အပိုင်း ၁၄
Viewers 3k

Ch 14


ကျီယောက်ဆိုသည့်လူက ချင်ချင်းကို ချစ်သည်၊ ရုပ်တူသော ယန်ရွှမ် အပေါ်မှာလည်း ထို့အတူပင်။ မည်သို့ပင်ဆိုစေ ယန်ရွှမ်ကို သနားစရာကောင်းသောအခြေအနေမှာ မမြင်ချင်ပေ၊ အကြောင်းမှာ သူ့အား ချင်ချင်းကို အမှတ်ရစေသောကြောင့်ပင်။


ချင်ချင်းက မိဘမဲ့တစ်ယောက်၊ ချင်မိသားစုမှ မွေးစားလိုက်၍သာ သခင်လေးတစ်ယောက် ဖြစ်လာခြင်းဖြစ်သည်။


အကယ်၍ ချင်ချင်းသာ ချင်မိသားစု၏မွေးစားခြင်း မခံခဲ့ရလျှင် ဒုက္ခများဖြင့် သနားစရာကောင်းစွာ ရှင်သန်ခဲ့ရမည်လား။


ယန်ရွှမ်က ချင်ချင်း၏ အခြားသော ဘဝပုံစံတစ်ခု ဖြစ်လာနိုင်ခြေကဲ့သို့ပင် ဖြစ်နေသည်။


ကျီယောက်အနေဖြင့် ထိုသို့ဖြစ်ခွင့်မပေးနိုင်ပေ။ ထို့ကြောင့် ယန်ရွှမ်ကို ထပ်ခါတလဲလဲ ကူညီပေးနေခြင်းပင်။


ယန်ရွှမ်က မျက်မှန်ကို ဖြည်းဖြည်းချင်း သုတ်နေရင်း လည်ချောင်းထဲကနေ ထိန်းမနိုင်သိမ်းမရ ရှိုက်ငိုနေသလိုမျိုး အသံထွက်စေလိုက်သည်။


သူက အမှန်တကယ်ပင် သရုပ်ဆောင်တာ အရမ်းတော်သည်။ သူသည် ကမ္ဘာကူးပြောင်းရေးဗျူရို၏ ဝင်ခွင့်စာမေးပွဲ၌ သရုပ်ဆောင်ပိုင်းကို အမှတ်ပြည့် ရခဲ့သူဖြစ်သည်။


ခေတ္တမျှ ဟန်ဆောင်ငိုကြွေးပြီးနောက် မျက်မှန်ကို သန့်ရှင်းသည်အထိ သုတ်ပြီးသွားသည်။ ယန်ရွှမ်သည် မျက်မှန်ပေါ်သို့ လေတစ်ချက်မှုတ်ထုတ်လိုက်ပြီးမှ မျက်မှန်ကို ပြန်တပ်လိုက်၏။


တံခါးက ညင်သာစွာ ပွင့်လာသည်။


ကျီယောက်က တံခါးဝတွင် ရပ်နေရင်း ယန်ရွှမ်၏ အငွေ့ဖြူများရှိနေဆဲ မျက်မှန်ကို တစ်ချက်ကြည့်လိုက်သည်။ "မင်း ခုနက ဘာပြောချင်တာလဲ။" သူ့လေသံက အနည်းငယ် ပျော့ပျောင်းလာ၏။


"ငါ... ငါ့ကို ကျောပိုးအိတ် ယူလာပေးဖို့ အကူအညီတောင်းချင်လို့..." ယန်ရွှမ်က ကျီယောက်ကို ခေါင်းမော့၍ ခဏကြည့်လိုက်ပြီး အလွန်လျင်မြန်စွာ ခေါင်းပြန်ငုံ့လိုက်သည်။ "မင်းကို အလုပ်ရှုပ်စေမိပြီ..."


