်ကိုက်ချင်းစီတွင် အသားပြည့်နေကာ မည်မျှကျေနပ်စရာကောင်းမည်နည်းဟု တွေးလိုက်မိသည်။
သို့သော် သူသည် နှမြောသည့်ပုံစံကိုသာ ဖော်ပြနိုင်ခဲ့ပြီး စိတ်ထဲတွင်တော့ သွေးအန်နေခဲ့သည်။
"စိတ်မရှိပါနဲ့ ကျွန်တော်က ပင်လယ်စာနဲ့ မတည့်ဘူး”
ချွမ်ချွမ် တစ်ချိန်တုန်းက ပြောခဲ့ဖူးသည်မှာ သူဌေးအား သူဘာသာသူ မှတ်မိအောင် မစောင့်သင့်ဘဲ အစားထိုးတစ်ယောက်၏ ကျွမ်းကျင်မှုအနေဖြင့် လရောင်ဖြူလေး၏ အမူအကျင့်များအတိုင်း အမြဲတမ်း သတိပေးသင့်သည်ဟု ဆိုသည်။
စားပွဲထိုးသည် ချက်ချင်းနားလည်သွားပြီး အခြားဟင်းလျာ အနည်းငယ်ကို အကြံပြုလာသည်။
၎င်းတို့ထဲတွင် ခရုကောင်သည် လရောင်ဖြူလေး၏ စိတ်နေစိတ်ထားအရ မှာယူမည့်အရာ မဟုတ်ပေ။ ကမာကောင်နှင့် ပင်လယ်ခုံးကောင်များသည်လည်း မဖြစ်နိုင်သည့်အတွက် နောက်ဆုံး၌ အမဲသားနှင့် ဘဲရင်ပုံသားကိုသာ မှာယူနိုင်ခဲ့သည်။
ပြင်သစ်အစားအစာသည် သိမ်မွေ့မှုအား အလေးပေးပြီး ပမာဏများမှာ ချောင်ကွမ်းယွီ၏ အစာစားချင်စိတ်အား ကျေနပ်စေရန် မလုံလောက်ပါပေ။
သို့သော် သူသည် ပြုံးရုံသာ ပြုံးနိုင်ခဲ့သည်။
“ဒါတွေပါပဲ…ဝိုင်နီတစ်ပုလင်းပါ ထပ်ယူလာပေးပါ”
ထို့နောက် အစာစားနေစဉ်အတွင်း သူသည် ကိုယ့်ကိုကိုယ် ထိန်းချုပ်ပြီး အရက်ပါဝင်မှုနည်းသည့် ဝိုင်နီအနည်းငယ်ကိုသာ သောက်ခဲ့သည်။
ချောင်ကွမ်းယွီသည် ပင်လယ်စာနှင့် မတည့်သည်မျိုး မရှိသော်လည်း အရက်နှင့် မတည့်ပေ။ သူ၏ ဓာတ်မတည့်မှု တုံ့ပြန်ချက်များသည် အခြားသူများကဲ့သို့ အဖုအပိမ့် ထွက်ခြင်းမျိုး မဟုတ်သော်လည်း သူက ဆက်တိုက် ဖျားနေလိမ့်မည်။
အချုပ်အားဖြင့် သူ အရက်သောက်တိုင်း တစ်ပတ်လုံး ဖျားနေတတ်သည်။ ထိုအရာသည် အလေးအနက် မရှိပုံရသော်လည်း ကြာရှည်စွာ ဆက်ဖြစ်နေပါက သူ၏ ကိုယ်တွင်းအင်္ဂါများနှင့် ကိုယ်ခံစွမ်းအားစနစ်ကို ထိခိုက်စေလိမ့်မည်ဟု ဆရာ၀န်က သတိပေးခဲ့သည်။
ထို့ကြောင့် သူ ဟော့ကျိုးနှင့် အတူရှိသည့်အခါတိုင်း ဆိုဖိုရာ၊ ရှားစောင်း၊ မယ်ဇလီ၊ ရှစ်စန်းဒရာ၊ လိမ္မော်ခွံနှင့် သစ်သီးတို့ကဲ့သို့ ဆေးဖက်ဝင်အပင်များမှ ပြုလုပ်ထားသည့် ဆေးပြားများ ပါဝင်သည့် ဆေးပုလင်းငယ် တစ်ခုအား အမြဲတမ်း ယူဆောင်သွားလေ့ရှိပြီး ၎င်းတို့သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အရက်အား ထိရောက်စွာ ဖယ်ရှားပေးနိုင်စွမ်း ရှိသည်။
