Ch 1
Viewers 5k

🍲Chapter 1

: အစားမက်သူလေး ဘဝကူးပြောင်းလာခြင်း

 


စုနွမ်နွမ်သည် အသက် ၂၃ နှစ်အထိ နေထိုင်ခဲ့သည်။ ထိုအကန့်အသတ်ရှိသော နှစ်များအတွင်း သူမ၏ ဘဝတစ်ခုလုံးကို အစားအသောက်ကောင်းများ ရှာဖွေရာတွင် မြှုပ်နှံထားခဲ့ပြီး အထူးသဖြင့် တရုတ်ပြည်ဒေသထွက် အထူးအစားအစာများကို အာရုံစိုက်ခဲ့သည်။


ဟုတ်ပေသည်။ လျှာကိုသာ အသုံးပြုပြီး မိမိကိုယ်ကိုယ် အစားအသောက်ပညာရှင်ဟု ခေါ်သော ဝေဖန်ရေးဆရာများနှင့်စာလျှင် သူမ၊ စုနွမ်နွမ်က သူမ၏ လက်များ၊ ခန္ဓာကိုယ်၊ စိတ်နှင့် နှလုံးသားတို့ကို အချက်အပြုတ်အနုပညာအတွက် လုံးလုံးလျားလျား မြှုပ်နှံထားခဲ့သူဖြစ်သည်။


သူမ၏ အနုပညာကို လိုက်စားမှုက သူမအား တရုတ်ပြည်တစ်ခွင်သို့ ခေါ်ဆောင်သွားခဲ့ပြီး အစည်ကားဆုံးမြို့ကြီးများမှသည် အခေါင်ဆုံး ကျေးလက်ဒေသများအထိ အစားအသောက်ကောင်းများကို ရှာဖွေတွေ့ရှိစေခဲ့သည်။


 ထိုသို့သော ခရီးစဉ်တစ်ခုအတွင်းမှာပင် သူမက ကံကြမ္မာငင်သော သေခြင်းတရားနှင့် ကြုံတွေ့ခဲ့ရသည်။ တံငါရွာလေးတစ်ရွာသို့ ဦးတည်နေသော ဘတ်စ်ကားက တစ်စုံတစ်ခုနှင့် တိုက်မိပြီး သူမ သေဆုံးသွားခဲ့သည်။


စူးစမ်းတတ်သော စာဖတ်သူများအနေဖြင့် ဤသည်က ဘဝတစ်ခု၏ အဆုံးသတ်ဖြစ်ပြီး နောက်ထပ်ဘဝတစ်ခု၏ အစဖြစ်ကြောင်း ယခုအချိန်တွင် သိသင့်ပေသည်။ 


ဟုတ်ပေသည်။ သူမ၏ နောက်ဘဝက ဤနေရာမှ စတင်ခဲ့သည်။


ဤနေရာဆိုသည်က ယင်မင်းဆက်အတွင်းက အချိန်တစ်ခုဖြစ်သည်။ ပထဝီဝင်အနေအထားအရ မြို့တော်၏ အချက်အချာ၊ အတိအကျပြောရလျှင် အန်းဖျင်မြို့စား၏ အိမ်တော်ကြီးဖြစ်သည်။ ထို့ထက် ပို၍ တိကျရလျှင် ကျယ်ပြောလှသော ခြံဝင်းကြီး၏ မေ့လျော့ခံထားရသောအပိုင်းရှိ သေးငယ်​ဟောင်းနွမ်းသော အိမ်လေးတစ်လုံးအတွင်း၌ ဖြစ်လေသည်။


"သခင်မလေး... ဒီလိုမလုပ်ပါနဲ့... သခင်မလေး ဘယ်လောက်တောင် အခြေအနေဆိုးနေလဲဆိုတာ သခင်ကြီး ဒါမှမဟုတ် အဘွားသခင်မကြီးတို့သာ သိရင် သူတို့ ရင်ကွဲကြမှာပါ... အခု သခင်မလေးကို ဘယ်သူမှ မကူညီနိုင်ပါဘူး… သခင်မလေးရဲ့ အသက်က ကိုယ့်လက်ထဲမှာပဲ ရှိတာပါ… ဒါကြောင့် ကျေးဇူးပြုပြီး အတွေးမလွန်ပါနဲ့နော်... အာ... သခင်မကြီးက သခင်မလေးကို မနှစ်သက်ရင်တောင် အဘွားသခင်မကတော့ ဘာပဲဖြစ်ဖြစ် သခင်မလေးဘက်မှာ ရပ်တည်ပေးမှာပါ… ဒါကြောင့် စိတ်ဓာတ်မကျပါနဲ့နော်... သခင်မလေး သတ္တိရှိရမယ်… အခြေအနေတွေက ကောင်းလာနိုင်ပါသေးတယ်… သခင်မလေး... သခင်မလေး... အရာရာကို အကောင်းမြင်ဘက်က ကြည့်ပေးပါနော်... အာ..."


