🍲Chapter 5
: အပြောင်းအလဲမြန်ခြင်း
"ထင်ရွှမ်းရယ်... အမေတော့ မင်းကို နားမလည်နိုင်တော့ဘူးကွယ်… မင်းက အဲဒီ မာနကြီး၊ အသုံးအဖြုန်းကြီး၊ အစွန်းရောက်၊ စိတ်ထားယုတ်မာပြီး ပရိယာယ်များတဲ့ စုန်းမလိုမိန်းမနဲ့ အတူနေလာတာ သုံးနှစ်တောင်ရှိပြီ… ဖျင်မြို့စားကြီးရဲ့ မျက်နှာကိုထောက်ပြီး သည်းခံခဲ့တာဆိုရင်တော့ ထားလိုက်ပါတော့… ဒါပေမဲ့ အခု မြို့စားကြီးမိသားစုက မျက်နှာသာပေးခံရတော့တာမှ မဟုတ်တာ… သူတို့အသက်ကို ကယ်ဖို့အတွက် မင်း ငွေဒင်္ဂါးတစ်သောင်းကျော်တောင် သုံးခဲ့ရတယ်… ဒါက... ဒါက ရိုးရိုးရက်ရောမှုထက်ကို ကျော်လွန်ပြီး မလိုအပ်တဲ့ ကရုဏာတရားကြီးမားလွန်းရာ ရောက်မနေဘူးလား… ဘာလို့ အဲဒီစုန်းမကို ဘေးမှာ ဆက်ထားနေသေးတာလဲ… ဒီနေ့ သူလုပ်သွားတဲ့ အရှက်ရစရာကိစ္စကိုသာ ကြည့်စမ်းပါဦး…"
အဘွားသခင်မကြီး၏ စံအိမ်ခြံဝင်းမှ ထွက်လာပြီးသည်နှင့် မြို့စားကတော်ကြီးက သူမ၏သားကို သူမ၏အခန်းထဲ ဆွဲခေါ်ပြီး ချက်ချင်းပင် ဆုံးမစကားဆိုတော့သည်။
"မင်းအဖေက မင်းရဲ့ညီ သူ့ဒုတိယသားကိုပဲ အမြဲမျက်နှာသာပေးခဲ့တာ… အဲ့ဒီသားအမိနှစ်ယောက်က လျှို့ဝှက်၊ ကောက်ကျစ်ပြီး စဉ်းလဲတဲ့လူတွေ… ကံကောင်းလို့သာ မင်းက အရည်အချင်းရှိပြီး ဧကရာဇ်နဲ့ ဧကရီနှစ်ပါးလုံးရဲ့ မျက်နှာသာပေးခြင်းကို ခံရလို့ပေါ့… မဟုတ်ရင် အမေက မင်းရဲ့အမွေဆက်ခံသူနေရာကို မကာကွယ်နိုင်မှာ တကယ်ကို စိုးရိမ်နေတာ…
အဲ့ဒီမိန်းမကို ထင်တိုင်းကြဲခွင့်ပေးပြီး မင်းအဖေရဲ့ အမျက်ဒေါသကို သွားဆွနေမယ်ဆိုရင် အမေက မင်းရဲ့အနာဂတ်အတွက် တကယ်ကို စိုးရိမ်မိတယ်… ချစ်သားရယ်... အမေ့စကားနားထောင်ပြီး သူ့ကိုကွာရှင်းလိုက်ပါတော့ကွယ်… လင်ယောက်ျားတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေ ဘယ်လောက်ပဲရှိရှိ၊ မင်းက အဲ့ဒါတွေထက်ကို အများကြီး ပိုပြီး ဖြည့်ဆည်းပေးခဲ့ပြီးပြီ…"
"အမေ… ကိစ္စတွေက ထင်သလောက် မရိုးရှင်းပါဘူး…"
သွမ့်ထင်ရွှမ်းက လိမ္မော်သီးတစ်လုံးကို အခွံခွာရင်း တစ်စိတ်ကို ပါးစပ်ထဲထည့်ကာ ဝါးရင်းပြောလိုက်လေသည်။
