Ch 8
Viewers 3k

❓️Chapter 8

သူတို့ရဲ့ညီအစ်ကိုဆက်ဆံရေးက နောက်တစ်ဆင့်တက်သွားပြီ




ကျိအိမ်တွင်။


ကျိကျစ်ယွမ်၏မွေးနေ့ပါတီမှာ ဧည့်သည်များရောက်လာခြင်းနှင့်စတင်လေသည်။


အနုပညာလောကတစ်ခုလုံးကိုလွှမ်းမိုးထားသော မီဒီယာအဖွဲ့ကြီးတစ်ခုအနေဖြင့် ဤဧည့်ခံပွဲသို့ရောက်လာသောလူများ၏ ရှစ်ဆယ်ရာခိုင်နှုန်းက ရုပ်ရှင်မင်းသား၊ အဆိုတော်၊ ဒါရိုက်တာ အစရှိသည့်ဧည့်သည်များဖြစ်ပြီး ကျန်ဧည့်သည်များက သာမန်ရင်းနှီးမြုပ်နှံသူများဖြစ်၏။


သို့သော် သူငယ်ချင်းအဖြစ် ဧည့်ခံပွဲသို့တက်လာသောဝမ်းချန်ရှီးမှာ ကျိကျစ်ယွမ်ထက်ပိုပြီး အာရုံစိုက်ခံနေရလေသည်။


ဝမ်းချန်ရှီးက ဧည့်ခံပွဲခန်းမတွင် ခဏလေးရပ်နေလိုက်ရုံနှင့် လူအများအပြားကရောက်လာကာ သူနှင့်စကားပြောရန်ကြိုးစားကြလေသည်။ သူတို့အနက်အများစုက အမည်ကျော်ကြားသူများနှင့် အနုပညာအသိုင်းအဝိုင်းမှဖျော်ဖြေသူများဖြစ်သည်။ အမျိုးသားရောအမျိုးသမီးပါ ပါဝင်ပြီး ဇာတ်လိုက် ကျိကျစ်ယွမ်ထက်ပင်ပို၍ နာမည်ကြီးနေလေတော့သည်။


ကျိကျစ်ယွမ်က စူပုပ်နေသောမျက်နှာဖြင့်ပြောလာ၏။


"ဒါက ငါ့ရဲ့မွေးနေ့လား မင်းရဲ့မွေးနေ့လား.."


လိရှီး: "Pfft..မင်းက ကစားရတာကြိုက်ပြီး အသိုင်းအဝိုင်းထဲကလူတွေအများကြီးက မင်းနဲ့ပတ်သက်တယ်လို့ ဘယ်လူကမသိလို့လဲ၊ မင်းနဲ့ယှဥ်ရင် ပန်းမပွင့်တဲ့နှစ်တစ်သောင်း သံမဏိသစ်ပင်ကြီးလောင်ဝမ်းကမှ ပိုပြီးနာမည်ကြီးဦးမယ်.."


ကျိကျစ်ယွမ်: "အဲဒါတွေအကုန်လုံးက ကောလဟလတွေဟ.."


မကြာမီမှာပင် သူကဝမ်းချန်ရှီးကို သိချင်စွာဖြင့်မေးလိုက်လေသည်။


"မင်းနဲ့စကားလာပြောတဲ့ ကုမ္ပဏီက အနုပညာရှင်တွေအများကြီးကိုငါတွေ့လိုက်တယ်၊ တစ်ယောက်က ထိပ်တန်းစာရင်းဝင်ပြီး အတော်လေးကြည့်ကောင်းတဲ့ ရှောင်လန်ပေါ့၊ တွေ့လိုက်လား.."


ဝမ်းချန်ရှီး: "ဘယ်တစ်ယောက်လဲ.."


ကျိကျစ်ယွမ်က နောင်တရသွားလေသည်။


"ဒီဖေ..ကြည့်ရတာ မင်းကစိတ်မဝင်စားသလိုပဲ.."


မဟုတ်လျှင် ဘယ်တစ်ယောက်လဲ ဟုမေးနေမည်မဟုတ်ပေ။


ဝမ်းချန်ရှီးက ကျိကျစ်ယွမ်ကို ဝိုင်တစ်ခွက်ဖြင့်စနောက်လိုက်၏။


"ဟက်ပီးဘက်ဒေး၊ ငါအနောက်ဘက်ဥယျာဥ်ထဲကို အရင်သွားထိုင်နှင့်တော့မယ်.."


