Ch 15
Viewers 3k

❓️Chapter 15

ကျောင်းယန်ယွိက သူ့အပေါ်မှာ အဲဒီလိုအတွေးမျိုး လုံးဝမရှိနေဘူး




နောက်တစ်နေ့မနက် အလုပ်သို့ရောက်သည့်အခါ ကျောင်းယန်ယွိက ဆိပ်ကမ်းမှဉာဏ်ရည်မြင့်ကွန်တိန်နာ၏ အလိုအလျောက်စီမံရေးနှင့်ထိန်းချုပ်ရေးစနစ်၏အစီအစဥ်အသစ်ကို ဒါရိုက်တာရွှီထံသို့ပေးလိုက်လေသည်။


သူ အစက ဝမ်းချန်ရှီးကို​ပြောချင်ခဲ့သည်။ သို့သော် သူသာ စိတ်ထင်နေ၍လားမသိသော်လည်း မနေ့ညက ဖုန်းမချခင်တွင် ဝမ်းချန်ရှီးကစိတ်အခြေအနေမကောင်းသလိုဖြစ်နေသည်ဟု သူခံစားလိုက်ရသည်။


ထိုသူက အလုပ်တွင် ပင်ပန်းလာ၍လည်းဖြစ်နိုင်လေသည်။


ကျောင်းယန်ယွိက နောက်တစ်ကြိမ်ပြန်တွေးလိုက်သည်။ သူတင်ပြထားသောအစီအစဥ်အသစ်က ပရောဂျက်တစ်ခုဖြစ်နေသည်။ ပရောဂျက်ဖြစ်နေ၍ စည်းမျဥ်းနှင့်လုပ်ကိုးလုပ်စဥ်အတိုင်းသွားခြင်းကသာ သဘာဝကျပေမည်။


သူက သူ့ညီအစ်ကိုကောင်း၏ကုမ္ပဏီကို အကျိုးအမြတ်ရရန်ကူညီပေးချင်သည်ဆိုသော်လည်း အစီအစဥ်တိုင်းက ခွင့်ပြုချက်လိုအပ်သည်။ ပရောဂျက်အကောင်အထည်ပေါ်လာမှ အပြီးအထိလုပ်သင့်မလုပ်သင့်ကို ဆုံးဖြတ်နိုင်လိမ့်မည်။


ဒါရိုက်တာရွှီမှာ သူ၏အစီအစဥ်ကိုတွေ့သည့်အခါ အံ့ဩသွားပြီး မေးမြန်းလာလေသည်။


"အမြန်နှုန်းကဒီလောက်တောင်တိုးသွားတာလား.."


ကျောင်းယန်ယွိ: "ဟုတ်ပါတယ်.."


ဒါရိုက်တာက ကျောင်းယန်ယွိကို သေချာကြည့်နေသည်။


သူက ယခင်က ကျောင်းယန်ယွိမှာ အလွန်တော်ကြောင်းမြင်တွေ့ခဲ့ရသည်။ မဟုတ်ပါက ထိုသူကို အင်ဂျင်နီယာဌာနတွင်ထားရန်အတွေးမျိုး ရှိလာမည်မဟုတ်ပေ။


သို့သော် ကျောင်းယန်ယွိက သူထင်ထားသည်ထက်ပိုပြီး အထင်ကြီးစရာကောင်းနေမည်ဟု မထင်ထားခဲ့ပေ။


တောင်းဆိုချက်ကိုဖတ်ပြီးသည့်နောက် ဒါရိုက်တာရွှီက စိတ်လှုပ်ရှားသွားလေသည်။


"တကယ်သာအောင်မြင်ခဲ့ရင်..ငါတို့ပရောဂျက်က ဝင်ငွေအများကြီးရမှာ၊ စမ်းကြည့်ပြီးပြီလား၊ ဘယ်လောက်အတိအကျ မြန်လဲ၊ ကုန်ကျစရိတ် ဘယ်လောက်ရှိလဲ.."


ကျောင်းယန်ယွိကမူ ထူးထူးခြားခြားအောင်မြင်သွားသည့်ကိစ္စမဟုတ်သည့်အတိုင်း တည်ငြိမ်နေဆဲပင်ဖြစ်လေ၏။


"အခုထိ အစီအရင်ခံစာမရှိသေးပါဘူး၊ ပြီးတော့ နည်းပညာဝန်ဆောင်မှုဌာနက ကွန်ပျူတာတွေက စမ်းသပ်မှုကိုမလုပ်ပေးနိုင်ပါဘူး၊ ကျွန်တော် အင်ဂျင်နီယာဌာနက ကွန်ပျူတာတွေကိုသုံးချင်ပါတယ်.."


ဒါရိုက်တာရွှီက လက်ယမ်းပြလိုက်သည်။


"သုံးလို့ရတယ်၊ သွားလုပ်တော့၊ အချက်အလက်ရရင် ငါမင်းအတွက် အစီအရင်ခံစာရေးပေးမယ်.."


