Ch 1
Viewers 6k

🍉 အခန်း ၁



“ဒီနေရာဆိုတာ သေချာလား..”


လိပေါ်ဟိုတယ်၏ အပြင်ဘက်ရှိ ချုံပုတ်ထဲ၌ ကုရှင်းရှစ်က အနက်ရောင်ဘတ်စကတ်ဘောဦးထုပ်အား ပြင်ဆောင်းလိုက်ပြီးနောက် အသံခပ်တိုးတိုးဖြင့် မေးရင်းနှင့် ဝင်ပေါက်သို့ ချောင်းလျက်ရှိသည်။


[လုံးဝသေချာတယ်.. ငါက ‘အတင်းပြောစနစ်’ ပါဆို.. ဘယ်လိုအရည်ရွှမ်းရွှမ်းသတင်းကမှ ငါ့လက်ထဲက လွတ်သွားတာ မရှိဘူး..]


စနစ်မှ ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည်။


[ငါပြောမယ်.. သတင်းစုံပါတယ်ဆိုတဲ့ ဖျော်ဖြေရေးသတင်းထောက် အသိုင်းအဝိုင်းမှာတောင် ဒီည မုန့်ယွမ်ရှန့်နဲ့ ကျန်းမော့ ချိန်းတွေ့မှာကို မသိကြဘူး.. ငါကလွဲလို့ပေါ့..]


“ဟုတ်ပါပြီ.. ဟုတ်ပါပြီ.. ငါသိပါပြီ.. မင်းက အမိုက်စားပါ..”

ကုရှင်းရှစ်က စိတ်မပါတပါဖြင့် ချွေးသိပ်ကာ ဟိုတယ်ဝင်ပေါက်သို့ မျက်တောင်မခတ် စိုက်ကြည့်နေသည်။ သေချာပေါက်ပင် တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည့် လူနှစ်ဦးအား မြင်တွေ့လိုက်ရသည်။


အရပ် ၆’၂” ခန့်ရှိမည့် အရပ်ရှည်ရှည်လူက ယိုင်နဲ့နဲ့ဖြစ်နေပြီး ငါးဖမ်းသမားဦးထုပ်ဆောင်းကာ mask တပ်ထားပြီး ညအချိန်မှာပင် သူ့တစ်ကိုယ်လုံးကို လုံခြုံစွာ ထုပ်ပိုးထားသည်။ ထိုသူမှာ လက်ရှိ ဖျော်ဖြေရေးလောက၏အကျော်အမော်ဖြစ်သူ ကျန်းမော့မှလွဲ အခြားမဟုတ်ပေ။ 


သူနှင့်ယှဉ်လျှင် အနည်းငယ်ပုသည်ဟု ဆိုရမည့် ကျန်းမော့၏  လက်ထောက်နှင့်လျှို့ဝှက်ချစ်သူဖြစ်သော မုန့်ယွမ်ရှန့်က နောက်မှလိုက်ပါလာသည်။ မုန့်ယွမ်ရှန့်မှာ mask တပ်ထားခြင်း မရှိချေ။ ရှည်လျားနက်မှောင်သော ဆံပင်များမှ နူးညံ့လှပသော မျက်နှာအစိတ်အပိုင်းများအား တစ်စိတ်တစ်ပိုင်း ဖုံးကာထားသလိုပင်။ ညအချိန်မှာပင် ဖြူဖျော့သော အသားအရေနှင့် ထင်ရှားသော မေးရိုးမှာ တလက်လက်တောက်ပနေသကဲ့သို့ ရှိလေသည်။


စနစ်၏ ဆူဆူညံညံအသံ ထွက်လာပြန်သည်။ 


[မုန့်ယွမ်ရှန့်နဲ့ ကျန်းမော့က ငယ်ငယ်လေးတည်းက သိလာကြတာ.. ကျန်းမော့က ဖျော်ဖြေရေးနယ်ပယ်ကို ဝင်မယ်လည်းဆိုရော သူ့မိသားစုက ငွေကြေးအထောက်အပံ့ကို ဖြတ်တောက်လိုက်တယ်လေ.. မုန့်ယွမ်ရှန့်က အချိန်ပိုင်းအလုပ် သုံးခုလုပ်ပြီး ထောက်ပံ့ပေးခဲ့တာ.. ကျန်းမော့ နာမည်ကြီးလာတော့ မုန့်ယွမ်ရှန့်က သူ့ရဲ့ လက်ထောက်ဖြစ်လာပြီး သူ့ကို ဂရုစိုက်ပေးခဲ့တယ်.. အိပ်ရာပေါ်မှာရော အပြင်မှာပါပေါ့.. ဒါပေမဲ့ ကျန်းမော့.. အဲဒီကောင်က လုံးဝ မကောင်းဘူး..]


