Chapter 55
Viewers 2k

【Volume 3 : ကံဆိုးခြင်းနတ်ဘုရားလေး ၀၃】


Chapter 55


ရှန်ရှင်ယွင်သည် ယဲ့ဖေးကျိုးကို အရိုးဆေးရုံသို့ အောင်မြင်စွာ ပို့ဆောင်ခဲ့သည်။


ယဲ့ဖေးကျိုး၏စစ်ဆေးမှုရလဒ်များအရ မြီးညောင်းရိုး အနည်းငယ်ကျိုးသွားတာကို တွေ့ရှိခဲ့ရပြီး ခွဲစိတ်စရာမလိုသလို ဆေးရုံတက်ရန်လည်း မထောက်ခံပါ။ ဆရာဝန်သည် ပြန်လည်ကောင်းမွန်လာစေရန်နှင့် နာကျင်မှုသက်သာစေရန် ဆေးဝါးတချို့ ညွှန်ကြားပေးခဲ့ပြီး တစ်လလောက်အိပ်ရာထဲမှာ အနားယူရန်နှင့် လှုပ်ရှားတာ၊ ထိုင်တာကို လျှော့ချရန် ညွှန်ကြားခဲ့သည်။


သို့သော် သူကျောင်းသွားရမှာဖြစ်၍ ဘယ်လိုလုပ် အိမ်မှာနေပြီး အနားယူနိုင်မည်နည်း။ ယဲ့ဖေးကျိုးသည် အလွန်နာကျင်နေတာကြောင့် ချွေးအေးများဖြင့် သူ့အတန်းပိုင်ဆရာကို ဖုန်းဆက်ပြီး နေ့တစ်ဝက်လောက် ခွင့်တောင်းခဲ့သည်။


ထိုအချိန်တွင် ရှန်ရှင်ယွင်သည် မကြာသေးမီက ဖွင့်ထားသော ဆေးအိတ်တစ်လုံးကို ကိုင်ဆောင်ကာ ယဲ့ဖေးကျိုးဆီသို့ လျှောက်လာခဲ့သည်။ သူလမ်းလျှောက်ရင်း ဆေးဘူးတစ်ဘူးကို ကောက်ယူကာ အညွှန်းကို ဖတ်လိုက်သည်။ သူ၏ရှည်လျားကော့ညွတ်သော မျက်ခုံးမွေးများ၊ ရှည်လျားပြီး တွဲလောင်းကျနေသော မျက်တောင်များနှင့် လှပသော ပုံသဏ္ဌာန်ရှိသည့် နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးနေသည်။ သူ၏လမ်းလျှောက်ပုံက ကာတွန်းစာအုပ်ထဲက ဇာတ်ကောင်တစ်ယောက်လို ကြော့ရှင်းပြီး ထက်မြက်သည်။ ဆေးရုံစင်္ကြံထဲတွင် သူ သည်လိုပေါ်လာခဲ့သောအခါ ဖြတ်သွားသူတိုင်းက သူ့ကို လှမ်းကြည့်ကြသည်။ ယဲ့ဖေးကျိုးပင် ခဏတာ အံ့အားသင့်သွားပြီး အရိုးများ သိပ်မနာတော့သလို ခံစားရသည်။


...မင်း ဘာတွေတွေးနေတာလဲ။


ယဲ့ဖေးကျိုးသည် သူ့လက်မောင်းကို ပြင်းပြင်းထန်ထန် ညှစ်လိုက်သည်။


သူ့တွင် လိင်တူသဘောကျသောစိတ်များ ရှိနိုင်သည်ဟု အမြဲသံသယဝင်ခဲ့ပြီး ချောမောလှပသောရုပ်ရည်ကိုလည်း နှစ်သက်သည်။


"ဆေးက အဆင်သင့်ဖြစ်ပြီ၊ အရင်သောက်လိုက်ရအောင်" ရှန်ရှင်ယွင် အနားကိုရောက်လာသောအခါ ယဲ့ဖေးကျိုးက အတွေးပျောက်နေခဲ့သည်။ သူသည် သူ့အိတ်ထဲက ရေသန့်ဘူးတစ်ဘူးကို ထုတ်ယူပြီး ယဲ့ဖေးကျိုးရှေ့မှာ ဖွင့်လိုက်ကာ မျက်ခုံးတစ်ဖက်ပင့်ရင်း ကျီစယ်သောအပြုံးတစ်ခုကို ပြုံးပြလိုက်သည်။ "ဒါက တံဆိပ်အသစ်ပဲ၊ အိပ်ဆေးတော့မပေးလောက်ပါဘူး၊ စိတ်မပူပါနဲ့"


