Chapter 113 (Real World)
နိုအာကြယ်ရှိ လူနာဆောင်တစ်ခုတွင် စုန့်ချန်မော့သည် သတိရလာပြန်သော်လည်း ယခုတစ်ကြိမ်၌ သူ့ဘေးတွင် အခြားလူတစ်ယောက်ရှိနေ၏။ ထိုလူမှာ ကျိုးရှု၏ လက်ထောက် ယန်ချောင်မုဖြစ်သည်။
–
စုန့်ချန်မော့က သူ့ကို လွယ်လွယ် မယုံဝံ့ဘဲ အလွန် ပင်ပန်းနေ ဟန်ဆောင်ကာ မျက်လုံးကို အနည်းငယ် ဖွင့်ကြည့်ပြီးနောက် ပြန်မှိတ်လိုက် ပြန်သည်။
ယန်ချောင်မုက တိုးတိုးသက်သာဖြင့် ပြောလိုက်၏။
“ဗိုလ်ချုပ် ဗိုလ်ချုပ်ချန် ထားခဲ့သော ကုဒ်ကို မြင်ခဲ့ပါပြီ။ ဒါကို လက်ထောက်ဗိုလ်ချုပ် ကျိုးရှုက ဒီဇိုင်းထုတ်ခဲ့တာပါ။ ကုဒ်အရ လက်ထောက်ဗိုလ်ချုပ် ကျိုးရှု ချန်ထားခဲ့တဲ့ တခြားအချက်အလက်တွေကို ကျွန်တော် ရှာတွေ့ခဲ့ပါတယ်။”
စုန့်ချန်မော့က စကားမပြောဘဲ ယန်ချောင်မုက ဆက်ပြောလေသည်။
"ဒီကုဒ်နံပါတ်တွေကို ဆေးရုံရဲ့ ဒါရိုက်တာက ကျွန်တော့်ကို ပေးခဲ့တာပါ။ ဗိုလ်ချုပ် ကျွန်တော့်ကို သံသယဝင်စရာ မလိုပါဘူး။ ကျွန်တော်က လက်ထောက်ဗိုလ်ချုပ် ကျိုးရှုရဲ့ လက်ထောက်ပါ။ ဒီလောက်ဆိုရင် ကျွန်တော်ရဲ့ သစ္စာစောင့်သိမှုကို သက်သေပြဖို့ လုံလောက်ပြီထင်ပါတယ်။"
စုန့်ချန်မော့က မျက်လုံးများ ဖွင့်လာပြီး ယန်ချောင်မုကို ကြည့်လိုက်၏။
ယန်ချောင်မုက နှုတ်ဆိတ်လျက်ဖြင့် မတ်တတ်ရပ်လိုက်ပြီးနောက် စုန့်ချန်မော့ကို စစ်တပ်က အလေးပြုသည့်အတိုင်း အလေးပြုလိုက်လေသည်။
စုန့်ချန်မော့က ‘ဟုတ်ပြီ’ ဟူသော သဘောဖြင့် ခေါင်းညိတ်လိုက်ပြီး ကျိုးရှု ပျိုးထောင်ပေးထားသည့် လူတွေကို သူ ယုံကြည်သင့်သည်။
“မင်း ဘာကို ရှာတွေ့ခဲ့တာလဲ”
စုန့်ချန်မော့က အသံဩဩဖြင့် မေးလိုက်၏။
“ဗိုလ်ချုပ်ချန် ထားခဲ့တဲ့ကုဒ်အရ ကျွန်တော် လက်ထောက်ဗိုလ်ချုပ် ကျိုးရှု ချန်ထားခဲ့တာကို ရှာတွေ့ခဲ့ပါတယ်။ သူက သူ မသွားခင်မှာ ဒါကို သိခဲ့တာဖြစ်မယ်။ ဒါကြောင့် သဲလွန်စ နည်းနည်း ချန်ထားခဲ့တာပါ။ ဒီမှာပါ။ ဗိုလ်ချုပ်မြင်ပါတယ်။ ဆက်စပ်မနေတဲ့ အပြိုင်လိုင်းကုဒ် နှစ်ခုရှိပါတယ်။ နောက်ပြီး ဒီကုဒ်က ဒီစနစ်ကို ပံ့ပိုးပေးနေတဲ့အရင်းမြစ်ပါပဲ။”
ယန်ချောင်မုက ရိုးရှင်းသော လက်ကိုင် ကွန်ပျူတာကို ထုတ်ယူလိုက်ပြီး ပရိုဂရမ်တစ်ခုကို ဖွင့်၍ ပရိုဂရမ်၏အရင်းမြစ်ကုဒ်ကို ပြသခဲ့သည်။
စုန့်ချန်မော့က မျက်မှောင်ကြုတ်လိုက်၏။ နောက်ဆုံးကမ္ဘာက ပျက်ဆီးသွားပြီ ဖြစ်သော်လည်း ကျိုးရှုကတော့ ပြန်ရောက်လာသေးပုံ မပေါ်ပေ။ သူ သတိရလာသည့်အချိန်တိုင်း သူ့ဝိညာဉ်၏တစ်စိတ်တစ်ဒေသက ပြန်ပေါ်လာပုံရရသည်ဟု ခံစားမိသောကြောင့် သူ့ခန္ဓာကိုယ်က လုံးဝ ပြန်ကောင်းလာပုံရသည်။
