Chapter - 9 : ရုပ်ရှင်ဧကရာဇ်က စာမတတ်သူကို သင်ကြားပေးခြင်း ( 1 )
Viewers 811

ချန်းချန်အန်း တုန်လှုပ်သွားပြီး သူ၏အမှားကို သတိပြုမိကာ ချက်ချင်းပင် တောင်းပန်သော အပြုံးဖြင့် ပြုံးလိုက်၏။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ကျန်းလောင်ရှီး ပိုင်တာက ကျန်းလောင်ရှီး ပိုင်တာပဲပေါ့၊ ဘယ်သူမှခိုးယူလို့ မရပါဘူး"

လုရန်ကျာက အသက်ပြင်းပြင်း ရှူလိုက်သည်။

“ဝိုး ချန်းအန်း‌ကောက ကျန်းလောင်ရှီး ပိုင်တာ၊ ဘယ်သူမှ ခိုးယူလို့မရဘူး”

ချန်းချန်အန်းမှာ သည်းမခံနိုင်တော့ပေ။

“မင်း အသံတိုးတိုးလေးနဲ့ ပြောနေလို့ ငါ မကြားရဘူးလို့ ထင်နေတာလား"

ကျန်းပေါ်ချင်းက လုရန်ကျာကို လျစ်လျူရှုလိုက်ပြီး ချန်းချန်အန်းကိုသာ ကြည့်နေသည်။

“မင်း သူ့ကို ငါနဲ့ နေရာလဲခိုင်းချင်တာလား"

ချန်းချန်အန်း မဖြေနိုင်ခင်မှာပင် သူ ကိုယ်တိုင် ပြောလိုက်၏။

“ကောင်းပြီ”

ရိုက်ကူးရေး စတင်နေပြီ ဖြစ်သည်။ ကျန်းပေါ်ချင်းက ဒါရိုက်တာကို ဒုက္ခ မပေးချင်သကဲ့သို့ ချန်းချန်အန်းကို သည်းခံပေးခြင်းကလည်း အန္တရာယ်မရှိဟု ခံစားရ၏။

စကားဆုံးသည်နှင့် သူသည် ချက်ချင်း လှည့်ကာ ဒါရိုက်တာ၏ ဘေးတစ်ဖက်သို့ သွားရပ်လိုက်သည်။

လုရန်ကျာ : "မဖြစ်နိုင်ဘူး၊ ကျွန်တော့် CP လေး ကျွန်တော့်ကြောင့် နစ်....မြုပ် သွားပြီလား"

သူသည် ‘နစ်မြုပ်’ဟူသော စကားလုံးကို သီချင်းဆိုသကဲ့သို့ အသံကို ဆွဲကာ ပြောလိုက်၏။


"ညီလေး၊ မင်း ဘာလို့ စာအုပ်ထဲမှာ မပါခဲ့လဲဆိုတာ ငါ နောက်ဆုံးတော့ သိသွားပြီ"

ချန်းချန်အန်းမှာ စိတ်တိုသွားပြီဖြစ်သည်။

“ဒီပါးစပ်နဲ့ မင်း တစ်နေ့ကို လူ ရှစ်ရာလောက် ရန်စနေနိုင်တာပဲ”

ထိုသို့ ပြောပြီးနောက် ချန်းချန်အန်းက လျင်မြန်စွာ ကျန်းပေါ်ချင်းနောက်သို့ လိုက်သွား၏။

“ကျန်းလောင်ရှီး ကျွန်တော် ဒီလို ဆိုလိုချင်တာ မဟုတ်ပါဘူး၊ ကျွန်တော် လောင်ရှီးရဲ့ဘေးမှာ ရပ်ချင်ပါတယ်"

ကျန်းပေါ်ချင်းက ရက်ရက်စက်စက် ငြင်းဆိုသည်။

“မင်းနဲ့ ငါ့ကြားမှာ ဘာမှ ပြောစရာ မရှိဘူး”

“ဒါပေမဲ့ ကျွန်တော် လောင်ရှီးကို ပြောစရာ ရှိတယ်!”

