Chapter 47
အံ့အားသင့်စွာ ကြည်နေကြသည့် လူတိုင်း၏မျက်လုံးများ ရှေ့မှောက်တွင် မိမိကိုယ်မိမိ လေးစားမှု၊ ယုံကြည်မှု၊ ဝင့်ကြွားမှုများနှင့်အတူ ကျိုးရှုသည် စကားပြောစင်မြင့်ပေါ်မှနေ၍ အေးဆေးသက်သာစွာ လမ်းလျှောက်၍ ဆင်းလာခဲ့သည်။ မျက်နှာတစ်ခြမ်းကို အမြဲဖုံးကွယ်ထားလေ့ရှိသည့် ယခင်ကျိုးရှု၏ အရိပ်အယောင်မျှပင် မတွေ့ရတော့ချေ။
အမှန်တကယ်တော့ ယိုးလော့ချီး ကိုယ်တိုင်ပင် မယုံကြည်နိုင်သူများ ကြားထဲမှ တယောက်ပင် ဖြစ်သွားလေ၏။
ကျိုးရှု၏ ရှင်းလင်းတင်ပြမှု ပြီးစီးသွားသည့်နောက်၊ ဆရာသည် သူ၏ဒီဇိုင်းကို ပြန်၍ကောက်ယူလိုက်ပြီး ကြည့်ရင်း ကြည့်ရင်းဖြင့် ပို၍ နှစ်သက် သဘောကျ လာတော့သည်။ သူသည် ကျိုးရှု၏ဒီဇိုင်းနှင့်ပက်သက်ပြီး သေသေချာချာပင် ရှင်းလင်းပြလေ၏။ အမှန်တကယ်တော့ ခွဲခြမ်းလေ့လာသူတစ်ယောက်၍ အမြင်ဖြင့်သာ ဖြစ်ပြီး ဖန်တီးထားသူ၏ အမြင်ရှုထောင့်မှ မဟုတ်ပေ။
အတန်းပြီးသည့်နောက် ဆရာသည် ကျိုးရှုအား နေခဲ့ရန်ပြောလိုက်၏။
“ငါ့မှာ ပြိုင်ပွဲတစ်ခုရှိတယ်။ ဒီမှာ လိုအပ်တဲ့အချက်တွေနဲ့ ကြော်ငြာလက်ကမ်းစာစောင်၊ မင်းစိတ်ဝင်စားရင် ကြည့်လေ”
ကျိုးရှုသည် လက်ကမ်းစာစောင်ကို ကြည့်လိုက်ပြီး “လျှောက်လွှာပိတ်ရက်က သုံးရက်ပဲ ကျန်တော့တာပဲ၊ ပြီးတော့ နောက်အပတ်မှာ စာမေးပွဲဖြေမှာဆိုတော့ ပြင်ဆင်ရဦးမယ်၊ ဆရာ ကျွန်တော်မှီနိုင် လောက်လား” ဟု မေးလိုက်၏။
လူလတ်ပိုင်းတစ်ဦးဖြစ်သည့် ဆရာသည် ကျိုးရှု၏ ပုခုံးကိုပုတ်လိုက်ပြီး “ငါ မင်းကို ယုံတယ်၊ အဲတော့ ပြန်ပြီး ဆံပင်ညှပ်လိုက်ဦး၊ ဆံပင်တိုတို ညှပ်လိုက်မယ်ဆို မင်းပုံစံက ပိုပြီး တက်ကြွလန်းဆန်းတဲ့ ပုံပေါက်လိမ့်မယ်” ကျိုးရှုသည် ခေါင်းကိုရမ်းလိုက်ပြီး “တောင်းပန်ပါတယ်ဆရာ၊ ကျွန်တော်ငြင်းပါရစေ”
“မင်းက ဘာကို ငြင်းတာလဲ ၊ ဆံပင်ညှပ်ဖို့ ငြင်းတာလား ဒါမှမဟုတ် ပြိုင်ပွဲဝင်ပြိုင်ဖို့ ငြင်းတာလား”
“ကျွန်တော့ ဆံပင်ညှပ်ဖို့ပါ”
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ ဆံပင်ရှည်က ပိုလှတယ်လို့ ထင်လို့လေ”
ဆရာသည် ခေတ္တခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရယ်လိုက်ရင်း “ဟား ဟား ဟား၊ မင်းမှာ ဒီလို စိတ်ဝင်စားတဲ့ အရာမျိုးရှိမယ်လို့ ငါမထင်ထားဘူး”
“အာ..ကျွန်တော်က လှပတဲ့ ဘယ်အရာမဆို ကြိုက်တယ်၊ ဟုတ်တယ်၊ အမျိုးသမီးတွေရဲ့ အဝတ်အစားတွေကိုလည်း ကြိုက်တယ်။ ဆရာ……..ဆရာက တက္ကသိုလ်အသင်းဖွဲ့ဖို့ လုပ်နေတယ်လို့ ကြားတယ်။ ကျွန်တော် crossdressing club အသင်းဖွဲ့ချင်တယ်၊ ကျွန်တော်လုပ်လို့ရလား”
ဆရာသည် ထိုအချိန်ခဏ အမှန်တကယ် အံ့အားသင့်သွားလေ၏။ သူသည် ကျိုးရှုအား အချိန် ခဏကြာသည်အထိ စိုက်ကြည့်လိုက်ပြီး “အဟမ်း..မင်းက အမျိုးသမီးအဝတ် အစားတွေကို ကြိုက်တာလား၊ ဒါမှမဟုတ် အဲဒီအဝတ်အစားတွေကို ဝတ်ရတာ ကြိုက်တာလား၊ ဒါမှမဟုတ်…….”
