အပိုင်း(၃၄) ငါ့ဆီကနေ ပုန်းကွယ်နေခြင်း
ကြီးမြတ်လှတဲ့သခင်မလေးက သေချာပေါက်ကို ရှာလကာရည်သောက်နေတာပင်။ သူမရဲ့အမူအရာကို ကြည့်လိုက်မည်ဆိုလျှင် စိတ်အခြေအနေကောင်းမှာ ရှိနေတာ မဟုတ်ဘူးဆိုတာကို သိနိုင်ပေသည်။
တစ်ခဏကြာပြီးနောက် အကြီးအကဲကျန်းရန် ရောက်ရှိလာပြီး စတင်သင်ကြား ပို့ချတော့သည်။ လင်ရှုက လင်းဖုန်းရှောင်အတွက် တျန်မီးတစ်ခု ပြုလုပ်ပေးပြီးနောက် သူတို့နှစ်ဦးဟာ သူတို့ရဲ့ကိုယ်ပိုင်အဂ္ဂရိတ်ပညာကို စတင်ကျင့်ကြံကြတော့သည်။ တဖြည်းဖြည်းနှင့် သူတို့နှစ်ဦးကြားတွင် တိတ်ဆိတ်မှုတစ်ရပ်က တစ်ခဏလောက် ကြီးထွားလာတော့သည်။
ယနေ့တွင် သူတို့က အဆာခံတျန်ဆေးကို သန့်စင်နေတာဖြစ်သည်။ ဒါဟာ မပြောပလောက်သည့်အရာပင် မီးဖိုထဲတွင် တစ်နာရီကြာပြီးနောက် ဆေးလုံးသုံးအား သန့်စင်နိုင်ပေသည်။ မသေမျိုးလမ်းစဉ်အား ကျင့်ကြံနေသူတို့အဖို့ တစ်လုံးစားရုံဖြင့် ဆယ်ရက်ခန့် ဘာကိုမျှစားသောက်စရာ မလိုပေ။ အကယ်ဒမီအတွင်း၌ အစားအသောက် ရောင်းချသည့် ကန်တင်းတစ်ခုရှိသည် ထိုအစားအသောက်တွေ အားလုံးထဲတွင် ကျင့်ကြံရေးတွင် အထောက်အပံ့ပေးနိုင်သော သန့်စင်သော စိတ်ဝိဥာဉ်စွမ်းအား ပါဝင်သည်။ ထို့ကြောင့် တပည့်တွေဟာ ထိုဆေးလုံးတွေကို မစားကြပေ။ သူတို့တွေ အပြင်ကိုထွက်သည့်အချိန်မှသာ တစ်ပုလင်းလောက် သယ်ဆောင်သွားကြတာဖြစ်သည်။ တပည့်တွေက ထိုဆေးလုံးတွေအား အောင်အောင်မြင်မြင် သန့်စင်ပြီးလျှင် ရတနာခန်းမထဲ၌ ရောင်းချနိုင်သည်။ ဆေးလုံးသုံးလုံးအတွက် ကျောက်စိမ်းဝိဥာဉ်တုံး တစ်တုံးကျသင့်ကာ ထိုသည်ကို ဝယ်သည်မှာ အနည်းငယ်သာရှိသည်။
လင်ရှုက လင်းဖုန်းရှောင်၏ဘယ်ဘက်၌ ထိုင်လိုက်သည်။ သူမ၏ညာဘက်မှာတော့ ခပ်ဝိုင်းဝိုင်းမျက်နှာနှင့် ဆယ်ကျော်သက်အရွယ်တစ်ယောက် ထိုင်နေတာဖြစ်သည်။ သန့်စင်နေသည့်လမ်းတစ်ဝက်တွင် ထိုသူက သူ့ဆံပင်ကို သပ်လိုက်ကာ ပြောလာသည်။
