Ch 1
Viewers 3k

👑 Chapter 1

👑 Harem Gossip System


နေရောင်ခြည်မှာ မီးတောက်လိုပူပြင်းလွန်းလှသည်။


ဖုန့်ယီနန်းဆောင်တွင် ရေခဲပုံးများစွာချထားသော်လည်း အပူဒဏ်ကို မတွန်းလှန်နိုင်ပေ။


ကျန်းကျီမြောင်တစ်ယောက် သလွန်စောင်းထက်ပျင်းရိ ပျင်းတွဲ မှီထိုင်နေလေသည်။ ထိုင်ခုံ၏တစ်ဖက်တစ်ချက်ရှိ အခြွေအရံများမှ ယပ်တောင်လေးများဖြင့် လေနုအေးများအား ကျန်းကျီမြောင်ထံသို့ လမ်းသွယ်ပေးလျက်ရှိသည်။


“ဧကရီမိဖုရားကြီးကို ဂါဝရပြုပါတယ်”


အောက်ဘက်တွင် ကိုယ်လုပ်တော်များ နှစ်တန်းခွဲကာတန်းစီနေကြပြီး ကျန်းကျီမြောင်ထံ ညီညီညာညာဂါဝရပြုလိုက်ကြသည်။


ကျန်းကျီမြောင် လက်‌ဝှေ့ရမ်းပြလိုက်သည်။ 


“ထိုင်ကြ”


သူ့ မျက်နှာထက် စိတ်ပျက်အားလျော့မှု အရိပ်အယောင်တစ်ခုပေါ်လာခဲ့သည်။


စိတ်မပါဘဲ အလုပ်လုပ်ရမယ့် နောက်ထပ်နေ့လေးတစ်နေ့ပေါ့… 


ကိုယ်လုပ်တော်များလည်း တစ်ယောက်ပြီးတစ်ယောက် ကျကျနနထိုင်လိုက်ကြသည်။


ထို့နောက် ကိုယ်လုပ်တော်များ၏အာရုံထဲ ပွစိပွစိပြောသံတစ်သံ မြည်ဟည်းလာလေသည်။


[အမလေး… ဧကရာဇ်ယွဲ့လင်းရဲ့ ကိုယ်လုပ်တော်တွေက ဘာတွေတုန်း၊ နေ့တိုင်း ဂါဝရလာပြုစရာမလိုဘူးလို့ပြောထားပြီးသားကို တစ်ယောက်ထက် တစ်ယောက် ပိုကောင်းအောင် ပြိုင်ဆိုင်ပြီး ဂါဝရပြုနေလိုက်ကြတာများ! ကိုယ်လုပ်တော် စုစုပေါင်းမှ ၁၁ ယောက်ပဲရှိတာကို ၁၀ ယောက်က ဒီရောက်နေကြပြီ! ကြင်ယာတော်လင်းကို အတုယူပြီး အရှင်မင်းကြီးကိုပဲ သွားကပ်ဖားယားနေကြလို့မရဘူးလား!]


သလွန်ထက်အရိုးမရှိသလို ပျော့ခွေကာထိုင်နေသည့် ကျန်းကျီမြောင်ထံ ကိုယ်လုပ်တော်အားလုံးတစ်ချက် မော့ကြည့်လိုက်ကြပြီး ဘာမှမပြောရဲလောက်အောင် ခေါင်းတွေ စိစီရီရီပြန်ငုံ့သွားကြလေသည်။


[ထားလိုက်ပါတော့ ထားလိုက်ပါတော့၊ ငါ နိုးနေပြီပဲဥစ္စာ ဒီနေ့ကော ဘယ်လိုအတင်းအဖျင်းအသစ်တွေ ရှိနေမလဲ စစ်ကြည့်လိုက်ရအောင်]


ကျန်းကျီမြောင် အသံထပ်မံထွက်ပေါ်လာပြန်သည်။


အားလုံး၏မျက်နှာထားတွေ အနည်းငယ်ပြောင်းလဲကုန်ကြသည်။


လာပြီဟေ့! စိတ်လှုပ်ရှားစရာ အချိန်ရောက်လာပြီ!


