Ch 16
Viewers 5k

🍲Chapter 16

: အရှက်ကွဲခြင်း




"အို… နင့်ရဲ့ နမိတ်မရှိတဲ့စကားတွေကို မပြောစမ်းနဲ့… နင့်သခင်မလေး ငါက အခြေအနေကောင်းကောင်းမှာ ရှိနေတယ်…" 

 

စုနွမ်နွမ်က ရှန်းယွင်၏ ပခုံးကို ခပ်ပြင်းပြင်း တစ်ချက် ရိုက်လိုက်သည်။ ထို့နောက် သူမ၏ တန်ဖိုးရှိသော စာရင်းကို ဂရုတစိုက် သိမ်းဆည်းပြီးမှ အေးအေးဆေးဆေး အပြင်သို့ ထွက်လာခဲ့‌လေသည်။ နေလှန်းစင်ပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် အဝတ်အစားအရောင်စုံများ ဝတ်ဆင်ထားသော အမျိုးသမီးတစ်စုက ခြံဝင်းအပေါက်ဝတွင် လှုပ်ရှားနေကြခြင်းကို သူမမြင်လိုက်ရလေသည်။

 

အဓိကဝင်ပေါက်အတွင်း၌ နေလှန်းထားသော ပဲစေ့များပေါ်သို့ သူမ၏အကြည့်က ရောက်သွားသောအခါ သူမ၏နှလုံးသားထဲ၌ နာကျင်မှုတစ်ခုက စူးခနဲဖြစ်သွားရသည်။ ထို့နောက် သူမက ခေါင်းကိုခါယမ်းရင်း သူမဘာသာသူမ တီးတိုးရေရွတ်လိုက်မိသည်။ 


"နှမြောစရာပဲ… ဒါတွေက ဟို သွမ့်ထင်ရွှမ်းအတွက် ပြင်ထားတာ… ကောင်းပြီလေ… ဒီလူတွေက ဟိုကံကောင်းပြီး အသုံးမကျတဲ့ကောင်အတွက် သူတို့ကိုယ်သူတို့ အနစ်နာခံသွားကြတာပေါ့လေ…"

 

သူမတို့သခင်မလေး၏ နောက်တွင် ရပ်နေသော ရှန်းယွင်နှင့် ဟုန်လျန်တို့ကမူ မျက်နှာများ ဖြူဖျော့သွားကြလေသည်။ 

 

အားလုံးရှင်းသွားပြီပဲ…

 

ဟုန်လျန်က သူမ၏သခင်မလေးကို မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်ပြီးနောက် ပါးစပ်က နှစ်ကြိမ်ခန့် ဟလိုက်မိသော်လည်း စကားလုံးများမူ ထွက်မလာနိုင်ခဲ့ပေ။ သူမ၏ လက်ရှိသခင်မလေးက အိမ်တော်၏ အမွေဆက်ခံသူကို ကန်ကျောက်ရန်ပင် ဝံ့သူဖြစ်ရာ သခင်မယွင်က သူမအတွက် အနှောင့်အယှက်လေးတစ်ခုထက် ပိုနိုင်မည် မဟုတ်ချေ။

 

နေလှန်းစင်က အတော်လေး ထင်ရှားသောနေရာဖြစ်သလို အမျိုးသမီးသုံးယောက်က မတ်တတ်ရပ်နေသဖြင့် ရှုရန်ယွင်အနေဖြင့် သူမတို့ကို မမြင်ချင်ယောင်ဆောင်ရန်ပင် နည်းလမ်းမရှိတော့ပေ။ သူမက မျက်မှောင်ကြုတ်လိုက်ပြီးနောင် ရင်ထဲတွင်မူ ဒေါသနှင့် မုန်းတီးမှုတို့ဖြင့် ပြည့်လျှံသွားရသည်။ ထိုအချိန်တွင် အသက်ကြီးပိုင်း အစေခံတစ်ဦးက အသိတရားခေါင်းပါးစွာဖြင့် မီးလောင်ရာ လေပင့်ပေးလိုက်သည်။ 


"ဒီပထမသခင်မက တကယ်ကို ရိုင်းလိုက်တာ… ဒီလိုမောက်မောက်မာမာ လှည့်လည်သွားလာနေရဲသေးတယ်ပေါ့… စွန့်ပစ်ခံထားရတဲ့ ဇနီးတစ်ယောက်ကို သခင်မယွင်က အရိုအသေပေးရမယ်လို့ သူက မျှော်လင့်နေတာလား…"

 

ထိုအခါ သခင်မယွင်က သူမကို မုန်းတီးစွာ စိုက်ကြည့်လိုက်လေသည်။ 

 

