အပိုင်း ၂၁၇ (Educated Youth 2)
Viewers 43k

အလွန်တိုတောင်းသော အချိန်လေးအတွင်းတွင် မူလပိုင်ရှင်၏ ယခင်မှတ်ဉာဏ် အားလုံးဟာ ယန်ကျင်းဇီ၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။ သူသည် အနာဂတ်တွင် ဖြစ်ပျက်မည့် အချို့သော ကိစ္စများကိုပင် သိလိုက်ရသော်ငြား ထိုအရာများမှာ အနည်းနှင့် အများ ဝေဝါးနေသောကြောင့် သူသည် အသေးစိတ် မမြင်နိုင်ပေ။


သူ့လိုပင် မူလပိုင်ရှင်လည်း ယန်ကျင်းဇီဟုပင် အမည်ရှိသည်။


သူသည် အလွန်ကံကောင်းစွာ မွေးဖွားခဲ့ပြီး သူ့ဖခင်မှာ အလွန်ချမ်းသာကာ သူ့မိခင်က တက္ကသိုလ်ပါမောက္ခတစ်ဦး ဖြစ်သည်။ သူ့တွင် အစ်ကိုများနှင့် အစ်မများလည်း ရှိပြီး သူတို့အားလုံးကလည်း အလွန်အောင်မြင်ကြသည်။


ငယ်စဉ်ကလေးဘဝကတည်းက သူသည် တစ်ခါမှ နည်းနည်းလေးပင် ဒုက္ခမရောက်ခဲ့ဖူးပေ။ လူအများအပြားမှာ စားစရာကိုပင် လုံလုံလောက်လောက် မရရှိနိုင်သော ခေတ်ကာလတွင် သူသည် ကောင်းကောင်းမွန်မွန် စားသောက်ပြီး နေ့စဉ်နေ့တိုင်း ကောင်းကောင်းမွန်မွန် ဝတ်စားခဲ့သည်။ သူ့ဘဝက မည်မျှသက်သောင့်သက်သာရှိကြောင်း သူ လုံးဝ မသိပေ။


အမှန်ပင်၊ သူ့တွင်လည်း ချို့ယွင်းချက်များ ရှိသည်။ သူက ပျင်းရိ၏။


သူ့အစ်ကိုများနှင့် အစ်မများက တစ်ဦးပြီးတစ်ဦး ပိုပိုပြီး အောင်မြင်လာကြသော်ငြား သူက စာမလေ့လာချင်ဘဲ စားသောက်ပျော်ပါးရန်သာ တနေကုန် တွေးနေတတ်သည်။


သူက မိသားစုတွင် အငယ်ဆုံးကလေး ဖြစ်ရာ သူ့မိဘများသာမက သူ့အစ်ကိုများနှင့် အစ်မများကလည်း အလိုလိုက်ကြသည်။ လူတိုင်းက သူ့တွင် ပြဿနာမရှိဟု ထင်ကြ၏။


ရိုးရှင်းပြီး ထူးခြားတဲ့ ဖြစ်ရပ်မရှိတဲ့ ဘဝမှာ နေရတာ မဆိုးပါဘူး၊ ဟုတ်တယ်မလား?


သို့သော် လောကကြီးမှာ ခန့်မှန်းမရချေ။ လွန်ခဲ့သော နှစ်အနည်းငယ်ကပင် သူ့မိသားစု၌ တစ်ခုခုဖြစ်ခဲ့သည်။ သူ့မိဘများနှင့် မောင်နှမများမှာ သူတို့ကို သူတို့ မကာကွယ်နိုင်တော့ပေ။ သူ့လုံခြုံရေးအတွက် သူ့ဖခင်က ရဲဘော်ရဲဘက်ဟောင်းတစ်ဦးကို ဆက်သွယ်ခဲ့ပြီး သူ့ကို ရွာတစ်ရွာသို့ ပညာတတ်လူငယ်အဖြစ် ပို့ရန် စီစဉ်ခဲ့သည်။


နေရာက ဆင်းရဲလေလေ၊ တခါတရံတွင် သူ့ကို ဂရုစိုက်ပေးမည့် လူစီစဥ်ရန်မှာ ပိုပိုပြီး ကောင်းမွန်လေလေ ဖြစ်သည်။


သို့သော်လည်း မူလပိုင်ရှင်သည် တောင်က အလွန့်အလွန် ဆင်းရဲပြီး ပစ္စည်းများ ဝယ်ယူရန် အပြင်မထွက်နိုင်ဟု သိရှိသွားသောကြောင့် သူသည် ထိုသို့သွားရန် ချက်ချင်း တွန့်ဆုတ်သွားတော့သည်။ အရဲစွန့်စွာဖြင့် မူလပိုင်ရှင်၏ ဖခင်သည် အဆက်အသွယ်ရှာပြီး သူ့ကို ရှန်းမူကျေးရွာသို့ ပို့ခဲ့သည်။ 


မူလပိုင်ရှင်၏ မရီးတစ်ဦးဟာ ဤရွာမှ ဖြစ်ပြီး ဤနေရာရှိ လူများက ကောင်းကြသည်ဟု ပြောပြခဲ့၏။ မိသားစုသည် သူ့ကို ကူဖော်လောင်ဖက်တစ်ဦး ရှာပေးချင်ကြသော်ငြား ဤနေရာတွင် မူလပိုင်ရှင်၏ ဖခင်သည် အဆက်အသွယ်ရှာမရသောကြောင့် မူလပိုင်ရှင်ကို ဂရုစိုက်ပေးရန်အတွက် ယုံကြည်အပ်နှံထားနိုင်မည့် လူ မရှိတော့ချေ။


ရှန်းမူကျေးရွာဟာ အမှန်တကယ် ကောင်းမွန်သည်။ ဤနေရာရှိ ရာသီဥတုမှာ သာယာပြီး မိုးရွာသည်။ ၎င်းမှာ ဆန်စပါးနှင့် ငါးများ ပေါများသော မြေ ဖြစ်၏။ မူလပိုင်ရှင် ဤနေရာတွင် အလုပ်ကြိုးစားသရွေ့ သူဟာ ဗိုက်ဆာမည်မဟုတ်ချေ။


သို့သော် မူလပိုင်ရှင်က... သူဟာ အလုပ်ကြိုးစားမည့် လူတစ်ဦး မဟုတ်။


အလုပ်လုပ်ဖို့က ဒီတစ်သက်တော့ လုံးဝ လုံးဝ မဖြစ်နိုင်ဘူး!


မူလပိုင်ရှင် အတော်ဆုံးအရာမှာ လှဲနေပြီး တံခါးဝအထိ စားသောက်စရာ ယူလာပေးမည့် လူတစ်ဦးဦးကို စောင့်နေခြင်းဖြစ်သည်။


ကံမကောင်းစွာဖြင့် ရှန်းမူကျေးရွာရှိ လူများမှာ သူ့မိဘများ မဟုတ်ဘဲ ဘယ်သူကမှ သူ့ကို ထောက်ပံ့ပေးမည်မဟုတ်ချေ။


မူလပိုင်ရှင်သည် ရှန်းမူကျေးရွာသို့ လာသောအခါ များစွာသော ပိုက်ဆံနှင့် တန်ဖိုးရှိပစ္စည်းများကို အတူယူလာခဲ့သည်။ သူသည် အစပိုင်းတွင် ဆိုးဆိုးရွားရွား မနေရသော်လည်း ပိုက်ဆံကုန်ကာ သူ့ပစ္စည်းများကို ရောင်းချပြီးနောက် သူ့ဘဝမှာ ပိုပိုပြီး သနားစရာကောင်းလာသည်။


သူသည် အရှက်မဲ့စွာဖြင့် စားစရာများကို ချေးယူစားသောက်ခဲ့ပြီး စားစရာရရန်အတွက် လူများကိုပင် လိမ်ညာခဲ့သည်။


ရွာထဲတွင် သူသည် အရှေ့ပိုင်းမှ ဆန်ချေး၍ အနောက်ပိုင်း၌ ဥများကို ချေးယူကာ အရှေ့ပိုင်းနေ မိန်းကလေးထံမှ အသီးအရွက်တချို့ကို ချေးပြီးနောက် အနောက်ပိုင်းတွင် နေသော ‌အဒေါ်ကြီးကို အကူအညီတောင်းကာ ချက်ပြုတ်ခိုင်းသည်...


ကုန်ပစ္စည်းရှားပါးသော ဤခေတ်ကာလတွင် အမှန်တကယ်ပင် မူလပိုင်ရှင်၌ ရွာရှိ လူအားလုံးထံမှ ချေးယူနိုင်သော အရည်အချင်း ရှိနေ၏။ သူတို့အကုန်လုံးကို လိမ်နိုင်တယ်!


