Ch 7
Viewers 5k

🍲Chapter 7

လုံးဝဥဿုံ ရှုံးနိမ့်ခြင်း

 



"အရသာနည်းနည်းပျက်သွားတော့ရော ဘာဖြစ်လဲ… စားဖိုဆောင်ထဲမှာ ကျွန်မတို့သုံးယောက် အဲဒီလောက် ပြဿနာကြီးကြီး မရှာခဲ့ရင် ကျွန်မတို့ ဝက်စာတောင် စားရမှာမဟုတ်ဘူး… နည်းနည်းအရသာပျက်သွားတာ စားရတာက ကျွန်မတို့အတွက် ဘာမှမဟုတ်ဘူး…" 

 

စုနွမ်နွမ်က သွမ့်ထင်ရွှမ်းက သူမ၏ ချယ်ရီစွပ်ပြုတ်ကို သောက်နေခြင်းကို ကြည့်ရင်း နှုတ်ခမ်းထောင့်များက အနည်းငယ်တွန့်သွားလေသည်။

 

သူ့ဇနီး၏ ဒေါသက ပေါက်ကွဲတော့မည်ဟု ခံစားရသဖြင့် သွမ့်ထင်ရွှမ်းက စိတ်ကိုအသင့်ပြင်ထားလိုက်သည်။ ကံမကောင်းစွာဖြင့် သူမက သူမျှော်လင့်ထားသလို ဒေါသတကြီး ပေါက်ကွဲမလာခဲ့ပေ။

 

"ဒီဖက်ထုပ်တွေကို မင်းလုပ်တာလား… မင်းလို လူကုံထံသမီးတစ်ယောက်က ဒါတွေလုပ်တတ်တာ ဘယ်တုန်းကလဲ… ဒါတွေက ဆင်းရဲသားတွေရဲ့ အစားအစာလို့ ငါကြားဖူးတယ်…" 

 

မင်းက ဘယ်သူ့စိတ်ခံစားချက်ကို ပိုထိန်းနိုင်မလဲဆိုတာ ပြိုင်ကြည့်ချင်တာလား…

 

သွမ့်ထင်ရွှမ်းက နှာခေါင်းရှုံ့လိုက်သော်လည်း ယနေ့ စုနွမ်နွမ်က ယခင်ကနှင့် အနည်းငယ်ကွာခြားသည်ဟု သူခံစားမိလေသည်။

 

... အိုး…

 

သူမ၏ တိုက်ခိုက်လိုစိတ်က နိုးကြားလာပုံရသည်။

 

ထိုအခါ စုနွမ်နွမ်က ခံစားချက်ကင်းမဲ့စွာဖြင့် ပြန်ပြောလိုက်လေသည်။


"ကျွန်မ ငရဲပြည်ကို တစ်ခေါက်လည်ပတ်ခဲ့တယ်လို့ ပြောလို့ရပါတယ်… ကျွန်မ သက်တမ်းမကုန်ခင် ဝိညာဉ်ကို မှားယွင်းပြီး ယူမိသွားတဲ့အတွက် တောင်းပန်တဲ့အနေနဲ့ ငရဲမင်းကြီး ကိုယ်တိုင်က ကျွန်မကို အထူးစွမ်းရည်တစ်ခု ပေးခဲ့ပါတယ်… အင်း… သူက ကျွန်မကို ဒီအလကားအကြံဉာဏ်ကိုလည်း ပေးလိုက်သေးတယ်… 'ယောင်္ကျားတွေရဲ့ နှလုံးသားက မတည်မြဲဘူး… ငါ့ရဲ့လက်ဆောင်နဲ့ဆိုရင် မင်း ဘယ်သွားသွား အငတ်ဘေးနဲ့ ကြုံတွေ့ရမှာမဟုတ်ဘူး' တဲ့…"

 

[ဖောင်း…] 

 

မြို့စားငယ်လေး၏ ပြည့်စုံသော တည်ငြိမ်မှုက နောက်ထပ်ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ခံလိုက်ရပြီးနောက် သူသောက်လိုက်သော ချယ်ရီစွပ်ပြုတ်တစ်ငုံက စားပွဲတစ်ခုလုံးပေါ်သို့ ပန်းထွက်သွားရသည်။ သူက စုနွမ်နွမ်ကို စူးစိုက်ကြည့်ကာ အံကြိတ်ရင်း ပြောလိုက်လေသည်။