ဒီအရှက်မရှိတဲ့ အစေခံမကြီးက ဘယ်ကရောက်လာတာလဲ… နင့်ရဲ့ဒီစကားတွေက ငါ သခင်မကို ဓားနဲ့ထိုးလိုက်သလိုပါပဲဟဲ့… ဒီ စုနွမ်နွမ်က စွန့်ပစ်ခံဇနီးတစ်ယောက်ဆိုတာ ဘယ်သူက မသိလို့လဲ… 

 

သို့သော် သူမ မည်မျှပင် အထီးကျန်ပြီး အရှက်ရနေပါစေ အရှင်က ကွာရှင်းစာချုပ်ကို လက်မှတ်မထိုးသေးပေ။ ထို့ကြောင့် သူမက အမည်ခံမျှသာဖြစ်သော်လည်း ပထမသခင်မအဖြစ် ရှိနေဆဲဖြစ်သည်။

 

အစေခံအိုကြီးက နောက်ဆုံးတွင် သူမ၏ကျောပေါ်မှ စူးရှသောမျက်လုံးများကို ခံစားမိလိုက်ပြီးနောက် သူမ၏ မျက်နှာလုပ်ရန် ကြိုးပမ်းမှုက အရာမထင်မှန်း သိလိုက်ရတော့သည်။ သူမက လည်ပင်းကို ဆုပ်ကိုင်ရင်း မည်သည့်စကားကိုမှ ထပ်မပြောရဲတော့ပေ။ ထိုအချိန်တွင် ဖုန်းရှန်က ဟင်းလင်းပွင့်နေသော တံခါးမကြီးကို ကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ 


"သခင်မ… တံခါးက ဟင်းလင်းပွင့်နေပေမဲ့ ကျွန်မတို့ကတော့ လူမှုစည်းကမ်းအားလုံးကို လိုက်နာသင့်ပါတယ်… ကျွန်မ သွားပြီး ဝင်ခွင့်တောင်းရမလား…"

 

ရှုရန်ယွင်က ယခု အမှန်တကယ်ကို ဒေါသထွက်နေပြီဖြစ်တော့သည်။ သူမ၏အစေခံက သူမကို တမင်သက်သက် လှောင်ပြောင်ပြီး နှလုံးသားကို ဓားဖြင့်ထိုးနေသလို ခံစားနေရသည်။

 

 စွန့်ပစ်ခံအမျိုးသမီးတစ်ယောက်ဆီက ဝင်ခွင့်တောင်းရမယ်ဆိုရင် ဒါက ဟိုမိန်းမရဲ့နေရာကို ဂုဏ်တင်ပေးနေတာပဲ မဟုတ်ဘူးလား…

 

သူမက လှောင်ပြောင်သံဖြင့် ပြောလိုက်သည်။ 

"မေယွဲ့အိမ်တော်က စွန့်ပစ်ခံထားရတာ ဘယ်နှစ်နှစ်တောင် ရှိပြီလဲ… တံခါးမကြီးတွေတောင် ပျက်စီးနေပြီ… ဝင်ခွင့်တောင်းနေလို့ရော ဘာထူးမှာလဲ… တံခါးက လူတိုင်းအတွက် ဖွင့်ထားတယ်ဆိုတာက ငါတို့အတွက်လည်း ဖွင့်ထားတယ်ဆိုတဲ့ ဖိတ်ခေါ်ချက်ပဲ… ဒီအတိုင်းပဲ ဝင်သွားကြစို့…" 


စကားဆုံးသည်နှင့် သူမက ရှေ့သို့ လျှောက်သွားလိုက်သည်။ သူမက ခေါင်းကိုမော့ကာ မုခ်ဦးကို ကျော်ဖြတ်လိုက်၏။

 

နေလှန်းစင်ပေါ်တွင် စုနွမ်နွမ်က သူမ၏မျက်လုံးများကို လက်ဖြင့်အုပ်ကာ တီးတိုးပြောလိုက်သည်။

"ငါ့ရှေ့မှာ ခမ်းနားတဲ့ပြပွဲကြီးတစ်ခု မကြာခင်ဖြစ်တော့မယ်လို့ ငါ နိမိတ်ဖတ်မိတယ်… ဒါပေမယ့် အဲဒီမြင်ကွင်းက အရမ်းကို ကြောက်ခမန်းလိလိဖြစ်နေတော့ ကြည့်ဖို့တောင် စိတ်မကူးရဲဘူး…"

 

ဤစကားကြောင့် ဟုန်လျန်နှင့် ရှန်းယွင်တို့က သူမကို အပြစ်တင်သော အကြည့်များဖြင့် မကြည့်ဘဲမနေနိုင်တော့ပေ။ 

 