မူလပိုင်ရှင်သည် မြို့ကြီးမှ လာသည်။ ရွာသားများသည် အနီးအနားရှိ မြို့များမှ “လမ်းလိပ်များ” နှင့် အငြင်းပွားမှုများ ရှိသော်ငြား သူတို့သည် မြို့ကြီးမှ လူများကို စိတ်ထဲမှပင် နက်နက်ရှိုင်းရှိုင်း လေးစားကြပြီး မူလပိုင်ရှင်က ထူးခြားသည်ဟု အမြဲခံစားကြရသည်။


သို့်သော် မူလပိုင်ရှင်သည် လူတိုင်းကို အနိုင်ယူနိုင်ဆဲဖြစ်သည်။ 

(*လူတိုင်း စိတ်ပျက်အောင် လုပ်နိုင်ဆဲ)


သူသည် ရွာရှိ လူအားလုံးထံမှ ချေးယူခဲ့ပြီး ရွာမှလည်း (လူထုသိုလှောင်ရုံမှလည်း) များစွာချေးယူခဲ့သည်။ သူက စပါးတစ်စေ့ကိုပင် ပြန်မပေးခဲ့ပေ။ ဘယ်သူက သူ့ကို ကြိုက်မှာလဲ?


စစချင်း သူ့ကို မြင်ချိန်၌ ရှက်သွေးဖြာခဲ့ကြသည့် မိန်းကလေးများလျှင်ပင် သူတို့ သူ့ကို လက်ထပ်သောအခါ လက်ထပ်ပြီးပြီးချင်း သူတို့၏ ကျောပေါ်တွင် အကြွေးများ ရှိနေလောက်မှန်း သဘောပေါက်သွားကြပြီး အသိဝင်သွားကြသည်။


အမှန်ပင်၊ မူလပိုင်ရှင်က ပျင်းရိသော်ငြား ထိုမျှလောက်သာဆိုလျှင် ယန်ကျင်းဇီ၏ မျက်လုံးထဲတွင် သူဟာ ဆန်ကုန်မြေလေး မဟုတ်ချေ။


ဆက်လက်ဖြစ်ပျက်သော အကြောင်းများကြောင့် မူလပိုင်ရှင်က ဆန်ကုန်မြေလေးဟု ယန်ကျင်းဇီ ခံစားရ‌သည်။


မူလပိုင်ရှင် ရှန်းမူကျေးရွာသို့ ရောက်သည်မှာ နှစ်နှစ်ကြာပြီဖြစ်သည်။ အခြေခံအားဖြင့် လူတိုင်းသည် မူလပိုင်ရှင်၏ မျက်နှာအစစ်အမှန်ကို သိကြပြီး သူ့ကို အာရုံမစိုက်ကြတော့သော်လည်း လူတစ်ဦးကတော့ မူလပိုင်ရှင်ကို ကူညီနေဆဲဖြစ်သည်။


ထိုလူမှာ ကုမင်ရှိူ့ ဖြစ်သည်။


ကုမင်ရှိူ့တွင် အရည်အချင်းများစွာ ရှိသည်။ ကြိုးကြိုးစားစား အလုပ်လုပ်ပြီးနောက် သူသည် အလုပ်ပြီးချိန်နောက်ပိုင်း အကောင်းဆုံး ကြိုးစား၍ စားစရာရှာနိုင်သေးသည်။


ခရုများနှင့် ယောက်သွားများကို ရှာဖွေရန် မြစ်ထဲသို့ဆင်းသည်၊ ဖားဖမ်းရန်နှင့် ငါးရှဥ့်များကို နှိုက်ရန် လယ်ထဲသို့ဆင်းသည်။ တစ်နှစ်ပတ်လုံး သူသည် စားစရာတစ်ခုခုကို အမြဲရှာနိုင်သည်။‌


သူသည် ရှာတွေ့သောအခါ မူလပိုင်ရှင်ကို တချို့တလေ ပေးလိမ့်မည်ဖြစ်သည်။  


မူလပိုင်ရှင်၏ မိသားစုမှာ စာပေမြတ်နိုးသော မိသားစု ဖြစ်သည်။ သူသည် ကျောင်းကို မကြိုက်သော်ငြား ကျပန်းစာအုပ်များစွာကို ဖတ်ရှုခဲ့ဖူးပြီး အမျိုးသားအချင်းချင်းကြားရှိ ကိစ္စများကို အလွန်ရှင်းလင်းစွာ သိရှိကာ ကုမင်ရှိူ့ကလည်း အလွန်သိသိသာသာ ပြုမူသည်ကို မဆိုနှင့်... ကုမင်ရှိူ့က သူ့ကို ကြိုက်နေမှန်း မူလပိုင်ရှင်က ခန့်မှန်းမိသည်။     


သူဟာ အလွန်ကျေနပ်ပြီး စိတ်အေးချမ်းစွာဖြင့် ကုမင်ရှိူ့၏ အမျိုးမျိုးသော ပစ္စည်းများကို လက်ခံခဲ့သည်။


သို့သော် ကုမင်ရှိူ့၏ မိသားစုတွင် ပျိုးထောင်ရမည့် ညီငယ်၊ နှမငယ်များ တစ်စုရှိသေးပြီး သူ့ကို သိပ်မပေးနိုင်ဘဲ သူ့အတွက် စားသောက်စရာ မလုံလောက်ချေ။ သူသည် ကုမင်ရှိူ့၏ ရွှံ့ခြေထောက် (တောင်ယာလုပ်သား) ကိုလည်း အထင်သေးပြီး အနည်းငယ် ပိုရရန်အတွက် သူ့ကိုယ်သူ နှိမ့်ချ၍ ကုမင်ရှိူ့ စိတ်ကျေနပ်အောင်လည်း မလုပ်ချင်ပေ...


ကောင်းပြီ၊ တကယ်တော့ သူက ကုမင်ရှိူ့ကို အရိပ်အမြွက်ပေးခဲ့သည်။ သို့သော် ကုမင်ရှိူ့က သူ့အတွက် အခြားစားစရာများကို ရှာဖွေရန်သာ ကြိုးစားခဲ့ပြီး သူ့မိသားစု၏ စားစရာကို ပေးရန် မလိုလားချေ။  


မူလပိုင်ရှင်က ဤသည်ကို အလွန်မကျေနပ်ပေ။


ဤအချိန်တွင် ကုမင်ရှိူ့၏ ဒုတိယညီမဖြစ်သူ ကုယွီလန်က မူလပိုင်ရှင်၏ တန်ဖိုးအကြီးဆုံးပစ္စည်း ဖြစ်သော ဖောင်တိန်တစ်ချောင်းကို ခိုးယူခဲ့သည်။ 


ဤဖောင်တိန်မှာ မူလပိုင်ရှင်၏ မိခင်က မူလပိုင်ရှင်ကို ပေးခဲ့ခြင်းဖြစ်သည်။ သူ(မ) ဝယ်စဉ်အချိန်တွင် ၎င်းက အလွန်ဈေးကြီးသည်။ မူလပိုင်ရှင်သည် ယခင်က သုံးစရာပိုက်ဆံ မရှိဘဲ ၎င်းကို ရောင်းချရန် တွေးခဲ့ဖူးသော်ငြား ဤနေရာရှိ လူများသည် ပစ္စည်းတန်ဖိုးကို မသိကြဘဲ သူသည် ၎င်းကို ဈေးကောင်းကောင်းနှင့် မရောင်းနိုင်သောကြောင့် သူ မရောင်းချင်ခဲ့ပေ။


ကုယွီလန်၏ ခြေလက်များမှာ မသန့်ရှင်းချေ။ သူ(မ)သည် တခြားသူများကို အခွင့်ကောင်းယူပြီး သူတို့ထံမှ ပစ္စည်းများ ခိုးယူရသည်ကို နှစ်သက်သည်။ မူလပိုင်ရှင်၏ ကောင်းမွန်သော ဖောင်တိန်ကို မြင်သော် သူ(မ)က ၎င်းကို ခိုးယူခဲ့သည်။


အမှန်တကယ်တော့ ထိုအချိန်တွင် မူလပိုင်ရှင်က ၎င်းကို တွေ့သော်လည်း မတားခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် နည်းလမ်းကောင်းတစ်ခုကို တွေးမိ၍ပင်။