“အကုန်လုံးပဲ၊ ဘာပဲဖြစ်ဖြစ် အဲတာက ဥပဒေချိုးဖောက်တာတော့ မဖြစ်ဘူး မဟုတ်လား”
“မဖြစ်ပါဘူး”
“အဲဒါဆို ဒီလိုလုပ်ကြမလား၊ တကယ်လို့ ဒီပြိုင်ပွဲမှာ ကျွန်တော် အထူးဆု ရခဲ့မယ်ဆိုရင်၊ ဆောင်းရာသီ အားလပ်ရက်ပြီးတာနဲ့ ကျွန်တော်လျှောက်လွှာကို အတည်ပြု ပေးမလား၊ ဘယ်လိုလဲ ဆရာ”
“အရမ်း ယုံကြည်မှု ပြင်းထန်နေပါ့လား၊ ဒီပြိုင်ပွဲမှာ အတွေ့အကြုံ ရင့်ကျက်ကြတဲ့ ပညာရှင်တွေ အများကြီး ဝင်ပြိုင်မှာနော်”
“ကျွန်တော်တို့ လက်တွေ့ အခြေအနေကို ပြောနေကြတာလေ၊ ဘယ်လိုလဲဆရာ သဘောတူလား”
ဆရာသည် အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်၏။ သူသည်လက်ရှိတွင် ပါမောက္ခရာထူးနေရာသို့ လျှောက်ထားသည့် လက်ထောက် ပါမောက္ခတစ်ဦးဖြစ်၏။ အကယ်၍ သူ၏ကျောင်းသားတစ်ဦးက ထိုကဲ့သို့ဆုကြီးတစ်ဆု ဆွတ်ခူးရရှိခဲ့မယ် ဆိုမည်ဆိုလျင် ထိုကျောင်းသား၏ အတန်းဆရာတစ်ဦးအနေဖြင့် ကျောင်းမှ ထိုက်တန်စွာ ဂုဏ်ပြုခြင်းကို ခံရပေလိမ့်မည်။ ပါမောက္ခတစ်ဦးဖြစ်ရန် လျှောက်လွှာ ထပ်မံတင်သွင်းမည်ဆိုပါက သူ၏လျှောက်လွှာအား ဦးစားပေး စဉ်းစားမည်မှာ အသေအချာပင်။
‘နှစ်ဦးနှစ်ဖက်စလုံး အတွက်အကျိုးရှိစေမယ့် ဒီကိစ္စအပေါ် ဘာအတွက်ကြောင့်များ ဆရာက တွေဝေနေရတာပါလိမ့်။ ဒါက အသင်းအဖွဲ့လေးတစ်ခုပဲလေ၊ အကြံပေး လုပ်ချင်တဲ့ ဆရာတောင် ရှိချင်မှ ရှိလိမ့်မယ်၊ အဲလိုဆိုရင်တော့ အဲဒါကို သူပဲလုပ်ပေးရတော့မှာပေါ့’
“ကောင်းပြီလေ” ဆရာသည် ထပ်ပြီးရယ်လိုက်လေ၏။ “ကျောင်းသားတစ်ယောက်က ငါ့ကို စိန်ခေါ်ဆွေးနွေးရဲတာ ငါ့အတွက် ဒါပထမဆုံးအကြိမ်ပဲ၊ ကလေး .. မင်းက သိပ်သတ္တိရှိတာပဲ”
ကျိုးရှု ပြုံးလိုက်၏ “ဆရာ၊ ကျွန်တော့ကို တစ်ခုခုကျွေးသင့်တယ်၊ crossdressing အသင်းနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ဆရာ့ကို ကျွန်တော်ပြောပြမယ်”
“ကျွေးရမှာပေါ့၊ ဒါပေမယ့် ပြိုင်ပွဲမှာ မင်းဝင်ပြိုင်ဖို့ကိစ္စကို အရင်ငါတို့ မဆွေးနွေးသင့်ဘူးလား”
“ကျွန်တော်လုပ်နိုင်ပါတယ်၊ ကျွန်တော့ကို စိတ်ချပါ” ကျိုးရှုသည် ခေါင်းကိုမော့၍ ပြောလိုက်သည်။ သူ၏ နုနယ်သောမျက်နှာတွင် ယုံကြည်မှုများဖြင့် ပြည့်နှက်နေ၏။
ဆရာ၏အမည်မှာ လုကျုံးဖန်ဖြစ်ပြီး အသက်လေးဆယ်ခန့်အရွယ်ရှိ၍ ကျောင်းသားများအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံတတ်ကာ အရည်အချင်းကို အလွန်တန်ဖိုးထားသူ တစ်ဦးဖြစ်သည်။
