Chapter - 7 : ကုမ္ပဏီတစ်ခုလုံးတွင် တစ်ဦးတည်းသော လူသား ( 2 )
Viewers 1k

Chapter - 7 : ကုမ္ပဏီတစ်ခုလုံးတွင် တစ်ဦးတည်းသော လူသား ( 2 ) 

စာချုပ်ချုပ်ဆိုပြီးသောအခါ ပိုင်ဇယ်သည် အလုပ်များအား ထိထိရောက်ရောက် လုပ်တော့သည်။ သူသည် စီစဉ်ရေးအဖွဲ့အား ချက်ချင်း ဖုန်းခေါ်လိုက်သည်။

“လောင်ဖန့်၊ ကျွန်တော်ပါ”

‘အိုင်ဒေါတစ်ဦးမွေးဖွားခြင်း’ သည် တုန်းချန် တီဗီမှ တင်ဆက်သည့် နွေရာသီ အစီအစဉ်တစ်ခုဖြစ်ပြီး ထုတ်လုပ်ရေးအဖွဲ့မှာလည်း အားကောင်းလေသည်။

ဒါရိုက်တာချုပ် ဖန့်ဇုန်းသည် တရုတ်နိုင်ငံ၏ ရွှေရောင်အဆင့်ထုတ်လုပ်သူဖြစ်သလို တရုတ်နိုင်ငံ၏ မျိုးစုံသော ဖျော်ဖြေရေးများ၏ ဖခင်လည်း ဖြစ်သည်။

သူသည် မျိုးစုံသော ဖျော်ဖြေရေးအစီအစဥ် ထုတ်လုပ်မှု၏ ရှေ့ဆောင်တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။ သူ၏ အသက်မွေးဝမ်းကြောင်း အနှစ် နှစ်ဆယ်အတွင်း ပါဝင်ခဲ့သည့် အစီအစဉ်အားလုံးမှာ ထိပ်တန်း ကြည့်ရှုနှုန်းများ ရရှိထားသည်။

တုန်းချန်တီဗီသည် ဤအစီအစဉ်အား ထုတ်လုပ်ရန်အတွက် ဖန့်ဇုန်းအား အထူးဖိတ်ခေါ်ခဲ့သည်။ ၎င်းတို့သည် ဤအစီအစဉ်ကို မည်မျှ အရေးကြီးကြောင်း ဖော်ပြထား၏။

ဖန့်ဇုန်းနှင့် ယောင့်ကွိုင်းကုမ္ပဏီတို့သည် ယခင်က အလုပ် နှစ်ကြိမ်ခန့် ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသည်။ ပထမတစ်ကြိမ်တွင် ၎င်းတို့သည် တီဗီရှိုး ဧကရာဇ် စူးမုပိုင်အား ထုတ်လုပ်ခဲ့သည်။ နောက်တစ်ကြိမ်တွင်မူ အသံဘုရင်မ ယွီမန့်မန့်အား ထုတ်လုပ်ခဲ့သည်။

ဤဆက်ဆံရေးကြောင့် ဖန့်ဇုန်းသည် ရှိုးပွဲအတွက် ပြင်ဆင်မှု စတင်ချိန်တွင် ပိုင်ဇယ်အား ဖုန်းခေါ်လိုက်သည်။ သူ၏ ကုမ္ပဏီတွင် သင့်လျော်သော အနုပညာရှင်များ ရှိ မရှိ ပိုင်ဇယ်အား မေးမြန်းချင်ခဲ့၏။

ထိုအချိန်က ပိုင်ဇယ်သည် အနုပညာရှင်အသစ်အား ၂ နှစ်ကြာအောင် စာချုပ်မချုပ်ထားသောကြောင့် သင့်လျော်သူ မရှိခဲ့ပေ။

ဖန့်ဇုန်းသည် ထိုကိစ္စအား အတင်းအကျပ် မလုပ်ခဲ့ပေ။ သူသည် နိုင်ငံအဆင့် စီမံခန့်ခွဲရေး အေဂျင်စီများနှင့်သာ ဆက်သွယ်ပြီး သင်တန်းသားများ ပို့ရန် တောင်းဆိုခဲ့ရသည်။

အစီအစဉ်ရိုက်ကူးရန် သုံးရက်သာ လိုတော့ပြီး သင်တန်းသားစာရင်းမှာ အကြမ်းဖျင်း ပြီးစီးနေပြီဖြစ်သည်။