ငါ မြင်တယ်လေ… အာ... ငါ ရှင်းရှင်းလင်းလင်းကြီး မြင်နေတာပေါ့… စားပွဲပေါ်မှာ ဝက်သုံးထပ်သားပေါင်း တစ်ပန်းကန် မဟုတ်ဘူးလား… ဒီနေရာကနေတောင် အနံ့ရနေတယ်… နင့်ကိုတော့ ပြောရဦးမယ်… ဘာဖြစ်လို့ ဒီလောက်တောင် ငိုနေရတာလဲ… ငိုနေတာက ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ်လို့ ထင်နေတာလား…


မြန်မြန်လုပ်… အဲဒီ ဝက်သားနဲ့ ထမင်းပန်းကန်ကို ယူခဲ့စမ်း… ဟင်း... မဟုတ်ရင် ငါ လည်ပင်းကြိုးကွင်းက လွတ်ပြီးမှ ဗိုက်ဆာပြီး သေသွားနိုင်တယ်… သိရဲ့လား…


အိုက်ယိုး… ကောင်းကင်ဘုံက သနားပါဦး… ငါ့လောက် ကံဆိုးမိုးမှောင်ကျတဲ့ ဘဝကူးပြောင်းလာသူရော ရှိသေးရဲ့လား… ငါရင်ဆိုင်ရတဲ့ ပထမဆုံး အခက်အခဲက ငတ်မွတ်ခြင်းတဲ့… ခဏလေး… ငါက အမြောက်စာ ဇာတ်ကောင်လား… အမြောက်စာတောင်မှ ထမင်းစားရသေးတာပဲ မဟုတ်လား… ထားလိုက်တော့… အရင်ဆုံး စားလိုက်ဦးမယ်… မိန်းမတစ်ယောက်က ဗိုက်ထဲအစာမရှိဘဲနဲ့တော့ တိုက်ခိုက်လို့မရဘူး… စားမယ်… ဇာတ်လိုက်မကို တိုက်ခိုက်ဖို့ အားမွေးမယ်… ပြီးတော့ မသေခင်မှာ အစားပေါင်းများစွာ စားရဖို့ တတ်နိုင်သလောက် အသက်ရှည်ရှည်နေဖို့ ကြိုးစားရမယ်… ဟင်း...


စုနွမ်နွမ်၏ မျက်လုံးများက ပွင့်လာလေသည်။ သူမက လက်တစ်ကမ်းအကွာတွင်ရှိသော ဝက်သားပေါင်းပန်းကန်ကို စူးစိုက်ကြည့်နေမိသည်။ သို့သော် သူမဘေးမှ အစေခံမလေးကမူ ရှိုက်ကြီးတငင်ငိုနေရုံမှလွဲ၍ ဘာမှမသိသော အရူးမလေးတစ်ယောက်သာ ဖြစ်​နေသည်။

 

အသုံးမကျ… တကယ်ကို အသုံးမကျဘူး...


"ရှန်းယွင်… မငိုနဲ့တော့… သခင်မလေး ဘယ်လိုနေသေးလဲ… ငါ သမားတော်ကို ခေါ်လာနိုင်ခဲ့ပြီ…"


တံခါးအပြင်ဘက်မှ တည်ငြိမ်သာယာသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် အသက် ၁၈ နှစ်အရွယ်ခန့်ရှိ လှပသော အမျိုးသမီးတစ်ဦး ဝင်လာသည်။ ရှိုက်ကြီးတငင်ငိုနေသော အစေခံမလေးက ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီး "အစ်မ ဟုန်လျန်" ဟု ငိုသံစွက်ကာ ခေါ်လိုက်၏။


ဟုန်လျန်က နှုတ်ဆက်ခြင်းကို ခေါင်းညိတ်ပြပြီးနောက် ကုတင်ခန်းဆီးကို ဆွဲဖယ်ကာ သမားတော်ကို အနားလာရန် အချက်ပြလိုက်သည်။