နောက်ဆုံးကမ္ဘာ ပျက်ဆီးသွားပြီးနောက် စုန့်ချန်မော့သည် သူ့ဝိညာဉ် အစိတ်အပိုင်းအားလုံးက သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာပြီ ဖြစ်ကြောင်း ခံစားမိလိုက်သည်။ ယခုအချိန်တွင် သူသည် ယခင်ကထက် ပို၍ နိုးနိုးကြားကြား ဖြစ်ကာ စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိနေသည်။ သူသည် ကျိုးရှုကို ကယ်တင်ပေးဖို့ လိုသည်။ အဘယ်ကြောင့်ဆိုသော် ထိုကမ္ဘာ ပျက်ဆီးသွားသည်မှာ ကျိုးရှု၏စနစ်နှင့် ပတ်သက်၍ တစ်ခုခု လွဲမှားနေသည်ဟု သဘောရနေပေသည်။
ကျိုးရှုကို အချိန်မီ မကယ်တင်နိုင်လျှင် ကျိုးရှုသည် ထိုနေရာမှာပင် အမှန်တကယ် သေဆုံးသွားနိုင်သည်။
“ရေတပ်ဗိုလ်ချုပ်က သတိမရသေးတာနဲ့ ကျွန်တော် အပြိုင်လိုင်းရဲ့ကုဒ်ကို ပြောင်းလဲပစ်လိုက်ပါတယ်။”
“ဟမ် မင်းက ဘယ်လို ပြောင်းလဲပစ်လိုက်တာလဲ။”
“လက်ထောက် ဗိုလ်ချုပ်ကျိုးရှုက ထွက်မသွားခင်မှာ ကျွန်တော့်ကို သင်ပေးခဲ့ဖူးပါတယ်။ သူက ပြောတယ်။ ဒါက ကပ်စ်ခါဆီတွေဆီကတဲ့။ နောက်ပြီး ကပ်စ်ခါတွေ အကြိုက်ဆုံးပစ္စည်းက လှည့်စားမှုအများဆုံးဖြစ်တဲ့ လူတွေကို သူတို့ရဲ့နည်းပညာက အရမ်း အဆင့်မြင့်တယ်လို့ ထင်ယောင်ထင်မှား ဖြစ်စေတဲ့ လှည့်ကွက်မျိုးကို လေ့လာရတာကို သဘောကျတယ်။ တကယ်တော့ သူတို့မှာ လုံးဝ ဘာနည်းပညာမှ မရှိပါဘူး။ သူတို့မှာ အင်အားကောင်းတဲ့ မက်ချာတစ်စင်းတောင် မရှိပါဘူး။ သူတို့ရဲ့လှည့်ကွက်က သူတို့နာမည်လိုပါပဲ။ ထူးခြားဆန်းကြယ်တယ်။ သိပ္ပံပညာနဲ့ ရှင်းပြလို့မရနိုင်ဘူး။”
“လိုရင်းကို ပြောပါ။”
စုန့်ချန်မော့က ရှင်းပြနေတာတွေကို စိတ်မဝင်စားဘဲ ဖြေရှင်းဖို့နည်းလမ်းများကိုသာ စိတ်ဝင်စားသည်။
“လက်ထောက်ဗိုလ်ချုပ် ကျိုးရှု ချန်ထားတဲ့ အချက်အလက်တွေအရဆို သူက အားလုံးကို သိနေခဲ့ပါတယ်။ ဒါကြောင့် ကပ်စ်ခါလူမျိုးတွေက ဒီလိုစနစ်မျိုးကို သူ့ဆီပို့လာခဲ့တာပါ။ ဒီစနစ်ထဲမှာ လိုင်းသုံးလိုင်းရှိပါတယ်။ ပထမတစ်လိုင်းက အထဲကို လူက ဆွဲသွင်းခံရတာပါ။ နောက်ထပ် နှစ်ခုကတော့ စနစ်က ထောက်ပံ့ပေးခြင်းမရှိတဲ့ အပြိုင်လိုင်းနှစ်ခုပါ။ တခြားအပြိုင်လိုင်းနှစ်ခုက ဖြတ်သွားကြမယ်ဆိုရင် လက်ထောက်ဗိုလ်ချုပ်ကျိုးရှုက သေချာပေါက် ပြန်လာနိုင်မှာပါ။ ဒါပေမဲ့ ဗိုလ်ချုပ်က လက်ထောက်ဗိုလ်ချုပ် ကျိုးရှု ဝင်သွားခဲ့တဲ့စနစ်က စတုတ္ထမြောက်လိုင်းတစ်ခု ထပ်ထည့်ထားသလိုပဲ။ လက်ထောက်ဗိုလ်ချုပ်ကျိုးရှုက ဒီလိုဖြစ်မယ်လို့ မျှော်လင့် မထားလောက်ဘူး။ ဒါကြောင့် သူ့ရဲ့မူလအစီအစဉ်က ပျက်ဆီးသွားပြီး သူ့ကိုယ်သူ မကယ်တင်နိုင်တော့ပါ။”
