❓️Chapter 18
ငါ့ရဲ့ညီအစ်ကိုနဲ့ တစ်ညလုံးစကားပြောချင်ခဲ့တဲ့ငါ့ဆန္ဒက နောက်ဆုံးတော့ပြည့်လာပြီ
"ကျွန်တော်က ဒီပရိုဂရမ်ကို QZD လို့ခေါ်ပါမယ်၊ လက်ရှိစနစ်ထက် လေးဒဿမငါးဆ ပိုမြန်ပါတယ်.."
"အင်မတန်မြန်ဆန်တဲ့လုပ်ဆောင်အားရှိပြီး ဉာဏ်ရည်မြင့်အချက်အလက်စီမံမှုကွန်ရက်အပြည့်ပါပါတယ်၊ ဆိပ်ကမ်းရဲ့ကုန်ပစ္စည်းပို့ဆောင်မှုနှုန်းအတွက်စိတ်ချရပြီး မလည်ပတ်နိုင်တဲ့ကွန်တိန်နာတွေကို ချက်ချင်းအလုပ်လုပ်နိုင်အောင်စီမံပေးပါတယ်.."
"ဆိပ်ကမ်းရဲ့ လက်တွေ့လုပ်ငန်းအတိုင်းလည်ပတ်နေတဲ့စနစ်နှုန်းထားကို စွမ်းအင်နဲ့ထိန်းညှိပေးပါတယ်၊ စနစ်ရဲ့ အကောင်းဆုံးလုပ်ငန်းခွဲဝေပေးမှုကိုလည်းနားလည်ထားပြီး ဉာဏ်ရည်မြင့်ထိန်းချုပ်ရေးစနစ်ရဲ့ 'ကြိုးမဲ့' ပေါင်းစပ်နည်းပညာကိုဖန်တီးထားပါတယ်.."
ပရောဂျက်၏အဓိကဟောပြောသူကျောင်းယန်ယွိမှာ စင်မြင့်ပေါ်တွင်ရပ်နေပြီး စနစ်အသစ်၏အဆင်မြှင့်ထားပုံနှင့် အရေးပါပုံ၊ စနစ်ဟောင်းနှင့်ကွာခြားပုံကိုရှင်းလင်းပြောကြားနေလေသည်။
ဝေ့ကြည့်လိုက်လျှင် ဤအချိန်လေးအတွင်း အစည်းအဝေးအခန်းထဲတွင်ထိုင်နေကြသူများမှာ သာမန်ရက်များတွင် ဘယ်တော့မှမမြင်ရသည့် အထက်လူကြီးများဖြစ်သည်။
အထက်မှတာဝန်ရှိပုဂ္ဂိုလ်များတွင် ကိုယ်ပိုင်အရှိန်အဝါရှိနေ၍လားမသိပေ။ ကျောင်းယန်ယွိ၏ယာယီလက်ထောက်အဖြစ်လိုက်လာသော အဖွဲ့အကြီးအကဲဒါရိုက်တာရွှီပင် အနေခက်နေပြီး အချိန်နှင့်အမျှချွေးသုတ်နေမိသည်။
သူက ဤမျှများပြားသောအကြီးအကဲများကို တစ်ကြိမ်မျှပင်မကြုံဖူး၍ပင်။
သေသပ်စွာဝတ်စားထားသောအကြီးအကဲများကို အဖွဲ့ခေါင်းဆောင်ငယ်လေးများဟုယူဆနိုင်လေသည်။ သို့သော်လည်း သူ(ရွှီ)က အသေးအဖွဲလေးသာဖြစ်လေ၏။ လစာမှာ ဝန်ထမ်းများထက်မမြင့်သော်လည်း သူ့အလုပ်က လူတိုင်းထက်ပိုများလေသည်။
ဒါရိုက်တာရွှီမှာ မလာချင်သော်လည်း လူငယ်လေးဖြစ်သောကျောင်းယန်ယွိက ဤမျှများပြားသောခေါင်းဆောင်များကို တပြိုင်တည်းတွေ့ရပြီး မလေးမစားပြုမူမိလျှင် မည်သို့ဖြစ်လေမည်နည်း။
ထို့နောက် အတွေ့အကြုံရှိပြီးသား အခြားအင်ဂျင်နီယာများကို ကူညီပြီးရှင်းပြခိုင်းရမည်လား။
မည်သို့များဖြစ်နိုင်ပါမည်နည်း။
ဤတစ်ခုက ရှောင်ကျောင်းကိုယ်တိုင်လုပ်ထားသောစနစ်ဖြစ်သည်။ အခြားသူတစ်ယောက်ကို မည်သို့များ ထိုးပေးနိုင်မည်နည်း။
ထို့ကြောင့် ဒါရိုက်တာရွှီက အံကြိတ်ပြီးလိုက်လာခဲ့ခြင်းပင်။
