Ch 102 ( Arc 11 )
Viewers 2k

Chapter 102 ( Arc 11 )



အာကာသလွင်ပြင်ထဲသို့ ပြန်လာရင်း ဤတစ်ကြိမ်တွင်တော့ သူ၏ဖူးစာဖက်မှာ သူ့ကို ဖွင့်ဟတော့မည်ကို သိလိုက်သည်။ ကျိုးရှုမှာ သူ့ကို့ သတိရပြီး မျှော်နေရသည်မှာ ကြာလှပြီ ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ဤအခိုက်အတန့်အတွက်တော့ စိတ်လှုပ်ရှားနေမိသည်။


သူထင်ထားသည့်အတိုင်း ပုံရိပ်သဏ္ဠာန်တစ်ခုပေါ်လာသည်။ ဒီတစ်ခါမှာတော့ ဝမ်းနည်းသည့် အရိပ်အယောင် မရှိပေ။ ၎င်းကကျိုးရှုအား လေးနက်သော အကြည့်များဖြင့် ပြောလိုက်သည်။ "ရှောက်ရှု မင်း နောက်တစ်ကမ္ဘာပြီးရင် ငါ မင်းအတွက် ရှိနေမယ်၊ ငါ့ကို စောင့်နေပါ"


ကျိုးရှုက ခေါင်းညိတ်ကာ ရှေ့တိုးလာပြီး "စုန့်ချန်မော့ ငါမင်းကို စောင့်နေပါ့မယ်"


"အိုး၊ ပြီးတော့ မင်းနဲ့အတူ ကမ္ဘာပေါင်းများစွာကို ဆုံတွေ့ရလို့ ဝမ်းသာပါတယ်"


"ငါလဲ တူတူပါပဲ"


"ဒါပေမယ့် ငါတို့လက်ရှိ ကမ္ဘာကို ပြန်ရောက်ရင်တော့ ငါ မင်းကို အပြစ်ပေးမှာနော်"


"ဘာလို့လဲ?" ကျိုးရှုက သူ့ပုခုံးကို မှီကာ ဆိုလိုက်သည်။ "ငါ သိခဲ့တဲ့လူတွေ အားလုံးကမင်းပဲလေ"


စုန့်ချန်မော့က ကျိုးရှု၏ခေါင်းလေးကို အသာအယာပုတ်ကာဆိုလိုက်သည်။ " ရှောက်ရှု ငါမင်းကို လွမ်းတယ်၊ အရမ်းလွမ်းတယ်"


"အဲ့ဒါကြောင့် ဒီထိလိုက်လာခဲ့တာလား?"


"အွမ်း"


ပြောနေရင်း စုန့်ချန်မော့၏ ပြုံးယောင်သန်းနေသောပုံရိပ်က ကျိုးရှုရှေ့တွင် ပျောက်ကွယ်သွားသည်။ သို့ပေမယ့် ဤခဏတာလေးက ကျိုးရှုအတွက်ရှေ့ဆက်ဖို့လုံလောက်ပါသည်။


နိုအာဆေးရုံ၏ တစ်ခုသောနေရာတွင် အင်ပါယာ၏အဆင့်အမြင့်ဆုံး ရေတပ်ဗိုလ်ချုပ်ကြီး စုန့်ချန်မော့ နိုးထလာခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ သူ၏အားအင်များ ပြည့်ဖြိုးလာသလိုခံစားရသည်။ သူ့နားထင်ကို လက်ချောင်လေးများဖြင့် ပွတ်သတ်ရင်း စူပါကွန်ပျူတာဆီ သွားလိုက်သည်။


