Weibo မှ ဖယ်ရှားလိုက်သော ခေတ်စားနေသည့် ခေါင်းစဉ်အကြောင်း တွေးမိသွားသောအခါ ကျန်းပေါ်ချင်း မမြင်စေရန်သာ ဆုတောင်းနိုင်တော့သည်။
သို့ဖြစ်၍ ချန်းချန်အန်းက ကျန်းပေါ်ချင်းကို ပို၍ပင် ဂရုစိုက်လာ၏။
"ကျန်းလောင်ရှီး ဟင်းချို နည်းနည်း ထည့်ပေးရမလား"
"မလိုဘူး"
"ကျန်းလောင်ရှီး၊ လောင်ရှီး စားဖို့ရော နည်းနည်း ထပ်ယူပေးရမလား”
"ငါ့ဟာငါ လုပ်တတ်ပါတယ်"
"ကျန်းလောင်ရှီး၊ ထမင်း ထပ်ယူပေးရဦးမလား"
ကျန်းပေါ်ချင်းမှာ စိတ်မရှည်တော့ပေ။
“မင်းဟာမင်း စားမနေနိုင်ဘူးလား"
ချန်းချန်အန်းက အပြစ်ကင်းစွာ ပြန်ကြည့်၏။
"ကျွန်တော် ဗိုက်ပြည့်နေပြီလို့ မပြောခဲ့ဘူးလား"
ကျန်းပေါ်ချင်းက တစ်ခုခုကို သတိရသွားပြီး တစ်ဖက်ရှိ CEO ကို တစ်ချက် ကြည့်လိုက်သည်။
CEO က ချန်းချန်အန်းကို မျက်စိမှိတ်ပြနေ၏။
"ရှောင်ချန်း၊ သူက ဧည့်သည်ပဲ မစ္စတာကျန်းကို ပိုပြီး စိတ်အားထက်သန်မှု ပြလိုက်ပါ"
ချန်းချန်အန်းမှာ စိတ်အားထက်သန်မှုပြချင်သော်လည်း ကံမကောင်းစွာဖြင့် ကျန်းပေါ်ချင်းသည် သာမန်ဧည့်သည် မဟုတ်ပေ။ သူသည် တိုက်ခိုက်မှုနှင့် ကာကွယ်မှု နှစ်မျိုးလုံးရှိသော လုပ်ကြံသတ်ဖြတ်သူပင်။
တစ်ဖက်လူ၏ တင်းကျပ်သော ကာကွယ်မှုအောက်တွင် ချန်းချန်အန်း မည်သည့်လှုပ်ရှားမှုကိုမှ လုပ်မရပေ။
ကျန်းပေါ်ချင်းက ရုတ်တရက် ချောင်းဟန့်လိုက်သည်။
"ငါ့အတွက် အမဲသား နည်းနည်း ရွေးပေး"
"လုပ်ပေးပါ့မယ်!"
' မယုံနိုင်စရာပဲ၊ လုပ်ကြံသတ်ဖြတ်သူက သူ့အလုပ်ကို ပြောင်းလိုက်ပြီ '
ချန်းချန်အန်းမှာ ကျန်းပေါ်ချင်းထံမှ ကောင်းမွန်သော ဆန္ဒအချို့ကို အောင်မြင်စွာ ရရှိခဲ့ပြီဟု တွေးလိုက်သည်။
"လောင်ရှီး ဘာစားချင်သေးလဲ"
တစ်လှည့်စီ ကောင်းမှုပြုခြင်း ဖြစ်သောကြောင့် ကျန်းပေါ်ချင်းက ပေါ့ပေါ့ပါးပါးပင် ' နာနတ်ပွင့် ' (ဟင်းခတ်အမွှေးအကြိုင်ပါ) တစ်ခုကို တောင်းဆိုလိုက်၏။
ချန်းချန်အန်းမှာ အလွန် အံ့သြမိသွားသည်။
"ဘယ်သူက ဒီလို ဟင်းခတ်အမွှေးအကြိုင်တစ်ခုလုံးကို တစ်ယောက်တည်း စားလို့လဲ"
ကျန်းပေါ်ချင်းသည် စကားကို ကြာရှည်စွာ အချိန်ယူ၍ ညှစ်ထုတ်ပြီးမှ အဖြေပေး၏။
“ငါ စားချင်လို့လေ၊ ပြဿနာ ရှိလို့လား"
ချန်းချန်အန်းက ချက်ချင်း ဖြေသည်။