"မင်းက ဒီသခင်ကို နောက်နေတာလား…"

 

"ကဲ… ဖက်ထုပ်တွေကို သိမ်းထားလိုက်တာ ကံကောင်းသွားတာပေါ့…" 


စုနွမ်နွမ်က သူမ၏ထိုင်ခုံမှ ခံ့ညားစွာ ထရပ်လိုက်သည်။ 


"ရှန်းယွင်… ဒီစားပွဲကို သေသေချာချာ သုတ်လိုက်… ညဉ့်နက်နေပြီ… ငါတို့ရဲ့ အရှင်ကို တံခါးဝအထိ လိုက်ပို့လိုက်ပါ…"

 

သွမ့်ထင်ရွှမ်းက "မင်းငါ့ကို ဖက်ထုပ်တစ်ပန်းကန်ပေးမှ ငါပြန်မယ်…" ဟု ပြောချင်စိတ်ကို အလွန်အမင်း ထိန်းချုပ်ထားရသည်။ သို့သော် အဆုံးတွင် ထိုစကားများက သူ့ဂုဏ်သိက္ခာကို အလွန်အမင်းကျဆင်းစေမည်ဟု ခံစားရသဖြင့် တိတ်တဆိတ်သာ နာကျင်မှုကို ခံစားလိုက်ရသည်။ သူက စုနွမ်နွမ်ကို နောက်ဆုံးအကြိမ် မုန်းတီးသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် သူ့အင်္ကျီလက်ကို ဆတ်ခနဲခါကာ နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။

 

"ကောင်းပြီ… ဒီတစ်ခါတော့ မင်းနိုင်တယ်… မင်း ဒီဇာတ်လမ်းကို ဘယ်လောက်ကြာကြာ ဆက်နိုင်မလဲ ကြည့်ကြသေးတာပေါ့… မင်းအမြဲနိုင်နေမယ်လို့တော့ မထင်နဲ့…" 

 

"အခြေအနေက ဒီလိုဖြစ်နေမှတော့ အရှင်က ကျွန်မကို သေစေချင်တာမှမဟုတ်ရင် အရှင်ဘာလုပ်လုပ် ကျွန်မဂရုမစိုက်ပါဘူး…" 

 

စုနွမ်နွမ်က သူ့ကို နှာခေါင်းရှုံ့လိုက်ပြီးနောက် ထိုလူကို တမင်ကျောခိုင်းကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။

 

"သွားတော်မူပါ အရှင်… ဒီအမျိုးသမီးက လိုက်မပို့တော့ပါဘူး…"

 

"သခင်မလေး... သခင်မလေး..."

 

ဟုန်လျန်နှင့် ရှန်းယွင်တို့က သူမတို့၏အသိဉာဏ်များ နောက်ဆုံးတွင် ပြန်ဝင်လာသောအခါ တုန်လှုပ်ချောက်ချားသွားကြလေသည်။ ထို့နောက် သူမတို့၏မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာကာ စုနွမ်နွမ်၏ အင်္ကျီလက်စများကို ဆုပ်ကိုင်ရင်း ပြောလိုက်လေသည်။

 

"သခင်မလေး… ရှင်... ရှင်... သခင့်ကို ဘယ်လိုလုပ် ဒီလိုဆက်ဆံရတာလဲ… ဘာ... ဘာဖြစ်လို့လဲ... သူ့ကို စိတ်ဆိုးအောင်လုပ်မိရင်..."