အလွန်စိတ်ဝင်စားနေပြီဖြစ်သော ကုရှင်းရှစ်မှ မေးလိုက်သည်။

“ထပ်ပြောဦးလေ..”


[ဒီညကိုပဲ ဥပမာထားပြောပြမယ်.. ကျန်းမော့က ရုတ်တရက်ကြီး ‘လိုအပ်လာ’ တယ်လေ.. အဲဒါကြောင့် မုန့်ယွမ်ရှန့်ကို သူ့အခန်းဆီ ခေါ်လိုက်တယ်.. မုန့်ယွမ်ရှန့်က မြို့တော်ကနေ အပြေးလာခဲ့တာ.. ရောက်ရောက်ချင်းပဲ ကျန်းမော့က မုန့်ယွမ်ရှန့်ကို အိပ်ရာပေါ် ဆွဲတင်ပြီး မှောက်လိုမှောက် လှန်လိုလှန် လုပ်တော့တာပဲ..]


“ဘာ.. ဒီလိုပျော့ပျောင်းမှုမျိုးနဲ့ အကသမားတစ်ယောက် ဖြစ်မလာရင် အတော်ရှက်ဖို့ကောင်းလိမ့်မယ်..”

ကုရှင်းရှစ်က အံ့အားတကြီးပြောသည်။ 


စနစ် : [ဘာဖြစ်တယ်..]


“ဘာမှမဟုတ်ဘူး.. ဆက်ပြောလေ..”


[အဲဒီ လူယုတ်မာကောင် ကျန်းမော့က မုန့်ယွမ်ရှန့် နေမကောင်းဖြစ်နေရင်တောင် သူ့ကို ဂရုစိုက်ပေးတာ လိုချင်တာလေ.. သူတို့လုပ်ပြီးတော့ ညလယ်စာစားဖို့ ဆွဲခေါ်သွားတယ်.. မုန့်ယွမ်ရှန့်က သူ အပြင်စာတွေ မကြိုက်မှာကို စိတ်ပူလို့ ဆန်ပြုတ်ပြုတ်ပြီးတောင် ယူလာခဲ့ပေးတာ..]


ကုရှင်းရှစ်က အိတ်တစ်လုံးအားသယ်ကာ ကျန်းမော့၏နောက်မှ နာခံရိုကျိုးစွာ လိုက်ပါလာသည့် မုန့်ယွမ်ရှန့်အား ကြည့်လိုက်သည်။ အနည်းငယ် တောင့်တင်းနေသည့် ခြေလှမ်းများမှလွဲ၍ မုန့်ယွမ်ရှန့်၏ လှပသော မျက်နှာထက်၌ မသက်မသာဖြစ်နေသည့် အရိပ်အယောင် စိုးစိမျှပင် မရှိချေ။


ကုရှင်းရှစ်က လျှာတောက်လိုက်သည်။

“ကြည့်ကောင်းတယ်.. ပျော့ပျောင်းတယ်.. ခံနိုင်ရည်ရှိတယ်.. သည်းခံနိုင်စွမ်းရှိတယ်.. ဒီလူက idol တစ်ယောက်ဖြစ်ဖို့ မွေးလာတာပဲ..”


[တစ်ဆိတ်လောက်..]

စနစ်မှာ ကြောင်အနေပုံပင်။

[မင်းက နည်းနည်းများ ခေါင်းစဉ်လွဲနေသလားလို့..]


ကုရှင်းရှစ်က ယုံကြည်မှုရှိစွာဖြင့် ပြန်ဖြေသည်။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ.. မန်နေဂျာ တစ်ယောက်အနေနဲ့ ငါက ဒါတွေကို အာရုံစိုက်ရမှာပဲလေ..”


