“ရွှိကော၊ ကျွန်တော် ခင်ဗျားကို Mouyin မှာ ခုပဲ မြင်လိုက်တယ်!”
ရှဲ့အန်းသည် အလုပ်တစ်ခု ပြီးဆုံးသွားပြီးနောက် သူ၏ဖုန်းအား ဖွင့်လိုက်သောအခါ လုရွှိသည် ခေတ်စားနေသော အကြံပြုချက်တစ်ခုပေါ်တွင် ပေါ်လာသည်အား ချက်ချင်း ရှာဖွေတွေ့ရှိလိုက်သည်။ သူသည် လုရွှိအား ချက်ချင်းပင် ဖုန်းခေါ်လိုက်၏။
“ဟမ်”
“ခဏလေး၊ ဗီဒီယိုကို ခင်ဗျားဆီ ပို့ပေးလိုက်မယ်”
ရှဲ့အန်းသည် သူ၏အဆက်အသွယ်များကို ဖွင့်ကာ လုရွှိအား ရှာဖွေပြီး ဒေါင်းလုဒ် လုပ်ထားသော ဗီဒီယိုကို ပေးပို့လိုက်သည်။
“…”
လုရွှိသည် မိန်းကလေးများမှ သူ့အား သူတို့၏ဖုန်းများဖြင့် ရိုက်ကူးနေသည်အား သိရှိခဲ့သော်လည်း ၎င်းသည် အင်တာနက်ပေါ်တွင် ဤမျှလောက် ကျော်ကြားလာလိမ့်မည်ဟု မထင်ခဲ့ပေ။
သူနှင့် ရင်းနှီးသော ဆက်ဆံရေးအား လိုချင်ကြောင်း တောင်းဆိုနေသည့် မှတ်ချက်များအား ဖတ်ရှုသောအခါ လုရွှိ၏ နှုတ်ခမ်းများမှာ တွန့်လိမ်သွားရသည်။
ဘာလို့ သူတို့အားလုံးက ငါ့ကို တွေ့ချင်စိတ် ပြင်းပြနေကြတာလဲ… အသက်မရှင်ချင်ကြတော့တာလား…
ဖုန်းလိုင်း၏ တစ်ဖက်မှ ရှဲ့အန်းသည် အံ့ဩတုန်လှုပ်နေဆဲ ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ အလုပ်မျိုးက လူတွေကြားမှာ ဒီလောက် နာမည်ကြီးနိုင်တယ်လို့ တကယ်မထင်ထားဘူး၊ ဟုတ်သားပဲ… ရွှိကော၊ ကျိရှိုးနျန်ဆီ ဘယ်လို ချဥ်းကပ်ရမလဲဆိုတာ စဉ်းစားပြီးပြီလား”
“အင်း”
လုရွှိသည် တုန်းချန်ရုပ်မြင်သံကြားမှ ယခုလေးတင် ထွက်လာခြင်းဖြစ်ပြီး ပိုင်ဇယ်၏ ကားနှင့်လိုက်ပို့ရန် ကမ်းလှမ်းမှုအား ယဥ်ကျေးစွာ ငြင်းဆိုကာ အိမ်သို့ ဖြည်းညှင်းစွာ လမ်းလျှောက်ပြန်လာခဲ့သည်။
“အဖွဲ့အစည်းက ယောင့်ကွိုင်းကုမ္ပဏီနဲ့ ဆက်သွယ်ဖို့ ကူညီပေးတယ်၊ ကျိရှိုးနျန်နဲ့ အတူတူ အဲဒီအစီအစဉ်မှာ သင်တန်းသားအဖြစ်နဲ့ ပါမယ်…”
“သင်တန်းသားလား!”
