Ch 5
Viewers 6k

🍉 အခန်း ၅



စွန်းဟုန်ဖေး ကုရှင်းရှစ်အား မဝံ့မရဲ မေးလိုက်သည်။

“ဒီတော့ ခင်ဗျားနဲ့ မစ္စတာဝမ်ရဲ့ ပတ်သက်မှုက ဘာတွေလဲ.. သူ့ရဲ့ လက်ကြယ်သီးက ဘယ်လိုလုပ်ပြီး ခင်ဗျားဆီမှာ ရှိနေရတာလဲ..”


ကုရှင်းရှစ် အမှန်အတိုင်း မပြောနိုင်ပေ။

ဟမ့်.. မင်းတို့ဆီကပဲ ရှာတွေ့တာလို့ ပြောရမှာလား..


ထို့ကြောင့် မပြတ်မသား ပြောလိုက်သည်။

“အဲဒါက အရေးပါလို့လား.. မစ္စတာဝမ် ဒါကိုတွေ့တာနဲ့ နားလည်သွားလိမ့်မယ်..”


စွန်းဟုန်ဖေး : !!


သူ့လေသံထဲမှာ မသိမသာ ပါနေတဲ့ မာန်မာနတွေ.. ပြီးတော့ အရမ်းပဲ ယုံကြည်ချက်ရှိနေတဲ့ ဟန်ပန်..


ကုရှင်းရှစ်က ဝမ်ယွဲ့နဲ့ အနီးကပ်ဆက်ဆံရေး မရှိဘူးဆိုရင် ဒီလိုပြောရဲမှာ မဟုတ်လောက်ဘူး..


သို့သော် စွန်းဟုန်ဖေးထံ၌ အခြားသော သံသယအချို့ ရှိနေဆဲဖြစ်သည်။

“ခင်ဗျားရဲ့ နာမည်လေး ပြောပြလို့ရမလား..”


“ကျွန်တော့် မျိုးရိုးက ကု ပါ..”

ကုရှင်းရှစ် သူ့အမည်ကတ်အား ကမ်းပေးလိုက်သည်။


စွန်းဟုန်ဖေးက ကတ်ပေါ်ရှိ စာလုံးအမည်းဖြင့် ရေးသားထားသော ‘လဲ့ရှစ်အင်တာတိန်းမန့်’ ဟူသည့် အမည်အား အကြည့်ရောက်သွားသည်။ မည်သည်ကြောင့်ရယ် မသိဘဲ ထိုအမည်အား ရင်းနှီးနေသည်ဟု ခံစားမိသည့်တိုင်အောင် စဉ်းစားမရနိုင်ဘဲ ရှိလေသည်။

“ခင်ဗျားတို့ ကုမ္ပဏီရဲ့ အနုပညာရှင်တွေက ဘယ်သူလဲဆိုတာ သိလို့ရမလား..”


ထိုမေးခွန်းမှာ အတော်လေး ကသိကအောက်ဖြစ်စေသည်။ အရိုးသားဆုံး ဆိုရလျှင် လဲ့ရှစ်၏ အနုပညာရှင် စာရင်း၌ ပွဲဦးမထွက်ရသေးသော သင်တန်းသား ၂ ဦးသာလျှင် ရှိသည်။


အလျင်အမြန် စဉ်းစားပြီးနောက် ကုရှင်းရှစ်က ပြန်ဖြေသည်။

“ကျွန်တော်တို့ ကုမ္ပဏီက ယန်ကျစ်ဟန့်ကို စီမံပေးခဲ့ဖူးပါတယ်..”


ယန်ကျစ်ဟန့်၏အမည်အား ဖော်ပြခြင်းသည်သာလျှင် ကုမ္ပဏီ၏ လက်ကျန်ပုံရိပ်အား မြှင့်တင်ပေးနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယန်ကျစ်ဟန့်ဆိုသည်မှာ နာမည်ကြီးတစ်ယောက်ပင်။


စွန်းဟုန်ဖေး ရပ်တံ့သွားပြီးနောက် အချိန်အတော်ကြာအောင် မေ့လျော့နေခဲ့သည့် မှတ်ဉာဏ်များ ပြန်လည်ထွက်ပေါ်လာသည်။ ယန်ကျစ်ဟန့်မှာ ဝမ်ယွဲ့၏ ဦးလေးငယ်ဖြစ်ကြောင်း လူအနည်းငယ်သာ သိကြသည်။ လွန်ခဲ့သော နှစ်များက ယန်ကျစ်ဟန့်သည် သူ၏ မိသားစုအား ပုန်ကန်ကာ နာမည်တုတစ်ခုဖြင့် ကုမ္ပဏီငယ်တစ်ခုနှင့် စာချုပ်ချုပ်ဆိုခဲ့ကာ သူ၏ ကိုယ်ပိုင်အားထုတ်မှုဖြင့် အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့သည်။


လဲ့ရှစ်ဆိုတာ အဲဒီ ကုမ္ပဏီလေး မဟုတ်လား..