ထိုသူက ယခုလိုပွဲမျိုးကိုငြီးငွေ့တတ်ကြောင်းသိနေ၍ ကျိကျစ်ယွမ်က လက်ကိုယမ်းပြလိုက်သည်။ 


"သွားလေ၊ ငါ စားပွဲထိုးတွေကို လူတွေမလာအောင်လုပ်ခိုင်းလိုက်မယ်၊ ဘယ်သူမှမင်းကိုမနှောင့်ယှက်စေရဘူး၊ နောက်တစ်ခေါက်မှ လယ်ထဲကိုထပ်သွားပြီးပျော်ကြတာပေါ့၊ ငါ ရှောင်ကျောင်းအိမ်က အသီးတွေကို နည်းနည်းတော့လွမ်းမိသားကွ၊ အခြားနေရာတွေထက်တောင်ပိုချိုတယ်လေ၊ နောက်တစ်ခါကျရင် ရှောင်ကျောင်းကိုပါခေါ်ရအောင်၊ သူ့အိမ်ပဲဆိုတော့.."


ဝမ်းချန်ရှီးက မျက်ခုံးပင့်ပြကာ ပြန်မဖြေပေ။

ထို့နောက် သူက လူများကိုရှောင်ကာ အထူးလက်ထောက်လင်းပို့လာသော မက်ဆေ့ချ်ကိုစစ်ဆေးရန် အနောက်ဘက်ဥယျာဥ်ထဲ၌ တစ်ယောက်တည်းထိုင်နေလိုက်သည်။


[အထူးလက်ထောက်လင်း: R and D အင်ဂျင်နီယာဌာနမန်နေဂျာက ဌာနအကြီးအကဲကိုထပ်ပြီးတောင်းဆိုနေပါတယ်၊ ကျောင်းယန်ယွိကို ဝန်ဆောင်မှုစင်တာမှာထားမယ့်အစား R and D အင်ဂျင်နီယာဌာနကိုပြောင်းပေးဖို့မျှော်လင့်ပါတယ်တဲ့၊ သူက ယာယီကူညီပေးနေရတဲ့အဓိကပရောဂျက်တွေနဲ့ သိပ်မရင်းနှီးသေးဘူး၊ ကျောင်းယန်ယွိကို ဖွံ့ဖြိုးရေးနဲ့ပရောဂျက်ဒီဇိုင်းဌာနမှာ ဝင်လုပ်စေချင်လို့ပါတဲ့]


[ဝမ်းချန်ရှီး: ထပ်ငြင်းပြန်ပြီလား]


[အထူးလက်ထောက်လင်း: ဟုတ်ပါတယ်]


ဝမ်းချန်ရှီးက အောက်နှုတ်ခမ်းကိုအသာတွန့်ကွေးလိုက်သည်။ [အင်း]


အထူးလက်ထောက်လင်းခမျာ ဘော့စ်အဖြေကိုကြည့်ပြီး ဘော့စ်၏လက်ရှိအတွေးကို မသိတော့ပေ။


ဘော့စ်က ကျောင်းယန်ယွိဆိုသော ဤဝန်ထမ်းကိုစစ်ဆေးရန် သူ့ကိုခိုင်းခဲ့သည့်အချိန်ကတည်းက အထူးလက်ထောက်လင်းမှာ ဘော့စ်၏အတွေးကို အဖြေမရှာတတ်တော့ပေ။


ဥပမာပြောရလျှင် ကျောင်းယန်ယွိက ဒါရိုက်တာရွှီပြောသည့်အတိုင်း အရည်အချင်းရှိသည်။ ထို့နောက် ၎င်းမတိုင်ခင် ဝမ်းချန်ရှီးက သူ့ကို လစာကောင်းကောင်းနှင့်ရာထူးကောင်းကောင်းရှိသော အင်ဂျင်နီယာပိုင်းသုသေသနနှင့်ဖွံ့ဖြိုးရေးစင်တာတွင် အလုပ်ခန့်နိုင်ရန် အကောင်းဆုံးကြိုးစားမည်မှာ သေချာလှသည်။ 


