အကဆိုသည်မှာ လူတစ်ဦး၏ စွမ်းဆောင်နိုင်စွမ်းအား စေ့စေ့စပ်စပ် စမ်းသပ်သည့်အရာ ဖြစ်သည်။
လှုပ်ရှားမှုများ မှတ်မိရုံဖြင့် ကောင်းစွာ ကတတ်သည်ဟု မဆိုနိုင်ပေ။ အဓိကသော့ချက်မှာ အက၏ ခံစားမှု ရှိခြင်းဖြစ်၏။
A-rank သည် အခြားအဆင့်များနှင့် နှိုင်းယှဥ်လျှင် တိုးတက်မှု အမြန်ဆုံး ဖြစ်သည်။ ခုနစ်ဦးအနက် ငါးဦးသည် ပရော်ဖက်ရှင်နယ် ယောကျ်ားလေးအဖွဲ့ တစ်ခု၏ စွမ်းရည်သို့ ရောက်လုနီးပါး ရှိနေကြပြီဖြစ်၏။ အဆိုကိုသာ အားကိုး၍ A-အဆင့်သို့ ရောက်လာခဲ့သော လုရွှိနှင့် ချိုင်စစ်ယွမ်တို့သည် နောက်ကျကျန်ရစ်နေသည်။
နာရီအနည်းငယ်ကြာပြီးနောက် အကဆရာသည် လှုပ်ရှားမှုများ သင်ကြားပေးခြင်း ပြီးဆုံးသွားသည်။ သုံးရက်အတွင်း ပြုလုပ်မည့် အကဲဖြတ်ခြင်းသည် သင်တန်းသားများ၏ ဖျော်ဖြေတင်ဆက်မှု စွမ်းဆောင်ရည်ပေါ်တွင် လုံးလုံးလျားလျား မူတည်နေသည်။
ချိုင်စစ်ယွမ်သည် အကလေ့ကျင့်ရေးခန်းထဲရှိ ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်၏။ သူသည် အလွန်အမင်းပင် မောပန်းနေသဖြင့် အသက်ရှူမှားနေသည်။ ပုံမှန်အားဖြင့် လေ့ကျင့်ခန်းလုပ်သော်လည်း ဤမျှကြာကြာ အကလေ့ကျင့်ရခြင်းသည် သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုအား ကုန်ခန်းစေခဲ့သည်။
သူ့ပင် မဆိုထားနှင့်။ နှစ်ပေါင်းများစွာ အကလေ့ကျင့်မှုများ ပြုလုပ်ခဲ့ဖူးသော BTT အဖွဲ့ဝင်များသည်ပင် ချွေးများရွှဲစိုနေကြပြီး ခေတ္တရပ်နားကာ အနားယူကြရသည်။
လေ့ကျင့်ရေးခန်းထဲတွင် လုရွှိ တစ်ဦးတည်းသာ ဂီတသံအား နားထောင်ပြီး အကလှုပ်ရှားမှုများနှင့် ရင်းနှီးအောင် ဆက်လက် လေ့ကျင့်နေသည်။ စုန့်ကျယ်နှင့် အခြားသူများကဲ့သို့ ကောင်းစွာ မကနိုင်သော်လည်း သူ၏ တိုးတက်နှုန်းသည် မျက်စိဖြင့် မြင်နိုင်သည်အထိ သိသာနေသည်။
ချိုင်စစ်ယွမ်သည် ရေတစ်ပုလင်း ဖွင့်ကာ အမြန်သောက်ချလိုက်သည်။ ထို့နောက် လုရွှိအား အားမရှိသော လေသံဖြင့် မေးလိုက်၏။
“မင်း ခုနစ်နာရီ၊ ရှစ်နာရီလောက်တောင် လေ့ကျင့်ပြီးပြီ၊ မမောဘူးလား”