ချန်းချန်အန်းက စိတ်ဓာတ်ကျ မသွားဘဲ သူ၏ မျက်လုံးများကို ဖျတ်ခနဲ မှိတ်ပြလိုက်၏။

“ကျွန်တော် လောင်ရှီးကို ပြောစရာတွေ အများကြီး ရှိတယ်လေ"

ကျန်းပေါ်ချင်းက တစ်ဖက်သို့ ခေါင်းလှည့်သွားသည်။

“မင်းက တအားကို ဆူညံတာပဲ”

ချန်းချန်အန်းမှာ အနည်းငယ် နစ်နာသွားသကဲ့သို့ ခံစားရပြီး တီးတိုးစွာ ညည်းညူလိုက်၏။

“ဒါတွေအားလုံးက လောင်ရှီးအတွက်ပဲလေ"

ဤစကားများက ကျန်းပေါ်ချင်းကို မျက်မှောင်ကျုတ်သွားစေပြီး သူသည် ကျန်းယိုချွမ်းကို အလိုလို ကြည့်လိုက်မိသည်။

နောက်ဆုံး‌ စကားကို ကျန်းယိုချွမ်း ကြားသွားမည်ကို ကြောက်သောကြောင့်ပင်။


ကျန်းပေါ်ချင်းသည် ချန်းချန်အန်း ထိုကဲ့သို့ မရေမရာ စကားမျိုး ပြောတိုင်း သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ အပြစ်ရှိသော ခံစားချက်ဖြစ်ကြောင်း သိရှိရန် အချိန်ယူလိုက်ရ၏။

' သူ ဘာလို့ မကောင်းတဲ့ အပြစ်ရှိသလို ခံစားရမှာလဲ၊ အဓိပ္ပာယ်မရှိတာတွေပြောနေတာက သူမှ မဟုတ်တာ '

ကျန်းပေါ်ချင်းက သူ၏ကျောကို မတ်လိုက်ပြီး စီနီယာတစ်ယောက်၏ ခမ်းနားထည်ဝါသော ပုံစံကို ပြလိုက်သည်။

“ကောင်းပြီ မင်း ဒီမှာပဲနေ မရွေ့နဲ့”

“လောင်ရှီး လိမ္မော်သီး သွားဝယ်ပေးမလို့လား”

နောက်ဆုံးတွင် ချန်းချန်အန်းသိသော တရုတ်စာပေ အပိုင်းအစတစ်ခု ရှိလာပြီဖြစ်သည်။ သူ မူလတန်းကျောင်းတုန်းက သင်ယူခဲ့ရသော ‘The Back View’ ကို အမှတ်ရပြီး စကားဝိုင်းကို လျင်မြန်စွာ စလိုက်၏။

“မင်း ရုပ်ရှင်ဧကရာဇ်ရဲ့ သား ဖြစ်ချင်လို့လား"

( ဒါက တရုတ်က နာမည်ကြီး ဆောင်းပါးတစ်ခုထဲကပါ၊ သားဖြစ်သူက ခရီးထွက်ခါနီး အဖေက “မင်း ဒီမှာပဲနေ ငါ လိမ္မော်သီး သွားဝယ်ပေးမယ်” လို့ ပြောပြီး ရထားသံလမ်းကို ခက်ခက်ခဲခဲ ကျော်ဖြတ်နေတဲ့ အဖေ့ရဲ့ ကျောပြင်ကို သားဖြစ်သူက ကြည့်ပြီး မျက်ရည်ကျတဲ့ ဇာတ်လမ်းမျိုးပါ )

ကံမကောင်းစွာဖြင့် ကျန်းယိုချွမ်းမှာ ထိုစကားကို အမှန်တကယ်ပင် ကြားသွားပြီး ကြောက်လန့်တကြား လှမ်းကြည့်၏။

"အဖေနဲ့ သား ဆက်ဆံရေးလား၊ Sugar daddy တွေက အခု ဒီလို ဖောက်ပြန်တဲ့ ဂိမ်းတွေပါ ကစားနေကြပြီလား"

“... ငါ သိနေတယ်”

ကျန်းပေါ်ချင်းမှာ ချန်းချန်အန်းကို အဓိပ္ပာယ်မရှိသော စကားများ ပြောခွင့်ပြုခြင်း၏ ရလဒ်ကို ကြိုတင် မြင်ခဲ့ပြီးသားပင်။

အဖွဲ့လိုက် ဓာတ်ပုံရိုက်ရန်အတွက် နေရာများမှာ များသောအားဖြင့် သတ်မှတ်ထားပြီး ဖြစ်သည်။


ချန်းချန်အန်းက သူ ဆန္ဒရှိသည့်အတိုင်း ကျန်းပေါ်ချင်း၏ ဘေးတွင် ရပ်ကာ ‘ညီအစ်ကိုအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် လေးစားမှု’ ၏ သဟဇာတဖြစ်သော မြင်ကွင်းကို ဖန်တီးခဲ့၏။

ချန်းချန်အန်း၏ အပြုံးမှာ အေးခဲလုနီးပါး ဖြစ်နေပြီး မျက်စောင်းထိုးနေရာမှ ကျန်းပေါ်ချင်းအား ကြည့်လိုက်သည်။

