Ch 66.1 (Arc 7)
Viewers 2k


ဗီလိန်၏တန်ပြန်တိုက်ခိုက်ခြင်း Arc7 CH 66.1

Apple Orchard Team •

သေရွာပြန် စီအီးအိုကို လက်တုံ့ပြန်ခြင်း(၁.၁)

 

ကျိုးရှုသည် အာကာသ လွင်ပြင်ကျယ်ထဲသို့ ပြန်ရောက်လာခဲ့သည်။ ဒီတစ်ခါတော့ ကျိုးရှုတစ်ယောက် ကျင့်သားရသွားပြီး ကောင်းကောင်း နားလည်နေပြီဖြစ်သဖြင့် အတော်လေး တည်ငြိမ်ကာ ဣန္ဒြေရနေ၏။

 

ပထမတစ်ချက်မှာ သူ့မှတ်ဉာဏ်များတွင် ချို့ယွင်းချက်များရှိနေသော်လည်း ထိုမှတ်ဉာဏ်များကို ပြန်လည်ရယူနိုင်သည်။ နောက်တစ်ခုက ယခုအချိန်တွင် သူ့ချစ်သူအကြောင်းကို ကောင်းကောင်း နားလည်နေပြီဖြစ်သည်။ တစ်ချက်မျှသာ ပွေ့ဖက်၍ဖြစ်စေ၊ ထိတွေ့ကြည့်၍ ဖြစ်စေ သူ့ချစ်သူကို မှတ်မိနိုင်သည်။ ကျိုးရှုအတွက် ဤအချက် နှစ်ချက်က အင်မတန် အရေးကြီးသည်။

 

ကျိုးရှုသည် သူ့မှတ်ဉာဏ်များကို ပြန်လည်ရယူနိုင်သော်လည်း သက်ဆိုင်ရာ အဖြစ်အပျက်များကို ပြန်မှတ်မိဖို့အတွက် အသေးစိတ်တိကျသော အဖြစ်အပျက်၊ အတွေ့အကြုံများကို တွေ့ကြုံဖို့ လိုအပ်သေးကြောင်း သိရှိခဲ့ရသည်။ တစ်နည်းအားဖြင့် ဆိုရသော် သူ့မှတ်ဉာဏ်များကို ယခုအချိန်အထိ အပြည့်အဝ ပြန်မရသေးပေ။ ကျိုးရှုက ဂရုမစိုက်ပါ။ သူ့မှာ အချိန်နှင့် စွမ်းအင်များစွာ ရှိနေသေးပြီး ကမ္ဘာပေါင်းများစွာကိုလည်း ကျော်ဖြတ်ရဦးမှာဖြစ်သည်။ အဖြစ်အပျက်များကို ပိုမိုတွေ့ကြုံရပြီး အတွေ့အကြုံများ ပိုမိုရရှိနိုင်ဦးမှာပင်။ ပြန်မမှတ်မိနိုင်မှာကို သူ မကြောက်ပါ။

 

အနက်ရောင် အရိပ်တစ်ခုက အာကာသထဲတွင် တစ်ဖန်ပေါ်လာပြန်၏။ ဒီတစ်ခါတော့ မထင်မှတ်ဘဲ သူတို့တွေ အကြည့်ချင်း ဆုံသွားခဲ့သည်။

 

အနက်ရောင်အရိပ်သည် အလွန် လျင်မြန်စွာ ပျောက်ကွယ်သွားသော်လည်း ကျိုးရှုသည် ၎င်းကို ဒီတစ်ခါ ရှင်းရှင်းလင်း မြင်လိုက်ရသည်။

 

ကျိုးရှုသည် ဒီလူကို သေချာသိနေပါသည်။ သေချာပေါက် ကမ္ဘာအစစ်ထဲက လူတစ်ယောက် ဖြစ်လိမ့်မည်။ ကျိုးရှုကို သူကြည့်သည့် အကြည့်က လုံးဝ မရိုးရှင်းပါ။

 

ဒီလူက အရပ် ၁.၉မီတာ (၆ပေ ၂လက်မ)ခန့် ရှိပြီး တောက်ပသော မျက်လုံးများရှိသည်။ နှာတံမြင့်မြင့်နှင့် မထူလွန်း မပါးလွန်းသည့် နှုတ်ခမ်းများရှိသည်။ သူ၏ကိုယ်ပိုင်ဟန်က အတော်လေး အထက်တန်းကျသည်ဟု ခံစားရသည်။ ကျိုးရှုကို သူကြည့်သည့် အကြည့်များက သိပ်ကို နွေးထွေးသည်။ ထို နွေးထွေးမှုများထဲတွင် စိတ်အားထက်သန်မှု ၊ စိတ်လောနေမှုများကို ယောင်ယောင်လေး တွေ့ရ၏။ နောက်ပြီး....