တစ်စုံတစ်ခုက စုနွမ်နွမ်၏ လက်ကောက်ဝတ်ကို ဖုံးအုပ်သွားပြီးနောက် လက်ချောင်းများ၏ နူးညံ့သော ဖိအားဖြင့် သွေးခုန်နှုန်းကို စမ်းသပ်သံကို ကြားလိုက်ရသည်။ ခဏအကြာတွင် စုနွမ်နွမ်က သမားတော်၏ အသံကို ကြားလိုက်ရသည်။

 

"ကံကောင်းစွာနဲ့ပဲ သခင်မလေးက မွေးရာပါ ကိုယ်ခံအားကောင်းသူတစ်ယောက်ပါ… စိုးရိမ်စရာ အန္တရာယ်မရှိပါဘူး… သူက အစာအိမ်နဲ့ သရက်ရွက် အားနည်းနေရုံလေးပါ… အားဖြည့်ဆေးကောင်းကောင်း သောက်လိုက်ရင် ပြန်ကောင်းသွားမှာပါပဲ…"

 

ပေါက်တတ်ကရတွေ… ငါ ဘယ်လိုလုပ် အားမနည်းဘဲ နေနိုင်မှာလဲ… ဒီခန္ဓာကိုယ်က အစာမစားရတာ ဘယ်နှစ်ရက်တောင် ရှိနေပြီလဲ… နင်တို့ ငါ့ကို အခုချက်ချင်း အစာမကျွေးရင် ငါ တကယ်ပဲ ဆာပြီးသေတော့မှာ… အား... အား... အား... အား...


စုနွမ်နွမ်က သူမ၏ နှလုံးသားထဲမှ အသံတိတ် အော်ဟစ်လိုက်သည်။ ထို့နောက်တွင် ဟုန်လျန်က သူမအား ထူမပေးနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။   အစေခံမလေးက သူမအား ဝမ်းနည်းသော မျက်လုံးများဖြင့် ကြည့်ကာ သူမဘာသာသူမ ခါးသီးစွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

 

"သခင်မလေးကို ကျွန်မက ကယ်တင်ခဲ့လို့ အပြစ်တင်နေတာလားဟင်… ဒီလိုဖြစ်သင့်ပါတယ်… သခင်က သခင်မလေးကို သေသွားအောင် ဒီစွန့်ပစ်ထားတဲ့ နေရာကို ပို့လိုက်တာ ရှင်းနေတာပဲ… ကျွန်မက ရှိသမျှ အကူအညီတွေ အကုန်သုံးပြီး လူအများရဲ့ လှောင်ပြောင်ရယ်မောမှုတွေကို ခံပြီးမှ ဒီမတတ်တခေါက် သမားတော် တစ်ယောက်ကို သခင်မလေးကို ကြည့်ခိုင်းဖို့ ရခဲ့တာပါ…

ကျွန်မ နားလည်ပါတယ်… ဒီနေရာမှာ သခင့်ရဲ့ ချစ်ခြင်းမေတ္တာမရှိဘဲ နေရတာက ငရဲမှာနေရသလိုပါပဲ… သခင်မလေးကို ကျွန်မက ကယ်တင်ခဲ့လို့ တကယ်ပဲ အပြစ်တင်တယ်ဆိုရင်တော့... ဒီအစေခံက သခင်မလေးကို လည်ပင်းညှစ်သတ်ပြီး သေမင်းတမန်ပြည်ကို အတူတူလိုက်ပို့ဖို့ အသင့်ပါပဲ… သခင်မလေးက အဲ့ဒီလိုဆို ပိုသဘောကျလားဟင်…"


စုနွမ်နွမ်က တုန်လှုပ်သွားလေသည်။ သူမက ဤဟုန်လျန်ဆိုသူက ထိုအရူးမလေး ရှန်းယွင်ထက် ပို၍ အသိတရားရှိလိမ့်မည်ဟု ထင်ထားမိခဲ့သည်။ လူတစ်ယောက်၏ အပြုအမူကို အသွင်အပြင်ကြည့်ရုံဖြင့် မဆုံးဖြတ်နိုင်ဟူသော ဆိုရိုးစကားက အမှန်ပင်ဖြစ်လေသည်။ 

 