"ကျန်းလောင်ရှီး၊ ဘာလို့ မပြုံးတာလဲ”

“ငါ မပြုံးနေဘူးလား"

ကျန်းပေါ်ချင်းက ပြန်မေး၏။

ချန်းချန်အန်းက ထိုအရာကို အပြုံးအဖြစ် မသတ်မှတ်နိုင်ချေ။

“နှုတ်ခမ်းမျဉ်းကွေးက အရမ်း သေးလွန်းတယ်၊ လူတိုင်းက ကျွန်တော်တို့ကို ဆက်ဆံရေး မကောင်းဘူးလို့ ထင်ကုန်လိမ့်မယ်"

“ဟားဟား”

ကျန်းပေါ်ချင်းက နှစ်ကြိမ်တိုင်တိုင် လှောင်ပြုံးလိုက်၏။

“ငါနဲ့မင်းက ကောင်းမွန်တဲ့ဆက်ဆံရေး ရှိတယ်လို့ရော ထင်ရလို့လား"

ကင်မရာက ကျန်းပေါ်ချင်းက ‘ဟားဟား’ ဟု ပြောနေချိန်တွင် ပုံရိုက်လိုက်သည်။

ချန်းချန်အန်းမှာ ဒါရိုက်တာကျန်းနောက်မှ လိုက်ကာ စိုးရိမ်တကြီးဖြင့် ကြည့်လိုက်၏။ အေးစက်သော လှောင်ပြုံးသည်လည်း ပြုံးခြင်း ပုံစံတစ်မျိုး ဖြစ်နေဆဲပင်။

ဓာတ်ပုံထဲတွင် ကျန်းပေါ်ချင်း၏ အမူအရာမှာ မမျှော်လင့်ဘဲ ရှင်းလင်းနေပြီး ဤသည်မှာ မကောင်းသော အရာများထဲမှ ကောင်းချီးတစ်ခုပင်။

ချန်းချန်အန်းက သက်ပြင်းချလိုက်၏။

‘ အန္တရာယ်ကို ရှောင်ရှားနိုင်ခဲ့ပြီ ’


…………

ကျဉ်းမြောင်းသော လမ်းကြားတွင် ဖေရှန့်ယိသည် ကျန်ချန်ဖန်း ဘေးမှ တိုက်တိုက်ဆိုင်ဆိုင် ဖြတ်သွား၏။ သူက ညစ်ပတ်နေသော ကျောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းကို ငုံ့ထားကာ သူ့ကိုယ်သူ ပတ်ဝန်းကျင်ရှိ မီးခိုးရောင်နောက်ခံနှင့် တစ်သားတည်းဖြစ်အောင် ဖုံးကွယ်ထားရန် ကြိုးစားနေသည်။

ကျန်ချန်ဖန်းမှာ ဘေးမှဖြတ်သွားသူကို သိရှိရန် ခဏတာ အချိန်ယူလိုက်ရ၏။ သူ လှည့်လိုက်ပြီး နောက်မှ အလျင်အမြန် အော်ခေါ်လိုက်သည်။

“ဟေး၊ မင်း ယောကျ်ားတွေကို ကြိုက်တယ်လို့ ငါ ကြားတယ်နော်"

ဖေရှန့်ယိက ခဏတာ ရပ်လိုက်ပြီးမှ ပို၍ မြန်မြန် လျှောက်သွားသည်။

“ဟေး မသွားနဲ့ဦး”

ကျန်ချန်ဖန်း မှာ သူ၏ ဆိုလိုရင်း မရှင်းမလင်း ဖြစ်သွားသည်ကို သိသွားပြီး စိတ်အ‌နှောင့်အယှက်ဖြစ်ကာ နောက်မှလိုက်သွား၏။

“ငါ့ကို မကြောက်ပါနဲ့၊ ငါ ဆိုလိုတာက ယောကျ်ားတွေကို ကြိုက်တာက အဆင်ပြေတယ်၊ အဲဒါက သူတို့ မင်းကို အနိုင်ကျင့်ရတဲ့ အကြောင်းပြချက် မဟုတ်ဘူး"

ဖေရှန့်ယိမှာ ရပ်တန့်သွားကာ သူ၏နောက်မှ လူက သူ၏လည်ပင်းကို ပေါ့ပေါ့ပါးပါး ဖက်လိုက်သဖြင့် သူတို့မှာ သူငယ်ချင်းဟောင်းများကဲ့သို့ ဖြစ်နေသည်။