"ဖျင်မြို့စားကြီးက တကယ်ကို ကံဆိုးသွားတာပါ… သူ ကြိုးကိုင်တယ်လို့ စွပ်စွဲခံရတဲ့ကိစ္စနဲ့ မြို့စားကြီးက တကယ်တမ်းမှာ သိပ်မပတ်သက်ပါဘူး… တစ်စုံတစ်ယောက်က နောက်ကွယ်ကနေ ရှင်းရှင်းလင်းလင်း ကြိုးကိုင်နေတာ… သားက သူတို့ကို ကူညီပေးခဲ့တာက သူတို့မလုပ်တဲ့ကိစ္စအတွက် အပြစ်ပုံချခံရတာကို မကြည့်ရက်လို့ပါ… ဒါက စုနွမ်နွမ်နဲ့ ဘာမှမဆိုင်ပါဘူး…
အဲ့ဒီမိန်းမကိုတော့ သားက အလွယ်တကူ မောင်းမထုတ်ရဲဘူး… စားဖိုဆောင်မှာ သူ ဘယ်လို ပြဿနာရှာသွားလဲဆိုတာ အမေကိုယ်တိုင်လည်း တွေ့ပြီးသားပဲ… တကယ်လို့ ကျွန်တော် သူ့ကို ကန်ထုတ်လိုက်ရင် အပြင်မှာ သူဘယ်လိုမျိုး သောင်းကျန်းမလဲဆိုတာ စဉ်းစားကြည့်လို့ရလား… ကျွန်တော့်ရဲ့ဂုဏ်သတင်းကို ညှိုးနွမ်းအောင်လုပ်ဖို့ တခြားယောက်ျားတစ်ယောက်ယောက်ရဲ့ လက်ထဲကို သူကိုယ်သူ ပစ်သွင်းလိုက်ရင်ရော… ကျွန်တော့်နာမည်ကိုကာကွယ်ဖို့ အဲ့ဒီလူတွေကို သတ်ပစ်ရမှာလား…
ဒီလိုမိန်းမမျိုးအတွက် ထောင်ထဲသွားနေစရာမလိုပါဘူး… အချိန်တန်ရင် သူ့ကို ဘယ်လိုကိုင်တွယ် ရမလဲဆိုတာ ကျွန်တော်သိပါတယ်… အမေက လိမ္မာပါးနပ်တဲ့ ရန်ယွင်နဲ့ နူးညံ့သိမ်မွေ့တဲ့ ကျိလန်ကို ပိုသဘောကျမှန်း ကျွန်တော်သိပါတယ်… ဒါပေမဲ့ အခုက ကွာရှင်းဖို့ ဒါမှမဟုတ် ဘယ်သူက တရားဝင်ဇနီးသည် ဖြစ်လာမလဲဆိုတာကို ဆုံးဖြတ်ဖို့ ပြောရမယ့်အချိန် မဟုတ်သေးပါဘူး…"
သခင်မယန်က ရှေးရိုးစွဲအိမ်တော်၌ ကြီးပြင်းလာသူဖြစ်ခြင်းကြောင့် သူ့သားက ယခုလိုပြောလိုက်သည့်အခါ ဤကိစ္စကို ဆက်မပြောတော့ပေ။ အမေဖြစ်သူ၏ အခန်းက ထွက်လာပြီးနောက် သွမ့်ထင်ရွှမ်းက ဝင်လုဆဲနေလုံးကို မော့ကြည့်လိုက်သည်။ သူက အေးစက်စက်ပြုံးလိုက်ပြီးနောက် တိုးတိုးရေရွတ်လိုက်လေသည်။
"လုပ်ထားစမ်းပါ… ကြိုက်သလောက် ပြဿနာရှာထားလိုက်… ဒါပေမဲ့ စုမုန့်နွမ်… မင်း သိထားသင့်တယ်… မဟုတ်ရင် ဒီသခင်ကိုယ်တိုင် မင်းကို လမ်းဆုံးထိ လိုက်ပို့ပေးလိုက်မယ်… ဟယ်ရှန်းနဲ့ သူ့ဗိုက်ထဲက ကလေး ဘယ်လိုသေသွားလဲဆိုတာ ငါမသိဘူးလို့ မင်းထင်နေလား…"
ကောင်းကင်က မှောင်ရီပျိုးလာချိန်တွင် အမတ်လေး၏ ကြောက်မက်ဖွယ်ပြုံးနေသော မျက်နှာပေါ်သို့ အရိပ်များ ဖြတ်ပြေးသွားခဲ့သည်။ သို့သော် စုမုန့်နွမ်က ထိုနေ့မှစပြီး မကောင်းကြံသောအလုပ်များ အကုန်လုံးကို ရပ်တန့်သွားလိမ့်မည်ဟု သူ မည်သည့်အခါကမှ မတွေးထင်ခဲ့မိပေ။ သူမက အိမ်တော်ထဲမှ မည်သည့်သဲလွန်စမှမချန်ဘဲ ပျောက်ကွယ်သွားသလိုမျိုးဖြစ်ပြီး သူ့ဒေါသကို သူမအပေါ် ပုံချရန် အခွင့်အရေးတစ်ခုမှ မပေးခဲ့ပေ။