"စာပေဘာသာရပ်ချိန်ကျရင် ငါယူလာပေးမယ်၊" ကျီယောက်က စိတ်ရှည်စွာ ပြောလာသည်။ "တခြားကိစ္စ ရှိသေးလား။"


ယန်ရွှမ် ခေါင်းခါပြလိုက်သည်။


ကျီယောက်က လှည့်ထွက်သွားရန် ပြင်လိုက်သော်လည်း ခြေလှမ်းများ ရပ်တန့်သွားပြီး ယန်ရွှမ် ကို ပြောလာသည်: "ငိုနေလို့ ဘာမှမထူးဘူး၊ မင်း ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်ဖို့ပဲ ကြိုးစားရမယ်။"


ယန်ရွှမ် က တိတ်တိတ်လေး မျက်ခုံးပင့်လိုက်သည်။ ဤသည်ကမှ ၁၀% ဆက်ဆံရေးတိုးတက်မှုရှိသော လူတစ်ယောက် ပြောသင့်သည့်စကားဟု စိတ်ထဲမှ တွေးလိုက်သည်။


ကျီယောက် ထွက်သွားပြီး ဆယ်မိနစ်လောက် အကြာ၌ ယန်ရွှမ်မှာ ထိုသူဟိုတယ်မှ အမှန်တကယ် ထွက်သွားလောက်ပြီဟု သေချာသွား‌တော့မှ ချက်ချင်းပင် အောက်ထပ် ဧည့်ကြိုကောင်တာဆီသို့ သွားလိုက်သည်။


ဧည့်ကြိုဝန်ထမ်းက သူ့ကို အဝေးကတည်းက လှမ်းမြင်နေပြီး ယန်ရွှမ်ကို ကောင်းကောင်း မှတ်မိနေ၏။ အကြောင်းမှာ သူနှင့်အတူလာသောသူက အရမ်းချောသည့် ကောင်လေးတစ်ယောက်ဖြစ်နေကာ သူ၏မှတ်ပုံတင်ကိုပင်သုံး၍ အခန်းယူသွားခြင်းကြောင့်ပင်။  


သူ့ဆီမှာ ကျန်ခဲ့သော မှတ်ပုံတင်အရ ထိုသူ၏နာမည်မဗာ ကျီယောက်ဖြစ်ပြီး မှတ်ပုံတင်ပေါ်က လိပ်စာအရ ဤမြို့က နာမည်ကြီး အိမ်ရာဝန်းတွင် နေထိုင်ခြင်းဖြစ်သည်။


အလွန်ချမ်းသာပြီး ချောမောလှသော ကောင်လေးက သာမန်ရုပ်ရည်ဖြင့် ငိုယိုနေသော ကောင်လေးတစ်ယောက်ကို အခန်းလာဖွင့်ပေးပြီး ဆယ်မိနစ်ပင် မကြာဘဲ ထွက်သွားခြင်းသည် ထိုသူတို့နှစ်ယောက်က ဟိုလိုဆက်ဆံရေးမျိုး မဖြစ်လောက်ဟု ဧည့်ကြိုဝန်ထမ်းက တွေးလိုက်သည်။


ယန်ရွှမ်က ကောင်တာရှေ့ ရောက်လာသည့်အခါ ဧည့်ကြိုဝန်ထမ်းဘက်မှ အရင် နှုတ်ဆက်လာသည်။ "မင်္ဂလာပါ၊ ဘာများ အကူအညီ လိုအပ်ပါသလဲ။"


ယန်ရွှမ် : "မင်္ဂလာပါ၊ ကျွန်တော်မေးချင်တာက ခုနကလူ ဖွင့်ပေးသွားတဲ့ အခန်းက မနက်စာပါလားဟင်။"


ဧည့်ကြိုဝန်ထမ်း: "..."


ဧည့်ကြိုဝန်ထမ်း: "ပါ,ပါတယ်ဗျ၊ မနက် ၉ နာရီ မတိုင်ခင် ထမင်းစားခန်းမှာ သွားစားလို့ ရပါတယ်။"


"ကျေးဇူးတင်ပါတယ်။"


ယန်ရွှမ် အစားအသောက်တစ်နပ်စာ သက်သာသွားသောကြောင့် စိတ်ကျေနပ်သွားသည်။ 


အဲယားကွန်း အေးအေးလေးဖြင့် အိပ်ရမည့်အပြင် မနက်စာပါ ရသေးသည်။ နတ်ပြည်ရောက်နေသကဲ့သို့ပင်။