ရှဲ့အန်း၏ အသံသည် ရုတ်တရက် ကျယ်လောင်လာပြီး ဘတ်စ်ကားပေါ်ရှိ ခရီးသည်များ၏ မျက်စောင်းထိုး အကြည့်များအား ဆွဲဆောင်လိုက်သည်။
ယနေ့ အပူချိန်သည် ၃၀ စင်တီဂရိတ် နီးပါး ရှိသော်လည်း ရှဲ့အန်းသည် သူ၏ ပုံမှန်ဝတ်စုံနှင့် သားရေဖိနပ် အားဝတ်ဆင်ထားဆဲ ဖြစ်သည်။
အခြားသူများသည် လက်တိုအင်္ကျီများနှင့် ဘောင်းဘီတိုများဖြင့် ပူအိုက်နေကြသော်လည်း ရှဲ့အန်း၏ ဝတ်စားဆင်ယင်ပုံသည် လူအုပ်ထဲတွင် သူ့ကို ထင်ပေါ် စေခဲ့သည်။ သူ ဖုန်းပြောနေသည်အား မြင်သောအခါ လူအများအပြားသည် ဤထူးဆန်းသောလူ ပြောနေသည်များအား မသိစိတ်ကပင် နားထောင်လိုစိတ်ရှိကြသည်။
သူ့ပတ်ဝန်းကျင်မှ လူများ၏ အကြည့်များကို သတိပြုမိသောအခါ ရှဲ့အန်းသည် သူ အသံကျယ်လွန်းသွားပြီဖြစ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားသည်။ သူသည် အလျင်အမြန် အသံကို လျှော့ချလိုက်ပြီး ပြောလိုက်၏။
“ဘုရားရေ… ရွှိကော၊ ခင်ဗျား အနုပညာရှင် ဖြစ်ချင်လို့ အလုပ်ပြောင်းနေတာလား”
“မဟုတ်တာ”
လုရွှိသည် အနုပညာရှင် ဖြစ်လာရန် စိတ်ဝင်စားဟန်မရှိဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“လူကို ရတာနဲ့ ချက်ချင်းထွက်မှာ”
“ကောင်းပြီ၊ ကောင်းပြီ… အဲဒီလိုမျိုး ကိုက်စားရခက်တဲ့ အရိုးကိုသာ ဖယ်ရှားလိုက်နိုင်ရင် ကျွန်တော်တို့ ခရိုင်ရဲ့ လုပ်ငန်းဆောင်ရွက်မှု ဆန်းစစ်ချက်က ထပ်ပြီး ပထမဖြစ်မှာပဲ”
( Note: ‘ကိုက်စားရခက်တဲ့အရိုး’ ဆိုတာက အခုလုပ်တဲ့အလုပ်ကခက်ခဲတယ်၊ လွယ်ကူမနေဘူး လို့ဆိုလိုတာပါ )
သေမင်းတမန်ဌာနသည် ခရိုင်များစွာ ပါဝင်ဖွဲ့စည်းထားပြီး နှစ်စဉ် လုပ်ငန်းဆောင်ရွက်မှု ဆန်းစစ်မှုများနှင့် ဝန်ဆောင်မှု အကဲဖြတ်မှုများအား ပြုလုပ်လေ့ရှိသည်။ ရှဲ့အန်းသည် ကံကောင်းခြင်းနှင့် ပြည့်စုံသည်ဟု သူ့ကိုယ်သူ ယူဆပေသည်။ နှစ်တိုင်း သူသည် လုရွှိနှင့် တစ်ဌာနတည်း၌ ရှိနေနိုင်ပြီး ပထမနေရာအား ရရှိလေ့ရှိသည်။
သို့သော်လည်း အခြားသောခရိုင်များရှိ သေမင်း ဌာနခွဲများသည် ၎င်းတို့၏ အဖွဲ့အစည်းအား ချဲ့ထွင် ခဲ့ကြသည်။ ၎င်းတို့သည် သူတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို သိသိသာသာ မှီလာခဲ့၏။
အလုပ်အကိုင်အပေါ် သတိရှိသော သေမင်း တစ်ဦးအနေဖြင့် ရှဲ့အန်းသည် သူ၏ အဆင့်အား ထိန်းသိမ်းထားရန် မျှော်လင့်နေသည်မှာ ထင်ရှားသည်။
သူသည် စကားအနည်းငယ် ထပ်ပြောလိုခဲ့သော်လည်း [ သေမင်းတမန် ပို့ဆောင်ရေး ] အက်ပ်သည် ရုတ်တရက် အော်ဒါအသစ်တစ်ခုကို ထုတ်ပြန်လိုက်သည်။
[ ဖောက်သည်သစ်တစ်ဦး ကောင်းကင်ဘုံသို့ တက်နေသည်။ သင်နှင့် ၁.၈ ကီလိုမီတာ အကွာအဝေးတွင်ရှိနေသည်။ ]
ရှဲ့အန်းသည် အလျင်အမြန်ပင် အော်ဒါအား ချက်ချင်း ဆွဲယူလိုက်ပြီးမှ လုရွှိအား ပြောလိုက်သည်။
“ရွှိကော ကျွန်တော့်မှာ အော်ဒါအသစ် ရှိတယ်၊ နောက်မှ ဝန်ဆောင်မှုစခန်းမှာ တွေ့ကြမယ်နော်!”