“အဆာခံစေတဲ့တျန်ဆေးတစ်လုံး စားလိုက်ရင် ဆယ်ရက်စာအစားအသောက်တွေကို ချွေတာနိုင်တယ်။ မနေ့က ကွန်ဖြူရှပ်ကျောင်းတော်က လူကြီးမင်းရှုန်းကျောက်က သူ့အတန်းထဲမှာ ပြောနေတာကို ကြားလိုက်တယ်။ ဒီနှစ်ရဲ့ရိတ်သိမ်းမှုက သိပ်မကောင်းဘူးတဲ့။ နန်ရှက ငတ်မွတ်ဘေးနဲ့ပြည့်နေတာ သဘာဝဘေးကို သက်သာစေရေးကလည်း အရမ်းကိုခက်ခဲတယ်။ ဒါဆိုရင် ငါတို့တွေက ဘာလို့ ဒီဆေးကိုပမာဏအများကြီး သန့်စင်လိုက်ပြီး ဆာလောင်နေတဲ့သူတွေကို မဖြန့်ဝေရမှာလဲ”
ဘယ်သူကမှ သူ့အား ဂရုမစိုက်ပေ တစ်ခဏကြာပြီးနောက် လင်းဖုန်းရှောင်က ရုတ်တရက်ပင် ပေါ့ပေါ့ပါးပါးပြောလာသည် ။
“ကောင်တီတစ်ခုမှာ လူဘယ်နှစ်ယောက်လောက်ရှိလဲ”
ထိုမျက်နှာဝိုင်းနှင့်ဆယ်ကျော်သက်လေးက ပြောလာသည်။
“ငါးသောင်းလား”
လင်းဖုန်းရှောင်က ပြောလာသည်။
“အဆာခံဆေးလုံးငါးသောင်းအတွက် ကုန်ကြမ်းပစ္စည်း ဘယ်လောက်လောက် လိုအပ်သလဲ”
မျက်နှာဝိုင်းလေးဟာ နားလည်သွားသည့်အသံပြုလိုက်ပြီး
“အဲဒါက အများကြီး ကုန်ကျမှာပဲ”
လင်းဖုန်းရှောင်က ပြောလိုက်သည်
“သဘာဝဘေးကျတဲ့နှစ်မှာ ငတ်မွတ်ခေါင်းပါးတဲ့ဘေး ရှိတတ်တယ်။ နောက်နှစ်မှာ ရာသီဥတုကောင်းတယ်ဆိုရင်တောင် ကောက်နှံတွေ ကြီးထွားဖို့ဆို တစ်နှစ်လောက် ကြာမှာပဲ”
မျက်နှာဝိုင်းကောင်လေးက စကားပြောတာ ရပ်သွားတော့သည်။
တစ်ခဏလောက်ကြာပြီးနောက် သူဟာ တွန့်ဆုတ်စွာ ပြောလာသည် ။
“အဲဒါက ကျွန်တော်ပါ ကိစ္စတွေကို သေချာမတွေးလိုက်တာ”
လင်းဖုန်းရှောင်က စကားမပြောတော့ပဲ မီးပြင်းဖိုထဲမှာရှိသည့် စိတ်ဝိဥာဉ်အရည်ကို ကျောက်စိမ်းမွှေတံတစ်ခုဖြင့် မွှေနေတော့သည်။ ထိုအချိန်တွင် မည်သူကမှ သူမရဲ့သွင်ပြင်အား ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