ယခုမူ ဘော့စ်တွင် ထိုအကြံမရှိတော့ပုံရလေသည်။


**


ဥယျာဥ်ထဲတွင် ဝမ်းချန်ရှီးက အထူးလက်ထောက်လင်းကိုစာပြန်ပြီးနောက် ဖုန်းကိုမပိတ်ဘဲ ကျောင်းယန်ယွိ၏ WeChat avatar ကိုနှိပ်ကြည့်လိုက်သည်။


ကျောင်းယန်ယွိက Moment များတွင် ပုံတင်ရသည်ကိုနှစ်သက်သူမဟုတ်ပေ။ သူနောက်ဆုံးတင်ခဲ့သည့် moment မှာ သူသဘောကျသည့်အရာပင်ဖြစ်သည်။


နှစ်ယောက်ကြားမှစကားပြောနေရာတွင် သူတို့သူငယ်ချင်းဖြစ်သည့်နေ့က အသိပေးသောစနစ်မှအပ စကားပြောထားသည့်စာများမရှိပေ။


သူ့အရှေ့တွင်ရှိနေခဲ့စဥ်က သူ့အကြောင်းကိုပိုသိလာစေရန် အလွန်စိတ်ပါနေပြီး တက်ကြွနေခဲ့သောပုဂ္ဂိုလ်မှာ လွန်ခဲ့သောရက်နှစ်ဆယ်ကရှက်နေခဲ့သလိုရှောင်နေပြီး မက်ဆေ့ချ်တစ်စောင်ပို့ရန်ပင် ရှက်နေခဲ့သည်။


ကျောင်းယန်ယွိ၏ အရည်အသွေးမြင့်အိုင်ဒီဓာတ်ပုံမှာ ကွန်ပျူတာပေါ်တွင်ရှိနေဆဲပင်။


ကျောင်းယန်ယွိ၏အသွင်အပြင်နှင့် စိတ်ဓာတ်မှာ သူစံထားသည့်အချက်အပေါ်တွင်ရှိ(ကိုက်ညီ)နေသည်ကို ဝမ်းချန်ရှီးအနေဖြင့်ဝန်ခံရပေမည်။


သူ့အတွက် တစ်ဖက်လူ၏အစပျိုးမှုက နာကျင်မှုရော မရိုးမယွဖြစ်ခြင်းပါမရှိစေသလို စိတ်ဝင်စားစရာလည်းမကောင်းပေ။


သို့သော် တစ်လနီးပါးမျှမတွေ့ခဲ့ရသည့် ကျောင်းယန်ယွိက ဝမ်းချန်ရှီးကို တစ်ဖက်လူ၏လှုပ်ရှားမှုတိုင်း၊ စကားလုံးများနှင့် နောက်ဆုံးအကြိမ်ပြောခဲ့ကြသည့်စကားများကို ရှင်းလင်းပီသစွာမှတ်မိနေစေခဲ့သည်။(မထူးဆန်းပေမဲ့ မှတ်မိနေတယ်)


ဝမ်းချန်ရှီး၏မျက်လုံးများက ကျောင်းယန်ယွိ၏ဓာတ်ပုံအပေါ်တွင် နှစ်စက္ကန့်မျှရှိနေခဲ့သည်။ သူက လက်ချောင်းများဖြင့် တတောက်တောက်နှိပ်ပြီး စာရိုက်လိုက်သည်။ 


[ကျိကျစ်ယွမ်က မင်းရဲ့မွေးရပ်မြေမှာ ငါးလာမျှားချင်သေးတယ်လို့ပြောနေတယ်]


သူ စာရေး၍မပြီးသေးခင် မက်ဆေ့ချ်တစ်စောင်က စကားပြောခန်းထဲတွင် ရုတ်တရက်ပေါ်လာခဲ့သည်။


ဝမ်းချန်ရှီးက ကျောင်းယန်ယွိထံမှရောက်လာသောမက်ဆေ့ချ်ကိုကြည့်လိုက်ပြီး စာရိုက်နေသောလက်ချောင်းများကရပ်သွားခဲ့သည်။