 

ထိုအကြည့်များက ရှုပ်ထွေးနက်နဲလွန်းသည်။ ထိုအရိပ် ပျောက်ကွယ်သွားသည်နှင့် ကျိုးရှုအတွက် ဖော်ပြတတ်သည့် ထိတ်လန့်မှုမျိုးကို ခံစားရသောကြောင့် ကျိုးရှုသည် ရှင်းရှင်းလင်း ပုံဖော်မပြောတတ်ပေမဲ့ ထိုလူက သူ့အတွက် သိပ်အရေးပါမှန်းတော့ သိပါသည်။ 

 

နိုအာကြယ်ပေါ်မှ လူနာဆောင်တစ်ခုတွင် အဆင့်အမြင့်ဆုံး ရေတပ်ဗိုလ်ချုပ်ကြီးသည် မျက်လုံးများ ပွင့်လာခဲ့သည်။ နောက်ဆုံးတွင် ဒီတစ်ခါတော့ သူ ထထိုင်နိုင်ခဲ့သည်။ အနည်းငယ် မူးဝေနေသေးပေမဲ့ အနည်းဆုံးတော့ လှုပ်ရှားလို့ရနိုင်သည်။

 

လူနာဆောင်တစ်ခုလုံးမှာ အဖြူရောင်ဖြစ်သဖြင့် လူကို အင်မတန် စိတ်လေးစေ၏။ သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေပေမဲ့ ရေတပ်ဗိုလ်ချုပ်ကြီးအတွက် ဒီလိုအခန်းမျိုးက လေးလေးနက်နက် စဉ်းစားဖို့ သင့်တော်ပါသည်။

သူ သတိရနေသည့်အချိန်က ပို၍ ကြာလာသည်နှင့် သူ့ခန္ဓာကိုယ်ကလည်း ပို၍ အားအင်ရှိလာခဲ့သည်။

‘ဒါ သူ လုံးဝ ပြန်ကောင်းလာနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်များလား။

ဒါဆို သူက ဘယ်လိုလုပ် ပြန်ကောင်းလာတာလဲ။ ကျိုးရှုကြောင့်လား။ သူကိုယ်တိုင်ကြောင့် ပဲလား။

ကျိုးရှုက သူ့ချစ်သူတွေအားလုံးက ငါ လူပြန်ဝင်စားခဲ့တဲ့သူတွေမှန်း သိသွားတာလား။

သေချာပေါက် ကျိုးရှု သိသွားတာပဲ ကျိုးရှုက ငယ်ငယ်လေးတည်းက ဂလက်ဆီတစ်ခုလုံးကို ထိတ်လန့်စေနိုင်တဲ့အထိ ဉာဏ်ကောင်းခဲ့တာ။ ဒါကြောင့်လည်း သူက ပစ်မှတ်ထားခံရပြီး အဲဒီကမ္ဘာတွေ အားလုံးကို ဖြတ်ကျော်ခဲ့ရတာ။

သူ ကျိုးရှုကို ကယ်တင်ရမယ်။ ကယ်မှဖြစ်မယ်။’

 

ကုတင်ခေါင်းရင်းမှ အရေးပေါ်ခလုတ်ကို နှိပ်လိုက်ပြီး ရေတပ်ဗိုလ်ချုပ်ကြီးမှာ လဲကျသွားပြန်သည်။ သူ့ကိုယ်သူ မြန်မြန် သတိလစ်မသွားအောင် ထိန်းမထားခဲ့နိုင်ပေ။

မိနစ် အတော်အတန် ကြာသောအခါ ဆေးရုံဝန်ထမ်းများက အပြေးရောက်လာကြသည်။ ရေတပ်ဗိုလ်ချုပ်ကြီးသည် သူ့အသိစိတ်တွေက ထပ်ပြီး မှုန်ဝါးလာပြန်သည်ကို သိနေ၏။ ထို့ကြောင့် ပြန်ပြီး မမေ့မျောသွားခင်မှာ သူဖြစ်ချင်သည်ကို အတတ်နိုင်ဆုံး ရှင်းပြဖို့ ကြိုးစားခဲ့သည်။