လင်ရှုက သူ့နှလုံးသားထဲတွင် တိတ်တဆိတ် တွက်ချက်ကြည့်လိုက်သည်။ တစ်နှစ်မှာ ၃၆၅ ရက်ရှိသည့်အတွက် လူတစ်ယောက်က အဆာခံ ဆေးလုံး ၃၆လုံးစားရန် လိုအပ်ပေသည်။ ကောင်တီတစ်ခုလျှင် တစ်နှစ်၌ ဆေးလုံးနှစ်သိန်းကျော် လိုအပ်ပြီး ထိုထက်တောင် ပိုများနိုင်သေးသည်။ ယခုနှစ်ကပ်ဘေး၏ဆာလောင်မှုက ကောင်တီတစ်ခုတည်းနှင့် ကန့်သတ်ခံရမည် မဟုတ်ပေ။ အနည်းဆုံး ကောင်တီဆယ်ခုထိပျံ့နှံ့နိုင်ပြီး ထိုကဲ့သို့ ရေတွက်လိုက်ပါက ဝိဥာဉ်ဆေးဥယျာဉ်တွေအားလုံးအောင် ကုန်စင်အောင် တူးထုတ်လျှင်ပင် လောင်မြိုက်နေသည့် ထင်းလှည်းတစ်စီးအား ရေတစ်ခွက် လောင်းချလိုက်သကဲ့ ဖြစ်နေမှာဖြစ်ပြီး လုံးဝကို အသုံးမဝင်နိုင်ပေ။ ကောင်းကင်ဘုံက အညှာအတာကင်းမဲ့ပြီး လူတွေ၏စွမ်းရည်က ထိုသည်ကို လုံးလုံးကြီးခုခံနိုင်ဖို့ မဖြစ်နိုင်ပေ။ မသေမျိုးကျင့်ကြံသူတွေက ကောင်းကင်ကို ဖျက်ဆီးပစ်ပြီး မြေပြင်အား ပျက်စီးစေမည်ဆိုလျှင်ပင် သူတို့တွေ ကယ်နိုင်သည်က လူတစ်ယောက်ကိုပင်ဖြစ်ပြီး တိုင်းပြည်တစ်ခုလုံးရှိလူတွေအား ကယ်တင်ရန်ကတော့ မဖြစ်နိုင်ပေ။
သူဟာ ရုတ်တရက်ပင် မင်ကျိုးရဲ့အဝေးမှာရှိနေတာ နှစ်လခန့်ပင် ရှိနေပြီဖြစ်ကြောင်း သတိရသွားတော့သည်။ မင်ကျိုးပြည်နယ်ဟာလည်း ဒီနှစ်တွင် ခြောက်သွေ့သည့် ရာသီဥတုအား ခံစားနေရပြီး ယခုအချိန်၌ ထိုနေရာရှိအခြေအနေက မည်ကဲ့သို့ ဖြစ်နေပြီလဲဆိုတာကို မသိပေ ။
သူဟာ နင်အန်းရှိအခြေအနေနှင့် သာမန်လူတွေ၏ အသက်ရှင်နေထိုင်ရေးက မည်မျှခံစားနေရသည်လဲဆိုတာကိုပင် လုံးဝပင် ဂရုမစိုက်ပေ။ သူ အများဆုံးဂရုစိုက်သည်က နင်အန်းစံအိမ်တော်ရှိ လီယာမောင်တို့ မိသားစုကိုပင်။
ထို့အတွက်ကြောင့် အတန်းပြီးသည်နှင့် သူဟာ ဟန်သောက်ဘုရားကျောင်းကနေ ချက်ချင်းပဲထွက်ခွာလာတော့သည်။ သူဟာ လင်းဖုန်းရှောင်က နေရောင်အောက်တွင် ပြတင်းပေါက်ကနေ သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရပြီး သူမကိုကြည့်ရသည်မှာ အရမ်းကို စိတ်ရှုပ်နေပုံပင် ။
