Ch 13
Viewers 3k

👑 Chapter 13

👑 Full of Gossip


ဆွဲဆိတ်တာ အားပါလွန်းသဖြင့် ယွဲ့ဟွာ အလွန်နာကျင်သွားပြီး အသက်ရှူသံပင် ပြင်းထန်သွားခဲ့သည်။


နာတယ်! တကယ်နာတယ်ဟ!


သူအိပ်မက်မက်နေတာ မဟုတ်ဘူးလား ? 


ရှေ့က လူတွေ ဘာလို့ ပျောက်မသွားသေးတာလဲ!


“အ… အရှင်မင်းကြီး!”


ကြက်သေသေနေသည့် ယွဲ့ဟွာကို မြင်ပြီး နောက်မှလိုက်လာသော လင်းချင်ချင်လည်း ချောက်ချားတုန်လှုပ်သွားခဲ့ရသည်။


ယွဲ့လင်း!


ယွဲ့လင်းက ဘာလို့ ဒီကိုရောက်နေတာလဲ!


ပြီးတော့ မိဖုရားကြီးကော… ကိုယ်လုပ်တော်တွေ အားလုံးလည်းပါသေးတယ်!


ရှေ့သို့ ခြေလှမ်းနည်းနည်း ဆက်တိုးကြည့်လိုက်ရာ အခြွေ အရံတွေ၊ မိန်းမစိုးတွေပါအုပ်လိုက်ကြီးပါလာသည်ကို မြင်လိုက်ရလေသည်။


လင်းချင်ချင် မျက်လုံးတွေကို အသည်းအသန်ပွတ်ပစ် လိုက်သည်။


ဂယောင်ချောက်ချားတွေ မြင်နေတာ…


ဟုတ်တယ် ဂယောင်ချောက်ချားတွေ မြင်နေတာပဲ ဖြစ်မှာ!


ဒီလိုနဲ့…


ယွဲ့ဟွာက သူ့လက် သူ အားရပါးရဆွဲဆိတ်နေပြီး လင်းချင်ချင်ကတော့ မျက်လုံးတွေကို အသည်းအသန်ပွတ်ပစ်နေသည်။


မြင်ယောင်နေတုန်းပဲလား!


ဆက် ဆိတ်!


ဆက် ပွတ်!


ဂနာမငြိမ်ဖြစ်နေသည့် သူတို့နှစ်ယောက်အား ခံစားချက်မဲ့စွာ ကြည့်ရင်း ယွဲ့လင်း ဖြည်းညှင်းစွာပြောလိုက်သည်။ 


“ကြင်ယာတော်လင်း… ဒီမှာ ဘာတွေဖြစ်နေတာလဲ ရှင်းပြသင့်တယ် မထင်ဘူးလား”


ယွဲလင်း၏လေသံမှာ အေးစက်နေသည်။


ယွဲ့လင်း သူ့အား ယခုလိုလေသံမျိုးနှင့်ပြောလာသည်မှာ ပထမဆုံးအကြိမ်ဖြစ်သဖြင့် လင်းချင်ချင် မျက်နှာ လူသေကောင်လိုဖြူဖပ်သွားခဲ့သည်။


အမြင်မှားနေတာ မဟုတ်ဘူး…


ယွဲ့လင်း တကယ်ရောက်နေတာပဲ!


သူဘယ်အချိန်ကတည်းက ရောက်နေတာလဲ ?


ဘာတွေ မြင်သွားပြီလဲ ?


လူတွေအများကြီး ဒီလောက်နီးနီးကပ်ကပ်ရှိနေတာကို သူနဲ့ အစ်ကိုဟွာတို့ ဘာလို့ သတိမထားမိကြတာလဲ!


“အရှင်မင်းကြီး” 


ယွဲ့ဟွာ အတတ်နိုင်ဆုံး စိတ်တည်ငြိမ်အောင်ထားလိုက်သည်။ 


“အရှင်မင်းကြီး ထင်သလို မြင်သလို မဟုတ်ရပါဘူး!”