ယဲ့ဖေးကျိုး၏မျက်နှာသည် နီရဲလာ၏။ သူသည် ရေဘူးကို ယူပြီး နူးညံ့စွာ ပြောလိုက်သည်။ "ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် ခင်ဗျားကို သံသယမဝင်သင့်ဘူး"


"ရပါတယ်၊ ကိုယ် မင်းကို အပြစ်မတင်ဘူး" ရှန်ရှင်ယွင်သည် သူ့လက်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်ပြီး ဆေးများကို ယဲ့ဖေးကျိုး၏ ဖွင့်ထားသော လက်ဖဝါးပေါ် တင်လိုက်သည်။


ယဲ့ဖေးကျိုးသည် ခေါင်းကိုမြှောက်လိုက်ပြီး ဆေးကို မျိုချကာ သူ၏သွယ်လျပြီး ဖြူဝင်းသော လည်ပင်းသည် ရှန်ရှင်ယွင်၏ မျက်လုံးများရှေ့တွင် လုံးလုံးလျားလျား ဖော်ပြနေလေသည်။


ရှန်ရှင်ယွင်၏အကြည့်သည် ယဲ့ဖေးကျိုးကို ခေါင်းကနေ ခြေဖျားအထိ စူးစိုက်ကြည့်လိုက်သည်။ ဆေးပြားများနှင့် ရေကို မျိုချပြီးသွားတာမြင်တော့ သူ့အသံကိုလျှော့ကာ ပြုံးပြီး ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ ကိုယ် တကယ်လည်း မင်းကို ပြန်ပေးဆွဲချင်နေတာပါ"


ယဲ့ဖေးကျိုး: "…"


"ဒါပေမဲ့ ကိုယ်က ငွေရချင်လို့မဟုတ်ပါဘူး" ရှန်ရှင်ယွင်သည် အနားကိုတိုးကပ်လာကာ သူ၏မွှေးပျံ့နေသောရေမွှေးရံနံက သူ့ပတ်လည်လည်တွင် ရင်းနှီးစွာ ရစ်ပတ်ထားသည်။ "ကိုယ် မင်းကို အိမ်ခေါ်သွားပြီး နေ့တိုင်း စောင့်ကြည့်ချင်တာ"


ယဲ့ဖေးကျိုးသည် ပယင်းရောင်မျက်လုံးများကို ထိတ်လန့်တုန်လှုပ်မှုလှိုင်းလုံးကြီးတစ်ခုက သူ့အပေါ် လွှမ်းခြုံသွားသည်။ သူသည် ခြောက်ကပ်ကပ်ရယ်မောလိုက်ပြီး ပြောသည်။ "မစ္စတာရှန်… ဘာ… ဘာတွေပြောနေတာလဲ…"


ရှန်ရှင်ယွင်သည် ခပ်ဖျော့ဖျော့ရယ်ပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။ "ကိုယ် မင်းကို အရင်အိမ်ပြန်ပို့ပေးမယ်။ ဒေါက်တာက မင်းကို ခုတင်ပေါ်မှာ အနားယူဖို့ ပြောထားတယ်မလား"


ထို့ကြောင့် ယဲ့ဖေးကျိုးကို ဘာမှရှင်းပြခြင်းမရှိဘဲ ကျောပေါ်ပြန်တင်ကာ ကားပါကင်ဆီသို့ လျှောက်သွားခဲ့သည်။


ယဲ့ဖေးကျိုးသည် ကျောင်းသားတစ်ယောက်ဖြစ်နေဆဲဖြစ်ပြီး ရှန်ရှင်ယွင်၏စကားများကြောင့် စိတ်ရှုပ်ထွေးနေခဲ့တာကြောင့် သူ၏အရိုးနာကျင်မှုအများစုကို မေ့သွားခဲ့သည်။ ယဲ့ဖေးကျိုးသည် ‘ကိုယ် မင်းကို အိမ်ခေါ်သွားပြီး နေ့တိုင်း စောင့်ကြည့်ချင်တာ’ဆိုသောအဓိပ္ပါယ်ကို တွေးတောနေရင်းမှာပဲ ရှန်ရှင်ယွင်သည် ရုတ်တရက် စိတ်ကူးယဉ်မဆန်သောပုံစံဖြင့် ပြောလိုက်သည်။ "X-ray နဲ့ ဆေးဖိုးက စုစုပေါင်း ၅၁၈ ကျပေမဲ့ ကိုယ် ၅၀၀ ပဲပေးမယ်"