သူသည် တက္ကသိုလ်ရှိအသင်းများနှင့် အဖွဲ့အစည်းများကို စီမံခန့်ခွဲအုပ်ချုပ်သူဖြစ်သည်။ သူသည် လှုပ်ရှားဆောင်ရွက်မှုများတွင် အမှန်တကယ် ပါဝင်ခြင်းမရှိသော်လည်း အသင်းအဖွဲ့များတွင်ပါဝင်သော အသင်းသားအရေအတွက်များကို စာရင်းကောက်ယူပြီး အသင်းအဖွဲ့များ၏လှုပ်ရှားမှုဆောင်ရွက်ချိန်များနှင့် စာသင်တန်းအချိန်များအကြား အဆင်ပြေမှုရှိစေရေးဆောင်ရွက်ပေးသူဖြစ်လေ၏။
အဆိုပါနေရာသည် တက္ကသိုလ်တွင် သိပ်အရေးပါသော နေရာမဟုတ်ပေ။ ပျင်းရိငြီးငွေ့ဖွယ်ကောင်းပြီး လူအများ၏အရေးပေးခြင်းကို မခံရသဖြင့် အခြားသူများက လုပ်ကိုင်လိုခြင်းမရှိသည့် နေရာဖြစ်လေ၏။
သို့ရာတွင် လုကျုံးဖန်သည် ထိုအလုပ်ကိုပို၍ နှစ်သက်လေ၏။ ဒီဇိုင်းနယ်ပယ်က လူများသည် ခေတ်နောက်ကျ ကျန်ခဲ့မည်ကို အကြောက်ဆုံးသူများဖြစ်ကြသည်။ ကျောင်းသားများနှင့် နီးနီးကပ်ကပ် ဆက်ဆံရခြင်းသည် သူ့အား စိတ်ကူးသစ်များ မွေးဖွားစေ၏။ ကျိုးရှု၏ မိမိကိုယ်မိမိ ယုံကြည်မှုသည် ဖန်တီးမှုဆိုင်ရာ အယူအဆအဆစ်ကို တွေးတောမိစေရန် သူ့အတွက် တွန်အားတစ်ခုဖြစ်စေ၏။
ယိုးလော့ချီးသည်လည်း ဒီဇိုင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လေ၏။ အထက်တန်းကျောင်းကတည်းက ဂရပ်ဖစ်ဒီဇိုင်းကို သူကြိုက်နှစ်သက်ခဲ့ပြီး ယခင်ပြိုင်ပွဲငယ်တစ်ခုတွင် ဆုတစ်ခုတောင်ရခဲ့ဖူးသဖြင့် သူ့ဘာသာသူ စာရင်းသွင်းဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ထို့ပြင် သူ့ကိုယ်သူ စိန်ခေါ်လိုသည့် အတွက်ကြောင့်လည်းဖြစ်လေ၏။
တတိယနှစ်နှင့် စတုတ္ထနှစ်ကျောင်းသားအများစု ဝင်ရောက်ယှဉ်ပြိုင်ကြလေ၏။ သူတို့အနေဖြင့် တတိယဆုတစ်ဆုဖြစ်စေ ဆုတစ်ခုခုရခဲ့မည်ဆိုလျင်တောင်မှ သူတို့အလုပ်ရှာသည့်အခါတွင် ဒီဇိုင်းကုမ္ပဏီကြီးများက ငှားရမ်းကြပေလိမ့်မည်။
ပြိုင်ပွဲတွင် အထူးဆုတစ်ခု၊ ပထမဆု သုံး ဆု၊ ဒုတိယဆု ဆယ်ဆုနှင့် တတိယဆု ငါးဆယ်ဆုတို့ ပါဝင်လေ၏။
အပေါ်ယံကြည့်မည်ဆိုပါက ဆုအရေအတွက်မှာ အလွန်များသည်ဟု ထင်ရလိမ့်မည်။ သို့သော် ပြိုင်ပွဲဝင်ဦးရေမှာ တစ်သိန်းနီးပါးကျော်ကျော်ရှိလေ၏။ ထိုအရေအတွက်ကို ကြည့်ခြင်းဖြင့် ပြိုင်ပွဲတွင်ဆုတစ်ဆုရရှိရန်မှာ မည်မျှခက်ခဲပြီး မည်မျှတန်ဖိုးရှိကြောင်း သိရှိနိုင်လေ၏။