ဤဆေးညွှန်းကိုလည်း ချွမ်ချွမ်မှ ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ဟော့ကျိုးသည် ဤအကြောင်းကို မသိပေ။
ချောင်ကွမ်းယွီသည် ဆေးသောက်သည့်အခါတိုင်း ဟော့ကျိုး၏ အကြည့်အား ရှောင်ရှားရမည် ဖြစ်သောကြောင့် အိမ်သာသွားရန် အကြောင်းပြချက် ပေးလိုက်သည်။
အဆင့်မြင့်စားသောက်ဆိုင်များရှိ အိမ်သာများသည် တန်းစီစောင့်ဆိုင်းရန် မလိုအပ်သည်မှာ သေချာသည်။ လုံခြုံစေရန်အတွက် ချောင်ကွမ်းယွီသည် အိမ်သာခန်းထဲတွင် ပုန်းအောင်းလျက် ဆေးအား သောက်လိုက်သည်။
သူ ထွက်လာသည့်အခါ၌ အိမ်သာထဲတွင် အခြားလူတစ်ယောက်အား တွေ့လိုက်ရသည်။
ထိုသူသည် အတော်လေး ငယ်ရွယ်သည့် အမျိုးသားတစ်ဦး ဖြစ်ပြီး အနည်းငယ် ဖြူဖျော့နေသော်လည်း ခန့်ညားသည့် မျက်နှာသွင်ပြင်များ ရှိသည်။ သူသည် ဘေစင်ရှေ့တွင် ရပ်နေပြီး တုံ့ဆိုင်းနေပုံရသည်။
ချောင်ကွမ်းယွီသည် ဤလူငယ်အား တစ်နေရာရာ၌ မြင်ဖူးသည်ဟု ခံစားရသော်လည်း မည်သည့်နေရာတွင်မှန်း မသေချာပေ။ သူသည် မျက်စိရှင်သူ ဖြစ်သောကြောင့် ထိုလူ၏ ဂျာကင်လက်တွင် ဝိုင်နီအချို့ စွန်းထင်းနေသည်အား သတိပြုမိလိုက်သည်။
ဪ... သူ ယခု နားလည်သွားပြီဖြစ်သည်။
ထိုလူသည် ဝိုင်စွန်းထင်းမှုများအား ဆေးကြောချင်နေခြင်း ဖြစ်သည်။ ဖြစ်နိုင်သည်မှာ အစာစားနေရင်းတန်းလန်းဖြစ်ပြီး ထွက်သွား၍ မရသေးသည်ကြောင့် သူ့အသွင်အပြင်မှာ အဆင်မပြေဖြစ်နေပုံရသည်။ အ၀တ်မှ ဝိုင်အစွန်းအား မသန့်ရှင်းနိုင်မည်ကို စိုးရိမ်၍ ထိုသူမှာ တုံ့ဆိုင်းနေသည်။
ထို့အပြင် သူသည် အဖြူရောင် ဝတ်စုံအား ဝတ်ဆင်ထားခြင်းကြောင့် လက်ပေါ်ရှိ အစွန်းအထင်းများမှာ အတော်လေး သိသာနေ၏။
“အမ်…အကူအညီ လိုသေးလား”
ချောင်ကွမ်းယွီသည် ထိုသူ့ထံသို့ လျှောက်သွားလိုက်သည်။
ထိုလူငယ်သည် အံ့သြသွားပုံရသည်။ သူ၏ လက်ပေါ်ရှိ အစွန်းအထင်းအား လက်ညှိုးထိုးပြလာကာ မေးသည်။
“ဒါကို မင်း ကူညီပေးနိုင်လား”
“ကျွန်တော် လုပ်ပေးနိုင်တယ်”
