Ch 6
Viewers 3k

❓️Chapter 6

ဒါက ညီအစ်ကိုကောင်းတစ်ယောက်ရှိရတဲ့အရသာများလား




သူတို့က ဤနေရာကို အနားယူအပန်းဖြေရန်အတွက် ငါးလာမြှားကြခြင်းဖြစ်ပြီး ပိုက်ကွန်မယူလာကြပေ။ 


ကျောင်းယန်ယွိလည်း ဤမျှကြီးသောငါးကြီးတစ်ကောင်ကိုဖမ်းမိလိမ့်မည်ဟုမမျှော်လင့်ထားသောကြောင့် ၎င်းကိုခဏမျှငှားပေးရန် အနီးအနားမှရွာသားများထံ တောင်းဆိုရတော့သည်။


ကံကောင်းထောက်မစွာဖြင့် အနီးအနားတွင် အပန်းဖြေသည့် လယ်တောအိမ်လေးများကိုဆောက်ထားကြသူအများအပြားရှိလေသည်။ မြို့မှလူများက ဤနေရာသို့ငါးလာမြှားရသည်ကိုနှစ်သက်မှန်းသိထားကြ၍ အိမ်တိုင်းက ပစ္စည်းများကိုအသင့်ထားကြလေသည်။ ထို့ကြောင့် လိရှီးက ငါးဖမ်းပိုက်ကွန်တစ်ခုကို အမြန်ငှားလာခဲ့သည်။ သူတို့နှစ်ယောက်မှာ အတူ တွန်းလိုက်ဆွဲလိုက်လုပ်နေကြပြီး မကြာမီမှာပင် ငါးကြီးက ကမ်းဘေးသို့ရောက်လာခဲ့သည်။


"အကြီးကြီးပဲဟေ့ အဟားဟား.."


ကျိကျစ်ယွမ်က စိတ်လှုပ်ရှားနေလေသည်။


"ဒီကောင် ကန်ထဲက ထွက်လာဖြစ်ရမယ်၊ ငါ့ပေါင်ထက်တောင်ကြီးနေသေးတယ်.."


လိရှီးကလည်း အလွန်တရာမှစိတ်လှုပ်ရှားနေပြီး သူတို့ဖုန်းများကိုထုတ်ကာ ကတိုက်ကရိုက်ဓာတ်ပုံရိုက်နေကြသည်။ သူတို့က လူချမ်းသာများနှင့်မတူပေ။ ချမ်းသာသောဒုတိယမျိုးဆက်များမှာ ကမ္ဘာကြီးကိုမမြင်ဖူးသေးသောအရူးများနှင့်တူနေလေသည်။


သူတို့ တကယ်ပင်စိတ်လှုပ်ရှားနေကြ၏။ ယခင်ကလည်း ဤမျှကြီးသောငါးကိုမစားဖူး၍မဟုတ်ပေ။ သူတို့က ကတ်တီရာနှင့်ချီပြီးလေးသောငါးမျိုးကိုပင် မြင်ဖူးခဲ့ကြသည်။


သို့သော် ဤတစ်ကောင်က သူတို့ကိုယ်တိုင်ဖမ်းမိလာသောငါးပင်ဖြစ်၏။ ငါးဖမ်းရသည်ကိုနှစ်သက်သူများအတွက် ပျော်ရွှင်ဝမ်းမြောက်ရသောအရသာက အလွန်တရာမှကွဲပြားလေသည်။


"ပြန်ရအောင်၊ ဒီည ငါးကင်စားကြမယ်.."


အများဆုံးကူညီပေးခဲ့သူကျောင်းယန်ယွိမှာလည်း သူတို့၏နွေးထွေးသောဖိတ်ကြားချက်ကိုရခဲ့သည်။ ငါးကြီးကိုဖမ်းမိခဲ့သူမှာလည်း သူပင်ဖြစ်၏။


ဝမ်းချန်ရှီးက ကျောင်းယန်ယွိကိုမေးလိုက်သည်။


"ငါးမြှားချင်သေးလား.."