ဒီရာထူးမြင့် အစေခံမလေးက ဒီလောက်တောင် အဆိုးမြင်တတ်သူတစ်ယောက် ဖြစ်နေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ…

 

ယခုနကက ငိုနေသော အစေခံမလေးကပင် သူမကို ဘဝကို ဒုတိယအကြိမ် အခွင့်အရေးပေးရန် ပြောဆိုနေသေးသည်။


အစားအသောက်သမားမှန်သမျှက သာမန်လူများထက် ဘဝကို ပို၍ တန်ဖိုးထားတတ်ကြသည်။ စုနွမ်နွမ်ကလည်း ထိုနည်းတူပင်။ သူမက ဤဘဝထဲသို့ ယခုမှ ကူးပြောင်းလာပြီး ကိုယ်ပိုင်အစေခံမ၏ လည်ပင်းညှစ်သတ်ခြင်းကို ခံရမည့် အလားအလာနှင့် ရင်ဆိုင်နေရ​လေသည်။


စိတ်အနှောင့်အယှက်ဖြစ်မှုနှင့် ဒေါသတို့က သူမ၏ ခန္ဓာကိုယ်ထဲတွင် အင်အားအဖြစ်သို့ တစ်နည်းနည်းဖြင့် ပြောင်းလဲသွားပြီး သူမက လျင်မြန်စွာ ခပ်တိုးတိုးပြောလိုက်သည်။


"ထမင်း… ငါ့ကို ထမင်းပေး..."


"သခင်မလေး..."


ဟုန်လျန်က အပြင်သို့ တစ်နေ့တစ်ဝက်နီးပါး ထွက်သွားခဲ့ပြီး ထိုအချိန်အတွင်း သူမ၏ ပုံမှန် ပျော်ရွှင်တည်ငြိမ်သော သဘာဝက ပတ်ဝန်းကျင်မှ လှောင်ပြောင်သံများကြောင့် ထုံကျင်လုနီးပါး ဖြစ်ခဲ့ရသည်။ သူမ၏ စိတ်ဝိညာဉ်က ပြာကျလုနီးပါး ဖြစ်နေခဲ့သည်။ သူမက ဘဝကို လက်လျှော့ရန်အသင့်ဖြစ်နေချိန်တွင် သူမ၏ သခင်မလေးက ကျယ်လောင်စွာ အော်လိုက်သဖြင့် လန့်ဖျပ်ပြီး ထခုန်လိုက်မိသည်။


ထို့နောက် အထိတ်လန့်ရဆုံးအရာ ဖြစ်ပျက်ခဲ့သည်။ တစ်ချိန်လုံး အိပ်ရာထဲ လဲလျောင်းနေခဲ့သော စုနွမ်နွမ်က ထရန် ကြိုးစားနေသည်။ သူမက တုန်ယင်နေသော လက်တစ်ဖက်ကို မြှောက်ကာ ဝက်သုံးထပ်သားပေါင်း ပန်းကန်ကို ညွှန်ပြပြီး တိုးတိုးလေး ရေရွတ်နေသည်။


"ထမင်း... ငါ့ကို ထမင်းပေး…" 


"သခင်မလေး... ရ... ရ... ရ... ရှင်..." 

 

ဟုန်လျန်က စုနွမ်နွမ်၏ စကားကြောင့် တုန်လှုပ်သွားခြင်းကို အပြစ်တင်၍မရပေ။ သူမ၏ သခင်မလေး နှုတ်ခမ်းသို့ အစာ သို့မဟုတ် ရေ တစ်စက်မျှ မထိခဲ့သည်က ရက်ပေါင်းများစွာ ကြာမြင့်ခဲ့​ပေပြီ။


နောက်ဆုံး ကောက်ရိုးတစ်မျှင်က ယနေ့နံနက်ခင်းက ဖြစ်သည်။ သူမက သူမ၏ သခင်မလေးအား ကြိုးတစ်ချောင်း၏ အဆုံးတွင် လည်ပင်းကြိုးကွင်းစွပ်လျက် တွေ့ရှိခဲ့သည်။ အကယ်၍ ဟုန်လျန်သာ ခြေတစ်လှမ်း နောက်ကျခဲ့ပါက သူမက အလောင်းတစ်လောင်းနှင့် ရင်ဆိုင်နေရမည်သာ။