လက်ကမ်းစာစောင်ကို ကြည့်လိုက်ရာ ယခုနှစ်အတွက် အကြောင်းအရာခေါင်းစဉ်မှာ သဘာဝ ပတ်ဝန်းကျင်အကြောင်း ဖြစ်လေ၏။ ကျိုးရှုသည် ခေါင်းကို လှည့်လိုက်ပြီး ပြူတင်းပေါက်အပြင်ဖက်ရှိ သစ်ပင်ကြီးတစ်ပင်ကို ကြည့်လိုက်ရင်း ပြုံးမိလိုက်၏။ သူ့အနေဖြင့် တိကျသည့် ဆန့်ကျင်ဘက် ပြုလုပ်ခြင်းနည်းဖြင့် ပိုမို အကျိုးသက်ရောက်မှု ရှိနိုင်သည်ဆိုသည့်ချက်ကို ဖန်တီးနိုင်ပြနိုင်မည်ဆိုလျှင် အဆိုပါ ဒီဇိုင်းသည် လူအများ၏အာရုံစိုက်မှုကို ပိုမို ရရှိနိုင်မည် ဖြစ်သည်။ ထိုအချက်သည် ဆုရရန် အမြန်ဆုံး နည်းလမ်းဖြစ်မည်။
ကွန်ပြူတာကို ဖွင့်လိုက်ပြီး ဒီဇိုင်းစတင်ရေးဆွဲလေတော့၏။
နှစ်ရက် ကြာပြီးသည့်နောက် ကျိုးရှုသည် သူရေးဆွဲထားသည့် ဒီဇိုင်းကို လုကျုံးဖန်အား ပြလိုက်၏။ လုကျုံးဖန်သည် ဒီဇိုင်းကို ကြည့်ပြီး အံ့အားသင့် ရုံမက စွဲလန်းသွားလေသည်။ ဤကဲ့သို့သော အရည်အသွေးကောင်းသည့် ဒီဇိုင်းမျိုး တစ်ခါမှ မမြင်ဘူးပေ။ အရောင်များနှင့် စာသားများမှအစ နောက်ခံအထိ အရာအားလုံးသည် ပြီးပြည့်စုံနေ၏။ ရေးဆွဲဖန်တီးထားမှု၏ အကောင်းဆုံးအပိုင်းမှာ သစ်ပင်များ၏ ဆန့်ကျင်ဖက်အဖြစ် အမြစ်များကို အသုံးပြုထားပြီး သစ်တော၏ ဆန့်ကျင်ဖက်အဖြစ် မြေဆီလွှာများကို အသုံးပြုကာ နှိုင်းယှဉ် ပြသထားသည့် အပိုင်းဖြစ်သည်။ အမျိုးမျိုးသော ဆန့်ကျင်ဖက်များအား နှိုင်းယှဉ် ပြသ ရေးဆွဲထားခြင်းသည် လူများအား လေးလေးနက်နက် အတွေးများကို ဖြစ်ပေါ်စေလေ၏။
အစပိုင်းတွင် ဆရာသည် ကျိုးရှုအား အသေးအမွှား အချက်များအပေါ် ပြင်ဆင်ပေးရန် ပြောလိုသော်လည်း နောက်ပိုင်းတွင် မပြင်တော့ဘဲ ထားလိုက်တော့လေ၏။ မည်သည့်အပိုင်းကို ပြောင်းလဲ ပြင်ဆင်လိုက်သည် ဖြစ်စေ ကျိုးရှု၏ဒီဇိုင်းတွင် အရောင်ပျက်သွားမည်ဟုသာ ဆရာအနေဖြင့် ခံစားနေရသည်။ ကျိုးရှု၏ မူလရည်ရွယ်ချက်မှာ သဘာဝပတ်ဝန်းကျင်၏တန်ဖိုးကို ပရိတ်သတ်များ နားလည်စေရန်အတွက် နှိုင်းယှဉ်ချက်များကို အသုံးပြုရန်ဖြစ်လေ၏။
ဆရာ၏ အမူအရာကိုကြည့်ရင်း ကျိုးရှုသည် “ကျွန်တော့အသင်းအတွက် လျှောက်လွှာပေးပါဦး၊ လျှောက်လွှာကို အရင်ဖြည့်မယ်၊ ဆောင်းရာသီအားလပ်ရက် ပြီးတာနဲ့ အသင်းကိုစပြီးဖွဲ့စည်းတော့မယ်၊ ရလားဆရာ”