ယွဲ့လင်းက သူ့ညီတော်ကို ပြုံးတစ်ဝက်မဲ့တစ်ဝက်ဖြင့် ကြည့်လိုက်ပါသည်။ 


“ဪ ဟုတ်လား၊ အဲ့တာဆို ငါက ဘယ်လိုထင်သင့်တာလဲ ပဉ္စမညီတော်၊ မင်း အခု မယ်တော်ကြီးရဲ့နန်းဆောင်မှာ ရှိနေသင့်တာ မဟုတ်ဘူးလား ? ဒီလှိုဏ်ဂူထဲမှာ ငါ့ကြင်ယာတော်နဲ့အကြည့်ချင်းဆုံပြီး ဘာလုပ်နေတာလဲ ?”


ယွဲ့ဟွာ ရင်ထဲ ခါးခါးသီးသီးအော်ဟစ်နေမိပါပြီ။


ဒီနေ့ဘာတွေဖြစ်သွားမှန်း သူ မသိလိုက်ချေ။ ဒီလောက်လူတွေအများကြီး ချဉ်းကပ်လာတာတောင် ဘာသံမှမကြားခဲ့ဘဲ လက်ပူးလက်ကြပ် အဖမ်းခံလိုက်ရသည်။


ယွဲ့လင်းစကားကို သုံးသပ်ကြည့်ခြင်းအားဖြင့် မကြားသင့်သည့် အရာတွေကိုပါ သူကြားသွားသည်မှာသေချာသည်။


ယွဲ့ဟွာ မျက်နှာက ဆက်တိုက်ဆိုသလိုပြောင်းလဲနေသည်။ ဒီလောက်လူတွေ အများကြီး မျက်စိနဲ့ တပ်အပ်မြင်၊ နားနဲ့ တပ်အပ်ကြားခဲ့ကြတာဖြစ်သဖြင့် ယွဲ့ဟွာ ဘယ်ကနေစရှင်းပြရမှန်း မသိတော့ချေ။


ယွဲ့လင်းနဲ့ ယွဲ့ဟွာတို့ ညီအစ်ကိုတွေအကြား ပဋိပက္ခရှိတာ မထူးဆန်းပေ။ ယွဲ့လင်း ဧကရာဇ်ဖြစ်လျင့်ကစား မှူးကြီးမတ်ရာနှင့်ပြည်သူများ၏ ထောက်ခံအားပေးမှုကိုရထားသူမှာ ယွဲ့ဟွာဖြစ်သည်။ ထို့ကြောင့် သူ့အစ်ကိုတော်အား ယွဲ့ဟွာ မကြောက်ရွံ့ခဲ့ပေ။


သို့သော်…


ပဋိပက္ခရှိသည်မှာ မှန်သော်လည်း ယခုလိုလူသိရှင်ကြား ဖြစ်သွားလို့တော့မဖြစ်တန်ရာ၊ မင်းကြီး၏ ကြင်ယာတော်တစ်ယောက်နှင့် ခိုးတွေ့ခဲ့မိသည့်အပြင် ပုန်ကန်သည့် စကားတွေကိုပါပြောခဲ့မိတာဖြစ်သည်။ ဒီသတင်းသာ ပေါက်ကြားသွားပါက သူ့ဂုဏ်သိက္ခာအား ကြီးကြီးမားမား ထိခိုက်သွားလိမ့်မည်။


မိန်းမစိုးတွေနဲ့ အခြွေအရံတွေချည့်သက်သက်သာဆို ၎င်းတို့ကို ယွဲ့ဟွာ ချက်ချင်းနှုတ်ပိတ်ကွပ်မျက်ပစ်နိုင်သည်။ သို့သော်လည်း ယွဲ့လင်းနဲ့ မိဖုရားကြီးအပါအဝင် တခြားကြင်ယာတော်များပါ ရောက်ရှိနေကြသဖြင့် သူဘာမှမလုပ်နိုင်တော့ချေ။


“အရှင်မင်းကြီး!” 