လုရွှိသည် ခန္ဓာကိုယ်အား သွက်သွက်လက်လက် လှည့်လိုက်ပြီး သူ့ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ ကိုယ်ခန္ဓာသည် လှပစွာ ပေါ့ပါးနေ၏။ နားကြပ်များ ချွတ်လိုက်ပြီး ချိုင်စစ်ယွမ်အား ပြုံးပြကာ ရိုးသားစွာ ပြန်ဖြေသည်။
“ရပါတယ်၊ မမောသေးဘူး”
သူဤသို့ပြောလိုက်သောအခါ ကျန်သူများသည် လုရွှိအား သံသယအပြည့်ဖြင့် စိုက်ကြည့်နေကြသည်။
နံနက်ပိုင်းမှစ၍ ယခုအချိန်အထိ အနားယူခြင်းမရှိဘဲ ကနေခဲ့ကြခြင်း ဖြစ်သည်။ အလွန်အားကောင်းသော လူငယ်တစ်ဦးပင်လျှင် ဤမျှလောက် လေ့ကျင့်မှုဖြင့် ပင်ပန်းနွမ်းနယ်သွားနိုင်သည်။
“တိုးတက်ချင်ပေမဲ့ ကိုယ့်ကိုကိုယ် အတင်းအကျပ် မလုပ်သင့်ဘူး၊ အင်အားအလွန်အကျွံသုံးရင် ဒုက္ခရောက်တတ်တယ်”
“ဟုတ်တယ်၊ ကိုယ့်ကိုကိုယ် အတင်းအကျပ်လုပ်တာ တကယ်မကောင်းဘူး”
ကျန် BTT အဖွဲ့ဝင်နှစ်ဦးသည် လုရွှိနှင့် ရင်းနှီးမှု မရှိကြဘဲ ဤလူသည် ဖန်သားပြင်ပေါ်တွင် ပါသချိန် အပိုင်းများ ရရှိရန်အတွက်သာ အလွန်အကျွံ အားထုတ်နေသည်ဟု ထင်ကြသည်။
စုန့်ကျယ်သည် ခဏတာ စဉ်းစားပြီးနောက် လုရွှိ အား အကြံပေးလိုက်သည်။
“တဖြည်းဖြည်းချင်း သွားတာ ပိုကောင်းတယ်၊ မောရင် နားသင့်တယ်”
“ကျေးဇူးပါပဲ”
လုရွှိသည် သူ့နှုတ်ခမ်းထောင့်များအား အနည်းငယ် မြှင့်လိုက်သည်။ စုန့်ကျယ်နှင့် အခြားသူများ၏ စေတနာအတွက် ကျေးဇူးတင်ကြောင်း ပြောပြီးနောက် သူသည် လှုပ်ရှားမှုများအား ဆက်လက် လေ့ကျင့်နေသည်။
လုရွှိသည် ညနေစောင်းသည်အထိ အက လေ့ကျင့်ခဲ့၏။
ထိုအချိန်တွင် လူတိုင်းသည် သူ၏ ခံနိုင်ရည်အားသည် တကယ်ကောင်းကြောင်း တွေ့ရှိခဲ့ကြ၏။
လုရွှိသည် ဆယ်နာရီနီးပါး လေ့ကျင့်ပြီးပြီ ဖြစ်သည်။ လွန်ခဲ့သော အချိန်များကပင် သူသည် ပင်ပန်းနွမ်းနယ်နေသင့်သော်လည်း ဤအားစိုက်ထုတ်ရသော လေ့ကျင့်မှုကြောင့် သူ၏ လှုပ်ရှားမှုများ ပိုမိုမြန်ဆန်လာခြင်း မရှိဘဲ၊ ပိုမို ပီပြင် ချောမွေ့လာသည်။