ထို့နောက် သူက ထပ်ဖြည့်ပြီးပြောလိုက်သေးသည်။


"မင်းကတော့ တကယ်ပဲ ငါတို့အင်ဂျင်နီယာဌာနကို လာခဲ့ပါလို့မပြောဘူးလား၊ ဒါပေမဲ့ မင်းကငြင်းနေတယ်လေ ၊ နည်းပညာဝန်ဆောင်မှုဌာနက ဘယ်နားကောင်းနေလို့လဲ၊ အိုကေ အိုကေ..ငါဆက်မပြောနေတော့ဘူး၊ အချက်အလက်တွေကိုပဲအရင်ယူမယ်၊ မင်းနဲ့အတူ ပြီးတဲ့အထိ အချိန်ပိုဆင်းခိုင်းလိုက်မယ်.."


ကျောင်းယန်ယွိက အနည်းငယ်ပင်မလှုပ်ဘဲ အလေးအနက်ထားကာတုံ့ပြန်လိုက်ငည်။


"ဒီညကို ကျွန်တော့် ညဥ့်နက်တဲ့အထိအလုပ်မလုပ်ဘူး၊ ကျွန်တော်ချိန်းထားတာရှိတယ်.."


ဒါရိုက်တာရွှီ တံတွေးသီးသွားလေသည်။


"အချက်အလက်တွေက တတ်နိုင်သမျှအမြန်ရလာမှဖြစ်မှာလေ.."


ကျောင်းယန်ယွိက အလုပ်လုပ်ရန်ထွက်သွားလေပြီ။


ဒါရိုက်တာရွှီက သူ့ကိုကြည့်နေသည်။ အမြဲဤပုံစံဖြင့်တည်ငြိမ်စွာ လမ်းလျှောက်သွားကာ လက်ကိုထောင့်မှန်အတိုင်းလွှဲယမ်းသွားခဲ့သည်။ အလောတကြီးဖြစ်နေပြီး စီမံခန့်ခွဲနေလေ၏။ 


ဒီနေ့ခေတ်လူငယ်လေးတွေက ဘယ်လိုအလုပ်ကြိုးစားရမယ်ဆိုတာမသိကြဘူးပဲ။ သူတို့က ပိုက်ဆံစုပြီး မြန်မြန်လေးအိမ်တစ်လုံးဝယ်တာမျိုးကို မလုပ်ချင်ကြတော့ဘူးလား။


ထို့အပြင် အထက်ပိုင်းမှစီမံအုပ်ချုပ်နေပုံကို သူနားမလည်နိုင်တော့ပေ။ သူ လွှဲပြောင်းပေးရန်တောင်းဆိုချက်မှာ ယခုထိ အတည်မပြုသေးပေ။ မစ္စတာဝမ်းက ဒီပါရမီရှင်လေး အတွေးမှားနေတာကို ထိုင်ကြည့်နေတာလား။


ကျောင်းယန်ယွိက ဒါရိုက်တာရွှီ၏အတွေးကို သတိမထားမိဘဲ။ လိုအပ်သောပစ္စည်းများကိုစုပြီး ပရိုဂရမ်အသစ်ကို စတင်လည်ပတ်နေလေသည်။


သူ၏ညီအစ်ကိုကောင်းက သူ့ကိုလစာတိုးပေးထားသောကြောင့် သူက သူ့ညီအစ်ကိုကောင်း၏ကုမ္ပဏီကို ပိုက်ဆံပိုရရန်ကူညီပေးရပေမည်။


၎င်းကို အပြန်အလှန်ခင်မင်မှုဟု ယူဆနိုင်သည်မဟုတ်ပါလား။


ကျောင်းယန်ယွိက ယခင်ဘဝဟောင်းတွင် သူနှင့်အတူရှိခဲ့ဖူးသော host ကိုပြန်တွေးကြည့်မိသည်။ Host ကအစပိုင်းတွင် အလွန်ခက်ခဲခဲ့သော်လည်း ထိပ်ဆုံးကိုရောက်သည့်အခါ သူတို့၏ရင်းနှီးသောသူငယ်ချင်းအများစုက ဘော့စ်အကြီးစားများဖြစ်လာကြသည်။


သူတို့က Host ကို ပိုက်ဆံ၊ ပစ္စည်းများနှင့်ရှားပါးရတနာများကိုပေးကြသည်။ သို့မဟုတ် ကြီးမားသောရာထူးများနှင့် အောင်မြင်မှုကိုပေးကြလေသည်။


ကျောင်းယန်ယွိက သူ၏ညီအစ်ကိုကို ပိုက်ဆံပိုရရန်သာကူညီပေးနိုင်လေသည်။


နေ့လယ်ပိုင်းအလုပ်နားသည့်အခါ ပရိုဂရမ်၏ အချက်အလက်စုဆောင်းမှုမှာ မပြီးသေးပါချေ။ သို့သော် ကျောင်းယန်ယွိက နောက်ကျသည်အထိမနေခဲ့ပေ။ ထိုအစား ဝမ်းချန်ရှီး၏အထူးကားပါကင်ရှိသော မြေအောက်ကားပါကင်သို့ ဦးတည်သွားလေသည်။