အရာအားလုံး အဓိပ္ပါယ်ရှိသွားလေပြီ။ သူတို့နှစ်ဦးမှာ ကလေးဘဝထဲက သိကျွမ်းလာကြခြင်း ဖြစ်သောကြောင့် ရင်းနှီးသည်မှာ ဖြစ်သင့်သည်။


အမှန်တရားအား ဖမ်းဆုပ်မိပြီဟု ခံစားမိသောကြောင့် စွန်းဟုန်ဖေးက စိတ်သက်သာရာ ရသလို ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ချေ။


[Boy Group Training Camp] သည် ထျန်းချန်ဗီဒီယိုနှင့် စတားရှိုင်းမီဒီယာတို့ ပူးပေါင်းဆောင်ရွက်သော ထုတ်လုပ်မှုတစ်ခုဖြစ်ပြီး ကုမ္ပဏီအများစုက စတားရှိုင်း၏ ‌ရွေးချယ်မှုဖြစ်ကာ ထျန်းချန်အနေဖြင့် ရှိုးစတင်သည့်အချိန်မှသာ စီမံရခြင်းဖြစ်သည်။ သို့သော် ကုရှင်းရှစ်က စတားရှိုင်းသို့ သွားရမည့်အစား ထျန်းချန်သို့ တိုက်ရိုက်ရောက်ရှိလာခဲ့ခြင်း ဖြစ်သဖြင့် ယမန်နေ့က အဖြစ်အပျက်ကြောင့် ဝမ်ယွဲ့သည် စတားရှိုင်းအား ကျေနပ်သေးပုံမရကြောင်း ရှင်းရှင်းလင်းလင်း ဖော်ညွှန်းနေလေသည်။


ကုမ္ပဏီနှစ်ခုမှာ အဆောက်အဦတစ်ခုတည်း၌ တည်ရှိပြီး ဝမ်လုပ်ငန်းစု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့်တိုင်အောင် ပြိုင်ဘက်များဖြစ်ကြသည်။ စတားရှိုင်း၏ လတ်တလော အောင်မြင်မှုများသည် တစ်ခါတစ်ရံ ထျန်းချန်အား လွှမ်းမိုးလာတတ်သည်။


စတားရှိုင်းက လတ်တလောအောင်မြင်မှုများကြောင့် မြောက်ကြွကြွ ဖြစ်မနေခဲ့လျှင် အဆိုပါသရုပ်ဆောင်အား ပြဿနာရှာကာ ထျန်းချန်ကို ဆွဲချရန် ခွင့်ပြုလိမ့်မည် မဟုတ်ပေ။


စွန်းဟုန်ဖေးသည် ယမန်နေ့က အဖြစ်အပျက်ကြောင့် မစ္စတာဝမ်၏ အမျက်ဒေါသ အကင်းမသေသေးမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ကုရှင်းရှစ်အား မြင်တွေ့ပြီးနောက် သူ၏ စိုးရိမ်မှုတို့ တစ်ဝက်ခန့် လျော့ကျသွားသည်။


စိတ်လက်ပေါ့ပါးသွားပြီးနောက် စွန်းဟုန်ဖေး၏ သဘောထားမှာ ပို၍ပင် နွေးထွေးလာတော့သည်။ ကုရှင်းရှစ်ပေးလာသည့် လျှောက်လွှာများအား စိတ်အားထက်သန်စွာဖြင့် ယူလိုက်သည်။

“စိတ်မပူပါနဲ့.. အရာအားလုံး အဆင်ပြေအောင် သေချာလေး ဂရုစိုက်လိုက်ပါ့မယ်..”


ကုရှင်းရှစ်က ထိုသူများမှ သူ၏ ကုမ္ပဏီငယ်လေးအား နှိမ့်ချရှုမြင်မည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် မန်နေဂျာ စွန်းဟုန်ဖေး၏ ယဉ်ကျေးဖော်ရွေသော သဘောထားကြောင့် စိတ်သက်သာရာ ရမိတော့သည်။


မျှော်လင့်ထားသလိုပဲ ကုမ္ပဏီကြီးတွေရဲ့ ဝန်ထမ်းတွေဆိုတာ လုံးဝကို ထိပ်တန်းအဆင့်တွေပဲ..