ဤနေ့တွင် မူလပိုင်ရှင်သည် အလုပ်သွားထပ်မလုပ်ဘဲ အိမ်တွင် အကြံထုတ်နေခဲ့သည်။ ညနေရောက်သည့်အထိ ကြံဆနေစဉ် ကုမင်ရှိူ့က တံခါးခေါက်ပြီး ကြံချောင်းထိပ်နှစ်ခုကို လာပို့၏။


ဘယ်လိုလုပ် မူလပိုင်ရှင်က ဒီလိုဟာမျိုးကို သဘောကျနိုင်ပါ့မလဲ! သို့သော်ငြား သူသည် ကုမင်ရှိူ့ကို ရှားရှားပါးပါး မျက်နှာချိုသာစွာဖြင့် ဆက်ဆံခဲ့ပြီး ကုမင်ရှိူ့ကို အိမ်ထဲဝင်ခိုင်းခဲ့သည်။


ထို့နောက် မူလပိုင်ရှင်သည် ကုမင်ရှိူ့၏ ညီမက သူ့ဖောင်တိန်ကို ခိုးခဲ့ကြောင်း ကုမင်ရှိူ့ကို ပြောပြခဲ့ပြီး သူ ရဲခေါ်တော့မည်ဟု ဆိုခဲ့ပေသည်။


ရွာမှ စားစရာခိုးခြင်း သို့မဟုတ် ဤနေရာ၊ မူလတန်းကျောင်းတွင် စာသင်ကြားနေစဉ် အတန်းဖော်များထံမှ ခဲတံများ ခိုးယူခြင်း အစရှိသည့် ကုယွီလန် လုပ်ခဲ့သော အခြားကိစ္စတချို့ကိုလည်း မူလပိုင်ရှင်က ပြောခဲ့သည်။ မူလပိုင်ရှင်သည် ဘာမှလုပ်စရာမရှိရာ အခြားသူများကို အမြဲစောင့်ကြည့်နေခဲ့သဖြင့် ရွာမှ တခြားလူများထက် သူက ပိုသိ၏။


မူလပိုင်ရှင်သည် ကုမင်ရှိူ့ကို ဤကိစ္စများနှင့် ခြိမ်းခြောက်ခဲ့ပြီး သူ့ကို စားစရာပေးရန်နှင့် ထောက်ပံ့ပေးရန် ကုမင်ရှိူ့ကို ပြောခဲ့သည်။


ကုမင်ရှိူ့သည် ရွေးချယ်စရာမရှိဘဲ မူလပိုင်ရှင်၏စကားကို နားထောင်ခဲ့ရသည်။


သို့ရာတွင် ကုမင်ရှိူ့ဟာ သူတစ်ဦးတည်းနှင့် သူ၏ အငယ်မွေးချင်းလေးဦးကို ထောက်ပံ့ရန်ပင် ရုန်းကန်နေရပြီးဖြစ်သည်။ ယခုမူ သူက မူလပိုင်ရှင်ကိုလည်း ထောက်ပံ့ရဦးမည်။ ဘယ်လိုလုပ် သူက သူ့ကို ပျိုးထောင်နိုင်ပါ့မလဲ?


အထူးသဖြင့် ကုယွီရှန်းမှလွဲ၍ ကုမင်ရှိူ့၏ အခြားအငယ်သုံးဦးက ကိုင်တွယ်ရမလွယ်ချေ။


ကုယွီပေါင်က စာလေ့လာခြင်းကို အကြောင်းပြပြီး စားသောက်စရာ‌ကောင်းကောင်းကို ဆက်တိုက်တောင်းဆိုနေခဲ့ပြီး လုံးဝ အလုပ်မလုပ်ပေ။


ကုယွီလန်က စာမလေ့လာတော့ဘဲ အလုပ်သွားလုပ်သော်ငြား သူ(မ)က ဆယ့်သုံးနှစ်သာ ရှိသေးသည်။ သူ(မ)က ကလေးမလေးတစ်ဦးသာ ဖြစ်၏။ သူ(မ)သည် လုပ်အားမှတ်နည်းနည်းသာ ရပြီး မိသားစုကို မကူညီနိုင်ပေ။ ထို့အပြင် သူ(မ)က အမြဲတစ်ကိုယ်ကောင်းဆန်ပြီး စားစရာကောင်းကောင်းတစ်ခု ရလျှင် ၎င်းက သူ(မ)ပါးစပ်ထဲသို့သာ ရောက်မည်ပင်။ သူ(မ)က အိမ်အလုပ်လုပ်ရန် ငြင်းဆန်ပြီး ကုမင်ရှိူ့အတွက် လုံးဝ မစဉ်းစားပေးချေ။


အငယ်ဆုံး ကုယွီခန်းကမူ... ဤကလေးက အနည်းငယ် ရူး၏။ ဤအသက်အရွယ်တွင် အခြားကလေးများက မိသားစုနောက်လိုက်ပြီး စပါးပင်ရွက်များနှင့် ကန်စွန်းဥအမြစ်များကို ကောက်ယူနိုင်နေကြပြီဖြစ်သည်။ သူကမူ တနေကုန် သူ့ဘောင်းဘီထဲတွင် ဆီးစွန့်နေဆဲဖြစ်ကာ အားနည်းပြီး ဖျားနာလွယ်သည်။


တခါတရံတွင် သူက ပိုပိုပြီး ရူးလေလေ၊ သူ့ကိုယ်သူ ထိန်းချုပ်ရမည်ကို ပိုပိုပြီး မသိတော့လေလေ ဖြစ်၏။ သူ အနည်းငယ် စိတ်မကျေနပ်ဖြစ်သည်နှင့် သူက ကောင်းကင်ထိအောင် ငိုကြွေးနိုင်ပြီး လူများ သူ့ကို လိုက်လျောပေးအောင် ဖိအားပေး‌နိုင်သည်။


ယနေ့ခေတ်တွင် ပြင်ပလောကက မအေးချမ်းဘဲ ရှန်းမူကျေးရွာတွင်လည်း စည်းကမ်းချက်များစွာ ရှိနေသည်။


ဥပမာအားဖြင့် ကြက်များ မွေးမြူသောအခါ သတ်မှတ်ချက်များအရ လူတစ်ယောက်ဟာ ကြက်တစ်ကောင်၏ တစ်ဝက်ကိုသာ မွေးမြူနိုင်သည်။


မိသားစုဝင်လေးဦး ရှိသည့် မိသားစုတစ်စုသည် ကြက်နှစ်ကောင်ကိုသာ မွေးနိုင်ပြီး လူရှစ်ဦးက ကြက်လေးကောင်ကိုသာ မွေးနိုင်သည်။ လူငါးဦးရှိသည့် ကုမိသားစုက ကြက်သုံးကောင်ကို မနည်းမွေးမြူရသည်။


ကြက်များဟာ စားစရာလိုအပ်ပြီး လုံလုံလောက်လောက် မစားရလျှင် သူတို့က ဥမဥကြချေ။ ကုမင်ရှိူ့နှင့် ကုယွီရှန်းတို့က ကြိုးစားပြီး ကြက်များ စားရန် မြက်အစေ့နှင့် တီကောင်များ သို့မဟုတ် အခြားတစ်ခုခုတို့ကို ရှာပေးလျှင်တောင်မှ ကြက်သုံးကောင်က မကြာခဏမှသာ တစ်နေ့လျှင် ဥတစ်ဥ ဥသည်။


ဤဥကို အများအားဖြင့် ကုယွီပေါင်က စားသည်။ တခါတရံတွင်မူ နောက်ကြက်ဥတစ်လုံးဟာ ကုယွီခန်း၏ ပါးစပ်ထဲသို့ ရောက်သည်။ သို့သော် မူလပိုင်ရှင် ရောက်လာကတည်းက... မူလပိုင်ရှင်သည် နေ့တိုင်း ဥစားရရန် တောင်းဆိုခဲ့သည်။


ကုမင်ရှိူ့သည် ကုယွီလန် ထောင်ကျမည်ကို ဟန့်တားရန်အတွက် သဘောတူရုံသာ တတ်နိုင်သည်။ သို့ရာတွင် ကုယွီပေါင်က မလိုလားချေ။ ကုမင်ရှိူ့က အကြောင်းအရင်းကို ပြောပြလျှင်တောင်မှ သူက ဆက်တိုက် ပြဿနာရှာနေခဲ့သည်။


