🍲Chapter 21
မျိုးဆက်ကွာဟမှု
သွမ့်ထင်ရွှမ်းက ပါးစပ်မှ မေးခွန်းထွက်သွားပြီးမှသာ သူမည်မျှ အတင်းအကျပ်ဆန်သွားသည်ကို သဘောပေါက်လိုက်သောကြောင့် သူ့မျက်နှာက အရှက်ကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်သွားရသည်။
သို့သော် ဘဲသားကောင်းကောင်းတစ်နပ်စာ ဆုံးရှုံးလိုက်ရသည့် ခံစားချက်ထက်စာလျှင် မည်သည့်အရှက်တရားကိုမဆို သူ ကျော်လွှားသွားနိုင်သည်။ မြို့စားငယ်လေး၏ ခန္ဓာကိုယ်အတွင်း၌ ပုန်းကွယ်နေသော အစားမက်သည့်စိတ်က ခေါင်းထောင်ထလာပြီး အရသာရှိသောအစားအစာကို တောင့်တနေလေသည်။ အရသာရှိသောအစားအစာကို တောင့်တသည့်ဆန္ဒက တစ်ကြိမ်လှုံ့ဆော်ခံရသည်နှင့် ထိန်းချုပ်နိုင်မည်ဟု မျှော်လင့်၍မရလောက်သည်အထိ ပြင်းထန်လာတော့သည်။
"ဪ… ဘဲတွေအကြောင်းပြောတာလား… အင်း… အဲဒီလောက်မြန်မြန် ဘယ်လိုလုပ် အဆင်သင့်ဖြစ်နိုင်မှာလဲ… ဟုန်လျန်က အခုမှမီးဖိုချောင်ထဲမှာ သန့်စင်ပြီးကလီစာထုတ်နေတုန်း… မနက်ဖြန်ကျရင်တော့ ကျွန်မရဲ့ဘဲကင်ကို မြည်းစမ်းကြည့်လို့ရမယ်…"
စုနွမ်နွမ်၏ ဤလူရှုပ်လူပွေအပေါ်ထားရှိသော အမြစ်တွယ်နေသည့်အမုန်းတရားက ၁၈၀ ဒီဂရီ ပြောင်းလဲသွားပြီး ယခုအခါသူ့အပေါ်တွင် အလွန်နွေးထွေးနေလေသည်။
သူမ၏တောက်ပသောမျက်နှာတွင် အံ့ဩလောက်အောင် ချစ်ခင်ကြင်နာသောအမူအရာတစ်ခု ပေါ်လွင်နေသော်လည်း သူမ၏ဘယ်ဘက်မျက်လုံးက အတင်းအကြပ်အားစိုက်နေရသောကြောင့် လှုပ်နေခြင်းကိုလည်း သူမြင်နိုင်ပေသည်။
"မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ… ငါအခုသတိပေးနေတယ်နော်… မဟုတ်တရုတ်အကြံအစည်တွေ မကြံစည်တာ မင်းအတွက်ကောင်းလိမ့်မယ်… မင်းသခင်ရဲ့ သည်းခံနိုင်စွမ်းက အတိုင်းအတာရှိတယ်…"
သွမ့်ထင်ရွှမ်းက ငတုံးတစ်ယောက်မဟုတ်ပေ။ ယခုအခါ သူ၏သံသယများက ပို၍မြင့်တက်လာနေသည်။ သူက စုနွမ်နွမ်ကို 'မင်းရဲ့အကြံအစည်တွေကို ငါမြင်နေတယ်' ဟုဆိုနေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်လေသည်။
ပုံမှန်ဆိုလျှင် ဤလူရှုပ်လူပွေထံမှ ထိုသို့သောစကားများကြားရပါက စုနွမ်နွမ်က သူ့မျက်နှာကို ခြေပျံတစ်ချက် ကန်ကျောက်လိုက်လောက်ပြီဖြစ်ပေသည်။ သို့သော် ယနေ့တွင်သူမက အလွန်ပုံမှန်မဟုတ်ဘဲ ထိုအရှက်မရှိသောစကားများကို လျစ်လျူရှုရုံသာမက စိတ်လှုပ်ရှားနေသောမျက်နှာဖြင့် သူ့ထံချဉ်းကပ်လာပြီး မေးလိုက်တော့သည်။
"ခုနက ရှင်သုံးလိုက်တဲ့ကွန်ဖူးလေ… ရှင့်ကိုလေထဲပျံတက်သွားစေတဲ့တစ်ခုလေ… အဲဒါ ဘာအထူးသိုင်းကွက်လဲ… ပုစဉ်းဖမ်းခြေရှစ်လှမ်းလား… ကျူရိုးတစ်ချောင်းနဲ့မြစ်ကိုဖြတ်ကူးခြင်းလား… ဗေဒါတောင်တက်ခြင်းလား..."