လုကျုံးဖန်သည် လှိုက်လဲစွာ ရယ်မောလိုက်ပြီး ကျိုးရှု၏ ပုခုံးကိုပုတ်လိုက်ကာ “ကလေး..မင်းအခု ဆု မရသေးဘူးလေ၊ အဲဒါ့အပြင် မင်းအနေနဲ့ အသင်းတည်ထောင်နိုင်ပါတယ်။ ဒါပေမယ့် တရားဝင်အသင်းမဖြစ်ခင် တစ်လအတွင်း အဖွဲ့ဝင်ဆယ်ဦးအထက်ရှိအောင် လုပ်ရဦးမယ်၊ အဲလိုမှ မဟုတ်ရင် မရဘူးလေ”
“အဲဒီအတွက် မပူပါနဲ့၊ ကျွန်တော်အသင်း စတင်ဖွဲ့စည်းမယ်ဆိုပြီး ရည်ရွယ်ကတည်းက ဒီကိစ္စကို ဖြေရှင်းဖို့နည်းလမ်းရှာထားပါတယ်”
“ဟား…ဟား…ဟား ကောင်းပါပြီ၊ ကျောင်း ဝဘ်ဆိုဒ်ထဲက လျှောက်လွှာပုံစံကို ပရင့်ထုတ်ပြီး ငါ့ဆီယူခဲ့၊ မမေ့နဲ့နော် အသင်းက အဖွဲ့ဝင် ဆယ်ယောက်အထက် ရှိရမယ်”
“ဟုတ်ကဲ့ ကျွန်တော်နားလည်ပါတယ်”
ကျိုးရှုသည် အဆောင်သို့ ပြန်လာခဲ့၏။ သူ၏စိတ်မှာ ကြည်လင်လန်းဆန်းနေသည်။ ထိုအချိန် အတောအတွင်း သူသည် manga အသင်းတစ်ခုကို အမြဲစောင့်ကြည့်နေခဲ့၏။ ထိုအသင်းတွင် လှပစွာ ဝတ်စားဆင်ယင်တတ်သူ (cosplayer) အများအပြားရှိပြီး ၎င်းတို့အနက်မှ အမျိုးသမီးအဝတ်အစားများကို တိတ်တဆိတ် ဝတ်ဆင်ရန် ကြိုက်နှစ်သက်သည့်အမျိုးသား ကျောင်းသား နှစ်ဦး သို့မဟုတ် သုံးဦး ရှိလေသည်။
ထို့အပြင် ကျိုးရှုသည် ကျောင်းအင်တာနက်ပေါ်တွင်လည်း ပို့စ်များ တင်ထား၏။ အဆိုပါ ပို့စ်များသည် များပြားပြီး ပရိတ်သတ်များ၏အတွေးများကို လွှမ်းမိုးထားသည်။ ထိုသို့သော ဝတ်စုံများ ဝတ်ဆင်ခြင်းသည် “မြတ်နိုးဖွယ်၊ ချစ်စဖွယ်၊ နှစ်သက်ဖွယ်” ကောင်းသည်ဟု ပရိတ်သတ်များအား ခံစားစေပြီး ကျောင်းတွင် ထင်ရှားကျော်ကြားသော ပို့စ်များ ဖြစ်သည်။
သူပို့စ်များ တင်သည့်အခါတွင် မိန်းကလေးများ၏ စိတ်နေသဘောထားကို ပို၍အလေးပေးသည်။ အသုံးပြုသည့် ဘာသာစကားကိုဖြစ်စေ ထည့်သွင်းသည့် ဓါတ်ပုံများကို ဖြစ်စေ သူဂရုစိုက်၏။ ထိုသို့ လေးလေးစားစား ပြုလုပ်ခြင်းသည် လူများ၏ အပြုသဘောဆောင်သည့် အမြင်များကိုရရှိစေသည်။
အစပိုင်းတွင် fujoshis အနည်းငယ်သာ ထောက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် အခြားမိန်းကလေးများပါ ပါဝင် ထောက်ခံလာခဲ့ပြီး ယောက်ျားလေး များစွာအား ဆွဲဆောင်နိုင်ခဲ့လေသည်။
တက္ကသိုလ်ကျောင်းသူကျောင်းသားများကို အလွယ်တကူ လွှမ်းမိုးနိုင်သည်။ နည်းစနစ်မှန်ကန်ပြီး အပျက်သဘောဆောင်သည့် တုံ့ပြန်မှုများ မရရှိသ၍ ကျောင်းသားများသည် အားနည်းသူကို ကူညီထောက်ခံလိုစိတ် ရှိကြသည်။