သူဟာ အခန်းကိုပြန်ပြီး လီယာမောင်တို့မိသားစုက မည်ကဲ့သို့ စိုက်ပျိုးနေသလဲဆိုသည်အား မေးမြန်းရန် စာတစ်စောင် ရေးလိုက်သည်။ ထို့နောက် ရတနာခန်းမသို့သွားကာ စုစုပေါင်းအလုံးတစ်ရာရှိသည့် အဆာခံဆေးလုံးတွေ ပါဝင်သည့် ပုလင်းကြီးနှစ်လုံးအား လှဲလှယ်လိုက်သည်။ ထို့နောက်တွင်တော့ ကျောက်စိမ်းဝိဥာဉ်တုံးငါးဆယ်ကို အသုံးပြုကာ စိတ်ဝိဥာဉ်သားရဲဌာနမှ ဝိဥာဉ်စာပို့ခိုကို ငှါးရမ်းပြီး နင်အန်းရှိစံအိမ်သို့ စာနှင့်အတူ စိတ်ဝိဥာဉ်ဆေးလုံးများအား ပို့ရန် ငှါးရမ်းလိုက်သည်။
စိတ်ဝိဥာဉ်စာပို့ခိုက အလွန်ပင်လျင်မြန်စွာ ခရီးနှင်ပြီး တစ်ရက်နှင့်တစ်ည အတွင်းမှာပင် နင်အန်းမြို့ရှိ စံအိမ်မှ ပြန်စာတစ်စောင် ယူလာပေးသည်။ လီယာမောင်၏ စကားလုံးတွေက ရွဲ့စောင်းနေပေမဲ့ ခြုံငုံကြည့်ရသည့် အဓိပ္ပာယ်ကတော့ အတော်လေး ချောမွေ့ပေသည်။ အကြမ်းဖျင်း ပြောထားသည်က သူတို့တွေဟာ ခက်ခဲသည့်ကာလတစ်ခုကို ဖြတ်သန်းနေရပေမဲ့ အလုံးစုံ အဆင်ပြေနေသေးသည်ဆိုကာ သူတို့၏အသက်ရှင်နေထိုင်ရေးအား ထိန်းသိမ်းနိုင်သည်။ သူတို့ဟာ စိတ်ဝိဥာဉ်ဆေးလုံးတွေအား လက်ခံရရှိပြီး လင်ရှုအား အကယ်ဒမီတွင် ကောင်းကောင်း သင်ယူရန်ကိုပဲ အာရုံစိုက်ဟု ပြောထားသည်။ သူတို့အတွက် မည်သည့်စိုးရိမ်စရာမှ မလိုအပ်ပေ။
လင်ရှုက စာကို အဆုံးထိ ဖတ်လိုက်ပြီးနောက် သူ့နှလုံးသားသည်လည်း တည်ငြိမ်သွားတော့သည်။ သူစာကိုသိမ်းတော့မည့်အချိန်မှာပဲ တစ်ဖက်စာမျက်နှာတွင် ထပ်ရေးထားသည်အား သိလိုက်ရသည် ။
လီယာမောင် ပြောထားသည်မှာ စက်တင်ဘာလဝန်းကျင်လောက်က အမည်မသိအမျိုးသမီးကျင့်ကြံသူတစ်စုက ရွာကို လာရောက်ပြီး သူ၏အခြေအနေအား လာရောက်စုံစမ်းကာ သူတို့တွေက ဖီးနစ်အိမ်တော်ကဖြစ်ပြီး သခင်မလေးရဲ့အမိန့်ကြောင့် လာရောက်ရတာဖြစ်သည်။ ရွာသားတွေက သူတို့ကို ပြောလိုက်သည်ကတော့ သူဟာ သူတို့အပေါ် အလွန်ကို ယုံကြည်စိတ်ချပြီး ရွာထဲမှာ ဆယ်နှစ်ခန့် ဖြတ်သန်းခဲ့သည်ဆိုတာပင်။ ထင်ရသည်ကတော့ ဖီးနစ်အိမ်တော်ကညီအစ်မတွေက မကောင်းတဲ့လူတွေမဟုတ်ဘဲ မည်သည့်မှားယွင်းနေမှုမှလည်း မရှိပေ။ ဒါပေမဲ့လည်း သူ့အား အသိပေးချင်သည့်အတွက်ကြောင့်ပင်။
လင်ရှု “…..”