"ဘယ်လို ပေါက်ကရတွေလဲ…"
သွမ့်ထင်ရွှမ်းက စက်ဆုပ်စွာဖြင့် နောက်ဆုတ်လိုက်သည်။
"ဒါက သာမန် ချင်ကုန်း (ကိုယ်ဖော့သိုင်း) ပဲ… အမိုးပေါ်ပျံသန်းခြင်းနဲ့ နံရံပေါ်လမ်းလျှောက်ခြင်းလေ… မင်းကြားဖူးမှာပါလေ… ငါက အဲဒါကိုသဘောကျတဲ့သာမန်သူခိုးဓားပြတွေထက် နည်းနည်းပိုကောင်းရုံပဲ… မင်းက အခု ငါ့ကို ပိုးကောင်တွေစားရလောက်အောင် ဆာလောင်နေတယ်ဆိုပြီး လှောင်နေတာလား…"
မျိုးဆက်ကွာဟမှု… ၎င်းက ရှင်းလင်းသောမျိုးဆက်ကွာဟမှုပြဿနာပင်ဖြစ်လေသည်။ အမှန်တွင် ၎င်းက သာမန်မျိုးဆက်ကွာဟမှုသာ မဟုတ်ဘဲ အနည်းဆုံး ဘဝတစ်ဒါဇင်ခန့် ခြားနားနေသော ကွာဟမှုဖြစ်ပေသည်။ အကြောင်းတစ်ခုခုကြောင့် ဤလူရှုပ်လူပွေက ပုစဉ်းဖမ်းခြေရှစ်လှမ်းသိုင်းကွက်ကို ပိုးကောင်စားခြင်းနှင့် ဆက်စပ်လိုက်သည်။ ထိုအခါ စုနွမ်နွမ်က ဆွံ့အသွားရလေတော့သည်။
သူမက ဤခေတ်နောက်ကျနေသောလူကို သူမ၏စကား၏ ဆိုလိုရင်းကို စိတ်ရှည်စွာဖြင့် ရှင်းပြလိုက်ရသည်။
"ကျွန်မက ရှင်အစားလောဘကြီးတာကို ပြောနေတာမဟုတ်ဘူး… ပုစဉ်းကိစ္စက အဲဒီကောင်ကိုဖမ်းရတာ ဘယ်လောက်ခက်ခဲလဲဆိုတာကို ပြောတာ… ပြီးတော့... ရှင်ရဲ့ ချင်ကုန်း… အဲဒါမှာ အထူးနာမည်တွေမရှိဘူးလား… ဝတ္ထုတွေထဲမှာဆို အထူးသိုင်းကွက်တွေအားလုံးမှာ ခမ်းနားထည်ဝါတဲ့နာမည်တွေ ရှိတယ်လေ…"
သွမ့်ထင်ရွှမ်းက နောက်ဆုံးတွင် သူမ၏ဆိုလိုရင်းကို နားလည်သွားတော့သည်။ သူက သူမ၏ဤမိုက်မဲသောဘက်ခြမ်းကိုကြည့်ပြီး ရယ်ချင်စိတ်ပေါက်လာမိသည်။ ထို့နောက် သူက ခေါင်းကို ခါယမ်းရင်း ပြောလိုက်လေသည်။
"ဪ... အဲဒီစာအုပ်တွေက အပျော်သက်သက် ရေးထားတာတွေ… မင်းက တကယ်အစစ်လို့ ထင်နေခဲ့တာလား… သာမန်ချင်ကုန်းစွမ်းရည်တစ်ခုက နာမည်တွေအများကြီးရှိနေနိုင်တယ်လို့ ထင်နေတာပဲ… ပုစဉ်းဖမ်းခြေရှစ်လှမ်းတို့… ကျူရိုးတစ်ချောင်းနဲ့မြစ်ကူးတာတို့… ဒါတွေအားလုံးက ချင်ကုန်းပဲ မဟုတ်ဘူးလား…"