သူက ဒေတာဘေ့စ်ထဲကို မြန်မြန်ဝင်ပြီး ကုဒ်ရေးလိုက်သည်။ ၎င်းမှာ ရှုပ်ထွေးသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး အာရုံစူးစိုက်မှု အပြည့်အဝ လိုအပ်သောကြောင့်၊ ကုဒ်ရေးနေစဉ်၊ အမှားတစ်ခုကပင် ပရိုဂရမ်တစ်ခုလုံးကို ပျက်သွားစေနိုင်သည်။ စက္ကန့်နှင့်အမျှကြာလာသည်နှင့် စုန့်ချန်မော့ပို၍စိတ်ပူလာသည်။ အချိန်မိနစ်ငါးဆယ် ကုန်သွားပြီး သူ့တွင် မိနစ်လေးဆယ်သာ ကျန်တော့သည်။ ဤကုတ်ရေးရသည့်လုပ်ငန်းစဉ်က အဆုံးမရှိသကဲ့သို့ထင်ရသည်။


သူ့လက်ချောင်းများ လေပေါ်ပျံဝဲမတတ် မြန်နိုင်သမျှ မြန်အောင်ရိုက်သည်။


စုန့်ချန်မော့တစ်ယောက် ချွေးစေးတောင် ပြန်လာသည်။ တစ်နာရီနှင့် ဆယ်မိနစ်လောက်ကြာပြီးနောက် သူ၏ကုတ်ရေးခြင်း ပြီးဆုံးပြီး "Run" ဆိုသော ခလုတ်ကို နှိပ်လိုက်သည်။ ထို့နောက် သူ၏ကွန်ပျူတာဖန်သားပြင်တွင် အချက်အလက်များ စတင်ပေါ်လာသည်။

တတ်နိုင်သမျှ မြန်မြန်ဖတ်ရင်း အချက်အလက်ကို စတင်ကြည့်ရှုသည်။ မြန်သထက် မြန်အောင်လုပ်ရပေမည်။


စုန့်ချန်မော့ ပိုသိလာလေ ပိုထိတ်လန့်လာလေဖြစ်သည်။ သူတို့ဂြိုဟ်သည် ကပ်စ်ခါ၏ထိန်းချုပ်မှုအောက်တွင်ရှိစဉ်ကာလတစ်လျှောက်လုံး ကပ်စ်ခါသည် နည်းပညာများမည်မျှတိုးတက်ကြောင်းကိုသက်သေပြခဲ့သော်လည်း သူတို့သတိမပြုမိခဲ့ကြပေ။


ကပ်စ်ခါသည် သယံဇာတအရင်းအမြစ်နည်းပါးပြီး လူဦးရေသည် နိုအာဂြိုဟ်၏တဝက်ပမာဏသာရှိသည့် ဂြိုဟ်တစ်ခုဖြစ်သည်။ ဤအကြောင်းကြောင့် ကပ်စ်ခါများသည် နိုအာကို ကျူးကျော်လိုခြင်းဖြစ်သည်။


ဤအကြောင်းကို သိရပြီးနောက်လာမည့် စစ်ဆင်ရေးသည် ပို၍လွယ်ကူလာနိုင်သည်။ သူ့အနေနှင့် ကျိုးရှုကို ကယ်ရမည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ရန် ကျိုးဟောက်ကို အရင်ဖမ်းရမည် ဖြစ်သည်။ စုန့်ချန်မော့က လက်ရှိသူလုပ်သမျှအရာတိုင်းသည် ကျိုးရှုကိုထိခိုက်ပြီး ကျိုးရှု ပြန်မလာနိုင်တော့မည်ကို စိုးရွံ့မိသည်။


နောက်ထပ်ငါးမိနစ်လောက် ကျန်တော့သည့်အချိန် စုန့်ချန်မော့က သူ ဘာလုပ်ရမည်ဆိုသည်ကို တွေးပြီး ဇယားပေါ်တွင် ကုဒ်တစ်ကွက်ကို ချန်ထားခဲ့လိုက်သည်။