ကြည့်ဖို့ စိတ်မကူးရဲဘူး ဟုတ်လား… တကယ်လို့ ကြည့်ဖို့ စိတ်မကူးရဲရင် လက်ချောင်းတွေကြားက အဟလေးက ဘာလဲ… ရှင်းရှင်းလင်းလင်းကို ချောင်းကြည့်နေတာပဲလေ…

 

သူမတို့သခင်မလေးက ဤမျှအရှက်မဲ့သောအလုပ်ကို လုပ်ရဲလောက်သည်အထိ မျက်နှာပြောင်တိုက်လိမ့်မည်ဟု မထင်ထားမိခဲ့ကြပေ။ သူမက အမှန်တကယ်ကို ထူးဆန်းသောလူတစ်ယောက်ပင် ဖြစ်လေတော့သည်။


 

ထို့နောက် ရုတ်တရက် စူးရှသောအော်သံတစ်ခုက လေထုကို ထိုးခွဲသွားခြင်းကို သူမတို့  သိလိုက်ရသည်။ ထိုအခါ ဟုန်လျန်နှင့် ရှန်းယွင်တို့က ဝင်ပေါက်သို့ ငေးကြောင်ကာ ကြည့်နေမိကြသည်။ အမူအရာလုပ်တတ်ပြီး ကျက်သရေရှိသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် မိမိကိုယ်ကိုယ် ပြသတတ်သော သခင်မယွင်က ယခုအခါ အော်ဟစ်ကာ လက်များကို လွှဲယမ်းနေလေသည်။ ရောင်စုံပုစဉ်းအုပ်တစ်အုပ်က စက်ဝိုင်းပုံစံ တဖျပ်ဖျပ်ခတ်နေခြင်းကို ရုတ်တရက် မြင်လိုက်ရသလိုပင်။ ကံမကောင်းစွာဖြင့် ထိုသို့ တဖျပ်ဖျပ်ခတ်ခြင်းနှင့် လွှဲယမ်းခြင်းတို့က သူမအတွက် အကျိုးမရှိခဲ့ဘဲ နောက်ဆုံးတွင် သခင်မယွင်က သူတို့၏ခြံထဲသို့ မျက်နှာဖြင့် တည့်တည့်မှောက်ကျသွားတော့သည်။

 

သို့သော် ပြပွဲက ပြီးဆုံးသွားခြင်း မရှိသေးပေ။ သခင်မယွင်က ချော်လဲကျသည့်တိုင် ဤအတိုင်း ငြိမ်နေမည့်သူ မဟုတ်ပေ။ သူတို့ကြည့်နေစဉ်မှာပင် သူမက ကုန်းရုန်းထလိုက်သော်လည်း ဝမ်းနည်းစရာကောင်းစွာဖြင့် မြေကြီးကို ထပ်ပြီး နမ်းရှိုက်လိုက်ရပြန်သည်။ ထို့နောက် နောက်တစ်ကြိမ်။

 

ထိုသို့ လှပသော်လည်း ဆိုးသွမ်းသော အမျိုးသမီးတစ်ဦးက အကြိမ်ကြိမ် မျက်နှာဖြင့် မှောက်ကျနေသည်ကို မြင်ရခြင်းက ကြောက်မက်ဖွယ်ကောင်းသော ဆုတောင်းပြည့်ပြဇာတ်တစ်ခုလိုပင်။ ဟုန်လျန်နှင့် ရှန်းယွင်တို့က ဤမယုံနိုင်စရာ ဖျော်ဖြေမှုကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေကြလေသည်။ သူတို့က ထိုမြင်ကွင်းတွင် အာရုံစိုက်လွန်းနေသဖြင့် လဲကျနေသော သခင်မတစ်ဦးကို ပြေးကူရန်က သူတို့တာဝန်ဖြစ်ကြောင်းကိုပင် မေ့နေကြတော့သည်။

 

"ဒါက တကယ်ကို အံ့ဩစရာကောင်းလိုက်တာ... အရမ်းအံ့ဩစရာကောင်းလွန်းလို့ ကြည့်တောင်မကြည့်ရဲတော့ဘူး… အား…" 

 

ရှန်းယွင်က အိပ်မက်ထဲ လမ်းလျှောက်နေသူတစ်ဦးလို လေသံဖြင့် တီးတိုးရေရွတ်လိုက်လေသည်။

 