သူသည် ပုံပန်းသဏ္ဌာန်ကောင်းမွန်ပြီး ခန္ဓာကိုယ် အချိုးအစားလည်း ကောင်းမွန်သူ ဖြစ်သည်။ ယခုအခါ ဂီတနှင့်အတူ ကခုန်ပုံအား သင်ယူပြီးသောအခါ သူသည် အမှန်စင်စစ် ယောကျ်ားလေးအဖွဲ့အဖြစ် ခန့်အပ်ခံထားရသော သူတစ်ဦးကဲ့သို့ ဖြစ်လာသည်။
လုရွှိသည် လူကြိုက်များအောင် ကြိုးစားနေသည်ဟု ယခင်က ထင်ခဲ့သောသူများသည် ၎င်းတို့၏ ကမ္ဘာမြင်များကို ပြောင်းလဲခဲ့ကြပြီး လူ့ခန္ဓာကိုယ်၏ စွမ်းဆောင်နိုင်မှု အသစ်များအား ရှာဖွေတွေ့ရှိခဲ့ကြသည်။
“ငါ မလုပ်နိုင်တော့ဘူး၊ တကယ်မလုပ်နိုင်တော့ဘူး၊ မလှုပ်ရှားနိုင်တော့ဘူး”
ဟန်ထျန်းယွီနှင့် အခြားသူများသည် ပါးစပ်ဖြင့် အသံထွက် ဝန်မခံကြသော်လည်း သူတို့၏ စီနီယာများ၏ အရည်အချင်းများအား ပြသရန် လုရွှိနှင့် လျှို့ဝှက်ယှဉ်ပြိုင်လိုခဲ့ကြသည်။
သို့သော် ဤနေ့ပြီးနောက်တွင် သူတို့က လုရွှိသည် ညီငယ်လေး လုံးဝ မဟုတ်ကြောင်း တွေ့ရှိခဲ့ကြသည်။
ချိုင်စစ်ယွမ်သည် လုရွှိအား သူနှင့်အတူ လူသစ်ကလေးအဖြစ် အဖော်ပြုပေးရန် မျှော်လင့်ထားသော်လည်း သူသည် ထိုနေရာတွင် တစ်ဦးတည်းသော အသစ်ဖြစ်နေကြောင်းကို ယခုမှ သိလိုက်ရသည်။
“လုကော၊ မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက အရမ်းအားကောင်းတာပဲ၊ လာ လာ လာ၊ နောက်ထပ် အကြိမ်အနည်းနည်းလောက် ထပ်လေ့ကျင့်ရအောင်”
ချိုင်စစ်ယွမ်သည် လုရွှိ သည် ၎င်းတို့အဖွဲ့တွင် အသက်အငယ်ဆုံးဖြစ်ကြောင်း သိသော်လည်း လုရွှိ၏ အရည်အချင်းများကြောင့် သူ့အား ကောဟုသာ ခေါ်နိုင်သည်။ လုရွှိ အား လုံ့လဝိရိယရှိစွာ လေ့ကျင့်နေသည်ကို မြင်သောအခါ သူသည် ကိုယ့်ကိုကိုယ် လက်မလျှော့နိုင်ပေ။ အဆင့်လျှော့ချခံရရန်အတွက် အသင့်ပြင်ထားသော်လည်း လုရွှိ မနားသည်ကို မြင်သောအခါ လုရွှိ နှင့်အတူ လိုက်လံလုပ်ဆောင်ရန် လှုံ့ဆော်မှု ရရှိခဲ့သည်။
နံရံပေါ်ရှိ နာရီလက်တံများ ၉ နာရီသို့ ညွှန်ပြနေသည်ကို သတိထားမိသောအခါ လုရွှိသည် နောက်ဆုံးတွင် သူ၏ လေ့ကျင့်မှုအား အဆုံးသတ်လိုက်သည်။
“မလေ့ကျင့်တော့ဘူးနော်၊ ကျွန်တော်က စောစောအိပ်တာ အကျင့်ဖြစ်နေလို့ ဒီနေ့ ဒီလောက်နဲ့ပဲ ရပ်ရအောင်”