 လက်ဆောင်လား။


သူက ရိုက်ထားသည့်စာများကိုဖျက်ပစ်ကာ လုံခြုံရေးခေါင်းဆောင်ကိုဖုန်းခေါ်လိုက်သည်။


နာရီဝက်မျှကြာသည့်အခါ လုံခြုံရေးက ကျောင်းယန်ယွိပေးထားခဲ့သောပစ္စည်းကို ပစ္စည်းရာချီကြားမှ ရှာတွေ့ပြီး ဝမ်းချန်ရှီးထံသို့ပို့လိုက်လေသည်။


ဝမ်းချန်ရှီးက လက်ဆောင်ဘူးကိုဖွင့်ပြီး **လက်လုပ်ပစ္စည်းလေးကိုထုတ်လိုက်သည်။(**handmade)


Q ဗားရှင်းကောင်လေးပုံစံ အရုပ်လေးနှစ်ရုပ်ပင်။ တစ်ရုပ်ကမျက်မှန်တပ်ထားသည်။ နှစ်ယောက်က လက်ချင်းတွဲထားပြီး အောက်ခံအပြားလေးတွင် 'ထာဝရ' ဟုရေးထားလေသည်။


ဝမ်းချန်ရှီးက မျက်ခုံးပင့်ပြီး ဓာတ်ပုံရိုက်ကာ ကျောင်းယန်ယွိထံသို့ပို့လိုက်လေ၏။


[ဝမ်းချန်ရှီး: ဒီနှစ်ယောက်ကဘယ်သူတွေလဲ]


[ကျောင်းယန်ယွိ: တစ်ယောက်က ကျွန်တော်၊ တစ်ယောက်က ခင်ဗျားလေ]


ကျောင်းယန်ယွိက ချက်ချင်းနီးပါးစာပြန်လိုက်သည်။ ယင်းက သူ့အဖေပေးထားသည့်အကြံအတိုင်းဖြစ်ပြီး တဖက်လူကို သူလိုချင်သည့်အရာကိုသိစေချင်ခဲ့သည်။


သူ၏ထိရှစေနိုင်သောစိတ်ရင်းအမှန်က ဤနေရာတွင် အလုံးစုံရှိနေသည်။


ညီအစ်ကိုကောင်းများ၊ တစ်ဘဝလုံး လက်ချင်းတွဲ၍ အတူတကွလျှောက်လှမ်းသွားကြမည်။


အစက အောက်ခံအပြားလေးတွင် သီချင်းသံထွက်သောစပီကာထည့်ချင်သည်။ ထိုသို့ထည့်ထားလျှင် "တသက်တာအတူလျှောက်လှမ်းသွားမည့်သူငယ်ချင်းများ" ဆိုသောသီချင်းက ခလုတ်ထိသည်နှင့်ထွက်လာပေလိမ့်မည်။ သို့သော်လည်း ဆိုင်ရှင်က အောက်ခံပြားမှာ သီချင်းသံထည့်သည့်ပစ္စည်းထားရန်သေးလွန်းနေသည်ဟုပြောခဲ့လေသည်။


[ကျောင်းယန်ယွိ: ကြိုက်လား]


ဝမ်းချန်ရှီးက 'ထာဝရ' ဆိုသောစကားလုံးကိုစိုက်ကြည့်နေပြီး ခဏမျှစကားမပြောနိုင်တော့ပေ။


ဝမ်းချန်ရှီးဘက်မှ အချိန်အတန်ကြာသည်အထိစာမပြန်လာသောကြောင့် ကျောင်းယန်ယွိမှာသူ၏ညီအစ်ကိုကောင်းက ၎င်းကို ကြိုက်မကြိုက်မသိပေ။


သူ(ဝမ်းချန်ရှီး) က သူ့ရဲ့စိတ်(ကျောင်းယန်ယွိ) ကိုနားလည်သွားတာများလား။


ကျောင်းယန်ယွိမှာ ပထမဆုံးအကြိမ်လူသားဖြစ်ခြင်းဖြစ်ပြီး အတွေ့အကြုံက အနည်းငယ်သာရှိသေးသော်လည်း စိတ်အလိုကျလုပ်၍မရသည့်ကိစ္စအများအပြားရှိသည်ကို သိလေသည်။ သူသာ တဖက်လူကို အတင်းမေးနေလျှင် စိတ်ကျေနပ်ဖွယ်ရာအဖြေကိုရမည်မဟုတ်ပေ။