တဖြည်းဖြည်းနှင့် ဖျော့တော့သော၊ ကျန်းမာရေးမကောင်းသည့် ပါးပြင်ပေါ်တွင် ရှက်သွေးဖြာသော ပန်းရောင်တစ်ခု ပေါ်လာ၏။ လှိုင်းထန်နေသော စိတ်ခံစားမှုများက သူ့ကို ကျိုးပြတ်လုနီးပါး ဖြစ်သွား‌စေသည်။

စိတ်ခံစားမှုတစ်ဝက်က အလွန်ရှက်ရွံ့ပြီး သူ့ကိုယ်သူ ဖုံးကွယ်ချင်သည်။ ကျန်တစ်ဝက်ကမူ စိတ်အားထက်သန်စွာဖြင့် သူ့ကိုယ်သူ ပေးအပ်ချင်မိသည်။ သူ ဘာလုပ်ရမလဲ မသိတော့ပေ။

ရိုက်ကွင်းရှိ ထိုင်ခုံငယ်လေးပေါ်တွင် ထိုင်နေသော ချန်းချန်အန်းက နောက်ဆုံးတွင် မေးလိုက်ရသည်။

“... ဘာလုပ်ရမလဲ မသိတော့ဘူးဆိုတာ ဘာလဲ"


( Note : ရေးထားတဲ့ တရုတ်စာလုံးကို ချန်းချန်အန်းက နားမလည်တာမျိုးပါ )

အနီးနားရှိ ဒါရိုက်တာက ကြားသွားပြီး မခံမရပ်နိုင် ဖြစ်သွား၏။

"ရုပ်ရှင်ဧကရာဇ်ကျန်း၊ လာပါဦး၊ ပြီးတော့ ဒီရှူးဂါးဒယ်ဒီကို စာဖတ်တတ်အောင် သင်ပေးပါ‌ဦး"

( ဒီက ရှူးဂါးဒယ်ဒီဆိုတာက ကျန်းပေါ်ချင်းရဲ့ ရှူးဂါးဒယ်ဒီလို့ ဆိုလိုတာ မဟုတ်ပါဘူး၊ ဒီဇာတ်ကားအတွက် သူ့ဦးလေးက ရင်းနှီးမြှုပ်နှံထားလို့ သူ့ကို ရိုက်ကွင်းရဲ့ ရှူးဂါးဒယ်ဒီလို့ သုံးတာပါ )

ကျန်းပေါ်ချင်းသည်လည်း သူ့ဇာတ်ညွှန်းကိုသူ ဖတ်နေရင်း ခေါ်သံ ကြားသောအခါ သူ လှည့်ကြည့်လိုက်၏။

“မင်းကိုယ်တိုင် သင်ပေးလို့ မရဘူးလား”

“ငါက စာမတတ်တဲ့သူတွေကို ကြောက်တဲ့ ရောဂါ ရှိတယ်”

ကျန်းယိုချွမ်းက ခေါင်းကို တရမ်းရမ်းခါပြသည်။

“ငါ စာမတတ်တဲ့သူတွေကို ကြောက်တယ်"

ရုပ်ရှင်ဧကရာဇ်မှာ တိတ်ဆိတ်သွားပြီး သူ၏ဇာတ်ညွှန်းကို ချကာ လျှောက်သွား၏။ သူ ချန်းချန်အန်း၏ ဇာတ်ညွှန်းကို ကြည့်ကာ သုံးစက္ကန့်မျှ ရပ်တန့်သွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“မင်းကို ဘာပြောရမှန်းတောင် မသိတော့ဘူး”

ကျန်းပေါ်ချင်းက သူ၏ လက်ညှိုးကို ဆန့်တန်းကာ ဇာတ်ညွှန်းကို ဖုံးအုပ်နေသော ကောက်ကောက်ကွေးကွေး Pinyin မှတ်စုများကို ထောက်ပြလိုက်၏။

“မဖြစ်မနေသင်ရတဲ့ မူလတန်းကျောင်း ဖတ်စာအုပ် လို Pinyin မှတ်စုတွေနဲ့ မှတ်ထားတဲ့ ဇာတ်ညွှန်းကို ငါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ မင်းက လုံ့လဝီရိယရှိတဲ့ ကျောင်းသားများလား"

ချန်းချန်အန်းက အားမရှိစွာ ပြော၏။

“မဟုတ်ပါဘူး ကျွန်တော်က ဒါရိုက်တာကျန်း ကြောက်တဲ့ စာမတတ်တဲ့သူကြီးပါ”