ယဲ့ဖေးကျိုးသည် ခေတ္တမျှတန့်သွားပြီး ကမန်းကတန်းပြောလိုက်သည်။ "ကောင်းပြီ" 


သူ နေ့လယ်ခင်းမှာ အလျင်စလို ထွက်လာခဲ့ပြီး ကျောင်းဝတ်စုံအိတ်ထဲမှာ ပိုက်ဆံတစ်ပြားမှ မရှိတာကြောင့် ရှန်ရှင်ယွင်က ဆေးရုံကုန်ကျစရိတ်အားလုံးကို ပေးချေခဲ့သည်။


"ခင်ဗျားရဲ့ ဘဏ်ကတ်နံပါတ်ကို ပေးခဲ့လိုက်ပါ။ နောက်မှ ကျွန်တော် ငွေလွှဲလိုက်မယ်" ယဲ့ဖေးကျိုးသည် အိတ်ကပ်ထဲမှ သူ့ဖုန်းကို ထုတ်လိုက်သည်။


"မကဘူး" ရှန်ရှင်ယွင်သည် သူ၏ပုံမှန်ပုံစံနှင့် ဆန့်ကျင်ဘက်အနေဖြင့် ပြောလိုက်သည်။ သူသည် Hummer ကား၏ နောက်ဘက်တံခါးကို ဖွင့်ပြီး ယဲ့ဖေးကျိုးကို အထဲသို့ ဝင်စေပြီးနောက် ကပ်စေးနှဲသောအကြည့်ဖြင့် ပြောလိုက်သည်။ "ကိုယ် အခု လိုချင်တာ" 


ယဲ့ဖေးကျိုးသည် ရှက်ရွံ့သွား၏: "…"


"WeChat ကတစ်ဆင့် ကိုယ့်ဆီ ငွေလွှဲလိုက်ပါ" ရှန်ရှင်ယွင်သည် လက်ထဲမှာကိုင်ထားသော ယဲ့ဖေးကျိုးစ လက်ကိုင်ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး WeChat ID ကို ရွက်လိုက်သည်။


ယဲ့ဖေးကျိုးသည် ရုန်းကန်ပြီး ပြောလေသည်။ "ကျွန်တော် ဘဏ်ကတ်ကနေ နောက်မှ လွှဲပေးလို့မရဘူးလား"


ရှန်ရှင်ယွင်သည် အံ့အားသင့်နေသော အဆိုပြုချက်ကို ပြုလုပ်ခဲ့သည်။ "ရတယ်လေ၊ ကိုယ့်ကိုနမ်းရမယ်"


ယဲ့ဖေးကျိုးသည် လန့်သွားပြီး သူ့ပါးစပ်ကို အမြန်ပိတ်လိုက်ကာ နောက်ပြန်ဆုတ်သွားသည်: "..."


ရှန်ရှင်ယွင်က ရယ်လိုက်လေသည်။ "မင်း ကိုယ့်ကိုမနမ်းချင်ရင် WeChat မှာ ကိုယ့်ကို ထည့်လိုက်။ မင်းကြိုက်တာရွေး"


ယဲ့ဖေးကျိုး: "…"


လုပ်ရိုးလုပ်စဉ်အားလုံးက လုပ်ရိုးလုပ်စဉ်ပဲဖြစ်သည်။


WeChat မှာ ယဲ့ဖေးကျိုးကို အောင်မြင်စွာ ထည့်သွင်းနိုင်ပြီးနောက် ရှန်ရှင်ယွင်သည် ပျော်ရွှင်စွာ လေချွန်လိုက်ပြီး ယာဉ်မောင်းနေရာတွင် ဝင်ထိုင်ကာ သဘာဝကျကျ မေးလိုက်သည်။ "မင်း ဘယ်မှာနေတာလဲ"


တစ်စုံတစ်ခု မှားယွင်းနေသည်ကို ပို၍စိုးရိမ်လာသောအခါ သခင်လေးယဲ့သည် ထောင်ချောက်ထဲကို ပြုတ်ကျတော့မည့်ယုန်တစ်ကောင်ကဲ့သို့ အချည်းနှီး ရုန်းကန်ရင်း ပြောလိုက်သည်။ "အမ်… ကျွန်တော့်ကိုလာခေါ်ဖို့ ယာဉ်မောင်းကိုပဲ ဖုန်းဆက်ခေါ်လိုက်မယ်လေ။ ဆေးသောက်ပြီးတော့ နာကျင်မှုက သိပ်မနာတော့ဘူး။ ကျွန်တော် ဒီမှာခဏလောက်စောင့်…" 