မူလရည်ရွယ်ချက်မှာ ကျောင်းယန်ယွိကို အားပေးရန်ဖြစ်လေသည်။ အစည်းအဝေးစပြီးနောက်ပိုင်း ကျောင်းယန်ယွိက အောက်မှအကြီးအကဲများအားလုံးကို ဝိညာဥ်များနှယ်သဘောထားကာ ပြတ်သားသောအမူအရာဖြင့် စတင်ရှင်းလင်းမည်ဟု မည်သူကများထင်ထားခဲ့ပါမည်နည်း။ စနစ်အသစ်၏လုပ်ဆောင်ချက်မှသည် ကုန်ကျစရိတ်အထိ အလယ်တွင် ရပ်သွားခြင်း သို့မဟုတ် ကျန်နေခဲ့ခြင်းမျိုးမရှိပေ။
အလယ်တွင် အထက်ပိုင်းအကြီးအကဲများက မေးခွန်းထုတ်သည့်အခါ သူ၏ပုံစံက အထက်ပိုင်းအကြီးအကဲများထက်ပင် စီစဥ်တင်ဆက်သူနှင့်ပိုတူနေသေးသည်။
ဒါရိုက်တာရွှီမှာ အစည်းအဝေးစားပွဲ၏ထိပ်ဆုံးတွင်ထိုင်နေသောဝမ်းချန်ရှီးက တင်ပြနေသူကို နားလည်ခွင့်လွှတ်မှုများဖြင့်ကြည့်နေမှန်း သတိမထားမိပေ။
သို့မဟုတ် အခြားစကားတစ်ခွန်းဖြင့်ပြောရမည်ဆိုလျှင် ဤအခြေအနေမျိုးတွင် လူအချို့ကသာ ဝမ်းချန်ရှီးကို စေ့စေ့ကြည့်ရဲကြသည်။
ထို့ကြောင့် သူတို့ဥက္ကဌက ဤအချိန်လေးတွင် စနစ်သစ်အပေါ်အာရုံမရှိဘဲ ကျောင်းယန်ယွိ၏ လှုပ်ရှားပုံအသေးစိတ်အားကြည့်နေပုံကို မည်သူကမျှမသိကြပေ။
လူငယ်လေး၏ပုံစံက တကယ်ပင်ထူးချွန်ထက်မြက်လေသည်။ သူအစည်းအဝေးခန်းကိုဝင်လိုက်သည်နှင့် အစည်းအဝေးခန်းထဲမှလူများ၏ အာရုံအစိုက်ဆုံးလူတစ်ယောက်ဖြစ်လာခဲ့သည်။
ဤမျှနှစ်ဆယ့်နှစ်နှစ်အရွယ်လေးဖြင့် ယခုလို ပြီးပြည့်စုံသောစနစ်ကိုရေးသားသည်ဆိုသည့်အချက်မှာ ယုံကြည်ရန်ခက်လေသည်။
လက်တွေ့၌ ၎င်းက အရေးကြီးလေသည်။ အစည်းအဝေးမစခင်တွင် လူအများစုကသံသယဝင်နေခဲ့ကြသည်။ ကျောင်းယန်ယွိက ထိပ်တန်းကျောင်းများမှကျောင်းပြီးလာသည့် ထိပ်တန်းကျောင်းသားမဟုတ်ဘဲ မည်သို့သောပစ္စည်းကောင်းကို ဖန်တီးနိုင်ပါမည်နည်း။
စက်ဝိုင်းခြမ်းကြီးတစ်ခြမ်းကိုဆွဲရာတွင် အလွန်တော်သည့်လူလိမ်တစ်ယောက်သာဖြစ်လိမ့်မည်။ သူတို့က လူလိမ်တစ်ယောက်အတွက် အချိန်ကုန်မခံချင်ကြပေ။
ယခုမူ ဤမျှအဓိကကျသောအချက်အလက်များကိုကြည့်ရင်း မတိုင်ခင်က ကျောင်းယန်ယွိကို လူလိမ်ဟုထင်ထားခဲ့ကြသူများမှာ စိတ်လှုပ်ရှားသွားကြတော့သည်။
အထက်ပိုင်းအကြီးအကဲတစ်ယောက်ကမေးလာသည်။
"ဒါက တကယ့်ပရောဂျက်မှာ အလုပ်ဖြစ်မယ်ဆိုတာသေချာရဲ့လား၊ လက်ရှိအနေအထားကို တကယ်လိုက်မီနိုင်မှာလား၊ ဒီပုံကြမ်းလောက်လေးနဲ့ ငါတို့ကို ဒီဖန်တီးမှုကဖြစ်နိုင်ပါတယ်လို့ပြောနေတာလား.."