ဤကုဒ်သည် ကျိုးရှု တီထွင်ခဲ့သောကြောင့် ကမ္ဘာပေါ်မှာ နားလည်သည့်လူတစ်ယောက်ရှိခဲ့လျှင် ထိုလူသည် ကျိုးရှု၏ အလွန်ရင်းနှီးသော သူငယ်ချင်းတစ်ယောက် ဖြစ်ပေလိမ့်မည်။ ကျိုးရှုသည် အချိန်အတော်ကြာ ပျောက်ကွယ်သွားပြီးနောက် သူ့အား ဂရုစိုက်သော မည်သူမဆို သူ့ကို ပြန်ရရန် တစ်ခုခု လုပ်ကြလိမ့်မည်။


စုန့်ချန်မော့တစ်ယောက် တတ်နိုင်သမျှ လုပ်စရာရှိတာ လုပ်ပြီး ငြိမ်သက်စွာ အိပ်မောကျသွားခဲ့သည်။ နောက်တစ်ကြိမ် သူပြန်နိုးလာသောအခါ အချိန်သုံးနာရီရမည် ဖြစ်ပြီး ထိုအချိန်သည် ကျိုးဟောက်ကို ဖမ်းပြီး ကျိုးရှုကို ကယ်ဖို့ လုံလောက်သောအချိန် ဖြစ်သည်။


ကျိုးရှု တစ်ဖန် နိုးထလာရင်း အိပ်ခန်းဆောင်တစ်ခုအတွင်းရောက်ရှိနေသည်ကို သိလိုက်ရသည်။ ကုတင်များ အားလုံး လွတ်နေပြီး ကျိုးရှု၏ဘေးတွင် ခရီးဆောင်အိတ် တစ်လုံးရှိသည်။ ဘေးဘီဝဲယာကို ကြည့်လိုက်ရင်း ကောလိပ် သို့ ကျောင်း တစ်ခုခု၏ အဆောင်တစ်နေရာ ဟု ခန့်မှန်းမိသည်။


ဤကဲ့သို့ ကမ္ဘာမျိုးကို ယခင်က ကြုံဖူးသောကြောင့် သူက နားလည်သည်။


သူ၏လက်သန်းများ တစ်ဖန်ယားယံလာပြီး ကျိုးရှုက ဤကမ္ဘာ၏ အချက်အလက်များကို ရရှိခဲ့သည်။


၎င်းမှာခေတ်သစ်ကမ္ဘာသို့ ထပ်မံရောက်ရှိလာခြင်းဖြစ်သည်။ သို့ရာတွင် ဤကမ္ဘာ၏ထူးခြားချက်မှာ အသံသရုပ်ဆောင်များသည် အလွန်လူကြိုက်များပြီး ကောလိပ်တိုင်း တက္ကသိုလ်တိုင်းတွင် ၎င်းတို့၏ကိုယ်ပိုင်အသံ သရုပ်ဆောင်အသင်းများ ရှိကြသည်။


အစီအစဉ်မှုးနှင့် ကျိုးရှုသည် ဤကျောင်းသို့ အသံသရုပ်ဆောင်ရန် ရောက်ရှိလာခဲ့သည်။


အမှန်မှာ အစီအစဉ်မှုးသည်  အသံသရုပ်ဆောင်အသင်းမှ ခေါင်းဆောင်ကို သဘောကျနေသောကြောင့် ဤကျောင်းကို ရွေးချယ်ရခြင်းဖြစ်သည်။


ခေါင်းဆောင်၏အမည်မှာ ရှင်းစုချုံချင့်ဖြစ်ပြီး အမျိုးသား ဒရာမာဇာတ်လမ်းတွဲများမှ အမျိုးသားနေရာတွင် အသံသရုပ်ဆောင်သူ ဖြစ်သည်။ ထို့ကြောင့် သူ၏အသံသည် လေးနက်ပြီး နားထောင်သူများအပေါ် စွဲမက်စေသည်။ အစီအစဉ်မှုးသည် ရှင်းစုချုံချင့်အသံကို ကြားရပြီးနောက် ကမ္ဘာပေါ်တွင် အလှပဆုံးနှင့် အသာယာဆုံးအသံကို ကြားလိုက်ရသည် သကဲ့သို့ခံစားလိုက်ရသည်။ 