အဲ့ဒီအတင်းအဖျင်းသံတွေကို နားထောင်ချင်လို့ပဲ မိဖုရားကြီးကို နေ့တိုင်းဂါဝရလာပြုနေရတာ မဟုတ်ဘူးလား!


တခြားသူတွေရဲ့အတင်းအဖျင်းကို နားထောင်ချင်ကြသော် လည်း ကိုယ်တိုင်ရဲ့အတင်းအဖျင်းအား အခြားသူများကြားသွားမည်ကိုလည်း စိုးရိမ်မိကြပြန်သည်။ မိဖုရားကြီးထံ လာရောက်ဂါဝရလာပြုရသည့် တစ်လျှောက်လုံးသည် စိတ်လှုပ်ရှားစရာကောင်းလွန်းသည်။


ကိုယ်လုပ်တော်အားလုံး နားရွက်တွေထောင်မတ်သွားကြရတော့သည်။


[ကြင်ယာတော်ချန်ရှုယိနဲ့ ကြင်ယာတော်အန်းကျောက်ရီတို့က ညီအစ်မအရင်းတွေလိုအတူတူ ကြီးပြင်းလာခဲ့ကြတာတဲ့]


ကြင်ယာတော်ချန်ရှုယိနှင့် ကြင်ယာ‌တော်အန်းကျောက်ရီတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခပ်သဲ့သဲ့ပြုံးမိသွားကြသည်။


ကျန်းကျီမြောင် ရုတ်တရက် အသက်ဝဝရှူလိုက်သည်။


[ဒါပေမယ့် သူတို့မသိခဲ့တာက နှလုံးသားပိုင်းဆိုင်ရာမှာပဲ ညီအစ်အရင်းတွေလို ချစ်ခင်ကြတာမဟုတ်ဘူး၊ တကယ်ကြီး ဖအေတူ မအေကွဲညီအစ်မတွေ ဖြစ်နေကြတာပဲ! ချန်ရှုယိနဲ့ အန်းကျောက်ရီတို့ နှစ်ယောက်စလုံးက ဝန်ကြီးချန်ရဲ့သမီးတွေချည်းပဲ!]


!!!


တကယ်ကြီးလား!!!


ကြင်ယာတော်ချန်ရှုယိနဲ့ အန်းကျောက်ရီထံ ကြည့်နေကြသည့် လူတိုင်း၏အကြည့်များမှာ ချက်ချင်းဆိုသလိုပြောင်းလဲသွားခဲ့ကြသည်။


ကြင်ယာတော်ချန်ရှုယိအဖေသည် လက်ရှိတွင်ဘာသာရေးဝန်ကြီးတစ်ယောက်ဖြစ်ပြီး အမြဲတမ်းလိုလို လူ့ကျင့်ဝတ်တွေ ဂုဏ်သိက္ခာတွေအကြောင်း ဟောတတ် ပြောတတ်သူဖြစ်သည်။ ကြင်ယာတော်အန်းကျောက်ရီ၏ဖခင်ကမူ မြောက်ပိုင်းဒေသအားစောင့်ကြပ်ရသည့် စစ်သူကြီးအန်း ၏တတိယမြောက်သားဖြစ်ကာ အတော်လေးဆိုးသွမ်းသူပင်။


ဖြစ်ချင်တော့ ရိုးသားဖြောင့်မတ်ခြင်းတွေ၊ ယဉ်ကျေးပျူ ငှာခြင်းတွေအကြောင်း အမြဲတမ်းတဖွဖွ ဟောနေပြောနေတဲ့ ဘာသာရေးဝန်ကြီးချန်က သူများမယားနဲ့ဖောက်ပြန်ပြီး စစ်သူကြီးအန်းကို ဧရာမဦးထုပ်စိမ်းကြီး ဆောင်းပေးခဲ့တာပါလား !


ကြင်ယာတော်ချန်ရှုယိ ကြက်သေသေသွားရသည်။


သူ့ အဖေက… တကယ်ကြီး အဲ့လိုလုပ်ရပ်မျိုးလုပ်ခဲ့တာလား ?