ချောင်ကွမ်ယွီ လက်ခေါက်တီးလျက် အောင်ပွဲခံပြုံး ပြုံးလိုက်ပြီး ဘေစင်အောက်ရှိဗီရိုမှ တစ်ခါသုံး သွားတိုက်တံ တစ်ချောင်းအား ကျွမ်းကျင်စွာ ထုတ်ယူလျက် အထုပ်အား ဆုတ်ဖြဲပြီး သွားတိုက်ဆေး အနည်းငယ်ကို ညှစ်ထုတ်လိုက်သည်။
“အိမ်တွင်းမှုနည်းလမ်းတွေကို မသင်ဖူးဘူးလား… သွားတိုက်ဆေးက အဝတ်လျှော်ဆပ်ပြာထက် အများကြီး ပိုကောင်းတယ်”
သူက ထိုလူအား လက်ကမ်းပေးလိုက်ရာ ချောင်ကွမ်းယွီကို အံ့အားသင့်စေသည်မှာ ထိုလူငယ်သည် သူ၏ ဂျာကင်အား အမှန်တကယ်ပင် ကမ်းပေးလာသောကြောင့် ဖြစ်သည်။
ချောင်ကွမ်းယွီသည် ဝိုင်နီစွန်းထင်းနေသည့်နေရာ၌ သွားတိုက်ဆေးအား ညှစ်ထည့်လျက် စိုစွတ်နေသည့် သွားတိုက်တံဖြင့် ညင်သာစွာ ပွတ်တိုက်ပြီး နောက်ပြန်မကြည့်ဘဲ ပြောလိုက်သည်။
“တစ်ရှူးလေးတွေ လှမ်းပေးပါဦး”
ထိုလူကလည်း လိုက်နာခဲ့ပြီး တစ်ရှူးများအား လှမ်းပေးလျက် သူ ပန်းရောင်အမြှုပ်များကို ဂရုတစိုက်သုတ်ပစ်နေသည်အား ကြည့်နေသည်။
အကြိမ်အနည်းငယ် ပြန်လုပ်ပြီးနောက် လက်ပေါ်ရှိ ဝိုင်စွန်းထင်းမှုသည် မမြင်ရလောက်အောင် ပပျောက်သွားခဲ့သည်။
“ပလတ်စတစ်အိတ်နဲ့ ထုပ်လိုက်… ဒါဆို ပိုမြန်မြန် ခြောက်လိမ့်မယ်”
ထို့နောက် ချောင်ကွမ်းယွီသည် အသုံးမပြုရသေးသည့် အမှိုက်ပစ်အိတ်အနက်ရောင်အားရှာဖွေကာ အပေါက်ငယ်တစ်ခုဖောက်လိုက်ပြီး အဖြူရောင်အ၀တ်အား အတွင်းသို့ထည့်လျက် လေမှုတ်စက်အား ဖွင့်လိုက်ရာ လေမှုတ်သံ ဖျူးးးခနဲမြည်၍ လေပူများက အိတ်ထဲသို့ စတင် ဝင်ရောက်သွားသည်။
“ရပြီလား… စမ်းကြည့်လိုက်ပါဦး”
ထိုလူငယ်သည် စူးစမ်းလိုစိတ်ဖြင့် ချဉ်းကပ်လာပြီး ချောင်ကွမ်းယွီ၏ လုပ်ရပ်များအား တုပလျက် လေမှုတ်စက်ကို ပလတ်စတစ်အိတ်အတွင်းသို့ ထည့်ကာ မေးလာသည်။
“ဒါက တကယ် အလုပ်ဖြစ်မှာလား”
နှစ်မိနစ်အကြာတွင် ထိုလူသည် လုံးဝ ခြောက်သွေ့သွားသည့် အ၀တ်အား ကိုင်ကြည့်လိုက်ပြီး အံ့သြမှုကြောင့် သူ၏လှပသော မျက်လုံးများမှာ ပြူးကျယ်နေသည်။
“ဟဲဟဲ… ကျွန်တော် လိမ်မပြောဘူးနော်”
ချောင်ကွမ်းယွီသည် ထိုလူ၏ ပခုံးအားပုတ်လျက် ဉာဏ်ပညာနှင့် ပြည့်စုံသော အတွေ့အကြုံရှိသူအဖြစ် ခံစားလိုက်ရသည်။
“လူမှုရေးအခမ်းအနားတွေမှာ မရှိမဖြစ်လိုအပ်တဲ့ အရာပဲ… အစ်ကိုကြီး ပိုပြီး သင်ယူပါဦး”
“...”