အသံတစ်ခုတည်းဖြင့် အဆုံးမဲ့ပျော်ရွှင်မှုကို ပေးစွမ်းနိုင်သော်လည်း ဤအသံသည် ကျိုးရှုနှင့် မရေတွက်နိုင်သော အခြားအမျိုးသမီးများစွာကို စိတ်လှုပ်ရှားစေသည်။


ထို့ကြောင့် ရှင်းစုချုံချင့်၏ လူမှုကွန်ရက်အကောင့်တွင် ဖော်လိုဝါ သုံးသန်းကျော်မကရှိပြီး နေ့တိုင်းလိုလို ချီးမွမ်းမှုများ၊ တောင်းရမ်းမှုများ ကြုံနေရသောကြောင့် အစီအစဉ်မှုးကို သတိမထားမိဖြစ်နေသည်။


ကျိုးရှုနှင့် ရှုန်းယွဲ့တို့သည် သူတို့ အိုင်ဒေါနှင့်နီးစပ်ရန် ရှောင်ရှောင်းအသင်းသို့ ဝင်ခဲ့ကြသည်။ သူတို့၏ တစ်မူထူးခြားလှသော အသံပါရမီကြောင့် များမကြာမီ လူအများ၏ အာရုံစိုက်မှုကို ရရှိလာခဲ့သည်။


ပထမဆုံးအကြိမ် လေ့ကျင့်ချိန်တွင် အစီအစဉ်မှုးနှင့် ရှုန်းယွဲ့တို့နှစ်ယောက်လုံး ရှင်းစုချုံချင့်ကို တွေ့ခဲ့ကြပြီး ရှုန်းယွဲ့သည် ရှင်းစုချုံချင့်ကို မြင်မြင်ချင်းချစ်မိသွားလေသည်။ (ခေါ်ရတာလျှာတောင် ခလုတ်တိုက်တယ်ဟယ်)


အစီအစဉ်မှုးသည် အနေအေးသူတစ်ယောက်ဖြစ်သည်။ သို့သော် ရှုန်းယွဲ့မှာတော့ တက်ကြွပွင့်လင်းသူ တစ်ယောက်ဖြစ်ပြီး သူရောက်ရာနေရာတိုင်းမှာ ရယ်မောစေနိုင်သည်။ ထို့ကြောင့် အသင်းရှိလူတိုင်းက သူ့အား ချစ်ခင်ကြပြီး မကြာမီ ရှင်းစုချုံချင့်အနား ချဉ်းကပ်လာခဲ့သည်။


တစ်ခါက ရှုန်းယွဲ့သည် ရှင်းစုချုံချင့်နှင့် ဇာတ်လမ်းစချင်သောကြောင့် ကျိုးရှုကို နောက်ပြောင်ရန် အခြားအကောင့်တစ်ခု ဖန်တီးခဲ့ပြီး ရှင်းစုချုံချင့်သည် ရှုန်းယွဲ့ကို သဘောကျနေကြောင်း ပြောပြခဲ့သည်။ အစီအစဉ်မှုးကလဲ ထိုစကားကို ယုံသွားသည်။


ထိုအချိန်မှစ၍  ရှုန်းယွဲ့နှင့် ရှင်းစုချုံချင့်တို့သည် ထိုအကောင့်ကိုသုံးပြီး ကျိုးရှု၏အသံကို မည်မျှနှစ်သက်ကြောင်း နေ့စဉ်နေ့တိုင်းစာတိုများ ပို့ပြီး ကျိုးရှုကို နောက်ပြောင်ကြသည်။ 


အစီအစဉ်မှူးသည် အလွန်အထီးကျန်သလို ခံစားရသည်။ ထို့ပြင် သူ၏မိဘများမှာ သူငယ်စဉ်အခါကပင် ကွာရှင်းထားကြပြီး သူ၏အစ်ကိုဖြစ်သူမှာလည်း သူနှင့် အသက်ကွာခြားလွန်းပြီး ရံဖန်ရံခါမှသာ သူ့ထံ အလည်လာလေ့ ရှိသည်။ သူ့နားတွင်ရှိသည့် တစ်ခုတည်းသောအဖော်မှာ ပိုက်ဆံပင် ဖြစ်သည်။