ဆေးရုံဝန်ထမ်းများက ဗိုလ်ချုပ်၏တောင်းဆိုမှုကို ကြားလိုက်ရပြီးနောက် တစ်ယောက်ကို တစ်ယောက် ငေးကြည့်မိကြသည်။ နောက်ဆုံးတွင် ဝန်ထမ်းများမှာ ဆေးရုံက ဒါရိုက်တာကို အကူညီတောင်းရုံသာ တတ်နိုင်ခဲ့သည်။ ဒါရိုက်တာက သတိလစ်နေသည့် ဗိုလ်ချုပ်ကို ကြည့်ပြီးနောက် ဆေးရုံဝန်ထမ်းများဆီသို့ ပြန်လှည့်ကြည့်၍

“သူ့အတွက် အဆင်သင့်ပြင်ထားလိုက်။”

 



 

ကျိုးရှုက သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ သူ့ကိုယ်သူ အိပ်ရာပေါ် ရောက်နေသည်အား တွေ့လိုက်ရသည်။ အိပ်ရာက တော်တော်လေး ကျယ်ပြီး မမာလွန်း၊ မပျော့လွန်းဘဲ သက်သောင့်သက်သာရှိလှသည်။

အခန်းကိုတော့ ဥရောပပုံစံအတိုင်း အလှဆင်ထားသည်။ သာမန်ကုလားထိုင် တစ်လုံးကပင် အတော်လေး တန်ဖိုးကြီးလောက်မည်။ ထိုထိုင်ခုံ ဒီဇိုင်းမှာ ဥရောပ မင်းစိုးမျိုးနွယ်များ မကြာခဏ အသုံးပြုသည့် ပုံစံနှင့်တူသည်။

 

ကျိုးရှုက မတ်တတ်ရပ်ကြည့်လိုက်ရာ ဥရောပကမ္ဘာထဲကို ဖြတ်သန်းလာခဲ့တာဖြစ်မည်ဟု ထင်လိုက်သည်။ သို့သော် ကျိုးရှုက ကိုယ်လုံးပေါ်မှန်ထဲကို ကြည့်လိုက်ရာ သူ၏ ရုပ်ရည်အသွင်အပြင်မှာ အာရှသားတစ်ယောက်လို ဆံပင်အမည်း၊ မျက်ဆံအမည်းနှင့် ဂရိဆန်သော နှာတံ၊ ဟင်္သပဒါးရောင် နှုတ်ခမ်းများ ဖြစ်နေသေးသည်ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးများကသာ အနည်းငယ် စူးရှရှ ဖြစ်နေသည်။ စကားတစ်ခွန်းတည်းနှင့် ဖော်ပြရလျှင် သူသာ ပြုံးမနေပါက သူ့မျက်နှာကို ‘အနားကို မကပ်နဲ့” ဟူသော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

 

သူ၏ပန်းရောင်ထနေသော လက်ချောင်းများမှာ စပ်ဖျဉ်းဖျဉ်း ဖြစ်နေရာ သူ ဒီကမ္ဘာကို ကူးပြောင်းလာခဲ့ပြီ ဖြစ်ကြောင်း ညွှန်ပြနေသည်။ ကျိုးရှုက မျက်လုံးများကို မှိတ်လိုက်ပြီးနောက် အချက်အလက်များကို လက်ခံရရှိခဲ့သည်။

 

အချက်အလက်များကို လက်ခံရရှိပြီးနောက် မှန်ထဲမှ သူ့ပုံရိပ်ကို ကြည့်လိုက်၏။

‘အတော်လေး ကြည့်ကောင်းသားပဲ။ ဒီကမ္ဘာမှာ သူ့ရဲ့စရိုက်က တစ်မျိုးတည်းပဲ ရှိတယ်။ ရက်စက်ခြင်းလေ။

မဟုတ်ဘူး။ ကမ္ဘာနှစ်ခုစလုံးမှာ ကျိုးရှုရဲ့ ပင်ကိုစရိုက်က ရက်စက်နေတာဖြစ်မယ်။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာရဲ့ဇာတ်လိုက်က ပြန်လည်မွေးဖွားလာတာ မို့လို့လေ။

တစ်ခုတည်းသော ကွာခြားချက်ဆိုလို့ ပထမကမ္ဘာမှာ ကျိုးရှုက တစ်ဖက်လူကို သတ်ခဲ့ပေမဲ့ ဇာတ်လိုက်က ပြန်မွေးဖွားလာပြီး ကျိုးရှုကို သတ်ခဲ့တာပဲ။’