ကျောင်းယန်ယွိ: "ပရောဂျက်ဖွဲ့စည်းပုံပြည့်စုံသွားပြီးရင် ရှိနေတဲ့ဒေတာတွေထက်ပိုမြန်သွားပါလိမ့်မယ်၊ အကြောင်းကတော့ အဓိကကျတဲ့ပစ္စည်းတွေမရှိတဲ့အတွက် ပုံကြမ်းကပုံကြမ်းပဲဖြစ်နေတာပါ.."
အထက်လူကြီးတစ်ယောက်က ထောက်ပြလာလေသည်။
"လက်ရှိနည်းပညာက ဒီလောက်မတိုးတက်နိုင်လို့ ပုံကြမ်းအဖြစ်ပဲရှိနေတာပေါ့၊ အဲဒါကြောင့် ငါတို့က ပုံကြမ်းကိုပဲအားကိုးလို့ရမှာ.."
ကျောင်းယန်ယွိ: "လက်ရှိနည်းပညာက အမီမလိုက်နိုင်တာဟာ စိတ်ကူးက လက်ရှိအခြေခံပစ္စည်းတွေထက် ကျော်လွန်နေလို့ပါ၊ ပြီးတော့ ကျွန်တော့်ရဲ့ပရိုဂရမ်တွေအားလုံးက လက်ရှိနည်းပညာကိုသုံးထားတဲ့ပစ္စည်းတွေအပေါ်မှအခြေခံထားတာကြောင့် ဒီလိုပြဿနာမျိုးမရှိပါဘူး.."
နောက်ဆုံး၌ အထက်အကြီးအကဲက ပြုံးလာလေသည်။
"ဒီလိုဆိုရင်တော့ မင်းကာအရမ်းတော်တာပဲ.."
ကျောင်းယန်ယွိက အထက်အကြီးအကဲ၏ချီးမွမ်းမှုကို မည်သည့်စိတ်လှုပ်ရှားမှုမှမပြဘဲ ဆက်လက်တည်ငြိမ်နေလေသည်။
"ကျေးဇူးတင်ပါတယ်ခင်ဗျာ.."
ကျောင်းယန်ယွိ၏အသံက စိတ်ခံစားချက်အတက်အကျမရှိသော စက်အသံနှင့်အတန်ငယ်တူပြီး ပြတ်သားကာတဖြောင့်တည်းဖြစ်နေသည့်တိုင် အသံက အလွန်ကောင်းလေသည်။ စက်နှင့်တူလျှင်ပင် လူများက သူပြောသည့်စကားတိုင်းကို ရှင်းလင်းစွာမှတ်ထားနိုင်လေ၏။
အထက်အကြီးအကဲက ဝမ်းချန်ရှီးဘက်သို့လှည့်လိုက်လေ၏။
"ဥက္ကဌဝမ်း၊ ကျွန်တော် ဒီပရောဂျက်ကို ထောက်ခံပါတယ်.."
ဝမ်းချန်ရှီး၏မျက်လုံးများက ကျောင်းယန်ယွိအပေါ်တွင်သာရှိနေသေးပြီး ဘောင်မပါသောမျက်မှန်အောက်မှမျက်လုံးများက နက်ရှိုင်းကာ ပျော်ရွှင်မှုအပြည့်ဖြစ်နေလေသည်။
ရှောင်ယွိတွင် မျက်နှာအများအပြားရှိနေသည်ကို သူတွေ့လိုက်ရသည်။ ထိုသူကသူ့အရှေ့တွင် ရင်းနှီးပြီး တက်ကြွသည်။ သူ တစ်ခုခုကို အချိန်မီမပြီးမြောက်ဘဲ OCD ရောဂါထလာသည့်အခါ ထိုသူက နွမ်းနယ်ကာစိတ်ဓာတ်ကျနေတတ်သည်။ ၎င်းက လူများကို မယုံကြည်နိုင်လောက်အောင်ချစ်စရာကောင်းသည်ဟုခံစားရစေသည်။
သို့သော် ယခုမူ သူ့မျက်နှာပေါ်တွင်မပေါ်လာတတ်သည့် မိမိကိုယ်ကိုယ်ယုံကြည်မှုရှိနေသောပုံစံမျိုးရှိနေလေသည်။ သူက သူလုပ်ထားသောပရိုဂရမ်တွင် ယုံကြည်မှုအပြည့်ရှိနေဟန်ရသည်။ မည်သူကမျှ ဤစနစ်ကိုလက်မခံလျှင်ပင် သူက ဤလောကကြီးတွင် အကောင်းဆုံးလုပ်ခဲ့သည်ဟူသောယုံကြည်မှုဖြင့် ယုံကြည်နေလေသည်။