ယွဲ့ဟွာအခက်တွေ့နေတာကို မြင်ပြီး လင်းချင်ချင် သတ္တိမွေးကာ ယွဲ့လင်းရှေ့မှောက် ဒူးထောက် ထိုင်ချလိုက်ပါသည်။ 


“ဒါတွေအားလုံး ဒီကြင်ယာတော်ရဲ့အပြစ်တွေပါ! မင်းသား အန်းဟယ်ကို ဒီမှာလာတွေ့ဖို့ ဒီကြင်ယာတော် ဖိတ်ကြားခဲ့တာပါ၊ ပြီးတော့ ဒီကြင်ယာတော်ဘက်ကပဲ သူ့ကို ပိုးပန်းခဲ့မိတာပါ၊ အရှင်မင်းကြီးကို စိတ်မကောင်းမဖြစ်စေချင်လို့သာ မင်းသားအန်းဟယ်က အရာရာကိုလျှို့ဝှက်ပေးခဲ့ရတာ…”


ယွဲ့လင်းအား မျက်ရည်များပြည့်နေသော မျက်ဝန်းများဖြင့် လင်းချင်ချင် မော့ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။ 


“ပြီးတော့ အရှင်မင်းကြီးကို ဒီကြင်ယာတော် ဟိုးအရင်က တည်းက လျှောက်တင်ခဲ့ပြီးသားလေ… ဒီကြင်ယာတော် ရင်ထဲမှာ တခြားတစ်ယောက်ရှိနေပြီးသားပါလို့၊ ဒါပေမယ့် အရှင်မင်းကြီးကိုယ်တိုင်က ဂရုမစိုက်ဘဲ ဒီကြင်ယာတော် စိတ်ပြောင်းပြီးပြန်ချစ်လာမယ့် နေ့ကို စိတ်ရှည်ရှည်စောင့်နေမယ်လို့ပြောခဲ့တာ မဟုတ်ပါလား! ဒီကြင်ယာတော်ရင်ထဲမှာရှိနေတဲ့လူဆိုတာ မင်းသားအန်းဟယ်ပါပဲ၊ ဒါပေမယ့် အနောက်နန်းဆောင်ကိုရောက်ရှိတဲ့ နေ့ကတည်းက ဒီကြင်ယာတော် တခြား ဘာစိတ်မှမရှိခဲ့ဘူး။ မင်းသားအန်းဟယ်နဲ့ တွေ့ဆုံတာကလည်း ဖြူစင်တဲ့တွေ့ဆုံခြင်းပါ၊ ဘာမှ မလွန်ကျူးခဲ့ကြပါဘူး!”


လင်းချင်ချင် ယုံကြည်ချက်အပြည့်ဖြင့် ဖြောင့်မတ်စွာပြော လိုက်သည်။ သူမ အမှန်ပင် အပျိုစင်အဖြစ်ရှိနေပါသေးသည်။ ယွဲ့ဟွာအား သူမ၏အပျိုစင်ဘဝပေးအပ်ချင်သော် လည်း ယွဲ့ဟွာကမူ လက်မခံခဲ့ပေ။


လင်းချင်ချင်၏ ရှင်းပြချက်ကိုနားထောင်ရင်း…


[ဝါး…!] ကျန်းကျီမြောင် ထပ်မံ အံ့အားသင့်ခဲ့ရပြန်သည်။


[သနားစရာကောင်းတဲ့ ဒုတိယဇာတ်လိုက် ဇာတ်ညွှန်းမျိုးပါလား ? ဒါသာ ရှေးခေတ်အချစ်ဝတ္ထုတစ်ပုဒ်ဆို ယွဲ့လင်းရဲ့ ဘဝက ‘ကံမကောင်းတဲ့ အရံဇာတ်ကောင်’ဘဝမျိုးနဲ့ အံဝင်ခွင်ကျဖြစ်တယ်! ဇာတ်လိုက်မင်းသမီးကို သစ္စာရှိရှိ ချစ်မြတ်နိုးခဲ့တယ်၊ သူ့အတွက် ဘာမဆိုလုပ်ပေးရဲတယ်၊  ဇာတ်လိုက်မင်းသားမရှိတဲ့အချိန်မှာ သူ့ကိုစိတ်ပျော်အောင် ထားပေးခဲ့တယ်၊ ဒါပေမယ့် ဇာတ်လိုက်မင်းသား ပြန်ရောက်လာချိန်မှာတော့ ဇာတ်လိုက်မင်းသမီးက လိုသုံးလေးဖြစ်တဲ့ သူ့ကိုပစ်ပယ်သွားပြီး ဇာတ်လိုက်မင်းသားနဲ့အတူတူတောက်ပတဲ့အနာဂတ်ကို တည်ဆောက်ဖို့ထွက်သွားမှာပဲ!]