သူ၏မိဘများက သူ့ကို မုန့်ဖိုးအသုံးစရိတ်များစွာ ပေးလေ့ရှိပြီး အစ်ကိုဖြစ်သူကလည်း မကြာခဏအသုံးစရိတ်များလွှဲပေးသည်။ ထို့ကြောင့် အစီအစဉ်မှူးမှာ ပိုက်ဆံရှိသော်လည်း အဖော်မဲ့သည့် သနားစရာအထီးကျန် ကောင်ဇိုးလေး ဖြစ်နေသည်။ သူစိမ်းတစ်ဦးထံမှ ဂရုစိုက်မှု အနည်းငယ်လေး ပေးလိုက်သည်နှင့် ထိုသူစိမ်းအား တွယ်တာမိ သွားတတ်သည်။


ကျိုးရှု၏ တုံးအမှုအပေါ်  ရှုန်းယွဲ့နှင့် ရှင်းစုချုံချင့်တို့က လှောင်ပြောင်နေကြသည်။ သုံးယောက် ဆုံသည့်အခါမှ သူ့ကို နောက်ပြောင်နေကြမှန်း သိလိုက်ရသောအခါ ကျိုးရှုသည် သူ့မာနကို ထိခိုက်သလိုခံစားရသည်။ ၎င်းတို့အား ထိုးနှက် ဆုံးမချင်ခဲ့သော်လည်း အင်အားချင်းမမျှ ၍ကျိုးရှုသာ ဒဏ်ရာရသွားခဲ့သည်။


ထို့နောက် အစီအစဉ်မှုးက သူတို့၏ လူမှုကွန်ရက်စာ မျက်နှာအောက်တွင် ထိုအကြောင်းကို မှတ်ချက်ပေးဖို့ လူအချို့ကို ငှားရမ်းပြီး သူတို့၏ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့သည်။ သူတို့သိသွားပြီးနောက် ရဲကို အကြောင်းကြားခဲ့ကြသည်။


ဤကိစ္စမှာ ထောင်ဒဏ် ချမှတ်ရလောက်အထိ မကြီးသော်လည်း သနားစရာ ကျိုးရှုမှာ ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲရသည်။ ရှင်းစုချုံချင့်၏အမည်ရင်းမှာ စုချန်းချီ ဖြစ်ပြီး သူ၏ဖခင် စုတင်းမှာ မြို့တော်ဝန်ဖြစ်သည်။


ထောင်ထဲတွင် ခြောက်လလောက် နေခဲ့ရပြီး ပြန်လွတ်လာချိန်မှာ ကျောင်းထုတ်ခံလိုက်ရကြောင်း သိလိုက်ရသည်။


ကျိုးရှု လက်မလျှော့ချင်သေးပါ။ စုချန်းချီ၏ဖခင် မြို့တော်ဝန်မှန်း မသိသေးခင်ကတည်းက ဂိုဏ်းတချို့က လူတစ်စုနှင့် သိကျွမ်းခဲ့ပြီး စုချန်းချီနှင့် ရှုန်းယွဲ့ကို ပညာ ပြန်ပေးချင်သေးသည်။ သို့သော်လည်း ထိုအချိန်တုန်းက နှစ်ယောက် အတူတူ နေထိုင်ကြသောကြောင့် ဂိုဏ်းသားများက ရှုံးနိမ့်ခဲ့ကြသည်။

နောက်ဆုံးတွင် ကျိုးရှုလည်းလမ်းမပေါ်တွင်ရိုက်နှက်ခံရပြီး ကူညီမည့်သူ မရှိဘဲ နေရာမှာပင် ဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည်။