ရှန်ရှင်ယွင်သည် မျက်ခုံးပင့်ပြီး ကြားဖြတ်လိုက်သည်။ "မင်း ကိုယ့်ကိုမပြောပြဘူးလား။ ဒါဆို ကိုယ့်အိမ်ပဲ သွားရအောင်"


သူပြောသည့်အတိုင်း ကားသည် ယဲ့ဖေးကျိုး၏အိမ်နှင့် ဆန့်ကျင်ဘက်ကို အမှန်တကယ် မောင်းနှင်လာခဲ့သည်။


ယဲ့ဖေးကျိုးသည် တွန့်ဆုတ်စွာ သူ့လက်ကိုင်ဖုန်းရှိ လမ်းညွှန်ချက်ကို တည်နေရာကို သတ်မှတ်ပြီး ပေးလိုက်သည်။ "…ကျွန်တော့်ကို ဒီနေရာခေါ်သွားပေးပါ"


နေ့တစ်ဝက်မပြည့်မီ အလွန်သတိကြီးသည်ဟု ထင်နေသော သခင်လေးယဲ့သည် သူ့ကိုယ်သူ ရောင်းထုတ်ပစ်လိုက်သည်။


"အမိန့်တော်အတိုင်းပါ" ရှန်ရှင်ယွင်သည် ယဉ်ကျေးစွာ သူ့လက်ကို မြှောက်ပြီး အလေးပြုပြီးနောက် လှည့်ကာ လမ်းညွှန်ချက်အတိုင်းအတိုင်း မောင်းသွားလိုက်သည်။


ယဲ့ဖေးကျိုးသည် သက်ပြင်းတစ်ချက်ချကာ နောက်ထိုင်ခုံပေါ်တွင် ဘေးစောင်းလဲလျက် ငြိမ်သက်သွားခဲ့သည်။


"ရှောင်ယဲ့၊ မင်းမိဘတွေကို ဖုန်းမခေါ်ချင်ဘူးလား။" ရှန်ရှင်ယွင်သည် ခဏလောက် ကားမောင်းပြီးနောက် ရုတ်တရက် မေးလိုက်သည်။


"ဖြစ်နိုင်ရင်… မခေါ်တာပိုကောင်းမယ်" ယဲ့ဖေးကျိုးသည် ခဏမျှ တုံ့ဆိုင်းသွားပြီး နူးညံ့စွာ ပြောလိုက်သည်။ "ကျွန်တော့်မိဘတွေက နိုင်ငံခြားရောက်နေလို့ နောက်အပတ်အထိ ပြန်လာမှာ မဟုတ်ဘူး။ သူတို့ကို ပြောပြတာက စိတ်ပူအောင်ပဲလုပ်မိလိမ့်မယ်" 


ရှန်ရှင်ယွင်သည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "ကိုယ် မင်းအိမ်ကို လိုက်လာပြီး ဂရုစိုက်ပေးမယ်လေ"


ယဲ့ဖေးကျိုးက ခေါင်းကို အမြန်ခါလိုက်သည်။ "မလိုဘူး"


ရှန်ရှင်ယွင် နားလည်သွားသည်။ "ဟုတ်ပါတယ်လေ၊ မင်းရဲ့မီးခံသေတ္တာကို ယူသွားမှာ ကြောက်နေတာပေါ့"


"မဟုတ်ဘူး" ယဲ့ဖေးကျိုးက ရှင်းပြသည်။ "ကျွန်တော့်ကိုပြုစုဖို့ အိမ်မှာ နာနီတစ်ယောက်ရှိတယ်"


ပြီးတော့ မီးခံသေတ္တာက နံရံထဲမှာဆောက်ထားတော့ ဘယ်သူမှ ဖယ်လို့မရဘူး...