စွန်းဟုန်ဖေး၏ အလွန်အကျူး ယဉ်ကျေးနေမှုသည် ကုရှင်းရှစ်အား မူးဝေလာစေသည့်တိုင်အောင် သူ့မူလရည်ရွယ်ချက်အား မမေ့သွားပေ။

“လျှောက်လွှာတင်ပြီးရင် အင်တာဗျူးရှိတယ်လို့ ကြားထားတယ်.. ဘယ်အချိန်လောက်လဲ မသိဘူး..”


စွန်းဟုန်ဖေး ကြောင်အသွားသည်။ 

သူက အင်တာဗျူးအဆင့်ကို ကျော်ဖို့ရည်ရည်ချက် မရှိဘူးလား.. ဘာလို့များ အလုပ်ရှုပ်ခံနေတာလဲ..


ထို့နောက် ‘ပုန်ကန်သည့် သခင်ငယ်လေး’ ဇာတ်ကြောင်း ခေါင်းထဲပေါ်လာသည်။ ဤကောင်လေးမှာ သူ၏ အစွမ်းအစနှင့် အမှီအခိုကင်းမှုအား သက်သေပြကာ နာမည်တစ်ခု တည်ဆောက်ပြီး သူ၏ ချစ်သူ အထင်ကြီးလာအောင် ပြုလုပ်လိုခြင်း ဖြစ်ပေမည်။ လျှောက်လွှာတင်သွင်းခြင်း နောက်ကွယ်ရှိ လျှို့ဝှက်ဇာတ်လမ်းမှာ ထိုသို့သာ ဖြစ်ရမည်။


“အိုး.. ဟုတ်သားပဲ.. ဒါပေ့ါ.. အင်တာဗျူးကို မနက်ဖြန် နေ့လယ်ဖြေဖို့ သတ်မှတ်လိုက်ရင်ရော အဆင်ပြေမလား..”


ကုရှင်းရှစ် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။


အင်တာဗျူးဖြေရမည့် အချိန်အား အတည်ပြုပြီးနောက် ကုရှင်းရှစ် မသိမသာ မေးလိုက်သည်။

“ဒီseasonမှာ ကျင်းယို့အင်တာတိန်းမန့်က သင်တန်းသား ဘယ်လောက် ဝင်ခွင့်ရလဲ..”


အဆိုပါမေးခွန်းအား ကြားပြီးနောက် စွန်းဟုန်ဖေး ရင်ထိတ်သွားသည်။

“ဘာဖြစ်လို့ ကျင်းယို့အကြောင်း မေးတာလဲ..”


“ဒီတိုင်း သိချင်လို့ပါ.. ဘာလို့ လျှို့ဝှက်နေတာလဲ..”


စွန်းဟုန်ဖေး ထိတ်လန့်နေသည့်တိုင်အောင် သူ၏ ကိုယ်နေဟန်ထား မပျက်ယွင်းအောင် ကြိုးစားလိုက်သည်။

“အိုး.. မဟုတ်ပါဘူး.. အဲဒီသဘော မဟုတ်ဘူး.. နောက်ဆုံး ပါဝင်ခွင့်ရ စာရင်းက အခုထိ အတည်မပြုရသေးဘူးလေ.. အဲဒါကြောင့် အခု မပြောနိုင်သေးတာပါ..”


ကုရှင်းရှစ် မျက်မှောင်ကြုတ်ကာ ညည်းတွားလိုက်သည်။

“သူတို့ရဲ့ သင်တန်းသားအရေအတွက်က အတော်လေး မြင့်တာပဲ..”


ယခင်seasonတွင်[Boy Group Training Camp] သို့ ကျင်းယို့မှ သင်တန်းသား ၄ ဦး စေလွှတ်ခဲ့သည်။ ယခုseason၌လည်း ထိုသို့သာဆိုလျှင် ကျင်းယို့၏ လူအရေအတွက်မှာ လဲ့ရှစ်၏ နှစ်ဆပင် ရှိလေသည်။ ယခင်seasonအား ကြည့်ရှုပြီးနောက် ကျင်းယို့၏ သင်တန်းသားများမှာ အတူတကွ ပူးပေါင်းဆောင်ရွက်ကြပြီး အရေအတွက် များပြားနေလျှင် ချန်ရှင်းနှင့် မုန့်ယွမ်ရှန့်အတွက် ထိတ်လန့်ဖွယ်ပြိုင်ဘက် ဖြစ်လာနိုင်သည်။


သို့သော် ကုရှင်းရှစ်၏ ညည်းညူသံမှာ စွန်းဟုန်ဖေး၏ နားစည်အတွင်းသို့ မောင်းတီးသံသဖွယ် ကျယ်လောင်စွာ မြည်ဟီးလာသည်။