စနစ် သက်ပြင်းချမိတော့သည်။


လွန်ခဲ့သော နှစ်ဝက်ခန့်က ကုရှင်းရှစ်သည် အမွေဆက်ခံရမည့် သတင်းတစ်ခုအား လက်ခံရရှိခဲ့သည်။ သူ၏ သွေးဝေးဆွေမျိုးဖြစ်သူ ဦးလေးမှ စီမံခန့်ခွဲမှု ကုမ္ပဏီတစ်ခုအား သူ့အတွက် ချန်ထားခဲ့သောကြောင့် မျှော်လင့်ချက် မြင့်မားစွာဖြင့် မြို့တော်သို့ ရောက်ရှိလာပြီးနောက် သူဆက်ခံရမည့် ကုမ္ပဏီမှာ အခွံသက်သက်သာဖြစ်ကြောင်း သိလိုက်ရသည်။ အနုပညာရှင်အားလုံး ထွက်ခွာသွားကြပြီး ကုမ္ပဏီ၏ ငွေစာရင်းမှာ သူ၏ ပိုက်ဆံအိတ်ထက်ပင် ပြောင်ရှင်းလျက်ရှိသည်။


လက်လျှော့ရန် အဆင်သင့်ဖြစ်နေချိန်မှာပင် ကုရှင်းရှစ်မှာ သူ့ထံ၌ အတင်းပြောစနစ် ဟူသည့် ‘ရွှေလက်ချောင်း’ တစ်ခုရှိနေကြောင်း သိလိုက်ရသည်။


ကျန်းမော့၏ စာချုပ်မှာ ပြည့်တော့မည် ဖြစ်သောကြောင့် အေဂျင်စီအသစ်တစ်ခု ရှာဖွေနေကြောင်း သတင်းရရှိထားသည်။ ကံကောင်းစွာဖြင့် စနစ်၏ သတင်းပေးမှုအရ ကျန်းမော့သည် ယနေ့ည၌ သူ၏ ချစ်သူနှင့် လျှို့ဝှက်တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိထားသည်။


ကျန်းမော့က အနုပညာသက်တမ်း ၅ နှစ်အတွင်း ရှိနေပြီဖြစ်ကာ သန့်ရှင်းသောပုံရိပ်ကိုလည်း ထိန်းသိမ်းထားနိုင်သူဖြစ်ပြီး ဖျော်ဖြေရေးလောက၏ သန့်စင်မှုပြယုဂ်လည်းဖြစ်သည်။ ထို့ကြောင့် စနစ်ထံမှ သတင်းအား ကြားပြီးသည်နှင့် ကုရှင်းရှစ်က လေယာဉ်ပေါ်သို့ ခုန်တက်ကာ အတင်းအဖျင်းအားကြည့်ရန် အဆင်သင့်ဖြစ်နေသည့်အပြင် သူ၏ ကုမ္ပဏီအတွက် ကျန်းမော့အား ခေါ်ယူနိုင်ရန်လည်း မျှော်လင့်နေမိသည်။ သို့သော် ဤဖရဲသီးမှာ သူမျှော်လင့်ထားသည်ထက်ပင် ပိုမိုကာ အရည်ရွှမ်းနေတော့သည်။


ဟိုတယ်မှ ထွက်လာသည့် ကျန်းမော့နှင့် မုန့်ယွမ်ရှန့်အားကြည့်ကာ ကုရှင်းရှစ်က ချုံပုတ်ထဲမှ လျောထွက်ကာ နောက်ယောင်ခံလိုက်တော့သည်။


ထိုအချိန်မှာပင် စနစ်၏ စိတ်လှုပ်ရှားမှုအပြည့်နှင့် ဆူညံသံ ထွက်ပေါ်လာသည်။

[အခု သူ့ကို ဘယ်သူဖုန်းခေါ်တာလဲ မှန်းကြည့်..]


စနစ်၏ နည်းလမ်းများနှင့် အကျွမ်းဝင်နှင့်ပြီး ဖြစ်သောကြောင့် ကုရှင်းရှစ်မှာ ယင်းသည် ကြီးကြီးမားမား တစ်ခုခုမှန်း သိလိုက်လေသည်။

“ဘယ်သူလဲ..”


[အဲဒါ မုန့်ယွမ်ရှန့်ရဲ့ ဝမ်းကွဲ ရှုယိပဲ.. သူက ကျန်းမော့ရဲ့ဖုန်းကို ခိုးကြည့်ပြီး မြို့ထဲမှာ ရှိနေတာ သိသွားတယ်လေ.. အဲဒါနဲ့ သူ့ကို အံ့အားသင့်သွားအောင် ဟိုတယ်ဝင်ပေါက်မှာ စောင့်နေတာ..]