စာပေဘာသာရပ်က မနက်ပိုင်း စတုတ္ထမြောက် အတန်းချိန်တွင်ဖြစ်ပြီး ယန်ရွှမ်က ဧည့်ကြိုကောင်တာမှ စာရွက်နှင့် ဘောပင်ငှားပြီး အခန်းထဲမှာ ကိုယ့်ဘာသာကိုယ် အွန်လိုင်းမှတစ်ဆင့် စာလုပ်နေလိုက်သည်။


မနေ့က အတန်းကို နောက်ကျမှရောက်လာပြီး အတန်းမပြီးခင် ချင်ယွီပိုင်ထံမှ ခေါ်ထုတ်သွားခြင်း ခံခဲ့ရသဖြင့် ချင်ယွီပိုင် မလာမှီ တစ်နာရီမျှ သူ လေ့လာခဲ့သော်လည်း မပြီးသေးပေ။ ထိုဆရာ ပေးထားသော စာများက အရမ်းများလွန်း၏။


စာပေအတန်းမတိုင်ခင် အချိန်နည်းနည်း ကျန်သေးသဖြင့် သူ အမြန်လုပ်လိုက်ပါက ပြီးသွားနိုင်သည်။ ဖိုရမ်မှာ တင်ရမည့် အိမ်စာကိုလည်း သူပြီးသည့်အထိ လုပ်ရဦးမည်။


မူလဝတ္ထုထဲတွင် ထိုဆရာက သူ့ရှေ့တွင် မည်သည်မျှမပြောခဲ့သော်လည်း နောက်ကွယ်တွင် ယန်ရွှမ်၏ နေ့စဉ်တက်ရောက်မှုအမှတ်ကို လျှော့ပစ်ခဲ့သည်။


ဤတစ်ကြိမ်တွင် ယန်ရွှမ်သည် ထိုဆရာ၏ သဘောကျမှုကို အနည်းငယ်ရထားပြီဟု ယုံကြည်သည်၊ သို့သော် မလုံလောက်သေး။


ကောင်းမွန်ပြည့်စုံသော အိမ်စာတစ်ခုကသာ ဆရာ၏ သူ့အပေါ် မကောင်းသော အမြင်ကို လုံးဝ ပြောင်းပြန်လှန်ပစ်နိုင်မည်ဖြစ်သည်။


ယန်ရွှမ်သည် အချိန်ကို ကောင်းကောင်း အသုံးချခဲ့ပြီး သတ်မှတ်ထားသော နှိုးစက်မမြည်ခင်တွင် ဖိုရမ်၌ အိမ်စာကို အောင်မြင်စွာ တင်လိုက်နိုင်သည်။


ဖုန်းမျက်နှာပြင်ပေါ်တွင် "ပို့စ်တင်ခြင်း အောင်မြင်ပါသည်" ဟူသော စာတန်းလေးကို ကြည့်လျက် ယန်ရွှမ် သက်ပြင်းချလိုက်သည်၊။


ထို့နောက် အကြောအချဉ် ဆန့်လိုက်ပြီး အတန်းတက်ရန် ထွက်လာခဲ့၏။


ဤစာပေဘာသာရပ်က ဥရောပစာပေဖြစ်ပြီး လူများသောအတန်းတစ်ခုလည်း ဖြစ်သည်။ ယန်ရွှမ်က လက်ဗလာဖြင့် အတန်းသို့ ကြိုရောက်နေပြီး အတန်း၏ အလယ်တည့်တည့်၊ လျှောက်လမ်းဘေးတွင် နေရာယူလိုက်သည်။


"ဒီမှာ လူရှိလား။"


တစ်စုံတစ်ယောက်က ယန်ရွှမ် ဘေးက နေရာကို လာမေးသည်။


ယန်ရွှမ် ခေတ္တ တုံ့ဆိုင်းသွားပြီး "အင်း၊ လူရှိတယ်။"


အတန်းထဲတွင် ကျောင်းသားများ တဖြည်းဖြည်း ပြည့်လာသည်။ အနည်းဆုံး လူ ခုနစ်ယောက်၊ ရှစ်ယောက်လောက်က ယန်ရွှမ် ဘေးက နေရာကို လာမေးကြသော်လည်း ယန်ရွှမ်က သူတို့ကို အားနာစွာဖြင့် လူရှိကြောင်းပြောကာ ငြင်းလွှတ်ခဲ့ရသည်။