သူက ဝမ်းချန်ရှီးအကြည့်ကို သတိထားမိဟန်ဖြင့် မျက်နှာသေဖြစ်နေသောကျောင်းယန်ယွိမှာ ဝမ်းချန်ရှီး၏မျက်လုံးနှင့်ဆုံတွေ့သွားလေသည်။ မျက်ဝန်းနှစ်စုံက လေထုကိုဖြတ်ကာ ဆုံတွေ့သွားကြသည်။ အမူအရာမဲ့နေသောကျောင်းယန်ယွိ၏မျက်လုံးထဲ၌ အလင်းရောင်လေးအနည်းငယ်က လျှပ်တပြက်ပေါ်လာခဲ့သည်။ ဝမ်းချန်ရှီးတစ်ယောက်တည်းအတွက်သာ အထူးတလည်ရှိနေသောအပြုအမူလေးတစ်ခုပင်ဖြစ်၏။
ဝမ်းချန်ရှီး နှုတ်ခမ်းတို့ကိုပင့်ကာ တိတ်ဆိတ်စွာပြုံးလိုက်လေသည်။
သူ၏ညီအစ်ကိုကောင်းက ပြုံးနေသည်ကိုတွေ့ရသည့်အခါ ကျောင်းယန်ယွိက စိတ်ပေါ့သွားပြီး သက်ပြင်းချလိုက်သည်။
အစည်းအဝေးမစခင်က ညီအစ်ကိုမှာ စိတ်မကြည်နေပေ။ ကျောင်းယန်ယွိက ထိုသူကိုနှစ်သိမ့်ပေးရန် နည်းလမ်းမရှာနိုင်ခင် အစည်းအဝေးအတွက် အသင့်ပြင်နေခဲ့ရသည်။
သူက ဝမ်းချန်ရှီးအား မတိုင်ခင်က စိတ်အခြေအနေမကောင်းရသည့်အကြောင်းအရင်းကိုမေးချင်နေခဲ့သည်။ ယခု တစ်ဖက်လူကပြုံးနေပုံကိုတွေ့လိုက်ရပြီး စိတ်အခြေအနေပိုကောင်းလာပြီထင်ရ၏။
သိပ္ပံနည်းကျအချက်အလက်များက လူသားများ၏ 99.9% မှာ ပိုက်ဆံကိုသဘောကျကြသည်ဆိုသည့်အချက်မှာ တကယ်မှန်လေသည်။
ယခုအတိုင်းဆိုလျှင် ညီအစ်ကိုက ပိုက်ဆံအများအပြားရမည့်ပရောဂျက်မျိုးဖြစ်နေလျှင် စိတ်အခြေအနေတိုးတက်လာနိုင်မည်လား။
ဝမ်းချန်ရှီးနှင့်ကပ်လျက်ထိုင်နေသော အထက်ပိုင်းအကြီးအကဲက မျက်လုံးထောင့်မှအပြုံးကိုမြင်လိုက်ရပြီး ဥက္ကဌဝမ်းကလည်း ဤပရောဂျက်ကိုအလွန်နှစ်သက်နေမှန်း ချက်ချင်းနားလည်သွားလေသည်။ ပြီးလျှင် သူ့အနေဖြင့် မဲပေးရပေမည်။
"ပြီးပါပြီ၊ ကျေးဇူးတင်ပါတယ်ဗျ.."
အားလုံးပြီးသွားသည့်နောက် ကျောင်းယန်ယွိက PPT ရီမုခလုတ်ကိုနှိပ်လိုက်လေသည်။
ဒါရိုက်တာရွှီထင်ထားသည့်အတိုင်းပင်။ ကျောင်းယန်ယွိ၏မျက်လုံးများမှာ အစည်းအဝေးခန်းထဲမှ အကြီးအကဲများအားလုံးကို အလိုအလျောက်ဖျောက်ပစ်လိုက်ပြီး အလယ်မှလူတစ်ယောက်တည်းကိုသာချန်ထားခဲ့လိုက်သည်။
သူ့မျက်လုံးထဲတွင် ဝမ်းချန်ရှီး၏ပုံရိပ်လေးတစ်ခုသာကျန်ရစ်ခဲ့လေသည်။
ဒါရိုက်တာရွှီက ကျောင်းယန်ယွိ၏ပစ္စည်းများကို ချက်ချင်းသိမ်းဆည်းပေးလိုက်သည်။
ကျောင်းယန်ယွိက မထိုင်သေးဘဲ အခြားသူများမှ မေးခွန်းမေးလာမည့်အချိန်ကိုစောင့်နေသေးသည်။
သို့သော် သူက အားလုံးကို အသေးစိတ်ရှင်းပြထားပြီးဖြစ်၏။ ဤပရောဂျက်ကို လုံးဝမသိကျေးကျွန်ပြုထားသူများပင် သူ့အရည်အချင်းကို ရှင်းရှင်းလင်းလင်းသိသွားပြီဖြစ်သောကြောင့် မေးစရာမရှိတော့သည်မှာ သဘာဝကျပါသည်။