စုန့်ချန်မော့က ခဏလောက် စဉ်းစားလိုက်ပြီး မေးလိုက်၏။
“ဒါဆို ကျိုးရှုက ပထမလိုင်းဆိုရင် တခြား အပြိုင်လိုင်းနှစ်ခုက ဘယ်သူလဲ။ တခြားဘယ်သူက ဒီစနစ်ထဲကို ပါဝင်ပတ်သက်နေတာလဲ။”
“တစ်ခုက လက်ထောက်ဗိုလ်ချုပ် ကျိုးရှုရဲ့အစ်ကို ရေတပ်ဗိုလ်ချုပ် ကျိုးယန်ပါ။ နောက်ပြီးတော့ တခြားတစ်ခုက ရေတပ်ဗိုလ်ချုပ် ကျိုးယန်ရဲ့ချစ်သူ ရေတပ်ဗိုလ်ချုပ် ယဲ့ကျန်းပါ။ လေးခုမြောက်လိုင်းကတော့ ဗိုလ်ချုပ်ပဲ ဖြစ်ပါလိမ့်မယ်။”
“ဒါဆို ကျိုးရှုက ဖြေရှင်းဖို့အတွက် တစ်ခုခု ပြောခဲ့သေးလား။”
ယန်ချောင်မုသည် ကွန်ပျူတာကို ဘေးသို့ ထားလိုက်ပြီး အလေးအနက် ပြောလိုက်၏။
“ဗိုလ်ချုပ် လက်ထောက်ဗိုလ်ချုပ်ကျိုးရှုက သူ့ဘာသာ ထွက်လာနိုင်ပါတယ်။ အင်ပါယာတစ်ခုလုံးမှာ လက်ထောက်ဗိုလ်ချုပ်ကျိုးရှု တစ်ယောက်တည်းကသာ ဒီလှည့်ကွက်ကို နားလည်တာပါ။ ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် တစ်ယောက်တည်းသောသူက လက်ထောက်ဗိုလ်ချုပ် ကျိုးရှုပါ။ မဟုတ်ရင် ဗိုလ်ချုပ်က ဒီစနစ်ကို ဒီဇိုင်းထုတ်ခဲ့တဲ့သူကို ရှာမှရပါမယ်။”
ကျိုးဟောက်၏မျက်နှာသည် စုန့်ချန်မော့၏စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်လာခဲ့သည်။ စုန့်ချန်မော့က ခေါင်းညိတ်ပြီး ပြောလိုက်၏။
“မင်းက ဒီစနစ်ကို ဆက်ပြီး စောင့်ကြည့်နေ။ ငါက ဒီဇိုင်နာကို ရှာလိုက်မယ်။ ဒါနဲ့ ကျိုးယန်နဲ့ ယဲ့ကျန်းက ဘယ်လိုနေလဲ။”
“ဗိုလ်ချုပ်လိုပါပဲ။ သူတို့တွေ မေ့မြောနေခဲ့တာ တစ်နှစ်နဲ့ ၅၅ရက် ရှိပါပြီ။”
ဖြူစင်သန့်ရှင်းနေသော လူနာဆောင်ထဲတွင် လေထုက တင်းမာနေပုံပေါ်သည်။ အကြောင်းမှာ စုန့်ချန်မော့သည် ဤစနစ်သာ ပျက်ဆီးသွားပါက စနစ်ကို ဒီဇိုင်းထုတ်ထားသည့်လူကလည်း ခံစားမိလောက်မည်ဟု ပြော၍ရသည်။ သူသာ ထိုသို့ ခံစားမိပါက ကျိုးရှု၏ခန္ဓာကိုယ်သည် လုံခြုံမှာမဟုတ်တော့ပေ။ သူသည် ချက်ချင်းပင် အသတ်ခံရနိုင်သည်။
ယခုအချိန်မှာ အချိန်က ကုန်ဆုံးလုနီးပြီဖြစ်ကာ စုန့်ချန်မော့သည် ဒီဇိုင်နာက နောက်မှသာ စနစ်ပျက်သွားကြောင်းကို ခံစားမိဖို့ မျှော်လင့်နေမိသည်။
ထိုအချိန်တွင် ကျိုးရှုသည် နေရာလွတ်ကျယ်ကြီးဆီသို့ အမှန်တကယ် ပြန်ရောက်လာခဲ့ပေမဲ့ ဒီတစ်ခါတော့ တစ်ချိန်တည်းမှာ တခြားလူနှစ်ယောက်ကို တစ်ပြိုင်နက်တည်း တွေ့လိုက်ရသည်။ တစ်ယောက်က သူ့အစ်ကို ကျိုးယန်ဖြစ်ပြီး တခြားတစ်ယောက်ကတော့ ကျိုးယန်၏ချစ်သူ ယဲ့ကျန်းဖြစ်သည်။