ကုရှင်းရှစ် မျက်ခုံးပင့်လိုက်သည်။

“သူတို့က မုန့်ယွမ်ရှန့် သိသွားမှာ မစိုးရိမ်ကြဘူးလား..”


[အာ.. ဒါက ပထမဆုံးအကြိမ် မဟုတ်တော့ဘူးလေ.. သူတို့က ရင်ဖိုရတာမျိုး သဘောကျလို့ ဖြစ်ချင်ဖြစ်မှာပေါ့..]


“ဝိုး..”


မုန့်ယွမ်ရှန့်က ခန္ဓာကိုယ် ယိမ်းထိုးကာ နောက်သို့ဆုတ်သွားသော ကျန်းမော့အားကြည့်ကာ ခေတ္တမျှကြာအောင် ရပ်နေမိသည်။ ထို့နောက် မတ်မတ်ရပ်နိုင်ရန် အနီးရှိ သစ်ပင်တစ်ပင်အား ဖမ်းဆုပ်ပြီးနောက် ၂၄ နာရီဖွင့်သည့် ကုန်စုံဆိုင်ရှိရာသို့ ခပ်ဖြည်းဖြည်း ဦးတည်သွားလေသည်။


စနစ်မှ ကုရှင်းရှစ်အား သတိပေးလာသည်။

[မင်းက ကျန်းမော့နဲ့ လက်မှတ်ထိုးဖို့ ဒီကိုလာတာမလား..]


“လုံးဝပဲ..”

ကုရှင်းရှစ် ခပ်ထေ့ထေ့ပြောသည်။

“အမှိုက်ထုပ်တွေကို ငါ့စာရင်းထဲ မထည့်ဘူး..”


*


ကုန်စုံဆိုင်အတွင်း၌ မုန့်ယွမ်ရှန့်သည် နွေးထွေးစေရန် မစ်တီးပူပူတစ်ပုလင်းအား ယူလိုက်သည်။ ထောင့်တစ်နေရာ၌ထိုင်ကာ ပုလင်းအား လက်ဖြင့်ဆုပ်ကိုင်ရင်း အနည်းငယ် လမ်းပျောက်နေဟန်ပင်။ သို့သော် သူ၏ ခံစားချက်များအား နောက်ပို့လိုက်သည်။ မှတ်မိနိုင်သည့် ကာလအပိုင်းအခြားထဲ၌ သူက စိတ်သဘောထားပျော့ပျောင်းကာ ကိုယ်ကျိုးမကြည့်သူတစ်ဦး ဖြစ်ခဲ့ပြီး အရာအားလုံး၌ ကျန်းမော့ကိုသာ ဦးစားပေးခဲ့သည်။


ကျန်းမော့က သူ့ရည်မှန်းချက်များ ပြည့်ဝပြီးသည်နှင့် သူတို့နှစ်ဦး နိုင်ငံခြားသို့သွားကာ တူနှစ်ကိုယ် ဘဝတစ်ခု စတင်ကြမည်ဟု မကြာခဏဆိုသလို ကတိပေးခဲ့သည်။ ထိုအကြောင်းအား စိတ်ကူးမိချိန်တိုင်းတွင် မော့ယွမ်ရှန့်၏ မျက်နှာထက်၌ နူးညံ့သော အပြုံးတစ်ခု ဖြစ်တည်လာလေသည်။


ထိုအချိန်မှာပင် တကျွိကျွိမြည်သံကျယ်နှင့် တံခါးပွင့်လာပြီး တိတ်ဆိတ်မှုအား ဖြိုခွင်းလိုက်သော ခြေသံများကြောင့် မုန့်ယွမ်ရှန့်က သာယာကြည်နူးဖွယ်ကောင်းသော စိတ်ကူးယဉ်အိပ်မက်မှ နိုးထလာသည်။


ဆိုင်အတွင်းသို့ ဝင်လာသူမှာ ဖုန်းကြည့်နေဟန်ရှိပြီး ထောင့်တွင် တိတ်ဆိတ်စွာ ထိုင်နေသည့် မုန့်ယွမ်ရှန့်အား သတိပြုမိပုံမရဘဲ စိတ်လှုပ်ရှားမှုကြောင့် အသံကျယ်လာသည်။


“သတင်းကြီးပဲ.. ဒီသတင်းက မနက်ဖြန်ကျ ထိပ်တန်းသတင်းထူးဖြစ်နေမှာ သေချာတယ်..”