မူလပိုင်ရှင်သည် ဤသည်ကို တွေ့သောအခါ ကုမင်ရှိူ့က သူ့ကို ထောက်ပံ့ရန် မလိုလားဖြစ်မည်ကို ကြောက်သည်။ ထို့ကြောင့် သူသည် ကုမင်ရှိူ့ သူ့ကို ကြိုက်နေခြင်းအား သိကြောင်း ဆိုကာ ကုမင်ရှိူ့ကို ဆက်လက်ခြိမ်းခြောက်ခဲ့၏။ ကုမင်ရှိူ့က သူ့ကို စားသောက်စရာ မထောက်ပံ့ပေးလျှင် သူက ၎င်းကို လူသိရှင်ကြားဖြစ်အောင် ကြေညာပစ်လိမ့်မည်ပင်။


ကုမင်ရှိူ့သည် မူလပိုင်ရှင်ကို ဆက်လက်ထောက်ပံ့ရန်သာ တတ်နိုင်သည်။


ထို့နောက် ဤသည်က ကုယွီပေါင်ကို လုံးဝဥဿုံ စိတ်တိုစေခဲ့သည်။


ကုယွီပေါင်သည် မူလပိုင်ရှင်နှင့် ကုမင်ရှိူ့တို့ စကားပြောနေကြသည်ကို နားစွန်းနားဖျား ကြားခဲ့ပြီး မူလပိုင်ရှင်နှင့် ကုမင်ရှိူ့တို့ကြား၌ မသင်္ကာဖွယ်ရာ ရှိသည်ဟု ခံစားခဲ့ရသည်။ သူသည် မူလပိုင်ရှင်၏ လိင်တူချင်းကာမစိတ်ရှိမှုကို အမည်မဲ့တိုင်ကြားရန် စာတစ်စောင် ရေးခဲ့ပြီး သူ၏ အငယ်ဆုံးညီကို ကုမင်ရှိူ့က အရှက်မရှိဘဲ ယန်ကျင်းဇီနှင့် နမ်းသည်ဟု ပြောရန် သင်ကြားပေးခဲ့သည်။


ကုယွီခန်းသည် ကုယွီပေါင် ပေးသော ဥတစ်လုံးအတွက်နှင့် အမှန်တကယ်ပင် ထိုသို့ပြောခဲ့ပြီး နေရာတကာတွင် လျှောက်ပြောတော့သည်။


ကုယွီခန်းဟာ ကလေးသာ ဖြစ်ရုံမက အရူးတစ်ယောက်လည်း ဖြစ်သည်။ အခြားသူများသည် သူ့စကားများမှာ မှန်သည်ဟု အမြဲတွေးကြပြီး အမည်မဲ့တိုင်စာတစ်စောင်ပါ ပါသောအခါ...


ရှန်းမူကျေးရွာက လူတွေ အံ့အားသင့်ကုန်ကြတယ်!


မူလပိုင်ရှင်နှင့် ကုမင်ရှိူ့တို့သည် အမှန်တကယ်ပင် ဘာမှမပတ်သက်ကြချေ။ သူတို့သည် သူတို့က အပြစ်ကင်းပါသည်ဟုသာ မလျှော့တမ်း ပြောဆိုနိုင်သည်။ အခြားသူများတွင်လည်း သက်သေမရှိကြ — ဤခေတ် ကျေးရွာသားများသည် အမျိုးသားအချင်းချင်း အချစ်ရေးကိစ္စများကို နားမလည်ကြရှာပေ။


ရလဒ်ကမူ မူလပိုင်ရှင်သည် ကုမင်ရှိူ့က သူ့ကို မထောက်ပံ့နိုင်တော့ကြောင်း သဘောပေါက်ပြီး အကြံဉာဏ်အသစ် ရခဲ့သည်။ ကုမင်ရှိူ့က အခြောက်ဖြစ်ပြီး သူ့ကို သဘောကျသည့်အပြင် သူ့ကို အတင်းအကြပ် ဖိအားပေးရန်ပင် ကြိုးစားခဲ့ပါသည်ဟု ပြောတော့သည်။


သူသည် ဤအခွင့်အရေးကို ယူ၍ ဤကိစ္စကို ကိုင်တွယ်သော လူများကိုလည်း ခြိမ်းခြောက်ခဲ့သည်။ အကယ်၍ သူတို့ကသာ သူ့ကို အကျိုးအမြတ် အနည်းငယ် မပေးလျှင် ရှန်းမူကျေးရွာက လူတစ်ဦးဟာ အခြောက်ဖြစ်ပြီး ပညာတတ်လူငယ်တစ်ဦးကိုပင် ဖိအားပေးရန် ကြိုးစားခဲ့သော ကိစ္စကို သူက တစ်လောကလုံး သိအောင် ကြေညာပစ်မည်ဟု ဆိုလေသည်။


ထိုအချိန်တွင် ကျေးလက်သို့ ရောက်ပြီး ရွာသားများ၏ အနိုင်ကျင့်ခြင်းကို ခံရသော ပညာတတ်လူငယ်တစ်ဦး ရှိခဲ့သည်။ ဖြစ်ရပ်မှာ အရှုပ်တော်ပုံအကြီးကြီး ဖြစ်၏။ အထက်မှ လူများဟာ ပညာတတ်လူငယ်များ အနိုင်ကျင့်ခံရခြင်းကို ကာကွယ်ရန် စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့သည်။ မူလပိုင်ရှင်သည် စာအုပ်များစွာကို ဖတ်ခဲ့ဖူးပြီး ၎င်းအကြောင်း ပြောခဲ့၏...


ထို့အပြင် မူလပိုင်ရှင်၏ မိဘများက ပြဿနာတက်လျှင်တောင်မှ သူတို့တွင် အဆက်အသွယ်တချို့ ရှိနေသေးသည်။ မူလပိုင်ရှင်က သာမန်ပညာတတ်လူငယ်တစ်ဦးကဲ့သို့ နေထိုင်ပြီး ထိုလူများက သူ့ကို ဂရုမစိုက်ကြချေ။ သို့သော် သူ တစ်ခုခုဖြစ်လျှင် ထိုလူများက ကူညီနေဦးမည်ဖြစ်သည်။


ရှန်းမူကျေးရွာမှ လူများ၊ ဤနေရာရှိ မြို့များနှင့် ကျေးရွာများမှ လူတို့သည် မူလပိုင်ရှင်က ကိစ္စကြီးအောင် လုပ်မည်အား ကြောက်ကြပြီး အထက်မှ ဖိအားပေးမှုပါ ထည့်ပေါင်းသော် သူတို့သည် ကိစ္စကို လျင်မြန်စွာ ဖြေရှင်းခဲ့ကြသည်။


မူလပိုင်ရှင်ဟာ ဤကိစ္စကို အားကိုးပြီး လူများကို ခြိမ်းခြောက်ကာ နောက်ဆုံးတွင် မြို့၏ မြေဩဇာစက်ရုံ၌ အလုပ်သမားတစ်ဦး ဖြစ်ခဲ့သည်။ ကုမင်ရှိူ့ကရော? သူသည် ပြစ်မှုအတွက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး သေနတ်ပစ်ခံရရန် အမှန်တကယ် ခေါ်သွားခံခဲ့ရသည်။


ကုမင်ရှိူ့သည် ဖမ်းဆီးမခံရခင် မယုံကြည်နိုင်ပုံပေါ်နေခဲ့သည်။


တိုင်စာကို သူ၏ အကြီးဆုံးညီလေးက ရေးထားကြောင်း တွေ့ရှိခဲ့သည်။ သူက ယန်ကျင်းဇီနှင့် တစ်ခုခုလုပ်ခဲ့ပါသည်ဟု သူ၏ အငယ်ဆုံးညီလေးက ရွာတလျှောက် လျှောက်ပြောခဲ့၏။ ကုယွီလန်ကမူ ခိုးထားသော ဖောင်တိန်ကြောင့် သူ(မ) ဆွဲသွင်းခံရမည်ကို ကြောက်သောကြောင့် သူက ယန်ကျင်းဇီကို ကြိုက်ပြီး ယန်ကျင်းဇီကို စားစရာပေးခဲ့ကြောင်း သူ(မ)ကလည်း ခိုင်ခိုင်မာမာ ပြောဆိုခဲ့သည်။ 


တစ်မိသားစုလုံးတွင် ကုယွီရှန်းတစ်ဦးတည်းကသာ ကုမင်ရှိူ့ကို ကူညီ၍ ဝင်ပြောပေးခဲ့သည်။ ဒါပေမယ့် ဘယ်လိုလုပ်

အဲဒါက ကူညီနိုင်ပါ့မလဲ?