ကျိုးရှုက အကြောင်းအရာအားလုံး သိရှိပြီးနောက် ပြုံးလိုက်သည်။


ဇာတ်လိုက်ကျော်ဖြစ်ရသည်မှာ အလွန်ပျော်စရာကောင်းလှသည်။ အခြားသူ၏ ခံစားချက်ကို ကစားရုံမျှမက "ဒါလေးလုပ်တာကို ဘာဖြစ်လို့လဲ" ဆိုသော အထာမျိုးနှင့် ပန်းနုသွေးလို့ရသည်။ ကြင်နာတတ်သော အစီအစဉ်မှုးလို လူမျိုးက ဗီလိန် ဖြစ်သွားရသည်။


ဇာတ်လိုက်များသည် ၎င်းတို့ ရောက်ရာကမ္ဘာကြီး၏ နေရောင်ခြည်များဖြစ်လို့နေသည်မှာ ရယ်စရာကောင်းလှသည်။ ၎င်းတို့မှားရင်တောင် မှားပုံမှားနည်း မှန်ကြသည်။ အကြောင်းမှာ ရှင်းပါသည်... သူတို့သည် ဇာတ်လိုက် ဖြစ်နေလို့ပင်။


ကျိုးရှု ကံကောင်းသွားသည်မှာ သူ၏စိတ်နေစိတ်ထားကို မသိသေးသည့် စာသင်နှစ်အစနှင့် တိုးသွားသည်။ 

သူ့အနေနှင့် ရှက်တက်ပြီး ကြင်နာတတ်သော လူတစ်ယောက်လို နေစရာမလိုဘဲ ရှုန်းယွဲ့၏ သဘောကောင်း ဟန်ဆောင်ပြီး အမြတ်ထုတ်တတ်သည့် စရိုက်အား တစ်ကိုယ်ကောင်းဆန်သည့် စရိုက်ဖြစ်အောင် ပြောင်းပစ်ပေဦးမည်။


ရှုန်းယွဲ့သည် ဆင်းရဲသောမိသားစုမှ လာသူဖြစ်သည်။ သူ၏ ကောလိပ်ပထမနှစ်တွင် ကျောင်းစရိတ်မရှိသဖြင့် ကျိုးရှုနှင့် အတူတူနေထိုင်ကာ ရှောင်ရှောင်းအသင်းသို့ အတူတူသွားဖူးကြသည်။ သူသည် ကျိုးရှု၏ ကြင်နာတတ်သော စရိုက်ကို အခွင့်ကောင်းယူပြီး သူက ကြင်နာတတ်သော အကျင့်ရှိသလို အမြဲပြုမူတတ်သည်။ ဒါကို ကျိုးရှုက သိသော်လည်း အရေးတယူ လုပ်မနေပါ။


သို့သော် ယခုကျိုးရှုမှာ ယခင် ကျိုးရှုနှင့် မတူတော့ပါ။ အကယ်၍ ရှုန်းယွဲ့သာ တကယ်ကြင်နာတတ်သော စိတ်ရှိလျှင် ကျိုးရှုစိတ်ထဲ ထားမနေတော့ပါ။ သို့သော်သူက အမြတ်ထုတ် အခွင့်ကောင်းယူလာလျှင် ဤတစ်ကြိမ်တွင် သူ အရူးလုပ်ခံမည် မဟုတ်တော့ပါ။


တွေးနေရင်း ငယ်ရွယ်ချောမောသည့်အမျိုးသားတစ်ယောက် အခန်းထဲသို့ ဝင်လာသည်။


ထိုလူမှာ ကျိုးရှုကို တောက်ပစွာပြုံးပြပြီး စကားဆိုလိုက်သည်။ "ဟဲလို ငါ့နာမည်က ရှုန်းယွဲ့ပါ။ ငါတို့ အခုချိန်ကစပြီးအခန်းဖော် ဖြစ်တော့မှာပေါ့နော် ဟုတ်တယ်မလား?"