သူ့စိတ်ထဲမှာ လက်ခံရရှိသော အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာကြည့်ရာ ကျိုးရှုသည် သူ၏သေဆုံးမှုက တော်တော် သနားစရာကောင်းသည်ဟု ခံစားမိသည်။ သူက အစာငတ် သေခဲ့ရတာဖြစ်သည်။ သာမာန်လူတွေဆိုရင်တော့ သိပ်ပြီး မစဉ်းစားတတ်ပေမဲ့ ကျိုးရှု၏မိသားစုကတော့ အချမ်းသာဆုံးလူများ ဖြစ်ကြသည်။

 

သို့သော် ငွေသည် မိသားစုတစ်ခု၏ပျော်ရွှင်မှုကို ရောင်ပြန်ဟပ်ခြင်းမဟုတ်ကြောင်းလည်း တွေ့မြင်နိုင်ပါသည်။

 

ဤကမ္ဘာ၏ဇာတ်လိုက်မှာ ကျိုးရွှဲ့လီဖြစ်သည်။ သူက ကျိုးမိသားစု၏ဒုတိယသားဖြစ်ပြီး ကျိုးရှုက အကြီးဆုံးသား ဖြစ်သည်။

 

သူတို့နှစ်ဦးသည် ညီအစ်ကိုများ ဖြစ်ကြသော်လည်း ငယ်စဉ်ကတည်းက သူတို့၏ဆက်ဆံရေးမှာ ပဋိပက္ခများ ပြည့်နှက်နေခဲ့သည်။ သူတို့နှစ်ဦးမှာ ဖအေတူ-မအေကွဲ ညီအစ်ကိုများ ဖြစ်ကြသော်လည်း သူတို့နှစ်ဦးစလုံး၏ မိခင်အရင်များမှာ ကားမတော်တဆမှုကြောင့် ဆုံးသွားခဲ့ကြသည်။ ကျိုးရှုနှင့် ကျိုးရွှဲ့လီတို့သည် သက်တူရွယ်တူများ ဖြစ်ကြပြီး လအနည်းငယ်သာ ကွာကြသည်။

 

၎င်းသည် ကျိုးရှုမိခင်၏ အခြေအနေကိုလည်း ပြသနေ‌ပေသည်။ သို့သော် ကံမကောင်းစွာနှင့် သူမ၏အဆင့်အတန်းက မည်သို့ပင်ဖြစ်နေပါစေ၊ နောက်ဆုံးမှာတော့ ကြေကွဲဖွယ်ကံကြမ္မာနှင့် လှပသော အမျိုးသမီးတစ်ဦးသာ ဖြစ်သည်။

 

မူလကမ္ဘာတွင် ကျိုးရွှဲ့လီ၏ဖြစ်တည်လာမှုကြောင့် ကျိုးရှုက သူ့ကို မုန်းတီးခဲ့ပြီး လိုက်လံဖိနှိပ်ခဲ့သည်။ နောက်ဆုံးတွင် သူက ကျိုးရွှဲ့လီကို တစ်ချိန်မှာ မိမိအဖြစ်ဆိုးစွာ သေဆုံးရမည့် “ဘား” သို့ပင် သွားရောင်းခဲ့သည်။

 

ပြန်လည်မွေးဖွားလာပြီးနောက် ကျိုးရွှဲ့လီသည် ဇာတ်လိုက်မင်းသမီး ဝမ်ချန် နှင့် မဟာမိတ်ဖွဲ့ခဲ့သည်။ သူတို့က ကျိုးရှုကို အကွက်ချ ကြံစည်ပြီး နောက်ဆုံးတွင် ကြေကွဲဖွယ် သေခြင်းတရားနှင့် ဆုံတွေ့စေခဲ့သည်။ ဘယ်ကမ္ဘာမှာပဲဖြစ်ဖြစ် ကျိုးရှုကတော့ အမြဲတမ်း ဗီလိန်အကြီးစားသာ ဖြစ်သည်။

 

ကျိုးရှုက အေးစက်စွာ ရယ်မောလိုက်သည်။ သူ့အတွက်တော့ တစ်ဖက်လူက ပြန်လည်မွေးဖွားသည် ဖြစ်စေ၊ မမွေးသည်ဖြစ်စေ အနာဂတ်ကို ကြိုမြင်နိုင်စွမ်း ရှိစေကာမူ အခြေခံပြောင်းလဲမှု မရှိသရွေ့ အားလုံးက ကျိုးရှု မျက်လုံးထဲမှာ အမှိုက်ထုပ်များသာ ဖြစ်သည်။

 