ကျောင်းယန်ယွိမှာလည်း သူ၏ညီအစ်ကိုနှင့်အတူရှိနေရသည့် ရှားပါးအခွင့်အရေးဖြစ်သောကြောင့် ငါးဆက်မြှားချင်သေးသည်။


သို့သော် သူတို့ဖမ်းမိထားသောငါးမှာ များနေပေပြီ။ အထူးသဖြင့်နောက်ဆုံးဖမ်းမိသောငါးမှာ လူအနည်းငယ်ရှိရုံဖြင့် ဖမ်းမိနိုင်မည်မဟုတ်ပေ။


ကျောင်းယန်ယွိ ခေါင်းကိုခါယမ်းကာပြောလိုက်လေသည်။


"မမျှားချင်တော့ဘူး.."


ဝမ်းချန်ရှီး: "ဒါဆိုလည်းပြန်ကြတာပေါ့.."


"အိုကေ.."


ကျောင်းယန်ယွိက ငါးထည့်ထားသောပုံးကိုကောက်ရန်သွားလိုက်သော်လည်း သူပင်မထိရသေးခင် ဝမ်းချန်ရှီးက ကောက်ယူလိုက်ပြီး သူ့လက်ထဲသို့ ငါးမြှားတံတစ်ချောင်း ထိုးထည့်ခံလိုက်ရသည်။


ဝမ်းချန်ရှီးက သူ၏သွယ်လျသောလက်မောင်းကိုဖျတ်ခနဲကြည့်လိုက်သည်။


"ဒါကိုပဲယူလိုက်.."


ကျောင်းယန်ယွိက များများစားစားမတွေးနေတော့ဘဲ ဝမ်းချန်ရှီးစကားကို ခေါင်းသာညိတ်ပြလိုက်၏။


ဝန်ထမ်းလေး၏ပြောစကားနားထောင်မှုကြောင့် ဝမ်းချန်ရှီး ပြန်ကြည့်မိလိုက်သည်။


"ဒီကို အပတ်တိုင်းပြန်လာနေကြလား.."


ကျောင်းယန်ယွိ: "အပတ်တိုင်းတော့မဟုတ်ဘူး၊ နှစ်ပတ်မှတစ်ခါပါ၊ ကျွန်တော့်အဖေကအလုပ်များတော့ ကျွန်တော့်ကိုဂရုစိုက်ပေးဖို့အချိန်မရှိဘူး၊ အဲဒါကြောင့် သူက ကျွန်တော့်ကို ခဏခဏပြန်လာခွင့်မပေးဘူး.."


ဝမ်းချန်ရှီး: "ဘာတွေအလုပ်များနေလို့လဲ.."


ကျောင်းယန်ယွိ: "လယ်စိုက်တာပါ.."


ဝမ်းချန်ရှီး မျက်မှောင်အသာကြုတ်လိုက်သည်။


"တောင်ပိုင်းကလယ်ကွင်းတွေက ပျိုးကြဲတဲ့ရာသီ နှစ်ရာသီပဲရှိတာပါ.."


ယခု ပြက္ခဒိန်အသစ်၏ဇွန်လအစပိုင်းဖြစ်သည်။ စိုက်ပျိုးရသည့်ရာသီမဟုတ်ဘဲ ရိတ်သိမ်းရသည့်ရာသီပင်ဖြစ်လေ၏။


ကျောင်းယန်ယွိကသူ့ကိုရှင်းပြလိုက်သည်။ 


"အဖေက စားဖို့အတွက်ပဲစိုက်တာမဟုတ်ဘူး၊ သူက နေ့တိုင်းနီးပါးကိုစိုက်နေတာ၊ ရာသီအတွင်းရော ရာသီကုန်သွားရင်ရောပေါ့၊ သူက ဘာဖြစ်ဖြစ်စိုက်တယ်၊ အသီးအနှံပင်တွေစိုက်ပြီးရင် သစ်သီးဝလံအပင်တွေစိုက်တယ်၊ သစ်သီးဝလံပင်တွေကို ရောင်းဖို့အတွက်စိုက်ပြီးရင် ဆေးပင်နည်းနည်းစိုက်တယ်၊ ဘာပဲဖြစ်ဖြစ်ပါ သူက တစ်နှစ်လုံးမှာ နေ့တိုင်း လယ်စိုက်နေတာဗျ.."