 

"သူစိတ်ဆိုးတော့ရော ဘာဖြစ်လဲ… သူဘာလုပ်နိုင်မှာမို့လို့လဲ… အဆိုးဆုံး သူလုပ်နိုင်တာက ငါ့ကိုကွာရှင်းဖို့ပဲ… လောကကြီးက ကျယ်ပြန့်ပြီး ငါတို့မှာ ခြေလက်အစုံရှိတယ်… ငါတို့ကိုယ်ငါတို့ မထောက်ပံ့နိုင်ဘူးလို့ နင်တို့တကယ်ထင်နေတာလား…" 


စုနွမ်နွမ်က အေးစက်စွာ ရယ်မောလိုက်လေသည်။ 

 

ငါ့ခေါင်းကိုဖြတ်… ငါ့ကိုသွေးထွက်အောင်ထိုး… နင်တို့ ငါ့ကို အရသာရှိတဲ့ အစားအစာတွေ မကျွေးဘဲတောင် နေနိုင်တယ်… ဒါပေမယ့် နင်တို့က ငါ့ကို ဒီလိုပေါက်ဈေးမရှိတဲ့ လူရှုပ်လူပွေကို ခေါင်းငုံ့စေချင်တယ်ဆိုရင်တော့ နင်တို့အတွက် စကားနှစ်လုံးပဲရှိတယ်… အိပ်မက်သာမက်နေ…

 

"ဒါပေမယ့် သခင်မလေး… အခြေအနေတွေက ဘယ်လိုလုပ် ဒီလောက်လွယ်ကူနိုင်မှာလဲ… သခင်ရဲ့ ရှားရှားပါးပါး အလည်အပတ်လာတဲ့အချိန်မှာ..." 

 

ဟုန်လျန်က သူမကို ဆက်လက်စည်းရုံးရန် ကြိုးစားနေဆဲဖြစ်သော်လည်း စုနွမ်နွမ်က သူမ၏လက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းပြရင်း ပြောလိုက်လေသည်။

 

"တော်ပြီ… သူ့အကြောင်းဆက်မပြောနဲ့တော့… စားချိန်ရောက်ပြီ… ငါ့စိတ်ကို မဖျက်ဆီးနဲ့… အဲဒီလူယုတ်မာက ငါ့ဖက်ထုပ် ဘယ်နှစ်ခုတောင် စားသွားတာလဲ… ထားလိုက်တော့… မေ့လိုက်တော့… ငါမသိချင်ဘူး… ဒါက ငါ့စိတ်ကို ပျက်စီးစေရုံပဲရှိမှာ…"


 

"သခင်… စိတ်မဆိုးပါနဲ့… သခင်မက နေအိမ်အကျယ်ချုပ်ချထားတဲ့အတွက် သခင့်အပေါ် အငြိုးအတေးထားနေတာ ဖြစ်ပါလိမ့်မယ်…" 

 

စစ်ဖျင်က သူ၏ ခံ့ညားပြီး ဩဇာရှိသော သခင်က ဤသို့မျက်နှာ ဖြတ်ရိုက်ခံရခြင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ အိမ်ရှေ့စံမင်းသားပင်လျှင် ဤကဲ့သို့သောစွမ်းရည်မရှိပေ။ သူက ဒေါသထွက်နေသော သခင်၏နောက်မှ တတောက်တောက်ပြေးလိုက်ရင်း စိတ်ဆိုးနေသော သားရဲကြီးကို နှစ်သိမ့်ရန် အကောင်းဆုံးကြိုးစားနေရသည်။

 

"နေအိမ်အကျယ်ချုပ်လား… ငါတကယ်ပဲ သူ့ကို နေအိမ်အကျယ်ချုပ်ချချင်တယ်ဆိုရင် သူနဲ့ သူ့အစေခံမနှစ်ယောက်က ပြဿနာရှာဖို့ စားဖိုဆောင်ထဲ ခြေတစ်လှမ်းတောင် ချခွင့်ရမယ်ထင်နေလား… သူက ဘယ်သူမို့လို့လဲ… ဒီလိုဒေါသထွက်ပြနေရတာက… ဖက်ထုပ်လေးနည်းနည်းပဲ မဟုတ်ဘူးလား… ငါက အဲဒီအရာတွေမရှိဘဲ အသက်မရှင်နိုင်ဘူးလို့ ထင်နေတာလား… ဟမ့်… သူ့ရဲ့သာမန်ဖက်ထုပ်တွေကို ဘယ်သူက လိုချင်မှာလဲ…"