ထိုလူငယ်သည် ချောင်ကွမ်းယွီကဲ့သို့လူမျိုးနှင့် ပထမဆုံး တွေ့ဖူးခြင်း ဖြစ်ပုံရသည်။ သူ၏ပါးစပ်မှာ လှုပ်ခတ်သွားသော်လည်း ဘာပြောရမှန်း မသိသောကြောင့် နောက်ဆုံးတွင် သိက္ခာရှိစွာဖြင့် စကားလုံးအနည်းငယ်သာ ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်”
“ရပါတယ်…ရပါတယ်၊ ကျွန်တော်တို့အားလုံးက ရှင်သန်ဖို့ ကြိုးစားနေကြတာပဲလေ”
ချောင်ကွမ်းယွီက သူ့ကို လက်ဝှေ့ယမ်းပြပြီးနောက် ထွက်သွားတော့သည်။
အိမ်သာမှထွက်လာပြီးနောက် ချောင်ကွမ်းယွီသည် သူ၏ မြင့်မြတ်ပြီး အထီးကျန်ဆန်သည့် အမူအရာအား ပြန်လည်ရရှိလာပြီး သူဌေးဟော့နှင့်အတူ ပြောဆိုဆက်ဆံရန် စားပွဲသို့ ပြန်လာခဲ့သည်။
ညစာစားသောက်ခြင်းအား အဆင်ပြေစွာ ဖြတ်သန်းပြီးနောက် ချောင်ကွမ်းယွီသည် အိမ်သာထဲမှ ရှုပ်ထွေးမှုအနည်းငယ်အကြောင်း မေ့သွားခဲ့သည်။
သို့သော် သူနှင့် ဟော့ကျိုးတို့ စားသောက်ဆိုင်မှ ထွက်ခွာချိန်၌ အဖြူရောင်ဝတ်စုံနှင့် ထိုလူငယ်အား ထပ်မံတွေ့ဆုံလိုက်ရသည်။
ဟော့ကျိုးသည် ရုတ်တရက် မလှုပ်နိုင် ဖြစ်သွားသည်။
သူ့ရှေ့မှ လူငယ်ကို တည့်တည့်စိုက်ကြည့်ရင်း ဟော့ကျိုး၏ နှုတ်ခမ်းမှာ အနည်းငယ်တုန်ယင်သွားပြီး စကားသံသည်လည်း ထစ်အသွားသည်။
“... ရှောင်ယွီ”
(မှတ်ချက်- ရှောင်ယွီ၊ယွီလေး )
“မစ္စတာဟော့”
ချောင်ကွမ်းယွီသည် စိတ်ရှုပ်ထွေးသွားပြီး သူ၏ အကြည့်သည် ဟော့ကျိုးထံမှ ထိုလူငယ်ထံသို့ ကူးပြောင်းသွားသည်။
ယွီ (宇) နှင့် ယွီ (羽) သည် အသံထွက်ချင်း ဆင်တူသဖြင့် ဟော့ကျိုးမှ သူ့အား ခေါ်သည်ဟု ထင်နေခြင်းဖြစ်သည်။