သူသည် ဘတ်စ်ကားတံခါးများ ဖွင့်ရန် စောင့်ပြီးနောက် ထီးဖွင့်ကာ အလျင်အမြန် ထွက်သွားလိုက်သည်။
“ဒီလို ပူတဲ့နေ့မျိုးမှာ ဒီလို ဝတ်ထားတာ၊ အဲ့လူ ကျပ်မပြည့်ဘူးလား”
တံခါးအနီး၌ ရပ်နေသော စုံတွဲတစ်တွဲသည် ဘတ်စ်ကားပေါ်မှ ဆင်းသွားသော ရှဲ့အန်းအား ကြည့်ကာ စကားအနည်းငယ်အား ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်ကြသည်။
“သူ့အလုပ်က ဘာလဲဆိုတာ မင်း မကြားဘူးလား… ငါထင်တာတော့ အာမခံနဲ့ ဆက်စပ်နေတယ်၊ ငါ အဲဒီလိုမျိုး အရောင်းသမားတွေ အများကြီး ငါသိတယ်၊ သူတို့ခေါင်းထဲမှာ တစ်ချိန်လုံး တစ်ခုခု မှားနေတာပဲ…”
သူတို့နှစ်ဦးသည် ဆက်လက် ဆွေးနွေးနေစဥ် ဘတ်စ်ကားမှာ ရုတ်တရက် ရပ်တန့်သွားသည်။
ရှေ့တွင် အဆုံးမရှိ ရှည်လျားသော ယာဉ်တန်း ရှိနေသည်။ ဘတ်စ်ကားပေါ်ရှိ ခရီးသည်များ ညည်းညူ လိုက်ကြသည်။
“ကားထပ်ပိတ်ပြန်ပြီလားကွာ”
ချက်ချင်းပင် တစ်စုံတစ်ဦးက ပြန်ဖြေသည်။
“ရှေ့က လမ်းပေါ်မှာ ကားတိုက်ထားပုံရတယ်…”
~~~~
ရှဲ့အန်းသည် သူ၏ ဖောက်သည်အသစ် ကိစ္စအား အပြီးသတ်ပြီး ‘ဘဝအဆုံးသတ် ဝန်ဆောင်မှုဌာန’ ဂိတ်သို့ ပြန်ရောက်သောအခါ ည ၇ နာရီပင် ကျော်လွန်နေပြီ ဖြစ်သည်။
သူသည် တံခါးကိုတွန်းဖွင့်၍ ဝင်လိုက်သောအခါ လုရွှိမှာ လက်ပ်တော့ပ်ဖွင့်လျက် သီချင်းဆိုပြိုင်ပွဲများကို ကြည့်နေသည်အား တွေ့လိုက်ရသည်။ ပါးမေ့သည် သူ၏ ဝိုင်းစက်သော ဗိုက်အား ပွတ်ဆွဲ၍ လုရွှိ၏ ခြေရင်းဘေးရှိ ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေသည်။ လှုပ်ရှားမှုအချို့ ကြားလိုက်ရသောအခါ လုရွှိသည် မော့ကြည့်လိုက်ပြီး နှုတ်ဆက်သည့်အနေဖြင့် ရှဲ့အန်းအား ကြည့်လိုက်၏။
လုရွှိသည် ခေါင်းပင် လှည့်မကြည့်ဘဲ ရိုးရိုးရှင်းရှင်း မေးလိုက်သည်။
“အလုပ်ပြီးပြီလား”