ချိုင်စစ်ယွမ် ရယ်မောလိုက်သည်။
“ဟားဟား၊ မင်းက ကျန်းမာရေးကို ဂရုစိုက်တဲ့ ကောင်လေးမှန်း ငါမသိလိုက်ဘူး”
လုရွှိသည် ခေါင်းညိတ်လိုက်ပြီး အခြားသူများအား မေးရန်လည်း မမေ့ခဲ့ပေ။
“ခင်ဗျားတို့ ဆက်လေ့ကျင့်ကြမလား ဒါမှမဟုတ် ကျွန်တော်နဲ့အတူ အဆောင်ကို ပြန်လိုက်ခဲ့ကြမလား”
ရွှီဟောင်မင်သည် သူနှင့်အတူ ပြန်လိုက်ချင်သော်လည်း သူ၏ အခြားအဖွဲ့သားများမှာ ဆက်လက် လေ့ကျင့်နေကြဆဲ ဖြစ်သည်။ သူတစ်ယောက်တည်း အရင်ထွက်သွားလျှင် မကောင်းပေ။
စုန့်ကျယ်သည် အချိန်အား တစ်ချက်ကြည့်လိုက်ပြီး လုရွှိ အားပြောလိုက်သည်။
“ငါတို့ ၁၁ နာရီလောက်အထိ ကရဦးမယ်ထင်တယ်၊ မင်းအရင်ပြန်ပြီး အနားယူသင့်တယ်”
“ကောင်းပြီ”
လုရွှိသည် သူတို့ကို လက်ဝှေ့ယမ်းပြပြီး ပေါ့ပေါ့ပါးပါး ထွက်သွားလေသည်။
စင်္ကြံတစ်လျှောက် လျှောက်သွားရင်း လေ့ကျင့်ခန်းခန်းတိုင်းတွင် သင်တန်းသားများစွာ ပြည့်နှက်နေသည်ကို တွေ့ရသည်။ ၎င်းတို့၏ အကအဆင့်သည် မည်သို့ပင် ရှိစေကာမူ ၎င်းတို့သည် အနည်းဆုံးတော့ ကြိုးစားအားထုတ်မှု ပြုလုပ်ခဲ့ကြသည်။
လေ့ကျင့်ချိန် အများဆုံးပေးသည့် သင်တန်းသားသည် လျှို့ဝှက်ဆုလာဘ်ရရှိမည်ဟု ဆိုသည်။ လုရွှိသည် ထိုအပျော်အပါးတွင် ပါဝင်ရန် စိတ်ကူးမရှိခဲ့ပေ။ ညဘက်တွင် သူတွေ့ဆုံရန် ဖောက်သည်များ ရှိနေသည်။ ဝိညာဉ်များ စုဆောင်းခြင်းသည် သူ၏ အဓိကအလုပ် ဖြစ်၏။
လုရွှိသည် ရေချိုးရန် အဆောင်သို့ အရင်ပြန်သွားခဲ့ပြီးနောက် အပြာနှင့် အဖြူရောင် အားကစားဝတ်စုံသို့ လဲလှယ်ကာ အောက်ထပ်သို့ ဆင်းသွားသည်။
သူသည် အခြားသူများအား ရှောင်ရှားပြီး သိုလှောင်ခန်းတံခါးအား တွန်းဖွင့်လိုက်သောအခါ လုံးဝကွဲပြားခြားနားသော အတွင်းပိုင်းမြင်ကွင်းအား မြင်လိုက်ရသည်။ ၎င်းသည်ကား ယခုမှ သန့်ရှင်းရေးလုပ်ထားခြင်း ဖြစ်မည်မှာ သိသာ၏။
ဟယ့်ရှင်းဟွာသည် လုရွှိ၏ သရဲဆန်ပြီး တောက်ပနေသော မျက်လုံးများအား မြင်သောအခါ အော်ခေါ်လိုက်သည်။
“ဆရာလုရွှိ၊ လာပြီ”
“ရှူး!”