ကျိုးရှုသည် ရလာဒ်နှင့်ပတ်သက်၍ အလွန်ကျေနပ်၏။ ရှေ့ဆက်၍ သူသည် ၎င်းတို့၏ အတွေးအမြင်များကို တိုက်ရိုက် လွှမ်းမိုးရန်မဟုတ်ဘဲ လူတစ်ဦး၏ ဝါသနာသည် ပုဂ္ဂိုလ်ရေးအရဖြစ်ပြီး အခြားသူများကို မထိခိုက်စေသင့်ကြောင်း သူတို့တို သတိပြုမိစေသည့် သင့်လျော်သော ပို့စ်များတင်ရန်သာ လိုအပ်တော့သည်။ အဆိုပါပို့စ်များသည် အခြားသူများ၏ အခြေအနေကို သေချာမသိဘဲဝေဖန်မှုမပြုရန် လူအများအား တွန်းအားပေးသည့် ပို့စ်များဖြစ်လေ၏။
ကျိုးရှုသည် ဒီဇိုင်းပြိုင်ပွဲတွင် စာရင်းသွင်းပြီးနောက် ကျောင်းစာမေးပွဲဝင် ရောက်ဖြေဆိုရလေသည်။
ယခင်ကကျိုးရှုသည် အိမ်မှထွက်ခဲ့သည်မှာ တစ်နှစ်ခွဲသာ ရှိသေးပြီး အထီးကျန်မှု ခံစားနေခဲ့ရသည်။ ထို့အပြင် ယိုးလော့ချီးအား တိတ်တဆိတ်ချစ်နေသည့်အတွက် သူ့နှလုံးသားလည်း မတည်မငြိမ် ဖြစ်နေ၏။ ထို့ကြောင့် ပထမစာမေးပွဲတွင် အတန်းသုံးတန်းကျခဲ့၏။ သို့သော် ယခုအချိန်တွင် လုံးဝကွာခြားသွားပြီဖြစ်လေသည်။ သူသေချာစွာ ပြင်ဆင်ခဲ့သည့်အတွက် မေးခွန်းများမှာ သူ့အတွက် လွယ်ကူလွန်းလှ၏။
စာမေးပွဲအပြီး နှစ်ပတ်အကြာတွင် ကျိုးရှု၏အလုပ်သည် အရည်အချင်းစစ်အဆင့် အောင်မြင်ပြီးကြောင်းနှင့် ဒိုင်လူကြီးများ အကြား မဲပေးရွေးချယ်ကြသည့် ဒုတိယအဆင့်သို့ ရောက်ရှိနေကြောင်း သိရှိရလေ၏။
ကျိုးရှုသည် ထိုသတင်းကို လုကျုံးဖန်အား ပြောပြလိုက်သည်။ ဆရာသည် သူ့အတွက် အမှန်တကယ်ပင် ဝမ်းသာမိလေ၏။ သို့သော် ကျိုးရှုသည် သူ့ထံမှ သတင်းတစ်ခုကြားသိလိုက်ရလေသည်။ ယိုလော့ချီးနှင့် ချန်ရှောင်ကျွင်းတို့ နှစ်စလုံးလည်း အရည်အချင်းစစ်အဆင့်ကို အောင်မြင်သော သတင်းပင်။
“ဟုတ်တယ်၊ မင်း ချန်ရှောင်ကျွင်းကို သိလား၊ မင်းရဲ့ စီနီယာ ကျောင်းသားကောင်စီဥက္ကဋ္ဌလေ၊ အလွန်အရည်အချင်းရှိတဲ့ ကျောင်းသားတစ်ယောက်ပေါ့”
ကျိုးရှုသည် သူမသိကြောင်း ခေါင်းခါ၍ ဖြေလိုက်သည်။ သို့သော် သူသည် ချန်ရှောင်ကျွင်း မည်သူဖြစ်သည်ကိုတော့ သေချာစွာသိလေ၏။ ယိုးလော့ချီး ကြိုက်နေသည့်သူဖြစ်ပြီး မူလပိုင်ရှင် အား သူ့ကိုယ်သူ သတ်သေရန် ဖိအားပေးသူတစ်ယောက် ဖြစ်သည်ကိုတော့ သူသိလေသည်။
“ဆောင်းရာသီ အားလပ်ရက်ပြီးရင် မင်းကို သူနဲ့မိတ်ဆက်ပေးမယ်”
“ဟုတ်ကဲ့ ဆရာ”