ပိုင်ဇယ်သည် အနုပညာရှင်တစ်ဦးအား ထောက်ခံချင်သည်ဟု ပြောရန် ဤအချိန်တွင် ဖုန်းခေါ်လိမ့်မည်ဟု ဖန့်ဇုန်းသည် လုံးဝမတွေးခဲ့မိပေ။

“လူသစ်လား”

“အွန်း… ခုမှ စာချုပ်ချုပ်ထားတာ”

ဖန့်ဇုန်းသည် ထိုစကားအား ကြားသောအခါ တွန့်ဆုတ်သွားသည်။

“အသစ်ဆိုရင်… သူတို့ရဲ့ လေ့ကျင့်ချိန်က သိပ်မကြာသေးဘူးထင်တယ်”

ပိုင်ဇယ်သည် သူ ယနေ့မှ စာချုပ်ချုပ်ထားသည့် အနုပညာရှင်အသစ်အား ကြည့်လိုက်သည်။ သူ၏ စကားသံမှာ ညှင်သာနေခဲ့သည်။

“တစ်နှစ်တောင် မပြည့်သေးဘူး”

လုရွှိသည် ပိုင်ဇယ်အား လှမ်းကြည့်ရန် မျက်လုံးများ ပင့်တင်လိုက်သည်။ ဤမန်နေဂျာအသစ်သည် အသေးစိတ်အချက်အလက်များအား ဤမျှအထိ ကောင်းမွန်စွာ ဖုံးကွယ်ပြောဆိုလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ခဲ့ပေ။

“တစ်နှစ်တောင် မပြည့်သေးဘူးလား”

ဖန့်ဇုန်းသည် ဖုန်းတစ်ဖက်မှ သက်ပြင်းချလိုက်ပြီး ငြင်းဆိုရန် စဉ်းစာလိုက်သည်။

“ဒီတစ်ခါ အခြားကုမ္ပဏီတွေက ပို့တဲ့ သင်တန်းသားတွေက အနည်းဆုံး ၂ နှစ် လေ့ကျင့်ထားကြတယ်၊ မင်းရဲ့ အနုပညာရှင်က နာမည်ကြီးလာဖို့ မဖြစ်နိုင်လောက်ဘူးထင်တယ်နော်”

ပိုင်ဇယ်သည် စိတ်မပျက်သွားပေ။ သူသည် ခိုင်မာစွာ ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။

“ဖန့်ကော၊ ဒါဆို ဒီလိုရော ဘယ်လိုလဲ… ကျွန်တော် သူ့ကို ချက်ချင်း ခင်ဗျားဆီ ခေါ်လာပြီး ခင်ဗျားကိုယ်တိုင် ကြည့်ကြည့်လိုက်၊ ခင်ဗျား သင့်လျော်တယ်လို့ ထင်ရင် သူ့ကိုထည့်လိုက်တော့၊ အဆင်ပြေလား”

ဖန့်ဇုန်းသည် နာမည်စာရင်းအား အကြမ်းဖျင်း ဆုံးဖြတ်ပြီးပြီဖြစ်ကြောင်း ပြောချင်မိသည်။ ဤလူသည် အလွန်အမင်း ထူးခြားခြင်းမရှိပါက အခွင့်အရေးရှိမည် မဟုတ်ပေ။

သို့သော် သူသည် ပိုင်ဇယ်နှင့် အကြိမ်ပေါင်းများစွာ အတူတကွ အလုပ်လုပ်ခဲ့ဖူးသောကြောင့် ဖန့်ဇုန်းသည် သူ့အား တိုက်ရိုက် ငြင်းပယ်ချင်ခြင်း မရှိလိုသဖြင့် သဘောတူလိုက်သည်။

တစ်နှစ်တောင် လေ့ကျင့်မထားရသေးတဲ့ သင်တန်းသား... 