အဝတ်စားဝတ်ပြီးနောက် ကျိုးရှုက အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ကျိုးရွှဲ့လီ မွေးဖွားပြီးနောက် ပထမဆုံးနေ့ ဖြစ်သောကြောင့် ပြန်လည်မွေးဖွားပြီးနောက်တွင် သူ့ဘက်က ပထမဆုံးအကြိမ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သို့သော် ကျိုးရှုသည် ပြိုင်ဖက်ကို အစားထိုးလိုက်လျှင်ပင် ကျိုးရွှဲ့လီက အကြိမ်ပေါင်း မည်မျှပင် ပြန်လည်မွေးဖွားပါစေ၊ အချည်းနှီးသာ ဖြစ်ကြောင်း သူ့ကို သိစေချင်မိသည်။

 

ကျိုးရှု နေထိုင်သည့် အဆောက်အအုံသည် ဥရောပစတိုင် ဗီလာနှစ်ထပ်အိမ် ဖြစ်သည်။

 

ဗီလာသည် အလွန် ကျယ်ဝန်းပြီး အလှဆင်မှုအားလုံးသည် ဥရောပဖက်ရှင်ပုံစံအတိုင်း ဖြစ်သည်။ ကျိုးရှုသည် ဒီလိုစတိုင်မျိုးကို အလွန် ငြီးငွေ့စိတ်ကုန်နေပြီ ဖြစ်ပြီး ရိုးရှင်း၍ သပ်ရပ်သော အလှဆင်မှုများကို ပို၍နှစ်သက်သည်။ သို့ရာတွင် အခုအချိန်မှာ သူ့မှာ ပြောပိုင်ခွင့်မရှိပါ။ သူ့အသက်က ၁၉ နှစ်ပဲ ရှိသေးပြီး ဘာမှမရှိသေးပေ။

 

မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များကို အသုံးပြု၍ ထမင်းစားခန်းဆီသို့ လျှောက်သွားခဲ့သည်။ သူ ပထမဆုံးမြင်လိုက်ရသည်မှာ လန်းဆန်းနေသည့် ပန်းပွင့်များ ထိုးထားသော ပန်းအိုးပေါင်းများစွာ ပါရှိသည့် စားပွဲရှည်ကြီးတစ်ခု ဖြစ်သည်။ သူ့အဖေဖြစ်သူ ကျိုးချန်းက စားပွဲ၏ အစွန်းတစ်ဖက်မှာ ထိုင်နေသည်။

 

အလွန်လှပသော အမျိုးသမီးတစ်ဦးက ကျိုးချန်း၏ညာဘက်တွင် ထိုင်နေ၏။ ဤအမျိုးသမီးသည် ကျိုးရှု၏ တတိယမြောက် မိထွေး ခဲ့ထာ ဖြစ်သည်။

 

ကျိုးရွှဲ့လီ၏မိခင်သည် အငယ်အနှောင်းမျှသာ ဖြစ်ပြီး ကျိုးချန်းနှင့် လက်မထပ်ခဲ့ဖူးသောကြောင့် သူမအား ကျိုးရှု၏ မိထွေးဟု ယူဆလို့ မရနိုင်ပေ။

 

ကျိုးရှု၏မိခင်သေဆုံးပြီးနောက် ကျိုးချန်းသည် နှစ်ကြိမ် အိမ်ထောင်ပြုခဲ့သည်။ ကျိုးချန်းသည် မည်သည့်ဇနီးသည်နှင့်မှ သားသမီးမရခဲ့ပေ။ နောက်ဆုံးတွင် ကျိုးချန်းသည် သူ၏လက်ရှိဇနီး ခဲ့ထာကို လက်ထပ်ခဲ့သည်။

 

တကယ်တော့ ကျိုးချန်းက လူကောင်းတစ်ယောက် မဟုတ်ပေ။ နောက်ဆုံး၌ အရင်မိန်းမနှစ်ယောက်ကို ကွာရှင်းသည့်အချိန်တွင် လေး/ငါးသန်းသာ ပေးခဲ့သည်။ ထို့ပြင် သူ့မှာ အဆက်အသွယ် အများကြီးရှိ၏။ ထိုအမျိုးသမီးများမှာ ပြဿနာရှာပြီး ပိုက်ဆံ ပိုတောင်းချင်သော်လည်း အဆုံးသတ်၌ သူတို့မှာ ရွေးချယ်စရာမရှိသဖြင့် လက်လျှော့လိုက်ကြရသည်။

 