“မင်း ဘာဖြစ်လို့ ဒီနေ့ အရမ်းသဘောကောင်း နေရတာလဲ” လုကျုံးဖန်သည် ကျိုးရှု၏ ပုခုံးအား ပုတ်ရင်းပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ ဆရာ နေခိုင်းမှာ ကြောက်လို့၊ ကျွန်တော်က အိမ်အမြန် ပြန်ချင်နေတာ” ကျိုးရှုသည် စနောက်သည့် ပုံစံဖြင့် ပြန်ဖြေလိုက်၏။
“ဟား ဟား ဟား ဟား.ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ငါမင်းကို ထပ်ပြီးဒုက္ခမပေးတော့ပါဘူး။ မင်းပြန်သင့်ပါပြီ၊ ခဏနေရင် မင်းတို့ဆရာအသစ်က ဆောင်းရာသီကျောင်းမပိတ်ခင် အစည်းအဝေးတစ်ခုလုပ်ဖို့ မင်းတို့ကို ပြောလိမ့်မယ်”
ကျိုးရှုသည် သူနားလည်ကြောင်း ခေါင်းညိတ်၍ ပြောလိုက်သည်။
ကျိုးရှု၏ ယခင်ဆရာအဟောင်းမှာ ဆရာမ ဖြစ်သည်။ သူမ ကိုယ်ဝန်ရှိသည့်အတွက် တာဝန်များမှ ရပ်နားသွားခဲ့ရာ တက္ကသိုလ်က သူတို့အတန်းအတွက် နည်းပြဆရာအဖြစ် ဘွဲ့ရကျောင်းသားတစ်ဦးကို ရှာဖွေပေးခဲ့သည်။
ကျိုးရှု ခဏစဉ်းစားလိုက်လိုက်၏။ သူတွေးထင်တာမမှားဘူးဆိုလျှင် နည်းပြဆရာအသစ်မှာ ဒုတိယနှစ် ဘွဲ့လွန်ကျောင်းသားတစ်ဦးဖြစ်သည့် ရန်ဟယ် ဖြစ်လိမ့်မည်။ ရန်ဟယ်သည် တစ်ချိန်က X တက္ကသိုလ်တွင် အထင်ကြီးခံရပြီး အလွန်ရေပန်းစားခဲ့သူတစ်ယောက်ဖြစ်သည်။ ရန်ဟယ်သည် ယခင်ကျိုးရှုကို အမှန်တကယ် သိသော်လည်း ကျိုးရှုသည် သူ့မျက်နှာကို ရှည်လျားသောဆံပင်ဖြင့် အမြဲဖုံးအုပ်ထားသည့်အတွက် သူတို့ငယ်စဉ်က သူ့နောက်သို့ အမြဲတမ်းလိုက်နေခဲ့သည့် ကလေးဖြစ်ကြောင်း ဘယ်တော့မှ မမှတ်မိတော့ပေ။
ယခုအချိန်တွင် ကျိုးရှုသည် ဆက်လက်၍ မမိုက်မဲတော့ချေ။ သူသည် ဆရာတစ်ယောက် ဖြစ်သည့်အတွက် သူ့အပေါ်တွင် များစွာ အထောက်အကူ ပြုလေ၏။ ခွင့်တင်ခြင်းများနှင့် ကျောင်းပြင်ပ ထွက်ခွင့် လျှောက်လွှာတင်ခြင်းများတွင် အထောက်အပံ့ ရစေမည် ဖြစ်သည်။
ကျိုးရှု စာသင်ခန်းသို့ရောက်သည့်အချိန်တွင် အစည်းအဝေး စတင်နေလေ၏။ သူသည် အအေးကြောက်ပြီး အားနည်းနေသဖြင့် အပူပေးစက်အနီး ထိုင်ခုံတစ်ခုံရှိသည့် ရှေ့တန်းတွင် ဝင်ထိုင်လိုက်သည်။ မူလပိုင်ရှင်က ပုံမှန်အားဖြင့် ရှေ့တန်းတွင်ထိုင်ရဲသည့် သတ္တိမရှိသော်လည်း ကျိုးရှုသည်ထိုင်လိုက်၏။
ထို့နောက် နွေးထွေးသည့် လေကို ခံယူလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်လေ၏။
ရုတ်တရက် သူ၏နဖူးသို့ တစ်စုံတစ်ခုက လာရောက်ထိမှန်လေသည်။ ကျိုးရှုသည် နဖူးနာကျင်သွားသည့်အတွက် မျက်လုံးများကို ဖွင့်လိုက်၏။ ချောမောသော အပြုံးမျက်နှာဖြင့် လူတစ်ဦးသည် သူ့ကိုကြည့်နေရင်း “ကျောင်းသားလေး ငါလက်တည့်တယ် မဟုတ်လား”