ယခင်က သူကြုံတွေ့ခဲ့ရသည့် ကမ္ဘာများနှင့် အလားတူပင် ကျိုးယန်ကတော့ နွေးထွေးနေဆဲဖြစ်ကာ ယဲ့ကျန်းကတော့ နက်ရှိုင်းမျက်လုံးများနှင့် တည်ငြိမ်နေဆဲပင်ဖြစ်သည်။ သူတို့နှစ်ဦးသည် အစတည်းက တစ်ယောက်အတွက် တစ်ယောက်ဖြစ်တည်နေပုံပေါ်သည်။
ယဲ့ကျန်းနှင့် ကျိုးယန်သည်လည်း အတော်လေး ကျယ်ပြန့်၍ သစ်လွင်သော စစ်ယူနီဖောင်းများကို ဝတ်ဆင်ထားပြီး ထိုသို့ဝတ်ဆင်မှုက သူတို့၏နူးညံ့သိမ်မွေ့သော စိတ်ထားကို သူရဲကောင်းဆန်သော စိတ်ဓာတ်အားမာန်မျိုးကို ထပ်လောင်းပေါင်းပေး၏။
ကျိုးယန်နှင့် ယဲ့ကျန်းသည် သူတို့၏လက်ချောင်းများကို ယှက်သွယ်၍ တစ်ယောက်ကိုတစ်ယောက် နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ကြပြီး နှစ်ယောက်စလုံးက ကျိုးရှုကို ကြည့်လိုက်ကြသည်။ ယဲ့ကျန်းက ပြောလိုက်၏။
“ရှောင်ရှု မင်း ကမ္ဘာတွေ ဘယ်လောက်များများ ကြုံခဲ့ရတာလဲ။”
“တစ်ရာ့တစ်ဆယ့်တစ်ကမ္ဘာလေ။ ဒါပေမဲ့ ကျွန်တော့်မှတ်ဉာဏ်က တစ်ခုခုဖြစ်နေတယ်နဲ့တူတယ်။ ကျွန်တော် ခင်ဗျားတို့ကို မမှတ်မိဘူး။”
“ငါက ကျိုးယန်ပါ။ တကယ့်ကမ္ဘာအစစ်မှာ မင်းအစ်ကိုပဲ။ သူ့နာမည်က ယဲ့ကျန်း မှတ်မိလား။”
ကျိုးရှုက ခေါင်းယမ်းလိုက်ပြီးနောက်
“အစ်ကို အစ်ကို့ကို ကျွန်တော် မှတ်မိပြီ။ ဒါပေမဲ့ ယဲ့ကျန်း မမှတ်မိလို့ တောင်းပန်ပါတယ်။ ကျွန်တော့်မှတ်ဉာဏ်တွေကို တခြားသူတွေက ကလီကမာလုပ်ထားကြတာ။ အခုအချိန်မှာ အဲဒီကမ္ဘာက ပျက်ဆီးသွားပြီး ကျွန်တော်က နောက်ကမ္ဘာတစ်ခုကို ဝင်လို့မရတော့ဘူး။ ကျွန်တော်တို့ရဲ့လက်ရှိအခြေအနေက ပိုပြီးတော့ အန္တရာယ်များလာပြီ။ ဒီဇိုင်နာက ဒီအခြေအနေကို သိသွားခဲ့ရင် ကျွန်တော်တို့တွေ ဒီနေရာမှာပဲ သေသွားနိုင်တယ်။”
ကျိုးယန်က ခေါင်းညိတ်ကာ ပြောလိုက်၏။
“ဒါပေမဲ့ ငါတို့မှာ ရွေးချယ်စရာမရှိဘူး။ ဒီလိုဖြစ်နေမှတော့ ငါတို့ ဖြေရှင်းချက်ကို အတိုချုံးရှင်းပြကြရအောင်။ ငါက ကမ္ဘာတစ်ရာ ဖြတ်သန်းခဲ့ပြီးပြီ။ ငါ့မှာကိုယ်ပိုင်မှတ်ဉာဏ်မရှိလို့ မူလပိုင်ရှင်ဆီက မှတ်ဉာဏ်ကို ငှားယူခဲ့တာ။ ငါက ကမ္ဘာတွေကို ဒီအတိုင်းပဲ ဖြတ်သန်းလာခဲ့တာ။”
“ငါလည်း ကျိုးယန်နဲ့ အခြေအနေ အတူတူပဲ။ ကမ္ဘာတစ်ရာမှာ ငါ့ရဲ့ကိုယ်ပိုင်မှတ်ဉာဏ်မရှိဘူး။ ဒါကြောင့် မူလပိုင်ရှင်ဆီကပဲ ငှားယူခဲ့တာ။ ငါ့မှတ်ဉာဏ်တွေက နောက်ဆုံးကမ္ဘာမှာ ကျိုးယန်ကို မြင်လိုက်ရတော့မှ ပြန်ရလာခဲ့တာ။”
ကျိုးရှုက ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်၏။
“အစ်ကိုတို့က တခြားကမ္ဘာတစ်ရာအတွင်းမှာ တစ်ခါမှ မဆုံခဲ့ဖူးဘူးလား။”