ထင်ထားသည့်အတိုင်း အစည်းအဝေးရလဒ်မှာ ညီညာသောသဘောတူညီချက်အဖြစ် အဖြေထွက်လာခဲ့သည်။
ကျောင်းယန်ယွိကလည်း ဤစနစ်၏အင်ဂျင်နီယာပိုင်းမှ တာဝန်ရှိသူတစ်ယောက်ဖြစ်လာခဲ့သည်။ သို့သော် စနစ်၏အင်ဂျင်နီယာပိုင်းကိုသာ တာဝန်ယူထားရပြီး ပရောဂျက်တစ်ခုလုံး၏ ယေဘူယျတာဝန်ရှိသူကို ဆွေးနွေးနေဆဲပင်။
ဤသည်မှာ ပရောဂျက်ကြီးတစ်ခုဖြစ်ကြောင်း လူတိုင်းကသိကြသည်။ ကုမ္ပဏီက ငွေအများအပြားစိုက်ထုတ်ရပြီး ပရိုမိုးရှင်းနှင့် ယေဘူယျမန်နေဂျာ၏လစာကိုလည်း တိုးပေးရဦးမည့်ကိစ္စကိုမူ ထည့်မပြောတော့ပေ။
သို့သော် ဤပရောဂျက်မှာ ကိုင်တွယ်ရန်မလွယ်ပေ။ အကြောင်းမှာ ပြည်တွင်းအစိုးရ၏ဆောက်လုပ်ရေးနှင့် ဆိပ်ကမ်းအဖွဲ့အစည်းအများအပြားကလည်း ပူးပေါင်းပါဝင်ထားကြ၍ဖြစ်လေသည်။
အစည်းအဝေးပြီးသည့်အခါ လူတိုင်းက ထွက်သွားကြတော့သည်။
ဒါရိုက်တာရွှီကလည်း ကျောင်းယန်ယွိနှင့်အတူ ထွက်လာခဲ့သည်။ လမ်းလျှောက်တိုင်း ရင်ဘတ်ကို တဖတ်ဖတ်ပုတ်ကာပြောလာလေသည်။
"ငါသေတော့မယ့်အထိလန့်နေတာ၊ ငါနောက်ဆုံးတစ်ခေါက် ဒီလောက်များတဲ့အကြီးပိုင်းခေါင်းဆောင်တွေကို တွေ့ခဲ့တာက နှစ်ကုန်ပါတီပွဲမှာ၊ ဒါပေမဲ့ ရှောင်ကျောင်း မင်းလုပ်တာကောင်းတယ်၊ စိတ်မပူပါနဲ့၊ ဒီပရောဂျက်ပြီးသွားရင် မင်းက ငါ့ထက်တောင် အမြင့်ရောက်သွားနိုင်တယ်.."
ကျောင်းယန်ယွိမှာ ဒါရိုက်တာရွှီထက်မြင့်သည့်နေရာကိုတက်ရန် စိတ်မပါပေ။ သူက ထွက်သွားသောလူအုပ်ကြီးကိုကြည့်မိသော်လည်း ဝမ်းချန်ရှီးကို မတွေ့ရချေ။
ကျောင်းယန်ယွိမှာ ရွေးစရာမရှိတော့ဘဲ အကြည့်လွှဲလိုက်ရပြီး ဒါရိုက်တာရွှီ၏အနောက်မှ လိမ္မာစွာလိုက်လာလေသည်။
ယခုရောက်နေသည်မှာ သုံးဆယ့်တစ်လွှာမှ အစည်းအဝေးခန်းဖြစ်ပြီး အရေးကြီးသောအစည်းအဝေးများကိုကျင်းပရာအခန်းလည်းဖြစ်လေသည်။ သူတို့အတွက် ဤနေရာတွင် အကြာကြီးနေရန်မသင့်လျော်ပေ။
"ကျောင်းယန်ယွိ..မင်းကနေခဲ့ဦး.."
ရုတ်တရက် အနောက်မှ ခပ်အောအောအသံတစ်သံထွက်လာလေသည်။
သူ့ကိုလှမ်းခေါ်လိုက်သူမှာ ဝမ်းချန်ရှီးပင်။
အားလုံးက ရပ်သွားပြီး ကျောင်းယန်ယွိကို မသိစိတ်အလျောက် လှမ်းကြည့်မိကြသည်။
ဥက္ကဌဝမ်းက ဒီအင်ဂျင်နီယာလေးကို နေခဲ့ဖို့ တကယ်ကြီးလှမ်းခေါ်နေတယ်။
ဒါရိုက်တာရွှီမှာ ခဏမျှမှင်သက်သွားပြီး သူ့လက်များက စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်သွားလေသည်။ ထို့နောက် သူက ကျောင်းယန်ယွိကို ခပ်မြန်မြန်တွန်းထုတ်လိုက်သည်။
ဘော့စ်ဝမ်းဟ..