“မရှိပါဘူး၊ မရှိပါဘူး၊ လောင်ရှီး စားချင်တာမှန်သမျှ ကျွန်တော့်အတွက် အဆင်ပြေပါတယ်"
ကျန်းပေါ်ချင်းမှာ ထိုစကားကို ကြားသောအခါ အနည်းငယ် စိတ်ရှုပ်ထွေးဟန်ဖြင့် သူ့အား ဆူပူလိုက်၏။
"အဲလိုစကားမျိုးကို ထမင်းဝိုင်းမှာ မပြောနဲ့"
ချန်းချန်အန်း ထိတ်လန့်သွားသည်။
' အဲလို စကားမျိုး ဆိုတာ ဘာလဲ '
' အခု ငါက စကားပြောရုံလေးကို ဘယ်လိုလုပ်ပြီးကျန်းပေါ်ချင်းကို ရွံ့သွားစေတာလဲ '
………
ကျန်းပေါ်ချင်းသည် နောက်ဆုံးတွင် နာနတ်ပွင့်ကို အစိမ်းလိုက် ဝါးမစားခဲ့ပေ။
စိတ်ကျေနပ်ပြီး ဗိုက်ပြည့်နေသော ချန်းချန်အန်းက ယဉ်ကျေးစွာ ကမ်းလှမ်း၏။
"ကျန်းလောင်ရှီး ကျွန်တော် အိမ်ပြန်လိုက်ပို့ပေးရမလား"
ကျန်းပေါ်ချင်းက ချန်းချန်အန်း၏ ဆုပ်ကိုင်လာခြင်းမှ သူ၏ လက်ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။
သူသည် 'ငါ ထင်ထားသည့်အတိုင်းပဲ' ဆိုသည့် အမူအရာမျိုးဖြင့် CEO ကို ထပ်မံ ကြည့်လိုက်၏။
ချန်းချန်အန်းမှာ နားမလည်ပေ။
' ကျွန်တော်က အိမ်လိုက်ပို့ပေးဖို့ ကမ်းလှမ်းခဲ့တာ၊ လောင်ရှီးက ဘာလို့ ကျွန်တော်တို့ CEO ကိုပဲ ကြည့်နေရတာလဲ '
' ခွဲခွာဖို့ ဝန်လေးနေတာများလား ဒါက လျန်ရှန်းပေါ်နဲ့ ကျူ့ယင်းထိုင်တို့ရဲ့ ခွဲခွာခြင်းမျိုးလား '
( တရုတ်က ရိုမီယိုနဲ့ ဂျူးလိယက်ပါ )
“မလိုဘူး"
ကျန်းပေါ်ချင်းက သူ၏အကြည့်များကို နှိမ့်ချလိုက်သည်။
ထိုအခါ CEO က စကားစလာ၏။
“ဒါဆို ရှောင်ချန်း၊ မင်း ငါ့ကို ပြန်မောင်းပို့ပေး ငါ ယာဉ်မောင်းကို အခေါက်ခေါက်အခါခါ အလုပ်မရှုပ်စေချင်ဘူး"
"ခဏလေး"
ကျန်းပေါ်ချင်းက ချက်ချင်းပင် စိတ်ပြောင်းသွားပြန်သည်။
"ငါ လိုက်ခဲ့မယ်"
ချန်းချန်အန်း နောက်ဆုံးတွင် သဘောပေါက်သွားပြီ ဖြစ်သည်။ ကျန်းပေါ်ချင်းက ရွှေ့ဆိုင်းထားသော ပုန်ကန်မှုတစ်ခုကို ပြုလုပ်နေခြင်းပင်။
' နာမည်ကျော် ဇာတ်လိုက် ပုန်ကန်တဲ့အခါ ဘာလုပ်ရမလဲ '
' သူ့ကို အလိုလိုက်ဖို့ပဲရှိတယ် '
ချန်းချန်အန်းက လက်လျှော့လိုက်ပြီး ကျန်းပေါ်ချင်းအား သူ၏ အမိုးဖွင့်ပြိုင်ကားထဲသို့ ဖိတ်ခေါ်လိုက်သည်။
ကျန်းပေါ်ချင်းက ပေါ့ပေါ့ပါးပါးပင် မှတ်ချက်ပေး၏။
“မင်း ကားက တော်တော်ကောင်းတာပဲ"