“အင်း၊ ဒီတစ်ခါတော့ အော်ဒါကြီးပဲ… ဖောက်သည် နံပါတ်တစ်က အရက်မူးပြီး မောင်းနေတုန်း မီးနီကို ဖြတ်မောင်းတာ… ကံမကောင်းစွာနဲ့ပဲ သာမန် ယာဉ်မောင်း တစ်ယောက်ရဲ့ ကုန်တင်ကားကို ဝင်တိုက်သွားတယ်၊ လူသုံးယောက်လောက်ကို သူ့နဲ့အတူ ခေါ်သွားသေးတာ…”
ဤအော်ဒါတွင် လေးဦး ပါဝင်လေသည်။ ရှဲ့အန်း သက်ပြင်းသာ ချလိုက်၏။
“ဒီ အော်ဒါမှာ လူလေးယောက်ပါတယ်၊ ကျွန်တော်တကယ်ပဲ မတတ်နိုင်ဘူး… အငယ်ဆုံး ဖောက်သည်က သုံးနှစ်ပဲ ရှိသေးတယ်… ဘာဖြစ်လို့ ဒီလူတွေက အရက်သောက်ပြီး ကားမောင်း ရတာလဲ၊ သူတို့က သေရုံတင်မကဘဲ တခြားလူတွေကိုပါ ဆွဲချသွားသေးတယ်”
လုရွှိသည် ဘေးတိုက်ကြည့်လိုက်သော်လည်း ပြန်လည်တုံ့ပြန်ခြင်း မရှိလိုက်ပေ။
နေ့တိုင်း ဤလောကမှ ထွက်ခွာသွားသော လူများစွာ ရှိပေသည်။ ၎င်းတို့အချို့သည် သူတို့၏ ကိုယ်ပိုင် လုပ်ဆောင်ချက်များကြောင့် ထွက်ခွာသွားကြပြီး အချို့မှာ ကြိုတင်မမြင်နိုင်သော အခြေအနေများကြောင့် ထွက်ခွာသွားကြသည်။
ရှဲ့အန်းသည် ၎င်းအပေါ်တွင် တော်တော်လေး စာနာစိတ်ရှိပုံရသည်ကို မြင်သောအခါ လုရွှိမှာ စကားပြောရန် ပါးစပ်ဖွင့်လိုက်သည်။
“အရာရာတိုင်းက ကံကြမ္မာ ပေါ်မှာ မူတည်တယ်၊ ငါတို့ အလုပ်က သူတို့ကို လမ်းညွှန်ပေးဖို့ပဲ… အဲဒါကလွဲလို့ ငါတို့ ကျန်တဲ့ကိစ္စတွေမှာ ဝင်မပါသင့်ဘူး”
“စိတ်မပူပါနဲ့၊ ရွှိကော… ကျွန်တော် သိပါတယ်”
ရှဲ့အန်းသည် စကားပြောပြီးနောက် လက်ပ်တော့အား ထပ်ကြည့်ပြီး စပ်စုစွာမေးလိုက်သည်။
“ရွှိကော၊ ခင်ဗျား သီချင်းဆိုတတ်တာလား…. ကတတ်တာလား”
“ဘာမှမတတ်ဘူး”
လုရွှိသည် ပခုံးတွန့်လိုက်ပြီး ရိုးရိုးသားသား ပြောလိုက်၏။
“ငါ အခုမှ စလေ့လာနေတာ၊ မနက်ဖြန် သိပ်ပြီး မျက်နှာမပူစေဖို့ မျှော်လင့်ပါတယ်”
“ရွှိကော၊ သေချာပေါက် အဆင်ပြေမှာပါ”
ရှဲ့အန်းသည် ‘အိုင်ဒေါလ် ရှင်သန်ရေးရှိုးများ’ အား အပြင်ထွက်၍ ကြည့်ရှုခြင်းမျိုး မရှိခဲ့ဖူးသော်လည်း လုပ်ငန်းစဉ်အား အနည်းနဲ့အများ နားလည်ထားလေသည်။