ဤသို့ပြောနေရင်း သူက စိတ်ရှုပ်ထွေးသွားရသည်။ သူက စုနွမ်နွမ်ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် သူ၏ချောမွေ့သောမေးစေ့ကို စဉ်းစားတွေးတောသလို ပွတ်သပ်နေရင်း ပြောလိုက်လေသည်။
"မင်းဒီနေ့ တော်တော်စကားများနေတာပဲ… မင်းယောက်ျားကိုသတ်ဖို့ ကြွက်ထောင်ချောက်တွေ ခုလေးတင် ဆင်ထားပြီးတော့… ဒါပေမယ့် အခု မင်းက အဲဒီကိစ္စကိုတောင် ထုတ်မပြောတော့ဘူး… တကယ်တော့ မင်းဒီနေ့ တော်တော်နွေးထွေးနေတယ်… ဟမ့်… အကြောင်းမရှိဘဲ ဖော်ရွေပြတတ်သူတွေက မကောင်းတဲ့ရည်ရွယ်ချက်ကို ဖုံးကွယ်ထားတတ်တယ်… ပြောစမ်း… မင်းဘာလိုချင်နေတာလဲ…"
"ကျွန်မ ချင်ကုန်းသင်ချင်တယ်…"
ဤလူရှုပ်လူပွေက ငတုံးတစ်ယောက်မဟုတ်ပေ။ ထို့ကြောင့် စုနွမ်နွမ်က စကားကိုဝေ့ဝိုက်မပြောတော့ဘဲ တည့်တိုးသာ ပြောချလိုက်သည်။
"မေ့လိုက်တော့…"
သွမ့်ထင်ရွှမ်းက စဉ်းပင်မစဉ်းစားဘဲ သူမကိုငြင်းပယ်လိုက်သည်။
"အမွေဆက်ခံသူရဲ့ဇနီးတစ်ယောက်အနေနဲ့ မင်းအတွက် ချင်ကုန်းက ဘာအတွက် လိုအပ်မှာမလို့လဲ… မင်းက သူခိုးမတစ်ယောက်ဖြစ်ဖို့ စဉ်းစားနေတာတော့မဟုတ်ဘူးမလား… ငါပြောပြမယ်… အဲဒီမိုက်မဲတဲ့ဝတ္ထုတွေရဲ့ အလိမ်မခံနဲ့… သူခိုးမတစ်ယောက်ရဲ့ဘဝက စွဲမက်ဖွယ်ကောင်းတယ်လို့ မင်း တကယ် ထင်နေတာလား… ဒီလိုစာအုပ်တွေက ပိုက်ဆံရှာနိုင်တဲ့အတွက်ကြောင့် မကြာသေးခင်ကမှ နာမည်ကြီးလာတာ… အကျိုးဆက်အနေနဲ့ ဒီလိုအမှိုက်တွေက ပိုပြီးထုတ်ဝေလာကြတယ်… ဒီစာအုပ်တွေရဲ့လွှမ်းမိုးမှုခံရတဲ့ မိန်းကလေးတွေမှအများကြီးပဲ… သူတို့က သူတို့ဘဝကို သူတို့ကိုယ်တိုင် ဖျက်ဆီးခဲ့ကြတာ… အမျိုးသမီးထောင်တွေမှာတောင် ဒီလိုသူခိုးမလို့ခေါ်တဲ့သူတွေကို ထားဖို့နေရာ မလောက်တော့ဘူး… ဟုတ်တယ်… မင်းက အဆိပ်ပြင်းတဲ့မိန်းမ… ဒါပေမဲ့ မင်းခေါင်းထဲမှာ ဦးနှောက်တော့ ရှိသေးတယ်… တကယ်တော့ မင်းဒီမိုက်မဲတဲ့မိန်းကလေးတွေကိုတောင် အရင်က ရယ်ခဲ့ဖူးပါတယ်… ဒါဖြင့် ဘာလို့ ရုတ်တရက်ဒီလိုစိတ်ဝင်စားလာရတာလဲ..."