 

သွမ့်ထင်ရွှမ်းက အမှန်တကယ်ကိုပင် ဒေါသထွက်နေလေသည်။ ကြက်သွန်မြိတ်မွှေးရနံ့နှင့် အသားအရည်ရွှမ်းသော ဖက်ထုပ်များ၏ရနံ့က သူ့ဦးနှောက်ကို စွဲလမ်းနေစဉ်တွင်ပင် သူ့ဗိုက်ထဲ၌ ဒေါသမီးများက တောက်လောင်နေပေသည်။ အတန်ကြာအောင် ခြေဆောင့်ကာ ရှေ့သို့ဆက်လျှောက်ပြီးနောက် သူက ရုတ်တရက် ရပ်တန့်လိုက်သည်။

 

ထို့နောက် သူက စစ်ဖျင်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။


"မင်း… မင်းအမေလည်း ဒီသာမန်ဖက်ထုပ်တွေ လုပ်တတ်တယ်လို့ မင်းမပြောခဲ့ဘူးလား… သူ့ကို ငါ့အတွက် နည်းနည်းလုပ်ခိုင်းလိုက်… ကြက်သွန်မြိတ်တွေနဲ့ ဖြည့်ဖို့ မမေ့နဲ့… ဟား… အဲဒီမိန်းမက သူမရှိရင် ငါဖက်ထုပ်မစားနိုင်ဘူးလို့ တကယ်ထင်နေတာလား…"

 

'အဲဒီသာမန်ဖက်ထုပ်တွေကို ဘယ်သူက လိုချင်မှာလဲ' လို့ ပြောခဲ့သူက ဘယ်သူပါလိမ့်… 

 

သို့သော် ထိုစကားများက စစ်ဖျင်၏နှုတ်က အလျင်အမြန်သဘောတူလိုက်စဉ်တွင်ပင် သူ၏နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း ကျန်ရှိနေခဲ့သည်။

 

စစ်ဖျင်၏ ကိုယ်ပိုင်အမြင်အရ စုနွမ်နွမ်က သခင်၏မျက်နှာသာရရန် ဤရှားပါးသောအခွင့်အရေးကို လွှတ်ပေးလိုက်ခြင်းက အမှန်တကယ်ကို မိုက်မဲသည်ဟု ထင်မိသည်။ အကယ်၍ သူမက ကတ်များကို မှန်ကန်စွာကစားပြီး သနားစရာကောင်းသောအသွင်ကို မှန်ကန်စွာပြသကာ လှပစွာတောင်းပန်ခဲ့လျှင် သူမက ပြာပုံဘဝမှ ထသော ဖီးနစ်ငှက်ကဲ့သို့ အတွင်းဆောင်သို့ ပြန်လည်ရောက်ရှိပြီး သူမ၏ယခင်ရာထူးကို ပြန်လည်ရရှိနိုင်ပေမည်။

 

သို့သော် သူမက သခင်ကို ပို၍စိတ်အနှောင့်အယှက်ဖြစ်စေခြင်းဖြင့် သူမ၏အခွင့်အရေးကို ဖြုန်းတီးခဲ့သည်။ 

 

ကျစ်… ကျစ်… ဒီလိုဖြစ်မှတော့ မင်းတစ်သက်လုံး မေယွဲ့အိမ်တော်မှာပဲ နေဖို့ပြင်ထားတော့… ဒီလို မြင့်မြတ်တဲ့အမျိုးသမီးတစ်ယောက် စွန့်ပစ်ခံမုဆိုးမဘဝနဲ့ နေရတာကို မြင်ရတာ ဝမ်းနည်းစရာကောင်းပေမယ့် ဒါက ဘယ်သူ့အမှားလဲ…

 