ကုမင်ရှိူ့ဟာ နှစ်ဆယ့်တစ်နှစ်တာလုံး ဒုက္ခရောက်ခဲ့ပြီး ကောင်းမွန်သော ဘဝဖြင့် မနေခဲ့ရဘဲ နောက်ဆုံးတွင် ကျည်ဆံမှန်သေဆုံးခဲ့သည်။

ယန်ကျင်းဇီသည် ဤမှတ်ဉာဏ်များကို တွေ့ပြီး ဒေါသထွက်သွားသည်။


ကံကောင်းစွာဖြင့် မူလပိုင်ရှင်လည်း ကောင်းမွန်စွာ အဆုံးမသတ်ခဲ့ရချေ။


နောက်နှစ်အနည်းငယ် ကြာပြီးနောက် မူလပိုင်ရှင်၏ မိဘများမှာ ပြန်၍အသစ်ထူထောင်ခဲ့ကြသည်။ မူလပိုင်ရှင်သည် မြို့တော်သို့ ပြန်ပြီး သူ၏ ကောင်းမွန်သော ဘဝတွင် ဆက်လက်နေထိုင်ကာ ပျော်ပါးနေခဲ့သည်။ ထိုအချိန်တွင် ပြင်းထန်သော ဖြိုခွင်းမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်ခဲ့၏။


ဖြိုခွင်းမှု‌ကြောင့် မဟုတ်ချေ။ အဓိကမှာ ပြင်းထန်သော ဖြိုခွင်းမှု ဖြစ်ပေါ်စဉ် ကုယွီရှန်းက ဘယ်ကမှန်းမသိ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။


နောက်နှစ်အနည်းငယ် ကြာပြီးနောက် သူ(မ)သည် အရွယ်ရောက်လာခဲ့ပြီး အံ့ဩစရာကောင်းစွာပင် သူ(မ)၏ ရုပ်ရည်မှာ ကောင်းမွန်နေပြီး သူ(မ)ကလည်း ဝတ်စားဆင်ယင်ထားခဲ့သည်... သူ(မ)သည် မူလပိုင်ရှင်က လူရမ်းကားတစ်ယောက် ဖြစ်ကာ သူ(မ)ကို အကြမ်းဖက်ခဲ့သည်ဟု ပြောခဲ့၏။ စကားပြောပြီးနောက် သူ(မ)သည် ရဲစခန်းရှေ့တွင် သေသည့်အထိ သူ(မ)၏ခေါင်းကို တိုက်ခဲ့သည်... 


ဤသည်ကား ကြီးမားသော အရှုပ်ကြီး ဖြစ်လာခဲ့ပေသည်။ မူလပိုင်ရှင်၏ မိသားစုနှင့် သဘောထားမတိုက်ဆိုင်သော လူတစ်စုက ဝင်ရောက်နှောင့်ယှက်ခဲ့သည်။ မူလပိုင်ရှင်၏ မိဘများက မူလပိုင်ရှင်ကို မကာကွယ်နိုင်တော့သောကြောင့် မူလပိုင်ရှင်ဟာ ကုမင်ရှိူ့ကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ပြင်းထန်သော ဖြိုခွင်းမှုကြောင့် သူလည်း ကျည်ဆံမှန်သေဆုံးခဲ့သည်။


နောက်ဆုံးမှာ အကောင်းအဆိုးဟာ အကျိုးသက်ရောက်မှု ရှိနေမှာပဲလို့ ဒါကို သတ်မှတ်နိုင်တယ်! (*ဝဋ်လည်တာပဲ!)


ထို့အပြင် ကုမင်ရှိူ့၏ ညီများနှင့် ညီမများလည်း... ဘယ်သူမှ ကောင်းကောင်းမွန်မွန် အဆုံးမသတ်သွားကြချေ။


ကုယွီရှန်းအကြောင်း မဆိုနှင့်။ သူ့အစ်ကို မရှိတော့တဲ့ ကုယွီပေါင်၊ ဘယ်လိုလုပ် သူက ကျောင်းကို ဆက်သွားနိုင်ပါတော့မလဲ? သူဟာ အလုပ်ကိုသာ ပြန်လာလုပ်နိုင်တော့သော်ငြား သူက မူလပိုင်ရှင်ကဲ့သို့ ပျင်းရိသည်။ သူက အလုပ်မလုပ်ချင်ဘဲ အရောင်းအဝယ်နှင့် ငွေရှာရန်ကို အမြဲတွေးနေခဲ့သည်။ သို့သော် သူက လုံလုံလောက်လောက် ဉာဏ်မကောင်းရာ နောက်ဆုံးတွင် အဖမ်းခံလိုက်ရတော့သည်။


ကုယွီလန်ဟာ ပစ္စည်းခိုးရသည်ကို ကြိုက်ပြီး ထောင်ကျသွားခဲ့သည်။


ကုယွီခန်းက တုံးအသည်။ ကုမင်ရှိူ့ ပြဿနာဖြစ်ပြီးနောက် ကုယွီရှန်းသည် မိသားစုကို ပံ့ပိုးရန် လယ်အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပြီး သူ့ကို ပြုစုစောင့်ရှောက်ရန် အချိန်မရှိတော့ရာ သူက မြစ်ထဲကျပြီး ရေနစ်သေသွားခဲ့ပေသည်။


ကုမိသားစု၏ အဆက်ဆက် မတော်တဆမှုများကြောင့်လည်း ကုယွီရှန်းက မူလပိုင်ရှင်ကို သတ်ရန် အသည်းအသန် ဖြစ်နေခဲ့ခြင်းပင် ဖြစ်သည်။


ကံကောင်းစွာဖြင့် ယခုအခါ သူက ဤခန္ဓာကိုယ်ထဲတွင် ရောက်နေသည်...


“ ပညာတတ်လူငယ်ယန်၊ အဆင်ပြေရဲ့လား? ” ကုမင်ရှိူ့က မေးပြန်သည်။


“ အဆင်ပြေပါတယ် ” ယန်ကျင်းဇီက ဖြေသည်။ သူ့တွင် မူလပိုင်ရှင်၏ မှတ်ဉာဏ်ရှိပြီး ယခုမူ သူ၏ “အိမ်” နှင့် ရင်းနှီးသွားပြီဖြစ်သည်။ ဤအချိန်တွင် သူသည် အိမ်ထဲသို့ ဝင်ပြီး ဖယောင်းတိုင်တစ်ချောင်းကို ထွန်းညှိခဲ့သည်။


မူလပိုင်ရှင်၏ အိမ်မှာ ကုမိသားစု၏ အစေခံများအတွက် နေအိမ်ဟောင်း ဖြစ်သည်။ ၎င်းက အမှန်တကယ် ကျဉ်းမြောင်းပြီး ပရိဘောဂများ မရှိချေ။ မူလပိုင်ရှင်က အိမ်သာကို ရှင်းလင်းရန် ပျင်းရိလွန်းသောကြောင့် အိမ်ဟာ အနံ့ဆိုးလည်း ထွက်နေသေးသည်...


ယန်ကျင်းဇီသည် အခန်းပုံစံကို ပြတ်ပြတ်သားသား တွေ့မြင်ခဲ့ပြီး အရမ်းရှက်သွားရှာသည်။


သို့သော်ငြား ကုမင်ရှိူ့သည် အရမ်းပျော်နေပြီး သူ့ကိုယ်သူ ထိန်းချုပ်ရန် အကောင်းဆုံး ကြိုးစားနေခဲ့သဖြင့် သူ့မျက်လုံးများမှာ တွေ့ကရာ လျှောက်ကြည့်မနေခဲ့ချေ။


သူသည် ပညာတတ်လူငယ်ယန်ကို အလွန်သဘောကျပြီး အလွန်ပင် ပညာတတ်လူငယ်ယန်နှင့် သူငယ်ချင်း ဖြစ်ချင်သည်။ ပညာတတ်လူငယ်ယန်က သူ့ကို အထဲဝင်ခိုင်းရန် ဆန္ဒရှိသည်ကို သူ အလွန်ပျော်သည်။


“ ဒီနှစ်နှစ်အတွင်း မင်း ဂရုစိုက်ပေးခဲ့တာ ကျေးဇူးပါပဲ။ ” ယန်ကျင်းဇီ ပြုံးလိုက်သည်။


“ ကျေးဇူးတင်စရာမလိုပါဘူး။ ဒါက ကျွန်တော် လုပ်ပေးသင့်တာပါ... မင်းက ဒီနေရာအထိတောင် လာခဲ့ရတာ။ ကျွန်‌တော်တို့ မင်းကို ကောင်းကောင်းဆက်ဆံသင့်တာပေါ့။ ” ကုမင်ရှိူ့ကလည်း ပြုံးသည်။ ပညာတတ်လူငယ်ယန်က မြို့ကြီးတွင် အမြဲနေခဲ့ပြီး ကျန်းမာရေး ချူချာသည်။ သူက ကျေးလက်ကို ရောက်လာပြီး ဒုက္ခခံနေခဲ့ရသည်...