ယနေ့ညတွင် ကျိကျစ်ယွမ်က ညစာကျွေးရန် သူ့ကိုဖိတ်ခေါ်ထားသောကြောင့် ဝမ်းချန်ရှီးကသူ့ကို ထိုနေရာအထိမောင်းပို့ပေးကာ နေရာတွင်တွေ့ရန် သဘောတူထားလေသည်။


ကျောင်းယန်ယွိက ခဏမျှစောင့်နေရမည်ဟုထင်ခဲ့သော်လည်း သူကားအနားသို့ရောက်သည်နှင့် ပြတင်းမှန်က အောက်ကျလာပြီး သူစောင့်နေသော ဝမ်းချန်ရှီး၏ နူးညံ့သည့်မျက်နှာကပေါ်လာလေသည်။


ကျောင်းယန်ယွိ၏မျက်လုံးများက တောက်ပသွား၏။


"အားရှီး.."


ဝမ်းချန်ရှီး၏မျက်မှန်နောက်မှမျက်လုံးများမှာ ကျောင်းယန်ယွိ၏မျက်နှာပေါ်တွင် နှစ်စက္ကန့်မျှဝဲနေပြီးမှပြောလိုက်သည်။


"တက်လေ.."


"အိုကေ.."


ကျောင်းယန်ယွိက ကားအနောက်ဘက်သို့ဝင်လိုက်ပြီး ဝမ်းချန်ရှီးနှင့်အတူထိုင်လိုက်လေသည်။


ဒရိုင်ဘာက သူကားပေါ်ရောက်သည်အထိစောင့်နေပြီးမှ ကားစက်နှိုးကာ ကားပါကင်ထဲမှ ဖြည်းဖြည်းချင်းထွက်လာလေသည်။


ကျောင်းယန်ယွိကမေးလိုက်သည်။


"အကြာကြီးစောင့်လိုက်ရလား.."


ဝမ်းချန်ရှီးက ခေါင်းယမ်းပြလိုက်သည်။


"မစောင့်လိုက်ရပါဘူး၊ ကိုယ်လည်း အခုလေးတင်ပဲဆင်းလာတာလေ.."


ကျောင်းယန်ယွိက ဆက်ပြောလိုက်သည်။


"ဘယ်မှာသွားစားကြမှာလဲ.."


မကြာမီမှာပင် ကျောင်းယန်ယွိက ယနေ့တွင် ဝမ်းချန်ရှီး သွက်သွက်လက်လက်မရှိနေသည်ကိုသတိထားမိသွားသည်။


ကျောင်းယန်ယွိကသူ၏ညီအစ်ကိုကိုဂရုစိုက်ပေးနေသောကြောင့် တိုက်ရိုက်ပင်မေးလိုက်သည်။


"ဘာဖြစ်နေတာလဲဟင်.."


ဝမ်းချန်ရှီးက ငြိမ်နေတုန်းပင်။


သူလှည့်ကြည့်လိုက်သည့်အခါ လူငယ်လေး၏မျက်လုံးထဲမှစိတ်ဝင်စားမှုများက လွဲမှားခြင်းမရှိသောစိုးရိမ်ပူပင်မှုတစွန်းတစဖြင့် ရိုးသားဖြူစင်နေလေသည်။


အလွန်တရာမှ စိတ်ရင်းမှန်ပြီး တည့်တိုးဆန်သည်။


ဝမ်းချန်ရှီးက မျက်မှန်ကိုချွတ်ပြီး မျက်ခုံးကိုပွတ်သပ်ကာ နူးညံ့စွာရှင်းပြလိုက်လေသည်။ 


"အလုပ်မှာ ပင်ပန်းလို့ဖြစ်မှာပါ.."


ကျောင်းယန်ယွိကလည်း အလုပ်ကြောင့်ဖြစ်မည်ဟု ခန့်မှန်းမိသောကြောင့် ထိုသူ့အပေါ်ကိုသံသယမဝင်တော့ဘဲ နားလည်ကြောင်း ပြလိုက်လေသည်။


ထို့အပြင် ဝေ့လန်နည်းပညာကုမ္ပဏီမှာ ဌာနအခွဲများနှင့်အမျိုးမျိုးသောပရောဂျက်များဖြင့် အလွန်ကြီးမားသောကုမ္ပဏီကြီးဖြစ်လေသည်။ ဝမ်းချန်ရှီးမှာ ကြီးမားသောဆုံးဖြတ်ချက်များအားလုံးကိုချပေးရန်လိုအပ်သည်။ မည်သို့များ မပင်ပန်းဘဲနေပါမည်နည်း။


ကုမ္ပဏီ၏လုပ်ဆောင်ချက်မကောင်းလျှင် လစာအပေါ်ကိုသက်ရောက်နိုင်ပြီး စားဝတ်နေရေးအတွက် ကုမ္ပဏီအပေါ်မှီခိုနေရသည့် မရေမတွက်နိုင်သောမိသားစုများက ထောင်နှင့်ချီကာရှိနေသည်။ 


ဤတာဝန်အလေးကြီးက သာမန်လူများ ထမ်းနိုင်မည့်အရာမျိုးမဟုတ်ပေ။


ကျောင်းယန်ယွိက ဝမ်းချန်ရှီး၏လက်ကိုဆွဲကာ ရိုးသားစွာပြောလိုက်လေ၏။


"စိတ်ချပါ၊ ကျွန်တော်က ခင်ဗျားပိုက်ဆံရှာတာကိုကူညီပေးမယ်.."