သူတို့၏ ကျယ်ဝန်းသော ခြံရှေ့တွင် ရှုရန်ယွင်တစ်ယောက်တည်းသာ အရှက်ကွဲနေခြင်းမဟုတ်ပေ။ အစေခံကြီးများက သူတို့၏သခင်မကို ကယ်တင်ရန် သူတို့ကိုယ်တိုင်၏ လုံခြုံရေးကိုပင် ဂရုမစိုက်ဘဲ ရဲရဲဝံ့ဝံ့ ရှေ့သို့ ပြေးတက်သွားကြသည်။ နောက်ဆက်တွဲဖြစ်ရပ်များအကြောင်းက ပြောရန်ပင် မလိုတော့ပေ။ နင်းမိလျှင် ဆီထွက်သော ပဲစေ့များပြည့်နေသော ခြံဝင်းကို ရင်ဆိုင်ရသောအခါ၊ အော်ဟစ်ခြင်း၊ လွှဲယမ်းခြင်းနှင့် မြေကြီးထဲ မျက်နှာစိုက်ကျသွားခြင်းတို့မှလွဲ၍ အခြားမည်သို့သော ရလဒ်များ ရှိနိုင်မည် မဟုတ်ချေ။

 

နောက်ဆုံးတွင်မူ အစေခံမလေးများက  အလွန်ခက်ခဲစွာဖြင့် ရှုရန်ယွင်ကို ပဲစေ့များဖုံးနေသော ကြမ်းပြင်မှ ဝင်ပေါက်ဝရှိ ဘေးကင်းရာသို့ ဆွဲထုတ်နိုင်ခဲ့သည်။ ပဲစေ့များပြည့်နေသော ခြံဝင်းကလည်း ထိခိုက်မှုမရှိဘဲ မလွတ်မြောက်နိုင်ခဲ့ပေ။ ယခုအခါ ၎င်းက လုံးဝရှုပ်ပွနေပုံရနေတော့သည်။

 

ရှုရန်ယွင်က ဒေါသကြောင့် အသက်ရှူပင် မဝတော့ပေ။ သူမ၏အဖွဲ့ကို ဦးဆောင်လာချိန်တွင် ဤမျှလောက် ဒုက္ခရောက်လိမ့်မည်ဟု သူမ မည်သည့်အခါကမှ မထင်မိခဲ့ပေ။ သူမက စာသားအတိုင်းတင်စားပြောဆိုသော 'ထောင်ချောက်' ထဲသို့ မဟုတ်ဘဲ၊ အမှန်တကယ် ကောင်းကင်ဘုံကပေးသော ထောင်ချောက်အစစ်ထဲသို့  ခြေချမိလိမ့်မည်ဟု မထင်မိခဲ့ပေ။

 

အရှက်ရလိုက်တာ…

 

သူမ၏ နှုတ်ခမ်းများက ဒေါသကြောင့် တုန်ယင်နေသော်လည်း စကားလုံးများက ထွက်မလာခဲ့ပေ။ ထိုအချိန်တွင် အလွန်နှလုံးကြေကွဲဖွယ်ကောင်းသော အသံတစ်ခုဖြင့် ငိုညည်းသံကို ကြားလိုက်ရတော့သည်။

 

"ကြေကွဲစရာကြီးပဲ… ဆိုးရွားလိုက်တာ… ကြောက်စရာကောင်းလိုက်တဲ့ ကြေကွဲစရာပဲ… ကျစ် ကျစ်… ဘယ်လိုပြောရမလဲ… အရာအားလုံးက အကောင်းပကတိရှိနေတာ… အခုတော့ အရာအားလုံးက ကြောက်စရာကောင်းတဲ့ ကြေကွဲမှုထဲကို ရောက်သွားပြီပေါ့…"

 

ရှုရန်ယွင်က ခေါင်းမော့လိုက်လေသည်။ သူမက ဤအသံကို ကောင်းကောင်းသိသည်။ သူမ၏မျက်လုံးများက ဤဟန်ဆောင်ကောင်းသော မိန်းမကို မြွေပွေးတစ်ကောင်လို စိုက်ကြည့်လိုက်မိသည်။ သူမ၏ နှုတ်ခမ်းများက အကြိမ်အနည်းငယ် ဟလိုက်ပိတ်လိုက်လုပ်ပြီးနောက် ဟိန်းဟောက်လိုက်တော့သည်။


"ဒါဆို ရှင်လုပ်ခဲ့တဲ့ ဆိုးရွားတဲ့အရာကို ရှင်သိတယ်ပေါ့လေ… ဘယ်သူက တာဝန်ရှိတာလဲ..."