ကျိုးရှုသူ ထိုသူကို ပြန်ကြည့်လိုက်သည်။ သူသည် နာကျင်မှုကို မုန်းတီး၏။ မည်သို့သော အနည်းငယ်မျှ နာကျင်မှုကိုပင် လက်မခံနိုင်ပေ။
စားပွဲပေါ်သို့ ကျနေသည့် မြေဖြူခဲကို ကောက်ယူလိုက်ပြီး ထိုလူရှိသည့် စင်မြင်ပေါ်သို့ ပြန်ပစ်လိုက်ရာ ထိုသူ၏ နဖူးအလယ်တည့်တည့်သို့ တိကျစွာပင် ထိမှန်သွားလေ၏။
စင်မြင့်ပေါ်မှလူသည် အနည်းငယ် အံ့အားသင့်သွားပြီး သူ၏နဖူးကို ပွတ်လိုက်သည်။ ရုတ်တရက် သူရယ်မော လိုက်လေ၏။ သူ၏ ဖြောင့်တန်းညီညာပြီး ဖြူဖွေးတောက်ပြောင်သော သွားများသည် သူ့အား ပို၍ ကြည့်ကောင်း နေစေ၏။
ကျိုးရှုသည် ပေါ့ပါးစွာ ရယ်မောလိုက်ပြီး “ဆရာလက်တည့်တယ်ဆိုတာ ကျွန်တော်နဲ့ ယှဉ်ရင် ဘာမှမဟုတ်ပါဘူး”
စင်မြင့်အောက်မှ ရယ်မောသံများ ထွက်ပေါ်လာလေသည်။ ဆရာအသစ်သည် အဆင်မပြေဖြစ်ခြင်းကို ခံစားမနေဘဲ လူများနှင့်အတူ လိုက်ပါ ရယ်မောလိုက်လေ၏။ ကျိုးရှု တစ်ယောက်သာလျှင် အနည်းငယ် နောင်တရသလို ခံစားလိုက်ရသည်။ တစ်စုံတစ်ယောက် ထိုသို့ရယ်မောခဲ့သည့် အရင်အချိန်ကာလများဆီသို့ သူပြန်၍ သတိရလိုက်မိသည်။ ဒီလူမည်သည့် အတွက်ကြောင့် ရယ်မောခဲ့တာဘာလိမ့်။
ထိုအချိန်က သူသည် အလွန်ငယ်ရွယ်သော ကလေးတစ်ယောက်ဖြစ်ပြီး သကြားလုံး အမြဲစားချင်သည့် အရွယ်ဖြစ်သည်။ သို့သော် သူ၏သွားများ မကောင်းသဖြင့် မိဘများက တားမြစ်ထားရ၏။ ထိုစဉ်က သူ့ဆီသို့ တစ်ခါတစ်ရံ အလည်လာသည့် အစ်ကိုကြီးတစ်ယောက်ရှိသည်။ ထိုသူသည် သူ့အတွက် ရောင်စုံ သကြားလုံးကလေးများ အမြဲယူလာလေ့ရှိ၏။ ထိုကောင်လေး၏ အပြုံးမှာ တကယ့်ကိုပင် အလွန် ကြည့်ကောင်းသည်။
“ဒေါက်” အခြားမြေဖြူ အပိုင်းတစ်ခု ကျိုးရှု၏နဖူးကို လာရောက်ထိမှန်လေ၏။
“ကျောင်းသား၊ သင်ခန်းစာကို သေချာ ဂရုစိုက် နားထောင်ပါ၊ ပြီးတော့ အဲဒီမြေဖြူခဲကို ငါ့ဆီပြန်မပစ်နဲ့တော့”
ကျိုးရှုသည် စကားတစ်ခွန်းမျှ ပြန်မပြောတော့ဘဲ စားပွဲပေါ်ကျနေသည့် မြေဖြူခဲကို ကြည့်၍ ပြုံးလိုက်၏။
သူသည် လက်ထဲတွင်မြေဖြူကို ဆုပ်ကိုင်ထားလိုက်သည်။ ‘ဒီမြေဖြူကို အနှေးနဲ့အမြန် ခင်ဗျားဆီကို ပြန်ပေးမှာပါ’ ကျိုးရှု စိတ်ထဲက ပြောလိုက်သည်။ ‘အားး’ ဒုတိယ မြေဖြူခဲသည် နဖူးပေါ်တွင် စောစောက နေရာကိုပဲ ထိမှန်သွားသည့်အတွက် အမှန်တကယ်ပင် နာကျင်သွားလေ၏။