ထမင်းစားခန်းထဲတွင် မွှေးကြိုင်သောရနံ့များက လွင့်ပျံနေလေသည်။ စားပွဲဝိုင်းပေါ်တွင် အလွန်အနုစိတ်ပြုလုပ်ထားသော ဟင်းလျာများက အိမ်မက်တစ်ခုကဲ့သို့ ခင်းကျင်းထားသည်။ ဖြူစွတ်နေသော သကြားခဲဆန်ပြုတ်ပန်းကန်လုံးတစ်လုံးက ထိုဟင်းလျာများအလယ်တွင် ငြိမ်သက်သောရေကန်တစ်ခုကဲ့သို့ တည်ရှိနေသည်။ ရေနွေးငွေ့လေးများက ခွေလိမ်ကာ ဖြည်းညင်းစွာ တက်နေပြီး မျက်စိကို ဆွဲဆောင်ကာ မြည်းစမ်းကြည့်ရန် ဖိတ်ခေါ်နေတော့သည်။

 

ရှုရန်ယွင်က တစ်ဖက်တွင်ထိုင်ကာ သူမ၏ခင်ပွန်းကို နူးညံ့စွာပြုံးပြနေသည်။ သူကမူ စားပွဲပေါ်ရှိ ဟင်းလျာများကို တစ်ချက်သာကြည့်ပြီး ခေါင်းမော့ကာ မေးလိုက်သည်။


"ဒါအကုန်ပဲလား…"

 

"အမ်…"

 

အလွန်ဉာဏ်ရည်ထက်မြက်သော ရှုရန်ယွင်က သူမ၏ဦးနှောက်က ရပ်တန့်သွားသလို ခံစားလိုက်ရပြီး သူမ၏ခင်ပွန်းထံမှ ရုတ်တရက် မဆီမဆိုင် ထွက်ပေါ်လာသော စကားကို နားမလည်နိုင်ဖြစ်သွားရသည်။

 

"ဟင်းပွဲတွေ အကုန်ချပြီးပြီလား…" 

သွမ့်ထင်ရွှမ်းက ရှင်းပြသည့်အနေဖြင့် ဆက်ပြောလိုက်သည်။

 

"ဪ… ဟုတ်ကဲ့… အရှင်က မကြာသေးခင်က ဘဲစွပ်ပြုတ်က နည်းနည်းလေးပြီး ဆီများတယ်လို့ ခံစားရလို့ သကြားခဲဆန်ပြုတ်ပေါ့ပေါ့ပါးပါးလေး သောက်ချင်တယ်လို့ မပြောခဲ့ဘူးလား…"

 

ရှုရန်ယွင်၏အပြုံးက ပို၍စွဲဆောင်မှုရှိလာပြီး သူမက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ခေါင်းစောင်းလိုက်သည်။ ထို့နောက် ပို၍နွေးထွေးသောအပြုံးတစ်ခုက သူမ၏နှုတ်ခမ်းပေါ်တွင် ပေါ်လာပြီး နူးညံ့သောအသံဖြင့် ပြောလိုက်လေသည်။


"ဟုတ်သားပဲ… အရှင်က နို့ဆန်ပြုတ်ကို အကြိုက်ဆုံးဆိုတာ ကျွန်မမေ့နေတာ… စားပွဲပေါ်မှာ နို့ဆန်ပြုတ်တစ်ပန်းကန် ထပ်ထည့်လိုက်ရင် ကောင်းမလားဟင်…" 

 

"မလိုပါဘူး…" 

သွမ့်ထင်ရွှမ်းက ရုတ်တရက် စိတ်ညစ်သွားသည်။ ချမ်းသာပြီး မြင့်မြတ်သောမိသားစု၏ သားဦးတစ်ယောက်အနေဖြင့် သူက အမြဲတမ်းလိုချင်သမျှကို ရရှိခဲ့သည်။

 

အသက်မွေးဝမ်းကျောင်းရော ဘဝရဲ့အထွတ်အထိပ်မှာရော ရောက်နေတဲ့ ငါက အလိုချင်ဆုံးဖြစ်တဲ့ သာမန်ကြက်သွန်မြိတ်ဖက်ထုပ်တစ်ဖဲ့တောင် မစားရဘဲ ငြင်းပယ်ခံရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ… ဘယ်လောက်တောင် စိတ်ဆင်းရဲစရာကောင်းလိုက်သလဲ… ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းလိုက်သလဲ… ဘဝက ဘယ်လောက်တောင် ဆိုးရွားလိုက်သလဲ…