အဲ့တာကြောင့်…. ကြင်ယာတော်အန်းကျောက်ရီ နန်းတော်ကိုရောက်လာကတည်းက သမီးအရင်းထက်တောင် ပိုပြီး ဂရုစိုက်ပေးခဲ့တာလား…?


သူ့မှာ လျှို့ဝှက်ချက်တွေ ရှိနေတာကိုး!!


ကြင်ယာတော်အန်းကျောက်ရီ၏မျက်နှာလည်း ပြောင်းလဲသွားခဲ့ပြီး ကြင်ယာတော်ချန်ရှုယိအား စူးစူးဝါးဝါးစိုက်ကြည့်လိုက်တော့သည်။ သူမသည် စိတ်ထဲရှိရာလုပ်တတ်သူဖြစ်သဖြင့် ချန်ရှုယိအားခြေထောက်ဖြင့် ကန်လိုက်သည်။ ချန်ရှုယိ ပထမတော့ သည်းခံထားသော်ငြား ၃ ချက်လောက်အကန်ခံရပြီးနောက် စိတ်မထိန်းနိုင်ဘဲ ပြန်ကန်လိုက်တော့သည်။


တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ကန်ကျောက်ရင်း ကြင်ယာတော်အန်းကျောက်ရီ ရုတ်တရက် မတ်တပ်ထရပ်ကာ ကြင်ယာတော်ချန်ရှုယိထံ အရှိန်အဟုန်ဖြင့် ဒေါသတကြီး ပြေးသွားလေတော့သည်။


[နေဦး! လှည့်ကွက်တစ်ခု ရှိသေးတယ်ဟ!]


ကျန်းကျီမြောင် ရုတ်တရက် ဖြတ်တွေးလိုက်သည်။


[ကြင်ယာတော်အန်းကျောက်ရီရဲ့ အဖေက အဲ့ဒီအကြောင်းတွေကို ကောင်းကောင်းသိတယ်! ဝန်ကြီးချန်ကို မြင်မြင်ချင်း သူချစ်မိသွားခဲ့တာ၊ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ရူးမတတ်ချစ်မိသွားကြပြီး အမြဲတမ်းအကူ အညီတွေပေးခဲ့ကြတာ၊ ကြင်ယာတော်အန်းကျောက်ရီရဲ့ အဖေ ကလေးမရနိုင်လို့ ဝန်ကြီးချန်ကိုအကူအညီတောင်းခဲ့တာတဲ့! လခွမ်း! တော်တော်ကြမ်းတဲ့ ဇာတ်လမ်းပါလား!]


ကြင်ယာတော်အန်းကျောက်ရီတစ်ယောက် ဆန့်ထုတ်ထားသည့်လက်မှာ လေထဲရပ်တန့်သွားခဲ့သည်။


သူ မှင်သက်သွားခဲ့ခြင်းပင်။


ဘာ… ဘာဖြစ်တယ်…!


သူ့ အဖေက အားလုံးသိနေတယ်တဲ့လား!


သူကိုယ်တိုင် တောင်းဆိုခဲ့တာတဲ့လား!


ကြင်ယာတော်အန်းကျောက်ရီ ငယ်ထိပ်တည့်တည့် မိုးကြိုး ပစ်ခံရသလို ခံစားလိုက်ရသည်။


အတင်းအဖျင်းတွေ ထုတ်လွှင့်ပြီးနောက် ကျန်းကျီမြောင် နောက်ဆုံးတော့ ခေါင်းပြန်ဖော်နိုင်ခဲ့ပါပြီ။ ကြင်ယာတော်  အန်းကျောက်ရီ၏ရန်လိုနေသော အမူအရာကိုမြင်ချိန် စိတ်ဝင်တစားမေးလိုက်လေသည်။ 


“ကြင်ယာတော်အန်းကျောက်ရီ ဘာများဖြစ်လို့လဲ”