ဘာသဘောပါလိမ့်။ ဥက္ကဌဝမ်းက ကျောင်းယန်ယွိရဲ့အရည်အချင်းကို သဘောကျသွားတာများလား။
ဒါရိုက်တာရွှီမှာ နောက်ဆုံး၌ ပါရမီရှင်လေးအတွက် ပိုင်ရှင်ရှာတွေ့ပြီဟုတွေးမိပြီး အလွန်ပျော်ရွှင်သွားလေသည်။
လူတိုင်း၏အကြည့်အောက်မှာပင် ကျောင်းယန်ယွိက ပြန်ဖြေလိုက်လေ၏။
"အော် ဟုတ်ကဲ့ပါ.."
လူတိုင်းက ကျောင်းယန်ယွိကို နောက်တစ်ခါလှမ်းကြည့်မိကြသည်။ ဤလူငယ်လေးက ဥက္ကဌမှကိုယ်တိုင်ချီးကျူးခံရသည်ဟုတွေးမိသည့်တိုင် အလွန်တည်ငြိမ်နေသေး၍ အလွန်အံ့ဩစရာကောင်းသည်ဟုတွေးမိသွားကြသည်။
ဒါရိုက်တာရွှီ: "ဒါဆို ကျွန်တော်သွားနှင့်ပါတော့မယ်.."
ဒါရိုက်တာရွှီမှာ လူများက နှေးကွေးပြီး အနောက်တွင် ယောင်ပေပေလုပ်နေသောကြောင့် အစည်းအဝေးခန်းအပြင်ဘက်ကိုတွန်းထုတ်လိုက်လေသည်။
ဒါရိုက်တာရွှီက တံခါးကိုလည်း အသေအချာပိတ်ပေးသွား၏။
တံခါးကိုပိတ်လိုက်သည်နှင့် အပြင်မှအသံများအားလုံးမှာ ဖြတ်တောက်ခံလိုက်ရလေသည်။
ဝမ်းချန်ရှီးက ပြုံးကာဆိုလာလေ၏။
"မင်း အခုလေးတင် ပြောပြသွားတာကောင်းပါတယ်.."
ကျောင်းယန်ယွိမှာ ညီအစ်ကိုထံမှချီးကျူးခံလိုက်ရသည်။ မျက်လုံးများက တောက်ပနေကာ ပျော်ရွှင်နေလေသည်။
"တကယ်တော့ ထူးခြားတာမရှိပါဘူး၊ ကျွန်တော်က လုပ်ငန်းစဥ်ကိုရှင်းပြပြီး စနစ်ရဲ့ ပရိုဂရမ်အဖြေကို အချက်အလက်နဲ့ရှင်းပြရုံပါပဲ.."
ဝမ်းချန်ရှီးက ရေတစ်ခွက်လောင်းထည့်ကာ ကမ်းပေးရင်းပြောလိုက်သည်။
"ပရောဂျက်စပြီးရင် အလုပ်ခရီးထွက်ရမှာ၊ မင်းလိုက်ချင်လား.."
"အလုပ်ခရီးလား.."
ကျောင်းယန်ယွိက မျက်မှောင်ကြုတ်လိုက်သည်။ ဤခရီးစဥ်က သူ့အစီအစဥ်ထဲတွင်မပါထားပေ။
သို့သော် အသေအချာတွေးကြည့်လျှင် ပရောဂျက်လုပ်ငန်းစသည်နှင့် အခြေစိုက်စခန်း၏ဆာဗာတည်ဆောက်မှုကို အရင်အာရုံစိုက်ရပေမည်။ မဟုတ်၍ အခြေခံကိရိယာကို သေချာမလုပ်ပါက ပရိုဂရမ်၏နောက်ဆုံးရလဒ်က ကောင်းမည်မဟုတ်ပေ။
သူသာ အလုပ်ခရီးသွားလျှင် သူ၏ညီအစ်ကိုနှင့်အတူ စားသောက်ပြီးစကားပြောနိုင်မည်မဟုတ်တော့ပေ။ သို့မဟုတ် လယ်တောအိမ်လေးတွင် ငါးသွားမြှားပြီး ဘဝအကြောင်းကို စကားပြောဖြစ်ကြမည်မဟုတ်တော့ပေ။
ကျောင်းယန်ယွိ၏မျက်နှာထားမှာ သိသာစွာမှုန်ကုပ်သွား၏။
ယင်းကိုမြင်သည့်အခါ ဝမ်းချန်ရှီးက မေးလိုက်သည်။
"မင်းက အလုပ်ခရီးကိုမလိုက်ချင်ဘူးလား.."