သူ သိခဲ့သင့်သည်။ ကြီးမြတ်လှတဲ့သခင်မလေးလိုလူမျိုးက သူ့အား လူကိုယ်တိုင် ရှာဖွေစစ်ဆေးမည်မဟုတ်ပဲ ထိုကဲ့သို့ လွတ်ထားလိုက်မှာဖြစ်သည်။
ကြီးမြတ်လှတဲ့သခင်မလေးက သူ့ရဲ့အတိတ်ကိုစုံစမ်းရန် နင်အန်းရှိစံအိမ်သို့ လူလွှတ်ထားသည်မှာ ကြာပြီဖြစ်သော်လည်း သူကတော့ ယုတ္တိရှိတဲ့ပုံပြင်တစ်ပုဒ်အား အားသွန်ခွန်စိုက် မွှေနှောက်နေရသည်။
စက်တင်ဘာလသည် လင်းဖုန်းရှောင်ဘက်မှ သူ့အား စတင်စုံစမ်းရှာဖွေသည့် အချိန်ဖြစ်နိုင်သည်။ ထိုနေ့ကအဂ္ဂရိတ်သင်ခနိးစာပြီးသည့်နောက် လင်ရှုက ဝါးလုံးဆောင်ထဲတွင် စာရေးကာ စာပို့နေရင်း လင်းဖုန်းရှောင်အား ဟန်သောက်ဘုရားကျောင်းတွင် တွေ့လိုက်သေးသည်။ ထို့ကြောင့် သူမက အပြင်လူတွေနှင့် ဆက်သွယ်နေတာပဲ ဖြစ်ရမည် ။
ငါးပူတင်းလိုလူမျိုးဆိုသည်က သူ့မျက်စိရှေ့တွင် သဲတွေကို မပွတ်နိုင်သူဖြစ်သည်။ ပြဿနာတွေအားရှောင်ရှားရန် သူဆိုသည်က ရူးမိုက်တဲ့ အရူးတစ်ယောက်ဖြစ်ပြီး ဆရာရှိသည်ဆိုသည်အား လင်းရှောင်ဖုန်းအား ပြောမပြခဲ့ပေ။ ရလဒ်အနေနှင့် သူဟာ တမင်သက်သက် လင်းဖုန်းရှောင်အား လှည့်စားလိုက်သကဲ့သို့ပင်။ သူဟာ ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်အချို့နှင့် အန္တရာယ်ရှိသည့် ရာဇဝတ်သားတစ်ဦးကဲ့သို့ ဖြစ်သွားခဲ့သည်။
ထို့နောက် ထိုလူက ချုံးဟွားတောအုပ်ထဲတွင် ဓားတစ်လက်ကို ရုတ်တရက် ဆွဲထုတ်လာပြီး သူ့တွင် အမှန်တကယ်ပဲ သိုင်းပညာစွမ်းရည်မရှိဘူးလားဆိုသည်အား စစ်ဆေးပုံပင်။ ထို့နောက်တွင်တော့ သူမရဲ့သဘောထားက တဖြည်းဖြည်းနှင့် အကောင်းဘက်သို့ ပြောင်းလဲလာပြီး သူ့အား ဟိုနေရာ ဒီနေရာသို့ ပို့ကာ ကွယ်ဝှက်ထားတဲ့အဓိပ္ပာယ်တချို့ ရှိနေသကဲ့သို့ပင်။
ယနေ့တွင်တော့ တစ်နည်းနည်းနှင့် လင်းဖုန်းရှောင်ဟာ သူ့အား ထပ်မံစူးစမ်းနေပြန်သည်။ ဆိုတော့ ဒီတစ်ခါကရော သူက ဘာလုပ်မိလို့လဲ။
လင်ရှုက နက်ရှိုင်းတဲ့စိတ်ပျက်လက်ပျက်ဖြစ်မှုနှင့် သူ့ကိုယ်သူသံသယဝင်သည်ထဲသို့ ကျရောက်သွားတော့သည်။
သူ့တွင် ဆရာရှိသည့်ကိစ္စရပ်အပြင် တခြားဘယ်နေရာကများ လင်းဖုန်ရှောင်ကို ဆွဲဆောင်လိုက်လို့လဲ။
သူဟာ တစ်ခုလေးကိုမှ တွေးလို့မရပေ ။
လတ်တလောတွင် လင်းဖုန်းရှောင်နှင့် အဆက်အဆံလျှော့သည်က ပိုကောင်းလိမ့်မည်ပင်။
