Chapter - 1 : ရုပ်ရှင်ဧကရာဇ် အမျိုးသားဇာတ်လိုက်နှင့် အဝတ်အစား တူနေခြင်း ( 1 )
Viewers 813

‎"ဟာ့....မင်းက ငါ့အဝတ်အစားတွေကို ဆွဲချွတ်ရဲတယ်ပေါ့”

‎ကျဉ်းကျုတ်သော နေရာလွတ်ကလေးထဲတွင် ထိုအမျိုးသား၏ ဆွဲဆောင်မှုရှိ၍ နက်ရှိုင်းသော မောဟိုက်‌သံသာ ရှိနေသည်။

‎ရုတ်တရက် ခေါင်းမူးသွားပြီးနောက် ချန်းချန်အန်း၏ လက်များက သူ့ရှေ့ရှိလူ၏ ကော်လံကို ဆွဲကိုင်လိုက်မိသည်။

သူဆွဲလိုက်သဖြင့် ထိုလူ၏ သေသပ်လှပသော ညှပ်ရိုးနှင့် တောင့်တင်းနေသော ရင်အုပ်ကြွက်သားများ ပေါ်လာလေ၏။

‎ရှပ်အင်္ကျီ၏ အပေါ်ဆုံး ကြယ်သီးနှစ်လုံးမှာ ဖျော်ဖြေရေးလောကတွင် အမွှမ်းတင်ခံထားရသော 'ညီအစ်ကိုသံယောဇဉ်' အတွဲများကဲ့သို့ ပြုတ်ထွက်သွားခြင်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။

‎အခြေအနေမှာ ရိုးရှင်းသော်လည်း ရှုပ်ထွေးနေဆဲဖြစ်၏။ ချန်းချန်အန်းမှာ ခြေချော်သွားပြီး ထိုလူ၏ အဝတ်အစားများကို ဆွဲမိရုံသာမကဘဲ ကြယ်သီးများကိုပါ ဆွဲဖြုတ်မိသွားသည်။

‎ခေတ်သစ်တွင် နာမည်မရှိသော အိုင်ဒေါတစ်ဦးဖြစ်သူ ချန်းချန်အန်းက တစ်စက္ကန့်မျှပင် မစဉ်းစားဘဲ ကိုးရိုးကားရားဖြင့် ၉၀ ဒီဂရီ ဦးညွှတ်လိုက်ပြီး အစီအစဉ်တင်ဆက်သူက နာမည်စာရင်းများကို အမြန်ရွတ်ဆိုပြနေသကဲ့သို့ ပြောလေ၏။

‎"ကျွန်တော် တောင်းပန်ပါတယ် ကျန်းလောင်ရှီး! ဓာတ်လှေကားထဲမှာ ကိုယ်ရေးကိုယ်တာ ကိစ္စ‌တွေ အတွက် နေရာယူတာမျိုး မလုပ်သင့်ဘူးဆိုတာ သိပါတယ်၊ ကျွန်တော် မနက်စာ မစားခဲ့ရလို့ သွေးတွင်းသကြားဓာတ်ကျသွားပြီး လောင်ရှီး အဝတ်အစားကို ဆွဲလိုက်မိတာက မတော်တဆပါ”

‎ထို ဂုဏ်သရေရှိ အမျိုးသားက ကော်လံကို ပြန်ပြင်လိုက်ကာ အေးစက်သော အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။

‎"မနက်စာ မစားခဲ့ရဘူးတဲ့လား တော်တော်ကောင်းတဲ့ ဆင်ခြေပဲ"

‎သူ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ချန်းချန်အန်း၏ ဗိုက်ထဲမှ ဆာလောင်သဖြင့် မြည်သော တီးဝိုင်းသံစဉ်တစ်ခု ထွက်လာ၏။

‎ချန်းချန်အန်းမှာ ရှက်ရွံ့သွားပြီး အားနာဟန်ဖြင့် ပြောသည်။

‎”ကျွန်တော့် ဗိုက်ထဲက အသံက ကျန်းလောင်ရှီး နား ကို အနှောင့်အယှက်ဖြစ်သွားစေမိရင်၊ အဲဒီ ဗိုက်ကိုယ်စား ကျွန်တော် တောင်းပန်ပါတယ်”