 

သူမ၏ စကားမဆုံးမီမှာပင် စုနွမ်နွမ်က ရုတ်တရက် ထိုင်ချလိုက်သည်။ သူမ၏လက်များက ကြေမွသွားသော ပဲစေ့များပေါ်တွင် စိုးရိမ်တကြီး ဝဲနေတော့သည်။ သူမ ရှိုက်ကြီးတငင်ငိုရင်း ညည်းတွားနေလေသည်။

 

"ငါ့ပဲစေ့တွေ... အဖြစ်ဆိုးလိုက်တာ… အဖြစ်ဆိုးလိုက်တာ… အားလုံးက ဒီမှာ အပြစ်ကင်းကင်းစင်စင်နဲ့ နေပူလှန်းနေကြတာကို… ဘယ်အချိန်မှာ... အာ… ဘယ်သူက ဒီလောက် ရက်စက်နိုင်ရတာလဲ… ဒါက ငါ့ရဲ့ခြောက်လစာ စားစရာတွေ… ဟင်း… အခုတော့ အားလုံးကုန်ပြီ… ပျက်စီးသွားပြီ..."

 

ရှုရန်ယွင်က ရုတ်တရက် အသက်ရှူရခက်ခဲလာသလို ခံစားလိုက်ရသည်။ မုန်းတီးခြင်း စမ်းချောင်းကိုးစင်းက သူမ၏ ခန္ဓာကိုယ်တွင်းထဲမှ ရုတ်တရက် ပန်းထွက်လာသလိုပင်။ သူမ၏ပတ်ဝန်းကျင်မှ အစေခံမလေးများကလည်း ပြင်းပြင်းထန်ထန် ငိုကြွေးနေသော စုနွမ်နွမ်ကို ကြည့်ရင်း တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလို ဖြစ်နေကြသည်။ သူတို့က အော်ဟစ်လိုခြင်းကို မနည်း ထိန်းနေရတော့သည်။

 


နင့်အမေ… ခြိမ်းခြောက်ငွေညှစ်တဲ့သူတောင် ဒီလောက်အရှက်မမဲ့ဘူး… ဒီမှာ ပဲ ၅ ကတ်တီ (၂.၅ ကီလိုဂရမ်) တောင် ရှိရဲ့လား… ဒါကို ခြောက်လစာ စားစရာလို့ ပြောရဲသေးတယ်… ငါတို့ကို တစ်နပ်မှာ ပဲစေ့နှစ်စေ့လောက်ပဲ စားတယ်လို့ ယုံစေချင်တာလား… ကောင်းကင်ဘုံက ဘုရားသခင်ရယ်… ဘာလို့များ သူ့ကို အငတ်ဘေးနဲ့ မသေခိုင်းသေးရတာလဲ…


ဟုန်လျန်နှင့် ရှန်းယွင်တို့က စုနွမ်နွမ်နှင့်အတူ နေ့ရောညပါ အချိန်ကြာနေထိုင်ခဲ့ကြသော်လည်း၊ သူမ၏မျက်နှာက သံမဏိနံရံများလို ထူထဲနေလိမ့်မည်ဟု သူမတို့ မည်သည့်အခါကမှ ထင်မထားမိခဲ့ပေ။ သူမတို့က ရှုရန်ယွင်ကဲ့သို့ပင် ထိတ်လန့်နေမိကြသည်။ နောက်ဆုံးတွင် ဟုန်လျန်က သည်းမခံနိုင်တော့ဘဲ သူမက လက်အုပ်ရင်း ညင်သာစွာ ချောင်းဆိုးလိုက်ကာ သူမ၏သခင်မလေးအား သူမ၏ သရုပ်ဆောင်ပွဲလေးကို အဆုံးသတ်ရန် အချိန်ကျပြီဖြစ်ကြောင်း သတိပေးလိုက်ရသည်။

 

ကံကောင်းစွာဖြင့် စုနွမ်နွမ်က အရိပ်အမြွက်ကို သဘောပေါက်သွားသည်။ ထိုချောင်းဆိုးသံလေးကြောင့် သူမ၏ ခါးသီးသော မျက်ရည်များက ရုတ်တရက် ရပ်တန့်သွားတော့သည်။ သူမက ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီးနောက် လက်များကို ခါရမ်းကာ ရှုရန်ယွင်ကို ကြည့်လိုက်လေသည်။ ထို့နောက် သူမက အတော်လေး ခပ်ပြတ်ပြတ်ပုံစံဖြင့်  မေးလိုက်တော့သည်။


"နင်တို့ ဒီကို ဘာလာလုပ်တာလဲ…"

 

"အစ်မက မေယွဲ့အိမ်တော်မှာ နေလာတာ ခြောက်လနီးပါးရှိပြီဆိုတာကို ကျွန်မ သတိရလိုက်လို့ပါ…"

 

 ရှုရန်ယွင်က သူမ၏ ကြိုတင်ပြင်ဆင်ထားသော စကားကို အလိုအလျောက် စတင် ရွတ်ဆိုလိုက်သည်။ 

 