(မှတ်ချက်- အသံထွက်တူသော်လည်း စာလုံး ၂ လုံးသည် ကွဲပြားပါသည်။ ကွမ်းယွီ (广宇) မှ ယွီ (宇) သည် စကြဝဠာဟု အဓိပ္ပာယ်ရပြီး ဝူးယွီ (吴羽) မှ ယွီ (羽) သည် ငှက်မွှေးဟု အဓိပ္ပာယ်ရသည်)
“... မစ္စတာဝူး”
ဘယ်ကနေ ပေါ်လာမှန်းမသိသည့် ချွမ်ချွမ်က ထို သုံးဦးကြားရှိ ထူးဆန်းသော တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
ချွမ်ချွမ်သည် ဟော့ကျိုး၏ စိတ်လှုပ်ရှားမှုနှင့် ဝူးယွီ၏ ရောထွေးနေသည့်စိတ်ခံစားမှုများအား မသိကျိုးနွံပြုထားပုံရပြီး တည်ငြိမ်လေးစားစွာ နှုတ်ဆက်လျက် စိတ်ရှုပ်နေသည့် ချောင်ကွမ်းယွီဘေး၌ သွားရပ်ခဲ့သည်။
ချောင်ကွမ်းယွီသည် ရုတ်တရက် မျက်လုံးများ ပြူးသွားသည်။
ဝူးယွီ! သူက ဝူးယွီ ဖြစ်နေတာပဲ! ဟော့ကျိုး၏ နှလုံးသားထဲရှိ မေ့ပျောက်၍မရနိုင်သော လရောင်ဖြူလေး ဖြစ်နေတာ!
နောက်ဆုံးတော့ သက်ရှိလရောင်ဖြူလေးကို မြင်တွေ့ခဲ့ရပြီ!
ချောင်ကွမ်းယွီသည် သူ၏ ခိုးကြည့်ခြင်းအား စတင်တော့မည်ဖြစ်သော်လည်း ချွမ်ချွမ်က သူ့အား နောက်ကျောမှ ဆွဲလိုက်သည်။
ထိုအခါမှ သူသည် မှန်ရှေ့၌ လေ့ကျင့်ထားသည့် သရုပ်ဆောင်မှုအား လျင်မြန်စွာ စတင်လိုက်ပြီး ပထမဦးစွာ ရုတ်တရက် သဘောပေါက်သွားသယောင်ဆောင်လိုက်သည်။ ထို့နောက် ဝမ်းနည်းသည့်အမူအရာအား ပြသခဲ့ပြီး အားတင်းပြုံးလိုက်ကာ ပြောခဲ့သည်။
“မစ္စတာဟော့ ခင်ဗျားတို့ နှစ်ယောက် အရင် စကားပြောကြပါ…ကျွန်တော် လုပ်စရာလေးရှိလို့၊ ကျွန်တော်...”