"ကျွန်မ သူခိုးမဖြစ်ချင်တယ်လို့ ဘယ်သူကပြောနေလို့လဲ…"
စုနွမ်နွမ်က သွမ့်ထင်ရွှမ်းကို စိုက်ကြည့်ရင်း အံကြိတ်လိုက်မိသည်။
"ကျွန်မက ဘာလို့အဲဒီလောက်အန္တရာယ်များတဲ့ အသက်မွေးဝမ်းကျောင်းလမ်းကို ရွေးရမှာလဲ… ကျွန်မရဲ့မီးဖိုချောင်ကျွမ်းကျင်မှုကို စဉ်းစားကြည့်လိုက်… ကျွန်မချက်ပြုတ်တာနဲ့ ချမ်းသာအောင်လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ရှင် ထင်နေလား… ရှင့်ရဲ့ခွေးမျက်လုံးတွေနဲ့ ဒီကြီးကျယ်ခမ်းနားတဲ့အရည်အချင်းကို အထင်မသေးနဲ့…"
"ယိုး… မင်းဆီကထွက်လာတဲ့ တိုက်ခိုက်ရေးစကားလုံးတွေက ကောင်းသားပဲ…"
သွမ့်ထင်ရွှမ်းက ဖြည်းဖြည်းချင်းလက်ခုပ်တီးရင်း ပြုံးစိစိလုပ်လိုက်လေသည်။
"အခုတော့ ငါစိတ်ဝင်စားသွားပြီ… မင်းလို ပထမသခင်မတစ်ယောက်က ဘာလို့ ချင်ကုန်း သင်ချင်ရတာလဲ…"
"ရှင့်ခေါင်းကိုကန်ဖို့လေ…"
စုနွမ်နွမ်က ထိုလူရှုပ်၏ ရန်စမှုကြောင့် သူမ၏ရည်ရွယ်ချက်အမှန်ကို ဖွင့်ဟလိုက်မိသည်။
"အရင်တစ်ခါ ရှင် ကျွန်မစားပွဲမှာထိုင်ပြီး ကျွန်မရဲ့ဖက်ထုပ်ကြီးတွေကိုစားတုန်းက ရှင့်ကို တကယ်ကန်ထုတ်နိုင်တဲ့အရည်အချင်း ကျွန်မမှာမရှိခဲ့ဘူး… ဒီကိစ္စက ကျွန်မကို အရိုးထဲထိစွဲအောင် နာကျင်စေခဲ့တယ်… ဒါပေမယ့် ကျွန်မက အမှားကနေသင်ခန်းစာယူတတ်သူပါ… ဒါက နာကျင်ရသလောက် ကျွန်မကွန်ဖူးကို သင်ချင်မိတယ်… ထွက်ပြေးနေတဲ့ယုန်တွေလို လျင်မြန်လာနိုင်ပြီး ဖြစ်လာနိုင်တဲ့အခြေအနေအားလုံးကို ကာကွယ်နိုင်ဖို့…"
သူမပြောနေစဉ်တွင် သွမ့်ထင်ရွှမ်း၏လှောင်ပြောင်သောအပြုံးက သူ့မျက်နှာပေါ်တွင် အေးခဲသွားရသည်။ သူ့အမူအရာက မစင်ခွံ့ကျွေးခံလိုက်ရသလို ခါးသီးနေလေသည်။ နောက်ဆုံးတွင် ထိုအပြုံးက အရည်ပျော်သွားကာ သူ့ရှေ့မှ ခေါင်းကိုမော့၊ ပခုံးကိုကော့၊ ရင်ကိုချီထားသော မာနကြီးသည့်မိန်းမကို စိုက်ကြည့်နေလိုက်သည်။
စကားလုံးတစ်လုံးချင်းစီက သူ့ပါးစပ်ထဲမှ အတင်းဆွဲထုတ်လိုက်ရသလို ထွက်ပေါ်လာတော့သည်။