“မဆုံဖူးဘူး။ ဒါပေမဲ့ အခုအချိန်မှ စဉ်းစားကြည့်လိုက်တော့ မင်းနောက်ကျောကို အကြိမ်ပေါင်းများစွာ မြင်ခဲ့ဖူးတယ် ကျိုးယန်။ ဒါပေမဲ့ အရှေ့ကနေတော့ တစ်ခါမှ မမြင်ခဲ့ဖူးဘူး။”
“မင်းက ငါ့ကို မြင်ခဲ့ဖူးတယ်လား။”
ကျိုးယန်က တိုးတိုးသာသာ မေးလိုက်လေသည်။
“မြင်ဖူးတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက မင်းကို မမှတ်မိခဲ့ဘူး။ ဥပမာအနေနဲ့ ရှေးခေတ်ကမ္ဘာတစ်ခုမှာ ငါ့နာမည်က ယဲ့ချီ။ ငါက လျှို့ဝှက်အစောင့်တစ်ယောက်ဖြစ်ခဲ့တာ။ မင်းနောက်ကျောကို ငါ မြင်လိုက်တယ်။ အဲဒီအချိန်မှာ မင်းက ဘုန်းကြီးတစ်ပါး ဖြစ်နေခဲ့ပြီ။ နောက်ကမ္ဘာတစ်ခုမှာ ငါ့နာမည်က ဟန်ဝမ်။ ငါက မင်းနောက်ကျောကို အဝေးက မြင်လိုက်တာ။ ရင်းနှီးနေတယ်လို့ ခံစားရပေမဲ့ ငါ မမှတ်မိခဲ့ဘူး။ နောက်ကမ္ဘာတစ်ခုမှာ ငါက ရှစ်လျန့်နတ်မင်း ပဲ။”
ကျိုးယန်သည် ရုတ်တရက် အံ့ဩမှင်တက်သွားပြီး သတိရသွားလေသည်။ ထိုအချိန်တွင် သူသည် တစ္တေတစ်ကောင်ကိုသာ မြင်လိုက်ပြီး အပြေးသွားခဲ့သည်။ အကြောင်းမှာ ထိုတစ္ဆေက အတော်လေး ရင်းနှီးနေသဖြင့် သူသည် ဘာကိုမှမစဉ်းစားဘဲ တစ်ဟုန်ထိုး ပြေးသွားခဲ့သည်။ အခြားသူများကမူ သူသည် ကျိုးရှုကိုယ်စား အနစ်နာခံတော့မည်ဟု ထင်ကြသော်လည်း အမှန်တကယ်မှာ မဟုတ်ပေ။ သူသည် ထိုတစ္ဆေ၏ပုံသဏ္ဍာန်ကို အမှန်တကယ် မြင်ချင်ခဲ့မိတာ ဖြစ်သည်။
ယဲ့ကျန်းသည် ကျိုးယန်ကို ကြည့်၍ ပြောလိုက်၏။
“အဲဒီအချိန်တုန်းက ငါက ငါ့ရဲ့နတ်ဝိညာဉ်ကို ထိန်းထားနိုင်ပေမဲ့ မင်းက ဝင်သွားခဲ့တယ်လေ။ မင်း ဘယ်သူလဲဆိုတာ မသိပေမဲ့ တကယ်တော့ ငါ့စိတ်ထဲမှာ မင်းကို မသေစေချင်ခဲ့ဘူး။ ဒါကြောင့် ငါ့ရဲ့ကိုယ်ပိုင်နတ်ဝိညာဉ်ကို ယဇ်ပူဇော်ဖို့ သုံးခဲ့တာပဲ။ အခုမှ စဉ်းစားမိတော့ မင်းဖြစ်နေတာပဲ။”
ခေတ္တမျှ သူတို့သုံးယောက်စလုံး ငြိမ်ကျသွားလေသည်။
တစ်ယောက်ကိုတစ်ယောက် ချစ်ကြပေမဲ့ ဘဝပေါင်းတစ်ရာပင် မဆုံနိုင်ခဲ့ကြပေ။ အချင်းချင်း မဆုံတွေ့ရလျှင်ပင် နောက်ကျောကိုပဲမြင်တွေ့ခွင့်ရပြီး တစ်ယောက်ကိုတစ်ယောက် မမှတ်မိနိုင်ကြပေ။
ဘဝပေါင်းတစ်ရာအတွင်း ကျိုးယန်သည် တစ်ခါမှ ဇနီးမယားတစ်ယောက်နှင့် လက်မထပ်ခဲ့ဖူးဘဲ ချစ်သူရည်းစားလည်း မရှိခဲ့ပေ။ သူက ယဲ့ကျန်းကို မမှတ်မိနိုင်သော်လည်း သူက တစ်စုံတစ်ဦးကို စောင့်မျှော်နေကြောင်း အမှတ်ရနေခဲ့သည်။
ယဲ့ကျန်းအတွက်လည်း အလားတူပင်ဖြစ်သည်။ ဘဝပေါင်းတစ်ရာ အထီးကျန်နေရသည်က သိပ်ကို နာကျင်ဖွယ်ကောင်းလှသည်။
တကယ်တော့ သူတို့နှစ်ယောက်က ချစ်မိနေသည့် ခံစားချက်ကို မေ့ပစ်ဖို့ထက် တစ်ယောက်တည်းနေရတာကို ပို၍ သဘောကျကြပြီး သူတို့ဘဝနေဝင်ချိန်အထိ အဖော်ပြုပေးမည့်သူတစ်ယောက်ကို ဘယ်တော့မှ ရှာမှာမဟုတ်ပေ။