ချန်းချန်အန်းမှာ မူရင်းဇာတ်ကွက်ကို ပြန်အမှတ်ရသွားသည်။ ဤကားကို ကျန့်ရုန်ယွီက လက်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး စာအုပ်ထဲတွင် အခန်းကဏ္ဍ အသေးလေးတစ်ခု ရှိ၏။
သူ သိပ်မသေချာသော်လည်း မူရင်း ချန်းချန်အန်းသည် red carpet အခမ်းအနားအပြီးတွင် ဤကားကို မာနကြီးစွာ လက်ညှိုးထိုးပြ၍ ကျန်းပေါ်ချင်းအား ပြောဆိုခဲ့သည်။
“ကြည့်ကောင်းတယ်မလား မင်းကိုယ်မင်း ရောင်းစားရင်တောင် ဒီလိုကားမျိုးတတ်နိုင်မှာ မဟုတ်ဘူး"
ထို့နောက် နောက်တစ်နေ့တွင် သူသည် အင်တာနက် တစ်ခုလုံးတွင် နာမည်ပျက်စာရင်းသွင်းခြင်းကို ခံလိုက်ရပြီး ဖျော်ဖြေရေးနယ်ပယ်မှ အတင်းအကျပ် ထုတ်ပယ်ခံခဲ့ရသည်။ ကျန့်ရုန်ယွီပင် မကယ်တင်ပေးနိုင်သော ပုံစံမျိုးပင်။
ချန်းချန်အန်း တုန်လှုပ်သွားပြီး ချက်ချင်း ဖြေလိုက်၏။
"ဒါက ကျွန်တော့် ပိုက်ဆံနဲ့ ဝယ်ထားတာ မဟုတ်ပါဘူး၊ ဦးလေးက ကျွန်တော့်ကို လက်ဆောင် ပေးထားတာပါ"
"ဦးလေးအရင်းလား"
"အာ..မဟုတ်ဘူး အမျိုးမတော်ပါဘူး"
ကျန်းပေါ်ချင်း၏ မျက်နှာတွင် ဝမ်းနည်းမှု အရိပ်အယောင် ပေါ်လာသည်။
ချန်းချန်အန်းမှာ ကားကို အာရုံစိုက် မောင်းနေရသောကြောင့် သတိမထားမိလိုက်ပေ။
"မင်း...ဒါ အရမ်းမှားတယ်လို့ မထင်ဘူးလား"
ကျန်းပေါ်ချင်း မမေးဘဲ မနေနိုင်ပေ။
ချန်းချန်အန်းက သူ ဇိမ်ခံကားဝယ်ခြင်းကို ရည်ညွှန်းသည်ဟု ထင်ကာ ချက်ချင်း သဘောတူလိုက်၏။
"ကျွန်တော် မှားပါတယ်၊ အရမ်းမှားပါတယ် ဒါက ဖြုန်းတီးပြီး အကျင့်ပျက်တဲ့ ဘဝနေထိုင်မှုပုံစံပဲ၊ ဒါမျိုးက တကယ် လက်ခံလို့ မရပါဘူး"
ကျန်းပေါ်ချင်းက ထူးဆန်းသည်ဟု တွေးမိ၏။
"ဒါဆို မင်း အရင်က ဘာလို့ ဒီလို မတွေးခဲ့တာလဲ"
' ဘယ်လို အရင်က လဲ '
ချန်းချန်အန်းက စဉ်းစားလိုက်သည်။
' သူ ဒီကား မဝယ်ခင်က အကြောင်းကို ပြောနေတာလား '
ထိုအချိန်က ချန်းချန်အန်းမှာ သူ မဟုတ်ခဲ့ပေ။
သက်ပြင်းချလိုက်ပြီး ကမ္ဘာကြီးကို ရိုးအီနေသော လေသံဖြင့် ပြောလိုက်၏။
"ကျွန်တော့်ဘက်က လိုလိုလားလား ဆန္ဒရှိခဲ့တာ မဟုတ်ပါဘူး ကိစ္စတော်တော်များများက ရှင်းပြဖို့ ခက်တယ်"
မြို့လယ်မှ ခမ်းနားသော ဟိုတယ်တစ်ခုထံသို့ အရန်သရုပ်ဆောင်လေးမှ နာမည်ကျော်ကြယ်ပွင့်တစ်ဦးအဖြစ် ကူးပြောင်းလာသူတိုင်းက ကြောက်လန့်တကြား ဖြစ်နေမည်မှာ သေချာသည်။