ရှန်ရှင်ယွင်က လက်မလျှော့ချေ။ "ဒါဆို ကိုယ်မင်းကို ကျောင်းကြို ကျောင်းပို့ လုပ်ပေးမယ်"


ယဲ့ဖေးကျိုးက ဆက်လက်ငြင်းဆိုခဲ့သည်။ "ကျွန်တော့်မှာ ယာဉ်မောင်းရှိတယ်"


ရှန်ရှင်ယွင်က မပျော်မရွှင် ပြောလေသည်။ "မင်းက ကိုယ့်ကို အမြဲတမ်းငြင်းနေတော့ မပျော်တော့ဘူး"


ယဲ့ဖေးကျိုးသည် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။ "ကျွန်တော် မရည်ရွယ်ပါဘူး"


"ဒါဆို နောက်ထပ်တောင်းဆိုမှုကို မင်းမငြင်းရဘူး" ရှန်ရှင်ယွင်သည် ယဲ့ဖေးကျိုးကို နောက်ကြည့်မှန်ထဲမှ မျက်လုံးမှိတ်ပြလိုက်သည်။


ယဲ့ဖေးကျိုးသည် ရှန်ရှင်ယွင်ကြောင့် လုံးဝစိတ်ရှုပ်ထွေးသွားသော်လည်း သူ၏ဆင်ခြင်တုံတရားက နောက်ဆုံးအပိုင်းအစကို ဆုပ်ကိုင်ထားနိုင်ခဲ့သည်။ "…အနမ်းက လုံးဝရွေးချယ်စရာမဟုတ်ဘူး" 


ရှန်ရှင်ယွင်သည် လျှာသပ်လိုက်ပြီး ခေါင်းခါယမ်းကာ အသည်းကွဲနေပုံရသည်။ "မင်း ဘာတွေတွေးနေတာလဲ"


ယဲ့ဖေးကျိုး: "…"


ဒီလူက အရမ်းဆိုးတာပဲ။


"ကိုယ် မင်းရဲ့ရူပဗေဒ ကျူရှင်ဆရာ လုပ်ပေးမယ်လေ" ရှန်ရှင်ယွင်သည် ဘရိတ်ကို ဆောင့်နင်းပြီး လမ်းဘေးသို့ မောင်းထွက်သွားကာ ယဲ့ဖေးကျိုးကို စူးစူးစိုက်စိုက် ကြည့်ရန် ပြန်လှည့်လိုက်သည်။ 


ယဲ့ဖေးကျိုးသည် ရှန်ရှင်ယွင်ကို စိတ်ဝင်တစားကြည့်ကာ "ခင်ဗျားက ဆရာတစ်ယောက်လား"


ပုံစံက တူလည်းမတူဘူး။


"မဟုတ်ဘူး" ရှန်ရှင်ယွင်က ခေါင်းခါလိုက်သည်။ "ကိုယ်က ထီလက်မှတ်ဝယ်သူပါ"


ယဲ့ဖေးကျိုးသည် မျက်တောင်ခတ်ပြီး စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။ "ထီလက်မှတ်တွေရောင်းတာလား။(mài) လောင်းကစားရုံဖွင့်တာလား။"


ရှန်ရှင်ယွင်သည် စကားလုံး၏အသံထွက်ကို အလေးပေးပြောသည်။ "ထီလက်မှတ်ဝယ်တာ၊ ဝယ်တာ(mǎi)၊ တတိယလေသံ" 


"..." ယဲ့ဖေးကျိုးသည် ဆယ့်ခြောက်နှစ်ကြာအသက်ရှင်ခဲ့ပြီး ထီလက်မှတ်များဝယ်ယူခြင်းဖြင့် အသက်မွေးဝမ်းကျောင်း‌ပြုသူတစ်ဦးအ‌ကြောင်း ကြားဖူးခြင်းမှာ ဤတစ်ကြိမ်တည်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ သူ ခဏတာမျှ စကားမပြောနိုင်ဖြစ်နေခဲ့သည်။


ထို့အပြင် တစ်ချိန်က ယဲ့ဖေးကျိုးသည် သူ့ကိုယ်သူ ကံဆိုးသူအဖြစ် မွေးဖွားလာတာလားလို့ သံသယဝင်ခဲ့သောအခါ သူ၏မုန့်ဖိုးကို စမ်းသပ်မှုအနေနှင့် အသုံးပြုပြီး ထီလက်မှတ် အများအပြားဝယ်ယူခဲ့ကာ စုစုပေါင်း ယွမ် ၁၀,၀၀၀ နီးပါးသုံးစွဲခဲ့သော်လည်း ၅ ယွမ်တောင် ပြန်မရခဲ့ပေ။ သူ့အတွက် ၃ ယွမ်ရသည့် တစ်ခုတည်းသော လက်မှတ်က လုဖန် သူ့အတွက် ခြစ်ပေးခဲ့တာဖြစ်သည်။ ထိုအချိန်ကစပြီး ယဲ့ဖေးကျိုးသည် သူတကယ်ကံဆိုးသူဆိုတာ ပို၍သေချာလာပြီး ထီလက်မှတ်များကိုလည်း ကြောက်ရွံ့လာခဲ့သည်။ သည်ဘဝမှာ သူ၏ကံကောင်းမှုများအားလုံးသည် အရင်ဘဝမှာ အသုံးပြုခံလိုက်ရပြီး အနာဂတ်အတွက် ဘာမှမကျန်တော့ဘူးလို့ ခံစားလာရသည်။