“ကျန်းမော့ရဲ့ ကောလာဟလလေ.. အဲဒါက ပေါက်ကွဲမသွားဘူးဆိုတာ ဖြစ်နိုင်မှာလား..”


မုန့်ယွမ်ရှန့်က ကနဦး၌ အဆိုပါသူအား များစွာအာရုံစိုက်မိခြင်း မရှိသော်ငြား ရုတ်တရက် အေးခဲသွားသည်။


တစ်ချိန်တည်းမှာပင် ကုရှင်းရှစ်က စနစ်အား မုန့်ယွမ်ရှန့်၏ အမူအရာများအား မျက်ခြေမပျက်စေဘဲနှင့် လွန်လွန်ကျူးကျူး သရုပ်ဆောင်နေတော့သည်။

“ငါက ကျန်းမော့ရဲ့ ချစ်သူနောက်ကို တောက်လျှောက်လိုက်လာခဲ့တာ.. အဲဒါက လုံးဝ တန်သွားပြီ..”


မုန့်ယွမ်ရှန့်၏မျက်နှာမှာ ဖြူဖျော့လာသည်။ သူ့အား ဖမ်းမိသွားပြီဟု တွေးမိသောကြောင့် အလျင်စလိုပင် ဖုန်းထုတ်ကာ ကျန်းမော့အား စာပို့ရန်ပြင်သည်။


သို့သော် အဆိုပါသူ၏ နောက်ဆက်တွဲ စကားလုံးများမှာ မုန့်ယွမ်ရှန့်အား အုတ်ခဲနှင့် ပေါက်လိုက်သလိုပင်။


“ကျန်းမော့ရဲ့ ချစ်သူက.. လူငယ်သရုပ်ဆောင် ရှုယိတဲ့..”


မုန့်ယွမ်ရှန့် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားကာ သူ၏စိတ်ထဲ၌ ချက်ချင်းပင် ငြင်းဆိုလေသည်။

ဘယ်လိုလုပ်ပြီး ရှုယိ ဖြစ်နိုင်မှာလဲ..


တစ်ချိန်တည်းမှာပင် မုန့်ယွမ်ရှန့်၏ စိတ်ထဲ၌ အပိုင်းပိုင်းဖြစ်နေသော မှတ်ဉာဏ်များ စတင်ပေါင်းစပ်လာသည်။ ရှုယိမှာ သူ့ထက် နှစ်နှစ်ငယ်ပြီး ကျန်းမော့အား အမြဲတမ်း သဘောကျလေးစားခဲ့သူဖြစ်သည်။ အခွင့်အရေးရချိန်တိုင်း၌ ကျန်းမော့အား ကပ်တွယ်လေ့ရှိပြီး ‘မော့ကောကော’ ဟု နှစ်လိုမှုအပြည့်ဖြင့် ခေါ်တတ်ပြီး ကျန်းမော့မှာ သူ၏ အစ်ကိုအရင်းသဖွယ် ပြုမူတတ်လေ့ရှိသည်။


ထို့အပြင် ကျန်းမော့သည်လည်း ရှုယိအား မည်သည့်အခါမျှ ငြင်းဆန်ခြင်း မပြုခဲ့ချေ။ ရှုယိက ကျန်းမော့၏ လည်ပင်းအားဖက်ထားခြင်း၊ ကျောအား မှီထားခြင်း၊ အလွန်နီးကပ်စွာ နေထိုင်ခြင်းများအား မုန့်ယွမ်ရှန့် အကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးထားပြီး လျစ်လျူရှုဖို့ရန်ပင် ခက်လှသည်။


ကျန်းမော့၏ အပြောအရ ရှုယိမှာ ငယ်ရွယ်ပြီး ကပ်တွယ်လွန်းရုံသာဖြစ်ပြီး မုန့်ယွမ်ရှန့်အား ချစ်မြတ်နိုးသောကြောင့် သူ့အား ညီငယ်လေးသဖွယ် ဆက်ဆံခြင်းဖြစ်သည်ဟု ဆိုလေသည်။


ထို့ကြောင့် မုန့်ယွမ်ရှန့်အနေဖြင့် သဘောကျခြင်း မရှိသည့်တိုင်အောင် သူ၏ ကိုယ်ပိုင်အသိစိတ်ဖြင့် ငြင်းဆန်ရုံသာ ပြုနိုင်သည်။

ငါ စိတ်ထင်နေရုံသက်သက် မဟုတ်ဘူးတဲ့လား..