“သွားမယ်”
သူ့စကားမဆုံးခင်မှာပင် ဟော့ကျိုးသည် ရုတ်တရက် ချောင်ကွမ်းယွီ၏ လက်ကောက်ဝတ်အား ဆွဲကိုင်လိုက်သည်။
“ငါ မေ့နေလို့… ဒီနေ့ နေ့လယ် ကုမ္ပဏီကို ပြန်သွားရမယ်”
ဟော့ကျိုးသည် ဝူးယွီ၏ မျက်လုံးများအား ကြည့်လိုက်ချိန်၌ သူ၏ အကြည့်သည် ရှုပ်ထွေးနေသည့် ခံစားချက်များဖြင့် လင်းလက်နေသည်။
“မင်း ဒီကို ပြန်လာတာ ရှားတယ်…နောက်တစ်ကြိမ် အချိန်ရှိရင် တွေ့ကြရအောင်”
ဝူးယွီသည် တောင့်တင်းစွာ ခေါင်းညိတ်လိုက်ပြီး ဟော့ကျိုးဘေးမှ ချောင်ကွမ်းယွီအား ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။
“ကောင်းပြီ… မင်း ငါ့ကို ဆက်သွယ်ရမယ့် နည်းလမ်းကို သိပါတယ်၊ ငါ့ရဲ့ အချက်အလက်တွေက နှစ်တွေကြာပေမယ့် မပြောင်းသေးဘူး”
ဟော့ကျိုးသည် လက်ခံကြောင်း အသံပြုပြီး တွန်းလှန်၍မရနိုင်သည့် အင်အားဖြင့် ချောင်ကွမ်းယွီအား သူ၏ ကားဆီသို့ ဆွဲခေါ်သွားသည်။ သူသည် ကားတံခါးအား ဖွင့်လိုက်ပြီး ချောင်ကွမ်းယွီအား အရင်ဝင်စေပြီးနောက် သူကိုယ်တိုင်ပါ ဝင်သွားခဲ့သည်။
ချွမ်ချွမ်သည် အတွင်းရေးမှူးပီပီ ဝူးယွီနှင့် ရင်းနှီးသည့် စကားများဖလှယ်ပြီး ဟော့ကျိုး၏ စီးပွားရေးကတ်အား ရိုသေစွာ ကမ်းပေးခဲ့သည်။
ကားထဲရောက်သည်နှင့် ဟော့ကျိုးသည် ချောင်ကွမ်းယွီ၏ လက်အား လွှတ်ပေးလိုက်သည်။
သူ၏ အသက်ရှူနှုန်းမမှန်တော့ဘဲ ပုံမှန်တည်ငြိမ်မှုကလည်း ပျောက်ဆုံးသွားသည်။ ကားမှာ စတင်မောင်းနှင်ပြီးဖြစ်သော်လည်း သူတို့ ဘယ်ကို သွားနေကြသည်ဆိုသည်အား ချွမ်ချွမ်ကို မမေးဖြစ်ခဲ့ပေ။
သူ၏ အကြည့်များသည် အာရုံစူးစိုက်မှုမရှိဘဲ ဝူးယွီနှင့် မြင်ကွင်း၌ နစ်မွန်းနေဆဲဖြစ်သည်မှာ ရှင်းနေသည်။
ချောင်ကွမ်းယွီသည် ဟော့ကျိုးအား မနှောင့်ယှက်မိခြင်းအတွက် စိတ်သက်သာရာ ရသော်လည်း အစားထိုးတစ်ယောက်၏ ကျွမ်းကျင်သည့် သရုပ်ဆောင်မှုအား စွန့်လွှတ်ခဲ့ခြင်း မရှိပေ။
သူသည် တိတ်ဆိတ်စွာပင် ကားထောင့်တွင် မိကျောင်းမျက်ရည် အနည်းငယ်ညှစ်ထုတ်လျက် မျက်လုံးများအား တမင်တကာ နီရဲစေခဲ့သည်။
ဟော့ကျိုးသည် သူ၏စိတ်တည်ငြိမ်မှုအား ပြန်လည်ရရှိပြီးနောက် ဘေးသို့ကြည့်လိုက်သည့်အချိန်၌ ချောင်ကွမ်းယွီသည် သူ၏ ဒူးများကို ကြောင်တောင်တောင် စိုက်ကြည့်နေသည်အား တွေ့လိုက်ရသည်။
သူ၏ မျက်လုံးများသည် နီရဲနေပြီး အသားအရေမှာ ဖြူဖျော့လျက် ဆုံးရှုံးမှု၏ ခံစားချက်အား ထင်ရှားစွာ ဖော်ပြနေသည်။
ဟော့ကျိုး၏ အသက်ရှူနှုန်း ရပ်တန့်သွားပြီးနောက် ရင်ထဲ၌ ရှင်းပြ၍မရသော နာကျင်မှုအား ခံစားလိုက်ရသည်။
စာရေးသူ၏ မှတ်ချက် :
ချောင်ကွမ်းယွီ - ... ငါ အရမ်း အစွမ်းပြမိသွားပြီ ထင်တယ်
ချွမ်ချွမ် - ဟဲဟဲ
~~~