အတွင်းပိုင်း ညှိနှိုင်းမှုများကြောင့် ယခုseason၌ ကျင်းယို့၏ ပါဝင်ခွင့်ရ သင်တန်းသား အရေအတွက်မှာ ၂ ဦး ထပ်ပိုလာပြီး စုစုပေါင်း ၆ ဦးဖြစ်သည်။ သို့သော် ထိုအချက်အလက်အား တင်းတင်းကြပ်ကြပ် လျှို့ဝှက်ထားပေသည်။

ကုရှင်းရှစ်က ဘယ်လိုသိထားတာလဲ…


စွန်းဟုန်ဖေး ထပ်မေးလိုသည့်တိုင်အောင် လှည့်ပတ်ကြည့်ရာ ကုရှင်းရှစ်၏ အရိပ်အယောင်ကို မတွေ့ရတော့ချေ။


ထိုအချိန်မှာပင် ရှောင်းလီက စာရင်းတစ်ခုအားကိုင်လျက် ဝင်လာသည်။ 

“ဘော့စ်.. ကျွန်တော် အထက်ကိုသွားပြီး ခိုင်မာတဲ့ အဆက်အသွယ်မရှိတဲ့ ကုမ္ပဏီလေးတွေကို စာရင်းလုပ်ထားတယ်.. ဘယ်သူ့ကို အစားထိုးသင့်လဲဆိုတာ ကြည့်ချင်လား..”


စွန်းဟုန်ဖေး မျက်မှောင်ကြုတ်လိုက်သည်။

“အစားထိုးဖို့ မင်းကို ဘယ်သူပြောလဲ..”


ရှောင်းလီ မျက်တောင်ခတ်လိုက်သည်။

“ဟမ်..”


“ကုမ္ပဏီငယ်လေးတွေက ဒီseasonအတွက် ဝင်ခွင့်ရဖို့ အသေအကြေ ကြိုးစားထားရတာ.. သူတို့ကို အစားထိုးလိုက်ရင် ပြဿနာအကြီးကြီး တက်သွားနိုင်တယ်.. သူတို့‌တွေက ပြဿနာရှာဖို့ကို လုံးဝ ကြောက်တဲ့ဟာတွေ မဟုတ်ဘူး.. ငါတို့ လုံးဝမလိုအပ်တဲ့အရာက အွန်လိုင်းပေါ်က လူထုအုံကြွမှုပဲ..”


ရှောင်းလီက နားမလည်နိုင်ပုံဖြစ်‌နေသည်။

“ဒါဆို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ..”


စွန်းဟုန်ဖေး စာရင်းအား ဆွဲယူပြီးနောက် နာမည်တစ်ခုအား ဘောလ်ပင်ဖြင့် ထောက်လိုက်သည်။


ရှောင်းလီ၏ မျက်လုံးများ ပြူးကျယ်လာသည်။

“ကျင်းယို့က နှစ်ယောက်နဲ့ အစားထိုးချင်တာလား.. ဒါပေမဲ့ သူတို့က စတားရှိုင်းမီဒီယာနဲ့ ညှိနှိုင်းမှုတွေ လုပ်ပြီးပြီလေ..”


စွန်းဟုန်ဖေး ခပ်ဟဟ ရယ်လိုက်သည်။


“သူတို့က စတားရှိုင်းနဲ့ သဘောတူညီချက် လုပ်တာလေ.. ငါတို့နဲ့မှ မဟုတ်ဘဲ.. ပြီးတော့ မစ္စတာကုကလည်း အဲဒါကိုပဲ လိုချင်နေတာ..”


ရှောင်းလီ စွန်းဟုန်ဖေးအား ထိတ်လန့်စွာဖြင့် ကြည့်လိုက်သည်။

“ဒါပေမဲ့ ကျွန်တော်က ဘော့စ်နဲ့ တစ်ချိန်လုံး ရှိနေတာလေ.. မစ္စတာကုရှင်းရှစ်က ဘာမှလည်း မပြောဘူးနော်..”


စွန်းဟုန်ဖေး ရှောင်းလီအား စိတ်ပျက်သည့် အကြည့်နှင့် ကြည့်လိုက်သည်။

“သူက အဲဒီလိုစကားကို တိုက်ရိုက်ထုတ်ပြောမယ်လို့ မင်းထင်နေတာလား.. ဒါက ပြောစရာမလိုတဲ့ အရာတွေကွ..”