ထိုအချိန်မှာပင် သူ၏ မျှော်လင့်ချက်များအား ဖိနှိပ်မည့် လူစိမ်း၏အသံက တံခါးဝမှ ထွက်ပေါ်လာပြန်သည်။

“ယုံချင်ယုံ မယုံချင်နေလေ.. ငါကတော့ ‘အစ်ကိုလိုချစ်တာပါ’ ဘာညာဆိုတာကို လုံးဝယုံပေးမှာ မဟုတ်ဘူးနော်.. ကွမ်ယွီက ကျန်းဖေးကို ဟိုတယ်ထဲတော့ အဲလိုခေါ်သွားမှာ မဟုတ်ဘူး..”


[ T/N - ကွမ်ယွီနဲ့ ကျန်းဖေးက သုံးပြည်ထောင်ခေတ်က သွေးသောက်ညီအစ်ကို စစ်သူကြီးတွေပါ😆 ]


ထိုလူ၏အသံက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။


မုန့်ယွမ်ရှန့် လျစ်လျူရှုမထားနိုင်တော့ချေ။ ကုန်စုံဆိုင်အတွင်းမှ ပြေးထွက်ကာ လူစိမ်းအား ရှာဖွေလိုသော်ငြား ထိုလူမှာ ထွက်သွားနှင့်ပြီး ဖြစ်လေသည်။


ထိုနေရာ၌ မတ်တတ်ရပ်လျက်နှင့် စိတ်အတွင်း၌ လွန်ဆွဲကာ တုံ့ဆိုင်းနေပြီးနောက် ဟိုတယ်ရှိရာသို့ ဦးတည်လိုက်တော့သည်။


မုန့်ယွမ်ရှန့် ထွက်သွားသည်နှင့် အနီးအနားရှိ ချုံပုတ်ထဲမှ ခေါင်းတစ်လုံး ပြူထွက်လာသည်။


ကုရှင်းရှစ် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချမိတော့သည်။

“ဖွီး.. မစ်ရှင်ပြီးမြောက်..”


စနစ်က စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်အား ပွတ်ကာ ပြောလေသည်။

[သူ့နောက် လိုက်သွားကြမယ်.. ဒီလိုမျိုး အရည်ရွှမ်းရွှမ်း ဖရဲသီးကို လက်လွှတ်ဖို့ လုံးဝမဖြစ်ဘူး..]


ကုရှင်းရှစ်တို့က ဟိုတယ်အတွင်းသို့ ခိုးဝင်ကာ မုန့်ယွမ်ရှန့်အား နောက်ယောင်ခံလိုက်ကြသည်။


ကျန်းမော့၏အခန်းနှင့် နီးကပ်လာသည်နှင့်အမျှ အခန်းတံခါးရှေ့သို့ မရောက်မချင်း မုန့်ယွမ်ရှန့်၏ နှလုံးသားအား လက်ဖြင့် ဖျစ်ညှစ်ထားသလိုပင်။


တံခါးမှာ အနည်းငယ် ဟလျက်ရှိပြီး ဟထားသောတံခါးမှတစ်ဆင့် အခန်းအတွင်းရှိ ချိုသာသော ပလုံးပထွေးသံများ လျှံကျလာသည်။


ထိုအသံများက မုန့်ယွမ်ရှန့်အား ဦးခေါင်းထက်မှ ရေခဲရေတစ်ပုံးနှင့် လောင်းချခံရသလိုပင်။


ခန္ဓာကိုယ်တစ်ခုလုံး အေးစက်ကာ ထိန်းချုပ်မရနိုင်လောက်အောင် တုန်ယင်လာပြီးနောက် တံခါးဖွင့်ကာ ဝင်သွားသည်။