"အစ်မ ဘယ်လိုနေထိုင်နေလဲဆိုတာ ကျွန်မ မသိတာနဲ့ လာတွေ့ဖို့ ဆုံးဖြတ်လိုက်တာပါ… မျှော်လင့်ထားတဲ့အတိုင်းပဲ… အစ်မက အရင်လိုပဲ တက်ကြွနေတုန်းပဲ… မေယွဲ့အိမ်တော်မှာ အကျယ်ချုပ်ကျနေတာတောင် အစ်မကို အဆုံးမသတ်နိုင်ဘူးဆိုတာကို တွေးမိတယ်… ညီမတစ်ယောက်အနေနဲ့၊ အစ်မရဲ့ ကြီးမြတ်မှုရှေ့မှာ တကယ်ကို ဦးညွှတ်ရပါတယ်…"

 

ရှုရန်ယွင်က မွေးရာပါ ပါးနပ်သူဖြစ်ပြီး သူမက အကြီးအကျယ် ရှုံးနိမ့်ပြီးပြီဖြစ်ကြောင်းကို သိပေသည်။ နောက်ထပ် အငြင်းအခုံလုပ်ခြင်းက သူမကို ပို၍အရှက်ရစေမည်သာဖြစ်ကြောင်း သူမက ပါးနပ်စွာ သဘောပေါက်လိုက်သည်။ ထို့ကြောင့် သူမ၏ဒေါသကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီးနောက် စိန်ခေါ်ရန်စသော စကားများအဖြစ်သို့ ပြောင်းလိုက်လေသည်။ သူမက သူမ၏ ဤအစ်မကို ကောင်းကောင်းသိပေသည်။ သူမ၏ ဒေါသကို ဆွပေးနိုင်သမျှ ရှုရန်ယွင်က နောက်၌ထိုင်ရင်း မီးပွားများ လွင့်စင်လာခြင်းကို ကြည့်ရှုနိုင်မည်ဖြစ်သည်။ ၎င်းက ယခုနကက အရှက်ရခဲ့မှုအတွက် အသင့်တော်ဆုံး လက်စားချေမှုဖြစ်လိမ့်မည်။

 

ရှုရန်ယွင်က မှားယွင်းစွာ တွက်ချက်ခဲ့ခြင်း မရှိပေ။ သို့သော် သူမက မည်မျှပင် လိမ္မာပါးနပ်ပါစေ၊ စုနွမ်နွမ်က ယခုအခါ လုံးဝကွဲပြားခြားနားသော လူတစ်ယောက်ဖြစ်နေခြင်းကိုမူ သူမက သိနိုင်စွမ်းမရှိခဲ့ပေ။ 

 

စုနွမ်နွမ်အတွက်မူ သူမ၏ အစားအသောက်ထောက်ပံ့မှု ခြိမ်းခြောက်မခံရလျှင်၊ ဒေါသထွက်လေ့ မရှိတတ်ပေ။ 

 

ငါက နင့်စကားကို နားမလည်ဘူးလေ… ဘာဖြစ်လဲ… အဲ့တော့ ဘာဖြစ်လဲ…

 

သူမက ခပ်ပါးပါးသာ ပြုံးရင်း ပြောလိုက်လေသည်။

"ညီမလေးက ငါဘယ်လိုနေလဲဆိုတာ မြင်ပြီးပြီပဲ… နင်ငါ့ကို ချီးကျူးချင်ချီးကျူး၊ မုန်းချင်မုန်း… ဒါပေမဲ့ နင်ငါ့ကို မြင်ပြီးပြီပဲလေ… နင်ပြန်ရမယ့်အချိန် မကျသေးဘူးလား…"

 

ထိုအခါ ရှုရန်ယွင်က အံ့အားသင့်သွားပြီးနောက် မျက်လုံးများက ပြူးကျယ်သွားတော့သည်။ သူမက အေးအေးဆေးဆေး ပြုံးနေသော စုနွမ်နွမ်ကို မမှတ်မိနိုင်သလို အကဲခတ်လိုက်မိသည်။

 

ဒါက ဘာဖြစ်နေတာလဲ… ဘာလို့ သူက ဒေါသတကြီး ခုန်မပေါက်သေးတာလဲ… တစ်ခုခုမှားနေပြီ… အား… ဘာတွေမှားသွားတာလဲ…

 

သူမ၏စိတ်ထဲတွင် တွက်ချက်မှုများဖြင့် ချာချာလည်နေသော်လည်း သူမ၏မျက်နှာကမူ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူမက ကြမ်းပြင်ပေါ်ရှိ ပဲစေ့များကို ဂရုမစိုက်ဟန်ဖြင့် ကြည့်ကာ လှောင်ပြောင်သံဖြင့် ပြောလိုက်ပြန်သည်။

 