"ဒါဆို မင်းက ငါ့ကိုကန်ထုတ်ဖို့ ချင်ကုန်းကို သင်ချင်တာပေါ့… မင်းက ဒီလိုပွင့်ပွင့်လင်းလင်းပြောပြီးမှတော့ ငါကမင်းကို တစ်ခုခုသင်ပေးမယ်လို့ တကယ်ထင်နေတာလား…"
"ကျွန်မဘာမှမပြောရင်တောင် ရှင်က ကျွန်မကိုသင်ပေးရမှာပါပဲ…"
စုနွမ်နွမ်က မထီမဲ့မြင်ပြုံးရင်း ပြန်ပြောလိုက်သည်။
"ဒါဆို မင်းက ငါမသင်ပေးလောက်ဘူး ထင်လို့ အဲဒီမဟုတ်တာတွေအကုန် လျှောက်ပြောလိုက်တာလား…"
မြို့စားငယ်လေးအတွက် ထိုအချက်က အဓိပ္ပာယ်ရှိသွားပုံရလေသည်။
ဒီမိန်းမက မြည်းကန်ခံထားရတဲ့ပုံမပေါ်ဘူး… ပြီးတော့ သူက ဉာဏ်ပြေးတယ်… အခုတော့ အရာအားလုံးက အဓိပ္ပာယ်ရှိသွားပြီ…
"မှားတယ်… ဘယ်လိုပဲဖြစ်ဖြစ် ရှင်က ကျွန်မကိုသင်ပေးမှာပဲ… ဒါကြောင့် ကျွန်မရဲ့ရည်ရွယ်ချက်အမှန်ကို ဖွင့်ပြဖို့ကို ကျွန်မ မကြောက်ဘူး…"
သူမက ဤစကားများကို လုံးဝယုံကြည်မှုအပြည့်ဖြင့်ပြောရင်း ကျေနပ်စွာပြုံးနေလိုက်သည်။
"ငါ့ခေါင်းထဲမှာ ရေပဲရှိတယ်… ဒါမှမဟုတ် ငါမြည်းကန်ခံထားရတယ်လို့ ငမိုက်သားတစ်ယောက်ယောက်ဆီကများ ကြားထားလို့လား…"
သွမ့်ထင်ရွှမ်းကို သူစိတ်ရှုပ်ထွေးနေမိခြင်းအတွက် အပြစ်တင်၍မရပေ။ သူက စုနွမ်နွမ်၏ယုံကြည်မှု၏ အကြောင်းအရင်းကို နားမလည်နိုင်ဖြစ်နေလေသည်။
"ကျွန်မက လေတိုက်တာကြားရုံနဲ့ မိုးရွာတော့မယ်လို့ထင်တဲ့ မိုက်မဲတဲ့မိန်းမအမျိုးအစားလို့ ရှင်တကယ်ထင်နေတာလား…"
စုနွမ်နွမ်က မျက်လုံးလှန်လိုက်မိသည်။ အမှန်တွင် ၎င်းက ရိုင်းစိုင်းသောအပြုအမူဖြစ်သော်လည်း သွမ့်ထင်ရွှမ်းက သူမထိုသို့ပြုလုပ်သည့်အခါ ချစ်စရာကောင်းသည်ဟု ထူးဆန်းစွာခံစားလိုက်ရမိသည်။ သူက ထပ်မမေးတော့ဘဲ သူမ၏ယုံကြည်မှုရှိနေပုံကိုကြည့်ရင်း သူမလက်ထဲတွင် အကြံအစည်တစ်ခုခုရှိနေမည်က သေချာနေလေသည်။ သူက သူမ၏အခြေအနေများကို အရင်နားထောင်လိုက်မည်။
ထင်သည့်အတိုင်းပင် စုနွမ်နွမ်က လက်ညှိုးတစ်ချောင်းထောင်လိုက်လေသည်။
"တစ်လ… ကျွန်မ ရှင့်ကို တစ်လလုံး ကြိုက်သလို လာစားသောက်ခွင့်ပေးမယ်… ဘယ်လိုလဲ…"
"မင်းတစ်နည်းနည်းနဲ့ စိတ်ရှုပ်ထွေးသွားတာလား… ဒါက ငါ့အိမ်တော်… ပြီးတော့ မင်းကငါ့ဇနီး..."