‎ကျန်းပေါ်ချင်းက သူ့အား အယုံအကြည် လုံးဝမရှိသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီး ပြန်ပြောလေ၏။

‎"ချန်းချန်အန်း၊ မင်းမှာ ဘာရည်ရွယ်ချက်ပဲရှိရှိ၊ ငါ့အပေါ် ထပ်ပြီး ရူးကြောင်ကြောင်တွေ မလုပ်ဖို့ သတိပေးထားမယ်"

‎………

‎ချန်းချန်အန်းမှာ ဟိုတယ်တစ်ခုတည်းတွင် အတူရှိနေသော ကျန်းပေါ်ချင်းကို ရှောင်ရှားရန် မနက်စာကို တမင် မစားခဲ့ခြင်းဖြစ်သည်။

‎ယ‌နေ့နံနက်တွင် သူ ဝတ္ထုစာအုပ် တစ်အုပ်ထဲသို့ ကူးပြောင်းရောက်ရှိလာခဲ့ပြီး အရေးမပါသော နာမည်တူဇာတ်ကောင်ငယ်လေး ဖြစ်နေသည်ကို သိလိုက်ရသဖြင့် စိတ်ဓာတ်ကျနေခဲ့၏။

‎‘ဖျော်ဖြေရေးလောက သရဖူဆီသို့ တက်လှမ်းခြင်း’ ဟု အမည်ရသည့် ဤဝတ္ထုထဲတွင် ထက်မြက်သော ဇာတ်ဆောင်ဖြစ်ပြီး ချန်းချန်အန်းမှာ အလှပဂေးတစ်ဦးဖြစ်သော်လည်း ရုပ်ရည်သက်သက်သာ ရှိသူ 'အဆင့် ၄ သရုပ်ဆောင်’ အဖြစ် ပါဝင်သည်။

‘အဆင့် ၄ သရုပ်ဆောင်’ ဆိုသည်မှာ… အဆင့် ၁ ရုပ်ရည်၊ အဆင့် ၂ နာမည်ကျော်ကြားမှု၊ အဆင့် ၃ သရုပ်ဆောင်စွမ်းရည် နှင့် သုညအဆင့်ဖြစ်သည့် အကျင့်စရိုက်တို့အား ရည်ညွှန်း၏။

‎သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ရုပ်ရှင်ဧကရာဇ် အမျိုးသားဇာတ်လိုက် ကျန်းပေါ်ချင်း၏ သရုပ်ဆောင်မှုနှင့် ရုပ်ရှင်ဧကရာဇ်ဘွဲ့ကို မနာလိုသဖြင့် ဇာတ်လမ်း၏ အစပိုင်းကတည်းက အဆက်မပြတ် နှောင့်ယှက် ဖျက်ဆီးရန်ဖြစ်သည်။

နောက်ဆုံးတွင် ကျန်းပေါ်ချင်းက ဒေါသထွက်၍ ပြန်လည်တိုက်ခိုက်သောအခါ ချန်းချန်အန်းမှာ လုံးဝ ကြေမွပျက်စီးသွားပြီး တစ်နိုင်ငံလုံး၏ နာမည်ပျက်စာရင်းသွင်းခြင်းကို ခံရကာ၊ စာချုပ်ရပ်စဲခံရပြီး ပြန်လည်တိုက်ခိုက်ရန် အင်အားမရှိဘဲ အနုပညာလောကမှ ထွက်ခွာခဲ့ရသူဖြစ်သည်။

‎ကံမကောင်းစွာဖြင့် ချန်းချန်အန်း ကူးပြောင်းရောက်ရှိလာချိန်တွင် သူ အကြိမ်ပေါင်းများစွာ သေမင်းကို ဖိတ်ခေါ်ခဲ့ပြီးပြီဖြစ်ပြီး အမျိုးသားဇာတ်လိုက်ဖြစ်သူ ရုပ်ရှင်ဧကရာဇ် ကျန်းပေါ်ချင်းက သူ့အား ပြန်လည် လက်တုံ့ပြန်မည့်နေ့ပင်ဖြစ်သည်။