လက်ရှိဇနီး ခဲ့ထာ သည် မင်းသမီးတစ်လက်ဖြစ်သည်။ ယမန်နှစ်က ဇာတ်လမ်းတွဲတစ်ခုတွင် ခဲ့ထာက ဖြူစင်ရိုးသားသည့် ကောလိပ်ကျောင်းသူအဖြစ် သရုပ်ဆောင်ခဲ့သောကြောင့် ကျိုးချန်းသည် သူမကို သတိထားမိပြီး သဘောကျသွားခဲ့သည်။ သူမ၏အတွေ့အကြုံနုသော အသွင်အပြင်က နူးညံ့လွန်းနေသဖြင့် ရေကို ညှစ်ထုတ် နိုင်ပုံရသည်။ ကျိုးချန်းသည် သူမကိုရရန် အရင်းအမြစ်များစွာကို သုံးခဲ့ရသည်။

 

နောက်ဆုံးတွင် ခဲ့ထာက ကျိုးချန်း လက်ထပ်ခွင့်တောင်းသည်ကို လက်ခံခဲ့သည်။ သို့သော် ခဲ့ထာသည် သူတို့လက်ထပ်ပြီးနောက် ကျိုးချန်းက အပြင်မှ သူ့ချစ်သူများနှင့် ဆက်ဆံရေးကို မဖြတ်တောက်ဘဲ နေလိမ့်ဦးမည်ဟု ထင်မထားခဲ့မိသည်။

 

အကြိမ်ကြိမ် စကားများ ရန်ဖြစ်ပြီးနောက် ခဲ့ထာလည်း လက်မြှောက်သွားပုံရသည်။ သူမက နေ့တိုင်း အိမ်မှာသာ ဥယျာဉ်ပျိုးနေတတ်သည်။ ဘာမှ လုပ်စရာမရှိသည့် အချိန်မျိုးတွင် အပြင်ကို မာကျောက် သွားကစားတတ်သည်။ မည်သို့ပင်ဖြစ်စေ ယခုအချိန်မှာ လက်ဖျားမှာ ငွေသီးနေပြီမို့ တခြားကိစ္စများကို အရေးမထားနေတော့ပေ။

ခဲ့ထာသည် ယခုနှစ်တွင် ၂၇နှစ်ရှိပြီဖြစ်သည်။ သူမသည် မိတ်ကပ်မလိမ်းထားလျှင် အသက်၂၀ ဝန်းကျင်ခန့် ထင်ရသော်လည်း မိတ်ကပ်အထူကြီးများကို လိမ်းပြီးလျှင်တော့ အသက်၃၀ကျော် ပုံစံပေါက်သွားတတ်သည်။

 

ကျိုးရှုက သူမကို တစ်ခါမှ အမေဟု မခေါ်ဖူးပါ။ တကယ်တမ်းကျ သူတို့တွေက အသက် ၈နှစ်သာ ကွာကြသည်။

မူလကျိုးရှုက ခဲ့ထာကို အလွန်အမင်း မုန်းတီးသည်။ မူလကျိုးရှုက ခဲ့ထာကိုမှ မဟုတ်ပါ။ ကျိုးရှု၏မိန်းများ၊ ချစ်သူများအားလုံးကို သဘောမကျခဲ့တာဖြစ်သည်။ သို့သော် ယခုကျိုးရှုကတော့ ခဲ့ထာကို သဘောမကျမဖြစ်ပါ။ သူမသည် သူ မကြာခဏတွေ့ဆုံ ဖြစ်သည့် သူစိမ်းတစ်ယောက်သာသာဖြစ်သည်။ ထို့ပြင် ခဲ့ထာသည်လည်း သနားဖို့ကောင်းပါသည်။ ကျိုးချန်း၏လက်ထပ်ခွင့်တောင်းမှုကို သဘောမတူရသေးခင်မှာ ကျိုးချန်းအကြောင်းကို ဘာမှ မသိခဲ့ရိုးအမှန် ဖြစ်သည်။

 

ကျိုးချန်းက သူ့နှင့်ပတ်သက်သည့် သတင်းအားလုံးကို ဖုံး၍ သူမကို အယောင်ဆောင်ထားသည့် နူးညံ့ကြင်နာမှုနှင့် ရင့်ကျက်သော အသွင်အပြင်ကိုသာ ပြသခဲ့သည်။ ထို့ပြင် ခဲ့ထာ ဘက်က သဘောတူလက်ခံလာစေရန် ဖိအားပေးဖို့အတွက် ခဲ့ထာ မိဘများ၏ ကုမ္ပဏီလေးကို ဒေဝါလီခံရပြီး သန်းချီ၍ အကြွေးတင်အောင် လူတချို့ရှာ၍ လုပ်ခိုင်းခဲ့သည်။

 

ခဲ့ထာအတွက် အားအငယ်ရဆုံးအချိန်မှာမှ ကျိုးချန်းက တစ်ဖန် ပေါ်လာခဲ့သည်။ သူက ခဲ့ထာမိဘများ၏ အကြွေးများကို ကူဆပ်ပေးပြီး သူမအမေ၏ရောဂါကို ကုသပေးဖို့ အထူးကုများကိုပင် ရှာပေးခဲ့သည်။