ကံကောင်းသည်က ပြီးဆုံးပြီးသားဖြစ်သည့် “အပြင်ဘက်တျန်ကိုမိတ်ဆက်ခြင်း” ကလွဲ၍ ဒီနှစ်ရက်အတွင်း လင်းဖုန်းရှောင်နှင့် မည်သည့်အတန်းမှမရှိပေ။ လင်းဖုန်းရှောင်၏အတန်းအလုပ်တွေက သူမကိုအလုပ်ရှုပ်စေပြီး သူတို့နှစ်ဦးဟာလည်း ရိုးရိုးရှင်းရှင်းပင် မတွေ့နိုင်ကြပေ။ လင်ရှုသည်လည်း တမင်သက်သက်ပင်။ သူ့တွင် စားသောက်ချိန်နှင့် အိမ်ပြန်ချိန်ကို တစ်ထပ်တည်းမကျစေရန်ပြုလုပ်ထားသည်။ ကြည့်ရသည်မှာ ရည်ရွယ်ချက်ရှိရှိ မတွေ့ဆုံသည်က သူ ထင်ထားသည်ထက် ပိုပြီးလွယ်ကူသည့်ပုံပင် ။
တတိယမြောက်နေ့တွင်တော့ အကယ်ဒမီက ပွဲတော်ဆင်နွှဲသကဲ့သို့ ပေါက်ကွဲသွားသည်။ ရှုကျီကျနိးရန်က သူ၏လှည့်လည်သွားလာသောခရီးကနေ ပြန်ရောက်လာတာပင် ဖြစ်သည်။
မူလကတော့ ဒီအိမ်မက်ကွင်းပြင်ထဲက ပြဿနာက သေးငယ်ပြီး အန္တရာယ်မရှိပေ။ ကျန်းရန်သည်လည်း အလျင်စလိုပြန်လာရန် မလိုအပ်ပေ။ သို့သော် ယခုတွင်တော့ အိမ်မက်ကွင်းပြင်တစ်ခုလုံးက ပြိုကျသွားတာပင်။ ပြီးတော့လည်း အခြေအနေက ပို၍ပင် အလျင်စလိုဖြစ်သွားတော့သည်။ ရာထူးမြင့်အရာရှိတွေက ကျော်ကြားသော တောင်ထွတ်တချို့တွင် ပျော်ပါးကစားနေသော ရှုကျီကျန်းရန်နှင့် သူ၏တခြားသောသူငယ်ချင်းများကို ရှာဖွေရန် ကိုယ်တိုင်ကိုယ်ကျ အပြင်ထွက်သွားကာ ထိုအိမ်မက်ကွင်းပြင်နယ်မြေအား ကြီးမားသည့်ပြင်ဆင်မှုနှင့် ပြန်လည်ထိန်းသိမ်းရန် သူတို့အား ပြန်ခေါ်လာရသည်။
နောက်ထပ်ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပျက်သွားသေးသည် ရှုကျီကျန်းရန်နှင့် ပျော်ပျော်ပါးပါးကြီး လှည့်လည်သွားလာနေသည့် ပုဂ္ဂိုလ်က တာအိုပညာရှင် ယွီရှစ်ဟု နာမည်ကျော်ကြားသည့်သူဖြစ်ပြီး “လျှို့ဝှက်ဆန်းကြယ်သောဝိဥာဉ်တုံးအကဲဖြတ်သူ”၏ ဆရာလည်းဖြစ်သည် သူပြန်လာပြီဆိုကတည်းက မည်သည့်အခါမှ မစတင်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သောဝိဥာဉ်တုံးအကဲဖြတ်သူအတန်းဟာလည်း နောက်တုံးတော့ ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ပထမဆုံးအတန်းက ဆယ်ရက်အတွင်းမှာပင်။
လင်ရှုက ရယ်ချင်စဖွယ်ကောင်းသည့် ပုံသဏ္ဍာန်ရှိသော ဆလင်ဒါပုံအား ထင်သာမြင်သာရှိသည့်အနေအထားတွင် ထားလိုက်ကာ တာအိုပညာရှင်ယွီရှစ်အား ထိုသည်ကို ဆယ်ရက်အတွင်းမည်သို့ဖွင့်ရမည်လဲ မေးဖို့ရည်ရွယ်ထားလိုက်သည်။
ရက်အနညိးငယ်ကြာပြီးနောက် ကျောက်စိမ်းစည်းတံဆိပ်က လင်းလာကာ အိမ်မက်ကွင်းပြသ်အား ပြန်လည်ပြင်ဆင်ပြီးပြီဟု ရည်ညွှန်းနေသလို လူကြီးမင်းမုန့်သည်လည်း ပြန်လာပြီပင်။
“ဒီကတာအိုပညာရှင်လေး ကျုပ်မရှိတုန်း ဘာလို့များ ဒီလောက်ကြီးမားတဲ့ဖြစ်ရပ်ကြီးကို လုပ်လိုက်ရတာတုန်း” လူကြီးမင်းမုန့်က စံအိမ်ကပြန်လာပြီးနောက် ပြုံးနေရင်းပင် လင်ရှုအားအနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
လင်ရှု “…..”