သူက အပင်စိုက်ရာတွင် ကျောင်းယန်ယွိ၏အကူအညီကိုမလိုအပ်ပေ။ ကျောင်းယန်ယွိ အိမ်ပြန်လာလျှင်ပင် မည်သည့်အလုပ်မှဝိုင်းမကူပေးနိုင်၍ နှစ်ပတ်တစ်ခါအိမ်ပြန်လာပြီး ကြည့်ရုံသာရှိလေသည်။


ဝမ်းချန်ရှီး: "အလုပ်ကြိုးစားတာပဲ.."


ကျောင်းယန်ယွိ: "သူက အလုပ်ကြိုးစားတာမဟုတ်ဘူး၊ လယ်ကွင်းတွေရှိရတာ၊ မြေတွေရှိရတာ၊ အပင်စိုက်ရတာကိုပျော်နေတာ.."


'ကွန်မန်ဒါလောင်ကျောင်း - လယ်စိုက်စနစ်ဟောင်း No.03'


သူက host ကို ကြည့်ရှုပေးရချိန်တွင် ရှေးခေတ်ကိုပြန်သွားခဲ့ဖူးသည်။ တကမ္ဘာလုံးအနှံ့ လယ်စိုက်ခဲ့ပြီးနောက် အပင်စိုက်သည့်ဘဝသို့လျှောကျသွားခဲ့သည်။ထိုသူက အစစ်အမှန် လယ်စိုက်စနစ်တစ်ခုပင်ဖြစ်လေ၏။


ထို့ကြောင့် ယခုအချိန်တွင် ထိုသူက သာမန်လူသားတစ်ယောက်ဖြစ်လျှင်ပင် သူ့အကျင့်ကြောင့် တစ်နေ့လယ်မစိုက်ရလျှင် နေသာထိုင်သာမရှိသလိုခံစားရပေလိမ့်မည်။


သို့သော်လည်း ထိုစကားကို အခြားသူများကြားပါက နေ့ရောညပါကြိုးစားသော ရိုးသားပြီးတာဝန်သိသူ၊ စပါးပင်အထွက်တိုးရန် မျှော်လင့်နေသူ၊ တဘဝလုံး မြေကြီးကိုခေါင်းချင်ဆိုင်ရင်း ကောင်းကင်ကြီးကိုကျောပေးထားမည့်လယ်သမားဦးလေးအဖြစ်သို့သာရောက်သွားပေလိမ့်မည်။ အထွက်မကောင်းလျှင် ထိုသူက ချွေတာပြီးနေရပေမည်။


ကျောင်းယန်ယွိ၏အဖေက လယ်သမားဆိုသည့်အချက်ကို ဝမ်းချန်ရှီးကသတိရလိုက်သည်။


၎င်းမှာ သူ့မိသားစုက တကယ်ပင်သာမန်ဖြစ်နေသောကြောင့် အချက်အလက်များထဲတွင် ကျောင်းယန်ယွိ၏အဖေက နေ့တိုင်းအရုဏ်တက်ချိန်တွင် လယ်ကွင်းများထဲသို့သွားတတ်သည်။ သို့မဟုတ် တောင်တန်းများပေါ်သို့သွားတတ်ကာ နေဝင်ချိန်မှပြန်ရောက်လာတတ်သည်။


ဤအခိုက်အတန့်လေးတွင် ဝမ်းချန်ရှီးက ဝန်ထမ်းလေး၏မိသားစု ဆင်းရဲပုံကို အလိုလိုသိနေခဲ့သည်။


ဝမ်းချန်ရှီးက နှစ်စက္ကန့်မျှစဥ်းစားနေပြီးနောက် ခေါင်းငုံ့ကာ အထူးလက်ထောက်လင်းကိုမက်ဆေ့ချ်ပို့လိုက်သည်။ [ဝန်ဆောင်မှုစင်တာက ဝန်ထမ်းတွေရဲ့လစာကို တိုးပေးလိုက်]


ပိတ်ရက်ကြီးတွင် ဘော့စ်ထံမှ မက်ဆေ့ချ်ရလိုက်သော အထူးလက်ထောက်လင်း: ??