ကျိုးရှုကတော့ ပြန်မပြုံးပြဘဲ ပုံမှန်သာ ပြန်ပြောလိုက်သည်။ " ငါက ကျိုးရှုပါ"


"နောက်နှစ်ယောက် မရောက်ကြသေးဘူး၊ ကောင်းတယ် ငါ ဒီအိပ်ရာယူမယ်၊ ပြတင်းပေါက်နားက အိပ်ရာမျိုးကို ကြိုက်တယ်" ရှုန်းယွဲ့က ပြောပြောဆိုဆို သူ့၏ခရီးဆောင်အိတ်ကို ကို ပြတင်းပေါက်နှင့် အနီးဆုံး ကုတင်ဘေးတွင် ချထားလိုက်သည်။ ကျိုးရှုသည် သူနှင့် သိပ်အနီးကပ် မနေချင်သောကြောင့် သူ့အိပ်ရာနှင့်ထောင့်ဖြတ်အိပ်ရာကို ရွေးလိုက်သည်။


နှစ်ယောက်သား အထုပ်အပိုး ဖြည်ပြီးချိန်ထိ ကျန်နှစ်ယောက်မှာ ရောက်မလာသေးပေ။ အမည်စာရင်းပေးဖို့ စုစုပေါင်းသုံးရက် အချိန်ရသည်မို့ နောက်မှ အေးဆေး ရောက်လာနိုင်ခြင်း ဖြစ်မည်။ ရှုန်းယွဲ့က "ကျိုးရှု တစ်ခုခု သွားဝယ်စားရအောင်၊ ငါတို့ အခန်းအတွက်လဲ ပစ္စည်းပစ္စယတွေ လိုတာဆိုတော့ ဈေးဝယ်ထွက်ကြရအောင်"


ကျိုးရှုက ခေါင်းညိတ်လိုက်ပြီး နှစ်ယောက်သား အတူတူဈေးဝယ်ခဲ့ကြသည်။ ပစ္စည်းတော်တော်များများ ဝယ်ခဲ့ကြပြီး ကျိုးရှုကသာ အားလုံးရှင်းခဲ့ရသည်။ အကြောင်းမှာ ငွေရှင်းခါနီးတိုင်း ရှုန်းယွဲ့က သူ့ဖုန်းကို ကြည့်နေသလိုလို တစ်ခုခု အလုပ်ရှုပ်နေသလို မသိချင်ယောင် ဆောင်နေသောကြောင့် ဖြစ်သည်။


ကျိုးရှု မရှင်းချင်သော်လည်း ရှင်းခဲ့လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရှုန်းယွဲ့၏ အခြားလူအပေါ်ကို အမြတ်ထုတ်ပုံကို မြင်ချင်သောကြောင့် ဖြစ်သည်။


အဆောင်ကို ပြန်ရောက်သောအခါ အခြားအခန်းဖော်နှစ်ယောက် ရောက်နေကြသည်ကိုတွေ့လိုက်ကြသည်။ ရှုန်းယွဲ့က ပြုံးကာနှုတ်ဆက်လိုက်ပြီး " ဟိုင်း! ငါက ရှုန်းယွဲ့ပါ"


"ကျွန်တော့်နာမည် ဝမ်ရှင်းဖန်ပါ"


"ချင့်မင်ထောင်းပါ"


"လာ..လာ ငါတို့မှာ စားစရာတွေ ပါလာတယ်၊ ကြက်ကြော် အတူတူ စားကြတာပေါ့၊ ငါတို့ တစ်ကိုယ်ရေသုံးပစ္စည်းတွေလဲ ဝယ်လာတယ်၊ ငါတို့ အတူတူ သုံးလို့ ရတာပေါ"


ကျိုးရှုတစ်ယောက် ဈေးဝယ်စဉ်က မသိချင်ယောင်ဆောင်ပြီး ကျသင့်ငွေမရှင်းဘဲ အခုမှ အလှူ့လက်ဖက်နှင့် မျက်နှာလုပ်ပြနေသော စိတ်အားထက်သန်နေသည့် ရှုန်းယွဲ့ကို ကြည့်ကာ လှောင်ပြုံးပြုံးမိသည်။ ဘယ်လိုလူမျိုးက ဤကဲ့သို့ မျက်နှာပြောင် တိုက်ပြနိုင်ရသနည်း?