သူက ထပ်ဖြည့်ပြောလိုက်သည်။


"ပိုက်ဆံအများကြီးရအောင်ကူညီပေးမှာ.."


ဝမ်းချန်ရှီး၏ခန္ဓာကိုယ်မှာ အနည်းငယ်တောင့်သွား၏။


တဖက်လူ၏လက်က ဝမ်းချန်ရှီး၏လက်နည်းတူ သွယ်လျကာ ဖြူဖွေးသည်။ လက်ချောင်းထိပ်လေးများက အနည်းငယ်အေးမြနေပြီး လက်ဖဝါးမှာ သူထင်ထားသလိုနွေးထွေးနေခြင်းမျိုးမရှိပေ။ တနည်းအားဖြင့် အတိုင်းအဆမရှိချစ်စရာကောင်းကာ တည်ငြိမ်စေသည့်ခံစားချက်မျိုးကိုပေးလေသည်။


သူ၏ခန္ဓာကိုယ်အပူချိန်က ငါးတစ်ကောင်ပမာ အေးစက်လေသည်။ ဝမ်းချန်ရှီး၏နွေးထွေးသောလက်နှင့်ယှဥ်လိုက်လျှင် ကျောက်စိမ်းတုံးတစ်တုံးကိုကိုင်ထားရသည့်အတိုင်း လူတစ်ယောက်၏ ယိမ်းယိုင်နေသောနှလုံးသားကို တည်ငြိမ်စေလေသည်။


ထိုအချိန် ဖုန်းမြည်လာပြီး ငြိမ်သက်နေသောလေထုကို ဖျက်ဆီးလိုက်သည်။ ၎င်းက ဝမ်းချန်ရှီး၏ဖုန်းဖြစ်ပြီး လိရှီးက ဖုန်းခေါ်နေခြင်းပင်။


ဝမ်းချန်ရှီး တိုးလျစွာပြောလိုက်သည်။


"ကိုယ်ဖုန်းကိုင်လိုက်ဦးမယ်.."


သူက ကျောင်းယန်ယွိ၏လက်ချောင်းများကို မဖယ်လိုက်ဘဲ ဘယ်ဘက်လက်ဖြင့်ဖုန်းကိုင်ကာ စကားပြောလိုက်သည်။


လိရှီးက မေးလာသည်။


"လောင်ဝမ်း၊ အလုပ်ဆင်းပြီလား.."


ဝမ်းချန်ရှီးက ပြန်ဖြေလေသည်။


"အင်း၊ အလုပ်ဆင်းနေပြီ၊ ငါတို့ ဘယ်ကိုလာရမှာလဲ.."


လိရှီးက ကြိတ်ရယ်လေသည်။


"လောင်ကျိက မင်းအိမ်ကိုသွားမယ်လို့ပြောနေတယ်၊ သူကမင်းကိုချက်စေချင်နေတာလေ.."


ဝမ်းချန်ရှီး ခဏမျှရပ်ကာ ကျောင်းယန်ယွိကိုလှမ်းကြည့်လိုက်သည်။


"ငါ့အိမ်လား.."


ကျောင်းယန်ယွိက ချက်ချင်းနားစွင့်ထားလိုက်သည်။ သူတို့က ဒီညညစာကို သူ့ရဲ့ညီအစ်ကိုအိမ်မှာသွားစားမှာလား။ အပြင်ထွက်စားမှာမဟုတ်ဘူးလား။


ကျောင်းယန်ယွိ၏စပ်စုပုံကိုမြင်ပြီး ဝမ်းချန်ရှီးက ဖုန်းကိုစပီကာဖွင့်လိုက်ကာ ကျောင်းယန်ယွိကိုပါ နားထောင်ခွင့်ပေးလိုက်လေသည်။


လိရှီးကရယ်လိုက်သည်။ 


"မတတ်နိုင်ဘူး၊ လောင်ကျိက မင်းသူ့ကို ဗိုက်ဝတဲ့အထိမကျွေးမချင်း မင်းကိုခွင့်မလွှတ်ဘူးလို့ပြောနေတယ်.."


ဝမ်းချန်ရှီး၏မျက်နှာထားက မပြောင်းလဲသွားပေ။


"အိုး..သူကတော့ အိပ်မက်မက်နေတာပဲ.."