ကျောင်းယန်ယွိက ဝမ်းချန်ရှီး၏ပြန်စာကိုမစောင့်နေတော့ဘဲ ဖုန်းကိုပြန်သိမ်းလိုက်ပြီး အိမ်ပြန်မည့်ဘတ်စ်ကားပေါ်သို့တက်လိုက်လေသည်။


သူက အလုပ်ပြီးသည်နှင့်အိမ်ပြန်တတ်ပြီး နေ့တိုင်း ညနေခြောက်နာရီခွဲတွင် ထမင်းစားလေသည်။


ထိုနေ့က သူအိမ်ပြန်ရောက်သည့်အချိန်မှာ ပုံမှန်ရောက်နေကျအချိန်ထက်နောက်ကျသောကြောင့် ထိုနေ့က ညစာမှာလည်းနောက်ကျသွားခဲ့သည်။ ကျောင်းယန်ယွိက စားပြီးအဆင့်သင့်ဖြစ်နေသင့်သော ခုနစ်နာရီမထိုးမချင်း စားပွဲတွင်မထိုင်ရသေးပေ။


ပုံမှန်ဆိုလျှင် ခုနစ်နာရီတွင် သူက သာမန်လူသားများ၏ဘဝကိုလေ့လာရန် တိုက်၏အောက်ထပ်ကိုရောက်ပြီးသားဖြစ်လေသည်။


ကျောင်းယန်ယွိမှာ အနည်းငယ်စိတ်ရှုပ်ထွေးနေခဲ့သည်။


စီစဥ်ထားသည့်ကိစ္စများ အချိန်မီမပြီးနိုင်ခြင်းမှာ .... နာရီမှမိနစ်လက်တံက သုညစက္ကန့်မှ ခြောက်ဆယ်စက္ကန့်အထိသွားရမည့်အစား နှစ်ဆယ်စက္ကန့်မှခြောက်ဆယ်စက္ကန့်သို့ တိုက်ရိုက်ရောက်သွားခြင်းနှင့် ဆင်တူလေသည်။ ၎င်းကသူ့ကို အလွန်နေရခက်ပြီး မအီမသာဖြစ်စေ၏။


သို့သော်လည်း မကြာမီမှာပင် သူစိတ်သက်သာရသွားသည်။


"လူသားတွေရဲ့ဘဝမှာ ပျော်ရတဲ့အချိန်လည်းရှိသလို စိတ်ဓာတ်ကျရတဲ့အချိန်လည်းရှိတာပါပဲလေ.."


"ငါက ငါ့ရဲ့ညီအစ်ကိုကောင်းဆီကနေ ပျော်ရွှင်မှုကိုရခဲ့တယ်၊ ဒါပေမဲ့ ဘဝကြီးကငါ့ကို အခြားအရာတစ်ခုကနေ စိတ်မချမ်း​မြေ့စရာတစ်ခုကိုပေးတယ်၊ ဒါက စွမ်းအင်ညီမျှမှုပဲ.."


သူနှင့်သူ့အဖေက အငြိမ်းစားယူပြီးနောက်ပိုင်း လူသားဖြစ်ရန်ရွေးချယ်လိုက်ကြရသည့်အကြောင်းအရင်းမှာ လူသားများက စက်နှင့်ကွဲပြား၍မဟုတ်ဘဲ ပရိုဂရမ်ရိုက်ထည့်ထားသောစက်များက ပြောင်းလဲ၍မရသောကြောင့်ပင်။ တဖက်၌ လူသားဘဝမှာ တာဝန်၊ သောင်းပြောင်းထွေလာများနှင့် ရှုပ်ထွေးမှုများရှိနေ၏။


ကျောင်းယန်ယွိက ဤကိစ္စကို ဆက်လက်မစဥ်းစားတော့ဘဲ သိပ္ပံတကျနည်းလမ်းဖြင့် စတင်ဝါးပြီး ဖြည်းဖြည်းချင်းမျိုချနေလေသည်။


မိနစ်နှစ်ဆယ်အတွင်း စားသောက်ပြီးစီးသည့်နောက် ငါးမိနစ်အတွင်း ပန်းကန်ဆေးကာ မီးဖိုချောင်ကိုသန့်ရှင်းရေးလုပ်လေသည်။ ကျောင်းယန်ယွိက လေ့လာသင်ကြားရန်အတွက် အောက်ထပ်ဆင်းရန်အသင့်ဖြစ်နေလေပြီ။