လုရွှိ စင်ပေါ်တွင် ရပ်နေပုံအား သူ စိတ်ကူးကြည့်လိုက်သည်။ ၎င်းသည် အလုံးစုံ ရှုပ်ထွေး ခြင်းမရှိပေ။ လုရွှိသည် သေမင်းတမန်ဌာန၏ မျက်နှာဖုံး ဖြစ်သည်။ သူ မည်သည်မှ လုပ်တတ်ခြင်း မရှိလျှင်ပင် သူ၏ မျက်နှာဖြင့် စင်ပေါ်ရှိ အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်နေဦးမည်။
“မနက်ဖြန် ရှိုးရဲ့ ပထမဆုံး အပိုင်းကို ရိုက်ကူးဖို့ ငါ ပြင်ဆင်ရမယ်၊ ငါ့ မစ်ရှင် မပြီးမချင်း အနီးကပ်လေ့ကျင့်ရေး လုပ်ရမယ်၊ ဒီအတောအတွင်းမှာ ပါးမေ့ကို ဂရုစိုက်ပေးဖို့ မင်းကိုပဲ အားကိုးတော့ရမယ်၊ ပြီးရင် ငါပြန်လာခေါ်မယ်”
ရှဲ့အန်းသည် သူ၏ ရင်ဘတ်အား ပုတ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ရွှိကော၊ စိတ်မပူပါနဲ့… ပါးမေ့ကို ကျွန်တော် သေချာ ဂရုစိုက်ပေးပါ့မယ်”
ထိုစကားများ ကြားသောအခါ ပါးမေ့သည် ထရပ်ပြီး လုရွှိဆီသို့ ကျယ်လောင်စွာ မြည်ကျွေးလျက် ပြေးသွားသည်။ ၎င်းမှာ မခွဲခွာလိုဟန် ရှိနေ၏။
“လိမ္မာတဲ့ ကောင်လေး…”
လုရွှိသည် ပါးမေ့အား ကောက်ကိုင်လိုက်ပြီး သူ၏ ခေါင်းသေးသေးလေးကို ပွတ်သပ်ပေးလိုက်သည်။ သူ၏ မျက်လုံးများတွင် ခေတ္တခဏမျှ နွေးထွေးမှုဖြင့် တောက်ပသွားသည်။
သူ၏ လက်ချောင်းများသည် ဖြူဖျော့ပြီး သွယ်လျပေသည်။ သူ၏ အဆစ်များသည်လည်း ထင်ရှားပြီး လှပ၏။ သူ၏ မျက်နှာမှ အသံ အထိ၊ သူ၏ ခန္ဓာကိုယ်သွင်ပြင်အားလုံးသည် လုရွှိအား ဆွဲဆောင်မှု ရှိလွန်း၍ တရားမဝင်သလောက်ပင်ဖြစ်လို့နေသည်။
သူသည် ပါးမေ့အား ပွေ့ဖက်ပြီး နှုတ်ဆက်နေစဥ် အခိုက်အတန့်တွင် ရှဲ့အန်းမှာ အလွန်ပြင်းထန်သော ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
သူ၏ အဖိုးတန်သော ရွှိကောသည် ဆက်လက် ပုန်းအောင်း နေနိုင်တော့မည် မဟုတ်ဟု သူ စိုးရိမ်မိသည်။
~~~