လိရှီးကလည်း စပီကာဖွင့်ထားလေရာ ကျိကျစ်ယွမ်ကကြားသည့်အခါ အော်ဟစ်လေတော့သည်။


"ရိုင်းလိုက်တာ၊ မနေ့က အလုပ်ပြန်ရင် ငါ့အိမ်ကိုအသီးတွေလာပေးမယ်လို့ မင်းပဲပြောသွားတာလေ၊ ငါ့မှာတစ်နာရီလောက်စောင့်လိုက်ရတယ်၊ မင်းကတော့ လုံးဝရောက်မလာဘူး၊ ငါမင်းကိုဖုန်းခေါ်တယ်၊ မင်းကလုံးဝမကိုင်ဘူး၊ ငါကမင်းအလုပ်များနေတယ်ထင်လို့ မက်ဆေ့ချ်ပို့လိုက်တယ်၊ အဲဒီတော့မှ မင်းငါ့ကိုဘလော့ခ်ထားမှန်းသိလိုက်ရတယ်၊ ငါဘယ်လိုခံစားလိုက်ရတယ်ဆိုတာမင်းသိရဲ့လား၊ အခု ငါ ဟင်းတစ်ခွက်လိုချင်တယ်၊ အဲဒါဘာမှားနေလို့လဲ.."


တဖက်မှလိရှီးက အသက်ထွက်မတတ်ရယ်နေလေသည်။


မနေ့က သူလုပ်စရာပေါ်လာ၍ ဝမ်းချန်ရှီးကို သူနောက်ကျမည်ဟုမက်ဆေ့ချ်ပို့လိုက်သည်။ ကျိကျစ်ယွမ်က အကြာကြီးစောင့်လိုက်ရပြီး ဘလော့ခ်ခံရကာအဆုံးသတ်သွားမည်ဟုမထင်ထားခဲ့ပေ။ 


သူက ဖြောင်းဖျကြည့်ရန်ကြိုးစားလေသည်။


"လောင်ဝမ်းက အလုပ်များတာကိုး၊ ပုံမှန်ပါပဲ၊ သူကမင်းလိုမျိုး နေ့တိုင်းအားယားနေပြီး အလုပ်မရှိတာမှမဟုတ်တာ.."


ကျိကျစ်ယွမ်က အထွန့်တက်လေသည်။


"ဒါဆို သူကဘာလို့ ငါ့ကိုဘလော့ခ်တာလဲ၊ မဖြစ်နိုင်တာ..လောင်ဝမ်း မင်းငါ့ကိုညစာချက်ကျွေးပြီး တောင်းပန်ရမယ်.."


မနေ့ကလား...


ကျောင်းယန်ယွိမျက်လုံးများက ဖျတ်ခနဲလက်သွားလေ၏။


ဒါဆို ကျိကျစ်ယွမ်က မနေ့ကညစာအတွက် သူ့ကိုဖိတ်တာလား..


သူက လုပ်ဖော်ကိုင်ဖက်များနှင့် ချိန်းဆိုပြီးသားဖြစ်နေသည်။ အားရှီးက သူ့ကို ထိုအကြောင်းမပြောခဲ့ပေ။


ဝမ်းချန်ရှီးမှာ ယခု ကျိကျစ်ယွမ်၏အော်သံကြောင့် ခေါင်းကိုက်လာရပြီး စကားတစ်လုံးမှမပြောတော့ဘဲ ဖုန်းချလိုက်လေတော့သည်။


သူက ကျောင်းယန်ယွိဘက်သို့လှည့်ကာပြောလိုက်သည်။


"ဆောရီး၊ ကိုယ်တို့က စားသောက်ဆိုင်သွားရမယ်လို့ထင်ခဲ့တာ၊ ကြည့်ရတာ အခုတော့ နောက်တနေရာဖြစ်သွားပြီထင်တယ်.."


"ပြဿနာမရှိပါဘူး.." 


ကျောင်းယန်ယွိကသူ့ကို တက်ကြွစွာကြည့်လိုက်သည်။ မျက်လုံးများက မျှော်လင့်ချက်များဖြင့်တောက်ပနေလေ၏။


"ကျွန်တော်လည်း ခင်ဗျားအိမ်မှာ ထမင်းစားချင်ပါတယ်.."


သူ့ရဲ့ညီအစ်ကိုအိမ်မှာ ညစာသွားစားရတော့မယ်။


သူတို့ရဲ့ခင်မင်မှုက ဒီလိုမျိုးခုန်တက်သွားတာပဲ။


ဝမ်းချန်ရှီးက သူ့ကိုကြည့်လိုက်ပြီး ကျောင်းယန်ယွိက အဆင်ပြေနေသည့်ပုံကိုတွေ့ရသည့်အခါ "အင်း" ဟုသာဖြေလိုက်ပြီး ဒရိုင်ဘာကို သူ့အိမ်သို့မောင်းခိုင်းလိုက်လေသည်။


ကားအနောက်ခုံက ကျယ်ဝန်းသော်လည်း ဝမ်းချန်ရှီး၏အရပ်နှင့် ရှည်လျားသောခြေထောက်များကြောင့် နေရာကျဥ်းသွားသလိုခံစားရစေသည်။