ဘော့စ်က အပန်းဖြေခရီးထွက်သွားတာမဟုတ်ဘူးလား။ ဒီနေ့ အချိန်ပိုဆင်းစရာမရှိဘူးလို့ပြောသွားတာမဟုတ်ဘူးလား။ ပြီးတော့ သူလည်းအလုပ်မရှိဘူးမလား။


ဝန်ဆောင်မှုစင်တာက လစာတွေကို ဘာလို့ရုတ်တရက်ကြီးတိုးရတာလဲ။


ဦးလေးလျို၏အိမ်တံခါးအနောက်ဘက်ကိုလှမ်းကြည့်ပြီး ကျောင်းယန်ယွိက ညီအစ်ကိုကောင်းနှင့်အတူသွားတော့မည့်အချိန်တွင် ကွန်မန်ဒါလောင်ကျောင်းက သူ့ကိုလှမ်းခေါ်နေသည့်အသံအား ရုတ်ချည်းကြားလိုက်ရလေသည်။


"ရှောင်ရှီးရီ ပြန်လာပြီလား၊ ညစာစားဖို့အိမ်ပြန်လာခဲ့တော့.."


ကျောင်းယန်ယွိ: "ကျွန်တော်ကြားပါတယ်ဗျ.."


ဝမ်းချန်ရှီး လှည့်ကြည့်လိုက်သည်။ အသံလာရာ ဆယ်မီတာကျော်အကွာ၌ ဦးလေးလျို၏အိမ်ထက် ပိုမိုဟောင်းနွမ်းနေသောအိမ်တစ်လုံးကိုတွေ့လိုက်ရလေသည်။


ဝမ်းချန်ရှီး: "မင်းရဲ့အိမ်သားလား.."


ကျောင်းယန်ယွိ: "ဟုတ်တယ်၊ အခုလေးတင်ခေါ်လိုက်တာက ကျွန်တော့်အဖေလေ.."


"သူကမင်းကိုရှောင်းရှီးရီလို့ခေါ်တာလား.."


ရှေးကလူများကသူတို့ကလေးများကို မွေးသည့်နံပါတ်စဥ်အလိုက်ခေါ်တတ်ကြောင်း ဝမ်းချန်ရှီးကတွေးမိလိုက်သည်။ ကျောင်းမိသားစုမှာ ကလေးကဒီလောက်တောင်များတာလား။ အချက်အလက်တွေမှာမရေးထားပါဘူး။


ကျောင်းယန်ယွိ အနည်းငယ်မျှရှက်သွားလေသည်။


"အင်း..အိမ်ခေါ်အမည်ပါ.."


တကယ်တမ်းတွင် ၎င်းက သူ၏ကုဒ်အမည်ဖြစ်သည်။ သူက ယခင်ဘဝတွင် No.11 Aotian စနစ်ဖြစ်ခဲ့သောကြောင့် သူ့အဖေကသူ့ကို ထိုအတိုင်းခေါ်ရာတွင်အကျင့်ဖြစ်နေပြီး တစ်ခါမှ မပြောင်းခဲ့ပေ။


သူက လယ်စိုက်စနစ်၏ No.03 အဖြစ်မွေးလာချိန်တွင် သူ့ကိုဂရုစိုက်ပေးခဲ့ပြီး သူနားမလည်သေးသောအရာအားလုံးကိုသင်ပေးခဲ့သည်။ No.03 က သူ့အပေါ်လွှမ်းမိုးမှုရှိနေသည်ဟုပြော၍ရသည်။ မဟုတ်ပါက သာမန်လူသားအဖြစ်အငြိမ်းစားယူရန်ရွေးချယ်ရာ၌ No.03 နှင့်တူမည်မဟုတ်ပေ။


ကျောင်းယန်ယွိ: "ကျွန်တော် အဖေ့ကိုသွားပြောလိုက်ဦးမယ်၊ သူဌေးဝမ်းအရင်ဝင်နှင့်ပါ.."


ဝမ်းချန်ရှီး: "အင်း.."