***
"သခင်မလေး… ကျွန်မ ကြက်သွန်မြိတ်တွေ ခူးလာခဲ့ပြီ… ကြည့်ပါဦး… အပင်တစ်တန်းတည်းကတင် ကြက်သွန်မြိတ် ၃-၄ ကက်တီလောက် ရတယ်…"
ရှန်းယွင်က သူမ၏ တောင်းလေးနှင့်အတူ စိတ်လှုပ်ရှားစွာ ပြေးဝင်လာပြီးနောက် ဝက်ဆီဖတ်ကြော်နေသော စုနွမ်နွမ်ကို သူမခူးလာသည့်အရာများကို ပြသလိုက်သည်။
"အင်း… နင်နဲ့ ဟုန်လျန် အရင်သွားဆေးထားလိုက်… ဆေးပြီးရင် ဂေါ်ဖီဖက်ထုပ်လုပ်ဖို့ သုံးလို့ရပြီ… သိလား… လတ်လတ်ဆတ်ဆတ် ကြက်သွန်မြိတ်နဲ့ ဝက်သားနဲ့လုပ်တဲ့ ဖက်ထုပ်ကို ဆီနည်းနည်းလေးနဲ့ ကြော်လိုက်ရင် တကယ်ကို အရသာရှိတာ…"
စုနွမ်နွမ်က ဆီသတ်ရာမှ ရွှေဝါရောင်ပြောင်းနေပြီဖြစ်သည့် လှီးထားသော ဝက်ဆီဖတ်များကို မွှေနေရာမှ ရပ်လိုက်သည်။ သူမက ဆူပွက်နေသောအသားကို အနံ့ခံရန် ကိုင်းလိုက်ပြီး ပကတိပျော်ရွှင်မှုအပြုံးတစ်ခုက သူမ၏ မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။
အား....
"အနားယူပါဦး သခင်မလေး… ဒီအလုပ်ကို ကျွန်မပဲ ဆက်လုပ်လိုက်ပါ့မယ်…"
ဟုန်လျန်က ပန်းသီးနှစ်လုံးကိုင်ပြီး ဝင်လာသည်။
"ဒါတွေက အရင်တစ်ခေါက် စားဖိုဆောင်ကနေ ယူလာတဲ့ ပန်းသီးတွေပါ… နှစ်လုံးပဲ ကျန်တော့တယ်… မနေ့က ကျွန်မ အသားသွားယူတုန်းက သစ်သီးတစ်လုံးမှ မတွေ့ခဲ့ဘူး… ဒါကြောင့် သခင်မလေး အရင်စားလိုက်ပါနော်… နောက်ရက်ပိုင်းအတွင်းမှာတော့ သစ်သီးတွေ ထပ်တွေ့နိုင်ကောင်းပါရဲ့…"
"မိုက်မဲလိုက်တဲ့ ကောင်မလေး… သူတို့ ဝှက်ထားတာနေမှာပေါ့… နင်က အသားနဲ့ဥတွေ ရတာကိုပဲ ကံကောင်းတယ်လို့ ပြောရမယ်…"
စုနွမ်နွမ်က အေးစက်စွာရယ်ပြီး ဆက်ပြောသည်။
"ကြည့်ရတာ ငါတို့အတွက် ခက်ခဲတဲ့အချိန်တွေ ရောက်လာပြီထင်တယ်… နောက်ကို အဲ့ဒီကို သွားမနေနဲ့တော့… နင့်ပတ်ဝန်းကျင်ကို ကြည့်စမ်း… ဆန်၊ ဂျုံမှုန့်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကလွဲရင် ငါတို့မှာ ဘာမရှိလို့လဲ…