ယွဲ့လင်းမျက်နှာ တောင့်တင်းသွားရသည်။


သနားစရာကောင်းတဲ့ ဒုတိယဇာတ်လိုက်…!


ကံမကောင်းတဲ့ အရံဇာတ်ကောင်…!


လိုသုံး…!


ထိုဝေါဟာရများကို မရင်းနှီးသော်လည်း အားလုံးပေါင်း စည်းလိုက်သောအခါ အဓိပ္ပာယ်ကိုအကြမ်းဖျင်း ယွဲ့လင်း နားလည်နိုင်သည်။


မျက်ရည်ပိုးပိုးပေါက်ပေါက်ကျနေသည့် လင်းချင်ချင်ထံ ခက်ထန်သော မျက်နှာဖြင့်ကြည့်ကာ ခံစားချက်မဲ့စွာပြောလိုက်သည်။ 


“လင်းချင်ချင်ကို ချိုးရွှယ်နန်းဆောင်ကနေ ထုတ်ပယ်ပြီး ရံရွေတော်အဆင့်ထိချပြီး အကျယ်ချုပ် သုံးရက်ကျခံစေ!”


ဒီပြစ်ဒဏ်တွေက…


ကျန်းကျီမြောင် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။


[ရံရွေတော်အထိ အဆင့်ချမယ်… အကျယ်ချုပ် သုံးရက်ချမယ် ဟုတ်လား ? ကြင်ယာတော်လင်း လုပ်ခဲ့တဲ့အပြစ်တွေကို တွေးကြည့်လိုက်ရင် ဒီအပြစ်ဒဏ်တွေက သက် ညှာလွန်းရာ မကျဘူးလား! ဧရာမ ဦးထုပ်စိမ်းကြီးဆောင်းခံထားရတာတောင် အခုထိ ချစ်စိတ်မွှန်နေတုန်းပဲ၊ အရှင် မင်းကြီးက တကယ်သနားစရာကောင်းတဲ့ ဒုတိယဇာတ်လိုက်ပါလား]


ရာထူးချခံရမယ်… အကျယ်ချုပ်ချခံရမယ်...

 

လင်းချင်ချင် အလွန်ဝမ်းနည်းသွားပြီး ယွဲ့လင်းအားသနားစရာကောင်းစွာကြည့်ကာ အသနားခံလိုက်သည်။ 


“အရှင်မင်းကြီး! ဒီကြင်ယာတော်ရင်ထဲမှာ တခြားသူရှိကြောင်းကို တစ်ခါမှဖုံးကွယ်မထားခဲ့ဖူးဘူး၊ ပြီးတော့ အရှင်မင်းကြီးကိုယ်တိုင်လည်း ဂရုမစိုက်တဲ့အကြောင်း မိန့်ကြားခဲ့တာပဲ မဟုတ်ပါလား? ဘာလို့ အခုလိုလုပ်ရတာလဲ”


သူမ တကယ် နားမလည်နိုင်ဖြစ်ကာခံပြင်းမိသည်။ နန်း တော်ကို စတင်ရောက်ရှိစဉ်ကတည်းက သူ့အပေါ်ယွဲ့လင်း အလွန်စိတ်ရှည်ခဲ့သည်။ ယခုလိုအပြစ်ပေးဖို့နေနေသာသာ စကားလုံး ကြမ်းကြမ်းတမ်းတမ်းလေးတစ်လုံးပင် မပြောရက်ခဲ့ပေ။


သူမအား ယခုလိုဆက်ဆံပါက ယွဲ့လင်းအား တစ်လလောက် မခေါ်မပြောဘဲ လျစ်လျူရှုထားလိုက်မည်။ ထိုသို့ဆိုပါက ယွဲ့လင်း နေနိုင်လောက်မည်မဟုတ်ချေ။