အချစ်ဟူသော စကားလုံးသည် သူတို့နှစ်ဦးစလုံး၏ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး “တည်ကြည်နက်ရှိုင်းခြင်း”ဟူသည်မှာ ဤကဲ့သို့ပင်ဖြစ်သည်။
ဒီဇိုင်နာက ဤသို့ဖြစ်လိမ့်မည်ဟု မျှော်လင့်မထားမိပေ။ ယဲ့ကျန်းနှင့် ကျိုးယန်သည် မည့်သို့ပင်ဖြစ်စေ လက်မလွှတ်ခဲ့ကြပဲ သူတို့၏လက်များကို ဆုပ်ကိုင်ထားခဲ့သည်။
ကျိုးရှုသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။
“ကျွန်တော် ထင်တာမမှားဘူးဆိုရင် အစ်ကိုတို့နှစ်ယောက်က ကမ္ဘာအားလုံးရဲ့အုတ်မြစ်ပဲဖြစ်လိမ့်မယ်။ ဒါမှမဟုတ်ရင် ဒီစနစ်တည်ရှိနေနိုင်ရတဲ့ အကြောင်းအရင်းပဲဖြစ်လိမ့်မယ်။ အစ်ကိုတို့နှစ်ယောက် တွေ့ဆုံမှုက အဲဒီကမ္ဘာတွေရဲ့ ဟန်ချက်ညီမှုကို ဖျက်ဆီးပစ်လိုက်မိတာပဲ။ ဒါကြောင့် နောက်ဆုံးကမ္ဘာက ပျက်ဆီးသွားခဲ့တာ။”
ကျိုးယန်နှင့် ယဲ့ကျန်းသည် နှစ်ဦးသား ကျိုးရှုကို ကြည့်လိုက်ပြီးနောက် ကျိုးရှုက ဆက်ပြောလေသည်။
“ယဲ့ကျန်း အစ်ကိုက နောက်ဆုံးကမ္ဘာမှာ အဲဒီရေပန်းထဲကို ဘာလို့ ဖြတ်လျှောက်ခဲ့ရတာလဲ။ ပုံမှန်လူတစ်ယောက်ကတော့ ရေပန်းအလယ်မှာ ဖြတ်လျှောက်မှာမဟုတ်ဘူး။”
ယဲ့ကျန်းက ခဏမျှ တိတ်ဆိတ်သွားပြီး ပြန်ပြောလိုက်၏။
“ဟုတ်တယ်။ နောက်ဆုံးကမ္ဘာတုန်းက ငါက ရေပန်းကို ဖြတ်လျှောက်တာ မဟုတ်ပေမဲ့ ရုတ်တရက် ငါ့ခန္ဓာကိုယ်က ထိန်းချုပ်မှု လွတ်သွားသလိုပဲ။ ငါက ပြန်လှည့်ပြီး ထွက်သွားချင်ပေမဲ့ လှည့်လို့မရခဲ့ဘူး။ ငါ့ခန္ဓာကိုယ်ကို တစ်ယောက်ယောက်က အတင်းဆွဲခေါ်သွားသလိုပဲ။ ရေပန်းအလယ်ကို ဖြတ်လျှောက်သွားပြီးတော့ ကျိုးယန်နဲ့ တွေ့တာပဲ။”
“…ဒါဆို လက်တွေ့ဘဝမှာ တစ်ယောက်ယောက်က ဒီစနစ်ကို အသက်သွင်းလိုက်ပြီး အစ်ကိုနဲ့ ကျိုးယန်ရဲ့ဘဝလမ်းကြောင်းကို ပြောင်းလဲပစ်ခဲ့တာ။ အဲဒါက နောက်ဆုံးကမ္ဘာကို ပျက်ဆီးသွားစေခဲ့တာပဲ။ ဒါမှမဟုတ် စနစ်တစ်ခုလုံးကို ရပ်ဆိုင်းသွားစေတာပဲ။”
သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ကျိုးယန်နှင့် ယဲ့ကျန်းကတော့ အတော်လေး နားမလည်နိုင် ဖြစ်နေကြသော်လည်း ကျိုးရှုက ပို၍ တွေးပြီးရင် တွေးနေခဲ့သည်။ အရင်က သူ ဒီပြဿနာကို ကြုံဖူးခဲ့ပြီး လေ့လာခဲ့ပုံရသော်လည်း မေ့သွားခဲ့သည်။
ကျိုးယန်က စကားပြောချင်သော်လည်း ကျိုးရှုက လက်ကိုမြှောက်၍ ပြောလိုက်၏။
“အစ်ကို ခဏလေးနော်။”