အတန်းစချိန်နီးနေပြီး ကျီယောက်က ပေါ်မလာသေး။


ကြီးမားလှသော အခန်းကြီးထဲတွင် နေရာလွတ်မရှိသလောက် ဖြစ်နေပြီ။


ပါမောက္ခက သူ၏ လက်ဆွဲအိတ်ကို ကိုင်ကာ ဝင်လာသည်။ သူက အခန်းကို တစ်ချက် ဝေ့ကြည့်လိုက်ရာ ပုံမှန်မဟုတ်သည့် အရာတစ်ခုကို ချက်ချင်း သတိပြုမိသွားသည်။


ပြည့်ကျပ်နေသော အခန်း၏ အလယ်တည့်တည့်တွင် ထူးဆန်းစွာ နေရာလွတ် တစ်နေရာ ပေါ်နေသည်။ ပါမောက္ခက လက်ညှိုးထိုးလိုက်သည်။ "ဘယ်သူ့နေရာလဲ။"


အတန်းထဲတွင် တိတ်ဆိတ်သွားသည်။


"အတန်းစတော့မယ်၊" ပါမောက္ခက ကွန်ပျူတာ ဖွင့်ရင်း ပရိုဂျက်တာနှင့် ချိတ်ဆက်လိုက်ပြီး ဟာသနှောကာ ပြောလာသည်။ "သူ့ကို အမြန် ပြန်ခေါ်လိုက်ဦး။" သဘာဝကျစွာပင် သူက ထိုနေရာတွင် လူရှိပြီး ခေတ္တထွက်သွားသည်ဟု တွေးထင်နေသည်။


သိသူတချို့က တီးတိုးစကားပြောနေကြပြီး အားလုံး၏ အကြည့်များက ရှေ့ကို အလွန်အမင်း ငုံ့ထားသော ပိန်လှီသည့် ကျောပြင်ဆီသို့ ရောက်သွားသည်။


"အဲ့ဒါ ဘယ်သူလဲ၊ မင်း သိလား။"


"မသိဘူး၊ မမှတ်မိဘူး။"


"သူ စာအုပ်လည်း မပါဘူး၊ တခြားမေဂျာက လာနားထောင်တာလား မသိဘူး။"


"လာခိုးနားထောင်တဲ့သူက ဒီလောက် ကောင်းတဲ့ နေရာမှာ ထိုင်စရာလား။"


"သူ အရင်လာလို့ နေရာဦးထားတာ နေမှာပေါ့။"


"တစ်ယောက်တည်း နှစ်ခုံယူထားတာလား? သူက အဲ့လောက်လည်း မဝဘဲနဲ့။"


ရယ်သံများက နေရာငယ်လေးတွင် ရုတ်တရက် ပျံ့နှံ့သွားသည်။


စင်မြင့်ပေါ်မှ ပါမောက္ခကလည်း ခေါင်းမော့ကာ ပြုံးလိုက်သည်။ "ဘာတွေရယ်နေကြတာလဲ။ ဆရာပါ အတူတူ ရယ်လို့ရအောင် ပြောပြကြလေ။"


ကျောင်းသားများက ပါးစပ်ပိတ်ကာ လက်ခါပြပြီး ဆက်လက်၍ ကြိတ်ရယ်နေကြသည်။


ယန်ရွှမ်ဘေးရှိလူက သူ့ကိုဂရုတစိုက် မေးလိုက်သည်။ "ဟေ့၊ မင်း ဘယ်သူ့အတွက် နေရာ ဦးပေးထားတာလဲ။"


ယန်ရွှမ်က ခေါင်းငုံ့ထားရင်း ဘာမှ ပြန်မပြောပေ။


"ကဲ၊ အားလုံး တိတ်ကြတော့။ ဒီနေ့ ဆွေးနွေးမယ့် ဥရောပစာပေက... အိုး၊ ကျီယောက် လာပြီပဲ၊" ပါမောက္ခက ထို'နာမည်ကြီးကျောင်းသား'ကို သိသည်။ သူ့လက်ထဲတွင် လွယ်အိတ်တစ်လုံး ပါလာသည်ကို မြင်တော့ အားရပါးရ ရယ်လိုက်သည်။ "မင်းက ငါ့ကို တော်တော် မျက်နှာသာပေးတာပဲ။"