သူနှင့်ကျောင်းယန်ယွိတို့၏အဝတ်အစားများမှာ အလွန်ကွာခြားလေသည်။ ထိုသူက အဆင့်အတန်းမြင့် ဒီဇိုင်နာချုပ်ဝတ်စုံကိုဝတ်ထားသည်။ ပူလောင်လှသောနွေရာသီတွင်ပင် ထိုသူက ဝတ်စုံကို ကျကျနနဝတ်ဆင်ထားခဲ့သည်။


ကျောင်းယန်ယွိက သာမန်ဘောင်းဘီရှည်နှင့် လက်တိုအင်္ကျီကိုသာဝတ်ထားခဲ့သည်။ ဝေ့လန်နည်းပညာကုမ္ပဏီမှာ ဝန်ထမ်းများ၏ဝတ်စားဆင်ယင်ပုံအပေါ် စည်းကမ်းတင်းကျပ်ထားခြင်းမရှိဘဲ လူတိုင်းက တတ်နိုင်သမျှ သက်သောင့်သက်သာရှိစွာဝတ်ဆင်နိုင်လေသည်။


သို့သော် ဝမ်းချန်ရှီးမှာ ကျောင်းယန်ယွိ၏အဝတ်အစားများက သူ၏ OCD အတိုင်းပင်ဖြစ်ကြောင်း သတိပြုမိနေလေသည်။ ၎င်းတို့က ပြန့်ပြူးနေပြီး ခေါက်ချိုးရာလေးပင်မရှိပေ။ လျှော်ဖွပ်ပြီးချိန်တိုင်းတွင် မီးပူတိုက်ထားခြင်းပင်ဖြစ်ရမည်။


ဝမ်းချန်ရှီးက ခပ်ထူထူဝတ်ထားသောကြောင့် ကားထဲရှိအပူချိန်မှာ အတန်ငယ်နည်းပါးနေ၏။ ရှောင်ယွိ၏လက်အပူချိန်က ဤမျှအေးနေသည်မှာ အံ့ဩစရာမရှိတော့ပေ။


ဝမ်းချန်ရှီး မေးလိုက်လေသည်။ 


"အေးနေလား.."


ဝမ်းချန်ရှီး သူ့ကို သတိပေးလိုက်သည်။


"မင်းလက်တွေက အတော်လေးအေးနေတာပဲ.."


ထိုအခါမှ ကျောင်းယန်ယွိမှာ သူက သူ့ညီအစ်ကို၏လက်ကိုကိုင်ထားဆဲဖြစ်ကြောင်း သတိပြုမိလိုက်၏။


ဝမ်းချန်ရှီးက သူ၏တုံ့ပြန်ပုံကိုကြည့်နေလေသည်။


အမျိုးသားနှစ်ယောက်အတွက် ယခုလိုလက်ကိုင်ထားသည့်ပုံမှာ အလွန်တရာမှထူးဆန်းနေလေ၏။


ကျောင်းယန်ယွိက သတိထားမိသော်လည်း မျက်နှာက လုံးဝမပြောင်းသွားပေ။ သူ့လက်ကိုပြန်ရုတ်လိုက်ပြီး မျက်နှာကိုကိုင်လိုက်ကာ ခေါင်းယမ်းလိုက်သည်။


"ပုံမှန်အပူချိန်ပါပဲ.."


ဝမ်းချန်ရှီး: "...."


ဒီတုံ့ပြန်ပုံကြီးက တကယ်ကို တည့်တိုးဆန်တာပဲ။


သူတို့ ဝမ်းချန်ရှီးအိမ်သို့ရောက်ကြသည့်အခါ ကျိကျစ်ယွမ်နှင့်လိရှီးတို့က သူ့အိမ်တံခါးဝတွင်အသင့်စောင့်နေကြပေပြီ။


ဝမ်းချန်ရှီးအိမ်က အလွန်တရာမှကြီးလေသည်။ ၎င်းက နှစ်ထပ်တိုက်အိမ်အမျိုးအစားဖြစ်ပြီး အထပ်တိုင်းက မီတာနှစ်တာကျယ်သည်။ အလှဆင်ထားပုံမှာလည်း အလွန်ရိုးရှင်းပေသည်။ ၎င်းက ခြိုးခြံချွေတာပုံရပြီး နေရာတိုင်းတွင် တန်ဖိုးကြီးအလှဆင်ပစ္စည်းများကိုခင်းကျင်းထား၏။


ကျိကျစ်ယွမ်ကသူ့ကို ဝမ်းသာအားရဖြင့်လှမ်းဆွဲလေသည်။


"ရှောင်ကျောင်းကဒီကို ပထမဆုံးအကြိမ်ရောက်တာမဟုတ်လား၊ ငါမင်းကိုလိုက်ပြပေးမယ်.."


ကျောင်းယန်ယွိက မငြင်းပေ။


"အိုကေ.."