သူ၏ နက်ရှိုင်းစွာ ဟန်ဆောင်မှုကြောင့် ကျန်းပေါ်ချင်းမှာ ရောဂါကူးစက်ခံရလိုက်သည့်အလား ခံစားလိုက်ရပြီး အသေးစိတ်ကို မမေးတော့ပေ။
"ဟင်း…"
ချန်းချန်အန်းတွင် ကျန်းပေါ်ချင်း၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို စီမံခန့်ခွဲနေရန် အချိန်မရှိခဲ့ပေ။
သူ၏ စိတ်ထဲတွင် မေးခွန်းတစ်ခုသာ ရှိနေသည်။
' ကျန်းပေါ်ချင်း ခေတ်စားနေတဲ့ ခေါင်းစဉ်ကို မြင်ခဲ့လား '
………
နောက်ဆုံးတွင် ကျန်းပေါ်ချင်း၏ အိမ်အောက်သို့ ရောက်ရှိလာသည်။
ချန်းချန်အန်းမှာ တုံ့ဆိုင်းနေ၏။
"ကျန်းလောင်ရှီး ကျွန်တော် လောင်ရှီးရဲ့အိမ် လိုက်ပြီး ခဏလောက် စကားပြောလို့ရမလား”
ခေတ်စားနေသော ခေါင်းစဉ် အခြေအနေကို ကျန်းပေါ်ချင်းအား သေချာစွာရှင်းပြရန် လိုအပ်သည်။
ကျန်းပေါ်ချင်းက နားမလည်နိုင်သော အမူအရာဖြင့် သူ့အား ကြည့်လိုက်၏။
"ဒါလည်း ဆန္ဒအလျောက် မဟုတ်ဘူးမလား၊ ကုမ္ပဏီ စီစဉ်မှု တစ်ခုခု ပါနေသေးတာလား"
ချန်းချန်အန်းသည် ကျန်းပေါ်ချင်းမှာ အလွန် ထူးဆန်းသူဟု ထင်မိ၏။
' အရာအားလုံးက ဆန္ဒအလျောက် ဟုတ်မဟုတ် ဘာလို့ မေးနေရတာလဲ '
' အိမ်အပေါ်ထပ် တက်တာက ဆန္ဒအလျောက် မဟုတ်ရင် CEO က တောင်းဆိုတဲ့ အရည်အချင်း စစ်ဆေးရေးလား '
' သူတို့က ဖျော်ဖြေရေးကုမ္ပဏီလေ၊ အာမခံရောင်းတဲ့အေဂျင်စီ မဟုတ်ဘူး '
သို့သော်လည်း ချန်းချန်အန်းမှာ ဤသို့ပင် ပြန်ဖြေလိုက်ရ၏။
"လောင်ရှီးနဲ့ လိုက်ပြီး စကားပြောချင်တဲ့ အတွေးက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဆန္ဒဖြစ်ပြီး ကုမ္ပဏီနဲ့ လုံးဝ မဆိုင်ပါဘူး"
ကျန်းပေါ်ချင်းက စိတ်သက်သာရာ ရသွားပုံရသည်။
“အိုး ဒါဆို ငြင်းတယ်”
ချန်းချန်အန်းမှာ ပို၍ ရှုပ်ထွေးသွား၏။
' ဘာဖြစ်တာလဲ ကုမ္ပဏီနဲ့ဆိုင်တဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကိုပဲ အပေါ်မှာ ဆွေးနွေးလို့ ရတာလား '
' ဟုတ်ပြီလေ အ်ိမ်ပေါ်မှာ မရဘူး ဆိုရင်လည်း မရဘူးပေါ့ '
သူ လှည့်လိုက်ပြီး ရှေ့သို့ ကိုင်းလိုက်ကာ ကျန်းပေါ်ချင်းအား ရိုးသားစွာ ကြည့်လိုက်သည်။