 

ခဲ့ထာသည် လိပ်ပြာမလုံသလို ခံစားရပြီး ကျေးဇူးလည်း တင်နေမိ၏။ နောက်ဆုံး၌ သူမမိဘများ၏ ဖိအားပေးမှုအောက်တွင် ကျိုးချန်းနှင့် လက်ထပ်ခဲ့သည်။

 

လက်ထပ်ပြီးနောက်မှ ခဲ့ထာသည် တဖြည်းဖြည်းနှင့် ကျိုးချန်း၏သရုပ်မှန်ကို သိလာရသည်။ သို့သော် သူမအနေနှင့် ဘာမှမတတ်နိုင်တော့ပေ။

ခဲ့ထာနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး ကျိုးရှုက သူတို့ကို နှုတ်ဆက်လိုက်သည်။

“အဖေ..အန်တီခဲ့..”

 

ကျိုးချန်းနှင့် ခဲ့ထာတို့မှာ အံ့ဩမှင်တက်သွားကြသည်။

‘ကျိုးရှုက ခဲ့ထာကို နှုတ်ဆက်လိုက်တာလား။ တကယ့်ကို ရှားပါးမြင်ကွင်းပဲ။’

 

ကျိုးရှုသည် သူတို့၏တုံ့ပြန်မှုကို သိသိသာသာ မြင်နေရသော်လည်း ဂရုမထားပေ။ သူက စားပွဲပေါ်က ပေါင်မုန့်ကို ကောက်ယူပြီး စားလိုက်သည်။

 

ကျိုးချန်းက ပေါ့ပေါ့ပါးပါးပင် ချောင်းဟန့်လိုက်ပြီး

“ကျိုးရှု မင်း အရွယ်ရောက်လာပြီပဲ။”

 

ကျိုးရှုက ခေါင်းညိတ်ကာ ကျိုးချန်းကို ကြည့်လိုက်၏။

“ကျွန်တော် အရင်က တကယ်ကို မရင့်ကျက်ခဲ့ပါဘူး။ နောက်ကို အဲဒီလို မဖြစ်တော့ပါဘူး အဖေ။”

 

‘ကလိမ်ကလည်နဲ့။’

ကျိုးရွဲ့လီက မကြာခင်တွင် ဆင်းလာလိမ့်မည်။ သူ ပထမဆုံးလုပ်မည့်အရာမှာ ကျိုးရှုကို ဆဲဆိုခြင်းသာ ဖြစ်သည်။ အချိန်ကျလျှင် ခဲ့ထာ၏အကူအညီဖြင့် ကျိုးရှုသည် သေချာပေါက် ဒုက္ခရောက်လိမ့်မည်။

 

ယခုတော့ ကျိုးရွှဲ့လီက ပေါ်မလာသေးပါ။ သူ ရောက်မလာသေးခင်တွင် ကျိုးရှုက သူ့အတွက်သူ လမ်းဖောက်ဖို့ လုပ်လေသည်။ ထိပ်တိုက်တွေ့ရမည့်အချိန်တွင် ပြောဖို့၊ ဆိုဖို့ ပိုလွယ်ကူတော့မည်။ တကယ်တော့ “လူတစ်ယောက်ကို ပထမဆုံးတွေ့ရ မြင်ရတဲ့ အမြင်ကို အရှည်ကြာဆုံး စွဲလမ်းတတ်ကြတယ်။”ဟူ၍ စကားပုံတစ်ခုရှိပါသည်။

 

“အန်တီ ရွှဲ့လီနဲ့ ကျွန်တော်က အရင်က အန်တီအပေါ်မှာ တကယ်ကို ဖော်ဖော်ရွေရွေ မရှိခဲ့ပါဘူး။ တကယ်တော့ အန်တီကိုမှ မလိုလားတာ မဟုတ်ပါဘူး။ မိထွေးတိုင်းကို…”

“အဟမ်း….”