ကျီယောက်က ပါမောက္ခကို ခေါင်းညိတ်ပြလိုက်သည်။ "မင်္ဂလာပါ ဆရာ။" သူ၏ အကြည့်က အတန်းထဲသို့ ဝေ့သွားသည်။


အတန်း၏ အလယ်ဗဟိုတွင် လူတစ်ယောက်က ခေါင်းမော့လာပြီး သူ့ကို လက်ယမ်းပြနေသည်။ မျက်နှာပေါ်တွင် တောက်ပသော အကြည့်တစ်ခုရှိနေပြီး မျက်မှန်နောက်က မျက်လုံးများက သူ့ကို ကြည့်ရင်း ကွေးညွတ်ကာ ပြုံးနေသည်၊ ထိုအထဲတွင် ရိုးစင်းပြီး မဖုံးမဖိနိုင်သော မျှော်လင့်ချက်များ ပြည့်နေ၏။


"ကျီယောက်၊ ဒီမှာ။"


သူ့နှုတ်ခမ်းက အသံတိတ် လှုပ်ရှားသွားသည်။


ပါမောက္ခ အပါအဝင် လူအားလုံးနီးပါးက ကျီယောက် ထိုလွတ်နေသော နေရာဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်ကို ကြည့်နေကြသည်။


သူက ယန်ရွှမ်ဘေးတွင် ရပ်တန့်သွားသည်။ ယန်ရွှမ်က အသံကို နှိမ့်ထားရင်း ဆိုသည်၊ "မင်း မလာတော့ဘူးတောင် ထင်နေတာ..." သူ၏ လေသံတွင် ပျော်ရွှင်မှု အနည်းငယ် ပါဝင်နေသည်။


လွယ်အိတ်က လေထဲမှတစ်ဆင့် ယန်ရွှမ်၏ ပေါင်ပေါ်သို့ တိတိကျကျ ကျလာသည်။ မလေးလွန်း မပေါ့လွန်းသော အထိအတွေ့ ဖြစ်သော်လည်း ယန်ရွှမ်၏ နောက်ဆက်တွဲ စကားလုံးများကို ရုတ်တရက် ရပ်တန့်သွားစေသည်။


သူ့ကို လွယ်အိတ်ယူလာပေးသော လက်များက လျင်မြန်စွာ ပြန်ရုတ်သိမ်းသွားပြီး အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်၏။


ထို့နောက်ကျီယောက်က စကားတစ်ခွန်းမဆိုဘဲ သူ့ဘေးမှဖြတ်ကျော်သွားကာ- အခန်း၏ အနောက်ဘက်ဆီသို့ ထွက်ခွာသွားတော့သည်။


---


“ရှေးခေတ် ဂရိစာပေတွေအကြောင်းကိုဆွေးနွေးရတော့မယ်ဆိုရင် လိင်တူချစ်သူတွေအကြောင်းကိုလည်း မဖြစ်မနေဆွေးနွေးရမယ်။ ဘာကြောင့်လဲဆိုတော့ ဥရောပစာရေးဆရာ‌တွေဟာ ဒီအကြောင်းရဲ့လွှမ်းမိုးမှုကို များစွာခံထားရတယ်လေ”


“ကယ်…ကျောင်းသားတို့ရေ” ဆရာသည် သူ၏ မျက်မှန်အား ပင့်တင်လိုက်၍ ဆက်ပြောသည် “ဒါက အတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလို့ မထင်ကြဘူးလား?”