“ညီမအန်း စကားပြောချင်စိတ်များသွားလို့ နည်းနည်းဗျာ များသွားတာပါ ဧကရီမိဖုရားကြီး၊ ကျွန်တော်မျိုးမရဲ့ ညီမလေးကို ခွင့်လွှတ်ပေးပါ”


ကြင်ယာတော်ချန်ရှုယိ အမြန်မတ်တပ်ရပ်လိုက်ပြီး ကြင်ယာတော်အန်းကျောက်ရီကို ဒူးညွှတ်ဂါဝရပြုဖို့ပြောလိုက် သည်။


ကြင်ယာတော်အန်းကျောက်ရီ ဒူးညွှတ်ကာ ဂါဝရပြုလိုက်သော်လည်း စိတ်နှင့်လူမကပ်ဘဲ ရီဝေနေဆဲပင်။ ကြင်ယာတော် ချန်ရှုယိသည်လည်း လိပ်ပြာမလုံသဖြင့် အန်းကျောက်ရီထံ မကြာခဏခိုးကြည့်မိနေသည်။


သူ့အဖေက လူကွယ်ရာမှာ တော်တော်ကြမ်းတဲ့လူပါလား!


“ကိစ္စမရှိဘူး ပြန်ထိုင်ကြတော့”


ကျန်းကျီမြောင် လက်ရမ်းပြကာ ခွင့်လွှတ်ပေးလိုက်သည်။


နောက်ထပ် အတင်းအဖျင်းတစ်ခုကို ကျန်းကျီမြောင် ဆက်ဖတ်လိုက်လေသည်။


[ကြင်ယာတော်သဲ့က ညတိုင်း ညတိုင်း လူတွေအားလုံး တိတ်ဆိတ်ငြိမ်သက်သွားတဲ့အချိန်ဆို သူ့ အခြွေအရံတွေကိုပြန်လွှတ်ပြီး သူတစ်ယောက်တည်းရှိနေချိန်မှ လုပ်လို့ရတဲ့အရာကို လုပ်လေ့ရှိတယ်]


ကြင်ယာတော်သဲ့ မျက်နှာတောင့်တင်းသွားရတော့သည်။


ကျန်းကျီမြောင် မြင်ထားသည့် အတင်းအဖျင်းက ဘာလဲ ဆိုတာ ကြင်ယာတော်သဲ့ ချက်ချင်းနားလည်သွားသည်။


“ဧကရီမိဖုရားကြီး!” 


ကြင်ယာတော်သဲ့ စိတ်မရှည်စွာ မတ်တပ်ရပ်လိုက်ပြီး အတင်းအဖျင်းကို ရပ်တန့်ဖို့ရာကြိုးစားလိုက်သည်။


သို့သော် ကျန်းကျီမြောင်ကမူ ဒုတိယအပိုင်းကိုပါ ရွတ်ဖတ်လိုက်လေပြီ။


[သူ့ဖိနပ်နဲ့ ခြေအိတ်တွေကိုချွတ်ပြီး အဲ့ဒီ ဖိနပ်တွေခြေ အိတ်တွေရဲ့ ခပ်စူးစူးအနံ့လေးကို ရှူရတာသဘောကျတာတဲ့၊ အမလေး… ဒီအကျင့်က… နည်းနည်းတော့ ကြက်သီး ထစရာပါလား]


ထို့နောက် ကြင်ယာတော်သဲ့ကို ကျန်းကျီမြောင် အူတူတူဖြင့်မော့ကြည့်လိုက်သည်။ 


“ကြင်ယာတော်သဲ့ ဘာပြောချင်လို့လဲ”


စိတ်ထဲမှလည်း ကြင်ယာတော်သဲ့ ညစ်တီးညစ်ပတ်ခြေ အိတ်တွေ ခိုးရှူနေသည့်မြင်ကွင်းအား ကျန်းကျီမြောင် မြင်ယောင်ကြည့်မိသည်။


တခြား ကိုယ်လုပ်တော်များလည်း လှမ်းကြည့်လာကြကုန်သည်။ ချန်ရှုယိနှင့်အန်းကျောက်ရီတို့လည်း အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့ကြရသည်။