တခြားသူတွေကတော့ သူဟာ ဝါးခေါက်ဆိုသည်အား မသိရင် မသိနိုင်ပေမဲ့ အိမ်မက်ကွင်းပြင်နှင့် နီးကပ်စွာဆက်စပ်သည့် လူကြီးမင်းမုန့်ကတော့ ထိုအကြောင်းကိုသိနေသည်မှာ အံ့ဩစရာမရှိပေ။
သူက ပြောလိုက်သည်။ “ကျွန်တော် ဂရုမဲ့သွားပါတယ်”
လူကြီးမင်းမုန့်က ပြောလာသည်။
“ဒီကတာအိုပညာရှင်လေးက ကိုယ့်ကိုကိုယ် အပြစ်တင်နေစရာမလိုပါဘူး။ မင်း မမျှော်လင့်ထားတာက ဟွမ်သန်းတောင်ထွတ်က သာမန်ထက်စောပြီး ပွင့်လာမယ်လို့ပဲ ကြီးမားတဲ့အခင်းအကျင်းရဲ့ ကာကွယ်ပေးမှုမရှိရင် အိမ်မက်ကွင်းပြင်က ပိုပြီးတော့ အက်ကွဲလွယ်တယ်။ အဲဒါက ကျုပ်တို့ရဲ့အမှားပါ”
လင်ရှုက ပြောလိုက်သည်။
“ကျွန်တော် မှားသွားတာပါ”
“အာ တာအိုပညာရှင်လေး မင်းက ဒီလိုတွေးနေမယ်ဆိုရင် ဒါကလည်းကောင်းတာပဲလို့ ကျုပ်တော့ ယူဆတယ်” လူကြီးမင်းမုန့်က သက်ပြင်းချလိုက်သည်။
“ဒီကိစ္စက မင်းရဲ့အမှားမဟုတ်ဘူးလို့ ကျုပ်ဘက်က ခိုင်ခိုင်မာမာပြောနေပေမဲ့ အဲဒီရှန်းလင်မှာရှိတဲ့ မကောင်းတဲ့စိတ်ဝိဥာဉ်ပြောတာက မင်းက အိမ်မက်ကွင်းပြင်ရဲ့ အပိုင်းအကြီးကြီးကို ဖျက်ဆီးလိုက်တဲ့အတွက် အပြစ်ပေးခံရဖို့လိုတယ်တဲ့။ ရှောင်ရှောက်ကတော့ ပိုက်ဆံတွေအများကြီး ဒဏ်ဆောင်လိုက်ရတယ်။ သူတို့တွေကလည်း မင်းကို အပြစ်ပေးချင်နေတုန်းပဲ”
လင်ရှုက အနည်းငယ် ပျာယာခတ်သွားသည်။
သူ့တွင် ဒဏ်ငွေဆောင်ရန် ပိုက်ဆံမရှိပေ။
လူကြီးမင်းမုန့်ကသာ ဆက်ပြောလာသည်။
“အစကတော့ အိမ်မက်ကွင်းပြင်က ရှုပ်ထွေးပြီး မင်းနဲ့တခြားတာအိုပညာရှင်ရဲ့ပုံရိပ်ကို ပြောင်းလဲပစ်လိုက်ပြီး မင်းကို အမျိုးသမီးခန္ဓာကိုယ်ကိုအသုံးပြုဖို့ တွန်းအားပေးမိသလို ဖြစ်သွားမိတာ။ ဒါကမင်းကိုစိတ်တိုစေတယ်ဆိုပေမဲ့လည်း ရှန်းလင်က အဲဒီကောက်ကျစ်တဲ့ မြေခွေးပြောတာကတော့ မင်းရဲ့ပုံရိပ်ကိုပြောင်းလဲဖို့ တစ်နှစ်တိတိ တားမြစ်တယ်တဲ့။ မင်းကို ဒီသင်ခန်းစာအတွက် အမှတ်ရနေအောင်လို့တဲ့လေ”
ရှန်းလင် ဒီရာထူးကြီးတဲ့အကြီးအကဲကတော့ တကယ်ကို မွန်းကျပ်စရာပဲ။