ဝန်ထမ်းလေးအိမ်ပြန်သွားပုံကိုကြည့်နေရင်း ဝမ်းချန်ရှီး၏မျက်လုံးတို့က ခပ်ယဲ့ယဲ့တံခါးဝပေါ်သို့ရောက်သွားပြန်သည်။ ထို့နောက် လေတစ်သုတ်တိုက်ခတ်သွားခဲ့သည်။ တံခါးကလှုပ်ယမ်းသွားပြီး သူ့မျက်ခုံးတို့က နောက်တစ်ခါကုပ်ဝင်သွားပြန်သည်။


ဝမ်းချန်ရှီး ခေါင်းငုံ့ကာစာရိုက်နေပြီး အထူးလက်ထောက်လင်းကို မက်ဆေ့ချ်တစ်စောင်ပို့လိုက်ပြန်သည်။ [လုပ်ဆောင်ချက်ကောင်းတဲ့ဆုကြေးကိုပါ နှစ်ဆတိုးလိုက်]


[အထူးလက်ထောက်လင်း: ဟုတ်ကဲ့ပါ၊ အခုချက်ချင်း သတင်းထုတ်လိုက်ပါ့မယ်]


ကျောင်းယန်ယွိက အိမ်ပြန်သွားပြီးနောက် ဘေးအိမ်သို့အလည်လာသောသူဌေးများအနက်မှတစ်ယောက်က သူ့သူဌေးဖြစ်နေကြောင်းနှင့် သူ့အတွက် ညွှန်ကြားသူကရွေးပေးထားသောညီအစ်ကိုကောင်းဖြစ်ကြောင်း ကွန်မန်ဒါလောင်ကျောင်းကိုပြောပြလိုက်သည်။ သူကနေ့လယ်ပိုင်းတွင် သူ၏ညီအစ်ကိုကောင်းနှင့်အတူ နေ့လယ်စားစားချင်နေသည်။


ယခုကဲ့သို့ကြားလိုက်ရသည့်အခါ လောင်ကျောင်းက ကျောင်းယန်ယွိထက်ပိုပြီးပျော်သွားခဲ့လေသည်။


"တိုက်ဆိုင်လိုက်တာ၊ ဒါပေမဲ့ မင်းပြောတော့ နှစ်လနီးပါး ကုမ္ပဏီမှာအလုပ်လုပ်နေတာတောင် မတွေ့ရသေးဘူးဆို၊ အခုမင်းက သူ့ကိုသိတောင်သိနေပြီလား.."


ကျောင်းယန်ယွိကမျက်ခုံးပင့်ကာ ပြုံးလျက်ပြောလိုက်သည်။


"အင်း ကျွန်တော်တို့ မတော်တဆဆုံမိသွားတာ.."


သူ့အပြုံးကလူသားများထံမှ ရည်ရွယ်ချက်ဖြင့်သင်ယူထားသောမျက်နှာအမူအရာမျိုးမဟုတ်ကြောင်း သူနားမလည်လိုက်ပေ။ သို့သော်လည်း သူ့နှလုံးသားအောက်ခြေမှပျော်ရွှင်နေချိန်တွင် သူဖုံးကွယ်ထား၍မရနိုင်သည့်အပြုံးမျိုးဖြစ်လေသည်။


လောင်ကျောင်းက ဝမ်းသာစွာပြောလိုက်သည်။


"ထင်တဲ့အတိုင်း သူကမှ မင်းစရိုက်နဲ့အကိုက်ညီဆုံးလူပဲ၊ မတော်တဆဆုံသွားတော့လည်း ကောင်းတာပါပဲ၊ ဒါဆိုလည်း အမြန်သွားစားတော့လေ၊ အချိန်ဆွဲမနေနဲ့.."


ကျောင်းယန်ယွိ: "အိုကေ.."


ကျောင်းယန်ယွိက ဦးလေးလျို၏အိမ်သို့ပြန်သွားခဲ့ပြီး ဝမ်းချန်ရှီးနှင့်အခြားသူများနှင့်အတူ နေ့လယ်စာစားခဲ့ကြသည်။


နေ့လယ်စာစားပြီးနောက်တွင် ဒေသခံကျောင်းယန်ယွိက သူ့ဘက်မှအရင်စပြီး အနားတဝိုက်ကိုလိုက်ပြရန် သူတို့အားခေါ်သွားလေသည်။