အပြစ်ဒဏ်တွေကိုကြားပြီးနောက် ယွဲ့ဟွာ မျက်လုံးများ အရောင်လက်သွားခဲ့သည်။ ယွဲ့လင်းက လင်းချင်ချင်ကို တကယ်ချစ်မြတ်နိုးတာ သေချာသွားပါပြီ။ ဒီလို အရှက် တကွဲအကျိုးနည်းဖြစ်ရသည့် ကိစ္စမျိုးအတွက် အပြစ်ကို ပေါ့ပေါ့ပါးပါးသာပေးခဲ့သည်။ လင်းချင်ချင်အား နယ်ရုပ်အဖြစ်အသုံးပြုခဲ့တာ မှန်ကန်သည့်ရွှေ့ကွက်ဖြစ်ခဲ့သည်။


ယွဲလင်း ရှိုက်ကြီးတငင်ငိုကြွေးနေသည့် လင်းချင်ချင်အား လျစ်လျူရှုလိုက်ပြီး ယွဲ့ဟွာကို ခံစားချက်မဲ့စွာမော့ကြည့်လိုက်လေသည်။


“အနောက်နန်းဆောင်ထဲ အခွင့်မရှိ ဝင်ရောက်မှု၊ ကြင်ယာတော်တစ်ပါးနဲ့ အခွင့်မရှိ တိတ်တဆိတ်တွေ့ဆုံမှုစတဲ့ ပြစ် မှုကြောင့် အခုချိန်ကစပြီး မင်းကို နန်းတော်ထဲခြေချခွင့်မပြုတော့ဘူး! စံအိမ်ကိုပြန်ရောက်တဲ့အခါ တစ်လတိတိ အကျယ်ချုပ်ခံရမယ်၊ အမိန့်ပြန်တမ်းမရှိဘဲ အပြင်လူတွေ ဝင်ရောက်ခွင့်မရှိသလို မင်းလည်း အမိန့်ပြန်တမ်းမရှိဘဲ စံအိမ်အပြင်ခြေချခွင့် မရှိစေရ!”


ယွဲ့ဟွာမျက်နှာ ချက်ချင်းပျက်သွားခဲ့သည်။ နန်းတော်ထဲ ဝင်ရောက်ခွင့်မရှိတော့လျှင် မယ်တော်ကြီးနဲ့လည်း တွေ့ဆုံရတော့မှာ မဟုတ်သလို သူ့အစီအစဉ်များကိုပါထိခိုက်သွားနိုင်သည်။ တစ်လတိတိ အကျယ်ချုပ်ကျသွားပါက အပြင်လောကနှင့် အဆက်အသွယ်ပြတ်တောက်သွားလိမ့် မည်။


ယွဲ့ဟွာ လက်သင့်မခံနိုင်ဘဲ ပြန်ပြောလိုက်သည်။


“အရှင်မင်းကြီး… ညီတော့်မှာ မပြီးပြတ်သေးတဲ့ နန်းတွင်းရေးရာကိစ္စတွေ ကျန်ရှိနေပါသေးတယ်၊ အကျယ်ချုပ်သာ ကျခံရမယ်ဆိုရင်…”


“မလိုဘူး၊ အဲ့ဒီကိစ္စတွေဖြေရှင်းဖို့ တခြားသူတွေကို တာဝန်ပေးလိုက်မယ်” 


ယွဲ့လင်း အရေးမစိုက်စွာပြောလိုက်သည်။


“အရှင်မင်းကြီး ဒါ…”


ယွဲ့လင်းအား ယွဲ့ဟွာ ထပ်ဖြောင်းဖြဖို့ကြိုးစားသည်။


“မင်း ကျူးလွန်ထားတဲ့အပြစ်က ဘယ်လောက်ကြီးသလဲဆိုတာ မင်း သိသင့်တယ် ယွဲ့ဟွာ၊ ဒီလို အကျယ်ချုပ်ပြစ် ဒဏ်ပေးလိုက်တာက မင်းကို သက်ညှာပေးလိုက်တာနဲ့ အတူတူပဲ၊ ဒါမှမဟုတ် မင်းရဲ့အပြစ်ဒဏ်ကို တော်ဝင်ခုံရုံးမှာ အဆုံးအဖြတ်ပေးစေချင်လို့လား”