အခန်း၏ ဆိုဖာပေါ်၌ အဝတ်ဗလာနှင့် ခန္ဓာကိုယ်နှစ်ခု ယှက်တွယ်လျက်ရှိသည်။


ထိုသူများမှာ သူ၏ အရင်းနှီးဆုံးသူနှစ်ဦးပင်။


လက်ရှိအချိန်၌မူ ထိုလူများမှာ တစ်ခါမျှ မတွေ့မမြင်ဖူးသည့် သူစိမ်းများသဖွယ်ဖြစ်သည်။


တံခါးအား မျက်နှာမူလျက်ရှိသည့် ရှုယိမှာ တစ်စုံတစ်ခုအား သတိပြုမိလိုက်ပုံရှိပြီး မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် အမူအရာမဲ့စွာဖြင့် ထိုနေရာ၌ မတ်တတ်ရပ်လျက်ရှိသော မုန့်ယွမ်ရှန့်အား မြင်တွေ့လိုက်သဖြင့် အက်ကွဲနေသောအသံဖြင့် အာမေဍိတ်ပြုလိုက်သည်။

“ဝမ်းကွဲ..”


ရမ္မက်နွံထဲ၌ နစ်မြုပ်နေဆဲဖြစ်သည့် ကျန်းမော့က ခပ်ဖွဖွရယ်လိုက်သည်။

“အိုး.. နတ်ဆိုးလေး.. မင်းက ပူစပ်ပူလောင်လေးတွေကို ကြိုက်တယ်ပေါ့လေ.. ဟုတ်လား..”


ရှုယိမှာ ဖျော့တော့လာသည်။

“မဟုတ်ဘူး.. အဲလို မဟုတ်..”


တစ်စုံတစ်ခု မှားယွင်းနေမှန်း သတိပြုမိပြီးနောက် ကျန်းမော့ လှည့်ကြည့်လိုက်ချိန်တွင် တံခါးဝ၌ ရပ်လျက်ရှိသည့် မုန့်ယွမ်ရှန့်အား မြင်တွေ့လိုက်သည့်အခါ ချက်ချင်းပင် မျက်နှာတစ်ခုလုံး ဖြူစုတ်သွားတော့သည်။

“ယွမ်ရှန့်.. ဘာ.. ဘာလို့ ဒီကို ရောက်နေတာလဲ..”


တံခါးဝမှ ချောင်းကြည့်နေသော ကုရှင်းရှစ်က အဖြစ်အပျက်တစ်ခုလုံးအား မြင်တွေ့လိုက်ရပြီး တိတ်တခိုး ကျိန်ဆဲနေမိသည်။ ထို့နောက် တုံ့ဆိုင်းခြင်း မရှိဘဲနှင့် ကျန်းမော့နှင့် ရှုယိတို့၏ ဓာတ်ပုံအနည်းငယ်အား ရိုက်ယူထားလိုက်သည်။


အခန်းအတွင်းရှိ လူများမှာမူ ကုရှင်းရှစ်အား အာရုံမစိုက်နိုင်ကြပေ။


ကျန်းမော့၏ လက်မောင်းအား ဖက်တွယ်ထားသော ရှုယိက နုနယ်ကာ သနားစဖွယ်ကောင်းစွာ ပြောလေသည်။

“မော့ကောကော.. ဝမ်းကွဲလည်း သိသွားပြီဆိုတော့.. အခုပဲ ပြောလိုက်..”


“ပါးစပ်ပိတ်စမ်း..”

ကျန်းမော့က ရှုယိအား ကြမ်းတမ်းစွာ တွန်းထုတ်လိုက်သည်။


သတိလျော့နေသော ရှုယိက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး မျက်နှာထက်တွင် အရှက်ရမှုနှင့် စိတ်သောကရောက်မှုတို့ ထင်ဟပ်နေသည်။

“မော့ကောကော..”


ကျန်းမော့က ရှုယိအား လျစ်လျူထားပြီးနောက် ဘောင်းဘီကိုဆွဲတင်ကာ မုန့်ယွမ်ရှန့်အား စကားပြောရန် ကြိုးစားလေသည်။

“ယွမ်ရှန့်.. ကိုယ့်ကို ရှင်းပြခွင့်..”


သို့သော် ကျန်းမော့ ပြောမပြီးခင်မှာပင် မုန့်ယွမ်ရှန့်၏ ခပ်ကြမ်းကြမ်းရိုက်ခံလိုက်ရသည်။


ဖြန်း..