ရှောင်းလီက သံသယအပြည့်နှင့် ရှိနေဆဲပင်။


“သူက ဒီတိုင်း ရိုးရိုးသားသား စကားနည်းနည်းလောက်ပဲ ပြောသွားတာပါ.. ကျွန်တော်တို့ အတွေးလွန်နေတာများလား.. ရလဒ်က ပြောင်းပြန်ဖြစ်ပြီး စတားရှိုင်းက ကျွန်တော်တို့ကို မစ္စတာဝမ်ဆီ သတင်းပို့လိုက်ရင်ရော..”


စွန်းဟုန်ဖေး လှောင်ရယ်လိုက်သည်။


“ငါပြောမယ်.. စဉ်းစားကြည့်စမ်း.. နောက်ဆုံးလူစာရင်းကို လွန်ခဲ့တဲ့ ၂ ရက်ကမှ အပြီးသတ်လိုက်တာလေ.. ငါတို့ရယ်.. စတားရှိုင်းရယ်.. မစ္စတာဝမ် ရယ်ပဲ ဒီစာရင်းကို သိတာ.. အခု မစ္စတာကုက သိထားတယ်ဆိုတော့ အဲဒီ သတင်းကို ဘယ်ကရထားလဲ အသိသာကြီးပဲ..”


ရှောင်းလီ၏မျက်နှာ ဖြူဖျော့သွားသည်။

“ကျွန်တော်တို့ဌာနက လုံးဝမဟုတ်ဘူးဆိုတာ ကျိန်ရဲတယ်..”


စွန်းဟုန်ဖေး သက်ပြင်းချလိုက်သည်။

“သေချာပေါက် မဟုတ်ဘူးပေါ့..”


ရှောင်းလီ စိတ်သက်သာရာ ရမိပြီးနောက် အတွေးတစ်ခု ဝင်လာသဖြင့် ချီတုံချတုံ ပြုပြီးနောက် မေးလိုက်သည်။


“ကျွန်တော်တို့ရော စတားရှိုင်းရော မဟုတ်ဘူးဆိုရင်.. မစ္စတာဝမ် ဆီကများလား..”


“နောက်ဆုံးတော့ မင်းသိသွားပြီပေါ့..”

စွန်းဟုန်ဖေးက စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် ပြောသည်။

“စဉ်းစားကြည့်.. ကုမ္ပဏီရဲ့ လျှို့ဝှက်အချက်အလက်ကို မျှဝေချင်လောက်တဲ့အထိ မစ္စတာဝမ်က မစ္စတာကုကို ဘယ်လောက်တောင် ယုံကြည်သလဲ.. မစ္စတာဝမ်က စတားရှိုင်းဘက်မှာ ရှိနေလိမ့်မယ်လို့ မင်းထင်လား.. လုံးဝပဲ..”


ရှောင်းလီ သဘောပေါက်သွားလေပြီ။

“ဘော့စ် မှန်တယ်.. ဘော့စ်က ဘော့စ်ဖြစ်နေတာ လုံးဝ အံ့ဩစရာ မရှိဘူး..”


ဝန်ထမ်းဖြစ်သူ၏ အသစ်တွေ့ရှိလိုက်သော အရည်အချင်းကြောင့် စွန်းဟုန်ဖေးက ဘဝခိုက်စွာ ပြုံးလိုက်သည်။

“မင်းသိသွားပြီပေါ့.. ငါ့နောက်ကိုသာလိုက် ကောင်လေး.. မင်း အများကြီး သင်ယူနိုင်လိမ့်မယ်..”


*


ကုမ္ပဏီသို့ ပြန်ရောက်ပြီးနောက် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့ အကခန်းမ၌ ကြိုးကြိုးစားစား လေ့ကျင့်နေကြကြောင်း ကုရှင်းရှစ် တွေ့လိုက်ရသည်။ တစ်မနက်ခင်းမှာပင် နှစ်ဦးသားသည် First X Blood ၏ အကပိုင်းအား ကျွမ်းကျင်ပိုင်နိုင်နေကြပြီ ဖြစ်သည်။ ပြီးပြည့်စုံသော လှုပ်ရှားမှုနှင့် ကကွက်တိုင်း၌ အချိုးအစားကျနလှသည်။


အလွန်ကြိုးစားသော သင်တန်းသားများကြောင့် ကုရှင်းရှစ် ဂုဏ်ယူမိပြီး အနာဂတ်လမ်းမှာ ဖြောင့်ဖြူးနေပြီဟု ခံစားရသည်။ သူတို့နှစ်ဦး အောင်အောင်မြင်မြင် ပွဲဦးထွက်ကာ ကုမ္ပဏီအား ရောင်းချပြီးနောက် လူချမ်းသာတစ်ဦး ဖြစ်လာမည့်ပုံရိပ်အား မြင်ယောင်လာမိသည်။


မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းက ကုရှင်းရှစ် ပြန်လာသည်အား သတိပြုမိပြီးနောက် အလျင်စလို ပြေးလာကြသည်။

“လျှောက်လွှာတင်တာ အခြေအနေ ဘယ်လိုလဲ..”