အနည်းဆုံးတော့ ဒီနေ့အရှက်ကွဲရမှာ သူတို့နှစ်ယောက်တည်း မဟုတ်ဘူးပဲ…


အားလုံးရဲ့ အကြည့်ကိုခံစားမိပြီးနောက် ကြင်ယာတော်သဲ့ မျက်နှာဖြူရော်သွားခဲ့သည်။ 


“ဘာ… ဘာမှ မဟုတ်တော့ပါဘူး…”


သူ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထိုင်နေလိုက်တော့သည်။


 á€žá€˝á€Źá€¸á€•ဟဎ‌


 á€•ွဲသိမ်းသွဏးပဟဎ‌


 á€’á€Žá€˜á€á€™á€žá€Źá€á€ąá€Źá€ˇ ဂုဏ်သိက္ခာတွေ ရေစုန်မျောပါပြီ။


[ဒီနေ့ရဲ့ နောက်ဆုံးအတင်းအဖျင်းကတော့…]


ကျန်းကျီမြောင် ဖတ်ရန်ပြင်လိုက်စဉ် အခြွေအရံတစ်ယောက်ရောက်ရှိလာပြီး ကြင်ယာတော်လင်းကြွရောက် လာပြီဖြစ်ကြောင်း အစီရင်ခံခဲ့သည်။


လင်းချင်ချင် ရောက်လာတယ် ဟုတ်လား ?


ကျန်းကျီမြောင် အံ့အားသင့်သွားခဲ့သည်။


ထိုလင်းချင်ချင်က တစ်ခုခုတော့ တစ်ခုခုပင်။ လက်ရှိ အင်ပါယာယွဲ့လင်း နန်းတက်စဉ်ကာလတုန်းက ထိုလင်းချင် ချင်သည် အခြွေအရံအဆင့်သာရှိသေးသည်။ အင်ပါယာယွဲ့လင်း နန်းမတက်ခင်တုန်းက သူ့အား အချိန်အကြာဆုံးအဖော်ပြုပေးခဲ့သူမှာ လင်းချင်ချင်ဖြစ်သည်ဟု ဆိုကြသည်။


အင်ပါယာယွဲ့လင်းနန်းတက်ပြီးနောက် ဧကရီမိဖုရားကြီးကိုရွေးချယ်ကာ နန်းဆောင်ခြောက်ခုဘွဲ့ကိုအပ်နှင်းခဲ့သည်။ လင်းချင်ချင်သည် သာမန်အခြွေအရံအဆင့်သာရှိခဲ့သော် လည်း အင်ပါယာယွဲ့လင်း၏အရေးပေးမှုကြောင့် သူသည်လည်း ကြင်ယာတော်လင်းဘွဲ့ချီးမြှောက်ခံခဲ့ရသည်။


အစပိုင်း ပြဿနာကြီးကြီးမားမားမဟုတ်ခဲ့ပေ။ သို့သော် လွန်ခဲ့သည့် တစ်လလောက်ကစ၍ အင်ပါယာယွဲ့လင်းသည် လင်းချင်ချင် တစ်ယောက်တည်းကိုသာ ဦးစားပေးခဲ့ပြီး တခြားကိုယ်လုပ်တော်များ၏နန်းဆောင်ကိုမူ လုံးဝမကြွမြန်းခဲ့ပေ။ ဧကရီမိဖုရားကြီးဖြစ်သည့် ကျန်းကျီမြောင်ပင်လျှင် အင်ပါယာယွဲ့လင်းအား မင်္ဂလာဦးညတစ်ညတည်း၌သာ တွေ့ဖူးခဲ့ခြင်းဖြစ်သည်။


ထို့အတွက် နန်းတော်တွင်းအရှင်မင်းကြီးများစွာ ဝေဖန်ခံခဲ့ရသည်။ သို့သော် လင်းချင်ချင်အတွက် ဖိအားအားလုံး ရင်စည်းခံကာ သူမတစ်ယောက်တည်းကိုသာ ခေါင်းမာစွာနှင့်ဆက်လက်အရေးပေးနေခဲ့သည်။