ပထမအကြိမ်တွင်တော့ ကျိုးရှုက ကျသင့်ငွေကို ပေးဖို့ သတိမထားမိသည်လား မေ့နေခြင်းလား သေချာသိချင်ပေမယ့် ယခုတော့ စိတ်ပြောင်းသွားလေပြီ။ ရှုန်းယွဲ့အမှန်အတိုင်းပြောပြခဲ့လျှင်တောင် သူက ကျေနပ်သေးသည်။ ရှုန်းယွဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ပါက သူသည် လူမှုရေးကျင့်ဝတ်မရှိသူ ဖြစ်သည်။


မရည်ရွယ်ခဲ့လျှင်တော့ အခြားသူများကို လေးစားသမှုရှိ ရကောင်းမှန်းမသိတတ်သည့် သူဖြစ်ပေမည်။  ယုတ်စွအဆုံး သူနှင့် ရွယ်တူအခန်းဖော် ကျိုးရှုကိုတောင် လေးစားသမှု မထားတတ်သူ ဖြစ်သည်။


ထို့ကြောင့် ကျိုးရှုလဲ အားနာမနေတော့ပါ။ "ဆောရီး ရှုန်းယွဲ့ ငါတို့ ကျသင့်ငွေ ခွဲရှင်းမယ် ပြောခဲ့သလားလို့? ဒီလိုလုပ်ပါလား မင်းကျသင့်ငွေကို မင်းပေးလိုက်လေ? ငါက ရှင်းရှင်းလင်းလင်းလုပ်ချင်လို့ပါ၊ ဒီအတွက်တော့ မင်း ငါ့ကို စိတ်ထဲမထားဘူးမလား?"


ရှုန်းယွဲ့ငြိမ်သွားပြီး ရှက်ရွံ့စွာပြုံးကာ "ဘာလို့ထားရမှာလဲ? ဘယ်လောက်လဲ? ငါခုချက်ချင်းပေးမယ်"


ကျိုးရှုက ကျသင့်ငွေကို ပြောလိုက်ပြီး ရှုန်းယွဲ့လည်း ရှက်ရှက်နှင့် ပေးလိုက်ရသည်။ ကျိုးရှုက ကျန်အခန်းဖော်နှစ်ယောက်အား "လာ အတူတူစားကြစို့၊ ဒီကြက်ကြော် အရမ်းကောင်းတယ်ကြားဖူးတယ်"


ကျန်နှစ်ယောက်လည်း အနည်းငယ် ရှက်ရွံ့သွားကြပြီး တစ်ယောက်တစ်တုံးယူကာ စားစရာဝယ်ဖို့ ထွက်သွားကြသည်။


ကျိုးရှုက ဤအခန်းဖော်များနှင့် ညှိနှိုင်းရခက်မည်ကို သိလိုက်သော်လည်း စိတ်ထဲထားမနေပါ။ အသေးအဖွဲ့ကအစ ကိုယ်ကျိုး လိုက်ကြည့်နေတတ်သည့် လူမျိုးများနှင့် သူငယ်ချင်းလုပ်ရန် အကြောင်းကိုမရှိ ဟု ကျိုးရှုက သုံးသပ်မိသည်။ သူတို့သည် အခန်းဖော်များက လွဲ၍ထို ထက်မပိုပါ။


ကျိုးရှု ထင်ထားသည့်အတိုင်း ရှုန်းယွဲ့သည် သူ့အားခပ်တန်းတန်းဆက်ဆံပြီး ရက်အနည်းငယ်အကြာ သူ့အား အစီအစဉ်မှူး၏ အိုင်ဒေါရှိသော ရှောင်ရှောင်းကလပ်သို့ စတင်ဖိတ်ကြားလာသည်။