ဆရာ့စကားကို ကြားရသည့်အခါ ကျောင်းသားအားလုံး ပြုံးရယ်မိကြသည်။


"ဥပမာ-ကျော်ကြားတဲ့ ဆိုကရေးတီးစ်ကိုပဲကြည့်လိုက်။ သူ့တပည့် Alcibiade က ဒီအသက်ကြီးတဲ့ဆရာကြီးကို အသည်းစွဲချစ်ခဲ့တယ်…”


ကျောင်းသားများထံမှ နောက်ထပ်ရီမောသံများ ထွက်ပေါ်လာသည်။


ပါမောက္ခ အလျင်အမြန်ထပ်ပြောလိုက်သည်မှာ “ငါက အိမ်ထောင်ကျပြီးသားနော် ငါ့မိန်းမကိုလည်းအရမ်းချစ်တယ် ဒါကြောင့် ကောင်လေးတွေ… အတွေးအမှားတွေမတွေးကြနဲ့” 


ပါမောက္ခသည် ဗဟုသုတကြွယ်ဝသူဖြစ်ပြီး သင်ခန်းစာတွင် ဟာသအနည်းငယ်ထည့်ရန်လည်း မမေ့ဘဲ ဂန္ထဝင်စာပေများကို ကိုးကားပြောဆိုသင်‌ပေးခဲ့သည်။ ယန်ရွှမ်သည် အလွန်ဂရုတစိုက်နားထောင်၍ အသေးစိတ်မှတ်စုများပါမှတ်ယူခဲ့သည်။ 


အတန်းတက်နေစဉ်တွင် သူသည် သင်ယူမှုတွင် အပြည့်အဝနစ်မြုပ်နေခဲ့သည်။ တိတိကျကျပြောရလျှင် သူ၏ GPA တိုးတက်ခြင်းနှင့် ဆုရရှိရန် အခွင့်အလမ်းများအတွက် အပြည့်အဝနစ်မြုပ်နေခဲ့ခြင်းပင်။


"အိမ်စာကို အတန်းပြီးတဲ့အခါ အများသုံးအီးမေးလ်ထဲကိုပို့ရမယ်။ ဒီတစ်ခါအိမ်စာက အဖွဲ့လိုက်လုပ်ရမယ့်အလုပ်ဖြစ်တယ်ဆိုတာကိုလည်း သတိပေးလိုက်ချင်တယ်။ ကိုယ့်အဖွဲ့ကိုယ်ဖွဲ့ကြပါ။ ခေါင်းစဉ်က အရမ်းစိတ်ဝင်စားဖို့ကောင်းတာမလို့ မင်းတို့ဘယ်လိုဖြေလာကြမလဲဆိုတာကိုလည်း မျှော်လင့်နေမိပြီ”


ပါမောက္ခ၏မျက်နှာအမူအရာတွင် တစ်စုံတစ်ရာအဓိပ္ပာယ်သက်ရောက်ပြီး ပစ္စည်းများထုပ်ပိုးကာ အပြုံးဖြင့်ထွက်ခွာသွားခဲ့သည်။


“သွားကြစို့..သွားကြစို့.. ကော်ဖီဆိုင်ကိုသွားရအောင်”


“ဘယ်ကော်ဖီဆိုင်လဲ? အနောက်ဘက်လား..အရှေ့ဘက်လား..?”


“အနောက်ဘက်ကဆိုင်ကိုသွားပြီး ဖတ်ထုပ်စားကြရအောင်”


ကျောင်းသားများသည် သုံးယောက်တစ်စု၊ ငါးယောက်တစ်စုဖြင့် အုပ်စုလိုက် စာသင်ခန်းထဲမှထွက်ခွာသွားကြပြီး ထမင်းဆိုင်များ သို့မဟုတ်၊ ကျောင်းပြင်ပသို့ နေ့လယ်စာစားရန်သွားကြသည်။ ယန်ရွှမ်တစ်ယောက်သာ သိသိသာသာလစ်လပ်နေသော ထိုင်ခုံဘေးတွင် တိတ်တဆိတ်ပစ္စည်းများထုပ်ပိုးနေခဲ့၏။


ဤသည်မှာ လုံးဝမထင်ရှား‌သောသူဖြစ်ရခြင်၏ အားသာချက်တစ်ခုပင်။


သူကိုယ်တိုင် အရှက်ကွဲရုံသာမက ဆိုးဆိုးဝါးဝါး ထိခိုက်သွားခဲ့သည်ရှိသော်...