ဤကဲ့သို့ မဖြစ်ခင် ကျန်းပေါ်ချင်း၏ ဇာတ်ရုပ်များကို သူသည် ငွေအင်အား သုံး၍ ခိုးယူခဲ့ပြီး၊ ကျန်းပေါ်ချင်း၏ ဇာတ်ညွှန်းများကို ပြန်ပြင်ခဲ့ကာ၊ ကျန်းပေါ်ချင်းအား သီးခြား ခွဲထွက်နေအောင် လုပ်ခဲ့၏။ သူ ဆက်တိုက်လုပ်ဆောင်ခဲ့သည့် အရာများမှာ ဦးနှောက်မရှိသော လုပ်ရပ်များပင်။

ယနေ့အတွက် နောက်ဆုံး အတားအဆီးဖြစ်သည်။ ကျန်းပေါ်ချင်းသည် သူ၏ ရုပ်ရှင်ဧကရာဇ်ဟူသော ဟန်ဆောင်မှု မျက်နှာဖုံးကို ဖယ်ရှားပြီး ရုပ်ရှင်နှင့် ရုပ်မြင်သံကြားကုမ္ပဏီ၏ CEO အဖြစ် သူ၏ အထောက်အထားကို ထုတ်ဖော်ကာ ချန်းချန်အန်းအား အနုပညာလောကမှ ထွက်ခွာသွားရန် လုပ်ဆောင်တော့မည်ဖြစ်သည်။

‎ဤအရာအားလုံးကို နားလည်သော ချန်းချန်အန်းက ဟိုတယ် အိမ်သာခုံပေါ်တွင် ထိုင်နေသော်လည်း ခေါင်းဖြတ်စက်ပေါ်တွင် ထိုင်နေရသကဲ့သို့ ခံစားနေရ၏။

‎ထို့နောက် သူ၏ မန်နေဂျာဖြစ်သူ ရွှီချန်ဇစ်ထံမှ ဖုန်းဝင်လာသည်။

‎"ချန်ဇစ်ကျဲ ဘာကိစ္စရှိလို့လဲ"

‎"နင်က ငါ့ကို ဘာကိစ္စလဲလို့ မေးရဲသေးတာလား… ငါကမှ နင် ဘာလုပ်ဖို့ စီစဉ်ထားတာလဲ မေးရမှာ!”

‎တစ်ဖက်လူ စိတ်ဆိုးနေသည်မှာ ထင်ရှား၏။

‎”Red carpet အခမ်းအနားက စဖို့ နာရီဝက်ပဲ လိုတော့တယ်၊ ယာဉ်မောင်းက နင့်ကို အောက်မှာ စောင့်နေတာ ဆယ်မိနစ်လောက်ရှိနေပြီ၊ နင်က အခုထိ အခန်းထဲမှာ ထိုင်နေတုန်းပဲ

ဘာလဲ၊ နင့်ကို အပေါ်ထိ ကားမောင်းပြီး လာခေါ်စေချင်တာလား"

‎ချန်းချန်အန်းမှာ အံ့အားသင့်သွားကာ ပြောလိုက်၏။

‎"... နံရံပေါ်ထိ တက်မောင်းနိုင်တဲ့ ကားမျိုးရှိလို့လား"

‎ရွှီချန်ဇစ်က လှောင်ပြုံးပြုံးကာ ပြန်ပြောသည်။

‎"ဟမ့်၊ နင် တီထွင်ရင်တော့ ရှိလာမှာပေါ့"

‎ချန်းချန်အန်းမှာ သူ၏ ခေါင်းကို ကုတ်လိုက်ပြီး ပြန်ဖြေ၏။

‎"ဟားဟား၊ ယာဉ်မောင်းကို ဒုက္ခမပေးတော့ပါဘူး၊ ကျွန်တော့် ကျန်းမာရေးက အကောင်းကြီး ရှ်ိပါသေးတယ် လှေကားအတိုင်းပဲ ဆင်းလိုက်ပါ့မယ်၊ နှစ်လှမ်း သုံးလှမ်းလောက်ဆို ရောက်ပါပြီ”