“အားလုံးပြီးပြီ.. မနက်ဖြန် နေ့လယ်ကျ အင်တာဗျူးဖြေရမယ်..”

ကုရှင်းရှစ်က ဝမ်းမြောက်စွာ ကြေညာလိုက်သည်။


မုန့်ယွမ်ရှန့် ကြောင်အသွားလေသည်။ ဤပုဂ္ဂိုလ်မှာ စာရင်းပိတ်သွားချိန်၌ပင် လွယ်လင့်တကူ စာရင်းသွင်းနိုင်စွမ်း ရှိလေသည်။

ဘော့စ်ဖြစ်နေတာ လုံးဝ အံ့ဩဖို့ မလိုတော့ဘူး..


အဆိုပါသတင်းသည် မုန့်ယွမ်ရှန့်အား ပို၍ ကြိုးစားရန် ဆုံးဖြတ်ချက် ခိုင်မာလာစေပြီး ကုရှင်းရှစ်အား စိတ်ပျက်အောင် မလုပ်မိရန် သံန္နိဌာန်ချလိုက်သည်။


*****


တစ်ချိန်တည်းမှာပင် ကျင်းယို့အင်တာတိန်းမန့်၏ ရုံးခန်းမှာ တိတ်ဆိတ်ငြိမ်သက်နေပေသည်။


“ငါတို့ ၆ နေရာ စာရင်းပေးထားတာလေ.. အခု ၄ နေရာပဲ ရတော့မယ်တဲ့.. ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ..”

သူဌေးမှ ဒေါသတကြီး ကြိမ်းမောင်းလေသည်။


ကုမ္ပဏီ၏ ကိုယ်စားလှယ်များမှာလည်း နားမလည်နိုင်ဘဲ ရှိနေကြသလို ဒေါသတကြီး ဖြစ်နေကြသည်။ သူတို့လည်း ယခုလေးတင် လူလျှော့ခံရသည့် သတင်းအား ကြားရခြင်းဖြစ်ကာ မည်သို့ ရှင်းပြရမည်ကို မသိဘဲ ရှိလေသည်။


ထိုအချိန်မှာပင် ကျန်းမော့နှင့် သူ၏ မန်နေဂျာက အလျင်စလို ဝင်ရောက်လာသည်။


ကျန်းမော့က ကုမ္ပဏီ၏ အုပ်ချုပ်ရေးပိုင်းသို့ ဝင်ရောက်ခွင့်ရရန် နှစ်ပေါင်းများစွာ ကြိုးစားသည့်တိုင်အောင် မအောင်မြင်ခဲ့ချေ။ ယခုနှစ်တွင် သူ၏စာချုပ် ကုန်ဆုံးမည်ဖြစ်သောကြောင့် ယင်းအချက်အား ဆုပ်ကိုင်ကာ ကုမ္ပဏီနှင့် ညှိနှိုင်းရန် အခွင့်အရေးရယူပြီးနောက် သူ့ဆန္ဒ ပြည့်ဝခဲ့သည်။


ကျန်းမော့က နည်းလမ်းများစွာ သုံးပြီးနောက် နာမည်ကျော် ပရောဂျက်ဖြစ်သည့် [Boy Group Training Camp] အား စီမံနိုင်ခဲ့သည်။ သို့သော် မမျှော်လင့်စွာပင် အဆိုပါပရောဂျက်က မစတင်ခင်မှာပင် ပြဿနာရှိလာသည်။


ကျန်းမော့အား မြင်သည့်အခါ မန်နေဂျာများမှာ မထေ့ငေါ့ဘဲ မနေနိုင်ကြချေ။

“အိုး.. အစ်ကိုမော့က အရေးကြီးပြဿနာတွေ ရှင်းနေရလို့ အလုပ်ရှုပ်နေလား.. ဒါမှမဟုတ် နာရီက တစ်ခုခုလွဲနေလို့ အခုမှ ရောက်လာတာများလား..”


“ကျွန်တော်တို့က ကြယ်ပွင့်တွေလိုမျိုး လူရှေ့မထွက်ရပေမဲ့ စင်နောက်က အလုပ်သမားတွေပါ အစ်ကိုမော့.. စတားရှိုင်းက ဒါရိုက်တာဝူနဲ့ ညှိနှိုင်းတုန်းက အချက်အလက်တွေကို မှားဖတ်မိပြီး အပြစ်ပြုခဲ့သေးလား..”