မြစ်နှင့်တောင်တန်းများရှိနေသောကြောင့် သူတို့ရွာ၏ရှုခင်းက ကောင်းမွန်လှသည်။ မြို့ကဲ့သို့ ပူစပ်ပူလောင်မဖြစ်နေပေ။ အထူးသဖြင့် တောင်ထဲသို့ဝင်လိုက်ပြီးသည့်နောက် တိုက်ခတ်လာသည့်လေက လူများကို လန်းဆန်းသွားစေသည်။


ကျောင်းယန်ယွိက ကွန်မန်ဒါလောင်ကျောင်းစိုက်ထားသောသီးသီးဝလံပင်များကိုခူးရန်လည်း သူတို့ကိုခေါ်သွားပေးခဲ့ပြီး အားလုံးက မြို့သို့ပြန်ရောက်လျှင်စားရန်အတွက် အိတ်ကြီးတစ်အိတ်စီရခဲ့ကြသည်။


ညတွင် ငါးကင်စားကြပြီးနောက် ကျောင်းယန်ယွိက ဝမ်းချန်ရှီးကားနှင့်အတူ မြို့ကိုပြန်လာခဲ့လိုက်သည်။


ရောက်လာသည့်နေရာကထူးခြားသလို အပြန်လမ်းသည်လည်းထူးခြားပေသည်။ ဝမ်းချန်ရှီးနှင့်သူ့သူငယ်ချင်းနှစ်ယောက်က ကားတစ်စီးစီဖြစ်သောကြောင့် အပြန်လမ်းတွင် ကားထဲ၌ သူတို့နှစ်ယောက်တည်းသာရှိပြီး ဝမ်းချန်ရှီးက ကားမောင်းလေသည်။


အစပိုင်း၌ ကျောင်းယန်ယွိမှာ အပြန်လမ်းတွင် ဝမ်းချန်ရှီးနှင့်ပြောစရာစကားမရှိမည်ကိုစိုးရိမ်နေခဲ့သည်။


သူတို့က မတော်တဆဆုံခဲ့ကြသော်လည်း သူတို့၏ခင်မင်မှုဘားတန်းက ခုန်ပျံပြီးတက်သွားခဲ့၏။ သို့သော် မည်သို့ပင်ဖြစ်စေ သူတို့က ယခုမှသာ အချင်းချင်းဆုံခဲ့ကြခြင်းဖြစ်သောကြောင့် တချိန်လုံးပြောစရာစကားရှိနေရန် မဖြစ်နိုင်ပေ။


၎င်းက အလွန်အရေးကြီးသည်။ မြို့ကိုပြန်ရန် တစ်နာရီခွဲမျှကြာလေသည်။ သူတို့က တစ်ချိန်လုံးစကားမပြောခဲ့ကြဘဲ မကြာခဏဆိုသလိုတိတ်ဆိတ်သွားတတ်သည်။


သို့သော် သူတို့တိတ်ဆိတ်နေချိန်တွင်ပင် ကျောင်းယန်ယွိက ရှက်သလိုမခံစားရဘဲ တိတ်ဆိတ်ပြီး သက်သောင့်သက်သာပင်ရှိစေသည်။


ဒါက ညီအစ်ကိုကောင်းတစ်ယောက်ရှိရတဲ့အရသာပဲ။


ဝမ်းချန်ရှီးက ကျောင်းယန်ယွိနှင့်လမ်းတူပြီး အဆင်ပြေသောကြောင့် သူ့ကိုအရင် အိမ်ပြန်ပို့ပေးခဲ့သည်။


အိမ်ရာကိုပြန်ရောက်သည့်အခါ ကျောင်းယန်ယွိက မျက်လုံးထဲ၌ တွန့်ဆုတ်မှုအနည်းငယ်ဖြင့် ကားပေါ်မှဆင်းလိုက်သည်။ ထို့နောက် ဖုန်းကိုယမ်းလိုက်ကာ ကားထဲမှဝမ်းချန်ရှီးကိုပြောလိုက်သည်။


"သူဌေး ကျွန်တော့်အကြောင်းကို ပိုသိချင်ရင် WeChat ကနေသာ စာပို့လိုက်ပါ.."