‎' ကမ္ဘာအသစ်တစ်ခုမှာ ဘာမှမရှိဘဲ ဘဝအသစ်ကို စရတာထက် ဘာက ပိုဆိုးနိုင်မှာလဲ '

‎ထိုအချိန်တွင် ဓာတ်လှေကား တံခါးပွင့်လာပြီး ကျန်းပေါ်ချင်း တစ်ယောက်တည်း ရပ်နေသည်ကို မြင်လိုက်ရသည်။

‎လေထုအတွင်း ခေတ္တမျှ တိတ်ဆိတ် ငြိမ်သက် သွားသည်။

‎ကျန်းပေါ်ချင်းမှာ သူ၏ဖုန်းကို ငုံ့ကြည့်နေလျက် ဓာတ်လှေကား အပြင်ဘက်မှ လည်သာဖိနပ်များကို မြင်လိုက်ရ၏။

“မဝင်ဘူးလား"

‎ချန်းချန်အန်းက သူ၏ရင်ဘတ်ကို ဖိကိုင်လိုက်ပြီး နက်နဲသော စကားလုံးများ ပြောလာလေသည်။

‎“ရှေ့တိုးရ ခက်ခက်၊ နောက်ဆုတ်ရ ခက်ခက်‎၊ အပေါ်ကိုလည်း မတက်နိုင်၊ အောက်ကိုလည်း မဆင်းနိုင်ပါလား"

‎ကျန်းပေါ်ချင်းမှာ ခေါင်းမော့လိုက်ပြီး သူ့အား မူလတန်းကျောင်းသားတစ်ဦးကို ကြည့်သည့် အကြည့်ဖြင့် မျက်မှောင်ကြုတ်ကာ ကြည့်လာ၏။

‎"မင်း ဝင်မှာလား မဝင်ဘူးလား"

‎ချန်းချန်အန်းမှာ ဝင်သင့်၊ မဝင်သင့် မစဥ်းစားတတ်တော့ပေ။

‎' အကယ်၍ မဝင်ဘူးဆိုရင် တမင်သက်သက် လုပ်နေသလို ဖြစ်ပြီး ကျန်းပေါ်ချင်းရဲ့ အာရုံစိုက်မှုကို အလွယ်တကူ ဆွဲဆောင်မိသွားလိမ့်မယ် '

‎' ဝင်မယ်ဆိုရင်လည်း အန္တရာယ်ရှိပြီး တခြား အခြေအနေတွေလဲ ဖြစ်သွားနိုင်တယ်'

‎ဒုက္ခရောက်လျှင် ဘောလုံးကို သူများထံသို့ ပြန်ကန်ထုတ်တတ်သည့် ကောင်းမွန်သော အကျင့်စရိုက်ကို စွဲကိုင်ရင်း ချန်းချန်အန်းက အရှက်မဲ့စွာ ပြောလိုက်၏။

‎ ".. ကျန်း‌လောင်ရှီး၊ ကျွန်တော် လောင်ရှီးကို မေးစရာလေး တစ်ခု ရှိလို့..”

‎"ဟမ်”

‎"ကျန်းလောင်ရှီးရဲ့ ရင်ထဲက ခံစားချက်အတိုင်း စဉ်းစားကြည့်ပါ၊ ဒီဓာတ်လှေကားကို ကျွန်တော်နဲ့အတူ စီးချင်လို့လား”

‎………

‎ဤအချက်မှာ မူရင်း ချန်းချန်အန်း စာအုပ်ထဲ၌ နောက်ဆုံး လုပ်ခဲ့သော အဓိပ္ပာယ် မရှိသည့် အရာကို ဖော်ပြနေ၏။ Red carpet အခမ်းအနား၌ ‘ ရုပ်ရှင်ဧကရာဇ်ကို ကျော်လွှားပြမယ် ' ဟု ကြွေးကြော်၍ သတင်းထုတ်ပြန်ချက်များ တင်ခဲ့ခြင်းပင်။