လင်ရှုမှတ်မိသည်က သူဟာပထမဦးဆုံးအကြိမ် အကယ်ဒမီကို ရောက်သည့်အချိန်တွင် သူဟာ ဝင်ခွင့်စာမေးပွဲအတွက် လူတွေနှင့် မဆွေးနွေးသည်ကြောင့် အပြစ်ပေးခံခဲ့ရသည်။ ပြီးနောက် အငြင်းပွားတတ်သည့်အရူးတစ်သိုက်နှင့် နေခဲ့ရသည်။ ကံကောင်းစွာနှင့် သူဟာ တကယ်ကြီး ယွဲ့ရို့ဟယ်နှင့် အငြင်းမပွားခဲ့ပေ။ ပြီးနောက် သူဟာ လင်းဖုန်းရှောင်၏ခြိမ်းခြောက်ခြင်းကို ခံခဲ့ရပြီး လတ်တလောတွင်တော့ သူမနှင့်တွေ့ဆုံသည်က ရှားပါးပေသည်။ ထို့ကြောင့် သူဟာ အတိအကျပြဿနာဖြစ်သည်ဟု မခံစားရပေ။ ယနေ့၏ပြစ်ဒဏ်က လယ်ဗယ်ကိုသာ တစ်ဆင့်မြှင့်လိုက်သည်ဟု ပြော၍ရနိုင်သည်။
တစ်နှစ်အတွင်း သူဟာ မည်သူနှင့်မဆို တိုက်ခိုက်ချင်လျှင် ယခုလက်ရှိပုံရိပ်ဖြစ်သည့် ဝါးခေါက်ကိုသာ အသုံးပြုရမည်ပင် ။
သူဟာ တိုက်ခိုက်၍ မရနိုင်သေးဆဲပင်။ သူနှင့်ရှောင်ရှောက်၏တိုက်ပွဲက လမ်းတစ်ဝက်တွင် ရပ်တန့်လိုက်ပြီး အနိုင်အရှုံးမရှိဘဲနှင့် သူက ထိပ်ဆုံးအယောက်သုံးဆယ်နေရာသို့ မတက်နိုင်သေးပေ။ သူဟာ ရှောင်ရှောက်နှင့် ဆက်လက်တိုက်ခိုက်ရဦးမှာပင် ။
သူဟာ သိုင်းပညာကွင်းပြင်သို့ ဝင်လိုက်ပြီး ရှောင်ရှောက်အား တိုက်ပွဲဖိတ်ကြားချက်တစ်စောင် ပေးပို့လိုက်သည် ။
ရှောင်ရှောက်က ယခုအချိန်တွင်တော့ လျင်မြန်စွာတုံ့ပြန်လာပြီး “ရှောင်ရှောက်က တိုက်ပွဲကိုလက်ခံလိုက်သည်” ဆိုသည့်စာက ကျောက်တုံးနံရံပေါ်တွင် တစ်ခဏချင်းပင် ပေါ်လာတော့သည်။
လင်ရှုက ကွင်းပြင်ထဲတွင်စောင့်နေပြီး သိပ်မကြာခင်မှာပဲ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့်ရှောင်ရှောင်က သူဘေးသို့ ဆင်းသက်လာတော့သည်။
ရှောင်ရှောင်က သူ့အားမကြည့်ဘဲ သူ့ဓားကို ဖြည်းဖြည်းချင်းသုတ်နေကာ အေးစက်စွာပြောလာသည် ။
“ငါ့ဆီကနေ ပုန်းမနေဘူးလား။ ဘာလို့ ငါ့ကို ထပ်ပြီးတော့ တိုက်ခိုက်ဖို့ ဖိတ်ကြားရတာလဲ”
လင်ရှုက အတော်လေးနားမလည်ပေ ။
သိုင်းပညာကွင်းပြင် ပြန်ဖွင့်လိုက်သည်နှင့် သူဟာ ဝီရိယရှိရှိနှင့် တိုက်ခိုက်ဖို့ ပျံသန်းလာတာပင် သူကဘယ်လိုပုန်းရမှာလဲ။
ဒီလူက အတော်လေးထူးဆန်းတာပဲ ။
******