"အစ်မ… ကြမ်းပြင်ပေါ်က ဒီပဲစေ့တွေ… ဒါတွေက ကျွန်မကို အရှက်ရအောင်လုပ်ဖို့ပဲ မဟုတ်လား… ဘာလို့လဲ… ကျွန်မကို လှောင်ပြောင်ပြီးတော့ အခုကျေနပ်သွားပြီလား… အခု ကျွန်မကို မောင်းထုတ်ချင်နေတာက… သက်သေဖျောက်ဖို့လား… ဒီလိုပဲ သက်သေဖျောက်လို့ရမယ်လို့ ထင်နေတာလား…"

 

စုနွမ်နွမ်က သက်ပြင်းချလိုက်ပြီး ခေါင်းကို အကြိမ်အနည်းငယ် ခါယမ်းလိုက်သည်။ ထို့နောက် သူမက ရှုရန်ယွင်ကို သနားကြင်နာသောအကြည့်ဖြင့်သာ ကြည့်လိုက်လေသည်။

 

"နင့်ရဲ့ ဇာတ်လိုက်ဖြစ်ချင်တဲ့ ဆန္ဒကို ငါနားလည်နိုင်ပါတယ်… ဒါပေမဲ့… ငါပြောရမယ်… နင်က နင့်ကိုယ်နင် အထင်ကြီးလွန်းနေပြီ… နင့်ကိုလှောင်ပြောင်ဖို့ ပဲ ၂ ပေါင်လောက်ကို ငါတကယ်သုံးမယ်လို့ နင်ထင်နေတာလား… ရိုးရိုးသားသားပြောရရင် ငါက အဲဒီလောက် ဖြုန်းတီးတဲ့သူ မဟုတ်ဘူး…"

 

"ဒီပဲစေ့တွေက ရွံစရာကောင်းတဲ့မြို့စားငယ်လေးတစ်ယောက်အတွက် ပြင်ဆင်ထားတာ… ဘယ်သူက နင့်ကို ဒီကိုပြေးလာပြီး ငါ့ရဲ့ ကောင်းကောင်းမွန်မွန်ပြင်ထားတဲ့ ထောင်ချောက်ကို လာဖျက်ဆီးခိုင်းလို့လဲ… အခု ငါက ဟိုလူကို အရှက်ရအောင်လုပ်နိုင်မယ့် အခွင့်အရေးကောင်းတစ်ခုကို ဆုံးရှုံးသွားရပြီ… ပြီးတော့ ပဲ ၂ ပေါင်လည်း ဖြုန်းတီးလိုက်ရတယ်… အို… ငါ့ပဲစေ့တွေ… အား… စဉ်းစားလိုက်မိတိုင်း ရင်ဘတ်ထဲက နာတယ်… ဒါတွေက အရည်အသွေးမြင့် ပဲပိစပ်တွေ… အား..."


စုနွမ်နွမ်က စကားပြောလေလေ၊ ဤအစားအသောက်ချစ်သူက ပို၍ပင် စိတ်မကောင်းဖြစ်ရလာလေ ဖြစ်နေတော့သည်။ သူမ၏မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားပြီးနောက် ဝမ်းနည်းပူဆွေးနေသောအမူအရာက အစားထိုးဝင်ရောက်နေတော့သည်။ ထို့နောက် သူမက ရှန်းယွင်ကို ရှိုက်ကြီးတငင်ငိုရင်း ပြောလိုက်လေသည်။

 

"ဒီပဲစေ့တွေက နင်းခြေခံထားရပြီ… သုံးလို့မရတော့ဘူး… ဒီအတိုင်းပဲ တံမြက်စည်းလှဲပြီး ကြက်တွေကို ကျွေးလိုက်… ကြက်မတွေကိုပဲ ကျွေးနော်… ကြက်ဖကို မကျွေးနဲ့… ကြက်မတွေကိုပဲ… ကြားလား… ကြက်မတွေဆီကမှ အနည်းဆုံး ဥနည်းနည်းလောက်တော့ ရနိုင်သေးတယ်… ကြက်ဖကိုကျွေးလို့ ဘာမှမရဘူး…"

 

ရိုးရိုးသားသားပြောရလျှင် ဤစကားများက အမှန်တကယ်ကို စော်ကားလွန်းနေသည်။ သခင်မယွင်က သူမမျက်နှာကို မည်သည့်နေရာ ထားရမည်မှန်း မသိတော့ချေ။ သခင်မယွင် နင်းခဲ့သော ပဲစေ့များကို ကြက်မကိုသာ ကျွေးနိုင်သည်။ 

 