ဪ ဟုတ်သား… ငါတို့ ဝက်ခြံကိုသွားပြီး ဝက်ကလေးနှစ်ကောင်လောက် ယူလာမွေးထားဖို့ အချိန်ရှာရမယ်… ဒါမှ ငါတို့စားစရာတွေ ပြည့်စုံမှာ… သစ်သီးအတွက်ကတော့ ငါတို့အိမ်နောက်က ချယ်ရီပင်တွေရဲ့ တစ်ဝက်လောက်က မှည့်နေပြီ… တုတ်တစ်ချောင်းယူပြီး ခေါက်ချလို့ရတယ်… မှည့်နေတဲ့အလုံးတွေကို စားပြီး မမှည့်သေးတဲ့အလုံးတွေကိုတော့ ချယ်ရီစွပ်ပြုတ်ချဉ်ချဉ်လေး ချက်သောက်ကြမယ်… ပူပူနွေးနွေးဖက်ထုပ်စားပြီးတဲ့အခါ အကောင်းဆုံးက ပါးစပ်ထဲက အဆီတွေပြေသွားအောင် ချိုချဉ်အရသာတစ်ခုခု စားရတာပဲ…"
"ဟုတ်ကဲ့ပါ… သခင်မလေးပြောရင် အမှန်ပါပဲ…"
ဟုန်လျန်က စုနွမ်နွမ်၏ နီမြန်းနေသောမျက်နှာလေးကို ကြည့်ရင်း ပြုံးလိုက်သည်။ ဤလှပသောမျက်နှာလေးက မီးဖိုနား၌ အကြာကြီးနေရ၍ အပူရှိန်တက်နေပြီး သူမနှာခေါင်းပေါ်၌ ချွေးစက်လေးများ သီးနေကာ အောက်ကိုကျတော့မည့်အခြေအနေ၌ ရှိနေသည်။ သူမက စိတ်ထဲတွင် တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ ဘုရားသခင်သာလျှင် သိပေလိမ့်မည်။
အခုလက်ရှိ သခင်မလေးက အရင်က သခင်မလေးမှ ဟုတ်ရဲ့လား…
သူမက ယခင်ကလို အာဏာပြ၊ မောက်မာပြီး အသုံးအဖြုန်းကြီးသော သခင်မလေးထက်စာလျှင် အများကြီး ပိုကောင်းနေသည်။ ဟုန်လျန်က ဘာမှမသိချင်ယောင်ဆောင်ရင်း တိတ်တဆိတ် ပျော်ရွှင်နေမိလေသည်။
အရိုက်အနှက်မရှိ… ဆူပူကြိမ်းမောင်းခြင်းမရှိ… နေ့တိုင်း အရသာရှိတဲ့အစားအစာတွေစားရတဲ့ ဒီလိုဘဝမျိုးကို ဘယ်သူက ငြင်းဆန်နိုင်မှာလဲ…
"သခင်… ဒီလမ်းအတိုင်း ဆက်သွားရင် မေယွဲ့အိမ်တော်ကို ရောက်တော့မှာပါ… ပြန်ကြရင် ကောင်းမလား… သခင်မယွင်က ဒီည သခင့်အကြိုက် ဂျူးမြစ်ဖက်ထုပ် လုပ်ထားတယ်လို့ ပြောထားတယ် မဟုတ်လား…"
"အစားအစာက ဘယ်လောက်ပဲကောင်းကောင်း ခဏခဏစားရင်တော့ ငြီးငွေ့လာတာပဲ…"
သွမ့်ထင်ရွှမ်းက သက်ပြင်းချပြီး ခေါင်းခါလိုက်သည်။
"ငါကပဲ အရမ်း ကြေးများနေတာလားမသိဘူး… ဒါပေမဲ့ အရင်တစ်ခေါက် ကျေးလက်မြို့လေးမှာ စားခဲ့ရတဲ့ ရိုးရိုးဟင်းနဲ့ ထမင်းက ပိုပြီးအရသာရှိတယ်လို့ ခံစားရတယ်… ဘဲစွပ်ပြုတ်၊ ဂျူးမြစ်ဖက်ထုပ်တွေက သုံးရက်တစ်ခါလောက် စားနေရတော့ ပြစ်ဒဏ်တစ်ခုလိုပါပဲ…"
စစ်ဖျင်က တဟဲဟဲ ရယ်လိုက်သည်။
"သခင်က အဲ့ဒါတွေ မစားချင်ဘူးဆိုရင် အဘွားသခင်မဆီ သွားလည်ပါလား… ဒီနေ့ သိုးသားဟင်းချက်တယ်လို့ ကြားတယ်…"