လူများသည် သူ၏အရှက်ကွဲခြင်းကို တစ်ကြိမ်၊နှစ်ကြိမ်သာ ရယ်၍ မေ့သွားကြမည်ဖြစ်သည်။


အသေးစိတ်အချက်လေးတွေကို တကယ်စိတ်ဝင်စားမည့်သူ မည်သူမှမရှိပေ။ 


အေးစက်စက် ခံစားချက်တစ်ခု သူ့အနားမှဖြတ်သွားချိန်တွင် ယန်ရွှမ်သည် ထိုအရာနောက်သို့ အမြန်လိုက်သွားခဲ့သည်။


ကျောင်းအဆောက်အဦးထဲတွင် အလူအများပြားအလုပ်ရှုပ်နေကြပြီး လှေကားများတွင် လူများပြည့်ကျပ်၍ ဆူညံနေကြသော်လည်း ကျီယောက်၏ အနားတွင်တော့ အကာအရံတစ်ခုရှိသကဲ့လူများရှင်းလင်းနေသည်။ 


ယန်ရွှမ်သည် ထိုအခွင့်အရေကို အသုံးချပြီး ကျီယောက်အား လိုက်မှီအောင် လူအုပ်ကြားထဲမှခေါင်းငုံ့ကာလျှောက်သွားခဲ့သည်။


ကျောင်းအဆောက်ဦးမှနေ၍ သွားလို့ရသော လမ်းသုံးလမ်းရှိသည်။ တစ်ခုမှာ စာသောက်ဆိုင်များရှိရာနေရာသို့သွားသောလမ်း၊ နောက်တစ်လမ်းမှာ ကျောင်းအဝင်ဝသို့သွားသောလမ်းဖြစ်ပြီး၊ နောက်ဆုံးတစ်ခုမှာ အဆောင်သို့သွားသောလမ်းဖြစ်သည်။ 


ကျီယောက်သည် လူသွားလူလာနည်းသော လမ်းကြောင်းကို ရွေးချယ်လိုက်၏။ 


တကယ်တော့ ကျီယောက်သည် သင်ထောက်ကူပစ္စည်းတစ်ခုမှမပါဘဲ အတန်းတတ်ခဲ့ခြင်းပင်။ သူတတ်ရောက်ခဲ့သည့် တစ်ခုတည်းသောအတန်းထဲ၌ပင် စာသင်ခြင်းအား အာရုံမစိုက်မစိုက်မိဘဲ တစ်စုံတစ်ယောက်၏ကျောပြင်ကိုသာ ငေးကြည့်နေခဲ့မိသည်….


ကျီယောက်သည် ခြေလှမ်းများကိုရပ်တန့်လိုက်ကာ နောက်လှည့်မကြည့်ဘဲ မေးလာသည် “ဘာလို့ငါ့နောက်ကိုလိုက်နေတာလဲ?”


“ငါ…ငါလည်း အဆောင်ကိုပြန်သွားဖို့လိုလို့။ အဝတ်အစားလဲရမှာမို့..”


သေးသွယ်သောခန္ဓာကိုယ်လေးသည် ပို၍သေးငယ်သွားပြီး တွန့်ဆုတ်ခြင်းမရှိဘဲ လမ်းအတိုင်းဆက်လျှောက်သွားခဲ့သည်။ 


ယန်ရွှမ်၏ မျက်လုံးများကျဉ်းမြောင်းသွားခဲ့သည်။


ငါက မင်းအတွက်အဲ့လောက်တောင် ရွံစရာဖြစ်နေလို့လား?


တွယ်ကပ်ခံရတာကိုကြောက်လို့လား ဒါမှမဟုတ် စွဲလမ်းသွားမှာကို စိုးရိမ်လို့လား?


အဘယ်ကြောင့်ဆိုသော်... ယန်ရွှမ်သည် ကျီယောက်နှင့် ပတ်သက်ခဲ့သည့် [ဆင်ဆာ] အဖြစ်အပျက်များကို  သေသေချာချာ မှတ်မိနေသောကြောင့်ပင်။


ကျီယောက်သည် အိပ်ယာပေါ်တွင်အားကစားလုပ်ရခြင်းကို အလွန်းကြိုက်နှစ်သက်သည့် ချီဖေးယွင်ပြီးလျှင် ဒုတိယမြောက် အများဆုံးဖြစ်ခဲ့သည်။


ဘယ်လောက်တောင် ကျန်းမာသန်စွမ်းလိုက်တဲ့ လူငယ်လေးလည်း…


အပိုင်း 14 ပြီး။

---