ကျောင်းယန်ယွိ၏မျက်လုံးများက ကင်မရာတစ်လုံးပမာ နေရာတိုင်းသို့ရွေ့လျားနေသည်။ ထိုနေရာမှအချက်အလက်များကို မှတ်တမ်းတင်နေသည့်အတိုင်းပင်။


ခွင့်ပြုထားသည့်နေရာများကို လည်ပတ်ပြီးသည့်နောက် ကျောင်းယန်ယွိက ဤအိမ်ကို ပုံကြမ်းတစ်ခုအဖြစ် စိတ်ထဲတွင်မှတ်ထားလိုက်သည်။ ထို့နောက် နေရာတိုင်းရှိပစ္စည်းများကို ရှင်းလင်းစွာမှတ်ထားလိုက်သည်။


အိမ်ကိုလှည့်ပတ်ကြည့်ပြီးမီးဖိုချောင်ကိုပြန်လာခဲ့ကြပြီးနောက် ဝမ်းချန်ရှီးက ကျိကျစ်ယွမ်ဝယ်လာသောအသီးအရွက်များအား လှီးချွတ်နေသည်ကို ကျောင်းယန်ယွိကမြင်တွေ့သွားပြီး သူ့ဘက်မှအရင် အနားသို့တိုးသွားလိုက်လေသည်။


"ကျွန်တော်ကူလုပ်ပေးမယ်.."


ဝမ်းချန်ရှီးက မလုပ်နဲ့ဟုပြောတော့မည့်အချိန်မှာပင် လှည့်ကြည့်လိုက်သည့်အခါ ကျိကျစ်ယွမ်နှင့်လိရှီးတို့က ဂိမ်းကစားရင်း စတင်ရန်ဖြစ်နေသည်ကိုတွေ့လိုက်ရလေသည်။ သူက ကျောင်းယန်ယွိ ပျင်းနေမည်ကိုစိုးရိမ်ပြီးပြောလိုက်လေ၏။


"အသီးအရွက်တွေဘယ်လိုလှီးရမလဲသိလား.."


"သိတယ်.."


"ဒါဆို ကိုယ့်ကို မုန်လာဥနီနဲ့အာလူးလှီးပေး.."


"အိုကေ.."


ဝမ်းချန်ရှီးက ကျောင်းတွင် စာသင်နေသည့်အချိန်ကတည်းက ဟင်းချက်နည်းကိုသင်ထားခဲ့သည်။ ယခုတလော ဟင်းမချက်ဖြစ်တော့သော်လည်း အစွမ်းအစက ကျန်နေသေးသည်။


သူက မကြာခဏဆိုသလိုခေါင်းမော့ကြည့်လိုက်ကာ ကျောင်းယန်ယွိက စိတ်ပါလက်ပါဖြင့် အသီးအရွက်လှီးနေသည်ကိုတွေ့လိုက်ရပြီး သူ့စိတ်ထဲတွင် အနည်းငယ်ထူးဆန်းနေသလိုခံစားလိုက်ရလေသည်။


သူ့အကြည့်ကိုသတိထားမိ၍ ကျောင်းယန်ယွိကခေါင်းမော့ကာလှည့်ကြည့်လာသည်။


"ဘာဖြစ်လို့လဲဟင်.."


ဝမ်းချန်ရှီးက အကြည့်လွှဲကာ တိုးလျသောအသံဖြင့်ပြောလိုက်သည်။


"ဘာမှမဟုတ်ပါဘူးကွာ၊ ကိုယ် အဝတ်အစားသွားလဲမလို့၊ ဒီအဝတ်တွေက အဆင်မပြေဘူးလေ.."


ကျောင်းယန်ယွိက အဝတ်အစားကိုကြည့်ပြီးခေါင်းညိတ်ပြလိုက်သည်။


"အိုကေ.."


၎င်းက လူများကို ထိုသူကအလွန်လေးစားတတ်သည်ဟု ခံစားရစေသည်။


ဝမ်းချန်ရှီးက အဝတ်အစားသွားလဲပြီး စက္ကန့်ပိုင်းအတွင်းဂိမ်းရှုံးသွားသော ဧည့်ခန်းထဲမှကျိကျစ်ယွမ်က အနောက်လှည့်ကြည့်လိုက်ကာ ဧည့်သည်ဖြစ်သောကျောင်းယန်ယွိက မီးဖိုချောင်ထဲတွင် တစ်ယောက်တည်းရှိမနေသင့်ဟုခံစားရ၍ မီးဖိုချောင်ထဲသို့သွားကာမေးလိုက်လေသည်။


"ရှောင်ကျောင်း၊ ကူညီပေးရဦးမလား.."


ကျောင်းယန်ယွိ: "မလိုတော့ပါဘူးဗျ.."


ကျိကျစ်ယွမ်က ငုံ့ကြည့်ပြီး ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။


"ဘုရားရေ ရှောင်ကျောင်း ဒါကမင်းလှီးထားတာလား.."