"ကျန်းလောင်ရှီး အိမ်ပေါ် မဟုတ်ရင်လဲ ကားထဲမှာ စကားပြောလို့ ရမလား"
ကျန်းပေါ်ချင်းမှာ သူ့တံတွေးနှင့်သူ သီးသွား၏။
"အဟွတ်၊ အဟွတ်… ကားထဲ...ကားထဲမှာလား"
"ဟုတ် နည်းနည်းတော့ ကြပ်ပေမဲ့ တော်တော် အသံလုံပါတယ်၊ ကျွန်တော်တို့ အသံကို တိုးထားမယ်ဆိုရင် ဘယ်သူမှ ကျွန်တော်တို့အသံကို မကြားနိုင်ဘူးလို့ အာမခံပါတယ်”
ချန်းချန်အန်းက ကားထဲတွင် စကားပြောဆိုနိုင်ရန် တစ်ဖက်လူ၏ အခြေအနေများကို ရည်ရွယ်ချက်ရှိရှိ အကဲဖြတ်နေသည်။
"ဘယ်လိုသဘောရလဲ၊ ရမလား"
ချန်းချန်အန်း၏ မျက်နှာမှာ အလွန်ထူးကဲသည်ဟု ပြောရမည်။
အနည်းဆုံး ကျန်းပေါ်ချင်းက သူ၏မျက်နှာကို ကြည့်ပြီး ထိုရိုးသားသော ဖိတ်ခေါ်မှုကို တွဲဖက်မြင်ရသောအခါ ‘ မရဘူး ‘ ဟူသော စကားလုံးကို ခဏတာ ထုတ်မပြောနိုင်ခဲ့ပေ။
သို့သော် ခဏတာ စိတ်ပျံ့လွင့်ပြီးနောက် ကျန်းပေါ်ချင်းက သူကိုယ်သူ လျင်မြန်စွာ ပြန်လည်ထိန်းချုပ်လိုက်ပြီး တင်းမာစွာ ဆူပူလိုက်၏။
“ချန်းချန်အန်း၊ တော်လောက်ပြီ"
"ဘာကို တော်လောက်ပြီလဲ"
ချန်းချန်အန်းမှာ သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။
"ကျွန်တော် ခေတ်စားနေတဲ့ ခေါင်းစဉ် အကြောင်း လောင်ရှီးကို ပြောချင်ရုံလေး! ဘာလို့ ဒီလောက် ရှုပ်ယှက်ခတ်နေရတာလဲ!”
ကျန်းပေါ်ချင်းမှာ ကြောင်သွားသည်။ သူ တစ်နေကုန် လေယာဉ်စီး၍ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးနေရသဖြင့် အလုပ်များနေခဲ့ပြီး ခေတ်စားနေသော ခေါင်းစဉ်မှာ ဘာအကြောင်းအရာမှန်း စစ်ဆေးရန် လုံးဝ အချိန်မရှိခဲ့ပေ။
"ခေတ်စားနေတဲ့ ခေါင်းစဉ်လား”
"ဟုတ်တယ် ထိပ်ဆုံးမှာ ခေတ်စားနေတဲ့ ခေါင်းစဉ် အကြောင်း"
ချန်းချန်အန်းက ခေါင်းညိတ်ပြ၏။
"အဲဒါကြောင့် မဟုတ်ဘူးဆိုရင် ကျွန်တော့်ကို ဘာလို့ ဒေါသထွက်နေရတာလဲ"
ကျန်းပေါ်ချင်းက မျက်နှာကို တည်တည်ထားလိုက်ပြီး အချိန်ကြာမြင့်စွာ တိတ်ဆိတ်ပြီးမှ စကားစသည်။
"... စီးပွားရေးကိစ္စပဲပြော၊ ပြီးတော့ တည့်တည့်မတ်မတ် ထိုင်၊ ဘာလို့ ဒီလောက် အနားကပ်ပြီး ထိုင်နေရတာလဲ"
ချန်းချန်အန်း စကားမပြောနိုင်တော့ပေ။
' ဘာလို့ ဆု နှစ်ဆုရ ရုပ်ရှင်ဧကရာဇ်ကျန်းဆိုတဲ့ နာမည်ကို ယဉ်ကျေးမှု ကျန်းလောင်ရှီးလို့ ပြောင်းလိုက်သင့်တယ် '
~~~