စူးမုပိုင် သို့မဟုတ် ယွီမန့်မန့်ကဲ့သို့သော အရည်အချင်းမျိုး မရှိလျှင် အလုပ်ဖြစ်မည် မဟုတ်ပေ။

သို့သော် စူးမုပိုင်ဖြစ်စေ၊ ယွီမန့်မန့်ဖြစ်စေ၊ ကမ္ဘာပေါ်တွင် သူတို့ကဲ့သို့သောသူ မည်သူမျှ ရှိလိမ့်မည် မဟုတ်ပေ။

ပိုင်ဇယ်သည် လွန်ခဲ့သည့် ၂ နှစ်အတွင်း အနုပညာရှင်တစ်ဦးကိုမျှ စာချုပ်မချုပ်ထားသည်အား ထည့်သွင်းစဉ်းစားရန် မလိုတော့ပေ။

ပိုင်ဇယ်သည် လူသစ်အား ခေါ်လာသောအခါ ဖန့်ဇုန်းသည် တစ်ချက် ကြည့်ရှုမည်ဟု ထင်ထားသည်။ အကယ်၍ သူသည် အခြေအနေများနှင့် ကိုက်ညီပါက သူ၏ အခြားသူငယ်ချင်းတစ်ဦးထံသို့ လူသစ်အား ထောက်ခံပေးမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သူ၏ သူငယ်ချင်းများဖြစ်သောကြောင့် သူသည် ကျေးဇူးပြန်ဆပ်ရမည် ဖြစ်၏။

သူသည် အသေးစိတ်အချက်အလက်များအား အတည်ပြုရန် စိုးရိမ်နေချိန်တွင် လှည့်လိုက်ရာ လက်ထောက်နှစ်ဦးသည် သူတို့၏ ဖုန်းများအား ကိုင်ထားလျက် အော်နေကြသည်ကို သတိပြုမိသည်။

“မင်းတို့ နှစ်ယောက်က ဘာတွေကြည့်ပြီး စိတ်လှုပ်ရှားနေကြတာလဲ… အလုပ်တွေ အများကြီးရှိတယ်လေ၊ မင်းတို့ ဂရုစိုက်သင့်တယ် မဟုတ်ဘူးလား”

လက်ထောက်နှစ်ဦးသည် ထိုစကားအား ကြားသောအခါ ထိတ်လန့်ခြင်း မရှိဘဲ၊ သူတို့၏ ဖုန်းများအား သူ့အား ပြလိုက်သည်။

“ဖန့်ကော၊ မြေအောက်ရထားက ရှောင်ကောကောကို ဘယ်လိုထင်လဲ”

“မြေအောက်ရထားက ဘယ်ရှောင်ကောကောလဲ”

ဖန့်ဇုန်းသည် ဖုန်းမျက်နှာပြင်အား ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။ သူ၏ မျက်လုံးများ ချက်ချင်း တောက်ပသွား၏။ ဗီဒီယိုထဲမှ ကောင်လေးတွင် ကျောက်စိမ်းဖြင့် ထွင်းထားသော မျက်နှာပေါက်မျိုးရှိပြီး သူ၏ ကိုယ်ဟန်သည် အကောင်းဆုံးထဲမှ အကောင်းဆုံး ဖြစ်သည်။

အံ့သြစရာအကောင်းဆုံး အင်္ဂါရပ်မှာ နွေဦး၏ တောက်ပသောအလင်းအား သယ်ဆောင်ထားသည့် သူ၏ မျက်လုံးများပင် ဖြစ်သည်။ ၎င်းသည် သူ၏ နှုတ်ခမ်းအား ရိုးရှင်းစွာ ကွေးလိုက်ခြင်းမျှသာ ဖြစ်သော်လည်း လူများအား ငိုချင်စိတ်ပေါက်စေနိုင်သည်။

ဖန့်ဇုန်းသည် ဗိုင်းရပ်စ်ကဲ့သို့ ပျံ့နှံ့နေသည့် အင်တာနက် အကြောင်းအရာများတွင် စိတ်ဝင်စားမှုမရှိခဲ့ဘဲ Mouyin ပေါ်မှ လူများနှင့် ခေတ်မီအောင် လိုက်လျောညီထွေနေခြင်းမှာ ရှားသည်။

သို့သော် ဤတစ်ကြိမ်တွင် မတူပေ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဖန့်ဇုန်းသည် ဤကောင်လေးသည် ထူးခြားပြီး ကြယ်တစ်ပွင့်ကဲ့သို့ တောက်ပနေသည်ဟု တွေးလိုက်မိသည်။

သူသည် ဤကောင်လေးအား သူ၏ ရှိုးပွဲတွင် ပါဝင်နိုင်လျှင် သေချာပေါက် အောင်မြင်လိမ့်မည်ဟု တွေးလိုက်သေး၏။

ဖန့်ဇုန်းသည် ပို၍ စဉ်းစားလေ ပို၍ စိတ်လှုပ်ရှားလေ ဖြစ်သည်။ သူသည် သူ၏ လက်ထောက်အား အလျင်အမြန် ပြောလိုက်သည်။