ယန်ကျင်းဇီသည် ကုမင်ရှိူ့၏ မျက်နှာအမူအရာကို သေသေချာချာ လေ့လာကြည့်ရှုနေခဲ့ပြီး ကုမင်ရှိူ့ဟာ သူက မူလပိုင်ရှင်ကို သဘောကျနေကြောင်း သဘောမပေါက်လောက်သေးမှန်း ရှာတွေ့သွားသည်။


တစ်ခါမှ စာမဖတ်ခဲ့ဖူးတဲ့ ကုမင်ရှိူ့လို ကျေးတောသားက ဘယ်လိုလုပ် ယောက်ျားချင်း ကိစ္စတွေကို သိနိုင်ပါ့မလဲ?


မူလပိုင်ရှင်က သူများတွေကို ထိခိုက်စေခဲ့ရုံသာမက ဘဝမှာ ကောင်းကောင်းနေရဖို့ကို တခြားသူတစ်ပါးရဲ့ အသက်သွေးသားကို ချနင်းခဲ့တယ်၊ တကယ်ပဲ ရွံစရာကောင်းတယ်!


“ ငါက အရမ်းပျင်းတယ်။ ငါ့ကို ကြိုဆိုတာ မင်းတစ်ယောက်တည်းပဲ ရှိတော့တယ်။ ” ယန်ကျင်းဇီက ပြောခဲ့သည်။


ကုမင်ရှိူ့သည် ယန်ကျင်းဇီကို အလွန်အံ့အားသင့်စွာ ကြည့်မိသည်။ ယခင်က ယန်ကျင်းဇီဟာ သူက ကျန်းမာရေးမကောင်းဟုသာ အမြဲပြောခဲ့ပြီး သူက ပျင်းရိသည်ဟု တစ်ခါမှ မပြောခဲ့ဖူးချေ...


“ ရေသောက်ပါဦး ” ယန်ကျင်းဇီသည် ကုမင်ရှိူ့အတွက် ရေတစ်ခွက် ထည့်ပေးလိုက်သည်။


မူလပိုင်ရှင်တွင် မြင့်မားသော ဘဝအရည်အသွေး လိုအပ်ချက်များ ရှိသည်။ သူက ပစ္စည်းများစွာကို ရောင်းချခဲ့သော်ငြား သူ့တွင် ဓာတ်ဘူးများနှင့် ခွက်များ ရှိသေးသည်။ ဤရေမှာ ဤနေ့ခင်း၌ ကုအိမ်တွင်သာ နေထိုင်သော နယ်လှည့်ဆရာဝန်က ထည့်ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းက ပူနေဆဲဖြစ်၏။ 


ကုမင်ရှိူ့သည် အံ့အားသင့်စွာဖြင့် ခွက်ကို ကိုင်ခဲ့သည်။


တကယ်တော့ ကုမင်ရှိူ့သည်လည်း သူက ဘာကြောင့် ယန်ကျင်းဇီကို သဘောကျမိမှန်း၊ သူက ဘာလိုချင်ပြီး လက်ရှိဖြစ်ပျက်နေသည်များကိုပါ အတော်လေး နားမလည်နိုင်ပေ။ 


သူ သိသည်မှာ သူ မည်မျှခါးသီးနေပါစေ၊ မည်မျှပင်ပန်းနေပါစေ၊ သူ ယန်ကျင်းဇီကို မြင်လိုက်ရသည်နှင့်တပြိုင်နက် သူသည် သက်တောင့်သက်သာရှိပြီး စိတ်အေးသွားမည်ပင်။


ယခုမူ ယန်ကျင်းဇီက သူ့ကို ကောင်းစွာ ‌စကားပြောရန် အမှန်တကယ် ဆန္ဒရှိလေရာ... တစ်နေ့တာ၏ ပင်ပန်းနွမ်းနယ်မှုများမှာ သူ့ထံမှ ချက်ချင်း ပျောက်ဆုံးသွားပုံရသည်။


သို့ရာတွင် သူဟာ ပင်ပန်းနေဆဲဖြစ်သည်။


ရွာက လွန်ခဲ့သော ရက်အနည်းငယ်အတွင်းတွင် ကန်စွန်းဥများ ရှာရန် မြေလှန်နေကြပြီး အလုပ်များစွာ ရှိနေမှန်းကို ယန်ကျင်းဇီ သိသည်။ သူ ကုမင်ရှိူ့ကို အကြာကြီး ခေါ်မထားခဲ့ပေ။ ကုမင်ရှိူ့နှင့် စကားအနည်းငယ် ပြောပြီးနောက် သူသည် ကုမင်ရှိူ့ကို အိမ်ပြန်၍ သွားအိပ်ခိုင်းခဲ့သည်။


ကုမင်ရှိူ့ ပြန်သွားသောအခါမှသာ သူသည် မျက်မှောင်ကြုံ့ပြီး သူ ဘာဆက်လုပ်ရမည်ကို စတင်စဉ်းစားတော့သည်။


သူသည် သူ မကူးပြောင်းခင်က သူ ဘာဖြစ်ခဲ့မှန်းကို မသိသည့်အပြင် သူ နေခဲ့သော ခေတ်ကိုလည်း မသိပေ။ သို့သော် သူ့စိတ်ထဲတွင်မူ ဤခေတ်ဟာ အလွန်စိတ်ဓာတ်ကျဖွယ်ကောင်းသည်ဟု ခံစားရသည်။ ဆိုတော့ သူက မကူးပြောင်းခင်တုန်းက ပိုပြီးပွင့်လင်းတဲ့ ခေတ်တစ်ခုမှာ နေထိုင်ခဲ့တာများလား?


မည်သို့ပင်ဖြစ်စေ ဤနေရာမှာ တကယ်ပင်... သူ ဘာပြောရမည်မှန်းတောင် မသိ။


လူတွေကို ကန့်သတ်တားမြစ်ထားတာတွေ အရမ်းများလွန်းတယ်!


အခု သူ လယ်လုပ်တာကလွဲရင် ဘာမှမလုပ်နိုင်တဲ့ပုံ‌ပဲ!


မူလပိုင်ရှင်ကမူ ဤနှစ်အတွင်း အထူးအခြေအနေများ မရှိခဲ့လျှင် လုံးဝလုံးဝ သူက အလုပ်သမား (ဝန်ထမ်း) အဖြစ် အလုပ်လုပ်နိုင်မည်မဟုတ်ချေ။ သူက တခြားဘာမှလည်း မလုပ်နိုင်။


အနာဂတ်မှာ သူ ဘယ်လိုဗိုက်ဖြည့်ရမလဲ? တကယ်ကြီး သူ လယ်သွားလုပ်ဖို့လိုလား?


ဒါပေမယ့် လယ်လုပ်တာ... သူ တကယ်ပဲ လယ်မလုပ်ချင်ဘူး!


မူလပိုင်ရှင်၏ မှတ်ဉာဏ်မှ ခန့်မှန်းရသော် ၎င်းဟာ ပင်ပန်းစရာကောင်းလွန်းသည်...


ယန်ကျင်းဇီသည် သူလည်း မူလပိုင်ရှင်ထံမှ ကူးစက်ပြီး ပျင်းရိလာကြောင်း ဝမ်းနည်းစွာ ရှာတွေ့ခဲ့သည်။


သို့သော်ငြား သူသည် အလုပ်မလုပ်ချင်သော်လည်း အလုပ်သွားလုပ်ပြီး ကုမင်ရှိူ့ကို မြင်တွေ့နိုင်ကြောင်း တွေးမိသောအခါ... ယန်ကျင်းဇီသည် ခဏတာ တွေးလိုက်ပြီး မနက်ဖြန် သူ အလုပ်သို့သွားရဦးမည်ဟု ခံစားလိုက်ရသည်။


သေချာတာပေါ့၊ သူ့တွင် လုပ်စရာ အခြားကိစ္စများ ရှိနေသေးသည်။


ယန်ကျင်းဇီသည် တံခါးဖွင့်ပြီး အိမ်သာသွားကာ နောက်ဆုံးတွင် အခန်းသို့ပြန်၍ အိပ်ခဲ့သည်။


အဘယ့်ကြောင့် သူက အိမ်သာသွားရန် အပြင်ထွက်ရသည့် အကြောင်းအတွက်မူ... ဟားဟား၊ မူလပိုင်ရှင်ရဲ့ အိမ်သာက ပြည့်နေပြီး မသွန်ရသေးဘူးလေ!