မည်သို့ပင်ဖြစ်စေ သူက သကြားခဲဆန်ပြုတ်ကို ဇွန်းတစ်ဇွန်းခပ်ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သွမ့်ထင်ရွှမ်း၏ မျက်ခုံးနှစ်ခုကြားတွင် မျဉ်းတစ်ကြောင်းပေါ်လာပြီးနောက် သူက ဇွန်းကိုချကာ ပြောလိုက်လေသည်။

"ချိုလွန်းတယ်… သကြားဈေးတွေ ကျသွားလို့လား…"


(သကြားဈေးတွေ ကျသွားလို့လား - ဆိုသည်က အခြေခံအားဖြင့် တစ်စုံတစ်ခုတွင် သကြားအလွန်အကျွံပါဝင်နေသည်ကို သရော်လှောင်ပြောင်သည့်နည်းလမ်းဖြစ်သည်။ အငန်လွန်သော အစားအစာများအတွက်လည်း 'ဆားဈေးတွေ ကျသွားလို့လား' ဟု ပြောဆိုနိုင်သည်။)

 

"အမ်..."

 

ရှုရန်ယွင်က အမှန်တကယ်ကို ဘာပြောရမည်မှန်းမသိတော့ပေ။ သူမ၏ခင်ပွန်းက လွန်ခဲ့သောသုံးရက်အတွင်း အစားအသောက်သိပ်စားချင်ပုံမပေါ်ကြောင်း သူမသတိပြုမိသဖြင့် သူမ၏ချက်ပြုတ်မှုအပေါ် ပို၍ပင် အားစိုက်ထုတ်ခဲ့သည်။ 

 

မနေ့က အထူးဘဲဟင်းကို ဆီများလွန်းတယ်လို့ အကဲဖြတ်ခံရလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ…

 

ထိုအရာကို ပြန်လည်အစားထိုးရန်အတွက် သူမက သူ့ကိုဆွဲဆောင်ရန် ပေါ့ပေါ့ပါးပါးဟင်းလျာများဖြင့် စားပွဲအပြည့် ပြင်ဆင်ခဲ့သည်။ သကြားခဲဆန်ပြုတ်ပင်လျှင် သွမ့်ထင်ရွှမ်းကိုယ်တိုင်က သူလိုချင်သည်ဟု ပြောခဲ့သည့်အရာဖြစ်သော်လည်း 'ချိုလွန်းသည်' ဟု အကဲဖြတ်ခံရလိမ့်မည်ဟု မထင်ခဲ့ပေ။ 

 

ဒါက တကယ်ကို အပြစ်ရှာချင်လို့ကို အပြစ်ရှာနေတာပဲ…

 

အရှင့်ရဲ့ ဝမ်းဗိုက်က အရမ်းမအီမသာဖြစ်ပြီး အစားအသောက်မစားချင်လို့လား… သူက ဘယ်တုန်းက သူစားတဲ့အစားအစာအပေါ် ဒီလောက်ရွေးတတ်သွားတာလဲ…

 

ရှုရန်ယွင်က သူမ၏ခင်ပွန်း၏စရိုက်ကို သိသည်။ သူက တစ်ခါတရံ နှလုံးသားမရှိသော်လည်း အကျိုးအကြောင်းဆင်ခြင်တုံတရားရှိသော လူတစ်ယောက်ဖြစ်သည်။

 

ထို့ကြောင့် သူမက စွန့်စားရန်ဆုံးဖြတ်ပြီး သူမ၏ခင်ပွန်းဘေးသို့ တိုးကပ်သွားကာ သူ့ဆန်ပြုတ်ပန်းကန်ကို ကောက်ကိုင်လိုက်သည်။ သူမက ဆန်ပြုတ်ကို တစ်ငုံသောက်လိုက်ပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။


"ဆန်ပြုတ်က တကယ်ပဲ အရသာမရှိဘူးလား… သကြားနည်းသွားရင် ဘယ်လိုလုပ် ချိုတယ်လို့ခေါ်နိုင်တော့မလဲ… အရှင်က အချိုကြိုက်တာ မဟုတ်ဘူးလား…"




🍲🍲