"ဘယ်သူက သိုးသားကို ဂရုစိုက်နေလို့လဲ… အရှေ့နန်းတော်မှာ သိုးသားစားပြီးပြီ… အရင်လိုပဲ ပေါင်းထားတဲ့သိုးသားပဲ… ဘာမှထူးထူးခြားခြားမရှိဘူး…"
သွမ့်ထင်ရွှမ်းက နှာခေါင်းရှုံ့လိုက်ပြီး ခဏစဉ်းစားလိုက်သည်။
"ကံကောင်းလို့ ဒီသခင်က အစားအသောက်သမား မဟုတ်လို့ပဲ… မဟုတ်ရင် ဒီလိုထူးကဲတဲ့ ဇိမ်ခံအစားအစာတွေကို စားနေရတယ်ဆိုတဲ့ အတွေးနဲ့တင် နေမကောင်းဖြစ်သွားနိုင်တယ်… ဟုတ်သားပဲ… အဲဒီမိန်းမ စားဖိုဆောင်မှာ ပြဿနာရှာပြီးနောက် ဘာဖြစ်သွားလဲ… သူ့ဆီက ဘာသတင်းမှ မကြားရတော့ပါလား…"
စစ်ဖျင်က ပြုံးလိုက်သည်။
"ဒီအစေခံလည်း ဘာမှမကြားမိပါဘူး… သခင်မက စားစရာတွေရလို့ ကျေနပ်ပြီး ပြဿနာဆက်မရှာတော့ဘူးထင်ပါတယ်… ပြီးတော့ သူက မြင့်မြတ်တဲ့မျိုးရိုးကလာတဲ့ သခင်မတစ်ယောက်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လို စနစ်တကျနေထိုင်ရမလဲဆိုတာ သိသင့်ပါတယ်လေ…"
သွမ့်ထင်ရွှမ်းက အေးစက်စွာ ရယ်လိုက်သည်။
"စနစ်တကျနေထိုင်မှု ဟုတ်လား… သူဘယ်နှစ်ခါလောက် အကျင့်ပျက်ခဲ့ပြီးပြီလဲ… ပြီးခဲ့တဲ့လကပဲ ပြဿနာတွေ အကြိမ်ကြိမ်မရှာခဲ့ဘူးလား… သူသာ ငါ့ကို သည်းမခံနိုင်တဲ့အထိ စိတ်အနှောင့်အယှက်မပေးခဲ့ရင်၊ သူ့သနားစရာအဖေရဲ့ မျက်နှာကို ထောက်ထားပြီး သူ့ကို မေယွဲ့အိမ်တော်ထဲ ပစ်မထည့်ခဲ့ဘူး…"
ထိုသို့ပြောရင်း သူက စက္ကူယပ်တောင်ကို သူ့လက်ဖဝါးပေါ် ခေါက်လိုက်သည်။ ခဏစဉ်းစားပြီးနောက် သူကပြောလိုက်လေသည်။
"ထားလိုက်တော့… ဒီလောက်ထိ ရောက်လာမှတော့ မေယွဲ့အိမ်တော်ကို သွားကြည့်လိုက်တာပေါ့… အဲဒီသုံးယောက် သေသွားပြီလား မသိဘူး… တကယ်လို့ သူတို့သေသွားရင်တောင်၊ ငါက သူတို့ကို သေချာမြှုပ်နှံပေးသင့်တယ်… ဘာပဲဖြစ်ဖြစ် သူက ငါ့ရဲ့ဇနီးပဲလေ…"
စစ်ဖျင်က စိတ်ထဲတွင် တိတ်တိတ်လေးတွေးလိုက်သည်။
အမယ်လေး သခင်ရယ်… ခင်ဗျားတို့က လင်မယားဆိုတာကို ဝန်ခံသေးတာပဲလား… ခင်ဗျားကတော့ တကယ်ကို အပြောင်းအလဲမြန်တဲ့သူပဲ…
သို့သော် သူက သခင်၏စကားကို သဘောတူပြီး သွမ့်ထင်ရွှမ်း၏နောက်မှ မေယွဲ့အိမ်တော်ထဲသို့ လိုက်ပါသွားလေတော့သည်။
*ကက်တီ (Catty) က ၅၀၀ ဂရမ်ခန့် ရှိပြီး၊ ၆၀၀ ဂရမ် သို့မဟုတ် ၆၀၄ ဂရမ်လည်း ဖြစ်နိုင်သည်။
🍲🍲