ကံကောင်းတာက ဒီအိမ်သာမှာ အဖုံးရှိနေတယ်!


ယန်ကျင်းဇီ အိမ်တွင် အိပ်နေစဉ် ကုမင်ရှိူ့သည် အိပ်ရာပေါ်တွင် လှဲနေပြီးဖြစ်သည်။


ယနေ့ သူ အိမ်ပြန်လာသောအခါ သူသည် လွင့်မျောနေသကဲ့သို့ ခံစားရသည်။


ယန်ကျင်းဇီက သူ့အပေါ် အရမ်းကြင်နာတယ်။ သူ အရမ်းပျော်တယ်!


မနက်ဖြန်တွင် သူသည် ရေချိုငါး သို့မဟုတ် တစ်ခုခုကို ရရန် နည်းလမ်းရှာပြီး ယန်ကျင်းဇီထံသို့ ပို့ပေးမည်။


အနည်းငယ် ချိုမြိန်မှုနှင့် သူသည် ဖြည်းညှင်းစွာ အိပ်ပျော်သွားသည်။


ကုမိသားစုတွင် အခန်းနှစ်ခန်း ရှိသည်။ ကုမင်ရှိူ့နှင့် ကုယွီပေါင်က အခန်းတစ်ခန်းတွင် နေပြီး ကုယွီလန်၊ ကုယွီရှန်းနှင့် ကုယွီခန်းတို့က တစ်ခန်းတည်းတွင် နေကြသည်။


ကုမင်ရှိူ့ အိပ်နေစဉ် ကုယွီလန်သည် သူ(မ)၏ ရင်ဘတ်ထဲမှ ဘောပင်တစ်ချောင်းကို ထုတ်ယူပြီး တိတ်တိတ်ကလေး ကစားနေသည်။


ယနေ့ သူ(မ) ဖွက်သယ်လာခဲ့သော ကန်စွန်းဥများမှာ သူ(မ) အိမ်ပြန်ယူလာသည့် တစ်ခုတည်းသော ပစ္စည်းများ မဟုတ်ကြချေ။ သူ(မ)သည် တချို့သော ကန်စွန်းဥအစိမ်းများကို စားပြီးဖြစ်သည်။


ထို့အပြင် သူ(မ)တွင် အခြားအမြတ်များ ရှိ၏ — ပညာတတ်လူငယ်ထံမှ ဘောပင်တစ်ချောင်းကို သူ(မ) ခိုးလာခဲ့သည်။


ဤသည်မှာ ဖောင်တိန်ဘောပင်တစ်ချောင်း ဖြစ်သည်။ သူတို့ရွာမှာ နှစ်ချောင်း၊ သုံးချောင်းလောက်ပဲ ရှိတယ်! ပိုမိုအရေးကြီးသည်မှာ ဖောင်တိန်ဘောပင်များမှာ အလွန်အဖိုးတန်သည်။ အဲဒါကြောင့်မို့ သူ(မ) မနက်ဖြန်ကျရင် တိတ်တိတ်လေး ခိုးရောင်းပြီး ပိုက်ဆံတွေ အများကြီး ရနိုင်မှာ သေချာတယ်!


ကုယွီလန်သည် တွေးမိသောအခါ ပိုပျော်လာသည်။


“ အစ်မ၊ ဘာလို့ မအိပ်သေးတာလဲ? ” ကုယွီရှန်းက မေး၏။ သူ(မ)၊ ကုယွီလန်နှင့် ကုယွီခန်းတို့က ခုတင်တစ်ခုတည်းပေါ်တွင် အိပ်ကြသည်။


“ ငါ အိပ်ပြီ။ ” ကုယွီလန်သည် ဘောပင်ကို ပြန်သိမ်းပြီး အိပ်ပျော်သွားသည်။


ကုယွီရှန်းသည် အလုပ်များသော တစ်နေ့တာ ကုန်ဆုံးပြီးနောက် ပင်ပန်းနေပြီဖြစ်သည်။ သူ(မ)၏ အစ်မ အိပ်မောကျနေသည်ကို ကြည့်ရင်း မကြာမီ သူ(မ)လည်း အိပ်ပျော်သွားခဲ့သည်။


နောက်တစ်နေ့ မနက်စောစောတွင် ယန်ကျင်းဇီ အိပ်ရာထလာသည်။


သို့သော် ချက်ချင်း အလုပ်သွားလုပ်ရမည့်အစား သူ ရွာအပြင်သို့ ထွက်သွားသည်။


သူသည် လမ်းတွင် ရွာသားအနည်းငယ်နှင့် တွေ့ခဲ့ပြီး သူတို့က သူ အလုပ်မသွားသည်အား တွေ့ရသည်ကို မအံ့ဩကြချေ။ ဘယ်သူကမှ သူ့ကို မနှုတ်ဆက်ကြခဲ့ပေ...


ယန်ကျင်းဇီသည် ဤသည်ကို ဂရုမစိုက်ဘဲ မြို့သို့ရောက်သော မြေလမ်းတလျှောက် လျှောက်သွားခဲ့ပြီး နောက်ဆုံးတွင် အလွန်ချောင်ကျသော လမ်းဘေးတစ်ခု၌ ရပ်လိုက်သည်။


ဤနေရာတွင် သူ အမည်မသိသော အပင်များ အတန်းရှည်ကြီး ရှိသည်။ ဤအပင်ဟာ ဝါးနှင့် အနည်းငယ် တူသော်ငြား အရွက်များက အလွန်ကြီးမားပြီး အကိုင်းများက အလွန်သေးသည်... မည်သို့ပင်ဖြစ်စေ၊ ဤနေရာရှိ လူများက ဤအပင်၏ အရွက်များကို အသုံးပြုပြီး ထမင်းထုပ်ထုပ်ရသည်ကို နှစ်သက်ကြသည်။


ယန်ကျင်းဇီသည် လမ်းဘေးတွင် မတ်တပ်ရပ်ပြီး ခဏတာ စောင့်နေခဲ့ကာ ကုယွီပေါင်က ကျောပေါ်တွင် အိတ်တစ်လုံးနှင့် လမ်း၏ တခြားတစ်ဖက်မှ လမ်းလျှောက်လာသည်အား တွေ့လိုက်ရသည်။ 


တကယ်တော့ ယခုတလော ကျောင်းများစွာမှာ ပိတ်ထား၏။ ကုယွီပေါင်သည် အလယ်တန်းကျောင်းတွင် တက်နေပြီး တစ်ခါမှ စာမလုပ်ခဲ့ချေ။ ကုယွီပေါင် နေ့တိုင်း ကျောင်းသွားသည်မှာ စာသင်ရန်အတွက် မဟုတ်ဖို့များ၏။ ပိုပြီးဖြစ်နိုင်တာကတော့ သူက လယ်အလုပ်ကို မလုပ်ချင်လို့ ပျင်းဖို့ အခွင့်အရေးယူထားတာပဲ!


ယန်ကျင်းဇီသည် ကုယွီပေါင်ကို မြင်ပြီး သူ့မျက်ဝန်းများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ကုယွီပေါင် အနားနီးလာသောအခါ... သူသည် ရုတ်တရက် ထွက်ပြီး ကုယွီပေါင်ကို လှမ်းဆွဲကာ သူ့ဘေးရှိ ဝါးတောထဲသို့ တွန်းလိုက်သည်။


“ ဘယ်သူလဲ? ” ကုယွီပေါင်က အံ့အားသင့်စွာ မေးမြန်းသည်။


ယန်ကျင်းဇီသည် ကုယွီပေါင်၏ အိတ်ကို ဆွဲလုပြီး ကုယွီပေါင်၏ ရင်ဘတ်ကို တက်နင်းလိုက်သည် : “ ငါပဲ... မင်း မအော်တာ ပိုကောင်းလိမ့်မယ်။ မင်း အော်ရဲရင် ငါ မင်းကို သတ်ပစ်ဖို့ ဝန်လေးနေမှာမဟုတ်ဘူး။ ”


“ ပညာတတ်လူငယ်ယန်လား? ” ကုယွီပေါင်က ယန်ကျင်းဇီကို အံ့အားသင့်စွာ ကြည့်သည်။


“ ဟုတ်တယ် ” ယန်ကျင်းဇီက ပြုံး၏။


“ မင်း ဘာလုပ်ချင်တာလဲ? ” ကုယွီပေါင်သည် မြေကြီးပေါ်တွင် လဲနေပြီး လဲကျမှုကြောင့် နာကျင်နေကာ အလွန်ကြောက်ရွံ့နေသည်။