 သေရန် ဤမျှစိတ်ပိုင်းဖြတ်ထားသူတစ်ယောက်က ရုတ်တရက် အစာတောင်းလာခြင်းကြောင့် ဟုန်လျန်၏ ဦးနှောက်က လိုက်လျောညီထွေမဖြစ်နိုင်ခြင်းကို အပြစ်တင်၍မရပေ။


"အစ်မ… သခင်မလေးက ထမင်းစားချင်တယ်တဲ့…" 

 

ဤအချိန်တွင် ရိုးစင်းသောရှန်းယွင်က အသုံးဝင်ကြောင်း သက်သေပြလိုက်ပြီး ထမင်းနှင့် ဝက်သုံးထပ်သားပေါင်း ပန်းကန်ကို ယူဆောင်ရန် စားပွဲထံသို့ လျှောက်သွားသည်။ သူမ၏မျက်လုံးများက စုနွမ်နွမ်ကို စိုက်ကြည့်ရင်း တောက်ပနေလေသည်။

 

"သခင်မလေး… ကျွန်မ ခွံ့ကျွေးပါ့မယ်…"


"ထမင်းထဲကို ရေနွေးနည်းနည်းလောင်းလိုက်…" 

 

အစားအသောက်ချစ်သူတစ်ယောက်အနေဖြင့် စုနွမ်နွမ်က ရက်ပေါင်းများစွာ အစာမစားရသူများက အဆီများသောအစာများ မစားသင့်ကြောင်း ရှင်းရှင်းလင်းလင်း သိသည်။ သို့သော် ဤနေရာတွင် သူမ၌ ရွေးချယ်စရာမရှိပေ။ သူမ ဗိုက်ဆာလွန်းနေပြီဖြစ်သည်။ အစားအသောက်၏ ပုံပန်းသဏ္ဌာန်က အထူးအဆန်းမရှိသော်လည်း သူမက ညည်းညူရန် ဗိုက်ဆာလွန်းနေသည်။ ထမင်းထဲသို့ ရေနွေးထည့်ခြင်းဖြင့် ဆန်ပြုတ်ကဲ့သို့ တစ်ခုခုအဖြစ် ပြောင်းလဲနိုင်မည်ဟု သူမ မျှော်လင့်မိသည်။

 

ဝက်သားသုံးထပ်သားပေါင်းနှင့် ထမင်းဖြူဖြင့် ပြုလုပ်ထားသော 'ဆန်ပြုတ်' တစ်ပန်းကန်ကို စားပြီးနောက် စုနွမ်နွမ်က ပို၍ လန်းဆန်းတက်ကြွလာသလို ခံစားလိုက်ရသည်။


သူမ ပထမဆုံးလုပ်သည့်အရာက ရှန်းယွင်ကို မှန်တစ်ချပ် ယူလာခိုင်းခြင်းဖြစ်သည်။ သူမက သူမ၏ မျက်နှာကို ဘယ်ညာလှည့်ကာ ကြည့်နေခြင်းက သူမ၏ အလှတရားက ဤဒုက္ခဒဏ်ကို ကျော်လွှားနိုင်ခဲ့ခြင်း ရှိမရှိ စစ်ဆေးနေသကဲ့သို့ပင်။ 


ဟုန်လျန်နှင့် ရှန်းယွင်အတွက်မူ ထိုသို့ထင်ရသည်။ တကယ်တမ်းတွင် စုနွမ်နွမ် စိုးရိမ်နေသည့် တစ်ခုတည်းသောအရာက ဤအမွေဆက်ခံရသော ခန္ဓာကိုယ်၏ ပါးစပ်သာဖြစ်သည်။


"ဖူး..."


ခဏအကြာတွင် သူမက သက်ပြင်းချလိုက်ပြီး နူးညံ့သော လက်ချောင်းများက သူမ၏ ဖြူဖျော့သော နှုတ်ခမ်းသားအနားသတ်ကို ထိလိုက်သည်။ 

 

ကောင်းကင်ဘုံက ငါ့ကို မလိမ်ညာခဲ့ဘူးပဲ… အင်း…

 

သူမ၏ နှုတ်ခမ်းများက တင်းရင်းပြီး လှုပ်ရှားနိုင်ပုံရသည်။ ပိတ်ထားသည့်အခါ လှပသော နှင်းဆီဖူးလေးနှင့်တူပြီး အစာလုတ်ကြီးကြီးများအတွက် ပါးစပ်ကို ကျယ်ကျယ်ဖွင့်နိုင်သည်။(🤣)