ထိုလင်းချင်ချင်သည် အရှင်မင်းကြီးအားကိုးဖြင့် ကျန်းကျီမြောင်အပေါ် လုံးဝလေးစားမှုမရှိခဲ့ပေ။ ဧကရီမိဖုရားကြီး ၏နန်းဆောင်သို့ သူမ ရောက်ရှိလာခဲ့သည်မှာ ဒါပထမဆုံးအကြိမ်ဟုပင်ဆိုနိုင်ပါသေးသည်။


“ခေါ်လာခဲ့ပါ”


ကျန်းကျီမြောင် ညွှန်ကြားလိုက်သည်။ အရှင်မင်းကြီး၏ ရူးရူးမူးမူး ဦးစားပေးမှုကိုခံရလောက်အောင် ဒီအမျိုးသမီး ဘယ်လောက်တောင် လှနေသလဲဆိုတာ ကျန်းကျီမြောင် တွေ့ချင်မိသည်။


လင်းချင်ချင် ရောက်လာမည့်အချိန်ကိုစောင့်ရင်း ကျန်းကျီမြောင် အတင်းအဖျင်းစနစ်ကို စစ်ဆေးနေလိုက်သည်။


အတင်းအဖျင်းများကိုဖတ်ရှုနေရင်း သူ့ မျက်လုံးများ ရုတ် တရက် ပြူးကျယ်သွားခဲ့သည်။ စိတ်ထဲရှိ အသံများပင် ပျောက်ကွယ်သွားခဲ့ပါသည်။


[လခွမ်း!!! တကယ် အဲ့လိုကြီးလား!!!]


အောက်မှာထိုင်နေကြသည့် ကိုယ်လုပ်တော်များလည်း ချက်ချင်းဆိုသလို နားတွေထောင်မတ်သွားကြကာ စိတ်လှုပ်ရှားသွားကြတော့သည်။


ဘာက လဲ! ဘာက ဘယ်လိုကြီးလဲ!


ဧကရီမိဖုရားကြီး၏အတင်းအဖျင်းများကို သူမတို့ နားထောင်နေခဲ့သည်မှာ တစ်လခန့်ကြာခဲ့ပြီဖြစ်သည်။ သို့သော် မိဖုရားကြီး ထိုမျှလောက် အံ့အားသင့်တုန်လှုပ်သွားသည်ကိုတော့ ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။


ဒီအတင်းအဖျင်းက ဝန်ကြီးချန်နဲ့ စစ်သူကြီးရဲ့တတိယသားတို့ကိစ္စထက် ပိုအံ့အားသင့်စရာကောင်းနေတာများလား!


ထိုစဉ် နန်းဆောင်ထဲသို့ လင်းချင်ချင်ကြော့ကြော့မော့မော့ လျှောက်ဝင်လာခဲ့သည်။ ထို့နောက် ကျန်းကျီမြောင်အား ဒူးညွှတ်ဂါဝရပြုလိုက်သည်။ 


“ဧကရီမိဖုရားကြီးကို ဂါဝရပြုပါတယ်”


လင်းချင်ချင်အား ကျန်းကျီမြောင် အံ့အားသင့်တုန်လှုပ်နေသော မျက်လုံးများဖြင့်ကြည့်လိုက်သည်။


[တစ်လလုံးလုံး အရှင်မင်းကြီးရဲ့အရေးပေးမှုကိုခံခဲ့ရတဲ့ ဒီ ကြင်ယာတော်လင်းက… အပျိုရည်မပျက်သေးဘူး ဟုတ် လား!]


ကျန်းကျီမြောင် စိတ်ထဲမှအော်ဟစ်လိုက်ခြင်းဖြစ်သည်။ ကိုယ်လုပ်တော်များအားလုံးလည်း ထအော်ချင်စိတ်ပင် ပေါက်သွားကြရသည်။


အရှင်မင်းကြီးက အချစ်ကြီးတဲ့လူဆို!


လင်းချင်ချင်က ဘာလို့ အခုထိ အပျိုရည်မပျက်သေးတာလဲ!