သွမ့်ထင်ရွှမ်းက ဒေါသထွက်စပြုလာတော့သည်။
သူ၏ အသံအပြည့်အဝမထွက်လာမီမှာပင် စုနွမ်နွမ်က သူမ၏လက်ကို ပေါ့ပေါ့ပါးပါးဝှေ့ယမ်းလိုက်သည်။
"စွန့်ပစ်ခံဇနီးပါ… အရှင်… ရှင့်ရဲ့စကားကို သတိထားပါဦး… ကျွန်မတို့သုံးယောက်ကို မေယွဲ့အိမ်တော်ကို ကန်ထုတ်လိုက်တဲ့အချိန်ကစပြီး ကျွန်မက စွန့်ပစ်ခံဇနီးဖြစ်နေပါပြီ…"
"ကွာရှင်းစာချုပ်ကို မင်းမြင်ဖူးလို့လား…”
သွမ့်ထင်ရွှမ်းက မထီမဲ့မြင်ပြုံးလိုက်လေသည်။ စုနွမ်နွမ်က ခေတ္တရပ်သွားသောအခါ သူက နှုတ်ခမ်းကိုကွေးလိုက်ကာ ရယ်လိုက်လေသည်။
"ကွာရှင်းစာချုပ်မရှိဘဲ မင်းကိုယ်မင်း ဘယ်လိုလုပ် စွန့်ပစ်ခံဇနီးလို့ခေါ်နိုင်မှာလဲ… မင်းစကားကို ဂရုစိုက်သင့်တယ်…"
"လူတစ်ယောက်က ဘယ်လိုလုပ် အဲဒီလောက်အရှက်မရှိနိုင်ရတာလဲ…"
စုနွမ်နွမ်က သွမ့်ထင်ရွှမ်းကို မကျေမနပ်လက်ညှိုးထိုးလိုက်မိသည်။
"ရှင်… ဒီအကျိုးနည်းလူရှုပ်လူပွေ…"
"အတူတူပါပဲ… မင်း… ဒီအကျိုးနည်းအဆိပ်ပြင်းတဲ့မိန်းမ…"
သွမ့်ထင်ရွှမ်းကလည်း တစ်လက်မမှအလျှော့မပေးပေ။ သူက အရိုအသေပေးသလို ဟန်ဆောင်လုပ်လိုက်ပြီးနောက် မထီမဲ့မြင်ပြုံးလိုက်လေသည်။
"နားလည်ပြီလား… မင်းရဲ့ဒီသခင်ကို ဒီမှာလာစားသောက်ခွင့်ပေးတယ်ဆိုတာမျိုး မရှိဘူး…"
"ကျွန်မက စွန့်ပစ်ခံဇနီးမဟုတ်ဘူးဆိုရင် အိမ်တော်စားဖိုဆောင်က ကျွန်မအတွက် စားစရာဝေစုကို ပြင်ဆင်ပေးသင့်တယ်… ဟုတ်တယ်မလား… ဒါကောင်းတယ်… ကျွန်မကိုယ်တိုင်စားစရာလုပ်ဖို့ အဲဒီလောက်အားစိုက်စရာမလိုတော့ဘူး… အရှင်… ကြိုက်တဲ့အချိန်လာခဲ့ပါ… ကျွန်မစားဖိုဆောင်ကို ရှင့်အတွက်ဝေစုပါပြင်ဆင်ပေးဖို့ အကြောင်းကြားလိုက်ပါ့မယ်…"
ရှင့်မှာတိုက်ပွဲနည်းဗျူဟာတွေရှိရင် ကျွန်မမှာလည်း ခံတပ်နံရံတွေရှိတယ်…
စုနွမ်နွမ်က မိမိကိုယ်ကိုယ်လက်ခုပ်တီးလိုက်ရင်း လုံးဝတည်ငြိမ်နေမိသည်။
ဟီးဟီး… ရှင်က ကျွန်မရဲ့အရသာရှိတဲ့စားစရာတွေကို အဲဒီလောက်လွယ်လွယ်နဲ့ စားရမယ်လို့ တကယ် ထင်နေတာလား… ရှင်က သိပ်ကိုရိုးစင်းလွန်းတယ်… ဒီသောက်ကျိုးနည်း လူရှုပ်ကောင်ရဲ့…
🍲🍲