လုရွှိသည် သူ၏နှုတ်ခမ်းပေါ်တွင် လက်ညှိုးတင်လိုက်ပြီး အခြားသူများ၏ အာရုံအား ဆွဲဆောင်ခြင်းမှ ရှောင်ရှားရန်အတွက် အော်နေခြင်း ရပ်တန့်ရန် အချက်ပြလိုက်သည်။
ဟယ့်ရှင်းဟွာသည် ချက်ချင်းရပ်သွားပြီး သူ၏ ပါးစပ်အား ဇစ်ဆွဲသည့် အမူအရာ ပြုလုပ်လိုက်သည်။ သူသည် လုရွှိ သူ့အား တစ်ခုခု ကန့်ကွက်မည်ကို ကြောက်ရွံ့နေသည်။
“ဆရာလုရွှိ၊ ထိုင်ပါ”
ထောင်ယင်းပေါ်သည် ကုလားထိုင်တစ်လုံး ဆွဲယူလိုက်ပြီး သူ၏ လေသံသည် အလွန်အမင်း ယဉ်ကျေးနေသည်။
ဝိညာဉ်လေးဦးသည် လုရွှိ ရှေ့တွင် တန်းစီကာ တောင့်တောင့်ကြီး ရပ်နေကြပြီး ၎င်းတို့၏ စိတ်နေသဘောထားများမှာ မငြိမ်မသက် ဖြစ်နေသည်။ ၎င်းတို့သည် သေမင်းတမန်ဌာနမှ လူများနှင့် ယခင်က တွေ့ဆုံဖူးသော်လည်း ထိုအချိန်က ၎င်းတို့သည် ပုံမှန်မဟုတ်သည့် လုပ်ဆောင်မှုများ မပြုလုပ်ခဲ့သောကြောင့် ၎င်းတို့၏ အချက်အလက်များအား ရိုးရှင်းစွာ မှတ်ပုံတင်ခဲ့ရုံသာ ဖြစ်သည်။
ယခုအခါ ၎င်းတို့သည် လူများအား ကြောက်လန့်စေရန် ကြိုးစားနေသည့် လုပ်ရပ်ဖြင့် ဖမ်းမိခြင်း ခံရသည်။ အဆိုးဆုံးမှာ ၎င်းတို့သည် တကယ့် သေမင်းအား ခြောက်လှန့်ရန် ကြိုးစားခဲ့ခြင်း ဖြစ်ပြီး လုရွှိသည် ၎င်းတို့နှင့် ပတ်သက်၍ တစ်ခုခု လုပ်ဆောင်မည် မလုပ်ဆောင်မည်ကို ကောင်းကင်ဘုံသာ သိပေလိမ့်မည်။
လုရွှိသည် ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး ဖုန်းဖြင့် ဝိညာဉ်တစ်ဦးစီ၏ နောက်ခံအချက်အလက်များအား စစ်ဆေးနေသည်။
၎င်းတို့ လေးဦးစလုံးသည် လူ့လောကတွင် ချုပ်နှောင်ခံနေရခြင်းအတွက် အကြောင်းပြချက်များ ရှိကြပြီး၊ ၎င်းတို့သည် ဤနေရာတွင် အချိန်ကြာမြင့်စွာ နေခဲ့သောကြောင့် ပုံမှန်အားဖြင့် ခက်ခဲသော ဖောက်သည်များအဖြစ် သတ်မှတ်နိုင်သည်။ သူသာ ၎င်းတို့အားလုံးအား ငရဲပြည်သို့ ပို့ဆောင်နိုင်ပါက သူ၏ လုပ်ငန်းစွမ်းဆောင်ရည် သုံးသပ်ချက်တွင် အမှတ်အပိုများ အနည်းငယ် ရရှိမည်မှာ သေချာသည်။
~~~