ထိုအချိန်မှာပင် သူ၏ဖုန်းက 'တင်းတောင်' ဆိုသောအသံဖြင့် ရုတ်တရက်မြည်လာခဲ့သည်။ တကယ်တမ်း၌ WeChat မှ အသိပေးသံဖြစ်၏။


ကျောင်းယန်ယွိ ဖုန်းကိုထုတ်ကြည့်လိုက်ရာ အချိန်အတန်ကြာစာမပြန်ခဲ့သောဝမ်းချန်ရှီးက နောက်ဆုံး၌စာပြန်လာသည်ကိုတွေ့လိုက်ရသည်။ 


[ကိုယ်မမုန်းပါဘူး]


ကျောင်းယန်ယွိ ချက်ချင်း ပျော်ရွှင်သွားခဲ့သည်။


ညီအစ်ကိုကောင်းက သူမမုန်းသည့်အကြောင်းပြောခဲ့သည်။


သူ မမုန်းလျှင် အလွန်သဘောကျသည်ဟုဆိုလိုသည်။


[ကျောင်းယန်ယွိ: ဒီလိုဆိုရင် ကျွန်တော်စိတ်အေးရပါပြီ]


ကျောင်းယန်ယွိမှာ ယခုထိ ကျိအိမ်တွင်ရှိနေသေးသောဝမ်းချန်ရှီးက သူပေးလိုက်သောလက်ဆောင်ကို အချိန်အကြာကြီးစိုက်ကြည့်နေမှန်းမသိပေ။


မွေးနေ့ပွဲကို တရားဝင်စတင်သည်မှာ အတန်ကြာပြီဆိုသော်လည်း လူတိုင်းက ဝမ်းချန်ရှီးကိုစိတ်ဝင်စားနေကြသည်။ တစ်သုတ်ကိုရှင်းပြီးသွားလျှင် နောက်တစ်သုတ်ကရောက်လာပြန်သည်။ ကျိကျစ်ယွမ် ရွေးစရာမရှိတော့ဘဲ အနောက်ဘက်ဥယျာဥ်မှဝမ်းချန်ရှီးကိုပြန်ခေါ်ရတော့သည်။


သူ ဥယျာဥ်ကိုရောက်သည်နှင့် ဝမ်းချန်ရှီးက ထိုနေရာတွင်ထိုင်ရင်း ပစ္စည်းတစ်ခုအားကြည့်နေသည်ကိုမြင်လိုက်ရသည်။


ကျိကျစ်ယွမ်မှာ အကြီးအကျယ်ရှော့ခ်ရသွားခဲ့သည်။ သူ့သူငယ်ချင်းက ဖုန်း သို့မဟုတ် ကွန်ပျူတာကိုသုံးကာ အလုပ်လုပ်နေခြင်းမဟုတ်ဘဲ တစ်ခုခုအားစိုက်ကြည့်နေသည်ကိုမြင်ရသည်မှာပထမဆုံးအကြိမ်ပင်။


 ..ဟင်..ဟန်းမိတ်အရုပ်လေးပါလား..(handmade)


ကျိကျစ်ယွမ် ထူးဆန်းနေဟန်ဖြင့်မေးလိုက်သည်။


"လောင်ဝမ်း၊ ဘာလို့ ဒါကိုစိုက်ကြည့်နေတာလဲ၊ ထူးဆန်းတယ်၊ ဒါဘယ်ကရောက်လာတာလဲ၊ ဒါကို ငါတို့အိမ်ထဲမှာမမြင်ဖူးပါဘူး.."


သူက ယူရန်လက်လှမ်းလိုက်သော်လည်း ဝမ်းချန်ရှီးထံမှအတားခံလိုက်ရသည်။


ဝမ်းချန်ရှီးက ထိုအရုပ်ကိုဘေးချကာ တည်ငြိမ်စွာမေးလိုက်လေသည်။


"ဧည့်ခံပွဲကစနေပြီလား.."


ကျိကျစ်ယွမ်က ယခုထိ စိတ်နှင့်လူမကပ်သေးပေ။


"အာ..အင်း...စတာဖြင့်ကြာလှပြီ.."