ကျိုးရှု၏အလေးအနက်ဖြစ်နေသော အမူအရာကြောင့် ကျိုးယန်နှင့် ယဲ့ကျန်းတို့ နှစ်ယောက်စလုံး နှုတ်ဆိတ်သွားခဲ့ကြသည်။ ကျိုးရှုက သူတို့ကို မေ့နေခဲ့သော်လည်း သူတို့ကတော့ ဉာဏ်ကောင်းသော ဤညီငယ်လေးကို ဘယ်တော့မှ မေ့မှာမဟုတ်ပေ။ သူက အလေးအနက်ဖြစ်နေလျှင် အဖြေတစ်ခုကို ရှာနေသည်ဟု သဘောရသည်။
ကျိုးရှုသည် သူ့မှတ်ဉာဏ်များက ပြန်လည်ကောင်းလုနီးပါး ဖြစ်ပုံပေါ်သော်လည်း ပြန်ကောင်းမလာနိုင်တော့ဘူးဟု အမြဲ ခံစားမိသည်။ တချို့ပုံရိပ်များက စီးမြောလာပုံပေါ်သဖြင့် သူက မျက်လုံးများကို တိတ်တဆိတ် မှိတ်ထားသော်လည်း အဓိကအချက်ကို မဖမ်းဆုပ်နိုင်ခဲ့ပေ။
မိနစ်အနည်းငယ်ကြာတွင် ကျိုးရှုသည် မခံမရပ်နိုင်သော ခေါင်းကိုက်ဝေဒနာကို ခံစားလိုက်ရသဖြင့် ယာယီခဏ လက်လျှော့ထားဖို့သာ တတ်နိုင်ခဲ့သည်။
ကျိုးယန်သည် ကျိုးရှုကို သွားကူညီပေးပြီး မေးလိုက်၏။
“ရှောင်ရှု အဆင်ပြေရဲ့လား။”
ကျိုးရှုက သူ့အစ်ကိုပခုံးပေါ်တွင် မှီလိုက်ပြီး ပြောလေသည်။
“အစ်ကို ကျွန်တော်တို့ရဲ့အတိတ်အကြောင်းနဲ့ ပတ်သက်ပြီး တစ်ခုခုပြောပေးပါ။ ကျွန်တော် မမှတ်မိတော့ဘူး။”
ကျိုးယန်က ကျိုးရှုကို ပို၍ သက်သောင့်သက်သာဖြစ်စေရန် သူ့ခေါင်းကို ညင်သာစွာ ထောက်ကန်ပေးထားပြီး ပြောလိုက်လေသည်။
“ရှောင်ရှု မင်းက ငယ်ငယ်လေးတည်းက ဉာဏ်ကောင်းခဲ့တာ။ ငါတို့တွေက မင်းအတွက် စိတ်ပူပေးရတာက ခပ်ရှားရှားပဲ။ မင်းက ကလေးဘဝတည်းက စစ်တက္ကသိုလ်မှာ လေ့လာသင်ကြားခဲ့တာလေ။ စုန့်ချန်မော့က မင်းကို ဂရုစိုက်ပေးခဲ့တာ။ တကယ်တော့ ငါတို့က မင်းအပေါ်မှာ သိပ်ပြီး အာရုံမထားခဲ့ကြဘူး။”
“ငါ မှတ်မိပြီ။ မင်း ကျောင်းမတက်ရသေးတဲ့အချိန်မှာ ငါတို့ မင်းကို အပန်းဖြေဥယျာဉ်ကို သွားခဲ့တယ်။ အဲဒီအချိန်မှာ မင်းက စုန့်ချန်မော့ရဲ့အရိပ်ကို မြင်လိုက်တာ့ သူ့ကို သွားရှာခဲ့တယ်။ ငါတို့က သတိမထားမိဘဲ မင်းကို ရှာလို့မတွေ့ကြတော့ဘူး။ မင်းကလည်း သူ့ကို အတော်ကြာအောင် သူ့ကို လိုက်ရှာနေခဲ့တော့ မင်းတစ်ယောက်တည်းဖြစ်နေတာပေါ့။ နောက်ပိုင်း စုန့်ချန်မော့က မင်းကို ရှာတွေ့သွားပြီး ငါတို့မိသားစုကို မတွယ်တာတော့ဘဲ အဲဒီအချိန်ကစပြီး စုန့်ချန်မော့ကို ကပ်နေတော့တာပဲ။”
“ရှောင်ရှု မင်းနဲ့ စုန့်ချန်မော့ကလည်း တစ်ယောက်ကိုတစ်ယောက် ချစ်ကြပေမဲ့ မင်းတို့က ချစ်တဲ့အကြောင်းကိုတော့ ပြောခဲ့ပုံမပေါ်ဘူး။ ငါမှတ်မိသလောက်ဆို စုန့်ချန်မော့က မင်း ကြီးပြင်းလာတာကို စောင့်ချင်တယ်လို့ ပြောနေခဲ့တာ။ ဒါနဲ့ စုန့်ချန်မော့က ကလေးဘဝတုန်းက သူနဲ့အတူ ချိုချဉ်ကို သယ်လာရတာကို အမြဲ သဘောကျခဲ့တာ။ သူက မင်းကလေးဘတုန်းက ချိုချဉ်တွေအားလုံးကို ပေးခဲ့တယ်လေ။ မင်းလက်ကိုဆွဲပြီး စစ်တက္ကသိုလ်ကို သွားဖို့အတွက် သူက