ကျိုးချန်းက ကျိုးရှုကို လက်လွတ်စပယ် လျှောက်မပြောမိဖို့ သတိပေးရန် ချောင်းဟန့်လိုက်၏။

 

ကျိုးရှုက ကျိုးချန်းကို ကြည့်ပြီးနောက် ခဲ့ထာကို အနည်းငယ် အားတုံ့အားနာ ဖြစ်ဟန်ဖြင့် ဆက်ကြည့်လေသည်။

“ကျွန်တော့်ကြောင့်ပါ။ ကျွန်တော့်မှာ စဉ်းစားချင့်ချိန်နိုင်စွမ်း မရှိလို့ပါ။ ဒါကြောင့် ရွှဲ့လီက ကျွန်တော့်ဆီကနေ အတတ် သင်ကုန်တာပါ။ ဒါပေမဲ့ အခုက ကျွန်တော် အန်တီကို နားလည်ပါပြီ။ အန်တီအမှားမဟုတ်ပါဘူး။”

 

ခဲ့ထား၏အမျက်လုံးများမှာ အနည်းငယ် နီမြန်းသွားပြီး ပြုံးကာ ပြောလိုက်၏။

“ဘာမှမဖြစ်ပါဘူး။”

 

ကျိုးချန်းက သူမကို မင်းသမီး ဆက်လုပ်ခွင့်မပြုခဲ့ချေ။ ခဲ့ထာသည် တကယ်တော့ ပျိုးထောင်ခံရသည့် ကိန္နရီငှက်တစ်ကောင်သာ ဖြစ်သည်။ သူမက ပျံသန်းချင်လျှင်ပင် လှောင်ကြီးထဲကနေ ပျံထွက်သွားနိုင်မှာ မဟုတ်ပေ။ ကျိုးချန်းနှင့် ဖျော်ဖြေရေးနယ်ပယ်ထဲမှ အကောင်ကြီးကြီးများ၏ ဆက်ဆံရေးမှာ အတော်လေး ရင်းနှီးကြသည်။ ခဲ့ထာက ကွာရှင်းခဲ့လျှင်ပင် သူမအတွက် ထပ်ပြီး သရုပ်ဆောင်နိုင်ဖို့က မဖြစ်နိုင်ပေ။

 

“ဟားဟား ငါတို့ရှောင်ရှုက တကယ်ကို ကြီးပြင်းလာပြီပဲ။ အရမ်းကောင်းတယ်။ နောက်နှစ်ကျ မင်းအသက်က ၂၀ ပြည့်တော့မှာပဲလေ။ အဲဒီအချိန်ကျ ကုမ္ပဏီကိုလာပြီး အရင်ဆုံး ဌာနအသေးလေးတစ်ခုကို ရှာပြီး သင်ယူ။ နောက်ကျ မင်း ကျိုးမိသားစုကို လွှဲယူလို့ရပြီ။”

“ကျေးဇူးတင်ပါတယ် အဖေ။ ကျွန်တော် ကြိုးစားမှာပါ။ အဖေနဲ့လည်း ထပ်ပြီး တိုက်ခိုက် မနေတော့ပါဘူး။”

ကျိုးချန်းက ပြုံးလိုက်ပြီး

“မင်းက ငါနဲ့ သဘောထား ကွဲလွဲနေခဲ့မှန်း သိပါတယ်။ နှစ်ပေါင်းများစွာ ကြာရင် မင်းရဲ့ဒေါသတွေက ပြေလျော့သွားလိမ့်မယ်။ အရမ်းကောင်းတာပဲ။ သိပ်ကောင်းတယ်။ ဟားဟားဟား…”

 

ယခင်ကမ္ဘာတွင် ကျိုးရှုသည် ထမင်းစားပွဲ၌ စကားသိပ် မပြောခဲ့ပေ။ ပုံမှန်အားဖြင့် သူတို့ ၃ယောက် ထမင်းစားသည့်အချိန်တွင် စကားသိပ်မပြောဖြစ်ကြပါ။ ကျိုးချန်းက စကားနည်းနည်း ပြော်သော်လည်း ကျိုးရှုနှင့် ခဲ့ထာက တုံ့ပြန်မှု မရှိကြပေ။

 

ဒီတစ်ခါတော့ ဤမြင်ကွင်းက သာယာပျော်ရွှင်ဖွယ်ကောင်းနေသည်ဟု ပြောလို့ရနိုင်သည်။

ကျိုးရှုသည် သူတို့ စားပြီးခါနီးဝန်းကျင်မှ ကျိုးရွှဲ့လီ ဆင်းလာလိမ့်မယ်မှန်း သိနေခဲ့သည်။

 

ကျိုးရွှဲ့လီက အားနည်းချက်တစ်ခု ရှိသည်။ သူက အိပ်ရတာကို နှစ်ခြိုက်သည်။ ပထမကမ္ဘာတွင်ဖြစ်စေ၊ ပြန်လည်မွေးဖွားလာပြီးမှဖြစ်စေ ဒီအားနည်းချက်ကိုတော့ မပြောင်းလဲနိုင်ပါ။