ကျိကျစ်ယွမ်မှာ စကားဆုံးသည်နှင့် ဝမ်းချန်ရှီးက သူ၏ဟန်းမိတ်အရုပ်လေးကို ဈေးကြီးသောဝတ်စုံ၏အိတ်ကပ်ထဲသို့ထည့်လိုက်ပြီး အပေါ်ဝတ်အင်္ကျီအိတ်ကပ်ထဲမှပဝါအစလေးကို ဆွဲထုတ်လိုက်သည်။ စက်ချုပ်သမားကောင်းကိုယ်တိုင်ချုပ်ပေးထားသောဝတ်စုံမှာ ပုံပန်းတကျဖြစ်သည်အထိ အနည်းငယ်ဆွဲဆန့်လိုက်ရသည်။


ကျိကျစ်ယွမ်မှာ နောက်ဆုံး၌နားလည်သွားပြီးမေးလိုက်သည်။


"ဒါက မင်းပစ္စည်းလား.."


ဝမ်းချန်ရှီးက အင်း ဟုတုံ့ပြန်ကာပြောလိုက်သည်။


"ငါ့ကို လူတစ်ယောက်ကပေးထားတာ.."


ကျိကျစ်ယွမ်: "??"


သခင်လေးကျိမှာ ပို၍ပင် နားမလည်နိုင်ဖြစ်သွားခဲ့သည်။


ဝမ်းချန်ရှီးကို ဒီလိုပစ္စည်းမျိုး ဘယ်သူပေးတာလဲကွာ။


ဒီလိုပစ္စည်းမျိုးက ဆယ်ဒေါ်လာ မဟုတ်ရင် အလွန်ဆုံးရှိမှဒေါ်လာတစ်ရာလောက်ပဲ..အဲဒီလူက တကယ်ပဲ ဝမ်းချန်ရှီးကိုပေးတယ်..ပေးတဲ့လူက ပေးတဲ့အချိန်မှာ လောင်ဝမ်းက ဘယ်အရွယ်ရှိနေပြီလဲဆိုတာ တစ်ခါမှမတွေးမိတာများလား..


"နေစမ်းပါဦး၊ ဒီပုံစံက လူတွေလက်ထပ်တဲ့အခါ၊ မင်္ဂလာကားမှာအလှဆင်တဲ့၊ ကားအရှေ့မှာထားတဲ့ သတို့သားသတို့သမီးအရုပ်လေးနဲ့ အတော်တူတာပဲ.."


အရှေ့မှလျှောက်နေသောဝမ်းချန်ရှီးက ထိုစကားကြားရသည့်အခါ ခြေလှမ်းကိုအနည်းငယ်လှည့်လိုက်သည်။ သူကခဏမျှရပ်နေပြီးမှ ကျိကျစ်ယွမ်ကို အေးဆေးစွာမေးလိုက်လေ၏။


"မင်းလာနေရဲ့လား.."


ကျိကျစ်ယွမ်က ခပ်တိုးတိုးပြောလိုက်သည်။


"လာပါပြီကွာ၊ လာပါပြီ၊ တကယ်တူတာကွ၊ ဘယ်သူ့ကိုမှမပြောနေနဲ့ဦး..ဒါနဲ့..ပြီးရင် ရှေ့ထွက်ပြီးတောင်းပန်လိုက်ဦး၊ လူတွေအများကြီး မင်းကိုရှာနေကြတယ်.."


ဝမ်းချန်ရှီးကမငြင်းသလို သိပြီးသားလည်းဖြစ်နိုင်သည်။ 


"အင်း.."


နှစ်လှမ်းမျှလျှောက်ပြီးနောက် ဝမ်းချန်ရှီးက ရုတ်တရက်မေးလာခဲ့သည်။


"လူတစ်ယောက်ကမင်းကို လက်ဆောင်ပေးရင် ပြန်ပေးမှမှန်တာမဟုတ်လား.."


ကျိကျစ်ယွမ် ပုခုံးတွန့်ပြီးပြောလိုက်သည်။


"ဆက်ဆံရေးအပေါ်မှာမူတည်တယ်၊ မကောင်းတဲ့ဆက်ဆံရေးမျိုးရှိရင် ငါကတော့ လက်ဆောင်ကိုလက်ခံမှာမဟုတ်ဘူး၊ ဒါပေမဲ့ ဆက်ဆံရေးကကောင်းတယ်ဆိုရင် သေချာပေါက် ပြန်ပေးမှာပါ.."