ကျောင်းယန်ယွိက နှုတ်ခမ်းကိုဖိကာ သူ့ကိုတစ်ချက်ကြည့်လိုက်သည်။
သူ၏ညီအစ်ကိုအပေါ်တွင် ရိုးသားသင့်သည်။ လိမ်လျှင်လည်း ကောင်းသွားသည့်အရာမရှိပေ။ သို့သော် သူ့အစ်ကိုအတွက် ပိုက်ဆံရှာပေးချင်သည်ဟု သူကိုယ်တိုင်ပြောခဲ့ပြီး သူ့စကားကိုပြန်ရုတ်သိမ်းလိုက်လျှင် ပိုဆိုးသွားနိုင်သည်။
ကျောင်းယန်ယွိက အခိုင်အမာပြောလိုက်၏။
"ကျွန်တော်သွားပါ့မယ်.."
မသွားချင်လျှင်ပင်..
အချိန်အတန်ကြာသိကျွမ်းလာခဲ့ပြီးနောက်ပိုင်း ဝမ်းချန်ရှီးက ကျောင်းယန်ယွိ၏အတွေးများကို အနည်းနှင့်အများနားလည်လာလေသည်။
သူ့မျက်လုံးထဲတွင် အပြုံးတစ်ချက်လက်သွားကာ ပြောလိုက်၏။
"အင်း၊ မင်းပြန်လာတာကို ကိုယ်စောင့်နေပါ့မယ်.."
သူ၏ညီအစ်ကိုက သူနှင့်ခွဲနေရန် မတုံ့ဆိုင်းနေပုံကိုတွေ့ရသည့်အခါ ကျောင်းယန်ယွိက သူ့နှုတ်ခမ်းများကို ပို၍တင်းတင်းဖိမိလိုက်သည်။
သူ(ကျောင်းယန်ယွိ) က သူ့(ဝမ်းချန်းရှီး) ၏ အချစ်ဆုံးညီအစ်ကိုမဟုတ်သည်မှာ သေချာနေသည်။
တစ်ပတ်အတွင်းမှာပင် ပရောဂျက်၏တာဝန်ရှိသူများကို အမြန်ဆုံးဖြတ်ခဲ့ကြသည်။
အလုပ်ခရီးကို အရင်အတည်ပြုခဲ့ကြသည်။
သူတို့က ပရောဂျက်ကိုဆွေးနွေးရန် H မြို့မှ ပင်လယ်ဆိပ်ကမ်းတစ်ခုထံသို့သွားရပေမည်။
မသွားခင် ကျောင်းယန်ယွိက ဝမ်းချန်ရှီးကိုမက်ဆေ့ချ်ပို့လိုက်သည်။
[ကျွန်တော်သွားတော့မယ်]
[ဝမ်းချန်ရှီး: အင်း၊ လမ်းမှာ ဂရုစိုက်ဦးနော်]
[ကျောင်းယန်ယွိ: ပရောဂျက်ပြီးရင် ပြန်လာခဲ့ပါ့မယ်]
[ဝမ်းချန်ရှီး: အင်း]
[ကျောင်းယန်ယွိ: ကျွန်တော် ခင်ဗျားကို နေ့တိုင်း မက်ဆေ့ချ်ပို့လို့ရလား]
[ဝမ်းချန်ရှီး: ရတာပေါ့]
တိကျသောအဖြေကိုရပြီးနောက် ကျောင်းယန်ယွိက နောက်ဆုံးတွင် စိတ်ခွန်အားအချို့ရလာပြီးနောက် သူ အလုပ်ခရီးသွားမည့်အကြောင်းကို လောင်ကျောင်းအားပြောရန်မမေ့ခဲ့ပေ။
ဆိပ်ကမ်းကိုသွားရန်အတွက် ကုမ္ပဏီမှ ကားစီစဥ်ပေးထားခဲ့သည်။ ကျောင်းယန်ယွိက အဝတ်အစားအိတ်ဖြင့် ဓာတ်လှေကားထဲမှထွက်လာပြီး ဒရိုင်ဘာက အသင့်စောင့်နေလေသည်။
"မစ္စတာကျောင်းလားဗျ၊ ကားကဒီမှာပါ.."
"ဟုတ်ကဲ့.."