အံ့ဩစရာအကောင်းဆုံးအရာက သူမ၏ ပုလဲကဲ့သို့ ဖြူဖွေးသော သွားများဖြစ်ပြီး မာကျောသော အသားများကို အပိုင်းပိုင်းချေမွနိုင်လောက်အောင် သန်မာပုံရသည်။ ဤသည်က အစားကောင်းများစွာ စားသုံးရန် ကံပါလာသော နှုတ်ခမ်းတစ်စုံပင်။


"သခင်မလေး… နည်းနည်းပဲ ပိန်သွားတာပါ… သခင်မလေးရဲ့ အလှက လသာသာညမှာ ပန်းတွေပွင့်နေသလို လှပနေတုန်းပါပဲ…"


လသာသာညအောက်က ပန်းတွေလား…


ဟုန်လျန်က သူမ၏ သခင်မလေး၏ စိတ်ကြည်လင်နေသည်ကို လျင်မြန်စွာ သတိပြုမိပြီး အတူတူ ပြုံးလိုက်သည်။ အစေခံကောင်းတစ်ယောက်ပီပီ သူမက သူမ၏ သခင်မလေး ခေါင်းထဲတွင် ချီတက်နေသော ပျော်ရွှင်ဖွယ် အတွေးအခေါ်များကို အားပေးရန် ချော့မော့သော စကားလုံးများကို လျင်မြန်စွာ စတင်အသုံးပြုခဲ့သည်။


စုနွမ်နွမ်၏ အာရုံစိုက်မှုက သူမ၏ မျက်နှာ၏ ကျန်အစိတ်အပိုင်းများသို့ ရောက်သွားသည်။ 

 

ယိ… ငါ့မျက်နှာလေးက တကယ်ကို လှနေပါလား…

 

အကယ်၍ သူမသာ ခေတ်သစ်တွင် ဤမျက်နှာကို ပိုင်ဆိုင်ပါက အနည်းဆုံး လမ်းသုံးလမ်းစာ ယာဉ်ကြောပိတ်ဆို့မှုကို ရပ်တန့်နိုင်လိမ့်မည်။ အစားအသောက်ချစ်သူတစ်ယောက်၏ လှုပ်ရှားနိုင်သော ပါးစပ်ရှိခြင်းထက် ပို၍ အံ့ဩစရာကောင်းသည့် တစ်ခုတည်းသောအရာက ဤအံ့ဩဖွယ်ပါးစပ်ကို လှပသော မျက်နှာတစ်ခုနှင့် တွဲဆက်ထားခြင်းပင် ဖြစ်လေသည်။ သူမက သူမဘာသာသူမ ခေါင်းညိတ်လိုက်သည်။ သူမက သူမ၏ ဘဝကူးပြောင်းမှုနှင့် ပတ်သက်၍ အတော်လေး ပျော်ရွှင်နေသည်။


 ပထမဆုံးအနေဖြင့် သူမက ခေတ်သစ်ကမ္ဘာတွင် မည်သူနှင့်မျှ ပုဂ္ဂိုလ်ရေးအရ တွယ်တာမှုမရှိ၊ ဒုတိယအနေဖြင့် ဤသည်က ရှေးခေတ်ဖြစ်သည်။ ဤနေရာတွင် အသုံးပြုသော ပါဝင်ပစ္စည်းများအားလုံးက သဘာဝအတိုင်းနှင့် ဩဂဲနစ်များသာ ဖြစ်သည်။ ကြက်ဥအတု၊ ပျားရည်အတု၊ ဘာအတုညာအတုကိုမှ ကြောက်စရာမလိုပေ။ ပို၍အရေးကြီးသည်က ဩဂဲနစ်ပါဝင်ပစ္စည်းများက ခေတ်သစ် GM အစားအစာများထက် ပို၍ အရသာရှိရမည်ဖြစ်သည်။


ရုတ်တရက် သူမ၏ ဦးနှောက်ထဲသို့ ရှုပ်ထွေးနေသော သတင်းအချက်အလက် အမျိုးမျိုးတို့က ရေလွှမ်းမိုးသကဲ့သို့ ဝင်ရောက်လာခဲ့​လေသည်။ အသက်ဆက်နိုင်ရုံမျှသာ စားထားရသေးသော စုနွမ်နွမ်က လှဲလျောင်းကာ ၎င်းတို့ကို စီစစ်ရန်သာ လိုအပ်ပေတော့သည်။





🍲🍲