ယန်ကျင်းဇီက မည်မျှပျင်းရိနေပါစေ၊ သူဟာ ရှန်းမူကျေးရွာတွင် အရပ်အရှည်ဆုံးလည်း ဖြစ်ကာ အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ဤအချိန်တွင် ကုယွီပေါင်သည် ပက်လက်လဲနေခဲ့ပြီး သူ့ကို ကြည့်နေခဲ့ကာ သူက အလွန်အရပ်ရှည်သည်ဟု ခံစားရသည်။


“ ဘာမှမဟုတ်ဘူး။ ” ယန်ကျင်းဇီက ဆက်ပြောသည် : “ ငါ အကြံကောင်းတစ်ခုကို တွေးမိလိုက်လို့... ကုယွီပေါင်၊ မင်း ပြောကြည့်၊ အကယ်၍ ငါသာ မင်းက ငါ့ကို သွေးဆောင်ဖြားယောင်းတဲ့အပြင် ငါ့ကို အရူးလုပ်ပြီး ဖိအားပေးခဲ့ပါတယ်လို့ လူတွေကို ပြောပြလိုက်မယ်ဆိုရင် သူတို့က ပညာတတ်လူငယ်တစ်ယောက် ဖြစ်တဲ့ ငါ့ကို လျော်ကြေးပေးကြမှာလား? ငါ့ကို အကျိုးအမြတ်တချို့ ပေးနိုင်လောက်လား? ဥပမာ၊ ငါ့ကို အလုပ်သမားအဖြစ် အလုပ်တစ်ခုလောက် ပေးတာမျိုး ဖြစ်နိုင်လား?


“ ဟာ? ” ကုယွီပေါင် စိတ်ရှုပ်ထွေးသွားသည် : “ မင်းက မိန်းမမှ မဟုတ်တာ! ” ယောက်ျားနှစ်ယောက်က ဘယ်လိုလူရမ်းကားအလုပ်မျိုး လုပ်နိုင်မှာလဲ?


“ မင်း စာအုပ်တွေရော ဖတ်ရဲ့လား? ယောက်ျားနှစ်ယောက်လည်း အဲဒါလုပ်နိုင်တယ်ဆိုတာ မင်း မသိဘူးလား? ရှေးအရင်က ဝတ်ရုံလက်ပြတ်၊ လုံယန်ကို မင်း ကြားဖူးလား? ငါ မင်းကို ပြောပြရမလား? ” ယန်ကျင်းဇီသည် ထိုသို့ပြောပြီးနောက် အကျဉ်းချုပ်ကိုလည်း ပြောပြခဲ့သည်။


ကုယွီပေါင်သည် နားထောင်နေရင်း ပိုပြီးကြောက်ရွံ့လာခဲ့သည် — ဤလူက အများကြီး သိသည်။ သူ သူ့ကို တစ်ခုခုလုပ်ချင်တာ မဟုတ်‌လောက်ဘူးမလား? သူ မလုပ်ချင်ဘူး!  


“ ငါ ယုံကြည်တယ်၊ ငါ့မိသားစုက ငါ့ကို လေ့ကျင့်ပေးချင်လို့ သူတို့ ငါ့ကို ဒီရွာဆီပို့လိုက်တာ။ ဒါပေမယ့် ငါသာ တစ်ခုခုဖြစ်လို့ကတော့ သူတို့ ငါ့ကို သေချာပေါက် ပြန်ခေါ်မှာပဲ... ရွာက လူတွေအားလုံးက အတူတူ အလုပ်လုပ်နေကြတယ်။ ငါ သူတို့ကို ကြံစည်ဖို့ အခွင့်အရေးရှာချင်ခဲ့ပေမယ့် တစ်ခုမှ မအောင်မြင်ခဲ့ဘူး။ တွေးကြည့်လိုက်တော့ မင်းက အသင့်တော်ဆုံးပဲ။ ” ယန်ကျင်းဇီက ဆက်ပြောသည် : “ ငါ နေမကောင်းလို့ ဆေးရုံသွားချင်တယ်။ ဒါပေမယ့် မင်းက ငါ့ကို လမ်းမှာ တားမယ်လို့ ငါ မထင်ထားခဲ့ဘူး။ မင်းက ငါ့ကို အတင်းအကြပ်လည်း လုပ်ချင်သေးတယ်... မင်း ဒီဇာတ်လမ်းကို ဘယ်လိုထင်လဲ? ”


ကုယွီပေါင်သည် သူ့ရင်ဘတ်ပေါ်ရှိ ယန်ကျင်းဇီ၏ ခြေထောက်ကို ကြည့်လိုက်ပြီး ယန်ကျင်းဇီက အရှက်မဲ့လွန်းသည်ဟု ခံစားလိုက်ရသည်။


ဘယ်လိုတောင် ဒီလူက သူ့ကို ကြံစည်နိုင်ရတာလဲ! ဘယ်လိုတောင် သူ့ကို အဲ့လိုစွပ်စွဲနိုင်ရတာလဲ!


ယန်ကျင်းဇီက ထပ်ပြော၏ : “ မင်းက အသက်ဆယ့်ငါးနှစ်ပဲ ရှိသေးပေမယ့် အရမ်းမသေးဘဲ လူကောင်ကြီးတာ အနေတော်လေးပဲ။ ”


ကုယွီပေါင်က ကုမင်ရှိူ့ထက် အသက်ငါးနှစ် ပိုငယ်သည်။ သို့သော် သူက ကုမင်ရှိူ့ထက် အနည်းငယ် အရပ်ပိုရှည်၏... ယင်းကား ကုမင်ရှိူ့က အသက်ဆယ့်လေးနှစ်တွင် လယ်အလုပ်ကို သွားလုပ်ခဲ့ပြီး ကောင်းမွန်စွာလည်း မစားရခဲ့သေးသော်ငြား ကုယွီပေါင်ကတော့ အလုပ်မလုပ်ရဘဲ ကောင်းမွန်စွာ စားနိုင်သေးသောကြောင့် ဖြစ်လိမ့်မည်ပင်။


ဤအကြောင်းကို အခြေခံပြီး ယန်ကျင်းဇီသည် သူ့ကို မျက်လုံးထဲ သဘောမတွေ့ပေ။ နောက်ပိုင်း၌ သူ လုပ်ခဲ့သည်များကို စဉ်းစားကြည့်သော် သူက တိုင်စာတစ်စောင် ရေးခဲ့ရုံသာမက တိုင်စာကို သူ ရေးခဲ့ကြောင်း နောက်ပိုင်းတွင် ရှာတွေ့သောအခါ သူက သူ့နာမည်အစစ်နှင့်လည်း သူ့အစ်ကိုကို စွပ်စွဲအပြစ်တင်ခဲ့သည်... ဟား! 


သူ ဒီကောင်ကို သင်ခန်းစာပေးပြီး အဲ့နေရာမှာ ဒီလူကို ဝင်ခံစားခိုင်းဦးမယ်!


“ မင်းက မဟုတ်မမှန် စွပ်စွဲနေတာပဲ။ ဘယ်သူမှ ယုံမှာမဟုတ်ဘူး! ” ကုယွီပေါင်က ဆိုသည်။


“ ဒီခေတ်မှာ လူတွေ ယုံအောင် လုပ်ရတာ အရမ်းလွယ်တယ်။ ” ယန်ကျင်းဇီက ပြောခဲ့သည်။ သူသည် စကားပြောပြီးသောအခါ ကုယွီပေါင်ကို ထူလိုက်သည်။ ထို့နောက် သူသည် ကုယွီပေါင်၏ အဝတ်အိတ်ထဲတွင် စာရွက်နှင့် ဘောပင်ကို ရှာတွေ့ခဲ့ပြီး ကုယွီပေါင်ကို ပြောလိုက်၏ : “ လာ၊ မင်း အခုချက်ချင်း ငါ့အတွက် ရည်းစားစာနည်းနည်း ရေးစမ်း! ” အနာဂတ်တွင် ဤလူ ပြဿနာမရှာနိုင်ရန်အတွက် သူသည် ဤလူ၏ နိုင်ကွက်ကို ရထားချင်သည်။


“ ငါ မရေးဘူး! ” ကုယွီပေါင်က ပြင်းထန်စွာ ငြင်းဆိုသည်။


ယန်ကျင်းဇီက ကုယွီပေါင်ကို သုန်မှုန်စွာ ကြည့်၏ :

“ မင်း အရိုက်ခံချင်နေတာလား? ”




°°°


*လုံယန် - ကျိုးမင်းဆက်၊ တိုင်းပြည်တွေ စစ်ဖြစ်နေတုန်း ကာလ၊ အမည်မသိဘုရင်၏ အမျိုးသားချစ်သူ