နေ့လယ်က သူတို့နှစ်ယောက်မှာ WeChat အကောင့်ချင်းဖလှယ်ခဲ့ကြသည်။


ဝမ်းချန်ရှီးက စတီယာတိုင်ကို ညှစ်ကိုင်ထားလိုက်သည်။ မေးခွန်းကိုပြန်မဖြေသော်လည်း ပြောလိုက်လေ၏။


"အမြန်ပြန်တော့၊ ကိုယ်သွားတော့မယ်.."


"အိုကေ၊ လမ်းမှာဂရုစိုက်ပါဗျ.."


"အင်း.."


ဝမ်းချန်ရှီးကားထွက်သွားသည်ကိုကြည့်နေရင်း ကျောင်းယန်ယွိက ထိုသူမြင်ကွင်းမှပျောက်သွားသည်အထိ အိမ်ရာထဲကိုမဝင်သေးပေ။


ညဆယ်နာရီတွင် ဝမ်းချန်ရှီးကအိမ်ပြန်ရောက်ပြီး သူငယ်ချင်းအုပ်စုတစ်စုကိုဖန်တီးလိုက်သည်။


[[ကျောင်းယန်ယွိ: စနစ်ရဲ့ပျော်ရွှင်မှုကို ခင်ဗျား စိတ်ကူးလို့ရမှာမဟုတ်ဘူး။]]


တွဲလျက်တင်ထားသောဓာတ်ပုံမှာ နာမည်ကြီးလာသော ကွန်ပျူတာ CPU ပုံးတစ်ပုံးဖြစ်နေသည်။


စနစ်ရဲ့ပျော်ရွှင်မှုတဲ့လား။


ဝမ်းချန်ရှီးက လူငယ်များ၏ အွန်လိုင်းအသုံးအနှုန်းများကို သေချာနားမလည်သော်လည်း သူက ထိုသူကို လက်မပေးလိုက်လေသည်။


***


စာရေးသူတွင်ပြောစရာရှိပါသည်။


PS--


လက်တွေ့ဘဝမှာ ကုမ္ပဏီတွေက လစာတိုးပေးဖို့ဆိုတာမဖြစ်နိုင်မှန်း ငါသိပါတယ်(ဆိုရှယ်ကျသောသတ္တဝါပေးတဲ့မျက်ရည်မှ) ဒီတော့ ငါက ဝတ္ထုတွေမှာပဲစိတ်ကူးယဥ်တာ၊  ကုမ္ပဏီရဲ့သွေးကိုညှစ်ထုတ်၊ ရှောင်ရှို့အတွက် အကြောင်းအမျိုးမျိုးပြပြီး လစာတိုးပေးဖို့ သူ့ကိုတောင်းဆိုကြ၊ လစာပေးပါ၊ ဘောနပ်စ်ပေးပါ။


မြေနေရာနည်းနည်းနှင့် တောင်ပေါ်စိုက်ခင်းများကိုပိုင်သည့် ကွန်မန်ဒါလောင်ကျောင်းက သူ့သားပို့ပေးသော အသုံးစရိတ်များကို မျက်ရည်လည်ရွှဲဖြင့်ယူပြီး စာပြန်ပို့လိုက်လေသည်။


"ရှောင်ရှီးရီ၊ မင်းစုတဲ့ပိုက်ဆံနဲ့ အဖေ မြေအောက်တိုက်ခန်းတစ်ခန်းဝယ်လိုက်တယ်၊ ဒါက မင်းစုထားတဲ့လစာနဲ့ ဝယ်ဖြစ်တဲ့အိမ်ပဲ၊ မင်းကအရမ်းတော်တာပဲ.."


မြေအောက်တိုက်ခန်းက တစ်သန်းပေးရပြီး လောင်ကျောင်းရထားသည်မှာ ၈၈၀၀၀၀ ဖြစ်လေသည်။


ဟယ်လန်XD: ငါလည်းလစာတိုးချင်တယ်လေ။


Spoiler: ရှောင်ယွိက ရှောင်ရှောင်းရှီးကို လက်ဆောင်ပေးတော့မယ်။ ဘာလေးများဖြစ်မလဲ။


ဘာသာပြန်သူအမှာ: လစာတိုးပေးပါ။ ဘောနပ်ပေးပါ။ [T T][T T]




❓️❓️❓️