မင်းကို လာကြိုဖို့ ငါတို့အိမ်တံခါးရှေ့ကို ရောက်လာခဲ့တယ်။ အတန်းပြီးတာနဲ့ သူက ငါတို့နဲ့အတူ မကစားတော့ဘဲ မင်းကို ရှာဖို့အတွက် မင်းရဲ့စာသင်ခန်းဆီကို သွားတတ်တယ်။ နေ့ယ်ခင်းအတန်းချိန်က ပိုကြာပြီးတော့ မင်းက အတန်းမဆင်းခင်မှာ မကြာခဏ ဗိုက်ဆာတတ်လို့ သူက နေ့လယ်စာစားချိန်မှာ မင်းကို စောင့်ရှောက်ပေးနေတတ်တယ်။”
“နွေဦးရာသီတစ်ခုမှာ မင်းတို့နှစ်ယောက် အတူတူ စွန်လွှတ်ကြတယ်လေ။ အဲဒီအချိန်တုန်းက မင်းက ၁၈နှစ်ပဲ ရှိသေးတယ်။ သူက မင်းကို မြက်ခင်းပေါ်မှာ နမ်းလိုက်တယ်လေ။ အဲဒါကို မိဘတွေရော ငါရော မြင်သွားကြတာလေ။ မင်းတို့နှစ်ယောက်စလုံးက မင်းအဆူခံရတော့မှာပဲလို့ ထင်နေခဲ့ကြတာ။ ဒါကြောင့် ငါတို့မိဘတွေက သူ့ကို အိမ်မှာ ထမင်းစားဖိတ်ခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ ငါတို့အားလုံးက သူ မင်းကို တကယ် သဘောကျနေမှန်း သိကြတယ်လေ….”
ကျိုးယန်၏အသံသည် နွေးထွေးနေကာ သူ့လေသံကလည်း ပေါ့ပေါ့ပါးပါးဖြင့် သူ့စကားလုံးများက လူတွေကို စိတ်အေးချမ်းတည်ငြိမ်သွားစေနိုင်၏။ ကျိုးရှုကလည်း တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေလေသည်။
နားထောင်ရင်းဖြင့်….
အတိတ်က မြင်ကွင်းများက တစ်စ တစ်စ ချိတ်ဆက်မိသွားပြီး ရုပ်ရှင်တစ်ကားကဲ့သို့ ဖြစ်တည်လာကာ ထိုရုပ်ရှင်၏ပိုင်ရှင်မှာတော့ ကျိုးရှုပင်ဖြစ်သည်။
အဖြူနှင့်အမည်း မှတ်ဉာဏ်ပုံရိပ်များသည် တဖြည်းဖြည်း ကျယ်ပြန့်လာပြီး မူလကရှိနေသော အရောင်အနည်းငယ်သည် ကျိုးယန်၏ဖြစ်ကြောင်းကုန်စင် ပြောဆိုမှုနှင့်အတူ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားလေသည်။
မှတ်ဉာဏ်အပိုင်းအစများသည် မင်ရောင်ခြယ်မှုန်းထားသကဲ့သို့ ထင်ရပြီး ကြည်လင်နေသော ရေထဲသို့ စိမ့်ဝင်နေ၏။
တဖြည်းဖြည်း မင်များသည် ရေထဲတွင် အရည်ပျော်သွားကာ ရေသည် အရောင်ပြောင်းလာပြီးနောက် ရှုခင်းပုံစံအမျိုးမျိုးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ရှုခင်းများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်သွားပြီး ကြိုးတစ်ချောင်း၊ ကြိုးတစ်ချောင်းမှ အုပ်စုတစ်စုဖြစ်လာကာ ပြီးပြည့်စုံသော မှတ်ဉာဏ်တစ်ခု ဖြစ်လာခဲ့သည်။
ကျိုးရှုက တည့်တည့်မတ်မတ် ရပ်လိုက်ပြီး အနည်းငယ်ပြုံးကာ သူ့ရှေ့တွင်ရှိနေသော ကျိုးယန်နှင့် ယဲ့ကျန်းကို ပြောလိုက်၏။
“အစ်ကို မရီး ကျွန်တော် မှတ်မိပါပြီ။”
1(嫂子 [sǎo zi] – သူက တကယ်ပဲ မရီးလို့ခေါ်လိုက်တာပါ။)
The Villain’s Face Slapping Counterattack