"ဘယ်လိုလဲ။ မင်းမငြင်းလို့ ကတိပေးတယ်လေ" ယဲ့ဖေးကျိုးသည် အတွေးထဲနစ်မြုပ်သွားချိန်တွင် ရှန်ရှင်ယွင်က ရုတ်တရက် မျက်လုံးရှေ့တွင် လက်ကိုဝှေ့ယမ်းပြီး လျှို့ဝှက်ဆန်းကြယ်သောအပြုံးဖြင့် ပြောလိုက်သည်။ "ကိုယ်က ဆရာမဟုတ်ပေမဲ့ မင်းကို အခုထက် စာမေးပွဲမှာ ပိုကောင်းအောင် လုပ်နိုင်မဲ့ နည်းလမ်းတစ်ခု ကိုယ့်မှာရှိတယ်၊ လုံးဝသေချာတယ်"


ယဲ့ဖေးကျိုးသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး ဝိုးတဝါးပြောလိုက်သည်။ "ကျွန်တော် စဉ်းစားကြည့်ဦးမယ်"


သူပြောပြီးသည်နှင့် ပြတင်းပေါက်ကို လှမ်းကြည့်လိုက်တော့ အိမ်ပြန်ရောက်နေပြီဆိုတာ တွေ့လိုက်ရသည်။


ယဲ့ဖေးကျိုးသည် မြို့၏အချမ်းသားဆုံးခရိုင်တွင် တည်ရှိသော နန်ရှန်ဗီလာဟုခေါ်သောနေရာတွင် နေထိုင်သော်လည်း ထိုနေရာက အလွန်တိတ်ဆိတ်ငြိမ်သက်၏။ လမ်းများပေါ်တွင် မြင့်မားပြီး စိမ်းလန်းစိုပြေသော သဖန်းပိုးစာအပင်များ တန်းစီနေပြီး ၎င်းတို့နောက်ရှိ သီးခြားဗီလာတန်းနှစ်တန်းကို ကာရံထားကာ တိတ်ဆိတ်ငြိမ်သက်ပြီး ကြော့ရှင်းသောလေထုကို ဖန်တီးပေးသည်။


ရှန်ရှင်ယွင်သည် ကားပေါ်မှတင်ကာ ယဲ့ဖေးကျိုးအတွက် တံခါးဖွင့်ပေးပြီး အပြင်ထွက်ရန် ကူညီပေးကာ စိုးရိမ်စွာ မေးလိုက်သည်။ "မင်းတင်ပါး အရမ်းနေသေးလား။"


ယဲ့ဖေးကျိုးသည် ခဏတာ အသက်ရှူကျပ်သွားပြီး အမှန်ပြန်ပြင်သည်။ "ဒါက မြီးညောင်းရိုးပါ"


"အိုး။" ရှန်ရှင်ယွင်သည် လက်ဆန့်ပြီး ညင်သာစွာ မြီးညောင်းရိုးကို ကိုင်လိုက်သော်လည်း သူ၏သွယ်လျသောလက်ချောင်းအများစုကတော့ ယဲ့ဖေးကျိုး၏တင်ပါးပေါ်မှာ ကျရောက်နေသည်။ "အရမ်းနာနေသေးလား"


ယဲ့ဖေးကျိုးသည် သူ့လက်ကို အမြန်ဖယ်လိုက်ကာ အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။ "ခင်… ခင်ဗျား ကျွန်တော့်တင်ပါးကို မထိသင့်ဘူး…

"


ရှန်ရှင်ယွင်သည် လုံးဝအပြစ်ကင်းသောပုံစံဖြင့် ကြည့်လိုက်သည်။ "မြီးညောင်းရိုးပါ"


ယဲ့ဖေးကျိုး: "…"


ဒီလူက အရမ်းဆိုးတာပဲ။


TK Team Chapter 55