‎သူသည် ယနေ့ ကျန်းပေါ်ချင်းနှင့် တူညီသော ပွဲတစ်ခုကို တက်ရောက်ရမည်ကို သိလျှင်သိချင်း ကျန်းပေါ်ချင်း၏ ဝတ်စုံနှင့် ကွက်တိတူသော ဝတ်စုံတစ်စုံကို အထူးမှာယူခဲ့၏။

red carpet အခမ်းအနားတွင် သူ၏ရုပ်ရည်က ကျန်းပေါ်ချင်းအား မည်သို့မည်ပုံ လွှမ်းမိုးသွားမည်ကို ကြွားလုံးထုတ်ရန်အတွက် သတင်းထုတ်ပြန်ချက် အမြောက်အမြားကိုပင် ကြိုတင်ဝယ်ယူထားခဲ့သည်။

‎ထိုကိစ္စအပေါ် ချန်းချန်အန်း၏ အတွင်းစိတ်မှ ကန့်ကွက်နေ၏။

‎'ညီအစ်ကိုကောင်းကြီးရေ မင်း တကယ် ရုပ်ရည်ကလွဲပြီး သူ့ရဲ့ အောင်မြင်‌ကျော်ကြားမှု၊ ပရိသတ်၊ အရပ်အမောင်း၊ စိတ်နေစိတ်ထား ဒါမှမဟုတ် တခြားဘာကိုမှ ထည့်မတွက်ဘူးလား!’

‎‌သေချာပေါက်ပင်။ ကျန်းပေါ်ချင်းမှာ ချန်းချန်အန်း ဝတ်ထားသော အဝတ်အစားကို ကြည့်၍ ခဏတာ တိတ်ဆိတ်သွားခဲ့သည်။

‎"ဝင်ခဲ့"

‎"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ကျန်းလောင်ရှီး"

‎ချန်းချန်အန်းက ကျေးဇူးတင်စကားကို လျင်မြန်စွာ ပြော၍ သက်ပြင်းချကာ ဓာတ်လှေကားထဲသို့ ဝင်သွား၏။

‎ချန်းချန်အန်း၏ အစီအစဉ်မှာ အပြစ်အနာအဆာမရှိ။ သူ ကျန်းပေါ်ချင်း ပြောစကားများ အတိုင်းသာ လုပ်ဆောင်သွားမည်။

‎' ဓာတ်လှေကား အတူစီးရုံလောက်ကတော့ ဘာမှ မှားစရာ မရှိနိုင်ဘူးမလား '

‎‎ကျန်းပေါ်ချင်းက သူ၏ဖုန်းကို ယဉ်ကျေးမှုဖြင့် သိမ်းထားလိုက်သည်။ အဝတ်အစား ဆင်တူ ဝတ်ထားသော ထိုနှစ်ဦးမှာ ဓာတ်လှေကားထဲတွင် စကား တစ်ခွန်းမှ မပြောဘဲ ရပ်နေကြ၏။

သူတို့ လက်ချင်းတွဲလိုက်ပါက ထိတ်လန့်စရာ ရုပ်ရှင်ထဲမှ အမြွှာမကောင်းဆိုးဝါးများနှင့် တူနေလိမ့်မည်။

‎ဂျူနီယာပီသစွာဖြင့် ချန်းချန်အန်းက စကားစရန် နည်းလမ်းတကျ ကြိုးစားလိုက်၏။

‎"အဟမ်း၊ ကျန်းလောင်ရှီး ဒီနေ့ ဝတ်စုံနဲ့ တကယ် ကြည့်ကောင်းနေတာပဲ"

‎ကျန်းပေါ်ချင်းက ရှုပ်ထွေးသော အကြည့်ဖြင့် ပြန်ကြည့်၍ ပြောလေသည်။

‎"မင်း မှန် မကြည့်ခဲ့ဘူးလား"