ဝမ်းချန်ရှီးက အင်းဟုဆိုကာ ပြန်ပေးရမည့်လက်ဆောင်ကို စိတ်ထဲ၌ စတင်စဥ်းစားနေလေတော့သည်။


***


နောက်တနေ့။


ကျောင်းယန်ယွိက သူ့ကတ်ဖြင့် အခန်းထဲဝင်ကာ စားပွဲတွင်ထိုင်လိုက်ပြီးနောက် ထိုအပေါ်မှ လှပစွာထုတ်ပိုးထားပြီး အထဲတွင် လက်ဖဝါးအရွယ်ကိတ်လေးတစ်တုံးပါသောဘူးလေးတစ်ဘူးကိုတွေ့လိုက်ရသည်။ 


ကျောင်းယန်ယွိက ကိတ်ကိုကြည့်ပြီး ခေါင်းထဲ၌ မေးခွန်းသင်္ကေတတစ်ခုပေါ်လာလေသည်။


အခြားလုပ်ဖော်ကိုင်ဖက်များကမူ မေးမြန်းနေကြ၏။


"ရှောင်ကျောင်း၊ ကိတ်ကိုဘယ်သူပေးတာလဲ၊ ဘေးအခန်းက ဝန်ဆောင်မှုဌာနက အမျိုးသမီးလေးလား.."


"မင်း မနက်ကရောက်လာတော့မတွေ့ဘူးလား၊ ငါလာတော့ အဲဒါကဒီအပေါ်ရောက်နေပြီလို့ထင်တာပဲ.."


ကျိုးချွမ်က စူးရှသည့်မျက်လုံးများရှိပြီး အံ့အားသင့်နေဟန်ဖြင့်ပြောလိုက်သည်။


"ဒီကိတ်ကအရမ်းဈေးကြီးတာ၊ ပိုက်ဆံရှိရင်တောင်ဝယ်လို့ရတာမျိုးမဟုတ်ဘူး၊ အကြာကြီးလည်းတန်းစီရသေးတယ်၊ မနက်ပိုင်းအစောကြီးပဲရှိသေးတယ်၊ ဆိုင်ကအခုထိမဖွင့်လောက်သေးဘူး၊ ရှောင်ကျောင်း မင်းဘယ်လိုရတာလဲ.."


ကျောင်းယန်ယွိက အလေးအနက်ပြောလိုက်သည်။


"ကျွန်တော့်ကိတ်မုန့်မဟုတ်ဘူး.."


"ဒါပေမဲ့ ငါတို့လာတော့ မင်းရဲ့စားပွဲပေါ်ကိုရောက်နေပြီလေ၊ မင်းအတွက်ပဲနေမှာပေါ့၊ ​ဒီမှာကြည့် စာရွက်လေးတောင်ပါသေးတယ်.."


ကျောင်းယန်ယွိ ဘူးကိုစစ်ကြည့်လိုက်ပြီး ဘူးအောက်တွင် မှတ်စုစာရွက်လေးတစ်ခုရှိနေခဲ့သည်။ အပေါ်တွင် ကျောင်းယန်ယွိထံသို့ ဟုရေးထားလေသည်။ လက်မှတ်ထိုးသူမှာ 'ဝမ်း' ဆိုသော စာလုံးတစ်လုံးပါလေ၏။


ကျိုးချွမ်: "ဆိုတော့..မင်းအတွက်လား.."


ကျောင်းယန်ယွိ: "ဟုတ်တယ်.."


ဤစကားကိုကြားလိုက်ရသည့်အခါ ရုံးထဲမှလူတိုင်း မနာလိုဖြစ်နေဟန်ဖြင့် 'ဟမ်' ဟုအော်လိုက်ကြပြီး ၎င်းက မိန်းမပျိုလေးတစ်ယောက်ထံမှဖြစ်ကြောင်းနှင့် မိန်းမပျိုလေးက မည်သည့်နေရာရောက်နေကြောင်း မေးမြန်းလာကြတော့သည်။


ကံကောင်း၍ လူတိုင်းက စနောက်နေကြရုံသာ။ ခဏအကြာတွင် ပြင်ဆင်မှုကိုစတင်ကြပြီး အလုပ်စလုပ်ကြလေသည်။




❓️❓️❓️