“ဒါ နာမည်ကြီးဆယ်လီလား ဒါမှမဟုတ် အနုပညာရှင်လား… သူ့ကို ဆက်သွယ်ပြီး ငါတို့ ရှိုးပွဲကို ဖိတ်ခေါ်ဖို့ သေချာလုပ်”

လက်ထောက် သက်ပြင်းချလိုက်သည်။

“ဖန့်ကော၊ ကျွန်တော်တို့လည်း ဒီရှောင်ကောကောကို ဆက်သွယ်ချင်နေတာပါ၊ ဒါပေမဲ့ သူက အွန်လိုင်းမှာ တစ်ယောက်ယောက်က မတော်တဆ ရိုက်ကူးထားတဲ့ ကြုံရာကျပန်းလူတစ်ယောက်လိုပဲ၊ အခု အင်တာနက်တစ်ခုလုံးက ဒီ မြေအောက်ရထားက ရှောင်ကောကောကို ရှာနေကြပေမဲ့ သူ့ရဲ့ ခြေရာကို လုံးဝမတွေ့ရဘူး… ကျွန်တော်တို့ ဒီလူကို ရှာလို့ကိုမရဘူး”

Mouyin သည် ၎င်း၏ သုံးစွဲသူများထံသို့ ထိပ်တန်း ခေတ်စားနေသော ဗီဒီယိုများ နေ့တိုင်း အကြံပြုလေ့ရှိသည်။ လက်ထောက်များမှာ မူလက အချိန်ဖြုန်းရန်အတွက် အနည်းငယ် နှိပ်ကြည့်ချင်ခဲ့ခြင်းသာ ဖြစ်သည်။

သို့သော် ၎င်းတို့သည် ‘မြေအောက်ရထားက ရှောင်ကောကော’ အကြံပြုချက်အား ချက်ချင်း မြင်လိုက်ကြသည်။ ၎င်းတို့သည် မူးမေ့ပြီး လက်လွှတ်မခံချင်ဘဲ ဗီဒီယိုအား အကြိမ်ပေါင်းများစွာ ကြည့်ရှုခဲ့ကြသည်။

မူရင်းဗီဒီယိုသည် like တစ်သန်းကျော် ရရှိခဲ့ပြီး မှတ်ချက်ကဏ္ဍမှာ ပုံမှန်အတိုင်း အော်ဟစ်နေကြသည့် စာများ ဖြစ်သည်။

လူတိုင်းသည် ဤလှပသော ရှောင်ကောကောမှာ မည်သူဖြစ်သည်အား သိချင်ခဲ့ကြသော်လည်း မည်သူမျှ သူ့အား ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပေ။

“ရက်ပိုင်းအတွင်း သူ ထွက်လာပြီး ဗီဒီယိုတွေတင်ဖို့ သူ့ကိုယ်ပိုင် အကောင့်တစ်ခု ဖန်တီးလိမ့်မယ် ထင်လား”

ဗိုင်းရပ်စ်ကဲ့သို့ ပျံ့နှံ့နေသော ခံစားမှုများစွာသည် ဤ လမ်းကြောင်းအတိုင်း သွားကြ၏။ လက်ထောက်သည် ဤသို့ပြောသော်လည်း၊ သူတို့သည် ရှောင်ကောကောမှာ လူသိရှင်ကြား ဖြစ်ရန်အတွက် လုပ်နေသည်ဟု မထင်ခဲ့ကြပေ။

ဖန့်ဇုန်းသည် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

အစီအစဉ်အား မကြာမီ ရိုက်ကူးတော့မည်ဖြစ်ပြီး ရက်အနည်းငယ်အတွင်း သူ့အားရှာတွေ့လျှင်ပင် အချိန်မီမည် မဟုတ်ပေ။ သူသည် အခက်အခဲများစွာဖြင့် ရတနာတစ်ခုအား နောက်ဆုံးတွင် ရှာဖွေတွေ့ရှိခဲ့သော်လည်း ဆက်သွယ်၍ မရနိုင်ပေ။ ဖန့်ဇုန်းသည် စိတ်ပျက်မှုအပြည့် ဖြစ်နေလေသည်။

အစီအစဉ်ဝန်ထမ်းများ အစီရင်ခံရန် ပြေးလာသည့် အချိန်ဖြစ်၏။

“ဖန့်ကော၊ မစ္စတာပိုင် ရောက်လာပါပြီ”

~~~