“ကျွန်တော်တို့က စတားရှိုင်းနဲ့ အမြဲပဲ ဆက်ဆံရေးကောင်းခဲ့တာ.. အရင်က ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး..”


ကျန်းမော့ အံတင်းတင်းကြိတ်လိုက်သည်။ သူက [Boy Group Training Camp] ၏ နည်းပြတစ်ဦးဖြစ်သောကြောင့် အဆိုပါ နေရာ ၂ နေရာ ရရှိရန် လိုက်လျောချက်အချို့ ပြုလုပ်ခဲ့ရသည်။ သို့သော် ယခုအချိန်၌မူ သူ့ဒေါသကို ဖိနှိပ်ထားရသည်။


“ကျွန်တော်အခုပဲ စတားရှိုင်းက ဒါရိုက်တာဝူကို ဆက်သွယ်ပြီးပါပြီ..  သူလည်း ဘာမှမသိထားဘူးလို့ ပြောပါတယ်.. ဆိုလိုတာက ထျန်းချန်က သူ့သဘောနဲ့သူ ဆုံးဖြတ်လိုက်ပုံပဲ.. သူလည်း အကြောင်းအရင်း သိအောင် စုံစမ်းနေတယ်လို့ ပြောတယ်..”


မန်နေဂျာတစ်ဦးမှ ခပ်ထေ့ထေ့ ရယ်သည်။

“အစ်ကိုမော့.. ခင်ဗျား အဲလောက်တောင် ရိုးလွန်းတာလား.. စတားရှိုင်းနဲ့ ထျန်းချန်က အတူတူပဲဆိုတာ လူတိုင်းသိတယ်လေ.. သူတို့အချင်းချင်းကြား ဆုံးဖြတ်ချက်တွေကို မသိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား.. သူက ခင်ဗျားကို လှည့်စားနေတာပဲ ဖြစ်မှာ..”


ထိုအချိန်မှာပင် ကျန်းမော့ ဖုန်းမြည်လာသည်။ ခေါ်ဆိုသူမှာ စတားရှိုင်း၏ ဒါရိုက်တာဝူ ဖြစ်သောကြောင့် အလျင်စလိုပင် ဖုန်းလက်ခံလိုက်ရသည်။ ဖုန်းပြောရင်းနှင့် ကျန်းမော့၏ အမူအရာမှာ မဲမှောင်လာတော့သည်။


ဖုန်းချပြီးနောက် လူတိုင်းအား ပြောလိုက်သည်။

“စတားရှိုင်းကပြောတာတော့ ထျန်းချန်က ကျွန်တော်တို့ နေရာမှာ သင်တန်းသားအသစ် ၂ ယောက် နဲ့ အစားထိုးလိုက်တယ်တဲ့..”


ကျင်းယို့၏ သူဌေးကျင်းက မျက်မှောင်ကြုတ်လိုက်သည်။

“ဒီအဆင့်ရောက်မှ လူထပ်ထည့်တာလား.. ဘယ်ကုမ္ပဏီက ဒီလောက်တောင် လုပ်နိုင်စွမ်းရှိနေတာလဲ.. ကွမ်းယိ.. လုမင် ဒါမှမဟုတ် ရှင်းချိုးရှစ်ကျိ လား..”


သူဌေးကျင်းက စားပွဲအား တဒေါက်ဒေါက်ခေါက်ရင်း ဖျော်ဖြေရေးလောကရှိ နာမည်ကြီး ကုမ္ပဏီများ၏ အမည်အား ရေရွတ်လေသည်။


ကျန်းမော့က အဖြေမပေးမီ ခေတ္တမျှ တုံ့ဆိုင်းနေလေသည်။

“သူတို့ပြောတာတော့ လဲ့ရှစ် တဲ့..”


“လဲ့ရှစ် လား..”


လဲ့ရှစ်နှင့် ပတ်သက်၍ မည်သည့်အချက်အလက်ကိုမျှ ပြန်မဖော်နိုင်သောကြောင့် သူဌေးကျင်း စိတ်ရှုပ်သွားပြီး ကျန်းမော့ထံသို့ စိတ်မရှည်စွာဖြင့် လှည့်ကြည့်လိုက်သည်။ 


“သူတို့ ဘယ်သူပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး.. ဒီကိစ္စကို ဖြေရှင်းဖို့ကြိုးစား.. မင်း မလုပ်နိုင်ဘူး ဆိုရင်‌တော့ ဖျော်ဖြေရေးသမားအနေနဲ့ပဲ ဆက်နေလိုက်.. အုပ်ချုပ်ရေးပိုင်းကိုဝင်ဖို့ စဉ်းတောင်မစဉ်းစားနဲ့..”