“စိတ်ထားကောင်းပေမဲ့ ပြောင်းလွယ်ပြင်လွယ် မရှိဘူး၊ ဒီစာလုံးကို မသိရင် တခြားစကားလုံးတွေကို ကြည့်ဖို့ရော စဉ်းစားဖူးလား"

ချန်းချန်အန်းက အလေးအနက် ရှိနေသည်ကို မြင်သောအခါ ကျန်းပေါ်ချင်းမှာ ရယ်မောခြင်းကို ရပ်လိုက်၏။ သူသည် ‘ နှိုင်းယှဉ်လိုက်ရင် ချို့ယွင်းချက်ကို တွေ့ရတယ် ’ သည်ဟူ‌သော စကားလုံးကို Chat box တွင် ရိုက်ထည့်ပြီး ချန်းချန်အန်းအား ပေးလိုက်သည်။

“ရင်းနှီးတဲ့ စကားလုံးတစ်ခုထဲထည့်လိုက် အခု မင်း မှတ်မိပြီလား"

ချန်းချန်အန်း မျက်လုံး မှေးကာ ကြည့်လိုက်သည်။ သူ ဤစကားလုံးကိုလည်း မမြင်ဖူးပေ။ ရှုပ်ထွေးစွာ ကြည့်လိုက်၏။

“... နှိုင်းယှဉ်လိုက်ရင် ဘာတွေ့တာလဲ”

သူ့ကျောင်းသားက နှေးကွေးနေသောကြောင့် ကျန်းပေါ်ချင်းမှာ အနည်းငယ် စိတ်ရှုပ်လာသည်။ သူက အေးစက်စွာ ပြန်ပြော၏။

“နှိုင်းယှဉ်လိုက်ရင် ငါ့ကို တွေ့တယ်ဆိုရင်ရော”

………

“အိုး ! ဒါဆို အဲဒီ စာလုံးကို ‘wǒ’ (ငါ) လို့ အသံထွက်တာပေါ့! ကျွန်တော် ‘chù’ လို့ ထင်ခဲ့တာ!"

ချန်းချန်အန်းက နားလည်ကြောင်း ခေါင်းညိတ်ပြ၏။

‘‘... chù လို့ပဲ အသံထွက်တာ”

ကျန်းပေါ်ချင်းသည် သူ အမှန်တကယ် ယုံသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့သောကြောင့် အဖြေမှန်ကို ပြန်ပြောပြလိုက်ရသည်။

“ဒါဆို ဘာလို့ ကျွန်တော့်ကို ခုနက အမှား ပြောပြတာလဲ”

ချန်းချန်အန်းက ရှုပ်ထွေးစွာ ကြည့်သည်။


“ကျွန်တော် အဖြေသိဖို့ နီးနီးလေးပဲ လိုတော့တာကို လောင်ရှီးက ကျွန်တော့်ကို မေ့အောင် လုပ်လိုက်တယ်၊ ဒါက ကိုယ့်ကျောင်းသားကိုယ် လမ်းမှား ပို့နေတာ မဟုတ်ဘူးလား"

"... ငါ တောင်းပန်ပါတယ်"

ချန်းချန်အန်း၏ စွပ်စွဲသော အကြည့်အောက်တွင် ကျန်းပေါ်ချင်းမှာ ထိုစကားကို တောင့်ခဲစွာ ပြောလိုက်ရ၏။

ချန်းချန်အန်းက ကျေနပ်သွားသည်။ သူ ကျန်းပေါ်ချင်းကို ဆက်၍ ဖိအားမပေးတော့ဘဲ ဇာတ်ညွှန်းကို ကိုင်ထားလျက် ခဏတာ စဉ်းစားပြီးနောက် သူ၏ဝေဒနာကို မေ့လျော့ကာ မျက်နှာကို ကျန်းပေါ်ချင်း အနားသို့ ထပ်မံ ရွှေ့လိုက်သည်။

အတင်းအဓမ္မ ပြုံးထားသော မျက်နှာကြီးတစ်ခုက ရုတ်တရက် ဇာတ်ညွှန်း၏ အထက်တွင် ပေါ်လာ၍ ကျန်းပေါ်ချင်းမှာ ထိတ်လန့်သွားသည်။

“အခု ဘာဖြစ်ပြန်ပြီလဲ”

“ကျန်းလောင်ရှီး၊ ကျွန်တော့်မှာ ပြောပြဖို့ အရမ်းခက်ခဲတဲ့ တောင်းဆိုမှုတစ်ခု ရှိတယ်”

“ပြောဖို့ အရမ်းခက်ခဲရင် မပြောပါနဲ့တော့”

ကျန်းပေါ်ချင်းက မော့မကြည့်ဘဲ ပြောလိုက်သည်။

~~~