ကားထဲသို့လိုက်ဝင်ပြီးနောက် စိတ်အခြေအနေမကောင်းသောကျောင်းယန်ယွိမှာ ပထမဆုံးအကြိမ်အဖြစ် ဘေးပတ်ဝန်းကျင်မှအချက်အလက်များကို စုဆောင်းချင်စိတ်ပျောက်နေ၍ ကားကအနည်းငယ်ရင်းနှီးနေသည်ကို သတိမထားမိလိုက်ပေ။
ကားတံခါးပွင့်သွားပြီး အထဲတွင် ခြေချစရာနေရာမကျန်သည့်ခြေတံရှည်တစ်စုံပေါ်လာမှ ကျောင်းယန်ယွိ မှင်သက်သွားခဲ့သည်။
ဝမ်းချန်ရှီးကပြုံးလိုက်သည်။
"မင်းကိုယ့်ကို နေ့တိုင်းမက်ဆေ့ချ်ပို့ဖို့မလိုတော့ပါဘူး၊ မင်းမှာပြောစရာရှိရင် မျက်နှာချင်းဆိုင်ပြီးပြောလို့ရတယ်.."
ကျောင်းယန်ယွိက သတိပြန်ဝင်လာပြီး ကားထဲကိုချက်ချင်းဝင်လိုက်သည်။ အံ့အားသင့်မှုကြောင့် သူ့မျက်နှာက အနည်းငယ်နီမြန်းနေလေသည်။
"ခင်ဗျားက အဓိကတာဝန်ရှိသူလား.."
ဝမ်းချန်ရှီး: "မဟုတ်ပါဘူး၊ ဒါပေမဲ့ H မြို့မှာ မြို့တွင်းဆောက်လုပ်ရေးတစ်ခုလုပ်ဖို့စီစဥ်နေတယ်လေ၊ အထက်ပိုင်းခေါင်းဆောင်တွေတက်ရောက်ဖို့ လိုအပ်နိုင်တယ်.."
ကျောင်းယန်ယွိက 'အထက်ခေါင်းဆောင်' ဆိုသောစကားကိုနားလည်လိုက်သည်။ ထိုသူက လူကိုယ်တိုင်ရောက်လာသည်မှာ အံ့ဩစရာမရှိတော့ပေ။
ကျောင်းယန်ယွိ ရုတ်တရက်ပြုံးလိုက်သည်။ သူ့မျက်လုံးများက သက်တန့်များဖြာထွက်နေပြီး မျက်စိကျိန်းလောက်သည်အထိ တောက်ပနေသလိုပင်။
ဝမ်းချန်ရှီး: "အရမ်းပျော်နေလား.."
ကျောင်းယန်ယွိ: "အင်း.."
ညီအစ်ကိုနဲ့ အလုပ်ခရီးထွက်ရတာနဲ့ တစ်ယောက်တည်း အလုပ်ခရီးထွက်ရတာက တူလို့လား..
ဝမ်းချန်ရှီးကမူ မထူးဆန်းသလိုပြောလာသည်။
"ကိုယ်က ယာယီဆုံးဖြတ်လိုက်ရတာဆိုတော့ ဟိုတယ်မှာအခန်းယူဖို့မစီစဥ်လိုက်ရဘူး၊ ဒီတစ်ခါတော့ မင်းနဲ့အတူနေရလောက်တယ်၊ မင်းအဆင်ပြေနိုင်လား.."
ကျောင်းယန်ယွိကမူ စဥ်းပင်မစဥ်းစားဘဲပြန်ဖြေလိုက်သည်။
"ကိစ္စမရှိဘူး.."
သူက တစ်စက္ကန့်မျှငြိမ်နေပြီးနောက် အသံထဲတွင် မဖော်ပြနိုင်သည့်စိတ်သက်သာမှုတစ်မျိုးဖြင့်ပြောလာလေသည်။
"ကျွန်တော်အရမ်းပျော်တာပဲ.."
ကျောင်းသားဘဝမှာလိုမျိုး မီးမှိန်မှိန်လေးထွန်းထားပြီး ကုတင်အပေါ်ထပ်နဲ့အောက်ထပ်စကားပြောကြတဲ့နေ့ရက်လေးတွေ နောက်ဆုံးတော့ တကယ်ဖြစ်လာပြီကွ။
***
စာရေးသူတွင်ပြောစရာရှိပါသည်။
PS--
အထူးလက်ထောက်လင်းကိုညွှန်ကြားနေသောဝမ်းချန်ရှီး: ငါ့အတွက် အခန်းမယူထားနဲ့နော်။ ကြားလား...
အထူးလက်ထောက်လင်း: _
ဟယ်လန်XD: ဝမ်းချန်ရှီးက အမြဲ သူ့ကိုယ်သူထိုးပေးနေတယ်လို့ ဘာလို့အမြဲခံစားနေရတာလဲ။
Spoiler~
ရှောင်ရှီးမျက်လုံးတွေက အရမ်းလှတာပဲ။
❓️❓️❓️