ရှက်ရွံ့မှုကြောင့် ကျန်းမော့မျက်နှာတစ်ခုလုံး ပူထူလာသော်ငြား ပြန်လည်မငြင်းခုန်ရဲချေ။


စာချုပ်သက်တမ်းတိုးခြင်းအား အကြောင်းပြကာ အုပ်ချုပ်မှုအပိုင်းသို့ ဝင်ရောက်ခဲ့သော်ငြား သူဌေးကျင်းမှာ များစွာကျေနပ်ခြင်း မရှိချေ။ [Boy Group Training Camp] မှတစ်ဆင့် သူ့နေရာအား တည်မြဲနိုင်ရန် မျှော်လင့်ခဲ့သော်ငြား ယခုအခါတွင် အရာအားလုံး စီစဉ်ထားသကဲ့သို့ ဖြစ်မလာသဖြင့် ကျန်းမော့ထံ၌ ဈေးဆစ်ရန် ဝှက်ဖဲမရှိတော့ချေ။ ဤအခြေအနေ၌ သည်းခံကာ ခေါင်းညိတ်ရုံသာ တတ်နိုင်သည်။

“မစိုးရိမ်ပါနဲ့.. ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်..”


သူဌေးကျင်းက အစည်းအဝေးခန်းမှ ဒေါသတကြီး ထွက်ခွာသွားသည်။


လူတိုင်းထွက်ခွာသွားပြီးနောက် ကျန်းမော့၏ အပြုံးတို့ တဖြည်းဖြည်း လွင့်ပါးကာ မျက်နှာတစ်ခုလုံး မှိုင်းညို့လာသည်။


ဒါရိုက်တာဝူ၏ စကားများအား ပြန်လည်ကြားယောင်မိလာသည်။

“အဲဒီနေရာတွေကို ပြန်ယူဖို့ မမျှော်လင့်နဲ့တော့.. မင်းက လူမှားပြီး အပြစ်လုပ်မိတယ်လို့သာ မှတ်ထားလိုက်..”


ကျန်းမော့မှာ မည်သည့်အား အပြစ်ပြုမိမှန်း ယခုထိတိုင်အောင် စဉ်းစားမရဘဲ ရှိနေသည်။


ထိုအချိန်မှာပင် သူ၏ မန်နေဂျာ အပြေးအလွှား ရောက်ရှိလာသည်။

“ကျန်းမော့ရေ.. အယ်လ်ဘမ်နဲ့ ပတ်သက်ပြီး ပြဿနာတော့ ရှိနေပြီ..”


ကျန်းမော့က [Boy Group Training Camp] နှင့် ပတ်သက်၍ အလွန်နစ်မြုပ်နေခဲ့သဖြင့် အယ်လ်ဘမ်နှင့် ပတ်သက်၍ အာရုံမစိုက်နိုင်ဘဲ ရှိနေသောကြောင့် ရက်အနည်းငယ်ကြာအောင် လျစ်လျူရှုထားမိသည်။ ထိုအချိန်မှာပင် သူ၏ လက်ထောက်အသစ်မှ ပြဿနာရှာလိုက်ပြီ ဖြစ်သည်။


သူ ရုတ်တရက် အလွန်သောကရောက်လာမိသည်။ မုန့်ယွမ်ရှန့် ရှိစဉ်က အသေးအဖွဲအရာများမှစကာ ကိုယ်တိုင်ကိုယ်ကျ အသေးစိတ် ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းခဲ့ပြီး သူ့အနေနှင့် နောက်လှည့်ကြည့်ရန်ပင် မလိုအပ်ချေ။


ကျန်းမော့ ဖုန်းထုတ်ကာ မုန့်ယွမ်ရှန့်ထံသို့ မက်ဆေ့ချ်ပေးပို့သည့်တိုင်အောင် ယခင်နည်းတူ ပြန်စာမရချေ။


ကျန်းမော့ စိတ်ထဲ ဒေါသများဖြင့်ပြည့်လာသည်။


သူ စိတ်ကစားကာ အပျော်ရှာခဲ့မိခြင်းဖြစ်ပြီး ရိုးသားမှုအပြည့်နှင့် တောင်းပန်ခဲ့သည့်တိုင်အောင် မုန့်ယွမ်ရှန့်က ထွက်ခွာသွားလေသည်။


မင်း ပြန်လာရဲ ပြန်လာကြည့်.. သင်ခန်းစာ ကောင်းကောင်းပေးပြမယ်..



🍉🍉🍉