ကျိကျစ်ယွမ်က စက်ဖြင့်လှီးထားသလိုဖြစ်နေသည့် အာလူးအချပ်လေးများကိုတွေ့လိုက်ရသည်။ အာလူးတစ်ချပ်စီတိုင်းက အရွယ်အစား၊ အလျား သို့မဟုတ် အထူက အရေးမကြီးပေ။ အားလုံးက အရွယ်အစားအတူတူဖြစ်နေလေသည်။


ကျောင်းယန်ယွိ: "ကျွန်တော်လှီးထားတာလေ.."


ကျိကျစ်ယွမ်က ပုံကြီးချဲ့ကာပြောနေလေ၏။ 


"မသိတဲ့လူကတော့ မင်းက စက်နဲ့လှီးထားတယ်လို့ထင်မှာပဲ၊ မင်းရဲ့ ဓားကိုင်တဲ့စကေးကတော့ လက်ဖျားခါလောက်တာပဲ.."


ကျိကျစ်ယွမ်က စိတ်ဝင်စားလာ၍ မီးဖိုချောင်ထဲတွင် ကျောင်းယန်ယွိလှီးဖြတ်နေပုံကိုကြည့်နေခဲ့ပြီး အမှန်တကယ်ပင်ဖြစ်ကြောင်းတွေ့လိုက်ရလေသည်။ ၎င်းက တကယ်ပင် ကျောင်းယန်ယွိလှီးထားခြင်းဖြစ်ပြီး အလွန်တရာမှပါးလွှာသော အာလူးလွှာလေးတစ်ချပ်ကိုရလာပြန်သည်။


ပြောစရာစကားကုန်သွားသည့်အခါ သူက ဝမ်းချန်ရှီးကသူ့အတွက် မည်သို့သောလူဖြစ်ကြောင်း ရှင်းပြနေပြီး ကျောင်းယန်ယွိအရှေ့တွင် အကြိမ်ကြိမ် ကြွားဝါနေလေသည်။


မမျှော်လင့်ဘဲ ကျောင်းယန်ယွိကနားထောင်ပြီးသည့်အခါ မီးဖိုချောင်သုံးဓားကိုချကာ သူ့ကိုပြောလိုက်လေ၏။


"ကောင်းတာပေါ့၊ ကျွန်တော်ခင်ဗျားကို အားကျပါတယ်.."


ကျိကျစ်ယွမ်က တွန့်ခနဲဖြစ်သွားလေ၏။


"မင်းက ဘာကိစ္စနဲ့ငါ့ကို အားကျနေရတာလဲ.."


ကျောင်းယန်ယွိကပြောလိုက်သည်။


"ခင်ဗျားပဲ ခင်ဗျားနဲ့အားရှီးတို့က ဆက်ဆံရေးကောင်းတယ်ဆို.."


ကျိကျစ်ယွမ်: "ဒါပေါ့.."


ကျောင်းယန်ယွိ: "အဲဒါကြောင့်ပဲ ကျွန်တော် ခင်ဗျားကိုအားကျတာ၊ ကျွန်တော်လည်း အားရှီးရဲ့ အရေးအကြီးဆုံးလူဖြစ်ချင်တယ်.."


အဝတ်အစားလဲပြီး မီးဖိုချောင်တံခါးဝသို့ရောက်လာသောဝမ်းချန်ရှီးမှာ ထိုစကားကိုကြားလိုက်ရပြီးနောက် သူ့နှလုံးက ရုတ်တရက် ဆောင့်ခုန်သွားလေသည်။


နောက်တစ်စက္ကန့်တွင် ကျောင်းယန်ယွိက ဆက်ပြောလာခဲ့သည်။


"ညီအစ်ကိုကောင်းတွေလေ.."


ဝမ်းချန်ရှီး၏နှလုံးသားလေးက ခဏတွင်းချင်း ပြုတ်ကျသွားလေသည်။


အကြောင်းမှာ ထိုသူက သူ့အရှေ့၌ဝန်ခံရန် တွန့်ဆုတ်မနေသောကြောင့်ပင်။


ရှောင်ယွိက သူ့အပေါ် အဲဒီအတွေးမျိုးလုံးဝမရှိဘူး..


***


စာရေးသူတွင်ပြောစရာရှိပါသည်။


PS--


ကျောင်းယန်ယွိ: ငါတကယ်အားကျတယ်။ ငါလည်းအားရှီးရဲ့ ညီလေးဖြစ်ချင်တယ်။


ကျိကျစ်ယွမ်: မင်းက အရမ်းစိတ်ကူးယဥ်တာပဲ။ ငါကလောင်ဝမ်းရဲ့ရင်ထဲမှာ အမြဲနံပါတ်တစ်။ ဟုတ်တယ်မလား လောင်ဝမ်း။


ဝမ်းချန်ရှီး: လမ်းခွဲမယ်။


ဒီနေ့ကစပြီး ယွိယွိလေးကမှ နံပါတ်တစ်။


ကျိကျစ်ယွမ်: ??


Spoiler~


ဝမ်းချန်ရှီး အကြီးအကျယ် စိတ်ပျက်နေပြီ။





❓️❓️❓️