ပါးရိုက်သံမှာ အခန်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။


ကုရှင်းရှစ်နှင့် စနစ်တို့ နှစ်ဦးသား ဝါးခနဲပင် ဖြစ်သွားတော့သည်။


မုန့်ယွမ်ရှန့်၏ မျက်လုံးများမှာ နီရဲလျက်ရှိပြီး ခန္ဓာကိုယ်မှာလည်း စိတ်ခံစားချက်များကြောင့် ယိမ်းထိုးနေသည်။


သူက ကျန်းမော့အပေါ်၌ အမြဲနာခံမှုရှိခဲ့ပြီး ကျန်းမော့ပြုလုပ်သမျှ အရာအားလုံးအပေါ် မည်မျှပင် ဆိုးဝါးစေကာမူ သည်းခံခဲ့သည်။ ဤတစ်ကြိမ်မှာ သူ၏ဘဝ၌ ပထမဆုံးအဖြစ် ကျန်းမော့အား ဆန့်ကျင်မိခြင်းဖြစ်သဖြင့် စိတ်လှုပ်ရှားသလို ကြောက်ရွံ့မှုတို့လည်း ပြည့်နေသည့်အပြင် အံ့ဩဖို့ကောင်းစွာ လွတ်မြောက်ခြင်းကို ခံစားမိသည်။


ကျန်းမော့က ထိတ်လန့်စွာဖြင့် စပ်ဖျဉ်းဖျဉ်းဖြစ်နေသည့် ပါးအား ထိလိုက်မိပြီး မုန့်ယွမ်ရှန့်၏ အပြုအမူအား မယုံနိုင်လောက်အောင် ဖြစ်နေတော့သည်။


ဖျော်ဖြေရေးလောကသို့ ဝင်ရောက်ပြီးချိန်မှစကာ အရာအားလုံး သူ့သဘောအတိုင်းသာ ဖြစ်ခဲ့ပြီး နှစ်သက်မြတ်နိုးမှုနှင့် ဖူးဖူးမှုတ်ထားခံရမှုတို့အား အသားကျနေပြီဖြစ်သည်။ သူ့အား လက်ပါဝံ့သူ မည်သူမျှ မရှိကြပေ။ အထူးသဖြင့် သူ့အပေါ် နူးညံ့ကာ နာခံတတ်သူ ယွမ်ရှန့်ဖြစ်သည်။


ဒေါသပေါက်ကွဲလာသဖြင့် စကားလုံးတို့ ထွက်ကျလာသည်။

“မင်းက ငါ့ကို ရိုက်ရဲတယ်ပေါ့.. မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ.. မင်းရဲ့ အရာအားလုံးကို ငါပေးထားတာ.. မင်းက နာခံတတ်လို့ ငါက ကောင်းကောင်းဆက်ဆံပေးတာကို မင်းကိုယ်မင်း ငါ့ရဲ့ တရားဝင်ချစ်သူလို့ ထင်နေတာလား..”


စကားလုံးများမှာ ပြင်းထန်လှသဖြင့် အပြင်ဘက်မှ ကြည့်နေသူ ကုရှင်းရှစ်ပင်လျှင် ဒေါသထွက်လာသည်။


မမျှော်လင့်စွာဖြင့် မုန့်ယွမ်ရှန့်မှာ သူမတူစွာ တည်ငြိမ်လှသည်။

“မင်းပြောတာ မှန်တယ်..”


လူတိုင်း အေးခဲသွားသည်။


မုန့်ယွမ်ရှန့် စိတ်လျှော့လိုက်ပြီဟု တွေးမိသောကြောင့် ကျန်းမော့ စိတ်သက်သာရာ ရမိသွားသည်။


သို့သော် နောက်တစ်စက္ကန့်မှာပင် မုန့်ယွမ်ရှန့်က လက်ထဲရှိ အပူခံဘူးအားဖွင့်ကာ ကျန်းမော့အား အထဲရှိ ဆန်ပြုတ်များဖြင့် လောင်းချလိုက်တော့သည်။


ကျန်းမော့ အော်ဟစ်လိုက်သည်။

“မုန့်ယွမ်ရှန့်..”


ကုရှင်းရှစ်က ရယ်ချင်စိတ်အား အတင်းထိန်းချုပ်နေရသည်။

သောက်ကြမ်းကြီးဟ..


“ငါဆုံးဖြတ်ပြီးပြီ..”


ကုရှင်းရှစ် စိတ်ထဲမှ ပြောလိုက်မိသည်။


သူနဲ့ စာချုပ်ချုပ်မယ်..



🍉🍉🍉