‎ချန်းချန်အန်းက သူ့အကြည့်နောက်သို့ လိုက်၍ အောက်သို့ ပြန်ငုံ့ကြည့်လိုက်၏။

‎' အိုး ဒီနေ့ အဝတ်အစားက သူနဲ့ ဆင်တူကြီး ဝတ်ထားတာပဲ '

‎"အာ၊ ကျွန်တော် ဆိုလိုတာက အဝတ်အစားက လူကို ဖန်တီးတာ၊ ဒါမှမဟုတ် မဟုတ်သေးပါဘူး၊ ဘယ်မြင်းနဲ့ ဘယ်ကုန်းနှီး... ဟင့်အင်း၊ အာ.. ဘာပဲဖြစ်ဖြစ် ဒီဝတ်စုံနဲ့က ကျွန်တော့်ထက် ကျန်း‌လောင်ရှီးက ပိုကြည့်ကောင်းတယ်"

‎ချန်းချန်အန်းမှာ သူ၏ အမှားကို ဖုံးကွယ်ရန် ရုန်းကန်လိုက်ပြီး သူ၏ မူလတန်း တရုတ်စာ ဆရာမ ပြောနေကျ စကားကို ထုတ်ပြောချင်စိတ် ပေါ်လာသည်။

‎”ကျန်းလောင်ရှီးက ငါးကို ရေနစ်ပြီး လကို ရှက်သွေးဖြာစေတဲ့ ပန်းပွင့်‌‌လေးပါပဲ"

‎[ T/N အလွန်လှပသောလူကို တရုတ်တို့ တင်စားသည့် စကား ]

‎ကျန်းပေါ်ချင်း၏ ပါးစပ်ထောင့်ကလေးမှာ တွန့်သွားသည်။ သူ၏ လေသံမှာ စိတ်ရင်းမှန် ဖြစ်ပုံရ၏။

‎"မင်းကို ငါလည်း မေးစရာ တစ်ခု ရှိတယ်"

‎"မေးပါ လွတ်လွတ်လပ်လပ် မေးပါ ကျန်းလောင်ရှီး"

‎"မင်း သရုပ်ဆောင် မဖြစ်ခင်က အလယ်တန်းကျောင်းရော ပြီးအောင် တက်ခဲ့ရဲ့လား"

‎"တက်ခဲ့.. လောက် ပါတယ်"

‎ချန်းချန်အန်း ခေါင်းကုတ်လိုက်မိသည်။ သူသည် မသင်မနေရ ကိုးနှစ်တာ ပညာရေးကို အောင်မြင်စွာ သင်ယူခဲ့ပြီး လုပ်ငန်းခွင်တွင် ကိုးနှစ်တာ အလုပ်မျိုးစုံကို လုပ်ခဲ့သူပင်။

‎' ဒါပေမဲ့ ဝတ္ထုထဲက ချန်းချန်အန်းကကော ပြီးခဲ့ရဲ့လား '

‎သူ မသေချာပေ။ ထိုအချိန်တွင် ကျန်းပေါ်ချင်းက သက်ပြင်းချလျက် ဓာတ်လှေကား တံခါးကို ကြည့်ကာ တိတ်ဆိတ်သော သခင်တစ်ဦးကဲ့သို့ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။

‎"ကွန်ဖြူးရှပ်က ပြောဖူးတယ် 'လူကြီးလူကောင်း ဆိုသည်မှာ မိမိစားဝတ်နေရေးအတွက် သာယာမှုကို မရှာ၊ အလုပ်တွင် လုံ့လရှိ၍ စကားပြောဆိုရာတွင်သာ ဂရုစိုက်၏’ တဲ့"

‎"အဲဒါက ဘာပြောချင်တာလဲ"

‎"ဘာပြောရမှန်း မသိရင် ဘာမှ မပြောဖို့ကို ရွေးချယ်နိုင်တယ်တဲ့"

‎ချန်းချန်အန်းမှာ သူ၏ခေါင်းကို ကုတ်လိုက်ပြန်သည်။ စကားစရန် သူကြိုးစားခဲ့ခြင်းက တကယ်ပင် အနည်းငယ် အဆင်မပြေခဲ့ပေ။

~~~