ဒီပဲစေ့တွေကြောင့် ငါ ခေါင်းကွဲလုနီးပါးဖြစ်ခဲ့တာကိုကျ ဘာလို့ မပြောကြတာလဲ… ငါ တကယ် ချော်လဲကျခဲ့တာကို နင်တို့သိတယ်မလား… အားလုံးက တကယ်ဖြစ်ခဲ့တာ… အား…

 

သို့သော် အစေခံကြီးများရော ရှုရန်ယွင်ပါ ဤအချက်ကို စိတ်ပူနိုင်ခြင်းမရှိကြပေ။ သူမတို့က စုနွမ်နွမ်၏ စကားများကြောင့် လုံးဝထိတ်လန့်နေကြရသည်။

 

ရွံစရာကောင်းတဲ့ မြို့စားငယ်လေးတစ်ယောက် ဟုတ်လား… ဒီပဲစေ့တွေက သခင့်အတွက် တကယ်ပြင်ဆင်ထားတာလား… ကောင်းကင်ဘုံရေ… သူက ကောင်းကင်နဲ့မြေကြီးကို လှန်ပစ်မလို့လား… ဒီအိမ်တော်မှာ အိမ်တော်ရဲ့အမွေဆက်ခံသူကို စိန်ခေါ်ရဲတဲ့သူ တကယ် ရှိလို့လား…

 

သခင်မကြီးနှင့် အမွေဆက်ခံသူ သခင်ကို အရိုးထဲစွဲအောင် မုန်းတီးသူက မြို့စားက ချစ်မြတ်နိုးသော သခင်မမင် တစ်ယောက်တည်းသာ ရှိသည်။ ထိုသို့ဖြစ်သော်လည်း သူမပင်လျှင် သူ့ကို ဆန့်ကျင်ရန် အရိပ်ထဲ၌သာ လှုပ်ရှားရဲသည်။

 

တုန်လှုပ်ခြောက်ခြားနေသော ရှုရန်ယွင်နှင့် သူမ၏အစေခံမလေးများ၏ သတိက လောကသို့ ပြန်ရောက်ရန် အချိန်အတော်ကြာခဲ့သည်။ ထို့နောက်တွင် ရှုရန်ယွင်က သူမ၏ ကျက်သရေရှိဟန်ဆောင်မှုကို စွန့်လွှတ်လိုက် သူ၏အသံက စူးရှစွာဖြင့် ထွက်ပေါ်လာလေသည်။ 

"စုနွမ်နွမ်… နင်ရဲတင်းလှချည်လား… နောက်တစ်ခေါက် ပြန်ပြောလိုက်စမ်းပါ… ငါ နင့်ကိုစိန်ခေါ်တယ်… နင်ဘယ်သူ့ကို ထောင်ချောက်ဆင်ဖို့ ကြံနေတာလဲ…"

 

"သွမ့်ထင်ရွှမ်းကို ထောင်ချောက်ဆင်ဖို့လေ… ဟင်း… ဒါကိုပြောဖို့ ငါ့မှာ သတ္တိရှိနေဖို့ လိုလို့လား… သူ ငါ့ရှေ့မှာ ရပ်နေရင်တောင်၊ ငါသူ့မျက်နှာကို တည့်တည့်ကြည့်ပြီး ပြောလိုက်မှာပဲ… ဒီပဲစေ့ထောင်ချောက်က သူ့အတွက်ပဲ ဖန်တီးထားတာလေ…" 

 

စုနွမ်နွမ်က ပခုံးတွန့်လိုက်ပြီး အနည်းငယ်မျှပင် စိုးရိမ်ပူပန်နေခြင်းမျိုး မရှိနေပေ။

 

စုနွမ်နွမ်က ရှုရန်ယွင်နှင့် သူမ၏အဖွဲ့ကို လျစ်လျူရှုလိုက်သည်။ ယခုအချိန်တွင် သူတို့အားလုံး၏ မျက်နှာများက မစင်ပုံကြီးတစ်ပုံကို အကျွေးခံလိုက်ရသလိုမျိုး အလွန်ကြည့်ရဆိုးနေသည်။ သူမက ရှန်းယွင်ကို တံမြက်စည်းယူလာရန် လှည့်ခေါ်လိုက်ပြီး ပဲစေ့များကို လှဲကျင်းခိုင်းလိုက်သည်။ ထို့နောက် သူမက ရှုရန်ယွင်ကို ကျောခိုင်းလိုက်ပြီး၊ ဝင်ပေါက်တွင် စုရုံးနေသော လူအုပ်ကို လုံးဝ လှည့်မကြည့်တော့ပေ။ သူမက အခြားဇနီးတစ်ယောက်ကို သူမမျက်စိထဲ၌ မည်သည့်အခါကမှ ထည့်မထားခဲ့ခြင်းက ရှင်းလင်းလှပေသည်။




🍲🍲