ယွဲ့လင်း အဓိပ္ပာယ်ပါစွာ မေးလိုက်သည်။


ယွဲ့ဟွာ မျက်နှာ သိသိသာသာပြောင်းလဲသွားခဲ့သည်။


ယွဲ့လင်းက ငါ့အာဏာတွေကို လုယူချင်နေတာပဲ!


ဒီလို အလွယ်တကူ လုယူလို့ရမယ် ထင်နေလား!


အကျယ်ချုပ်ချလိုက်ရုံနဲ့ အရာရာကိုထိန်းချုပ်လို့ရသွားပြီ ထင်နေတာလား!


ယွဲ့ဟွာ ခေါင်းငုံ့သွားသည်။


“အရှင်မင်းကြီး အမိန့်တော်အတိုင်းပါ…”


“မယ်တော်ကြီးကို ဂါဝရပြုနှုတ်ဆက်စရာမလိုတော့ဘူး၊ နန်းတော်ကနေ အခုချက်ချင်းထွက်သွားပါ”


ယွဲ့လင်း သွေးအေးစွာပြောလိုက်သည်။


ယွဲ့ဟွာလည်း လေသံတိုးတိုးဖြင့် အမိန့်နာခံလိုက်ပြီးအမြန်ထွက်သွားလေတော့သည်။


လင်းချင်ချင်ကတော့ ယွဲလင်းရဲ့ဆုံးဖြတ်ချက်ကို လက်မခံနိုင်သေးပေ။ 


“အရှင်မင်းကြီး! မင်းသားအန်းဟယ်ကို ဘာလို့ ခုလိုရက် ရက်စက်စက် ဆက်ဆံရတာလဲ သူ…”


လီသဲ့ဟွိုက်ကိုကြည့်ကာ ယွဲလင်းမေးလိုက်သည်။ 


“သူ့ကို ဘာလို့ ခေါ်မသွားသေးတာလဲ လီသဲ့ဟွိုက်”


လီသဲ့ဟွိုက် အသိစိတ်ပြန်ကပ်လာပြီး လင်းချင်ချင်ကိုအမြန်ခေါ်ထုတ်သွားဖို့ မိန်းမစိုးနှစ်ယောက်အား အမိန့်ပေး လိုက်လေသည်။


ဖြူရော်ဖြူဖပ်ဖြစ်နေသည့် ယွဲလင်း မျက်နှာကိုကြည့်ရင်း လီသဲ့ဟွိုက် စိတ်ထဲမှသက်ပြင်းချလိုက်မိသည်။


ကြင်ယာတော်လင်း… အဲ့လေ ရံရွေတော်လင်းတော့ ဒီတစ်ခါ တကယ်ပြန်လမ်းမရှိတော့ဘူးပဲ…


“အချိန်အကန့်အသတ်ရှိ အတင်းအဖျင်းမစ်ရှင်ပြီးဆုံးသွားပါပြီ၊ အမှတ်များအား စတင်တွက်ချက်ပေးနေပါပြီ”


ယွဲ့ဟွာနှင့် ရံရွေတော်လင်းတို့ မောင်းထုတ်ခံလိုက်ရပြီး သိပ်မကြာလိုက်ဘဲ စနစ်၏အသံထွက်ပေါ်လာခဲ့သည်။


ကျန်းကျီမြောင်လည်း အတင်းအဖျင်းကိုကြည့်ရှုနားဆင်လို့ဝသွားပြီဖြစ်ကာ အလွန်စိတ်ကျေနပ်သွားသည်။ ဖရဲသီးစားပြီး အမှတ်တွေယူရမှာဖြစ်သည့်အတွက် ပိုပျော်စရာကောင်းနေပြန်သည်။


ဒီတစ်ခေါက် ဘယ်နှမှတ်ရလိုက်လဲ ကြည့်ရအောင်!